သင်သည် ကျွန်ုပ်တို့နှင့် မသက်ဆိုင်တော့ကြောင်း

`သင်သည် ကျွန်ုပ်တို့နှင့် မသက်ဆိုင်တော့ကြောင်း´
================================
( စ/ဆုံး ဝတ္ထုတို )
ရေး...ပီပီ

(၁)
  " ဘတိုးရေ..အခုတလော သူခိုးထနေတယ်ကြားတယ်
ညဘက် နည်းနည်း ပိုဂရုစိုက်ပေးဦးဟေ့.. "

" စိတ်ချ ဆရာရေ၊ လာတဲ့သူခိုးတော့
ဘတိုး လေးဂွစာမိသွားမယ်..မှတ် .."

  ဂိုဒေါင်တာဝန်ခံဦးတင်မြင့်က အသေချာမှာနေသည်ကို
ဘတိုး ခေါင်းငြိတ်ပြလိုက်သည်။ သူ ဂိုဒေါင်စောင့် လုပ်လာ
တာ နှစ်သက်ရှည်နေပြီ။ ဘာတစ်ခုမျှ အလေ့အလွင့် အ
ပျောက်အဆုံးမရှိခဲ့ဘူး။တာဝန်ချိန်ကို အင်မတန်လေးစား
၍ အလုပ်ထဲတွင် ပျော်ရွှင်စွာနေတတ်သူမို့
ဤဆိုဒ်တစ်ခုလုံးက ဘတိုးကို ချစ်ခင်ကြသည်။

       ခရိုင်းချင်းဆက်လမ်းဖောက်လုပ်နေသည့် လမ်း
တံတားဆောက်လုပ်ရေး ယာယီဝင်းကြီးအတွင်းတွင်
ယာဉ်ယန္တရားကြီးများ၊ ကတ္တရာစေးပုံးများ၊ ထင်းပုံ
ကြီးများ  နှင့် ဂိုဒေါင်ကြီးနှစ်လုံးကို ဘတိုးနှင့် လမ်းလုပ်
သားနှစ်ဦး ညစောင့် တာဝန်ယူရခြင်းဖြစ်၏။

       ဂိုဒေါင်နှင့် ဝင်းအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို
လုံခြုံရေးယူရသည့် ဘတိုးတွင် လောက်စာလုံးအပြည့်နဲ့
လေးဂွတစ်ချောင်းသာ ပါရှိသည်။ အမြဲတမ်း လုံခြုံရေးဝန်
ထမ်းက ဘတိုးတစ်ယောက်သာ။ ကျန်တဲ့သူများကတော့
လမ်းလုပ်သားများထဲက အလှည့်ကျတွဲပေးထားခြင်းဖြစ်၏

      ဘတိုးက မုံရွာနယ်ဘက်က ကျေးလက်တောရွာတစ်ခု
မှ တက်ကာနေ့စားဝန်ထမ်းအဖြစ် အလုပ်လုပ်နေခြင်းဖြစ်
သည်။ နေ့ခင်းဘက်တွင်တော့ သူ့ဇနီးမုန့်မျိုးစုံနှင့်ကွမ်းယာ
ရောင်း၍ စားဝတ်နေရေးချောင်လည်သည်ဟုဆိုရမည်။

      ဤဆောက်လုပ်ရေးယန္တရားဝင်းအတွင်း ဘတိုး၏
ဇနီးရောင်းသော ကွမ်းယာဆိုင်တစ်ဆိုင်သာရှိ၍ ရောင်း
ကောင်းသည်။ လမ်းလုပ်သားများနှင့်မြေတိုင်းစာရေးများ
အငယ်တန်းအင်္ဂျင်နီယာများ နေထိုင်သည့် တဲတန်းကြီး
အစွန်တွင် ဘတိုးတို့၏ တဖက်ရပ်တဲလေးမှာ ကွမ်းစား
တတ်သူများနှင့် စည်ကားနေလေ့ရှိသည်။

     ရွာမှာ ဆိတ်ကျောင်း နွားကျောင်းလုပ်ခဲ့သူမို့ ဘတိုးက
လေးဂွပစ်ရာတွင် လက်ဖြောင့်သည်။ ပစ်မှတ်ကို မလွဲ
အောင် ပစ်ခတ်နိုင်စွမ်းရှိသည်။ ၎င်းတို့ လမ်းဖောက်လုပ်
သော နေရာနှင့်မလှမ်းမကမ်းတွင် သစ်တောတစ်ခုရှိ၍
ညဥ့်အချိန်တွင် ယုန်ငယ်လေးများထွက်လာတတ်သည်။
ဘတိုး၏ လေးဂွအစွမ်းဖြင့်ဂိုဒေါင်တာဝန်ခံဦးတင်မြင့်
တို့ ယုန်သားဟင်းကောင်းစွာစားရဖူးသည်။

    သူတို့၏ ယာယီရုံးဝင်းနှင့် မနီးမဝေးတွင် ရွာငယ်လေး
တွေရှိသည်။ ထိုရွာများမှ အရက်သမား သူခိုးဂျလေဘီ
အချို့က ဤရုံးဝင်းအတွင်းမှ ဘိလပ်မြေ၊ ထင်းနှင့် စက်
ပစ္စည်းအတိုအစများခိုးယူတတ်သည်။ အချို့ စက်​ပစ္စည်း
များမှာ ခိုးယူသူတို့အတွက် သံထည်အကျိုးအပျက်ဈေး
နှင့်ရောင်းစားလို့ရပေမယ့်....ယန္တရားများ၏အဓိကအစိတ်
အပိုင်း ဝယ်ယူရခက်သည့်စက်ပစ္စည်းများ ဖြစ်၏။

     ပစ္စည်းများပျောက်ရှပါက လုပ်ငန်းနှောင့်နှေးစေနိုင်၍
ဘတိုးတို့လို ညစောင့်ဝန်ထမ်းများအဖို့ တာဝန်ကြီးလေး၏
ထို့ကြောင့် ဂိုဒေါင်တာဝန်ခံဦးတင်မြင့်က ညဘက်ကို သတိ
ဝီရိယရှိစွာ စောင့်ဖို့ ဘတိုးအား သတိပေးခြင်းပင်။

           °°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(၂)
   ဂစ်..ဂစ်..ဂီး

       ခင်းလက်စ ကတ္တလမ်းပေါ် ဖိတ်စင်ကျနေတဲ့ ကောင်း
ကင်က ကြယ်လေးများ၏အလင်းရောင်နှင့်အတူ...
ညဥ့်ငှက်ငယ်လေးများ အော်ဟစ်ပျံသန်းသွားသည်။

    ဘတိုး ငိုက်မြည်းနေရာမှ ဆတ်ကနဲ့ လန့်နိုးလာသည်။
အလှည့်ကျကင်းသမားနှစ်ယောက်ကို လှမ်းကြည့်လိုက်
တော့ သကောင့်သားနှစ်ယောက်က ခူး ခလောနှင့် အိပ်
ပျော်နေလေပြီ။ သူတို့ဘေးတွင် သောက်၍ကုန်သော
ပုလင်းအချို့ လဲလျက်ရှိ၏။

ဝါးးး.. အားဟား ....

     ဘတိုး အပျင်းကြောဆန့်လိုက်၏။ပြီးတော့ အပေါ့သွား
ရန် ထလိုက်သည်။ထိုအချိန် ကျောက်တြိတ်စက်ကား၊
မြေညှိကားများဆီမှခြိုးခြိုးချွတ်ချွတ်အသံတစ်သံကြား
လိုက်ရသည်။ပြီးတော့ ပုံးခွံပြုတ်ကျသံလိုလို..

  ဒေါင်..ဂလောင်..

      ဟင် !  ကားအနီးမှာ အရိပ်၃/၄ခု စုရုံး စုရုံးလုပ်နေသည်
ကိုတွေ့လိုက်ရ၏။ ဘတိုး လောက်စာအိပ်ကိုလွယ်ရင်း
လေးဂွထဲကို လောက်စာလုံးထည့်၍ အသင့်ပြင်လိုက်သည်
သူခိုးတွေများလား..ယန္တရားတွေထဲက ဆီခိုးထုတ်နေကြ
ခြင်းဖြစ်မည်ထင်သည်။

     ဘတိုး အမှောင်ထဲမှ ထိုလူရိပ်များဆီသို့ လေးဂွဖြင့်
အသေအချာ ချိန်ရွယ်ရင်း...

" ဟေး...ကားကြီးနားက ဘယ်သူတွေလဲ "

      ဘတိုး လှမ်းမေးတာကို မည်သည့်အဖြေစကားမျှ
ပြန်မကြားရပဲ ထိုလူစုသည်ပုံးတွေ ပိုက်တွေယူ၍ ပြေးကြလေသည်။ ဘတိုး သူ၏လက်စွဲတော် လေးဂွမှ လောက်စာလုံးတွေ ၃/၄လုံးခန့် လွှတ်လိုက်သည်။

   ဖြောင်း..ဖြောင်း..ခွမ်း

   ဘွတ်...အား..သေပါပြီဗျ

    လောက်စာလုံးအချို့က ကာကြီး၏သံဘော်ဒီကို မှန်ပြီး
တစ်လုံးက လူတစ်ယောက်ကိုထိမှန်သွားပုံရသည်။ ပြေးသွားသည့် လူစုမှာ လေးယောက်ထက်မနည်းမို့ ဘတိုး လူစွမ်းကောင်းလုပ်ပြီး မလိုက်တော့ပါ။

     အိပ်ပျော်နေသည့် ကင်းသမားနှစ်ယောက်ကို နိုး၍
ကားကြီးများမှ ဘာပစ္စည်းပါသွားလဲပဲ လက်နှိပ်ဓာတ်မီး
များထိုး၍ စစ်ဆေးလိုက်သည်။

  ဘတိုး တွေးထင်ထားသည့်အတိုင်းပဲ ကားကြီးမှ ဆီပိုက်
ပြတ်၍ ဆီများ အောက်သို့ဒလဟောထွက်ကျနေသည်။
သူခိုးများက အလွယ်တကူ ဆီပိုက်ကိုဖြတ်၍ ခိုးယူနေကြ
ခြင်းဖြစ်သည်။ ဘတိုး ပြတ်တောက်နေသည့် ဆီပိုက်ကို
ပိတ်လိုက်ပြီး တာဝန်ခံဦးတင်မြင့် နေသည့်အဆောင်သို့
သွား၍ သတင်းပို့လိုက်သည်။

      ဦးတင်မြင့်နှင့်အဖွဲ့ ကားကြီးများထားရာနေရာသို့
ရောက်လာပြီး ပျောက်ဆုံးပျက်စီးနေသည့် အခြေနေကို
စစ်ဆေးသည့်အခါ  သူခိုးများဖြုတ်ယူထားသည့်
တန်ဖိုးကြီး စက်​ပစ္စည်းများကို တစ်နေရာတွင် စုပုံထား
သည်ကိုတွေ့ရ၏။

      သူခိုးများက လုံခြုံရေးများနိုးလာသည်ထင်၍ ခိုးယူ
ရန်ဖြုတ်ထားသည့် ကားပစ္စည်းများကို ယူမနေတော့ပဲ
ထွက်ပြေးကြဟန်ရှိသည်။  ဆီပိုက်တချောင်း ပြတ်တောက်
ပျက်ဆီးခြင်းမှအပ မည်သည့်အရာမှ ပျောက်ဆုံးခြင်းမရှိ
ပေ။ တာဝန်ခံဦးတင်မြင့် ဘတိုးအား ချီးကျူးစကား
ပြော၍ ပြန်သွားလေသည်။

     ဘတိုးကို ဦးတင်မြင့် စိတ်ချယုံကြည်ပြီး ချစ်ခင်ရသည်
မှာ ထိုသို့သော အကြောင်းများကြောင့်ဖြစ်လေ၏။
ဘတိုးက အရက်မသောက်တတ်။သူ့တာဝန်အပေါ်လေး
စားပြီး ဝတ္တရားကျေပွန်သူဖြစ်သည်။

    သို့သော်..ဘတိုး၏ တာဝန်ကျေပွန်မှု မှာ..
သူ့ အတွက်..အန္တရာယ် ဖိတ်ခေါ်လိုက်ပြီဆိုတာ
ဘတိုးရော..၎င်း၏ဆရာ တာဝန်ခံဦးတင်မြင့်ရော
နှောင်းမှသာသိလိုက်ရသည်။

                °°°°°°°°°°°°°°°°°°°°°°°°°°°°°
(၃)
( နောက်၃လခန့်အကြာ )

      ဒု ချပ်..♪ ဒု ဒု ချပ် ♪

     အချစ်ဟာ♪ ♪  ခါး..ခါး♬

ကိုကို..♪ ♪ ပြန်လျော်ပေး ♪ ♪

ဒု..ချပ်..ဒုန်း..ဒုန်း..ချမ်း♪ ♪

       ဘတိုး စိတ်လေသွားသည်။ သူတို့ ဆောက်လုပ်ရေး
ဆိုဒ်ရုံးဝင်းနှင့် မနီးမဝေးက ရွာတွင် ကထိန်အလှူလာခင်း
ခြင်းဖြစ်၏။

မြို့က...ကထိန်ဒါယိကာများက အငြိမ့်ပွဲထည့်သဖြင့်
ဆိုဒ်လုပ်သားနှစ်ယောက်နဲ့အတူ လာကြည့်ခြင်းဖြစ်သည်။

     ဘတိုးနားထောင်ချင်တာက ဗညားဟန်တို့ စိုးစန္ဒာထွန်း
တို့..ကြည့်ချင်တာက အငြိမ့်ခန်းတို့ ဘာတို့။ အခုတော့
အငြိမ့်က အော်ပရာကပြပြီးကတည်းက..
စတိတ်ရှိုးနဲ့တင် ညတစ်ချက်ထိုးနေပြီ။ အတူလာ
တဲ့ ချက်ကြီးနဲ့တင်ထွန်းတို့က အရက်သောက်ချင်သည်ဟု
ဆိုကာ ပွဲဈေးတန်းဘက်ထွက်သွားတာပေါ်မလာသေး။

     သူတို့သုံးယောက် ပွဲခင်းထဲစဝင်လာစဉ်က လူငယ်နှစ်
ယောက်က ကွက်ကြည့် ကွက်ကြည့် လုပ်နေတာကို
ဘတိုး သတိထားမိသည်။ ရွာနှင့်အနည်းငယ်စိမ်းနေ၍ ဖြစ်လိမ့်မည်ဟုတွေးပြီး ဖာသိဖာသာနေလိုက်သည်။

    အော်ပရာကပြပြီးကတည်းက စတိတ်ရှိုးနဲ့ပရိတ်သတ်ကို
ထိမ်းထားသည်မှာ ကြာလာပြီမို့   ဘတိုးပျင်းလာပြီဖြစ်၏။
ဘတိုး ပွဲခင်းထဲမှ ထွက်လာခဲ့သည်။ အိမ်မှာလည်း မိန်းမ
နှင့်ကလေး ထားခဲ့ရသည် က စိတ်မချ။

     ဒီနေ့ ညစောင့်ဂျူတီမှ အနားရသည်မို့ ဘတိုး ပွဲခင်း
ဘက်သို့ လွတ်လပ်စွာထွက်လာခဲ့ခြင်းပင်။သို့သော်..
မိန်းမက အနည်းငယ်နေမကောင်းသည့် ကလေးကို ချော့သိပ်ရင်းကျန်ခဲ့တာဆိုတော့ ဘတိုး..ပြန်ရန်ဆုံးဖြတ်
လိုက်သည်။

     ဘတိုး ပွဲဈေးတန်းက ဖြတ်ပြန်လာတော့ ချက်ကြီးနဲ့
တင်ထွန်းကို ရှာကြည့်သေးသည်။ သို့သော်
တကောင်တမြီးမှ ရှာမတွေ့။

     သိပ်မဝေးတဲ့ လမ်းခရီးမို့ ဘတိုးတစ်ယောက်ထဲ ပြန်
လာခဲ့လိုက်သည်။ခါးကြားထိုးလာသည့် အားသွင်းဓာတ်
မီးလေးကို ထုတ်၍ လမ်းကိုကြည့်ပြီး လျှောက်လာလိုက်
သည်။ အဆိပ်ရှိသတ္တဝါတို့သည် ညအချိန် အစာရှာ
ထွက်တတ်သည်မဟုတ်လား။

      ဘတိုး ကုက္ကိုပင်​စုစုအနီးမှ ကျော်ဖြတ်သွားသည့်နှင့်
အပင်နောက်မှ လူနှစ်ယောက်ထွက်လာကာ တစ်ယောက်
က ဘတိုး၏ အနောက် မှ သစ်သားတုတ်ဖြင့် ရိုက်ချလိုက်၏။

ဒုတ် !   အား !

       ဘတိုး ရှေ့သို့ငိုက်အကျတွင် ဓားကိုင်ထားသည့်လူမှ
ဘတိုးဝမ်းဗိုက်အား ဓားဖြင့်ပြေးထိုးသည်။ ဘတိုး ဘာမှ
မတတ်နိုင် ဓားဒဏ်ရာဖြင့် တခါတည်း လဲကျသွားသည်။
ထိုလူက အဘယ်မျှ အငြိုးထားလေသည်မသိ။လဲကျသွား
သည့် ဘတိုးကို ဓားဖြင့် ထပ်ခါထပ်ခါခုတ်လေသည်။

   ဘတိုးဟာ မသေခင် ဒဏ်ရာများရနေတဲ့အချိန် သွေးရူး
သွေးတမ်းနဲ့ သူ့ကိုခုတ်နေတဲ့ ဓားချက်တွေကို လက်ဖြင့်
ခံလိုက်သေးတယ်။ ဓားနဲ့လူက အငြိုးတကြီး ခုတ်နေတာ
ဆိုတော့..ကာကွယ်တဲ့လက်ချောင်းလေးတွေပြတ်ထွက်
ကုန်တယ်လေ။ ပြတ်သွားတဲ့လက်လေးတွေဟာ ဘတိုး
ဆီကနေ ခုန်ပေါက်ပြတ်ကျသွားတာပေါ့။

      သွေးအိုင်ထဲတွင် ဘတိုး အသက်သေသွားလေ၏။
မသေခင်..ဘတိုး သူ့အားဓားဖြင့်ခုတ်သူကို ကြည့်လိုက်
သေးသည်။ ဓားကိုင်ထားသူမှာ မျက်စိတဘက်မပါပဲ
မျက်တွင်း..ဟောက်ပက်ကြီးနှင့် ဖြစ်၏။ဖိနပ်က လယ်ယာ
သုံး ရာဘာဖြင့်ပြုလုပ်ထားတဲ့ လည်ရှည်ဖိနပ်။

     ဓားနဲ့ခုတ်သူက ဘတိုးကို အားရအောင်ခုတ်အပြီး..
သွေးအိုင်ထဲလဲနေသည့် ဘတိုးကို မိုးရေစီး လည်ရှည်
ဖိနပ်နှင့်ဖိထားရင်း....

" ဟားဟား..သေစမ်း သေစမ်း!
သခင်အားရ ကျွန်ပါးဝချင်တဲ့အကောင်..
ငါ့မျက်လုံးတဖက်အတွက်..မင်းအသက်သွေးကြွေး
ဝအောင်ဆပ်လိုက်စမ်း..ဟားဟား"

    တုတ်နဲ့ရိုက်သူက..ဓားကိုင်လူအား..
" ဟေ့ကောင်..ပွဲပြန်တွေ မလာခင် လစ်စို့၊
အေးဆေး..အိမ်မှာ ပိပိရိရိနေရအောင်..သွားစို့ "

       လူနှစ်ယောက်သည် ဘတိုးအား သတ်ပြီး အမှောင်ထဲ
တိုးဝင်ပျောက်ကွယ်သွားလေသည်။

ပွဲသိမ်းတော့ ချက်ကြီးနဲ့တင်ထွန်း ပြန်လာကြသည်။
အပြန်လမ်းမှာ အတူလာတဲ့ ဘတိုးကို ရုပ်ပျက်ဆင်းပျက်
ဓားဒဏ်ရာများ သေနေသည်ကိုတွေ့လိုက်၍ ပွဲခင်းပြန်
လူအချို့ကိုအော်ဟစ်အကူညီ တောင်းကြသည်။

      ထို့နောက် အနီးနားက ကျေးရွာရဲကင်းမှ ရဲတပ်ဖွဲ့ဝင်
များရောက်လာပြီး ဘတိုးအလောင်းကို သယ်သွားသည်။
ဘတိုးအလောင်းသယ်သွားတော့ လက်သန်းတစ်ချောင်း
ရှာမတွေ့ဘူးလို့ ပြောသံကြားတယ်။

ဓားဖြင့် အချက်ပေါင်းများစွာ အခုတ်ခံ၍ ရက်စက်စွာ အ
သတ်ခံရသူ ဘတိုး၏အမှု မှာ  ချက်ချင်းဆိုသလိုပင်
အနီးနားကရွာများသို့ သတင်းပြန့်သွားလေ၏။

             °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(၄)
   ဘတိုး အလောင်းကို သဂြိုင်္လဖို့ ပြန်ရတော့  အလောင်း
က အနံအတော်ထွက်နေပြီ ။ဘတိုးကို သတ်တဲ့ လူသတ်
တရားခံလည်း ဖမ်းမိသွားပြီ။ မြို့နယ်အင်္ဂျင်နီယာရုံးက
ဝန်ထမ်းဖြစ်တဲ့ ဘတိုးအတွက် အမိန့်ပြန်တမ်းစာကို
တာဝန်ခံဦးတင်မြင့် ထံပေးလိုက်ပြီး  အမိန့်ပြန်ပေးဖို့ပါ
တာဝန်ပေးလိုက်တယ်။

    အဲ့ဒီနေ့ ဘတိုးအလောင်း မြေချတော့ လမ်းလုပ်သား
တွေ၊ ဝန်ထမ်းတွေနဲ့ အနီးနားကရွာက လာလေ့လာသူ
တွေ ပြည့်ပြီး စည်ကားနေတယ်။

      အမှန်တော့ သင်္ချိုင်းမှာ အမိန့်ပြန်ရမှာကို လူတွေများ
နေကပူဆိုတော့ ဦးတင်မြင့်က အခေါင်းဖွင့်တဲ့အချိန်
ဘတိုးရဲ့ အခေါင်းထဲ ပြန်တမ်းစာကို ဝတ္တရားကြေ ထည့်
ပေးလိုက်တယ်။

     အော်ဟစ်ငိုယိုနေတဲ့ သူ့မိန်းမကလည်းတက်သွားတာ
မို့...တာဝန်ခံဦးတင်မြင့်ဟာ..ဟိုဘက်ပြေးရ ဒီဘက်ပြေးရနဲ့
ခေါင်းရှုပ်နေပြီးအလွယ်တကူလုပ်လိုက်တဲ့....သဘောပေါ့။

        ရဲတပ်ဖွဲ့က ဘတိုးသတ်တဲ့ တရားခံကို အလွယ်တကူ
ဖမ်းလိုက်နိုင်တယ်။  ဘာလို့လဲဆိုတော့..သတ်တဲ့ကောင်
က ဘတိုးသေပြီး နောက်ရက်မှာ ရွာထဲ သွေးရူးသွေးတန်း
ပြေးလွှားနေလို့ပဲ။   ပြောရမယ်ဆို သေသွားတဲ့ ဘတိုးကပဲ
လူသတ်မှုကို ဖေါ်ထုတ်ပေးလိုက်တယ်ပြောရမယ်ထင်ပါ
တယ်။

ဖြစ်ပုံကတော့..ဘတိုးသတ်ခဲ့သည် စိုးကြီးမှာ..

     လုပ်တုန်းကတော့ အငြိုးတကြီး လုပ်ခဲ့ပြီး အခု စိုးကြီး
တစ်ယောက် သူလုပ်ခဲ့သည်များကို တွေး၍ အိပ်မပျော်
တော့ပေ။ အိပ်မပျော်တော့ မိန်းမဖြစ်သူကို ချက်အရက်
တစ်လုံးဝယ်ခိုင်းပြီး ထိုင်သောက်လိုက်တာ အရက်သာ
တက်တက်စင်အောင် ကုန်သွားပေမယ့် လူကမမူးဘူးလေ။

      ဝုတ်..ဝုတ်..ဝုတ်ဝုတ်

      စိုးကြီး..တဲအပြင်က ခွေးဟောင်သံကြားလိုက်ရ၍
ခေါင်းထောင်သွားသည်။ ဘေးနား ချထားတဲ့ ကိုင်းခုတ်
ဓားကို ဆတ်ကနဲ့ကောက်ကိုင်လိုက်သည်။ ပြီးတော့
စိုးကြီး တဲအပြင်ကို ခေါင်းပြူကြည့်လိုက်သည်။

     တဲအပြင်မှာ ဘာမှမရှိချေ။ ခွေးက ဘာမြင်လို့ ဟောင်
နေမှန်းမသိ။စိုးကြီး အတွေးက သူနဲ့မိုက်ဖေါ်တေဖက်..

` ငသိုင်းဆိုတဲ့အကောင် ငါ့လိုပဲ အိပ်မရလို့.လာတာလား ´
  
ဟောင်နေတဲ့ခွေးက..တအိအိနဲ့..အသံတိမ်ကာအမှောင်ထဲ
တိုးဝင်သွားပြီး....ထွက်ပြေးသွားသည်။ တစုံတရာကို ကြောက်လန့်၍ ပြေးသွားခြင်းမျိုးဖြစ်သည်။အချိန်ကား
မနက်လေးနာရီတုန်းမောင်းခေါက်ပြီးကာစ ဖြစ်၏။

        အု..ဝူးးးးး ဝူးးးးး

     ပြေးသွားတဲ့ခွေးက အဖေါ်ကောင်း၍နဲ့တူသည်။
ကျက်သရေကင်းမဲ့စွာ..ဆွဲဆွဲငင်ငင်အူနေပြန်သည်။

    " တောက် !
     ဘာလည်းကွာ..ငစိုးကို လာစမ်းနေတာလား .."

    စိုးကြီး ကိုင်းခုတ်ဓားကို လက်ဖြင့်တင်းတင်းကိုင်ကာ
တဲအပြင်သို့ ဒယိမ်းဒယိုင်ထွက်ခဲ့သည်။ပြီးတော့..ဘေး
ဘီဝန်းကျင်ကို မျက်စိကစားလိုက်ပြီး..

" ဟေ့..ဘယ်သူလဲကွ..
  ခိုး​ကြောင်​ခိုးဝှက်​လာမလုပ်နဲ့..ထွက်လာခဲ့စမ်း
  ငါက..ဘာမှကြောက်တတ်တာမဟုတ်ဘူး..လာစမ်း "

     စိုးကြီး  မူးကြောင်ရူးကြောင်နဲ့ တဲရှေ့ထွက်အော်နေ
သည်။ ခက်တာက စိုးကြီးစိတ်ထဲ တစ်စုံတစ်ယောက်က
သူ့နောက်လိုက်လာတယ် ထင်နေတာပဲ။

     စိုးကြီး..ရွာစွန်ရွာဖျားမှာ တဲထိုးနေရတဲ့ လူဆိုးသူခိုး။
အရက်ဝိုင်း ကြက်ဝိုင်း ဖဲဝိုင်းတွေမှာ စီကနဲ့ဆို စိုးကြီး
ပါပြီးသားပဲ။ ရွာလူကြီးမနိုင်လို့ ရဲခေါ်ပြီးဖမ်းခိုင်းရတာက
အကြိမ်ပေါင်းမနည်းပေ။

      လွန်ခဲ့တဲ့၃လကျော်က စိုးကြီး မျက်လုံးထိခိုက်ဒဏ်ရာ
ရလာသည်။ စိုးကြီးလို လူမိုက်ကို ဘယ်သူက လုပ်လိုက်
သလဲ။ တရွာလုံးစိတ်ဝင်စားကြပေမယ့် ဒီတခါ ခံလာရ
သည့် စိုးကြီး အသံမထွက်ပေ။

       ထိုဒဏ်ရာမသက်သာ၍ မြို့ဆေးရုံတက်ပြီး မျက်လုံး
တစ်လုံးထုတ်ပစ်လိုက်ရသည်။ နဂိုက အရုပ်ဆိုး အကျည်း
တန်ပြီး ကြောက်စရာကောင်းတဲ့ စိုးကြီးမျက်နှာဟာ
မျက်လုံးဟောက်ပက်ကြီးနဲ့ဆိုတော့ ပိုလို့ ကြောက်ရွံစရာ
ကြီးပေါ့။

  ကေဝဋ်ပုဏ္ဍား...နဖူးက အမာရွတ်စမ်းမိတိုင်း ဘုရား
အလောင်းတော် မဟောသဓာအပေါ် အမျက်သိုခဲ့သလိုပဲ
စိုးကြီး မှန်ကြည့်တိုင်း လေးဂွသမား ဘတိုး ကို နာကြည်း
မုန်းတီးနေသည်။

        စိုးကြီး ..ဘတိုးကို လက်စားချေရန် အခွင့်အရေးကို
စောင့်နေခဲ့သည်။အခု ဘတိုးကို ပွဲခင်းကအပြန် ငသိုင်း
နဲ့ပေါင်း၍ ရက်စက်စွာဓားဖြင့်ထိုးခုတ်သတ်ခဲ့ပြီးဖြစ်သည်။

       နာကြည်းစိတ်ကြောင့် ကလဲ့စားချေခဲ့ပြီးနောက်..
စိုးကြီး စိတ်ထဲ ခြောက်ခြားနေ၏။ သူ ဓားဖြင့် ထိုးခုတ်
သတ်ဖြတ်ခဲ့သည့် ဘတိုး၏ သွေးတွေနဲ့မျက်နှာကြီးကို
မြင်နေရလေသည်။    

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(၅)
          စိုးကြီး တဲအပြင်ဖက်မှာ ဓားကိုင်ပြီး အော်ဟစ်နေ
တုန်း သူ့နံဘေးက ဝှစ်ကနဲ့ လူတစ်ယောက်ဖြတ်ပြေးသလို
ခံစားလိုက်ရတယ်။ စိုးကြီး အနောက်ကို လန်လဲမတတ်
ဖြစ်သွားတယ်။ စိုးကြီး သတိနဲ့ အနောက်ကို လှည့်ကြည့်
လိုက်တယ်။ လူနေတဲအဝင်ဝမှာ လူတစ်ယောက် မားမား
ကြီး မတ်တတ်ရပ်နေတာတွေ့ လိုက်တော့ စိုးကြီး လန့်သွား
တာပေါ့။ စိုးကြီး အထစ်ထစ် အငေါ့ငေါ့နဲ့....

" မင်း...မင်း...ဘယ်...သူ...လဲ၊
ငါ့တဲဝမှာ...ဘာ...ဘာ..လုပ်..နေ..တာလဲ ..."

   တဲအဝင်ဝကလူက ငုံ့ထားတဲ့ သူ့ခေါင်းကို ဖြေညှင်းစွာ
မော့ပြလိုက်တယ်။ စိုးကြီး ကြောက်လန့်တကြား နောက်ကို
ခြေလှမ်း၃လှမ်းခန့် ဆုတ်သွားတယ်။  

   တဲအဝမှာ မတ်တတ်ရပ်နေသူဟာ တခြားသူမဟုတ်ဘူး။
သူသတ်ခဲ့တဲ့ ဘတိုးပဲ။ ဘတိုးမျက်နှာကြီးဟာ သွေးစ
ခြောက်တွေနဲ့ကြောက်စရာကြီး။ပြီးတော့ သူဓားနဲ့ခုတ်ထား
လို့ နားရွက်တဖက်က ပြတ်လုတဲတဲ တန်းလန်းကြီးပေါ့၊
လက်တစ်ဖက်ကလည်း လက်ချောင်းများမပါတော့ပဲ
ငုံးတိဖြစ်နေတယ်။ အခဲအကြေဟန်ကြည့်နေတဲ့ မျက်
လုံးပြူးကြီးက လူမိုက်စိုးကြီးကို နှလုံးခုန်ရပ်သွားမတတ်ပါပဲ

    ဟင် !
" မင်း...မင်း...ငါသတ်လို့သေပြီမဟုတ်လား၊
ဘာ..ဘာ..လာလုပ်တာလဲ..၊
ထွက်သွား...ထွက်သွားစမ်း..
ထွက်မသွားရင်..ငါ..ဓားနဲ့..ထပ်ခုတ်မှာနော်.."

     ထိုအခါ ရပ်နေတဲ့ ဘတိုးက အရှေ့တိုးလာပြီး
အက်ရှရှ အသံပြာကြီးဖြင့်...

" မင်း..မင်းဆီ..ငါ..လာ..တာ၊
   ငါ့..လက်..သန်း...တစ်..ချောင်း..ပြန်..ပေး..."

စိုးကြီး..ထိတ်လန့်ခြောက်ခြားနေပြီ ဖြစ်သည်။ဘတိုးက
သူ့ရဲ့ ပြတ်တောက်နေတဲ့ လက်ကို ထောင်ပြပြီး လက်သန်း
တစ်ချောင်း လာတောင်းနေတာလေ။

    " ဘာ..လက်သန်းလဲ!
မယူဘူး..၊ငါ..မယူဘူး..ဘာမှမယူဘူး ..
သွား..သွား..ထွက်သွား.."

  " မင်း..ဓား..နဲ့..ခုတ်..လို့..ငါ့..လက်သန်း..
ပြတ်ပြီး..မင်း..စီးတဲ့..ဖိနပ်ထဲ..ကျသွား..တာ
မင်း..ရဲ့..ဖိနပ်ထဲမှာ..ငါ့..လက်သန်း.."

  ဟာ ! စိုးကြီး အခုမှ သတိထားမိတယ်။ ဘတိုးကို သတ်ပြီး
သွေးပူပူနဲ့ အိမ်အရောက်ပြန်ပြေးခဲ့တာ..သူ့ခြေထောက်
ခိုးလို့ ခုလု ဖြစ်နေတာ အခုမှ သိတယ်။

    စိုးကြီး..ယောင်အမ်းအမ်းနဲ့ သူစီးထားတဲ့ လည်ရှည်ဖိနပ်
ကို ချွတ်ကြည့်လိုက်တယ်။ ဖိနပ်ကို မှောက်ပြီး ခါအချမှာ
လက်သန်းပြတ်လေးတစ်ချောင်း ထွက်ကျလာတယ်။
အဲ့ဒီသွေးစတွေနဲ့ လက်သန်းပြတ်လေးကို ဘတိုးက
လိုက်တောင်းခြင်းဖြစ်သည်။ စိုးကြီး သွေးရူးသွေးတမ်းနဲ့

"  သွားနော်..အခုထွက်သွား၊ မသွားရင် ငါ ဓားနဲ့ ထပ်
ခုတ်မှာ..ထွက်...သွား...."

" ဟားဟား..မင်းက အခုမှကြောက်နေတာလား၊
  မင်း..ရက်ရက်စက်စက် သတ်ခဲ့လို့..ငါ့သားလေး
  ရှင်ပြု ..ငါ..မနေရတော့ဘူး ..၊
မင်းကို ..ငါမကျေနပ်ဘူး..မကျေဘူး...."

  စိုးကြီးမျက်လုံးထဲမှာ ဘတိုးက သူ့လည်ပင်းညှစ်ရန်
ရှေ့တိုးလာတယ်ပဲ ထင်နေတယ်။ စိုးကြီး ကြောက်လန့်
ပြီး သူ့ရှေ့ကို ဓားနဲ့ရမ်းလိုက်တယ်။ဒါပေမဲ့ ဘတိုးခန္ဓာ
ကိုယ်ကို ဓားမထိပဲ လေကိုသာခုတ်နေမိတယ်။

    ကြာလာတော့ စိုးကြီး အိပ်ရေးပျက်ဒဏ်၊ အရက်ဒဏ်
တွေစုပြီး  လက်ပမ်းကျလာတယ်။ ခုတ်ရမ်းနေတဲ့ ဓားကို
လက် လွှတ်ချပြီး ထွက်ပြေးတယ်။ သူပြေးတာက ရွာထဲကို
ပေါ့၊ နောက်ကို လှည့်ကြည့် လှည့်ကြည့်နဲ့ ထွက်ပြေးတော့
စိုးကြီးဟာ ရွာထဲလမ်းပေါ် တဗိုင်းဗိုင်း ခလုပ်တိုက်လဲတယ်
ရွာသားတွေဟာ ဝေလီဝေလင်းမှာ အော်ဟစ်ပြေးနေတဲ့
စိုးကြီးကို ဝိုင်းကြည့်နေကြရင်း စပ်စုကြတယ်။စိုးကြီးကတော့...

" သွား ! သွား !
လိုက်မလာနဲ့နော်..ငါ့နောက်မလိုက်ခဲ့နဲ့...
ကယ်ကြပါအုံးဗျ..ကယ်ကြပါ..ကျုပ်နောက်ကို
သရဲ လိုက်နေလို့...."

       စိုးကြီး အရူးတစ်ယောက်လိုအော်ဟစ်ပြီး ရွာလယ်
လမ်းမှာ သွေးရူးသွေးတန်းပြေးနေတဲ့သတင်းဟာ
ရွာလူကြီးဆီရောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကြားသွားတယ်။

စိုးကြီးကို ရဲတပ်ဖွဲ့က ထိမ်းသိမ်းပြီး စစ်မေးတဲ့အခါ
ကြောက်လန့်နေတဲ့ စိုးကြီးက သူနဲ့ငသိုင်း ဘတိုးကို
သတ်ခဲ့ကြောင်း အစဆုံး ရွာလူကြီးတွေရှေ့မှာဝန်ခံတယ်။
ရဲအဖွဲ့က ငသိုင်းအိမ်ကို သွားပြီး ဖမ်းတော့ ငသိုင်းလည်း
အိမ်ရှေ့မှာ စိုးကြီးလို မူးကြောင်ကြောင်ဖြစ်နေတယ်လို့
ပြောကြတယ်။

        အဲ့သလိုဆိုတော့ ဘတိုးက မကျွတ်မလွတ်ပဲ
သူ့ကိုသတ်ခဲ့တဲ့ တရားခံတွေကို အမိဖမ်းပေးခဲ့တယ်ပဲ
ပြောရမလိုဖြစ်နေပြီလေ။ စိုးကြီး တဲရှေ့က လက်သန်း
ပြတ်လေးကိုလည်း ရဲတပ်ဖွဲ့က သိမ်းယူသွားကြတယ်။
ဘတိုးရဲ့...မကျွတ်မလွတ်တဲ့ သရဲဘဝက ဒီမှာတင်
အဆုံးသတ်မလား..ဘယ်ဟုတ်မလဲ။

       ကျနော်စောစောက အစီရင်ခံထားသလိုပဲ။
တာဝန်ကို အရမ်းလေးစားတဲ့ ဘတိုးဟာ သရဲဘဝနဲ့
သူ့လုပ်ငန်းခွင်ထဲမှာပဲ ရှိနေသေးတယ်။ ဘာကြောင့်လဲ
ဆိုတော့ ဝန်ထမ်းကောင်းဖြစ်တဲ့ ဘတိုးဟာ သူ့ကို
သေပြီဆိုတဲ့ အမိန့်ပြန်တမ်းစာ မကြေငြာရသေးလို့ပဲ။

       °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(၆)

    " ဆရာ ..ကျနော် ရွာပြန်ချင်လို့ ခွင့်ယူချင်တယ်၊
   အဲ့ဒါ..ဆရာ ခွင့်ပြုပေးပါလား "

  ဟင်! ဦးတင်မြင့် အံသြသွားသည်။ ဘယ်လိုဖြစ်တာလဲ၊
ဆိုင်းမဆင့်ဗုံမဆင့် ဂိုဒေါင်စောင့် သန်းကျော်က ခွင့်ယူ
ချင်ပြန်ပြီတဲ့။ အရင်ဂိုဒေါင်စောင့် ဘတိုးသေပြီးကတည်းက
နောက်ရောက်လာတဲ့ ဂိုဒေါင်အစောင့်တွေ တစ်ယောက်ပြီး
တစ်ယောက် အလုပ်ထွက်တဲ့သူနဲ့ ၊ခွင့်ယူတဲ့သူနဲ့။

    ဘာလို့အလုပ်ထွက် ဘာလို့ခွင့်ယူကြသလဲမေးရင်လည်း
မရေမရာတွေဖြေနေကြတယ်။ အမှန်တော့ သူတို့ သရဲ
ကြောက်လို့ သရဲအခြောက်ခံရလို့ ဆိုတာ ရှက်လို့ မပြော
ကြခြင်းပါ။ အမှန်တော့ ဦးတင်မြင့်ကိုယ်တိုင် နေ့ခင်းကြီး
သရဲဘတိုး အခြောက်ခံရပြီးပြီဖြစ်သည်။

      တစ်နေ့ ဦးတင်မြင့် ဂိုဒေါင်လက်ကျန်ပစ္စည်းတွေ
စစ်ဆေးနေစဉ် သူ့နောက်က ဆင်ကြယ်ကြက်ပေါင်စေး
ဖိနပ်သံ တဖပ်ဖပ် လိုက်လာသံကြားလိုက်တယ်။

   ဦးတင်မြင့် နောက်လှည့်ကြည့်တော့ ဘာမှမရှိဘူး။
ဂိုဒေါင်အတွင်းပိုင်းဟာ လုပ်ငန်းခွင်သုံးပစ္စည်းများနဲ့
ပြည့်နှက်နေတာမို့ အလင်းရောင်ကျဲပါးတယ်။မှောင်တဲ့
နေရာက မှောင်နေတယ်။ ဦးတင်မြင့် ဘိလပ်မြေအိပ်များ
ထပ်ထားတဲ့နေရာ ရောက်တော့ အိပ်အရေအတွက်ကို
ရေတွက်ရင်း လက်ထဲက ဘောပင်လွတ်ကျသွားတယ်။

ဖောက်..တောက်..တောက်

    ဘောပင်လေးဟာ ဘိလပ်မြေအိပ်များအောက်က သစ်
သားဆင့်လေးအောက်လိမ့်ဝင်သွားတယ်။ဦးတင်မြင့်
ပဆစ်တုပ်ထိုင်လိုက်ပြီး အတွင်းထဲကို လက်နှိုက်ယူလိုက်
တယ်။ ဒါပေမဲ့ မမှီဘူး။ ဦးတင်မြင့် မယူတော့ဘူးလို့
စိတ်ဆုံးဖြတ်ပြီး ဘိလပ်မြေအိပ်များဆီမှ လှည့်အထွက်
ခြေလှမ်းငါးလှမ်းလောက်အရောက်မှာ...

   ကတောက်..တောက် ..တောက်

   ဟင်!

     ဦးတင်မြင့် အံသြထိတ်လန့်သွားတယ်။ မလန့်ပဲလား။
ဘယ်သူမှ မရှိတဲ့ ဒီဂိုဒေါင်ထဲမှာ သူ ခုနကကျသွားတဲ့
ဘောပန်လေးဟာ သူ့ရှေ့ကို တစ်ယောက်ယောက်က
ပစ်ပေးလိုက်သလို မြေပြင်ပေါ်လိမ့်လာလို့ပေါ့။ 

      ဦးတင်မြင့် ကြောက်ကြောက်နဲ့ ဘောပန်ကို ကုန်း
ကောက်ရင်း သူ့ခြေထောက်နှစ်ချောင်းကြားက အနောက်
ဘက်ကို ကုန်းအကြည့်မှာ.ညှိုးရော်ရော် ထိုင်နေတဲ့
ဘတိုးကို ဇောက်ထိုးကြီးတွေ့လိုက်ရတယ်။

   အား!    

    ဦးတင်မြင့် မှတ်လက်စ စာရင်းစာအုပ်ကို ပစ်ပီး ဂိုဒေါင်
အပြင်ဘက်ကို ထွက်ပြေးတော့တာပဲလေ။အဲ့ဒီနေ့က
ဦးတင်မြင့် ညကို အရက်မူးအောင်သောက်ပြီး အိပ်လိုက်
ရတယ်။ သူအိပ်ပျော်သွားတော့ အိပ်မက်ထဲမှာ ဘတိုးက
စကားလာပြောတယ်တဲ့။

" ဆရာ..ဆရာတို့ သိပ်ရက်စက်တာပဲဗျာ၊
  ကျနော်က ဆရာတို့ ခိုင်းသမျှ တာဝန်ကျေပွန်ရက်သားနဲ့
ကျနော့်ကျ ပစ်ထားကြတယ်..."

" ဟင်..ဘတိုး..ဘတိုးပါလား၊
ငါတို့ မင်းကို ကောင်းကောင်းသင်္ဂြိုလ်ပြီးပြီလေ၊
ရက်လည်ဆွမ်းလည်းကပ်ပြီးပြီ၊ အမျှအတန်းဝေပြီးလို့
မင်း ကျွတ်ပြီအောက်မေ့တာ..."

" ဟုတ်ပါတယ်ဆရာ၊ အဲ့ဒါတွေ ကျနော်အကုန်သိပါတယ်
ဒါပေမဲ့ ဝန်ထမ်းဆိုတာ သူ့အလုပ်က အထက်လူကြီးက
အနားမပေးသမျှ တာဝန်ယူနေရတာပဲလေ၊ ဆရာတို့က
ကျနော့်ကို..ဘာလို့ အမိန့်ပြန်ပေးဖို့ မေ့နေကြတာလဲ.."

" ဟွမ်! ဘာ..ဘာ..အမိန့်ပြန်တမ်းဟုပ်လား
ငါ..မင်းကို မြေမြုပ်ခါနီးမှာ အခေါင်းထဲ အမိန့်ပြန်တမ်းစာ
ထည့်ပေးလိုက်တယ်လေ..၊ အဲ့ဒါ ပါမသွားဘူးလား "

" ဟင်းဟင်း ..ဆရာထည့်ပေးလိုက်ပါတယ်၊ဒါပေမဲ့
အမိန့်စာတော့မဟုတ်ဘူးဆရာရေ....၊
ဟီးဟီး.. ဆရာ့မိန်းမ .မြို့ကနေ လှမ်းသတိပေးတဲ့
စာကြီး..ဆရာရဲ့."

" ဟိုက်..သေရောပေါ့ကွာ
မင်းက ဒါကြောင့် အမျှမယူပဲ၊ တာဝန်ထမ်းဆောင်နေတာ
လား၊ sorry ပါကွာ..ငါ့ပေါ့လျော့မှုကြောင့်ဆိုတော့
ငါပဲ..အားလုံးပြန်လုပ်ပေးပါ့မယ်..
မင်းအတွက်ရည်စူးပြီး..ငါ အလှူအတန်းလုပ်ပေးမယ်
မင်း သာဓုခေါ်ဖို့ စောင့်နေပါကွာ..."

     နောက်တနေ့ ဦးတင်မြင့် သူ့စားပွဲအံဆွဲတွေထဲ မွှေတဲ့
အခါ ဘတိုးအတွက် မြို့နယ်ရုံးက ပေးလိုက်တဲ့ အမိန့်
ပြန်စာကို တွေ့လိုက်တယ်။ တကယ်တော့ ဘတိုးအခေါင်း
ထဲ ထည့်ပေးလိုက်တာက မြိုမှာကျန်ခဲ့တဲ့ သူ့မိန်းမက
သူ အရက်အလွန်အကျွံ မသောက်ဖို့ သတိပေးလိုက်တဲ့
စာဖြစ်နေတယ်လေ။

     ဦးတင်မြင့်ဟာ ရုံးက ဝန်ထမ်းအချို့နဲ့ကျေးရွာလူကြီး
အချို့ကိုခေါ်ပြီး ဘတိုးအလောင်းမြုပ်နှံထားတဲ့ သင်္ချိုင်း
ကိုသွားပြီး ဘတိုးမြေပုံလေးမှာ အဲ့ဒီအမိန့်စာကို သွား
ဖတ်ပြရတယ်။ တစ်ရွာလုံးက ထူးဆန်းအံသြနေတယ်။
သေလွန်ပြီး သင်္ဂြိုလ်ပြီး တစ်လကျော်မှ အမိန့်လာပြန်
တဲ့ မသာ ဒီတစ်ခါပဲ ကြားဖူးလို့တဲ့လေ။

       ဦးတင်မြင့်ဟာ တလက်စထဲပဲ ဘတိုး အလုပ်လုပ်ခဲ့
တဲ့ ဂိုဒေါင်ကို သံဃာများပင့်ပြီး ဆွမ်းကပ်/သင်္ကန်းလှူတယ်
ဘတိုးကိုလည်း တရားနာဖို့ဖိတ်တယ်၊ အာလုံးပြီးတော့
အမျှအတန်းဝေပြီး ဘတိုးကို သာဓုခေါ်စေတယ်။

        နောက်ရက်တွေကစပြီး ဂိုဒေါင်မှာ သရဲ..မခြောက်
တော့ဘူး။ ဘတိုးလည်း ကျေနပ် အမျှရသွားပုံရတယ်။

တကယ်တော့ တချို့ ဓလေ့ထုံးတမ်းတွေဟာ သေသူအ
တွက် အစီစဉ်တကျလုပ်ပေးဖို့ လိုကို လိုအပ်တယ်။
ကိုယ့်ပေါ့လျော့မှုကြောင့် ကွယ်လွန်သူ အယူလွဲခဲ့ရင်
သူ့ခမျာ ဘဝကူးဖို့ သိပ်ခက်ခဲတယ်လို့ ကြားဖူးနားဝနဲ့ပဲ
ဒီဇာတ်လမ်းလေးကို တင်ပြလိုက်ပါတယ်။

နပီ 😀😀

(cbမှ..ဇာတ်လမ်းပေးပို့သူ  Thin Thin Mar )

Post a Comment