ချစ်သော ရှင်ဖြူငယ် ဒုတိယတွဲ (အပိုင်း-၁၀) xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သာမာန် အင်္ကျီဝတ်နေသော မိဖုရားကြီးအား.. လပြည့်က ပြုံးချင်သော မျက်နှာလေး ဖြင့်..
‘ဒီနေ့ကော.. နန်းပြင် ထွက်မလို့လား.. မင်းကြီးက မိဖုရားကြီးကို ပုန်းရှောင် နေရတဲ့ အမိန့်ကို ဖယ်ရှားပြီးတာ နှစ်လရှိတာ တောင်မှ..’
‘ကျွန်မကို စောင့်နေကြလိမ့်မယ် ကျွန်မ ဒီရက်တွေ အတွင်း လုပ်စရာတွေ ပိုများလာတယ်.. ဆေးကုသဆောင်ကို သွားမှ ဖြစ်မယ်.. ပြီးတော့ သာမာန် လူတန်းစားတွေ တက်ဖို့ ခွင့်ပြုတဲ့ ကျောင်းတစ်ခုလောက် နန်းမြို့တော်မှာ ဖွင့်ဖို့.. စီစဉ်နေတယ်.. အဲ့တာလည်း အဆင်ပြေရဲ့လားလို့ သွားကြည့် ချင်သေးတယ်..’
‘မိဖုရားကြီး မရှိတဲ့ အချိန်မှာ မင်းကြီး ရောက်လာရင် တခြား အပျိုတော်တွေ နေရခက်လိမ့်မယ်..’
‘မရှိရင် လှည့်ပြန်သွားလိမ့်မယ် ကျွန်မ နောက်ကျလို့ မဖြစ်ဘူး.. မြန်မြန်သွားမှ ဖြစ်မယ်..’
‘မိဖုရားကြီးက နန်းပြင်ကို နောက်ကျလို့ မဖြစ်တာ မဟုတ်ပါဘူး မင်းကြီး ညီလာခံ မပြီးသေးခင် ထွက်သွားဖို့ ကြိုးစားနေတာနဲ့ တူနေသလိုပဲ..’
‘အဲ့တာလည်း မှန်တာပဲလေ.. ကျွန်မကို မတွေ့ခင် သွားမှ ဖြစ်မှာ.. ဒီနေ့တော့ လပြည့်က မလိုက်လာပဲနဲ့ မင်းကြီး အလာကို စောင့်လိုက်တော့..’
လစ်ခနဲ ပျောက်သွားတဲ့ မိဖုရားကြီးကို တားဖို့ မမှီတော့ပဲ နန်းဆောင် အတွင်းတွင် ရပ်လျက် ကျန်နေခဲ့တော့၏။ ထင်ထားသည့် အတိုင်း.. သိပ်မကြာခင်မှာပဲ.. မင်းကြီးက ရောက်လာ၏။ ပိုပြီး ဆိုးတာက ဘယ်သူ့ကိုမှ မမေးပဲ အိပ်ခန်းဆောင် အတွင်းသို့ တန်းဝင်သွားသည်။ နောက်တော့ ပြန်ထွက်လာကာ..
‘မနက်ကြီး.. နှင်းတောင်မှ မစဲသေးဘူး သူဘယ်သွားတာလဲ.. ပြော!.. သူ ဘယ်သွားတာလဲ..’
လေသံအရ စိတ်တော် မကြည်တော့ဘူး ဆိုတာကို သိလိုက်ပြီမို့.. အပျိုတော်တွေကို ခပ်လှမ်းလှမ်းသို့ နောက်ဆုတ်ရန် အချက်ပြလိုက်ပြီး..
‘စိုးရွံ့မိပါတယ်.. မင်းကြီး.. မိဖုရားကြီးက နန်းတော် အပြင်ကို ထွက်သွားကြောင်းပါ..’
‘ဘာ!.. နေ့တိုင်းပဲလား.. နေ့တိုင်း သွားနေတာလား.. မနက်စာစား ချိန် ထမင်းစားချိန်.. အမြဲတမ်း.. မရှိဘူး.. ပြော!.. ဘယ်သွားတာလဲ..’
အော်ဟစ်အမိန့်ပေးတာ မဟုတ်ပဲ အံကြိတ်ကာ လေသံလေးဖြင့် ပြောနေတာတောင်မှ လပြည့် ဒူးတွေတုန်လာလျက်.. ထစ်ထစ် ငေါ့ငေါ့ဖြင့်..
‘မသိ.. မသိပါဘူး.. မိဖုရားကြီးက..’
‘မသိဘူး.. မင်းက သူ့နားမှာ အမြဲတမ်း နေနေပြီး မသိဘူး ဆိုတော့.. ငါကိုယ်တော်က မင်းကို ဘယ်လို အပြစ်မျိုး ပေးသင့်လဲ.. ငါကိုယ်တော်လည်း နေ့တိုင်း ဘယ်မှာရှာရမှန်း မသိတော့ဘူး..’
‘ရှင်!.. အဲ့တာက.. အဲ့တာက.. ထားရင်လည်း နေရပါမယ် သတ်ရင်လည်း သေရပါမယ်.. မိဖုရားကြီးက အပြင်သွားတိုင်း ဘယ်ကို သွားမယ် ဆိုပြီး ပြောသွားတာ မရှိလို့..’
ဒူးထောက်လျက် တုန်ရင်စွာ တင်လျှောက်မှ မင်းကြီးက သက်ပြင်းချလိုက်ကာ..
‘ဟုတ်သားပဲ သူဘယ်သွားတယ် ဆိုတာ မင်းကို ပြောသွားဖို့မှ မလိုတာ.. ဒါပေမယ့် မင်းက အမြဲတမ်း သူ့နောက်ကို လိုက်နေတယ် မဟုတ်လား.. ဘယ်တွေ သွားတတ်တာလဲ ဆိုတာ မြေပုံဆွဲပြပါ..’
‘မှန်လှပါ..’
မြေပုံဆွဲထားသော စာရွက်ကို ယူလာပြီးမှ.. သေချာ ကြည့်လိုက်တော့.. အမှားခြစ်တွေ ခြစ်ထားသော နေရာများက နေရာအနှံ့..၊ ထို့ကြောင့်..
‘အဲ့တာက ဘာကို ဆိုလိုတာလဲ..’
လက်ညိုးဖြင့် ထောက်ရင်း မေးလိုက်သည်တွင်.. လပြည့်က မျက်နှာငယ်လေးဖြင့်..
‘အဲ့တာက မိဖုရားကြီး သွားတတ်တဲ့ နေရာတွေပါ.. ဒီနေ့ ဘယ်ကို သွားမယ် ဆိုတာတော့ ကျွန်တော်မျိုးမလည်း မသိကြောင်းပါ..’
‘ဘာ!.. ဒီလောက် နေရာအများကြီးမှာ သူ့ကို ဘယ်လို သွားရှာရမလဲ.. ညနေစောင်းရင်တောင် တွေ့မှာ မဟုတ်ဘူး.. အဲ့နေရာတွေ သွားပြီး ဘာလုပ်နေတာလဲ.. ဒါက ဆေးကုသခန်း.. ဒါက ကုန်သွယ်ရေး ဒါက ဈေး.. ဒါက တောင်ဘက်က တရားရုံး.. ဒါက မြောက်ဘက်က တရားရုံး.. ဒါက.. ဒါက တိုက်ခိုက်ရေး သင်တန်းကျောင်း.. ဒါက.. မင်းမှုထမ်း ပျိုးထောင်ရေး ကျောင်း.. ဒါက ကျတော့ တောင်ပံ သယ်သူ ပို့ဆောင်ရေးတဲ့.. သူက ဘာတွေ ပို့စရာရှိလို့လဲ ဒီလောက်နေရာအများကြီး.. သွားရလား..’
မင်းကြီးက ပြောလိုက်မှ ဆွဲပေးလိုက်ရတဲ့ မြေပုံမှ အမှတ်သားများကို မရဲတရဲ လှမ်းကြည့်ကာ..
‘ဒီနှစ်တွေ အတွင်း မိဖုရားကြီးက မင်းကြီးကို ရှောင်တိမ်းဖို့ နန်းတော်ကနေ အပြင်ထွက်တိုင်း အဲ့နေရာတစ်ခု ချင်းစီမှာ သွားနေပါတယ်.. အဲတာကြောင့်..’
‘ရပြီ မပြောနဲ့တော့.. ငါကိုယ်တော် နားလည်ပြီ..’
စိတ်ထဲမှာ မကောင်းစွာ နန်းဆောင်ထဲမှ ပြန်ထွက်လာခဲ့မိသည်။ ဒီနှစ်တွေမှာ ဒီလို ခက်ခဲတဲ့ နေရာတွေမှာ သွားပြီး သူမ ဘာတွေ လုပ်နေခဲ့တာလဲ ဆိုတာကိုလည်း သိချင်လာသည်။ ထို့ကြောင့်..
‘သတိုး!.. နန်းတော်ထဲမှာ နေနေရတာ ပျင်းဖို့ ကောင်းတယ် မဟုတ်လား.. ကောရဗျတိုင်းပြည်က ချစ်ကြည်ရေး သံတမန် လွှတ်မှာက ဒုတိယမင်းသား သုတီ ဆိုတော့.. သူ့က စေ့စပ်ပြီး စပ်စုတတ်တဲ့ မင်းသား ဆိုတော့.. သူမလာခင်မှာ နန်းမြို့တော်ထဲကို သေချာပေါက်သွား စစ်ဆေးမှ ဖြစ်မှာ နန်းတော်အပြင် သွားကြတာပေါ့..’
‘မှန်လှပါ ဒါမှမဟုတ်.. မိဖုရားကြီး ရှိတဲ့ နေရာကို လူလွှတ်ပြီး စုံစမ်းခိုင်းရမလား.. မင်းကြီး..’
‘လူလွှတ်မယ်!.. နန်းမြို့တစ်ခုလုံး နန်းစောင့်ရဲမက်တွေ ဖြစ်သွား ချင်တာလား.. မတွေ့ဘူးလား.. ဒီလောက် နေရာအများကြီးကို.. တစ်ခုခု ဖြစ်တယ် ထင်ပြီး တိုင်းပြည်ကနေ လူတွေ ထွက်ပြေးသွားစေချင်လို့လား..’
‘မဖြစ်စေချင်ပါဘူး.. ဒါပေမယ့် မင်းကြီးက ဘယ်တုန်းကမှလည်း ရှာမတွေ့ဖူးဘူးလေ’
‘ရှာဆိုရင် ရှာလိုက်ပေါ့ ဘာတွေ ထပ်ပြောနေတာလဲ.. နန်းပြင်ထွက်ဖို့မပြင်ပဲ ဘာလုပ်နေတာလဲ.. သိက္ခာကိုပဲ ခေါ်လာပါ.. တခြားလူတွေ မလိုဘူး.. ကြားလား..’
‘အမိန့်တော် အတိုင်းပါ..’
မိဖုရားကြီးကို ရှာချင်တာများ..၊ ကောရဗျမင်းသား သုတီကို အကြောင်းပြချက် ပေးနေသော မင်းကြီးကို သဘောတကျ ရှိပြီး ရယ်ပစ်လိုက်ချင်ပေမယ့် ရှက်ကိုးရှက်ကန်းဖြင့် အပြစ်ပေး လိုက်မည်ကို ကြောက်ကာ.. မျက်နှာလွဲလျက်သာ ပြုံးလိုက်မိသည်။
xxxxxxxxxxxxxxxxxxxxx
လက်ထဲမှာ ပါလာသော ဓားအတိုလေးကို လက်ထဲမှာ ဆုပ်ကိုင်လိုက်ကာ.. တစ်ပတ်လှည့်လိုက်ပြီးမှ.. အဝေးမှ သစ်ပင်ကို လှမ်းပစ်လိုက်သည်။ ဒီနေ့ ဆေးကုသခန်းမှာ လိုနေတာက စပါးကြီးမြွေ၏ သွေးနှင့်သည်းခြေ မို့လို့ ယူလာပေးပါမည် ဟု ကတိပြုပြီး တောင်ပေါ်သို့ တက်လာခြင်းမှာ လပြည့်ပါမလာတာကို သဘောကျ မိသေးသည်။
လပြည့်သာ အနားမှာ ပါလာလျှင် ညည်းညည်းညူညူနှင့်.. အန္တရာယ်များတာတွေ.. ပင်ပန်းမည် ဆိုတာတွေ.. ထိခိုက်မည် ဆိုတာတွေဖြင့်.. ပြောလို့ ဆုံးမှာ မဟုတ်တာကို သတိရတော့ တစ်ချက် ရယ်လိုက်မိသေးသည်။ ပြီးတော့မှ ဆေးပင်တွေ ထည့်ထားသည့် အဝတ်စအိတ်ကို.. လက်ဖြင့် နောက်ပြန် ပြန်စမ်းလိုက်ပြီးမှ.. သစ်ပင်မှာ စိုက်ဝင်သွားသော.. ဓားလေးကို ပြန်ဆွဲထုတ်လိုက်ကာ.. ပြေးလွားနေသော ခြေသံကို ကြားလိုက်ရပြီး နောက်သို့ အလှည့်တွင်..
‘ဒုတ်!.. အင့်..’
မေးဖျားကို တစ်ခုခုဖြင့် ပြင်းထန်စွာ တိုက်မိပြီး လူက မြေပြင်ပေါ်သို့.. ပက်လက်လန်လျက် ပစ်ခတ် လဲကျသွား၏။ လဲကျသည့် အရှိန်ကြောင့် နာကျင်နေတာကို ဂရုထားမိပေမယ့် လူအပေါ်မှာ တက်ဖိထားသော သူကြောင့် မူးဝေနေတာတွေကို ခေါင်းတစ်ချက် ယမ်းခါလိုက်ပြီး ထိန်းလိုက်ကာ.. ထိုလူကို လှမ်းကြည့်တော့.. အသက်အားဖြင့် နှစ်ဆယ် ဝန်းကျင်ကျော်ရုံသာ ရှိအုံးမည့် လူငယ်တစ်ဦး..၊
သေပြေး ရှင်ပြေး ပြေးလာရသည့် ပုံစံ ဖြစ်သော်လည်း.. အခုကျတော့.. သတိလစ်နေပြီ။
ထိုစဉ် လူသံတွေ ကြားလိုက်ရတာမို့.. အခြေနေကို တစ်ချက် လှမ်းကြည့်ကာ.. အတန်ငယ် ကြီးမား ထူထပ်သည့် ခြုံအတွင်းသို့ ထိုသူကို ဆွဲသွင်းလိုက်ကာ.. ထိုနေရာမှ လှည့်လျက် ထွက်ပြေးလာခဲ့၏။ သူမပြေးသွားသည့် ဘက်သို့ လိုက်လာပြီ ဆိုမှ ထိုလူ ရှိနေသော နေရာကို တစ်ချက်မှ ပြန်လှည့်မကြည့်တော့ပဲ ကျွမ်းကျင်နေပြီ ဖြစ်သည့် တောအတွင်းသို့ ပြေးဝင်ကာ တောင်အောက်ဆင်းသည့် လမ်းနှင့် ဆန့်ကျင်ဘက်သို့ ပြေးသွားကာ.. ဖြတ်လမ်းမှ ထိုနေရာသို့ ပြန်လှည့် ခဲ့ရသည်။ အနောက်တွင် ဘယ်သူမှ ပါမလာဘူး ဆိုမှ ခြုံထဲတွင် ပစ်ထည့်ထားသော သူကို နိုးရန် ကြည့်လိုက်ရာ..
‘မရှိတော့ဘူး.. ကောင်းသားပဲ ငါကတော့ သူ့ကြောင့် မောသွားတယ်.. သူက.. မရှိတော့ဘူး..’
‘မင်းက ဘယ်သူလဲ.. ဘာလို့ ငါ့ကို ပြန်လာ ရှာတာလဲ..’
သစ်ပင် အနောက်မှ ထွက်လာပြီး လှမ်းမေးလိုက်သည်တွင်.. လက်မောင်းတွင် ဒဏ်ရာရထားသော ခုနက သတိလစ်နေသည့် သူက အကောင်းတိုင်း..၊ သို့သော်..
‘ငါတို့ နောက်မှ မိတ်ဆက်ရအောင်.. လောလောဆယ် မင်း လုံးဝမလှုပ်နဲ့.. နည်းနည်းလေးမှ မလှုပ်နဲ့..’
အနောက်မှာ မြွေလို့ ပြောလိုက်ရင်.. ထပြေးသွားမှာ စိုးလို့ မလှုပ်ခိုင်းမှ ထိုသူက ပြူးပြူးပျာပျာဖြင့်..
‘ဘာလဲ.. မင်း ဘာလုပ်မလို့လဲ..’
‘ကျွန်မက တစ်နှစ်သုံး ဆိုတာနဲ့ ပြေးနော်.. အဖျားခတ်မိရင် မကောင်းဘူး.. တစ် နှစ် သုံး!.. ပြေး!..’
ဘာလဲလို့ မမေးလိုက်ရသေးခင် ပြေးဆိုတော့ ကယောင်ကတမ်း ပြေးလိုက်ရ၏။
‘ရွှီး.. ဒုတ်’
ပြေးလိုက်စဉ်မှာပင် သူ့ခေါင်းအထက်နားသို့ ရွှီး ဆိုသည့် အသံနှင့် ဒုတ်ဆိုသော အသံကို ကြားလိုက်ရ၏။
ဘယ်တုန်းကမှ သူများ ပြောတာ မလုပ်ခဲ့ဖူးပဲနဲ့..၊ ထိုသူမ အလှည့်ကျမှ..၊ ဒေါသထွက်စွာဖြင့်.. လှည့်ပြောမည် အပြုတွင်.. သူမက လက်ဖျံခန့် အတုတ် ရှိမည့် မြွေတစ်ကောင်၏ ဦးခေါင်းကို သစ်ပင်မှာ စိုက်ဝင်နေသော ဓားအတိုဖြင့်.. ခုတ်ပိုင်းကာ.. ဘာတွေ လုပ်နေမှန်း မသိသော်လည်း.. မြွေက ဒေါသတကြီးဖြင့် သူမ၏ ခြေထောက်တွေကို ရစ်ပတ်ထားတာကို မမှုပဲ သွေးတွေ ပေတဲ့အထိ လုပ်နေသည်။ ထိုမြင်ကွင်းက ထူးဆန်းလွန်းနေတာမို့.. ကြောင်အအဖြင့် ကြည့်နေမိပြီးမှ..
‘မင်းက ဘာလဲ.. မင်းက မိန်းကလေး ဖြစ်ပြီး.. အခုလို..’
သူမက သူဖြစ်ပျက်နေတာတွေကို တစ်ချက်လေးသာ လှမ်းကြည့်လိုက်ပြီး နေကို မော့ကြည့်လိုက်ကာ..
‘အိမ်ပြန်တာ နောက်ကျတော့မယ်.. မင်းနေခဲ့မှာလား.. ဆေးကုသခန်းကို လိုက်လာမှာလား..’
‘လူကို တွေ့တာတောင် မှ မင်းက တောထဲမှာ တိရိစ္ဆာန်လို ပစ်ထားဖို့ တွေးနေတာလား..’
ထိုအခါ သူမက ခပ်ရို့ရို့လေး ပြုံးလိုက်ပြီးမှ..
‘အားကောင်းမောင်းသန် ယောက်ျားလေး တစ်ယောက်ကို တောထဲမှာ ပစ်ထားလို့ မတရားဘူးလို့ ဘယ်သူမှ မတွေးဘူး ထင်ပါတယ်.. ပြောလေ မင်းနာမည် ခုနက မမေးလိုက်ရဘူး.. မင်းက ဒီက လူလည်း မဟုတ်လောက်ဘူး.. စကားပြောတာ အရမ်းဝဲတယ်..’
‘ငါ့နာမည်က သုတီ..’
‘သုတီ!.. မင်းက သုတီလား..’
သုတီလို့ ပြောလိုက်မှ ဝတ်ထားတဲ့ အင်္ကျီကို သေချာ ပြန်ကြည့်မိသည်။ ဟုတ်သားပဲ ကောရဗျတိုင်းပြည်က လူတွေ ဝတ်စားတဲ့ အဝတ်စားတွေ..၊ ပြီးတော့ မျက်မှောင်ကုတ်ထားလျက် ဖြင့် တည်ကြည်သော မျက်နှာက မင်းသား သုတီ ဖြစ်နိုင်တာပဲ၊ သို့သော် သူပြောလိုက်တဲ့ အထဲမှာ မင်းသားတစ်ပါးပါ ဆိုတာကို ထည့်မပြောသွားတာမို့..
‘သုတီ.. မင်းနဲ့ငါနဲ့ ဆွေမျိုးတော်နေနိုင်တယ်..’
သူ့အစ်ကိုတော်က ဦးရီးတော် ဆက်သထားသော မင်းကြီ၏ ဝမ်းကွဲ အစ်မတော်ကို မိဖုရားမြောက်ထားသည့် ကိစ္စအား ပြောခြင်း ဖြစ်သော်လည်း.. မင်းသားသုတီက သဘောမပေါက်ပဲ..
‘ဘာလို့ ဆွေမျိုးတော်နေမှာလဲ..’
‘ငါ့အစ်ကို နာမည်က သုတလေ.. သု ဆိုတာချင်း တူနေတယ်..လေ’
သူမ ပြောလိုက်တာကို သူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီးမှ..
‘သုဆိုတာချင်းတူနေလို့ ဆွေမျိုးတော်ရမယ် ဆိုရင် ငါတို့ တစ်လောကလုံးရဲ့ ငါးပုံတစ်ပုံလောက်နဲ့ ဆွေမျိုးတော် ရလိမ့်မယ် ဆွေမျိုးတွေများရင် ငါ အခုလိုမျိုး.. အမြဲတမ်း.. သေလုမတတ် ပြေးလွားနေရမှာ..’
‘ဆွေမျိုးတွေ များလို့ သေလုမတတ် ပြေးလွှားရတာက မင်းမျိုး မင်းနွယ်တွေမှာပဲ ဖြစ်လေ့ ရှိတာပါ.. ဒါမှမဟုတ်.. သူဌေးသူကြွယ်တွေ.. မင်းက နှစ်မျိုးထဲက ဘယ်တစ်ခုလဲ..’
တော်တော်လည်တဲ့ မိန်းကလေး ဆိုတာကို စိတ်ထဲမှာ ပြောလိုက်မိ ပေမယ့်..
‘ငါ့အဖေက တော်တော် ချမ်းသာတာလေ.. အဲ့တာကြောင့် ငါတို့ ညီအစ်ကိုတွေ မှာ ငါ့အစ်ကိုကြီးက မကျန်းမာဘူး.. ပြသနာက ဒုတိယသားဖြစ်တဲ့ ငါ့ဆီမှာ ငွေတွေ အားလုံး ရောက်သွားမှာ စိုးလို့.. ဦးလေးတွေ ညီလေးတွေက ငါ့ကို သေစေချင်ကြတယ်.. အခုထိတော့ မသေသေးဘူးပေါ့.. ငါလည်း ဘယ်တုန်းကမှ ငါ့အဖေထားခဲ့တဲ့ ငွေတွေကို တက်မက်ပြီး မလိုချင်ခဲ့ပါဘူး.. ဒါပေမယ့် ဘယ်သူကမှ ငါ့ကို မယုံကြည်ကြပဲ ငါသေတာကို မြင်ချင်ကြတယ်..’
‘ဒီလောက်လွယ်တဲ့ ကိစ္စကို ထွက်ပြေးနေရသေးတာလား.. မင်းကို သေစေချင်တယ် ဆိုတဲ့ ညီကို မင်းရမယ် ထင်နေတဲ့ ငွေတွေ ပေးလိုက်ပေါ့.. ခက်ခဲတာ ဘာတစ်ခုမှ မရှိဘူး..’
သူက တစ်ချက် ပြုံးမိသော်လည်း..
‘ဒါပေမယ့် အဲ့ငွေတွေက ဒီလောက် လွယ်လွယ်နဲ့ ပေးဖို့ မလွယ်ဘူး.. ငါ့အဖေရှာထားတယ်လို့ ဆိုပေမယ့်.. သူများငွေတွေကို အကျိုးရှိရှိ အသုံးပြုပေးရမှာ အသုံးမတည့်တဲ့ ဆီကို အလကားပေးပစ်လိုက်လို့ မရဘူး..’
‘အဲ့တာဆိုလည်း.. ခက်တာ မရှိပါဘူး.. ဘဏ္ဍာထိန်း တစ်ယောက်ကို သေချာရွေးပြီး ထိန်းသိမ်း ခိုင်းလိုက်ပေါ့.. သိတယ် မဟုတ်လား.. အားလုံး အပေါ်မှာ သြဇာညောင်းနိုင်တဲ့ ဘဏ္ဍာထိန်းမျိုးလေ..’
သူတွေးထားသော အတွေးဖြင့် ကွက်တိ တွေးနိုင်သော မြွေသွေးတွေ ပေနေသည့် သမားတော်ဆန်ဆန် မိန်းကလေးကို စိတ်ဝင်စားသွားမိသည်။
‘မင်းက စိတ်ဝင်စားစရာပဲ..’
သူ လှမ်းပြောလိုက်တော့ သူမ ခြေလှမ်းတွေ ရပ်တန့်သွားပြီးမှ..
‘လောကကြီးမှာ စိတ်ဝင်စားစရာတွေ အများကြီးပါ.. လူတစ်ဦး တစ်ယောက်ပေါ်မှာ မူတည်နေတာက အကျိုး မရှိနိုင်ဘူး.. ဒုက္ခတောင် ရောက်နိုင်သေးတယ်.. ငါက မင်းစိတ်ဝင်စားသင့်တဲ့ မိန်းကလေး မဟုတ်ဘူး..’
ဆေးကုသခန်း ဆိုသည့် အိမ်အတွင်းသို့.. လှမ်းဝင်လိုက်ပြီး သူမက သမားတော် ဖြစ်ဟန်တူသည့် လူတစ်ဦးအား.. မြွေသွေးတွေ ပေနေသော ဆေးပင်တွေနှင့်အိတ်ကို လှမ်းပေးလိုက်ပြီးမှ ဆေးပင်တွေ ဆေးရွက်တွေရယ်.. ထုထောင်းကာ သူ့အား လှမ်းပေးရင်း..
‘ဒဏ်ရာက သိပ်တော့ မကြီးပေမယ့် ရာသီဥတုကအေးတော့.. ဆေးမထည့်ထားရင် အဆင်မပြေ ဖြစ်မှာစိုးလို့.. ကျွန်မ သွားတော့မယ်.. ဒီမှာ ခဏနေပြီး လုပ်ချင်တာကို လုပ်လို့ ရတယ်.. ခွင့်ပြုပါအုံး..’
‘ခဏ နေအုံး.. မင်းနာမည်က..’
‘ရှင်ဦးပါ..’
‘ရှင်ဦး!... နာမည်က သိပ်မလှဘူး..’
သွေးတွေ ပေနေသော အင်္ကျီကို အခုကျမှ မသတီသလို တစ်ချက် ငုံ့ကြည့်လိုက်ပြီး.. အန်ချင်သလို ဖြစ်လာ၏။ ထို့ကြောင့်.. နန်းတော်ကို မြန်မြန်ပြန်ပြီး အင်္ကျီလဲပစ်ဖို့ တွေးလိုက်မိကာ..
‘နာမည်ဆိုတာ လှဖို့မလိုဘူး ခေါ်လို့ရဖို့ပဲ လိုတာ.. တခြားနာမည်လှတဲ့ မိန်းကလေးတွေနဲ့ ဆုံဆည်းပါစေ.. သုတီ..’
ဒီလောက်ဆိုးဝါးတဲ့ ဆုမျိုး ဘယ်သူလိုချင် လို့လဲ..၊ နာမည်ပဲ လှပြီး.. အရာအားလုံး မလှမပ ဖြစ်နေရင် ဘယ်လို နှစ်ပါးသွားကြမလဲ..၊
xxxxxxxxxxxxxxxxxxx
နန်းဆောင် အနားသို့ ရောက်လာမှ.. လူက သွေးအနံ့တွေနဲ့ ပိုမို ဆိုးဝါးစွာ မူးမိုက်လာခဲ့ပြီး.. အန်ချင်သလိုလို ဖြစ်လာသည်။ သွေးဆိုတာက သူမ ယဉ်ပါးနေသော အရာတွေထဲက တစ်ခု ဖြစ်တာပဲ.. ဒီလို ကိစ္စက ဖြစ်ဖို့လိုလို့လား..၊
အား.. သူမ တစ်ခုခုကို မေ့နေခဲ့တာပဲ.. ရက်တွေ.. အရမ်းကို လွတ်လပ် နေခဲ့တဲ့ ရက်တွေ..၊ ထို တစ်ခုခု ဆိုတာကို တွေးလိုက်မိသည်နှင့်.. ရင်ထဲက နှလုံးသား တစ်ခုလုံး ပေါက်ထွက်တော့မလို ဖြစ်သွားမိသည်။
မဟုတ်လိုက်ပါနဲ့..၊ ငါ့ဆီမှာတော့ မဟုတ်လိုက်ပါနဲ့..၊ ငါ့ဆီမှာ ဆိုရင်.. မင်းကြီးကို ဘယ်လို ကာကွယ် ပေးနိုင်တော့မလဲ..၊ ဒီတစ်ခုခု ဆိုတာက မင်းကြီးရဲ့ မြင့်မြတ်ခြင်းတွေ.. ရဲရင့်ခြင်းတွေ သန်မာခြင်းတွေကို ဝါးမျိုပစ်ပြီးတော့.. အရာရာတိုင်းကို သူက အရှုံးပေးလိုက်လိမ့်မယ်..၊ အဲ့တာကြောင့် ငါ့ဆီမှာတော့ မဟုတ်လိုက်ပါနဲ့..၊
နန်းဆောင် မရောက်ခင်မှာပဲ ထိုင်ချလိုက်မိပြီးမှ.. သွေးတိုးနှုန်းကို စမ်းရန် ပြင်လိုက်ပေမယ့်.. မစမ်းဝံ့တော့ပဲ နန်းဆောင်အတွင်းသို့ စိတ်ရှုပ်ထွေးစွာ ဝင်လာခဲ့လိုက်၏။
သူမကို မြင်လိုက်မှ ထိုင်နေရာမှ ထရပ်ကာ..
‘မင်းဘာလို့ မနက်ကတည်းက သွားလိုက်တာ အခုမှ ပြန်လာရတာလဲ!..’
သူ့အသံကို ကြားလိုက်ရမှ ချော့ဖို့ လိုနေသော ကလေးလို သူ့မျက်နှာကို အားကိုးတကြီး မော့ကြည့်လိုက်မိသည်။ သူကတော့ သူမကို လက်ညိုးထိုးလျက် အော်ပြောနေရာမှ ရပ်တန့်ကာ သူမကို အနားသို့ အလောတကြီး တိုးလာကာ..
‘သွေးတွေနဲ့.. ဘယ်နေရာ ထိခိုက်လာတာလဲ.. တစ်ခုခု ဖြစ်လာသေးတာလား.. ဒီနေ့ တစ်နေကုန် မင်းကို ငါကိုယ်တော် လိုက်ရှာနေမိတာ ဘယ်နေရာမှာမှ မတွေ့လို့ ဒီမှာ လာစောင့် နေတာ..’
သူ့ကို သနားစွာ ကြင်နာစွာ စိုက်ကြည့်နေမိရာမှ ပြုံးပြလိုက်ပြီး..
‘မြွေနဲ့ တိုက်ခိုက် လာရတာ မြွေသွေးတွေ ပေကုန်တာပါ.. လူကို မထိခိုက် မိခဲ့ပါဘူး မင်းကြီးကို စိတ်ပူပန်စေမိလို့ တောင်းပန်ပါတယ်..’
‘တောင်းပန်ရုံပဲလား.. မင်းကို စိတ်ပူလို့ မွန်းတည့်စာတောင် မစားနိုင်ဘူး.. မင်းသိလား.. မင်း နေ့တိုင်း.. နေ့တိုင်း နေမထွက်ခင် နန်းပြင်ထွက် နေဝင်မှ ပြန်လာတာကို လုပ်နေအုံးမှာလား.. အခုမင်း ဒီလို ပုံစံနဲ့ ပြန်လာတယ်.. နောက်ဆို မင်းရဲ့ အဝတ်ပဲ ငါက မြင်ရတော့မယ် ဆိုရင် ဘယ်လိုလုပ်ရမလဲ..’
သူမ တစ်ဦးတည်းတောင်မှ သူ.. ဒီလို ဖြစ်နေတာ နောက်ထပ် ထိုအရာကပါ ပါလာလျှင် အတွင်းဝန်အမတ် ဖြစ်တဲ့ အဖေက သူ့ကို ထိန်းချုပ်ဖို့ ဘယ်လောက်တောင် လွယ်သွားမလဲ..၊
‘ကျွန်မ တစ်ခုခု ဖြစ်ရင် အဝတ်စကို နန်းတော်ကို မပို့ဖို့ မှာထားလိုက်ပါ့မယ်..’
‘မင်း!..’
‘ဒီနေ့ ကျွန်မက အရမ်း ပင်ပန်းလာလို့.. အနားယူချင်နေပြီ.. ပြီးတော့ နန်းဆောင်မှာ မင်းကြီး ရှိနေတာက ကျွန်မကို အနေခက်စေလို့..’
‘ငါကိုယ်တော်ကို နှင်ထုတ်နေတာလား..’
‘စကားလုံး ကြမ်းတမ်းသွားပါပြီ.. ဒါပေမယ့် အဓိပ္ပါယ်ကတော့ တူတူပါပဲ.. နားလည်ပေးပါ.. သတိုး!.. မင်းကြီးကို လမ်းပြပေးလိုက်ပါအုံး..’
သူမ ပြောလိုက်တဲ့ အတိုင်း.. သူမ၏ မိဖုရားကြီး နန်းဆောင်မှ ထွက်လာခဲ့ပြီးမှ.. မကျေမနပ်ဖြင့်..
‘သတိုး.. တွေးကြည့်စမ်း.. ငါကိုယ်တော်က ကံမကောင်းတဲ့ မင်းကြီးလား.. သူ့ကို မြင်ချင်ရင်.. သူ့ဆီလာရတယ် မတွေ့ရင် ငါကိုယ်တော်က စောင့်ရတယ်.. စောင့်ပြီးတော့လည်း.. နှင်ထုတ်ခံရတယ်.. ခမည်းတော်ကို အားကျလိုက်တာ မြင်ချင်ရင် ခေါ်တွေ့တယ်.. မလာရင် နောက်ထပ် တစ်ယောက်တွေ့ဖို့ ရှိတယ်.. ငါကိုယ်တော်က တခြားသူကို မတွေ့ချင်ပဲ ဘာလို့ သူ့ကိုပဲ..’
‘မင်းကြီးက တခြားမိဖုရားတွေ အားလုံးကို မလိုချင်ဘူး ဆိုပြီး ငြင်းပယ်လို့ အခု.. မင်းကြီးဆီမှာ မိဖုရား နှစ်ပါးပဲ ရှိတော့တယ်.. စင်္ကြာဒေဝီ မိဖုရားက မင်းကြီးကို ငြင်းပယ်လိုက်ပြီ ဆိုတော့ မင်းကြီး.. စန္ဒာဒေဝီ မိဖုရား နန်းဆောင်ကို သွားမလား..’
‘ဒီရက်တွေမှာ.. ငါလည်း ပင်ပန်းနေပြီ..’
‘ပင်ပန်းမှာပေါ့ မင်းကြီးက မိဖုရားကြီး သွားတဲ့ နေရာကို တောက်လျှောက် လိုက်နေတာ..’
‘ထားလိုက်တော့ သူ့အကြောင်း မပြောတော့ဘူး.. ကျွန်မကို အနေခက်စေလို့.. ဟုတ်လား.. သူက တစ်ယောက်တည်း နန်းပြင်ထွက်တာ ကျတော့ ငါကိုယ်တော်ကို အနေမခက်စေဘူးလား.. အမြဲတမ်း.. တစ်ယောက်တည်းပဲ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..’
‘အဝတ်စကို မမြင်ရအောင်လို့.. နန်းတော်ကို မပို့ခိုင်းပဲ ထားပါ့မယ်လို့ ခုနက ပြောပါတယ်..’
‘မင်းကပါ အလိုတူ အလိုပါလား.. ဒီနေ့ နန်းဆောင်ထဲ ဝင်ဖို့ စိတ်မကူးနဲ့ နန်းဆောာင်အပြင်မှာ အပေါ်ထပ် ချွတ်ပြီး တစ်ညလုံး မတ်တပ်ရပ်နေ..’
လက်ညိုးထိုး အမိန့်ပေးပြီး ချာခနဲ လှည့်ထွက်သွားသော မင်းကြီးနောက်မှ ပြေးလိုက်လာကာ တကယ်ဆို ကျွန်တော်မျိုးကို စိတ်ဆိုးတာလည်း မဟုတ်ပဲနဲ့လို့ မတင်လျှောက်ရဲပါ..၊ ဒီထက်ဆိုးဝါးသော အပြစ်ဒဏ်တွေ ရောက်လာမှာ စိုးလို့..၊ ရေပုံးပါ မ ထားဆိုရင်.. တစ်ညလုံး အဖြစ်ဆိုး သွားနိုင်သည်လေ။
xxxxxxxxxxxxxxxxxx
မင်းကြီး ထွက်သွားတာကို လှမ်းကြည့်နေသော လပြည့်အား..
‘လပြည့် ကျွန်မကို ရေနွေးစပ်ထားပေးပါလား.. ကျွန်မ ဒီနေ့ နားမှ ဖြစ်တော့မှာ.. ပြီးရင် ရေနွေးသီးသန့်ပဲ ထည့်ပေးပါ.. အနံ့တစ်ခုခု မပါစေနဲ့..’
‘မှန်လှပါ.. ဒါပေမယ့် မင်းကြီးက နေ့လည် ကတည်းက မိဖုရားကြီးကို လိုက်ရှာနေတာ အခုကျတော့လည်း..’
‘ကျွန်မ သူ့နားမှာ ပျော်နေလို့ မရတော့ဘူး.. ဒီတိုင်းသာ ဆက်ပြီး နေသွားမယ် ဆိုရင်.. ကျွန်မ သူ့ကို ဆုံးရှုံးရလိမ့်မယ်.. ကျွန်မက သူ့ကို ဆုံးရှုံးရမှာထက် သူ့ကို တခြားသူတွေ ဆုံးရှုံးလိုက်ရရင် တန်ဖိုးက ကြီးလွန်းတယ်..’
‘မိဖုရားကြီး ပြောတာကို ကျွန်မ နားမလည်ဘူး.. မင်းကြီးနဲ့ မိဖုရားကြီး ပြေလည်သွားတာ သုံးလတောင် မပြည့်သေးဘူးလေ.. ဘယ်လိုလုပ် မင်းကြီးကို ဆုံးရှုံးရမှာလဲ..’
‘ဒါပေမယ့် အဲ့တာက ကျွန်မ ဆီမှာ ရှိနေပြီ ထင်တယ်.. တခြားမိဖုရား ဆီမှာ ဆိုရင် အဲ့တာက သူ့အတွက် ပျော်စရာ ဖြစ်မှာ.. အဲ့တာက ကျွန်မ ဆီမှာ ဖြစ်နေတဲ့ အတွက် သူ့ကို ပိုပြီး ဝန်လေးစေမှာ သူ့အတွက် ပျော်စရာ မဖြစ်စေဘူး..’
‘အဲ့တာက ဘာလဲ.. မိဖုရားကြီး ပြောတာ ကျွန်မတော့ ရှုပ်ထွေးသွားပြီ..’
‘မသေချာသေးပါဘူး.. သွေးတွေနဲ့မို့လို့ သွေးနံ့တွေနဲ့မို့လို့ ကျွန်မ ခေါင်းမူးသွားတာ ဖြစ်နိုင်ပါတယ်..’
ရေနွေးစပ်ထားသော ရေစည် အတွင်းသို့ ဝင်ထိုင်လိုက်ပြီး.. သွေးတိုးနှုန်းတွေ ခုန်လုပ်နေသော လက်ကောက်ဝတ်ကို မရဲတရဲ ဖိဆုပ်ကိုင်လိုက်မိသည်။
သမားတော် လုပ်ဖူးသော သူမအနေနှင့် သွေးတိုးနှုန်း တိုင်းခြင်းကို အကြိမ်ရေများစွာ လုပ်ဖူးသော်လည်း.. အခု မိမိကိုယ်ကို သွေးတိုးနှုန်း တိုင်းတာရန် လက်ချောင်းထိပ်လေးတွေ တုန်ရင်နေခဲ့၏။
မဟုတ်ပါစေနဲ့လို့ ဆုတောင်းရင်း.. မျက်ရည်တွေပါလည်လာ၏။
ဟုတ်နေခဲ့ရင် သူမ ဘာလုပ်ရမလဲ..၊ သူ့ကို ကာကွယ်ဖို့ အဲ့ဒီအရာကို စွန့်လွှတ်ရန် သူမမှာ အင်အားရှိပါ့မလား..၊ သူသိရင်ကော.. လက်ခံမှာ တဲ့လား..၊ သူက လက်မခံတဲ့အပြင် သူမကို မုန်းတီး သွားနိုင်သေး၏။ သူ မုန်းသွားတာကို မခံနိုင်သလို.. ဘာလုပ်ရမှန်းလည်း မသိတော့ပေ။ ဒီတစ်ခေါက် ပြသနာကို ဘယ်လို ဖြေရှင်းတာ သင့်တော်မလဲ..၊ ဘာဆို ဘာမှ မသိတော့သလို.. ဘယ်သူ့ကိုမှလည်း မပြောပြနိုင်သော ပြသနာက တကယ်ကြီး ရှိနေပြီလား..၊
လက်ချောင်း ထိပ်လေးတွေက လက်ကောက်ဝတ်ကို နားသို့ ရောက်သွားလေ အသက်ရှုမဝလေဖြင့် ရာက်သွားသည်နှင့် ရင်ထဲက နှလုံးခုန်သံကိုလည်း အတိုင်းသား ကြားနေရသည်ဟု ထင်မိသည်။
ဖြည်းဖြည်းချင်း ခုန်လှုပ်နေသော သွေးကြောကို တိုင်းတာရင်း..
‘အဟင့်!.. အီး.. ဟီး..’
မျက်ရည်တွေ တာတမံ ကျိုးသလို သွန်ကျလာတော့၏။
xxxxxxxxxxxxxxxxxxxxxx
ဆက်ရန်---
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါသည်။
စွဲညို့
Post a Comment