အိမ်​မက်

"အိမ်မက်"

အိမ်မက်နဲ့ပတ်သက်ပြီး မြန်မာစကား-
အိမ်မက်ဆိုတာ ပါဠိလိုကျတော့ 'သုပိန'
လို့ခေါ်တယ်။သို့မဟုတ် 'သုပိနန္တ'
အဲ့ဒီစကားလုံး နှစ်လုံးနဲ့ အသုံးပြုတယ်။
အိမ်မက်ဆိုတာ အိပ်ပျော်နေတဲ့အချိန်မှာ
မြင်မက်လေ့ရှိတဲ့  စိတ်ရဲ့ ခံစားမှုတစ်မျိုးကို
အိမ်မက်လို့ခေါ်တာ။အိပ်ပျော်နေတဲ့အချိန်မှာ
မြင်မက်လေ့ရှိတယ် တွေ့ကြုံခံစားလေ့ရှိတယ်။

ဒီနေရာမှာ အိမ်မက်ဆိုတဲ့သဘာဝတရားကို
အဘိဓမ္မာသဘောအရကြည့်မယ်ဆိုရင်
နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်မောကျနေတဲ့အချိန်မှာ
အိမ်မက်မက်တာလားလို့ဆိုတော့
မဟုတ်ဘူးတဲ့။နှစ်နှစ်ခြိုက်ခြိုက်ကြီး
အိပ်ပျော်နေလို့ရှိရင် ဘဝင်စိတ်လို့-ခေါ်တဲ့
ငြိမ်သက်တဲ့စိတ်သာ ဖြစ်နေတယ်။ပဋိသန္ဓေစိတ်လို
အတိတ်က အာရုံတစ်ခုနဲ့ငြိမ်သက်စွာဖြစ်ပေါ်နေတဲ့
ဘဝင်စိတ်တွေ အဆက်မပြတ်ဖြစ်နေတဲ့အခါမှာ လူတွေဟာ
အိမ်မက်မမက်ဘဲနဲ့ အိပ်မောကျနေတယ်ပေါ့။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်ပေါ့။
အိမ်မက်မမက်ဘူးပေါ့။

အိမ်မက်မက်တယ်ဆိုတာ "ကပိမိဒ္ဓ ပရေတ"- တဲ့
စာပေကျမ်းဂန်မှာ "ကပိမိဒ္ဓ -မျောက်မြီးငိုက်"
လို့ ဘာသာပြန်လေ့ရှိတယ်။ကပိ-ဆိုတာ မျောက်၊
မိဒ္ဓ-ဆိုတာ ငိုက်တာ။မျောက်ဆိုတာ သစ်ပင်ပေါ်နေတဲ့
သတ္တဝါ မြေကြီးပေါ်နေရတာလို
လွတ်လွတ်လပ်လပ်ကြီး မဟုတ်ဘူး။သစ်ပင်ပေါ်က
ခြေချော် လက်ချော် အချိန်မရွေးကျနိုင်တယ်။
ဒါကြောင့်မို့လို့ မျောက်များဟာ အိပ်လိုက်ပြီဆို
ဖျက်ခနဲ အိပ်ပျော်သွားလိုက် ဖျတ်ခနဲနိုးလိုက်
ဒါကို မျောက်မြီးငိုက်လို့ ခေါ်တယ်။
နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်သွားတာမျိုး မရှိဘူးတဲ့။

အဲ့ဒီလို မျောက်မြီးငိုက်သလို လူဟာ အိပ်ပျော်တစ်ဝက် နိုးတစ်ဝက်ဆိုတဲ့
အချိန်မျိုးမှာ ဘဝင်စိတ်ဖြစ်လိုက် ဝီထိစိတ်ဖြစ်လိုက် ဘဝင်စိတ်ဖြစ်လိုက်
ဝီထိစိတ်ဖြစ်လိုက် ဖြစ်နေတယ်။ဘဝင်စိတ်ဆိုတဲ့ Passive mind လို့ခေါ်တဲ့
ဘာမှ လှုပ်ရှားမှု မရှိတဲ့စိတ် ဖြစ်ပေါ်လာတဲ့အခါ မိန်းမောအိပ်ပျော်သွားပြီး
ဝီထိစိတ်ဖြစ်တဲ့အခါမှာ စိတ်လှုပ်ရှားမှုလေးတွေ ပြန်ပေါ်လာတယ်။

သို့သော် ဘဝင်စိတ်နဲ့ ဝီထိစိတ်ဟာ
အလျင်အမြန်ပြောင်းလဲဖြစ်နေသည့်အတွက်
အိမ်မက်မက်တာ ဖြစ်တယ်။နိုးနေသလို
ပီပီပြင်ပြင် action တွေ မရှိဘူး။သို့သော်
စိတ်ခံစားမှု ရှိနေတယ်။အိမ်မက်ဆိုတာ
လူတိုင်းမက်ဖူးကြတာ ဖြစ်သောကြောင့်
အိမ်မက်အတွေ့အကြုံတွေကတော့
ရှိနေကြတာပဲပေါ့။နိုးတစ်ဝက် အိပ်ပျော်တစ်ဝက်
မျောက်မြီးငိုက်တဲ့အချိန်မျိုးမှာ အိမ်မက်
မက်လေ့ ရှိတယ် ဒီလိုဆိုတယ်။

ဒီတော့ အိမ်မက်မက်တာဟာ လူတိုင်း အိမ်မက်မက်သလားဆိုတော့
ပုထုဇဉ်ပုဂ္ဂိုလ်တွေ အိမ်မက်မက်လေ့ရှိတယ်။တစ်ခါ သောတာပန်၊
သကဒါဂါမ် အနာဂါမ်အဖြစ်ရောက်တဲ့အခါမှာလည်း အိမ်မက်မက်တယ်
ဒီလိုဆိုတယ်။ရဟန္တာ ဖြစ်သွားပြီဆိုရင်တော့ ဝိပ္ပလ္လာသ-လို့ဆိုတဲ့
အမှတ်မှားတွေ အသိမှားတွေ မရှိတော့ဘူး။စိတ်အစဉ်က ကြည်လင်နေတာ
ဖြစ်သောကြောင့် ရဟန္တာပုဂ္ဂိုလ်များ အိမ်မက်မက်လေ့ မရှိဘူးတဲ့။
အိမ်မက်မက်တာဟာ ပုထုဇဉ်နဲ့သေက္ခလို့ ပြောတယ်။

လောကကြီးမှာ လူတွေဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အခါ ရှိသလို
နှစ်နှစ်ခြိုက်ခြိုက်မဟုတ်ပဲနဲ့  နိုးလိုက်
အိပ်ပျော်လိုက် ဖျက်ခနဲအိပ်ပျော်လိုက်
ဖျက်ကနဲနိုးလာလိုက်။နိုးတာတောင်မှ
သိသိသာသာကြီးနိုးတာ မဟုတ်ဘဲနဲ့
ဘဝင်စိတ်ဖြစ်လိုက် ဝီထိစိတ်ဖြစ်လိုက်ဆိုတော့
သေသေချာချာနိုးတာ မဟုတ်သည့်
အတွက်ကြောင့် လူအနေနဲ့ကတော့ ဘာမှသိပ်ပြီး
မသိလိုက်ဘူး။အိမ်နက်ထဲမှာ တွေ့ကြုံနေရတဲ့အာရုံနဲ့ပဲ
လှုပ်ရှားနေတယ်။အဲ့ဒီလိုအိမ်မက်ဆိုတာ လူတိုင်းလူတိုင်း ခံစားကြရတာ။

အဲ့ဒီလို ခံစားတဲ့အခါမှာ အိမ်မက်ဆိုတာ ကုသိုလ်လား အကုသိုလ်လား
ကုသိုလ် အကုသိုလ်မှ တစ်ပါးလားလို့ မေးခွန်းထုတ်စရာရှိတယ်ပေါ့။
အိမ်မက်မက်တဲ့အခါ ရံဖန်ရံခါ အိမ်မက်ထဲမှာ ဒေါသတွေ ထွက်နေတာတို့
တစ်ဦးနဲ့တစ်ဦး ရိုက်နှက်သတ်ဖြတ်တာတို့ ဒီလို အိမ်မက်ထဲမှာ
ဒုစရိုက်မှုတစ်ခုကို ကျူးလွန်ပြီး လောဘ ဒေါသတွေ လွှမ်းမိုးဖြစ်ပေါ်နေတယ်။
တစ်ခါတစ်ရံ လူဟာ အိမ်မက်မက်ရင်းက
ပေါက်ထွက်လာပြီးတော့ အသံတွေဘာတွေ
ထွက်လာသည်အထိအောင် ဖြစ်တတ်တယ်ပေါ့နော်။

စိတ်ခံစားမှုတွေ ပြင်းထန်လာတဲ့အခါ
အိမ်မက်တွေဟာ သာမန်စိတ်တွင်
ဖြစ်ရုံမျှမက အသံထွက်လာသည်အထိ
ဖြစ်လာတတ်တာမျိုးလည်း ရှိတတ်တယ်ပေါ့။
အကုသိုလ်စိတ်နဲ့ အိမ်မက်ထဲမှာ သတ်တယ်ဖြတ်တယ် ဒုစရိုက်မှုတွေ
လုပ်တယ်ဆိုတာတို့ ကြောက်လို့ ပြေးရတာတို့၊
တစ်စုံတစ်ယောက် ရန်သူတွေက
ဝိုင်းလိုက်လို့ ပြေးရတာတို့ အဲ့ဒီလို ဟာမျိုးတွေ မကောင်းတဲ့စိတ်ခံစားမှုတွေနဲ့
မက်တဲ့ အိမ်မက်ဟာ အကုသိုလ်ပဲတဲ့။

အဲ့ဒီလို မဟုတ်ပဲ ကြည်လင်အေးမြစွာ
တောတောင်ရေမြေ ကြည်ညိုဖွယ်ကောင်းတဲ့
စေတီပုထိုးတွေ လှည့်လည်ပြီးရှိခိုးရတယ်။
စာသင်နေတာတို့ တရားနာနေတာတို့
တရားအားထုတ်နေတာတို့ ဒါနပြုနေတာတို့
စသည်ဖြင့် ဒီလိုကောင်းတဲ့
အနေအထားမျိုးတွေနဲ့လည်း အိမ်မက်မက်တတ်တယ်။
အဲ့ဒါကျတော့ ကုသိုလ်ဖြစ်တယ်။
ဆိုလိုတာက ကုသိုလ်စိတ်နဲ့ အိမ်မက်မက်ရင် ကုသိုလ်စိတ်၊
အကုသိုလ်စိတ်တွေနဲ့ အိမ်မက်မက်လို့ရှိရင် အကုသိုလ်စိတ်ဖြစ်တယ်။

ဒါဖြင့် အဲ့ဒီ ကုသိုလ် အကုသိုလ်တွေကရော
အကျိုးပေးသလားမေးရင် ဘဝတစ်ခုကိုဖြစ်စေတတ်တဲ့
ပဋိသန္ဓေကျိုးကိုတော့ မပေးနိုင်ဘူး။
ဆိုလိုတာက Rebirth လို့ဆိုတဲ့ ဘဝတစ်ခုမှာ မွေးဖွားမှုကို
ဖြစ်စေနိုင်လောက်တဲ့ ကံမျိုးစေ့မျိုးတော့ မဟုတ်ဘူး။အဲ့ဒီ အိမ်မက်ထဲက
စေတနာနဲ့ ဘဝတစ်ခုမှာ သတ္တဝါအနေနဲ့
ဖြစ်လောက်အောင် အဲ့ဒီစေတနာက
မျိုးစေ့မအောင်ဘူးတဲ့။

သို့သော်လည်း ဘဝလို့ ဖြစ်လာပြီးတဲ့အခါ ပဝတ္တိ-လို့ခေါ်တဲ့
ဘဝတစ်ခု ဖြစ်စဉ်အတွင်းမှာတော့ အိမ်မက်ထဲက ကုသိုလ် အကုသိုလ်တွေဟာ
အကျိုးသက်ရောက်မှုလေးတွေ ရှိတတ်တယ်လို့ ဒီလိုဆိုတယ်ပေါ့နော်။
အဲ့ဒီ အိမ်မက်မက်တဲ့အခါ ကောင်းတာတွေမက်မယ်ဆိုရင် ကောင်းကျိုးချမ်းသာ
အကျိုးသက်ရောက်မှုကို ဖြစ်စေတယ်။အိမ်မက်က အကျိုးပေးသေးတယ်။
မကောင်းတာတွေချည်း အိမ်မက်မက်နေရင် မကောင်းကျိုးတွေကလည်း
သက်ရောက်မှု ဖြစ်စေနိုင်တယ်လို့ စာပေကျမ်းဂန်မှာ ဒီလိုဆိုထားတယ်။
ဒါ မှတ်သားစရာပေါ့။

ဒီတော့ အိမ်မက်ဟာ ဘာ့ကြောင့်မက်တာလဲ ?
အိမ်မက်မက်တာဟာ အကြောင်းမဲ့
မက်တာလားဆိုတော့ လောကမှာ အကြောင်းမရှိပဲ
ဘာတစ်ခုမှ မဖြစ်ဘူး။
အိမ်မက်မက်တာလည်းပဲ အကြောင်းရှိတယ်။
အိမ်မက်မက်ခြင်းရဲ့ အကြောင်း(၄)လေးမျိုးလို့
ပါဠိစာယပေကျမ်းဂန်မှာတော့ ဆိုထားတယ်။

၁။ကျန်းမာရေးအခြေအနေကြောင့်မက်တာ။
လူရဲ့ ကျန်းမာရေး အခြေအနေနဲ့
ပတ်သက်ပြီး မက်တယ်။အဲ့ဒါကို
ပါဠိစကားလုံးနဲ့ပြောရင် ဓာတုက္ခောဘ-လို့ ခေါ်တယ်။
ဓာတု-ဆိုတာ ဓာတ်ကြီးလေးပါး အဲ့ဒီ ဓာတ်ကြီးလေးပါးဟာ မညီမမျှဖြစ်ပြီး
မငြိမ်မသက်ဖြစ်နေတဲ့ အချိန်အခါမျိုးမှာ အိမ်ပျော်နေရင်း ခံစားမှုတွေ
ပေါ်လာတတ်တယ်။ကျန်းမာရေးအခြေအနေအရ ဥပမာမယ်-
ပထဝီဓာတ်တွေများပြီးတော့ ခန္ဓာကိုယ်က တောင့်တင်းနေတာမျိုးရှိတယ်။
အာပေါဓာတ်တွေများပြီးတော့- ခန္ဓာကိုယ်က အေးစိမ့်ပြီး အရည်ဓာတ်တွေ
များလာတဲ့သဘော ရှိတယ်။တေဇောဓာတ်တွေ-များလာလို့ ခန္ဓာကိုယ်က
ပူလောင်နေတဲ့အနေအထားမျိုးတွေ ရှိတယ်။ဝါယောဓာတ်တွေ-များပြီး
ခန္ဓာကိုယ်က လေလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာတတ်တယ်။

အဲ့ဒီလို ဖြစ်ပေါ်လာတဲ့အခါမှာ
ဓာတ်အခြေအနေလွန်ကဲမှုကို အကြောင်းပြုပြီး
အိမ်မက်တွေဟာ အမျိုးမျိုးမက်တတ်တယ်ပေါ့။

ဝါယောဓာတ်တွေ-လွန်ကဲပြီဆိုရင် လူဟာ
ကောင်းကင်ပြန်တက်သွားရသလို
အိမ်မက်မျိုးတွေ မက်တတ်တယ်ပေါ့။အာပေါဓာတ်တွေ လွန်ကဲလာပြီဆိုရင်-
ရေထဲမှာ ရေကူးနေရတဲ့အိမ်မက်မျိုးတွေ မက်တတ်တယ်ပေါ့။
တစ်ခါတစ်ရံ မြစ်ထဲရေကူးနေရတယ်လို့ အိမ်မက်မက်တဲ့အခါကျတော့
ကိုယ်က စောင်ကနေကွာပြီးတော့ အေးနေတဲ့အချိန်မျိုးဖြစ်တတ်တယ်ပေါ့။
အဲ့ဒါမျိုးတွေကျ ကိုယ်ကိုယ်တိုင် ရေထဲရောက်နေတဲ့ အိမ်မက်မျိုးတွေ
မက်တတ်တယ်ပေါ့။

ပထဝီဓာတ်တွေ လွန်ကဲပြီ-ဆိုရင် မလှုပ်နိုင် မယှက်နိုင်ဖြစ်နေတာမျိုးတို့
ထလို့ မရတာမျိုးတွေ မက်တတ်တယ်ပေါ့။အဲ့ဒီလို ဓာတ်လေးပါး
ချောက်ချားပြီး ကျန်းမာရေးအခြေအနေတစ်ခုကြောင့်
မက်တဲ့ အိမ်မက်မျိုးတွေလည်း ရှိတယ်ပေါ့။ဒါကြောင့် ဓာတ်လေးပါး
မညီမမျှဖြစ်လို့ ရှိရင် အိမ်မက်မက်တယ်ပေါ့။ဒါ့ကြောင့် ကျန်းမာရေး
ရှု့ထောင့်ကပြောတဲ့အခါ အိမ်မက် ခနခနမက်တတ်တဲ့ပုဂ္ဂိလ်ဟာ
ကျန်းမာရေးချို့တဲ့တယ်လို့ ဒီလိုဆိုထားတယ်ပေါ့။

၂။ဒုတိယကတော့ အနူဘူတပုဗ္ဗ-တဲ့ တွေ့ကြုံခံစားဖူးတဲ့
နေ့စဉ်ဖြစ်စေ လွန်ခဲ့တဲ့လတွေက လွန်ခဲ့တဲ့နှစ်တွေကဖြစ်စေ အတွေ့အကြုံတွေ
စိတ်ထဲမှာ စွဲလာတဲ့ ခံစားချက်တွေ ရှိတယ်။အဲ့ဒါတွေကို စွဲပြီးတော့
ညကျလို့ရှိရင် အိမ်မက်မက်တယ်။တွေ့ကြုံခံစားမှုတွေကို စွဲပြီးတော့
မက်တဲ့ အိမ်မက်မျိုးတွေလည်း လောက လူတွေဟာ မက်လေ့ရှိတယ်။

၃။တတိယအကြောင်းကတော့  ဒေဝတာပသံဟာရ-လို့ ပါဠိလို ဆိုတယ်။
ဒေဝတာ+ ဥပသံဟာရ၊ ဒေဝတာ-ဆိုတာ နတ်၊
ဥပသံဟာရ-ဆိုတာ ဆောင်ပြတာ။
နတ်တွေ အိမ်မက်ပေးလို့ မက်တဲ့
အိမ်မက်မျိုးလည်းရှိတတ်တယ်။သူတို့တွေက
အိမ်မက်မက်အောင် ပြတာမျိုးတွေ ရှိလာတတ်တယ်ပေါ့။
အဲ့ဒီလို နတ်ပြတဲ့ အိမ်မက်မျိုးကိုလည်း လူတွေဟာ
မက်လေ့ရှိတယ်ပေါ့။

၎။လေးခုမြောက်အကြောင်းတရားကတော့
ပုဗ္ဗနိမိတ္တတဲ့။ပုဗ္ဗနိမိတ္တ- ပုဗ္ဗနိမိတ်ဆိုတာ
မဖြစ်ခင်က ကြိုတင်ပြီး ဖြစ်ပျက်မယ့်အရာတွေကို ဖော်ညွှန်းတဲ့အနေနဲ့
နိမိတ်ပြတဲ့အနေနဲ့ မက်လာတာမျိုးတွေ
ဖြစ်တတ်တယ်တဲ့။ပုဗ္ဗနိမိတ်-နောင်ဖြစ်လာမယ့်
အနေအထားတစ်ခုကို စွဲပြီးမက်တာ အဲ့ဒါကျတော့ လူတစ်ဦးတစ်ယောက်ရဲ့
ကုသိုလ်ကြောင့် သို့မဟုတ် အကုသိုလ်ကြောင့်မက်တာလည်း ဖြစ်နိုင်တယ်။
လောကသားတွေနဲ့ဆက်စပ်နေတဲ့ ကုသိုလ်အကုသိုလ်ကြောင့်လည်း
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှာ လာရောက်ပြီး
အကြောင်းထင်လာပြီးတော့ မက်တာမျိုးလည်း ရှိတယ်။

မယ်တော်မာယာဒေဝီ ဘုရားအလောင်းလေး သန္ဓေခတော့
မယ်ဆိုတော့ အိမ်မက်မက်ခဲ့တာပဲ။ဒီအိမ်မက်မက်တာလည်း
ပုဗ္ဗနိမိတ်အနေနဲ့ မက်တာပဲ။ဘုရားအလောင်းဟာ ဘုရားဖြစ်ခါနီး
ကဆုန်လပြည့်အဖိတ်နေ့ည တရားဓမ္မကျင့်ကြံကြိုးကုတ် အားထုတ်နေရင်း
နံနက်မိုးသောက်အချိန် မှေးခနဲ့ အိမ်ပျော်သွားတဲ့အချိန် အိမ်မက်တွေ မက်ဖူးတယ်။
အိမ်မက်ကြီးငါးမျိုး-လို့ ခေါ်တယ်လေ။ဒါလည်း ပုဗ္ဗနိမိတ်ပဲ။
ဒီတော့ လောကမှာ အိမ်မက်မက်တဲ့ဟာတွေက
ပုဗ္ဗနိမိတ်လို့ဆိုတဲ့ ထူးခြားတဲ့အာရုံနိမိတ်အနေနဲ့
မက်တဲ့ဟာမျိုးတွေကျတော့ မှန်ကုန်တယ်လို့ ဒီလိုပြောလို့ရတယ်ပေါ့။

ဒီတော့ မှန် မမှန် ဘာနဲ့စစ်ဆေးကြည့်မယ်ဆိုရင်
ဓာတုက္ခောဘ-ဓာတွေ ခြောက်ခြားလို့
မက်တယ်ဆိုတာ အမှန်ဘူး။တစ်ခါ စွဲပြီးမက်တဲ့
အိမ်မက်ဟာလည်း မှန်ကန်မှုမရှိဘူးတဲ့။
နတ်တွေက ဖန်ဆင်းပြတဲ့ အိမ်မက်တွေကျတော့
မှန်တာလည်းရှိတယ် အမှန်တာလည်းရှိတယ်။
ဘာကြောင့်လဲဆိုတော့ တစ်ချို့နတ်တွေက အကျိုးလိုလားလို့
အမှန်အကန်ဖော်ပြပြီး အိမ်မက်ပေးတာကျ
တော့ မှန်တယ်တဲ့။တချို့နတ်တွေကျတော့
ချောက်တွန်းပြီး မမှန်မကန်တွေ သွေးဆောင်မှုတွေ
ပြတာမျိုးလည်း ရှိတတ်တယ် အဲ့ဒါကျတော့
မမှန်ဘူးလို့ ဒီလိုဆိုတယ်။ပုဗ္ဗနိမိတ်အနေနဲ့
မက်တဲ့အိမ်မက်ကျတော့ မှန်ကန်တယ်။

နောက်တစ်ခုက အိမ်မက်ကို အချိန်ကာလနဲ့ပြောရမယ်ဆိုရင်
အိပ်ရာစောစောဝင်တဲ့အချိန်
ပထမယံမှာ အိပ်ပျော်သွားလို့ အိမ်မက်မက်တယ်။
မဇ္ဈိမယံဆိုတဲ့ သန်းခေါင်ယံအချိန်မှာ အိမ်မက်မက်တယ်။
ပစ္ဆိမယံဆိုတဲ့- မိုးသောက်ယံမှာ အိမ်မက်မက်တယ်။
နေ့ခင်းအိပ်လို့ အိမ်မက်မက်တယ်။
အဲ့ဒီလို အိမ်မက်မက်တဲ့အချိန်တွေနဲ့
တွက်ပြီးပြောမယ်ဆိုရင်လည်း ညဦးယံမှာမက်တဲ့
အိမ်မက်က အမှန်ဘူးတဲ့ ညသန်းခေါင်ယံမှာ
မက်တဲ့အိမ်မက်ကလည်း အမှန်အကန်
မဟုတ်ဘူးတဲ့။မှန်ကန်တဲ့ အိမ်မက်တစ်ခုဟာ နံနက်မိုးသောက်
အလင်းရောက်ခါနီးလေး လင်းအားကြီး
အချိန်လေးမှာ မက်တဲ့အိမ်မက်မျိုးကတော့ မှန်တယ်လို့
စာပေကျမ်းဂန်မှာ ဆိုထားတယ်။

ဒီတော့ မယ်တော်မာယာ အိမ်မက်မက်တာရော
ဘုရားအလောင်း အိမ်မက်မက်တာရော နံနက်မိုးသောက်ချိန်မှာ မက်တယ်။
အဲ့ဒီမိုးသောက်ချိန်မှာမက်တဲ့ အိမ်မက်ဟာ
ဘာဖြစ်လို့ မှန်သလဲဆိုတော့ လူဟာ ညကအစာစားတာတွေ
ညဦးယံမှာဆို မကျေတတ်သေးဘူး။ညသန်းခေါင်မှာလည်း
အဆီသြဇာတွေ ခန္ဓာကိုယ်မပျံနှံ့သေးဘူး။
သန်းခေါင်ကျော်သွားပြီး မနက်မိုးသောက်
အလင်းရောက်ပြီဆိုလို့ရှိရင် စားထားတဲ့အစာအဟာရတွေဟာ
အဆီသြဇာအဖြစ် ရောက်ပြီး ခန္ဓာကိုယ်ကို
အကျိုးပြုပြီးနေတဲ့အချိန်ဖြစ်လို့တဲ့ အဲ့ဒီအချိန်မှာတော့
အိမ်မက်ဟာ မှန်ကန်တတ်တယ်ပေါ့။
မှန်ကန်တယ်ဆိုတာလည်း ခုနက ပုဗ္ဗနိမိတ်အနေနဲ့
မက်တာက မှန်တယ်ပေါ့။အဲ့ဒီလို အိမ်မက်နဲ့ပတ်သက်ပြီး
စာပေကျမ်းဂန်မှာ ဆိုထားတယ်။

ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီး
ဟောကြားအပ်သော ကောသလအိမ်မက်နှင့်
ယနေ့ကမ္ဘာတရားတော်မှ
ကောက်နှုတ်ချက

Credit

Photo credit to may soe


Post a Comment