Myanmar idol​ဝေဖန်​ချက်

ဖက်​ကြည့်​ပါဒိုင်​​တွေကိုပို​ကောင်းတယ်​ ​ဝေဖန်​ပြထားတာ..

ဝေဖန်ချက်လေးပါ
✿✿✿✿✿✿✿✿

Myanmar Idol က အခုတလော လူပြောသူပြောများပြီး အငြင်းအခုန်တွေလည်း များနေကြပေမယ့်
ငြင်းနေကြသူ အများစုက ဘက်တစ်ဘက်၊
ရှုထောင့်တစ်ခုတည်းကပဲ ရပ်တည် ကြည့်မြင်ပြီး
ငြင်းနေတာကို တွေ့ရပါတယ်။

တကယ်တော့ ဒီပွဲမှာ...
ရဲနောင်လည်း မမှားဘူး ။
ဦးသိန်းတန်လည်း မမှားဘူး ။
ရဲနောင်ဖန်တွေလည်း မမှားဘူး ။
Myanmar Idol လည်း မမှားပါဘူး ။

ဒါဆို ဘယ်သူတွေမှားလဲလို့ အငေါ်တော့ မတူးနဲ့ဗျ။
လက်ရှိဖြစ်နေတာတွေအတွက် တစ်ယောက်တည်း
တစ်ဖွဲ့တည်း အပေါ်မှာ အပြစ်တွေ ပုံချလိုက်လို့
မရတာကို ပြောတာပါ။

.

ရဲနောင် ဘာလို့မမှားလဲဆိုတော့ သူ့ကို ဒိုင်တွေကပဲ
ရွေးခဲ့လို့ နောက်ဆုံးအဆင့်ထိ ပါခဲ့တာပဲလေ။

တစ်ခါ သူဟာ ကိုယ်ပိုင်သံစဉ်သီချင်းကို ဖန်တီး
သီဆိုနိုင်သူ ဖြစ်နေပြန်ပါတယ်။
အနုပညာရှင်တစ်ယောက်မှာ
ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း အင်မတန် အရေးကြီးပါတယ်။

ထူးအိမ်သင်ဆိုတဲ့ ကိုငှက်ဟာ သူ့ထက်အသံကောင်းတဲ့ အခြားအဆိုတော်တွေထက် ခေါင်းတစ်လုံး
မြင့်နေရတာဟာ၊ လေးစားခံရမှု ပိုမိုရရှိနေတာဟာ
သူ့ရဲ့ သီချင်းအများစုကို သူကိုယ်တိုင်ရေးဖွဲ့နိုင်မှု၊
သူကိုယ်တိုင် musical arrangement လုပ်နိုင်တဲ့
အတွက်ဖြစ်ပါတယ်။

သီချင်းရေးသူတစ်ဦးဟာ အဆိုတော်ရဲ့ အသံထွက်ကို
နားထောင်ပြီး ဘယ် ဂီတပုံစံနဲ့၊ ဘယ် key နဲ့၊
ဘယ်လို arrangement မျိုးနဲ့ အဆင်ပြေမလဲဆိုတာကို
စဉ်းစားပြီး အဲဒီ အဆိုတော်နဲ့ လိုက်ဖက်အောင်
ရေးပေးရတာပါ။ ဒါကြောင့်မို့လို့ အဆိုတော်တစ်ဦး
သီဆိုအောင်မြင်ပြီးသား သီချင်းတစ်ပုဒ်ကို
အခြားအဆိုတော်တစ်ယောက်က ပြန်ဆိုရင်
များသောအားဖြင့် မူရင်းလောက်
လူမကြိုက်တာ ဖြစ်ပါတယ်။

ထူးအိမ်သင်ရဲ့ အားသာချက်က သူ့အတွက်
သူများက စဉ်းစားပြီး ရေးပေးတာမဟုတ်ဘဲ
သူ့အတွက် သင့်တော်မယ့် သီချင်းကို သူကိုယ်တိုင်
ရေးတာမို့လို့ ကိုငှက်သီချင်းတွေဟာ သူနဲ့သာ
အလိုက်ဖက်ဆုံးဖြစ်တာပါ။

မူရင်းအဆိုကိုသာ ပိုကြိုက်ပြီး ပြန်ဆိုကို
မကြိုက်ကြခြင်းမှာ အခြား လွှမ်းမိုးတဲ့အချက်တွေ
ရှိသေးပေမယ့် ဒီပို့စ်နဲ့ တိုက်ရိုက် မသက်ဆိုင်တာမို့
ထားခဲ့ပါမယ်။

စကားပြန်ကောက်ရရင်...
ရဲနောင်ဟာ ကိုယ်တိုင် ဖန်တီးနိုင်သူဖြစ်တာကြောင့်
လူရွေးပွဲမှာ ဆိုပြတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းနဲ့တင်
သန်းချီတဲ့ ကြည့်ရှုအားပေးမှုကို ရလိုက်ပြီး
ပရိသတ်လည်း ခိုင်သွားခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ သာမန်အသံအတွက်
သူကိုယ်တိုင် ရေးထားတဲ့ သီချင်းတွေနဲ့
အဆင်ပြေခဲ့ပေမယ့်...

တကယ့်ပွဲမှာကျတော့ သူများသီချင်းကို
ဆိုရတာဖြစ်တော့ သူဒုက္ခ အကြီးအကျယ်
ရောက်ရပါတော့တယ်။

.

ကျွန်တော်ဟာ ရဲနောင်မုန်းသူတစ်ယောက် မဟုတ်ပါ။
သနားတောင် သနားမိသူပါ။

ဒါပေမယ့် သီချင်းပေါင်းစုံကို နှစ်ပေါင်းများစွာ
နားထောင်လာခဲ့တဲ့ အတွေ့အကြုံကြောင့်ရော၊
ကိုယ်တိုင် အဆိုပိုင်းကို အဓိက ဝါသနာပါတာ
ကြောင့်ရော သီချင်းတစ်ပုဒ်ကို နားထောင်ရင်
တူရိယာပိုင်းကို နားမလည်ပေမယ့် အဆိုပိုင်းကို
အတော်အသင့် နားလည်တာမို့ သူဟာ
အစောကြီးကတည်းက ပြုတ်သွားသင့်သူလို့
သတ်မှတ်ပါတယ်။

Harsh reality ဆိုပေတဲ့ တဲ့တိုး ပြောရရင်...
ရဲနောင်ရဲ့ အသံဟာ (vocal power) အရမ်း
အားနည်းပါတယ်။ ထူးခြားတဲ့ အသံထွက်မျိုး
(extraordinary tonal quality) လည်း မရှိပါဘူး။

အမြင့်သံ (high note) တွေ မဆိုနိုင်သလို၊
အနိမ့်သံ (low note) တွေကိုလည်း
သေချာ မရောက်ပါဘူး။

Vocal range အရ ပြောရရင်လည်း သူ့အသံ
အမျိုးအစားဟာ ညာသံ (tenor) လည်း မဟုတ်၊
ဘယ်သံလည်း (bass) လည်း မဟုတ်၊ ကြားသံ
(baritone) လား ဆိုတော့လည်း မပီပြင်။
ခွဲရ အတော်ခက်ပါတယ်။

အလွယ် ပြောရရင် ကြားနေကျ သာမန်
သူလိုငါလို အသံမျိုးပါ။

ဒါသူ့ကို ရှုံ့ချနေတာမဟုတ်ပါဘူး။ ကြားရတဲ့
အသံအပေါ်မှာပဲ အကဲဖြတ်ကြည့်တာပါ။

သူ့အသံက သိပ်မကောင်းပေမယ့် ပရိသတ်အားက
ကောင်းတာကြောင့် သူဟာ တစ်ဆင့်ပြီး တစ်ဆင့်
ကျော်ဖြတ်လာပါတယ်။ ဒါကို သူ့ပရိသတ်
မဟုတ်တဲ့ အခြားပရိသတ်တွေက ဝေဖန်ကြပါတယ်။

.

အသိသာဆုံးကတော့ ရဲနောင်နဲ့ ပိုးမီတို့ စုံတွဲတေး
ဆိုတဲ့ အပါတ်မှာပါ။ ဒီအပါတ်မှာ အခြားစုံတွဲတွေဆိုတာ အတော်ကြီးကောင်းနေချိန်မှာ ရဲနောင်နဲ့ ပိုးမီတို့
သီချင်းက ရဲနောင်ကြောင့် အတော်ရုပ်ပျက်သွားပါတယ်။

ပိုးမီဆိုတာ သိသိသာသာ ချွန်ထွက်ပြီး
ကောင်းနေပေမယ့် ဒုက္ခရောက်နေတဲ့ ရဲနောင်ကို
ပိုးမီဟာ အကောင်းဆုံး တွဲခေါ်သွားခဲ့ပါတယ်။ ဒါကို သီချင်းဆိုတတ်တဲ့သူတွေ အားလုံးနားလည်လိုက်တာမို့
ပိုးမီဟာ အခွင့်အရေးရတုန်း ရဲနောင်ကို
တွန်းမချဘူးဆိုတဲ့ အမြင်ဖြစ်သွားပြီး ပိုးမီကို
အရမ်းချစ်သွားကြပါတယ်။

ဒါပေမယ့် မဲရလဒ်တွေ ထွက်လာတော့ အဲဒီအပတ်ရဲ့
သီဆိုမှုအရ အဆိုးဆုံး ရဲနောင်ဟာ အေးဆေး save
ဖြစ်သွားပြီး၊ သူ့ရဲ့ ကယ်တင်ရှင် ပိုးမီဟာ bottom
ရောက်သွားလို့ ရဲနောင်ကိုယ်တိုင်
မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရတယ်။

အဲဒီမှာ ဦးသိန်းတန် ပေါက်ကွဲသွားပါတယ်။
ဒါပေမယ့် ဒိုင်သုံးယောက်က ပိုးမီကို
ကယ်လိုက်ပါတယ်။ ပရိသတ်တွေ
ဟင်းချသွားရပါတယ်။

ဒါပေမယ့် အဲဒီအပါတ်မှာပဲ ရဲနောင်ဖန်တွေ၊
ဦးသိန်းတန်ဖန်တွေ၊ ဘယ်သူနိုင်နိုင် အရည်အချင်းရှိသူ
ရစေလိုတဲ့ MI ဖန်တွေရဲ့ အငြင်းပွါးမှုတွေ
စတင်ပြင်းထန်လာပါတယ်။

.

နောက်တစ်ပါတ်မှာ Rock Week ဆိုတော့ ရဲနောင်ရဲ့
အသံအရ ကျိန်းသေ ပြုတ်ပြီလို့ မှန်းကြပါတယ်။

ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း ပြိုင်ပွဲဝင်
အားလုံးထဲမှာ သီဆိုတာ မကောင်းဆုံး ရဲနောင်ဟာ
နောက်တစ်ဆင့် တက်သွားပြီး အတော်လေးကောင်းတဲ့
ယွန်း နဲ့ ချမ်းငြိမ်း ပြုတ်သွားတော့ ဒိုင်တွေရော၊
ပြိုင်ပွဲဝင်တွေရော၊ ပရိသတ်တွေရော ငိုလိုက်ကြတာ
တကယ့် tragic drama ပါပဲ။

အဲဒီမှာ ရဲနောင်ဟာ သူဘာမှ အမှားမလုပ်ရပါဘဲနဲ့
အပီအပြင် ဗီလိန်ဖြစ်သွားပါတယ်။ သူကိုယ်တိုင်
ထိုက်တန်သူကို vote ပေးပါလို့ ဦးသိန်းတန်
ပြောတာကို ထောက်ခံပြီး ပြောပေးခဲ့ရှာပေမယ့်
သူ့ထက် သိသိသာသာကြီး ကောင်းသူ သူငယ်ချင်း နှစ်ယောက်ပြုတ်သွားလို့ သူ့ခမျာလည်း
ရှက်အားနာပြီး ငိုလိုက်ရတာ။

ဦးသိန်းတန်က သေချာလေး vote ပေးဖို့
ထပ်ပြောပြန်ပါတယ်။

ဒီမှာတင်...
ရဲနောင်ဖန်တွေနဲ့ ထပ်ငြိပြန်ပြီး ရဲနောင်ဖန်တွေက
ဦးသိန်းတန်ကို တိုက်ခိုက်ပါတော့တယ်။

.

ပြီးခဲ့တဲ့ အပါတ်က မင်းသားကြီး
ဝင်းဦးသီချင်းတွေနဲ့ ပြိုင်ကြတယ်။

ရဲနောင် အစွမ်းပြလိမ့်မလား ထင်ခဲ့တယ်။ သူက
သီချင်းအေးအေးတွေ ပိုင်တယ်ပြောကြတာကိုး။
ဒါပေမယ့် ရော့ခ်လို head voice ကို အဓိကအားပြုတဲ့
ဂီတအမျိုးအစားမှာ ရုပ်ပျက်ခဲ့တဲ့ ရဲနောင်ဟာ
ဦးဝင်းဦး သီချင်းတွေလို chest voice ကို
အားပြုဆိုရတာမှာလည်း အမှားမလုပ်ခဲ့ဘူး
ဆိုတာလောက်ပဲ ပြောစရာရှိပြီး လွယ်လွန်းတဲ့
သီချင်းကို ဆိုရာမှာတောင် စွဲမက်စရာ မရှိခဲ့ပါဘူး။

ပြောရရင်တော့ Billy လမင်းအေးနဲ့ သားငယ်တို့
ကလွဲရင် ကျန်သူတွေလည်း သိပ်မကောင်းလှပါဘူး။
ဒါပေမယ့် ရဲနောင်ကို ရှုံးရလောက်တဲ့ သူလည်း
တစ်ယောက်မှ မရှိခဲ့ပါဘူး။

ထုံးစံအတိုင်း ရဲနောင်တက်သွားပြီး ဇင်ကြီး
ပြုတ်သွားပါတယ်။

ဦးသိန်းတန် ဆွေ့ဆွေ့ခုန်ပါတယ်။ ဒီအခါမှာတော့
ဦးသိန်းတန်ရဲ့ ရဲနောင်နဲ့ ပတ်သက်ပြီး ပေးတဲ့
မှတ်ချက်တွေ၊ voter တွေကို ပြောတဲ့ စကားတွေကို
ရဲနောင်ဖန်တွေသာ မကတော့ဘဲ ရဲနောင်ကို
အားမပေးသော်လည်း ဦးသိန်းတန်က
ဘက်လိုက်လွန်းတယ် ထင်သွားသူများကရော
အကြီးအကျယ် ဝေဖန်ကြပါတော့တယ်။

.

အများဆုံး ကြားရတဲ့ တုန့်ပြန်သံတွေ၊
ဝေဖန်သံတွေကတော့...

(၁) ဦးသိန်းတန်က ရဲနောင်ကိုချည်း
အပြစ်တွေပြောနေတာ သမာသမတ်ကျတဲ့ ဒိုင်လား။

(၂) ဦးသိန်းတန်ရော သီချင်းအမျိုးအစားပေါင်းစုံကို
ဆိုနိုင်လို့လား။ ဥပမာ မျိုးကြီးသီချင်းကို ဆိုနိုင်မလား။

(၃) Myanmar Idol ရဲ့ voting system ကိုက
နိုင်ငံတကာမှာ ဒီလိုပဲ သတ်မှတ်ထားတာ၊
မကျေနပ်ရင် ကိုယ့်ဘာသာ ရဲနောင်ထက်သာအောင်
ပိုပြီး vote ကြပေါ့။ ငါတို့ကတော့ ရဲနောင်ကို ဖိုင်နယ်
မရောက်ရောက်အောင် ပို့မှာ စောင့်ကြည့်။

ငါက ရဲနောင်ကို ကြိုက်တာမဟုတ်ဘူး။
သိန်းတန်ကို သောက်မြင်ကတ်လို့ကို ရဲနောင်ကို
vote စပေးပြီကွာ စတာတွေဖြစ်ပါတယ်။

.

.
ဝေဖန်ချက် (၁) ကို စရှင်းပါမယ်။

တကယ်တော့ ဦးသိန်းတန်ဟာ ရဲနောင်လိုပဲ
သူမလုပ်ရတဲ့ အပြစ်တွေအတွက် အစွပ်စွဲခံနေရ၊
အမုန်းခံနေရတာပါ။

ဖြစ်နေတဲ့ အဖြစ်အပျက် အစဉ်အတန်းကြီးကိုက
ဒီလိုတွေ ဖြစ်လာရအောင် တမင်စီစဉ်ပေးနေသလိုမို့
ရဲနောင်လည်း မမှားဘူး၊ ဦးသိန်းတန်လည်း
မမှားဘူးလို့ ပြောရတာပါ။

ရဲနောင်ဟာ စိတ်ရင်းဖြူတယ်။
ဒါပေမယ့် သူ့အကျိုးပေးဟာ ထူးဆန်းစွာပဲ သူ့ကို
အရမ်းချစ်သူတွေနဲ့ သူ့ကို အရမ်းမုန်းသူတွေ
တစ်ပြိုင်တည်း ရနေစေတယ်။ အလကားနေရင်း
သူ့အပြစ်ကြီးလို ဖြစ်ပြီး အပါတ်တိုင်း ငိုနေရတယ်။
သနားစရာ အရမ်းကောင်းပါတယ်။

ဦးသိန်းတန်ကလည်း ရဲနောင်ကိုချည်း တမင်
အပြစ်တွေ ပြောနေတာမဟုတ်ပါ။

အချို့စွပ်စွဲနေသလို ရဲနောင်ကို ရန်သူလို သတ်မှတ်ထား
တာ မဟုတ်ပါဘူး။ နောက်ဆုံး ဆယ်ယောက်ထဲမှာ
ပါထိုက်သူလို့ သတ်မှတ်ထားတဲ့ ဒိုင်တစ်ယောက်ဖြစ်ပါတယ်။

ဒါပေမယ့် ရဲနောင်ရဲ့ သီဆိုမှုတွေကိုက အပေါ်မှာ
ထူးအိမ်သင်နဲ့ ဥပမာပေးထားသလိုပဲ သူတစ်ပါး
သီချင်းတွေကို ပြန်လည် သီဆိုသူတွေ ပုံမှန်
ကြုံတွေ့နေကျထက်ကို သူက အခက်အခဲတွေ
ပိုတွေ့နေရသလိုမျိုး အမှားတွေများနေလို့
ဦးသိန်းတန်က ပြောရတာပါ။

ဦးသိန်းတန်ဟာ အခြားသူတွေ သီဆိုရာမှာ
အမှားပါရင်လည်း ထည့်ပြောပါတယ်။ သီဆိုတာ
စီးစီးပိုင်ပိုင် မရှိဘူး၊ ပလီတာလေးတွေ လိုတယ်၊
အားမပါဘူး၊ မုဒ်မဝင်ဘူး၊ အသံနဲ့ မလိုက်ဘူး
စသဖြင့် အဆိုပိုင်းကို တကယ် နားလည်သူတိုင်း၊
ကိုယ်ကိုယ်တိုင် သီချင်းကောင်းကောင်း ဆိုတတ်
ဆိုနိုင်သူတိုင်း နားလည်လက်ခံနိုင်တဲ့
ကော်မန့်မျိုးတွေကို ပေးနေတာပါ။

ရဲနောင်ကို ပေးတဲ့ ကော်မန့်တွေမှာ အခြား
ပြိုင်ပွဲဝင်တွေထက် ထောက်ပြချက်တွေ ပိုများရတာက
သူ့သီဆိုမှုတွေက တကယ်ကို အပြစ်တွေ
ပိုများနေလို့ပါ။ တင်ဇာမော်နဲ့ မေဆွိတို့ကတော့
အားနာတတ်လို့ သိပ်အမုန်းမခံပါဘူး။

ဦးသိန်းတန် ဝေဖန်တာဟာ
#American_Idol_က_Simon_Cowell
အပေါက်ဆိုးတာရဲ့ တစ်ဝက်မရှိပါဘူး။
သူက မကောင်းသူတွေကို အသေကစ်သလို
ကောင်းသူတွေကိုပါ ဆော်တာပါ။
သူအကောင်းပြောတာ ခံရသူဟာ အလွန့်အလွန်
ဆရာကျလို့ပါပဲ။

အချို့က Simon Cowell ကို မုန်းပေမယ့်
American Idol ဟာ သူ့ကြောင့် အသက်ဝင်ခဲ့တယ်ဆိုတာ
မငြင်းနိုင်တဲ့ အမှန်တရားပါပဲ။

Myanmar Idol Season 2 ဟာ Season 1 ထက်
ပိုအောင်မြင်ပြီး လူပိုစိတ်ဝင်စားလာတာဟာလည်း
ဦးသိန်းတန်ကြောင့်ဆိုရင် ငြင်းမယ့်သူမရှိလောက်ဘူးလို့
ထင်ပါတယ်။

နောက်တစ်ချက်က ဦးသိန်းတန် ဒိုင်မပီသဘူးဆိုတဲ့
စကားပါ။

ဒိုင်ဟာ ပျားရည်ဆမ်းထားတဲ့ စကားတွေကိုပဲ ပြောဖို့ ထားထားတာပါလားလို့ ပြန်မေးချင်ပါတယ်။
ဒိုင်ဆိုတာဟာ ပရိသတ်အများစုထက် ပိုသိ
ပိုတတ်သူကို ခန့်ထားတာပါ။

Myanmar Idol မှာ voting အဓိကဆိုတာကိုပဲ
လူတွေက မြင်ပြီး ဘာလို့ ဒိုင်တွေ ရှိနေရတာလဲ
ဆိုတာကို ဘယ်သူမှ မတွေးပါဘူး။

အဆိုပြိုင်ပွဲတစ်ခုမှာ voter တွေဟာ ဝင်ပြိုင်နေသူတွေရဲ့
မြို့ရွာတွေကချည်းပဲ မဟုတ်ဘဲ အခြားမြို့ရွာတွေက
ကြားနေ voter တွေလည်း ရှိကြပါတယ်။

ပြိုင်ပွဲဝင်တွေရဲ့ မြို့တွေ ရွာတွေဆိုတာက
သူတို့ မြို့ရွာသားကိုပဲ ပေးကြမှာပါ။
ဒါမဆန်းပါဘူး (အစွန်းရောက် မျိုးချစ်စိတ်ပေါ့
ဟဲဟဲ စတာဘာ စတာဘာ)။

အခြားမြို့ရွာတွေက voter တွေဟာ ဂီတနဲ့
အဆိုပိုင်း နားလည်သူတွေ ရှိသလို
နားမလည်သူတွေလည်း ရှိပါတယ်။

ရွေးကောက်ပွဲတစ်ခုမှာ swing voter အရေးကြီးသလို
အဆိုပြိုင်ပွဲမှာလည်း အဲဒီလို ကြားနေ voter တွေက
အဆုံးအဖြတ် ပေးနိုင်တာမို့ သူတို့ကို မှန်ကန်တဲ့
ဆုံးဖြတ်ချက် ချနိုင်အောင် ဒီအပါတ်မှာ ဆိုသွားတာ
ဘယ်သူတွေကတော့ ကောင်းတယ်၊
ဘယ်သူတွေကတော့ဖြင့် မကောင်းဘူးဆိုတာကို
ဒိုင်တွေက မှန်မှန်ကန်ကန် ဝေဖန်ပြရတာပါ။
ဦးသိန်းတန်က ဒီတာဝန်ကို ထမ်းနေတာဖြစ်တယ်။

ဒါပေမယ့် ကံကြမ္မာက ရဲနောင်ကို အခုလက်ရှိ
အချိန်အထိ အပါတ်တိုင်း သူအစွမ်းမပြနိုင်လောက်တဲ့
ဂီတအမျိုးအစားတွေ ဖြစ်အောင် ရက်စက်ခဲ့တော့
ဦးသိန်းတန်လည်း ရဲနောင်ဆိုတိုင်း
ပြဿနာရှာသူကြီး အဖြစ်ကို ရောက်ရပါတယ်။

.

.
ဝေဖန်ချက် (၂) ကို ပြောရရင်တော့...

ဦးသိန်းတန် မျိုးကြီး သီချင်းဆိုနိုင်ခြင်း မဆိုနိုင်ခြင်းနဲ့
ဦးသိန်းတန်က ရဲနောင်ကို သီချင်းကောင်းကောင်း
မဆိုနိုင်လို့ ဝေဖန်တာနဲ့ ဘာမှ မပတ်သက်ပါဘူး။

ဘာဖြစ်လို့လဲဆိုရင် ရဲနောင်ဟာ အဆိုပြိုင်ပွဲကို
ဝင်ပြိုင်နေတာဖြစ်လို့ပါ။ ရှင်းပါမယ်။

ရဲနောင်ဟာ သူ့အသံ သေးသေးအေးအေးလေးနဲ့
လိုက်ဖက်တဲ့ သူပိုင်နိုင်တဲ့ ကိုယ်ပိုင်သံစဉ်
သီချင်းခွေတစ်ခွေ ထုတ်ပြီး အောင်မြင်သွားတယ်
ဆိုပါတော့။

ဒါကို ရဲနောင်ဆိုတဲ့ကောင် မျိုးကြီးသီချင်း
မဆိုနိုင်ပါဘူးကွာလို့ ဖောင်းသွားထုလို့ မရပါဘူး။
ဘောင်မဝင်ပါဘူး။

ဒါပေမယ့် အခု ရဲနောင်ဟာ Myanmar Idol ဆိုတဲ့
ဂီတအမျိုးအစားမျိုးစုံကို သီဆိုယှဉ်ပြိုင်ရတဲ့
ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်နေတာပါ။

ဒါကို မြင်သာအောင်ပြရရင် အခက်အခဲ အမျိုးမျိုး
အဆင့်ဆင့်ပါဝင်တဲ့ ဂိမ်းတစ်ခုကို ကစားနေတယ်လို့
မြင်ကြည့်လို့ ရပါတယ်။ အဆင့်တစ်ဆင့်ကို
ကျွမ်းကျင်ရုံနဲ့ မရပါဘူး။ အဆင့်တိုင်းကို
ကျော်နိုင်မှ နိုင်မှာပါ။

ဘယ်အပါတ်မှာ ဘာဂီတ အမျိုးအစားဆိုရမလဲ
ဆိုတာကတော့ မကောင်းသူထိပ် ကောင်းသူထိပ်ပါ။

ဥပမာ ဂီတအမျိုးအစား တော်တော်များများ ဆိုနိုင်တဲ့
အရည်အချင်းတူသူ နှစ်ယောက်ရှိတယ်ဆိုပါစို့။

တစ်ယောက်က ရော့ခ်သီချင်း အားနည်းပြီး
တစ်ယောက်က ပေါ့ပ်သီချင်း အားနည်းတယ်ဆိုပါစို့။

ရော့ခ် မဆိုနိုင်တဲ့ ပြိုင်ပွဲဝင်ဟာ အခြားဂီတအမျိုးအစား
များစွာ ဆိုနိုင်သော်လည်း ကံဆိုးပြီး Rock Week က
ပြိုင်ပွဲအစောပိုင်းမှာတင် ကြုံရပြီး ပြုတ်သွားနိုင်ပါတယ်။

ပေါ့ပ် မဆိုနိုင်တဲ့ ပြိုင်ပွဲဝင်ကတော့ ကိုယ်မပိုင်နိုင်တာ
မျိုး မဆိုလိုက်ရဘဲနဲ့ ကိုယ်ပိုင်နိုင်တဲ့
အမျိုးအစားတွေချည်း ကံကောင်းစွာဆိုရပြီး
နောက်ဆုံးအဆင့်ထိ ပါသွားတာမျိုးလည်းရှိနိုင်ပါတယ်။

သူတို့လောက်မတော်တဲ့ အခြားပြိုင်ပွဲဝင်တွေကတော့
သူတို့ အားနည်းတဲ့ ဂီတအမျိုးအစားကို ပြိုင်ရတဲ့
အပါတ်တွေမှာ ပြုတ်ကြပေါ့။ Voting ကြောင့်
ကမောက်ကမ ရလဒ် ထွက်လည်း နည်းနည်းပေါ့။

ပြိုင်ပွဲရဲ့သဘောကိုက အဲဒီလိုပါ။

ဦးသိန်းတန်ဟာ မျိုးကြီးအသံမျိုး မဆိုနိုင်ပေမယ့်
ဘယ်သံအဆိုမှာ အလွန်ဆရာကျပြီး အလွန်တရာ
အောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဆိုတာကို
မြန်မာ့ဂီတသမိုင်းမှာ မှတ်ကျောက်တင်ခံပြီးသားပါ။
ပရော်ဖက်ရှင်နယ် အဆိုတော်ဆိုတာက
ကိုယ်အားသာတာနဲ့ ကိုယ်လုပ်ပြရတာကိုး။

ဒါပေမယ့် တကယ်လို့ ဦးသိန်းတန်ဟာ
Myanmar Idol မှာ ဝင်ပြိုင်မယ်ဆိုရင်တော့
Rock Week မှာ အမြင့်သံနဲ့ သီချင်းရွေးမိရင်
မပြုတ်တောင် ကျိန်းသေ အပြစ် အပြောခံရမှာပါ။

ဒီသဘောကို နားလည်ရင် ဦးသိန်းတန် မျိုးကြီးသီချင်း
ဆိုနိုင်မှ သူများကို ဝေဖန်ပါဆိုသူတွေ
အသာလေး ပါးစပ်ပိတ်သွားကြလိမ့်မယ်လို့
ထင်ပါတယ်။

မပိတ်သေးရင်လည်း ကိုယ်ဦးနှောက်သေးကြောင်း
လူတွေကို ကိုယ်တိုင် ဝန်ခံသလို ဖြစ်သွားပါလိမ့်မယ်။

.
.

ဝေဖန်ချက် (၃) ကတော့ voter တွေနဲ့ ဆိုင်ပါတယ်။

လူတွေပြောသလို မကျေနပ်ရင် Myanmar Idol ရဲ့
voting system ကို သွားပြောဆိုတာ
အလုံးစုံ မမှန်ပါဘူး။

သာမန်ကြည့်ရင်တော့ ရဲနောင်ကို မကျေနပ်ရင်
ရဲနောင်ကို ပြုတ်သွားအောင် ကိုယ့်လူကိုယ်
vote ပေးကြပေါ့၊ လူတိုင်းမှာ အခွင့်အရေး
ဆတူရှိတာပဲလို့ ပြောနိုင်ပါတယ်။

မှန်ပါတယ်။ ဒီလို အခွင့်အရေး ဆတူ ရှိလို့လည်း
ကမောက်ကမ ရလဒ်ဟာ ခဏခဏ ထွက်ခဲ့ပါတယ်။

ဒါပေမယ့် မြို့စွဲရွာစွဲရှိတိုင်း vote နိုင်စွမ်းချင်း မတူပါဘူး။

မအူပင်ဟာ အခြားမြို့ရွာတွေထက် ဘာတွေသာလို့လဲ?

တကယ်တော့ မန်းလေး ရန်ကုန်က လူဦးရေကို
နယ်မြို့တွေ ဘယ်ယှဉ်နိုင်ပါ့မလဲ။

ဒါပေမယ့် ခင်ဗျားတို့ မျက်စိလျှမ်းတာက ရန်ကုန်
မန်းလေးဆိုတာက မြို့တွေ ကြီးလွန်းတော့
လူတစ်ယောက်နဲ့ တစ်ယောက် သိဖို့
အလွန်ခက်ပါတယ်။ ရင်းနှီးဖို့လည်း ခက်ပါတယ်။

ပြီးတော့ ရန်ကုန် မန်းလေးဆိုတာဟာ နယ်တွေက
လာတဲ့ လူစုံနဲ့ ဖွဲ့စည်းထားတာမို့ အများစုက
ကိုယ့်မြို့သားရယ်လို့ သံယောဇဉ်လည်း မရှိကြပါဘူး။
ဒီတော့ ဒီမြို့ကြီးတွေက လူတွေ ဝင်ပြိုင်ရင်
ကိုယ့်မြို့သားဆိုပြီး ဘက်လိုက်ပြီး vote မယ့်သူ
အများကြီးမရှိပါဘူး။

နယ်မြို့လေးတွေကတော့ လူဦးရေလည်း နည်းပါတယ်။
ဘယ်ရပ်ကွက်က ဘယ်သူ့သားလေ ဘယ်သူ့
သမီးလေ ဆိုရင် တစ်မြို့လုံးလောက် သိနေကြပါတယ်။
အားလုံးက ဆွေမျိုးတွေလိုလည်း ဖြစ်နေပါတယ်။
ဒီတော့ အုံနဲ့ ကျင်းနဲ့ vote ပေးကြပါတယ်။

နယ်မြို့ချင်း တူတိုင်းလည်း ရလါဒ် မတူပြန်ပါဘူး။ မြို့အသေးလွန်သွားပြန်တော့လည်း ဥပမာ
ရွာလောက်ဖြစ်နေရင်လည်း vote အားမကောင်းနိုင်ပါဘူး။

မြို့အရွယ်အစားတူရင်တောင် ဓနအင်အားပေါ်
မူတည်ပြီး ကွာနိုင်ပါတယ်။

မအူပင်ဟာ စီးပွါးရေးကောင်းတဲ့ မြစ်ဝ
ကျွန်းပေါ်ဒေသက မြို့တစ်မြို့ပါ။ မြို့အနေအထား
အရရော၊ စီးပွါးရေးအရ ငွေသုံးပြီး vote နိုင်စွမ်းမှာ
ရော ရဲနောင်ကို အကောင်းဆုံး ပံ့ပိုးပေးနိုင်တဲ့
အခြေအနေ ရှိနေပါတယ်။

ရဲနောင်ဟာ မအူပင်တင်မကပါဘူး၊ လူရွေးပွဲတုန်းက
အရှိန်နဲ့ မြန်မာနိုင်ငံအနှံ့ အွန်လိုင်းမှာပါ
ပရိသတ်အခိုင်အမာရှိနေပါပြီ။

မြန်မာတွေက အစွဲအလမ်းကြီးပါတယ်။ ဒါကို
ကြိုက်မိပြီဆိုရင် မရတော့ပါဘူး။ ကျားကျား
မီးယပ် ဖြစ်ကုန်ပါတယ်။ ဒီတော့ ရဲနောင် သီဆိုတာ
မကောင်းသော်လည်း ငါတို့ အားပေးတဲ့သူဆိုတဲ့
အစွဲနဲ့ vote ကြပါတယ်။ ဒါတွေကြောင့် ရဲနောင်
မျက်နှာငယ်ငယ်နဲ့ပဲ တစ်ဆင့်ချင်း တက်လာပါတယ်။

ဒါပေမယ့် ရဲနောင်ဖန်တွေလည်း မမှားပါဘူး။
အဲဒီလို vote ခွင့် လူတိုင်းကို ပေးထားတာပဲလေ။
ဒီလို voting ပြဿနာဟာ American Idol ရဲ့
အဝေဖန်ခံရဆုံး ပြဿနာပါ။

သို့သော် Myanmar Idol လည်း မမှားပါဘူး။
ဘာလို့ဆိုရင် WWE ဆိုတဲ့ နပမ်းပွဲတွေကို
လုပ်ပွဲတွေမှန်း သိသိချည်းနဲ့ ကမ္ဘာတစ်ဝှမ်း
အားပေးနေကြတာပဲလေ။ မကျေနပ်သူက
တကယ်ဖိုက်တဲ့ UFC ကို ကြည့်ပေါ့။

Myanmar Idol လည်း လုပ်စားမှန်း သိကြတာပဲလေ။
မကျေနပ်ရင် မကြည့်ရုံပဲပေါ့။ မ vote ကြရုံပဲပေါ့။
အပြစ်ပြောစရာ မရှိပါဘူး။

ဒါကြောင့် ဘယ်သူမှ မမှားပါဘူးလို့ ပြောတာပါ။

ဒါပေမယ့် ရလာဒ်ကို ပြောင်းပစ်နိုင်လောက်တဲ့
ဖန်အင်အား၊ vote သူတွေရဲ့ ဓနအင်အား
ရှိနေသူပါလာတော့...

ရဲနောင် တစ်ယောက်တည်းအတွက် voting
ရလါဒ် ကမောက်ကမ အကြိမ်ကြိမ် ဖြစ်လွန်းတော့
လည်း အခုလို ပြသနာတွေ ဖြစ်လာရတာပါ။

.
.

ကျွန်တော်ကတော့ တစ်ခုပဲ ကောက်ချက်ချချင်ပါတယ်။

ရဲနောင်ဖန်တွေက ပြောပါတယ်။ နောက်ဆုံးအထိ
ရေကုန်ရေခမ်း vote သွားမယ်တဲ့။ ကောင်းပါတယ်၊
ဒါဘောင်ထဲက လုပ်တာပဲလေ။

ဒါပေမယ့် ဘောင်ထဲကဆိုတိုင်း...

အရည်အချင်းချင်း မတိမ်မယိမ်းမှာ ကိုယ့်လူက
နည်းနည်းပဲ နိမ့်နေလို့ voting အားနဲ့ တွန်းတင်ပြီး
တစ်ခါလောက် နိုင်အောင်လုပ်တာ ပြဿနာ မရှိပေမယ့်...

ဖန်တီးမှု ပြိုင်တဲ့ပွဲ မဟုတ်ဘဲ အသံပိုင်းနဲ့
သီဆိုမှုပိုင်းကို အကဲဖြတ်တဲ့ အဆိုပြိုင်ပွဲမှာ
အဆိုအရည်အချင်း သိသိသာသာ ကွာနေတာကို
အဆင့်တိုင်းမှာ အတင်းတွန်းတင်ပြီး မတန်မရာ
နိုင်သွားတော့ရော ဂုဏ်ရှိပါသလားဆိုတာကို
စဉ်းစားသင့်ပါတယ်။

တချို့ပြောသလို မဲပေးတဲ့သူတွေကို လေးစားတာ
ဟာလည်း ဦးသိန်းတန်ပြောတဲ့ နိုင်ငံကြီးသား
ပီသတာပါပဲ ဆိုတာလည်း မဟုတ်ပါဘူး။

အခြား မဲပေးပွဲတွေဟာ တစ်ယောက်ကို တစ်မဲပဲ
ပေးရတာဖြစ်လို့ ထွက်လာတဲ့ ရလာဒ်ကို
လေးစား အသိအမှတ်ပြုရမှာ ဖြစ်ပေမယ့်...

ဒီပွဲမှာကတော့ အငြိုးတကြီးနဲ့ အတ္တတကြီးနဲ့
လုပ်ချင်တိုင်း vote ချင်တိုင်း ရနေတာမို့၊
ပိုကောင်းသူတွေကို လွင့်စင်သွားစေတာမို့
ရလာဒ်ကို ဘယ်နားကမှ လေးစားစရာ မရှိပါဘူး။

တကယ်တော့ ဒီနောက်ဆုံး ၁၀ ယောက်ထဲကို
ပါလာကတည်းက အခုဆိုရင် ရဲနောင်ဟာ
အလွန်လူသိများသွားပါပြီ။ သူ့အနုပညာ
ဖန်တီးနိုင်စွမ်းသာ တကယ်စစ်မှန်မယ်ဆိုရင်
အသံကို အားမပြုတောင် ဂီတလောကမှာ
အောင်မြင်လာနိုင်ပါတယ်။ သူနိုင်သင့်တဲ့
အပါတ်တွေမှာ နိုင်ပြီး သူညံ့တဲ့ အပါတ်မှာ
ထွက်သွားရရင်လည်း ဘာမှ ဂုဏ်မငယ်ပါဘူး။

ဆက်ပြိုင်နိုင်လို့လည်း ဒီထက် လူပိုသိ၊
လူပိုချစ်လာစရာ မရှိတော့ပါဘူး။

သူ့ဖန်တစ်ယောက် ပြောတာ
အတော်သဘောကျစရာ ကောင်းပါတယ်။

"ရော့ခ် ဝိခ် မှာ ဆိုတာမကောင်းမယ့်အတူတူ
တက်သင့်သူတွေ တက်သွားပါစေ။ အဲဒီ vote မယ့်
ပိုက်ဆံတွေကို စုပြီး ရဲနောင်ကို အခွေထုတ်
ပေးလိုက်ရအောင် ဖရန့်တို့" တဲ့။

အဲဒါဆိုရင် ရဲနောင်ဟာ အတော်လေးလည်း
ဂုဏ်ရှိ၊ ဖန်တွေရဲ့ ကရုဏာကိုလည်းရ၊ သူ့ကို
မုန်းသူတွေလည်း တိုးမလာတဲ့အပြင်
ပြန်လျော့သွားဦးမှာ ဖြစ်ပါတယ်။ အခွေထွက်တဲ့
အခါမှာလည်း တစ်နိုင်ငံလုံးက
ဝယ်ချင်ဝယ်ကြပါလိမ့်မယ်။

အဲလိုမှ မဟုတ်ဘဲ ရဲနောင်ကို ငွေအားနဲ့
အတင်းတွန်းတင်သွားရင်...

တစ်ဆင့်ပြီး တစ်ဆင့် သူ့ခမျာ ပိုသိမ်ငယ်၊
ပိုဘေးရောက်၊ လူမုန်းပိုများသွားရင်...

ဂီတလောကထဲဝင်ရင်တောင် one man show
မဟုတ်တဲ့ ပွဲတွေမှာ အခြားသူ သီဆိုလို့ မကြိုက်ရင်
နားမထောင်ရုံပေါ့ ဆိုပေမယ့် သူ့ဆိုရင် မုန်းလို့ကို
တမင် လှောင်မယ့် ပရိသတ်တွေ ပါလာကောင်း
ပါလာပါလိမ့်မယ်။ အခွေဆိုလည်း သူ့ဖန်တွေက
လွဲရင် ဘယ်သူကမှ မဝယ်ဆိုတာမျိုး
ဖြစ်နိုင်ပါသေးတယ်။

ဖန်တွေက အခွေဝိုင်းထုတ်ပေး၊ ပြန်ဝယ်ပေး၊
show လည်း ဘယ်သူမှ မလာရင်နေ ဖန်တွေ
အမြဲလာအားပေးမယ် ဆိုတာမျိုး လုပ်နေရရင်
ရဲနောင်အတွက် အဓိပ္ပါယ် ရှိမှာလား
တွေးကြည့်ပါ။

ဒါတွေက အခု ရဲနောင်ဖန်တွေရဲ့ အချစ်က ရဲနောင်ကို နှစ်ရာရောက်လာနိုင်တဲ့ အထဲက အနည်းငယ်ကို
ပြောပြတာပါ။ ဒီထက်ပြောရင်
ကိုယ့်ပါလာဆဲနေဦးမယ်။

တစ်ခုတော့ရှိတယ်။ သီချင်းတွေ စပ်တာ ဆိုတာ
အရမ်းကောင်းရင်တော့ လူတွေက
အတိတ်ကို မေ့ပြီး ဝယ်ကြမှာပါ။

ဒီတော့ ညီလေး ရဲနောင်ရေ...
ဒီပြိုင်ပွဲထက် မင်းရဲ့ ကိုယ်ပိုင်သီချင်းလေးတွေက
ပိုပြီး အရေးကြီးသကွယ့်။

ပြိုင်ပွဲအစမှာ မင်းဟာ နာမည်ကောင်းနဲ့
ကျော်ကြားခဲ့တယ်။

အခုအချိန်မှာ မင်းအပြစ်မပါပေမယ့်
နာမည်အဆိုးအကောင်း မျှနေတယ်။
ဖန်တွေလည်း ကွဲသွားပြီ။

Myanmar Idol မှာ နိုင်သွားပြီဆိုရင်တော့ မင်းဟာ
နာမည်ဆိုးနဲ့ ကျော်ကြားတော့မယ်လို့
ထင်မိလို့ မင်းအတွက် စိတ်မကောင်းပါဘူးကွယ်။

ဒါပေမယ့် ရဲနောင်ခမျာမှာက ကိုယ့်ဘာသာကိုယ်...
ကျွန်တော် ပြိုင်ပွဲက ထွက်ပါတယ် လို့လည်း
ပြောလို့ မသင့်တော်...

ပရိသတ်တွေ ကျွန်တော့်ကို မ vote ပါနဲ့တော့ဗျာ လို့
ပြောလို့လည်း မဖြစ်တာကို
စာနာပေးကြစေချင်ပါတယ်။

ဒီတော့ သူ့ဖန်တွေ တွန်းတဲ့ အရှိန်ရှိသလောက်တော့
သူ ဆက်လိမ့်နေရပါဦးမယ်။
ဦးသိန်းတန်ကြီးရဲ့ ဝေဖန်ချက်တွေလည်း
ကြားနေရပါဦးမယ်။

ဒီစာကို ရေးတဲ့ ကျွန်တော့်အနေနဲ့ကတော့...

အဖြစ်အပျက် အကြောင်းချင်းရာတွေကသာ
ဒီလိုတွေ ဖြစ်သွားစေခြင်းလို့ နားလည်ပေးပြီး...

အနုပညာလမ်းကို အခုမှ စလျှောက်မယ့်
ရဲနောင်ကို မမုန်းကြဖို့နဲ့...

ဒိုင်အလုပ်ကို ပီပီပြင်ပြင်လုပ်နေတဲ့ ဦးသိန်းတန်ကို
မတိုက်ခိုက်ကြဖို့ မေတ္တာရပ်ခံလိုက်ရပါတယ်ဗျာ။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ)
www.facebook.com/knowledgevillage11
#Swe_Yu


Post a Comment