လမ်း​ဘေးအစားစာများ သန့်​ရှင်းမှု ကျန်းမာ​ရေးအဟာရအ​ကြောင်း

လမ်းဘေး အစားအစာများ၏ သန့်ရှင်းမှုနှင့်
ကျန်းမာရေး အာဟာရ
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

.
စားသုံးသူ ပြည်သူများအတွက် လမ်းဘေး
အစားအစာ အများစုက သန့်ရှင်းမှု မရှိဘူး။
ကျန်းမာရေးနဲ့ မညီညွတ်ဘူး။

လမ်းဘေး အစားအစာတွေကို ရှောင်သင့်သည် ဟူ၍
ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ နေ၍
သတင်းစာများ၊ ဂျာနယ်များ၊ ရေဒီယိုလှိုင်းများ၊
တီဗွီများစသဖြင့် သတင်းမီဒီယာ ဘက်ပေါင်းစုံမှ
သတိပေး အကြံပြု ထားသော်လည်း ယနေ့
မြန်မာနိုင်ငံတွင် လမ်းဘေး အစားအစာများကို
ရောင်းချမြဲ ရောင်းချ နေကြသလို၊ စားသုံးမြဲ
စားသုံးလျက် ရှိကြပါတယ်။

ဘာကြောင့်လဲ ဆိုရင် ၎င်း လမ်းဘေး အစားအစာများဟာ
အရသာ မဆိုးပဲ ဈေးပေါ၍ တွက်ခြေကိုက်တာကြောင့်
ဆာလောင်မှုကို လွယ်လွယ်နဲ့ ဖြေရှင်း နိုင်လို့ပါပဲ။
ဒီတော့ လူများများ စားကြပြီးနောက် ရောဂါဆိုးတွေ
ရကြကာ သက်တမ်းစေ့ မနေနိုင် ကြတော့ပါဘူး။

.

*ရေမသန့်ရှင်းမှု*
••••••••••••••••••••••
လမ်းဘေး အစားအစာ ဆိုသည့်အတိုင်း လမ်းဘေးတွင်
ရောင်းချ နေရတာကြောင့်လည်း အိုးခွက် ပန်းကန်တွေကို
ရေစင်စင် ဆေးကြောမှု အားနည်းပါတယ်။

ဒါ့အပြင် မသန့်ရှင်းသော ရေဖြင့် ချက်ပြုတ် ထားတဲ့
မသန့်ရှင်းသော အစားအစာများကြောင့် အသည်းရောဂါ
ဖြစ်ပွားနိုင်ခြေ အလားအလာ ပိုနေပါပြီ။ အလျဉ်းသင့်၍
ပြောရရင် မိုးရေနှင့် မိုးသီးတို့ဟာလည်း
ကျန်းမာရေးအတွက် ဘေးဖြစ် စေပါတယ်။

မိုးရေဟာ ကောင်းကင်မှ လေထုကို ဖြတ်သန်း
လာရသောကြောင့် ယင်း အထဲတွင် ဖုန်မှုန့်များ၊
မီးခိုး၊ ကျပ်ခိုးများ၊ တခြားသော ဓာတ်ငွေ့များအပြင်
အဏုမြူပြာများ ပါဝင်နိုင်ပါသေးတယ်။
ဒါကြောင့် မိုးရေသည်ပင်လျှင် သောက်သုံးရန် အတွက်
ရောဂါကင်းပြီဟု မဆိုနိုင်သေးပါ။ မိုးသီးလည်း
ထိုနည်းလည်းကောင်းပါပဲ။

.

*ထုံချိုင်းတုတ်ထိုးများ*
•••••••••••••••••••••••••
ရန်ကုန်မြို့မှာ လမ်းဘေး အသားကင်ဆိုင်တွေ
တော်တော်များများ ပေါ်လာသလို ထုံချိုင်း၊ တရုတ်ပြည်နှင့်
ကိုရီးယားတို့မှ တင်သွင်းလာသော တန်ဖိုးနည်း
အသား ကြိတ်လုံး လေးတွေကို စားချင်စဖွယ်
ဖြစ်အောင် ပုံစံ အမျိုးမျိုး၊ အရောင်မျိုးစုံ တို့ဖြင့်
ကြော်၍သော် လည်းကောင်း၊ ကင်၍တစ်ဖုံ

တုတ်ချောင်းလေးများ ထိုးသီ၍ ရောင်းချလျက် ရှိပါတယ်။
လမ်းဘေးဆိုင်တွေ များလာကာ မြို့ပြနေလူထုရဲ့
စားသောက်မှုပုံစံ ပြောင်းလဲ လာကြပြီး
အာသာငမ်းငမ်း ခံတွင်း တွေ့နေကြပါတယ်။

တစ်ခုမှ ငွေကျပ် ၁ဝဝ၊ အလွန်ဆုံး ငွေကျပ် ၂ဝဝ ထက်
မပိုတာကြောင့် ဈေးနှုန်း သက်သာပြီး အရသာ ကောင်းလို့
ဝယ်စား နေကြပါတယ်။

တကယ်တော့ ၎င်း အသားလုံး၊ အသားချောင်းများဟာ
သူတို့ အမည်ပေး ကင်ပွန်းတပ်ထားသော အသား
စစ်စစ်တော့ မဟုတ်ကြ ပါဘူး။

အဆိုးဆုံးမှာ ၎င်းတို့ကို တို့၍ စားရသော
အချဉ်ရည် ဖြစ်ပါတယ်။ တန်ဖိုးနည်း ဈေးဆိုင်
ဖြစ်တာကြောင့် အချဉ်ရည်က ငရုတ်ဆီစစ်စစ် မဟုတ်ဘဲ
စားကောင်းအောင် ရောစပ်ထားတာတွေ ဖြစ်နေခြင်း
သို့မဟုတ် ဘယ်နှစ်ရက်မှန်းမသိ ထည့်ထားတဲ့
အချဉ်ရည်တွေနဲ့ တို့စား ကြတာကြောင့်
အစာအိမ်နှင့် အူတွေကို ပိုးဝင်ကာ
ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်ပါတယ်။

.

*ကြက် ဝက် ဆိတ် အမဲသား တုတ်ထိုးများ*
••••••••••••••••••••••••••••••••••••••••••••••••••
လမ်းဘေးမှာ တန်းစီ ရောင်းချနေတဲ့ အသား
တုတ်ထိုးများကို သင့်အနေဖြင့် ကျန်းမာရေး
ရှုထောင့်မှ လေ့လာကြည့်ဖူး ပါသလား။
သင်စားပြီးတဲ့ တုတ်ချောင်းလေးတွေကို ရေတွက်၍
ငွေရှင်းပြီးတဲ့ အခါမှာ ဆိုင်ရှင်က ၎င်း တုတ်ချောင်းများကို
ပြီးစလွယ် ရေခွက်ထဲမှာ တစ်ချက်၊ နှစ်ချက်လှုပ်ကာ
ဆေးကြောရုံသာ ပြုပါတယ်။ ပြီးနောက် ၎င်း
တုတ်ချောင်းတွေ မပျက်စီး မကျိုးပဲ့မချင်း ဆက်လက်၍
သုံးစွဲလျက် ရှိပါတယ်။

နောက်ပြီး လမ်းဘေး တုတ်ထိုးဆိုင် အများစုဟာ
အသားပြုတ်ရည်ကို တသီးတသန့် ပန်းကန်လုံးဖြင့်
စီမံထားခြင်း မရှိပဲ စတီးဇွန်း သုံးချောင်း၊ လေးချောင်းသာ
ချထားပြီး အလှည့်ကျခပ်ယူသောက်စား ကြတာ မျိုးပါ။
၎င်း အသားတုတ်ထိုးများကို တို့၍စားကြသော
အချဉ်ရည်များကလည်း အထက်မှာ ဖော်ပြထား သကဲ့သို့
အန္တရာယ်ရှိပါတယ်။

ထို့ပြင် လတ်ဆတ်မှု မရှိ လက်ကျန် အဟောင်းပစ္စည်းများ
ဖြစ်နိုင်သေးတာကို သတိပြုပါ။ ဒါကြောင့် မစားခင်မှာ
မိမိ ရွေးချယ်မည့်ဆိုင်၏ သန့်ရှင်းမှု၊ ၎င်းဆိုင်၏
ပတ်ဝန်းကျင် သန့်ရှင်းမှု၊ ဈေးရောင်းသူ၏
သပ်ရပ်မှုတို့ကို ဦးစွာ လေ့လာပါ။ သို့မဟုတ်ပါက
(၁) ရက်လွန် အသားများ၊
(၂) ထပ်ခါထပ်ခါ သုံးထားသော တုတ်ချောင်းများ၊
(၃) အလှည့်ကျခပ်ယူ သောက်သုံးပြီးသော စတီးဇွန်းများ၊
(၄) အချဉ်များ စသဖြင့် လေးထပ်ကွမ်း ကျန်းမာရေး
အန္တရာယ် ရနိုင်ကြောင်း သတိ ရှိပါလေ။

.

*အသားကင် ငါးကင်*
••••••••••••••••••••••••••
အသားကင်တွေမှာ ရောဂါပိုးတွေ ရှိနေတဲ့ အတွက်
၎င်းတို့ကို နေ့စဉ်ရက်ဆက် စားသောက်ပြီးနောက်
နှစ်နှစ် အတွင်းမှာပင် အူမကြီးကင်ဆာ ဝေဒနာကို
ခံစားရနိုင်ကြောင်း၊ အသားကင်တွေမှာ လူကို
အန္တရာယ် ဖြစ်စေတဲ့ E.Coli (Escherichia Coil) ခေါ်
ဗက်တီးရီးယား ပိုးတွေ တွေ့ရှိရကြောင်း၊
အဲဒီ E.Coli ပိုးက အူမကြီးရောင်ခြင်း၊
သွေးဝမ်းသွားခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊
ဆီးထဲ သွေးပါခြင်းနှင့် နောက်ဆက်တွဲ
ကင်ဆာရောဂါတွေကို ဖြစ်လာစေနိုင်ကြောင်း တို့ကို
FDA က သတိပေးထားပြီး ဖြစ်ပါတယ်။

ရိုးရိုးလေးပဲ စဉ်းစား ကြည့်ကြရအောင်။ 
လမ်းဘေး အစားအစာ တစ်မျိုးဖြစ်တဲ့ အထူးသဖြင့်
အသားကင်ဆိုတာ ကျက်ချင်မှ ကျက်မယ် သို့မဟုတ်
တူးတာတွေ ရှိပါမယ်။ ဒီလိုမျိုးတွေ ကြာကြာ
စားမိလာရင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။
၎င်း အသားကင် အတွက် စီမံထားသော
အချဉ်ရည်များဟာ လတ်ဆတ်မှု ရှိ၊ မရှိ
သင်သိနိုင်ပါမည်လား။ ဒါ့အပြင် အကင်ဖြင့်
တွဲဖက်၍ စားရသော တန်ဖိုးနည်း ဟင်းရွက်များ
ဖြစ်ကြတဲ့ ဂေါ်ဖီ၊ ပဲသီးတို့ဟာလည်း စင်ကြယ်စွာ
ဆေးကြောထားပါရဲ့လား။

.

*လက်သုပ်စုံ*
••••••••••••••••••
မြန်မာပြည်တွင် ခေတ်တွေ ဘယ်လောက်
ပြောင်းပြောင်း အရိုးပေါ် အရွက်မဖုံး အစဉ်အမြဲ
တည်ရှိနေတာ ကတော့ လမ်းဘေး အစားအစာနှင့်
လက်သုပ်စုံပဲ ဖြစ်ပါတယ်။ အသုပ်စုံ အတွက်
ပြင်ဆင်ထားသော ပစ္စည်း အမည်စုံ၊ အချဉ်ရည်၊
ချက်ပြုတ်ဆေးကြော အသုံးပြုသော ရေ၊
အရည်အသွေးနိမ့် တန်ဖိုးနည်း အချိုမှုန့်များ၊
ဈေးသည်၏ တစ်ကိုယ်ရေ သန့်ရှင်းမှု စတာတွေ
အပြင် ယင်ကောင် သတ္တဝါတို့၏ အန္တရာယ်ကို
သိလေလေ မိမိ ကျန်းမာရေး အတွက်
ဘေးထွက်ဆိုးကျိုးနည်းလေလေ ဖြစ်ပါတယ်။

.

*အကြော်စုံ*
•••••••••••••••
လမ်းဘေး အစားအစာတွေ ထဲမှာ အကြော်တွေလည်း
ပါနေပါ သေးတယ်။ ဆီကြော်မုန့် ဆိုသည်မှာ
ကျန်းမာရေးနဲ့ လုံးဝ မညီညွတ်ပါဘူး။ ဈေးသက်သာသော
စားအုန်းဆီကို သုံးခြင်း၊ ဆီဟောင်းများကို
ထပ်ခါထပ်ခါ သုံးခြင်းက စားသုံးသူ အတွက် အာဟာရ
မဖြစ်စေတဲ့ အပြင် ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့
ကိုလက်စထရော တက်၍ အဆီပို၊ အဝလွန်စေပါမယ်။
တချို့သော ဝိသမ လောဘ အကြော်သည်တွေက
ဈေးရောင်း ကောင်းစေရန် အလို့ငှာ မျက်စိ အမြင်မှာ
အကြော် လှစေဖို့ နဲ့ တာရှည်ခံ ကြွပ်ရွနေစေဖို့ အတွက်
အကြော် ဆီပူအိုးထဲကို ပလတ်စတစ် အကြည်တွေ
ထည့်ကြော်တာမျိုး ရှိနေပါတယ်။ ထို့ပြင် အကြော်ဖြင့်
တို့၍ စားရသော မသန့်ရှင်းသည့် လက်လုပ်
အချဉ်ရည်ကလည်း စားသုံးသူတွေ အတွက်
ဘေးဖြစ်စေတာကို မမေ့ပါနှင့်။

.

*အချိုမှုန့်*
•••••••••••
လမ်းဘေး အစားအစာ ရောင်းချသော ဆိုင်တွေဟာ
အရည်အသွေးနိမ့် အချိုမှုန့်တွေကို သုံးစွဲလျက် ရှိပါတယ်။
အချိုမှုန့် ဆိုတာ Monosodium glutamate (MSG) လို့
ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid
လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ
ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို
ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို
ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွား တိုးပေးလိုက်တာ
ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန် သုံးသင့်တဲ့ ဟင်းခတ်
အမွှေးအကြိုင် တစ်ခု လုံးဝ မဟုတ်ပါ။
နည်းနည်းစားစား၊ များများစားစား ရေရှည်စားရင်
အန္တရာယ်ကတော့ ရှိတာပါပဲ။ ဆားက အငန်၊
အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲ မှတ်ယူ ထားကြပါတယ်။

ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ
ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride၊
အချိုမှုန့်က Monoso-dium glutamate ဖြစ်လို့ နှစ်ခုလုံး
ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခုပြိုင်
စားသုံးရင် သွေးတွင်း ဆိုဒီယမ် မြင့်တက်မှု အရမ်း
များလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။
အချိုမှုန့်မှ ရရှိသော ရောဂါများမှာ အကြောတက်၊
ဆီးချို၊ အဝလွန်၊ နှလုံးသွေးကြောပိတ်၊
ဦးနှောက်ဆဲလ်တွေ ပျက်စီး၍ မှတ်ဥာဏ်အားနည်း၊
သားသမီး မရနိုင်ခြင်း၊ ပန်ကရိယ ခေါ်
မုန့်ချိုအိတ်ရောင်ရောဂါ၊ သွေးတိုးရောဂါတို့ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့် စားတဲ့
အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့
medulla oblongata, thalamus, or hypothalamus ဆိုတဲ့
ဦးနှောက် အစိတ် အပိုင်းတွေမှာ ရှိတဲ့ အာရုံကြော
ဆဲလ်တွေကို ပျက်စီးစေပါတယ်။

.

*သကြား*
•••••••••••••
တချို့ လမ်းဘေး အစားအစာ ဆိုင်တွေက အချိုမှုန့်
လုံးဝ မသုံးဘူးလို့ ဆိုကြပါလိမ့်မယ်။ တန်ဖိုးနည်း
ဈေးဆိုင်ဖြစ်တဲ့ အတွက် အသားမှုန့်ကိုတော့ သုံးစွဲခြင်းငှာ
မတတ်နိုင်ကြပါဘူး။ ဒီတော့ ဈေးကွက်ထဲမှာ
အပေါဆုံး သကြားဖြူဖြူ အမှုန့်တွေကို သုံးနေ ကြပါတယ်။
နိုင်ငံခြား တိုင်းပြည်များတွင် သကြားကိုမူ သဘာဝ
အရောင်အတိုင်း ဝါညစ်ညစ် သကြားများကို
စားသုံးကြသော်လည်း မြန်မာနိုင်ငံတွင်မူ ဟိုက်ဒရိုဟု
ခေါ်သော ဓာတုချွတ်ဆေး သုံး၍ ဖြူဖွေး သကြားများကို
ရွေးချယ် စားသုံး နေကြပါတယ်။

ထန်းလျက်မှာ လည်း မူလအညိုရောင် ပျောက်ကာ
ချွတ်ဆေးကြောင့် ဖြူဖွေးသွားပါတယ်။
အိမ်သုံးဆားသည်ပင်လျှင် ဓာတု ချွတ်ဆေးသုံး၍
ဖြူဖွေးအောင် လုပ်ထားကြပါတယ်။
ထိုဓာတုချွတ်ဆေးများဟာ ကင်ဆာရောဂါကို
ဖြစ်ပွားစေ သဖြင့် သဘာဝ အရောင်ကို ရွေးချယ်
စားသောက်ကြပါရန် မြန်မာနိုင်ငံ စားသုံးသူ
ကာကွယ်ရေး အသင်းက တိုက်တွန်းထားပါတယ်။

ကင်ဆာရောဂါ ဆိုတာ ခန္ဓာကိုယ်တွင်း
ရောဂါဖြစ်တာကြောင့် အပေါ်ယံမှာ ရောဂါတစ်ခုခု
ဖြစ်သလို ချက်ချင်း မသိနိုင်ပါဘူး။ ကင်ဆာရောဂါ
ဖြစ်ရတဲ့ အကြောင်းရင်းကို ဆန်းစစ်ရင် အခုခေတ်
လူတွေရဲ့နေထိုင် စားသောက်မှု ပုံစံတွေ
ပြောင်းလဲလာတာကြောင့် အဖြစ်များလာရခြင်း
ဖြစ်ပါကြောင်း စာရေးသူက အကြံပြု လိုက်ရပါတယ်။ ။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
www.facebook.com/knowledgevillage11


1 comments:

Borgata: Casino, Hotel, Restaurants - Dr.MCD
Borgata's restaurants and bars, restaurants, 수원 출장샵 & nightlife. Borgata Hotel Casino 삼척 출장안마 & Spa. 의정부 출장샵 845 Borgata Way, Atlantic City, NJ 사천 출장마사지 08401. 파주 출장샵 Directions.

Reply

Post a Comment