ဗုဒ္ဓဘွဲ့ တော်

ဗုဒ္ဓဘွဲ့တော်ဟာ
အနွယ်တစ်ခုရဲ့ ဘွဲ့ အမည် အများဆိုင်
ဘွဲ့ အမည်တစ်ခုဖြစ်ပြီး သစ္စာလေးပါးကို ထိုးထွင်းသိမြင်သူ
(န မာတရာ ကတံ၊ န ပိတရာ ကတံ၊ ၀ိမောက္ခ န္တိကံ ဧတံ ဗုဒ္ဓါနံ ဘဂ၀န္တာ နံ ဗောဓိယာမူလေ ... ပညတ္တိ MNid.458; Ps.i.174)  သစ္စာလေးပါးတရားဉာဏ်တော်ဖြင့်
လူ၊ နတ်နှင့်တကွ သတ္တလောကသားအားလုံးထက်မြတ်သော ပုဂ္ဂိုလ် တို့ကို ခေါ်ဝေါ်ပညတ်အပ်တဲ့ ဘွဲ့အမည်ဖြစ်တယ်။

ပိဋကတ်တော်မှာ ‘‘ဗုဒ္ဓ’’ ဘွဲ့အမည် ခံယူထိုက်တဲ့ ပုဂ္ဂိုလ်နှစ်ဦးကို ဖော်ပြထားတယ်။

၁။ ပစ္စေကဗုဒ္ဓါ = သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းသိမြင်တော်မူပေမဲ့ အခြားတပါး  သတ္တ၀ါတွေ ကို သံသရာက ထွက် မြောက်ကြောင်းတရား မဟောကြားနိုင်တဲ့ ‘‘ဗုဒ္ဓ’’ ဘွဲ့ခံ၊ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်။

၂။ သမ္မာသမ္ဗုဒ္ဓ = တရားဓမ္မနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်သမျှအားလုံးကို ကိုယ်ပိုင်ဉာဏ် နဲ့ ကောင်းစွာပိုင်ပိုင် သိမြင်တော်မူပြီး သတ္တ၀ါတွေ အတွက် နိဗ္ဗာန်လမ်း ခရီးကို ဟောကြားပြသပေးနိုင်တဲ့ ‘‘ဗုဒ္ဓ’’ ဘွဲ့ခံ သမ္မာသမ္ဗုဒ္ဓဘုရားရှင်။  (သတ္ထာရော)

သို့သော်လည်း အဖွင့်ကျမ်းတွေမှာတော့ ‘‘ဗုဒ္ဓ’’ ဘွဲ့တော် ခံယူထိုက်သူ ပုဂ္ဂိုလ်လေးမျိုးကို ဖော်ပြထားတယ်။ (e.g. SA.i.20; AA..i.65)

၁။ သဗ္ဗညု ဗုဒ္ဓ
၂။ ပစ္စေက ဗုဒ္ဓ
၃။ စတုသစ္စ ဗုဒ္ဓ
၎။ သုတ ဗုဒ္ဓ

ရဟန္တာပုဂ္ဂိုလ် အရှင်သူမြတ်အားလုံး (ခီဏာသ၀ါ) ဟာ ‘‘စတုသစ္စဗုဒ္ဓ” ဘွဲ့တော် ခံယူတော်မူထိုက်ပြီး၊ ပိဋကတ်တော်တွေကို  ဆောင်ထားတဲ့ တရားဓမ္မကျမ်းဂန်တွေကို ကျွမ်းကျင်နှံ့စပ်သူ ပုဂ္ဂိုလ်မြတ်တွေ ကတော့ ‘‘သုတဗုဒ္ဓ’’ ဘွဲ့တော် ခံယူတော် မူထိုက်တယ်။ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်တွေကတော့ ပါရမီတော် ဆယ်ပါးကို ‘‘နှစ် အသင်္ချေ ကမ္ဘာတစ်သိန်းကာလ ဖြည့်ကျင့်ဆည်းတော် မူခဲ့ပြီး ဒီဘွဲ့တော်ကို ခံယူတော် မူနိုင်တာဖြစ်ပြီး သဗ္ဗညု ဗုဒ္ဓ မြတ်စွာဘုရားတို့ကတော့ ပါရမီတော်တွေကို ‘‘လေး သို့မဟုတ် ရှစ် သို့မဟုတ် တစ်ဆယ့်ခြောက် အသင်္ချေ ကမ္ဘာတစ်သိန်းကာလ ပတ်လုံး ပါရမီတော်တွေကို ဖြည့်ကျင့် ဆည်းပူးတော် ခဲ့ကြပြီး ‘‘သဗ္ဗညု ’’ ဘွဲ့တော် ခံယူတော်မူထိုက်ပါတယ်။

အစောပိုင်းကျမ်းဂန်တွေမှာ ‘‘သဗ္ဗညုဗုဒ္ဓ’’ မြတ်စွာ (၇) ပါးရဲ့ ဘွဲ့တော်တွေကို ဖော်ပြထားတယ်။

၁။ ၀ိပဿီ မြတ်စွာဘုရား
၂။ သိခီ မြတ်စွာဘုရား
၃။ ဝေဿဘူ မြတ်စွာဘုရား
၎။ ကကုသန္ဓ မြတ်စွာဘုရား
၅။ ကောဏာဂမဏ မြတ်စွာဘုရား
၆။ ကဿပ မြတ်စွာဘုရား
၇။ ဂေါတမ မြတ်စွာဘုရား

ခုနှစ်ဆူသော ဘုရားရှင်တို့ရဲ့ ဘွဲ့တော် ရည်ညွှန်းချက်တွေကို ပိဋကတ်တော်ရဲ့ အောက်ပါနေရာများ မှာတွေ့နိုင်တယ်။ (D.ii.5f.; S.ii.5f.; cp. Thag.491; J.ii.147; Vin.ii.110)

နောက်ပိုင်း ကျမ်းဂန်တွေမှာတော့ အရေအတွက်ပိုမိုများပြားတဲ့ ဘုရားရှင်တွေရဲ့ ဘွဲ့အမည်တွေကို တွေ့ကြရတယ်။ ‘‘ဗုဒ္ဓ၀ံသကျမ်း’’ မှာ နောက်ဆုံးပွင့်တော်မူတဲ့ ‘‘ဂေါမတဗုဒ္ဓမြတ်စွာ’’ အပါအ၀င် ဘုရားရှင် (၂၅) ဆူရဲ့ အသေးစိတ် အချက်လက်တွေ ဖော်ပြပါရှိပြီး ရှေး ဘုရားရှင် (၂၄) ဆူဟာ ဂေါတမဗုဒ္ဓမြတ်စွာ လောင်းလျာ ဗျာဒိတ်ခံယူခဲ့တဲ့ ဘုရားရှင်တွေ ဖြစ်တယ်။ ၀ိပဿီ အစရှိတဲ့ ဘုရားရှင်တွေ မတိုင်မှီ ပွင့်တော်မူခဲ့တဲ့ ဘုရားရှင်တွေရဲ့ ဘွဲ့တော်တွေကတော့ -
၁။ ဒီပင်္ကရာ
၂။ ကောဏ္ဍည
၃။ မင်္ဂလ
၎။ သုမန
၅။ ရေ၀တ
၆။ သောဘိတ
၇။ အနောမဒဿီ
၈။ ပဒုမ
၉။ နာရဒ
၁၀။ ပဒုမုတ္တရ
၁၁။ သုမေဓ
၁၂။ သုဇာတ
၁၃။ ပီယဒဿီ
၁၄။ အတ္ထဒဿီ
၁၅။ ဓမ္မဒဿီ
၁၆။ သိဒ္ဓတ္ထ
၁၇။ တိဿ
၁၈။ ဖုဿ - တို့ဖြစ်တယ်။

ဒီ ဘုရားရှင် (၁၈) ဆူ မှာ စောစောက ဘုရား (၇) ဆူအနက် ပေါင်းလိုက်တဲ့ အခါ ဘုရား (၂၅) ဆူဖြစ် ပါတယ်။ အဲဒီ ကျမ်းဂန် ရဲ့နောက်ပိုင်းမှာဘဲ ‘‘ဒီပင်္ကရာ မြတ်စွာဘုရား’’ မတိုင်မှီ ပွင့်ထွန်းတော်မူခဲ့တဲ့ အခြား ဘုရားရှင် (၃) ဆူရဲ့ ဘွဲ့တော်တွေကို ထပ်မံ ပြဆိုထားတယ်။ အဲဒီ ဘုရားရှင်တွေကတော့ ‘‘တဏှင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာ’’ မြတ်စွာဘုရားတို့ဖြစ်တယ်။ ဒါ ကြောင့် ဘုရားရှင် စုစုပေါင်း နှစ်ကျိပ်ရှစ်ဆူ ၊ (၂၈) ဆူ ရဲ့ ဘွဲ့တော်တွေကို အဲဒီကျမ်းဂန်မှာ တွေ့ကြရတယ်။

‘‘လလိတ၀ိသ်တရ’’ ကျမ်းမှာ ဘုရားရှင်ပေါင်း (၅၄) ဆူရဲ့ ဘွဲ့တော်တွေကို တွေ့ကြရပြီး ‘‘မဟာဝတ္ထု’’ မှာတော့ ဘုရားရှင်ပေါင်း တစ်ရာကျော်ရဲ့ ဘွဲ့တော်တွေကို တွေ့ရပါတယ်။ ‘‘စက္က၀တ္တိ သီဟနာဒသုတ်’’ (D.iii.75ff ) မှာ ဘဒ္ဒကမ္ဘာရဲ့ နောက်ဆုံးပွင့် ထွန်းတော်မူမဲ့ ‘‘မေတ္တေယျ ဗုဒ္ဓ’’ မြတ်စွာဘုရားနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ဖော်ပြထားတယ်။ ‘‘အနာဂတ၀ံသကျမ်း’’ မှာတော့ မေတ္တေယျ ဘုရားရှင်နဲ့ ပတ်သက်ပြီး အကျယ်တ၀င့် ရေးသားထားတယ်။ အဲဒီ ကျမ်းဂန်ရဲ့ နောက်ပိုင်း မှာ ဂေါတမဗုဒ္ဓမြတ်စွာနဲ့တွေ့ဆုံခဲ့ရပြီး  မြတ်စွာဘုရားက ဘုရားအလောင်းတော်များအဖြစ် ဗျာဒိတ်ထားတော်မူခဲ့တယ် လို့ ဆိုထားတဲ့ ဘုရားအလောင်းတော် ဆယ်ဦးကိုဖော်ပြ ထားတယ်။ အဲဒီ ဘုရားအလောင်းတော်တွေ ကတော့ ‘‘မေတ္တေယျ၊ ဥတ္တမ၊ ရာမ၊ ပသနဒီ ကောသလ၊ အဘိဘူ၊ ဒီဃသောနီ၊ သံကစ္စ၊ သုဘ၊ တောဒေယျ နဲ့ နာလာဂိရိ ပလလေယျ’’ တို့ဖြစ်တယ်။

ဒီဃနိကာယ်၊ မဟာပဒါနသုတ်မှာတော့ ဆိုခဲ့ပြီးတဲ့ ခုနှစ်ဆူသော ဘုရားရှင်တို့ရဲ့ ဘွဲ့တော်တွေကို ဖော်ပြထားပြီး ဘုရားတစ်ဆူ ချင်းရဲ့ အသေးစိတ်အချက်လက်တွေကို ခေါင်းစဉ် (၁၁) ခု (ပရိစ္ဆေဒ) ခွဲခြား ဖော်ပြထားတယ်။ အဲဒီ ခေါင်းစဉ်တွေကတော့ ‘‘ကပ္ပ’’  ဘုရားရှင်တို့ ပွင့်ထွန်းတော်မူခဲ့ရာ ကမ္ဘာ အရေအတွက်၊ ‘‘ဇာတိ’’ အမျိုး၊ ‘‘ဂေါတ္တ’’ အနွယ်၊ ‘‘အာယု’’ သက်တော်၊ ‘‘ဗောဓိ’’ သမ္မာသမ္ဗောဓိဉာဏ်ရရှိတော်မူစဉ် အမှီပြုရာ ဗောဓိပင်အမည်၊ ‘‘သာဝကယုဂ’’ အဂ္ဂသာဝက နှစ်ပါးတို့ရဲ့ ဘွဲ့တော်၊ ‘‘သာဝက သန္နိပါတ’’ ရဟန္တာတို့ချည်းပါဝင်သော သာဝက အစည်းအဝေးကြီး၊ ‘‘ဥပဋ္ဌာကဘိက္ခု’’ အလုပ်အကျွေးရဟန်းတော်၊ မယ်တော်၊ ခမည်းတော်တို့ရဲ့ အမည်နာမများနဲ့ ဖွားတော်မူရာ အရပ်ဒေသ တို့ဖြစ်တယ်။ အဋ္ဌကထာမှာတော့ အဲဒီ အချက်လက်တွေ  အပြင် ဘုရားအလောင်းတော် အသီးသီးရဲ့ တောထွက်တော် မမူစဉ်က သားတော်နဲ့ ကြင်ယာတော်အမည်၊ တောထွက်တော် မူစဉ် စီးနင်းတော်မူတဲ့ ယဉ်(ယာန)၊ ဘုရားရှင်တို့သီတင်းသုံးရာ ဂန္ဓကုဋိ ရှိတော်မူတဲ့ ကျောင်းတိုက်ရဲ့ အမည်၊ အဲဒီ ကျောင်း တိုက်ရဲ့ တန်ဖိုးနဲ့ နေရာ၊ ဘုရားရှင် အသီးသီးကို အမြဲမပြတ် လှူဒါန်းတဲ့ အကြီးကျယ်ဆုံး အလှူဒါယကာရဲ့ အမည် တို့ကိုပါ ဖော်ပြထားတယ်။ ဂေါတမဗုဒ္ဓ မြတ်စွာ အကြောင်းဖွင့်ဆိုတဲ့ နေရာမှာတော့ ‘‘ရာဟုလာမာတာ၊ အာနန္ဒာ၊ ကဏ္ဋက စီးတော်မြင်း
၊ ရွှေအိုးကြီးလေးလုံး၊ မဟာဗောဓိနဲ့ ကာဠုဒါယီ အမတ်’’ အစရှိတဲ့ ဖွားဘက်တော်တွေကိုလည်း ဖော်ပြထားတယ်။ ဂေါတမဗုဒ္ဓ မြတ်စွာ လောင်းလျာဟာ ဥတ္တရာသာဠှ နက္ခတ်နဲ့ ယှဉ်လျက် ၀ါဆိုလပြည့်နေ့မှာ ပဋိသန္ဓေနေတော်မူကြောင်းကိုလည်း ရေးသားထားတယ်။ အဲဒီနက္ခတ်မှာဘဲ အလောင်းတော်ဟာ တောထွက်တော်မူခဲ့ပြီး ဘုရားဖြစ်တော်မူတဲ့အခါ တရားဦး ဟောကြားတော်မူခဲ့တယ်။ ယမကပါဋိဟာရိယ ရေအစုံ၊ မီးအစုံ တန်ခိုးတော်ကိုလည်း အဲဒီ နက္ခတ်ယှဉ်ရာ အခါကာလမှာဘဲ ပြတော်မူခဲ့တယ်။ ၀ိသာခါ နက္ခတ် ယှဉ်ရာကာလ (ကဆုန်လပြည့်) မှာတော့ အလောင်းတော်ဖွားတော်မူခဲ့ကြောင်း၊ ဘုရားအဖြစ်ရောက်တော်မူခဲ့ကြောင်း နဲ့ ပရိနိဗ္ဗာန်စံဝင် တော်မူကြောင်း ပြဆိုထားတယ်။ မာဃ နက္ခတ်နဲ့ ယှဉ်ရာကာလ (တပို့တွဲလပြည့်နေ့) အခါကာလ မှာ တပည့်သာဝက ရဟန်း သံဃာတော်တွေကို စုဝေးစေပြီး ပရိနိဗ္ဗာန်စံတော်မူမည့် အကြောင်း မိန့်ကြားတော်မူခဲ့တယ်။ ပြီးတော့ အဿယုဇ နက္ခတ်နှင့် ယှဉ်ချိန်၊ သီတင်းကျွတ်လပြည့်နေ့ အခါမှာတော့ တုသိတာနတ်ပြည်က ဆင်းကြွတော်မူကြောင်းကိုလည်း ရေးသားထားတယ်။

ဗုဒ္ဓ၀ံသ အဋ္ဌကထာကျမ်းမှာတော့ ဘုရားတစ်ဆူချင်းစီနဲ့ ပတ်သက်ပြီး ခေါင်းစဉ်အပိုင်းအခြား နှစ်ဆယ်ကို ဗုဒ္ဓ၀ံသကျမ်းမှာရေး သားပါရှိတယ်လို့ ညွှန်းဆိုထားပါတယ်။ အဲဒီခေါင်းစဉ်နှစ်ဆယ်ဟာ တရားဦးနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်လက်တွေ၊ သာဝကသန္နိပါတတစ်ခုစီမှာ သစ္စာလေးပါးကို ထိုးထွင်းသိမြင်သွားသူ အရေအတွက်၊ ဘိက္ခုနီ အဂ္ဂသာဝိကာမ ထေရီနှစ်ပါးတို့ ရဲ့ ဘွဲ့တော်များ၊ ဘုရားရှင်တို့ ကိုယ်တော်မှ ထွန်းလင်းသော ရောင်ခြည်တော်ပမာဏ၊ ဘုရားရှင်ရဲ့ အရပ်တော် ပမာဏ၊ ဂေါတမ မြတ်စွာဘုရား အလောင်းတော်ရဲ့ အမည်နာမ၊ ဗျာဒိတ်တော် ခံယူခြင်း၊ ပဓာန အလုပ် အားထုတ်တော်မူခြင်း၊ ဘုရားရှင် အသီးသီးတို့ရဲ့ ပရိနိဗ္ဗာန်စံဝင်တော်မူပုံ စတဲ့အချက်လက်တွေ ထပ်တိုးပါဝင်လာခြင်းဖြစ်တယ်။ ဒါ့အပြင် အလောင်းတော် ဘ၀နဲ့ လူ့ဘောင် မှာ နေထိုင်ခဲ့တဲ့ ကာလ၊ စံမြန်းတော်မူခဲ့တဲ့ နန်းဆောင်များ၊ အလုပ်အကျွေး မောင်းမတော်အရေအတွက်၊ ကြင်ယာတော်နဲ့ သားတော်ရဲ့ အမည်၊ တောထွက်တော်မူစဉ် စီးနင်းတော်မူတဲ့ ယဉ် အမျိုးအစားနဲ့ တောထွက်တော်မူခြင်း၊ ဒုက္ကရစရိယကျင့်တော်မူခြင်း၊ အလုပ်အကျွေး ဒါယကာများနဲ့ သီတင်းသုံးတော်မူရာ ကျောင်းတော် အမည်တို့ကိုလည်း ဖော်ပြ ပါရှိရမယ် လို့ အဲဒီ အဖွင့်ကျမ်းမှာဘဲ ဖွင့်ဆိုထားတယ်။

ဘုရားရှင် တစ်ဆူနဲ့ တစ်ဆူ မတူကွဲပြားတဲ့ အရာဌာန (အဋ္ဌဝေမတ္တာနိ) (၈) မျိုးရှိကြောင်းလည်းတွေ့ရ တယ်။ အဲဒီ ရှစ်မျိုး  ကတော့ ဖွားတော်မူချိန် လူတို့ရဲ့ သက်တမ်း၊ ဘုရားရှင်တို့ရဲ့ အရပ်တော်၊ ဘုရားလောင်းတော်တို့ရဲ့ အမျိုးဇာတ်တော် (အချို့ အလောင်းတော်တွေဟာ ခတ္တိယမျိုးနွယ်ဖြစ်ပြီး အချို့ကတော့ ဗြာဟ္မဏမျိုးနွယ်ဖြစ်တယ်)၊ ဒုက္ကစရိယ ကျင့်တော်မူရာကာလ၊ ကိုယ်တော်မှ ထွန်းလင်းတော်မူတဲ့ ရောင်ခြည်တော် (မင်္ဂလ မြတ်စွာဘုရားရဲ့ ကိုယ်တော်က ရောင်ခြည်တော်ဟာ စကြာဝဠာ လောကဓာတ်တစ်သောင်းထိ ပြန့်နှံ့ပေမဲ့၊ ဂေါတမ မြတ်စွာဘုရားရဲ့ ကိုယ်ရောင်တော်ဟာ တစ်လံမျှလောက်သာရှိတယ် လို့ ဆိုတယ်၊ သို့ပေမဲ့ ဘုရားရှင်တိုင်းဟာ အလိုရှိတော်မူရင် ရောင်ခြည်တော် ပမာဏကို အလိုရှိတော်မူသလောက် ထွန်းလင်းနိုင် တယ်လို့ ဆိုတယ်။ ဒီ အကြောင်းတွေကို ဗုဒ္ဓ၀ံသ အဋ္ဌကထာမှာ ဖွင့်ဆိုထားတယ်)၊ တောထွက်တော်မူရာ ယဉ် အမျိုးအစား၊ ဗောဓိပင် အမျိုးအစား နဲ့ ဗောဓိပင်ခြေတော်ရင်းက ပလ္လင်တော်ရဲ့ အတိုင်းအတာ ပမာဏတို့ဖြစ်တယ်။

ဒီ ရှစ်မျိုးအနက် ပထမ (၅) မျိုးကိုသာ ဒီဃနိကာယ်အဋ္ဌကထာမှာ ဖော်ပြထားပြီး၊ ဗုဒ္ဓ၀ံသ အဋ္ဌကထာမှာတော့ ရှစ်မျိုးလုံးကိုဖော် ပြထားတယ်။ ပြီးတော့ ဘုရားရှင် (၂၅) ငါးဆူလုံးကို ဒီ ရှစ်မျိုးနဲ့ အသေးစိတ် ခွဲခြားဖော်ပြထားတယ်။

ဘုရားရှင်အားလုံးတို့ မစွန့်ရာ ဌာန (၄) ဌာန (အ၀ိဇဟိတဋ္ဌာနာနိ) ကိုလည်း ကျမ်းဂန်များမှာတွေ့ရတယ်။ အဲဒီ (၄) ဌာန ကတော့ -

၁။ ဗောဓိပင်နှင့် ပလ္လင်တော် နေရာ
၂။ တရားဦး ဟောကြားတော်မူရာ ဣသိပတန မိဂါဒါဝုန် ဥယျာဉ်နေရာ
၃။ တုသိတာ (တာဝတိံ?) နတ်ပြည်မှ သကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူချိန်
ဘုရားရှင်တို့ ပထမဆုံး မြေသို့ ဆင်းသက်ရာနေရာ
၎။ ဇေတ၀န် ကျောင်းတိုက်၊ ဘုရားရှင်တို့ သီတင်းသုံးတော်မူရာ ဂန္ဓကုဋိတိုက်အတွင်းမှ ညောင်စောင်းတော်တည်ရှိရာနေရာ

ဘုရားရှင်တို့ သီတင်းသုံးတော်မူရာ ကျောင်းတိုက်နဲ့ အမှီပြုရာမြို့တော်ရဲ့ အကျယ်အ၀န်း ပမာဏဟာ အမျိုးမျိုးဖြစ်နိုင်ပေမဲ့ ဘုရားရှင်တို့ရဲ့ ညောင်စောင်းတော်ရှိရာ နေရာကတော့ ပမာဏမပြောင်းလဲဘူးလို့ ဆိုပါတယ်။ ဒီနေရာဟာ တခါတရံ ကျောင်း တိုက်ရဲ့ တောင်ဘက်မှာ ရှိပြီး၊ တခါတရံ မြောက်ဘက်မှာ ရှိတယ်လို့ ဆိုတယ်။ ဒီ အကြောင်းရာတွေကို ဒီဃနိကာယ် အဋ္ဌကထာနဲ့ ဗုဒ္ဓ၀ံသ အဋ္ဌကထာတို့ မှာ တွေ့နိုင်တယ်။

ဘုရားရှင်တိုင်း ဖြစ်မြဲ ဓမ္မာတာ တရား သုံးဆယ် (သမတိံသ၀ိဓာ ဓမ္မတာ)
========================================
၁။ ဘုရားအလောင်တော်တိုင်းသည် နောက်ဆုံး ဘ၀ ပဋိသန္ဓေယူတော်မူစဉ် ဉာဏ်နှင့်ယှဉ်လျက် ယူတော်မူခြင်း။
၂။မယ်တော်၏ ၀မ်းကြာတိုက်တွင် တင်ပလ္လင်ခွေလျက် အပြင်ဘက် မျက်နှာမူ၍ တည်တော်မူခြင်း။
၃။မယ်တော်သည် အလောင်းတော်အား ရပ်လျက်သာ ဖွားတော်မူခြင်း။
၎။ တောအရပ်၌သာ ဖွားတော်မူခြင်း (အရညေ)။
၅။ ဖွားတော်မူပြီးလျင်ပြီးချင်း မြောက်အရပ်သို့ ခုနှစ်လှမ်း ကြွလှမ်း၍ သီဟနာဒစကားမြွက်ကြားတော်မူခြင်း။
၆။ ကြင်ယာတော်မှ သားတော်တစ်ပါးဖွားတော်မူပြီးလျှင်နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူခြင်း။
၇။ တောထွက်တော်မူပြီးနောက် ဖန်ရည်စွန်းသင်္ကန်းဆင်မြန်းပြီးလျှင် ဒုက္ကရစရိယအကျင့်အား အနည်းဆုံး (၇) ရက်ကျင့်တော်မူခြင်း။
၈။ ဘုရားဖြစ်မည့်နေ့၌ နို့ဃနာဆွမ်းအား ဘုဉ်းပေးတော်မူခြင်း။
၉။ သဗ္ဗညုတဉာဏ်တော်အား မြက်ခင်း ပေါ်တွင်ထိုင်လျက်ရတော်မူခြင်း။
၁၀။ အာနာပါန ကမ္မဋ္ဌာန်း စီးဖြန်းတော်မူခြင်း။
၁၁။ မာန်နတ်၏ တပ်တို့အား အောင်တော်မူခြင်း။
၁၂။ ဗောဓိပင်၏ အောက်၌ သီတင်းသုံးလျက်သာ သဗ္ဗညုတဉာဏ်တော်ကိုရတော်မူ၍ ဘုရားအဖြစ်ရောက်တော်မူခြင်း။
၁၃။ မဟာဗြဟ္မာမင်းမှ တရားဟောကြားတော်မူရန် တောင်းပန်လျှောက်ထားခြင်း။
၁၄။ ဣသိပတန၊ မိဂါဒ၀ုန်ဥယျာဉ်၌ တရားဦးဟောတော်မူခြင်း။
၁၅။ တပို့လပြည့်နေ့တွင် ပရိသတ်လေးပါးတို့၌ ပါတိမောက်ပြတော်မူခြင်း။
၁၆/၁၇။ ဇေတ၀န်ကျောင်းတော်၌သာ အစဉ်တစိုက်သီတင်းသုံးတော်မူ၍ ယမက ပါဋိဟာရိယ တန်းခိုးပြာဋိဟာ အား သာဝတ္ထိပြည်၌ ပြတော်မူခြင်း။
၁၈။ အဘိဓမ္မာတရားတော်ကို တာဝတိံသာနတ်ပြည်၌သာ ဟောကြားတော်မူခြင်း။
၁၉။ အဘိဓမ္မာတရားဟောကြားတော်မူပြီး၍ လူပြည်သို့ ဆင်းကြွတော်မူသောအခါ သင်္ကဿ မြို့တံခါးဝ၌သာ
ဆင်းကြွတော်မူခြင်း။
၂၀။ ဖလသမာပတ်ဖြင့်သာ အမြဲမပြတ်နေတော်မူခြင်း။
၂၁။ ဈာန်သမာပတ်နှစ် မျိုးဝင်စားသောအခါ၌ ကျွတ်ထိုက်သော သတ္တ၀ါတို့အား ကြည့်ရူတော်မူခြင်း။
၂၂။ အပြစ်ကျုးလွန်သောသူ ပေါ်ပေါက်သောအခါမှာသာ ၀ိနည်းပညတ်တော်မူခြင်း။
၂၃။ လျောက်ပတ်သောအခါတို့၌ ဖြစ်တော်စဉ် ဇာတ်တော်တို့အား ဟောကြားတော်မူခြင်း။
၂၄။ ဗုဒ္ဓ၀င်ဖြစ်စဉ်တို့ကို ဆွေတော်မျိုးတော် ပရိသတ်၌ ဟောကြားတော်မူခြင်း။
၂၅။ ဖူးတွေ့ရန်လာသော တပည့်သာဝက ရဟန်းတော်တို့အား ပျုငှာစွာ နူတ်ဆက်တော်မူခြင်း။
၂၆။ ၀ါကပ်တော်မူသောနေရာတို့၌ ပင့်ဖိတ်သော ဒါယကာ၊ ဒါယိကာမတို့အား အသိပြောကြားခြင်းမပြုဘဲ
     ဖဲကြွတော်မမူခြင်း။
၂၇/၂၈။ ဆွမ်းမဘုဉ်းပေးမှီနှင့် ဆွမ်းစားပြီးချိန်တွင်လည်းကောင်း၊ ညဥ့်သုံးယမ် တို့၌ လည်းကောင်း ဗုဒ္ဓကိစ္စတို့အား ဆောက်ရွက်တော်မူခြင်း။
၂၉။ ပရိနိဗ္ဗာန် ၀င်စံတော်မမူခင်တွင် အသားဟင်း (မံသရဇဘောဇန) အား ဘုဉ်းပေးတော်မူခြင်း။
၃၀။ ပရိနိဗ္ဗာန် ၀င်စံတော်မမူမှီကာလ၌ နှစ်ဆယ့်လေးကုဋေ၊ တစ်သိန်း အရေအတွက်ရှိသော သမာပတ်တော်အားဝင်စားတော်မူခြင်း။

ဘုရားရှင်တို့တွင် အန္တာရာယ် မပြုနိုင်သော အရာဌာန လေးပါး
==================================================
၁။ ဘုရားရှင်တို့အတွက် ရည်မှန်းထားသော ပစ္စည်းလေးပါးတို့အား မည်သူမှ အန္တာရာယ် မပြုနိုင်။
၂။ ဘုရားရှင်တို့၏ အသက်တော်အား မည်သူကမျှ အန္တာရာယ် မပြုနိုင်။
၃။ ဘုရားရှင်တော်၏ (၃၂) ပါးသော ယောကျာ်းမြတ်တို့၏ လက္ခဏာတော်တို့အားလည်းကောင်း၊
    (၈၀) သော လက္ခဏာငယ်တို့အားလည်းကောင်း မည်သူကမျှ အန္တာရာယ် မပြုနိုင်။
၎။ ဘုရားရှင်တို့၏ ရောင်ခြည်တော်အား မည်သည့်အရာကမှ ပိတ်ပင်တားဆီးခြင်း မပြုနိုင်။

==================================================

ဇာတိခေတ် စကြ၀ဠာတိုက်တစ်သောင်းအတွင်း ယခု စကြာဝဠာမှာသာ ဘုရားပွင့်ပါတယ်။ (AA.i.251; DA.iii.897) တစ် ကြိမ်တစ်ခါမှာ ဘုရားတစ်ဆူသာပွင့်တော်မူတယ်။ (D.ii.225; D.iii.114)၊ ဒီ အကြောင်းရာနဲ့ပတ်သက်ပြီး အကြောင်းရင်း ရှင်း လင်းချက်တွေကို Mil. 236; DA.iii.900f တို့မှာတွေ့နိုင်တယ်။ ရှေးဘုရားရှင်တို့ရဲ့ သာသနာ လုံးဝ မကွယ်မချင်း နောက်ဘုရား တစ်ဆူ မပွင့်ပေါ်နိုင်ဘူး။ ဘုရားရှင်တို့ရဲ့ သာသနာဟာ ‘‘ဓာတုပရိနိဗ္ဗာန်’’ စံဝင်တော်မူခြင်းဖြင့် အပြီးတိုင်ကွယ်ပျောက်တယ် လို့ ဆိုပါတယ်။ ဘုရားအလောင်းတော်တစ်ဦး  တုသိတာ နတ်ပြည်ကနေ စုတေပြီး မယ်တော်ရဲ့ ၀မ်းကြာတိုက်မှာ ပဋိသန္ဓေ ယူတော်မူတာနဲ့ တပြိုက်နက် စကြာဝဠာအနှံ့မှာ အံ့သြဖွယ်ကောင်းတဲ့ အလင်းရောင်ကြီးဖြစ်ပေါ်လာပြီး တစ်သောင်းသော စကြာဝဠာလောကဓာတ်ဟာ သိမ့်သိမ့်ခါအောင် တုန်လှုပ်တယ် လို့လည်း တွေ့ရပါတယ်။ ဒီလို ထူးခြားအံ့သြဖွယ်အလင်းရောင် ကြီးနဲ့ မြေတုန်လှုပ်မူဟာ ဘုရားအလောင်းတော် ဖွားတော်မူတဲ့အခါ၊ သဗ္ဗညုတဉာဏ်တော်ရတော် မူတဲ့အခါ၊ ဘုရားဖြစ်တော် မူပြီး ပထမဆုံး တရာဦးဟောကြားတော်မူတဲ့အခါ၊ ပရိနိဗ္ဗာန်ဝင်စံတော်မူမဲ့ အချိန်ကာလကို ထုတ်ဖော်မိန့်ကြားတော်မူတဲ့အခါ နဲ့ ပရိနိဗ္ဗာန်စံတော်မူတဲ့ အခါတို့မှာလည်း ဖြစ်ပေါ်မြဲ ဓမ္မတာဖြစ်တယ်လို့ ဆိုပါတယ်။ (D.ii.108f.; cp. DA.iii.897)

‘‘မဟာပဒါနသုတ်’’ (D.ii.12-15) နဲ့ ‘‘အစ္ဆရိယ အဗ္ဘုတဓမ္မသုတ်’’ (M.iii.119-124) တို့မှာ ဘုရားအလောင်းတော် ဖွားတော်မူစဉ် ဖြစ်ပေါ်တဲ့ အခြားအံ့သြဖွယ်ရာတွေကို တွေ့ကြရ တယ်။ နောက်ပိုင်းအဖွင့်ကျမ်းတွေမှာတော့ ဒီအကြောင်းရာတွေကို အသေးစိတ်ထပ်မံဖွင့်ဆိုထားကြတယ်။ (e.g., J.i.) အဲဒီကျမ်းဂန်တွေထဲမှာ ဘုရားအလောင်းတော်ဟာ ပါရမီတော်ဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့တယ်။ စွန့်ခြင်းကြီးငါးပါးကို စွန့်တော်မူခဲ့တယ် (ပဉ္စမဟာပရိစ္စာဂ)။ ဆွေတော် မျိုးတော်တွေရဲ့အကျိုး၊ လောကအကျိုး၊ ဘုရားဖြစ်ခြင်း အကျိုး ဆိုတဲ့ အကျိုးသုံးပါးအတွက်လည်း ကျင့်တော်မူခဲ့တယ်။ ဝေဿ န္တရာမင်းကြီး ဘ၀မှာ ‘‘မဟာဒါန (၇)ပါး’’ ကို ပြုကျင့်တော်မူခဲ့လို့ မြေကြီး ခုနှစ်ကြိမ်၊ ခုနှစ်ခါ တုန်လှုပ်ခဲ့တယ်။ အဲဒီနောက် စုတေပြီး တုသိတာနတ်ပြည်မှာ နတ်သားဖြစ်တော်မူပါတယ်။ ‘‘၀ိပဿီ’’ မြတ်စွာဘုရား အလောင်းတော်နတ်သား ကတော့ တုသိတာနတ်ပြည်မှာ သက်တမ်းပြည့်အောင် နှစ်ပေါင်း ငါးဆယ့်ခုနှစ်ကုဋေ ခြောက်သောင်း၊ ခုနှစ်ထောင်ကာလပတ်လုံး နေတော်မူခဲ့ပေမဲ့ အခြား ဘုရားအလောင်းတော်နတ်သားအများစုဟာ နတ်သက်တမ်းပြည့်အောင် မနေကြောင်းတွေ့ရတယ်။ အလောင်းတော်နတ်သားအတွက် နတ်သက်တမ်းကုန်ဆုံးခါနီးမှာ စုတိနိမိတ် ငါးပါး ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ အဲဒီ အချိန်မှာ စကြာဝဠာတိုက်တစ်သောင်းက နတ်တွေဟာ အလောင်းတော်နတ်သားထံရောက်လာကြပြီး နတ်ဘ၀က စုတေဖို့ ၊ လူ ဘ၀ ပဋိသန္ဓေယူတော်မူပြီး ဘုရားဖြစ်တော်မူဖို့ တိုက်တွန်းတောင်းပန်ကြတယ်။ အဲလိုတောင်းပန်ကြတဲ့အခါ အလောင်း တော် နတ်သားဟာ ကြည့်ခြင်း ငါးပါးကို ကြည့်တော်မူတယ်။ (ပဉ္စမဟာဝိလောကနာနိ)
အချို့သော ကမ္ဘာတွေဟာ ဘုရားတစ်ဆူသာ ပွင့်တော်မူပြီး ‘‘သာရ’’ ကမ္ဘာလို့ခေါ်တယ်။ အချို့ကမ္ဘာတွေကတော့ ‘‘မဏ္ဍ’’ကမ္ဘာ လို့ခေါ်ပြီး ဘုရားနှစ်ဆူပွင့်တော်မူပါတယ်။ အချို့ကမ္ဘာတွေကို ‘‘၀ရ’’ ကမ္ဘာလို့ခေါ်ပြီး ဘုရားသုံးဆူပွင့်တော်မူတယ်။ ဘုရားလေးဆူပွင့်တဲ့ ကမ္ဘာတွေကိုတော့ ‘‘သာရမဏ္ဍ’’ ကမ္ဘာလို့ခေါ်ပြီး၊ အခဲယဉ်းဆုံးကတော့ ဘုရားငါးဆူပွင့်တော်မူတဲ့ “ဘဒ္ဒ ကမ္ဘာ’’ ဖြစ်ပါတယ်။ (BuA.158f) ကမ္ဘာဦးကာလ လူ့သက်တမ်း တစ်သိန်းကျော်မှာ ဘုရားမပွင့်ဘူး။ အဲဒီ သက်တမ်းမှာ လူ တွေဟာ အိုခြင်းတရား၊ သေခြင်းတရားနဲ့ ပတ်သက်ပြီး သံဝေဂ မ၀င်နိုင်ကြလို့ ဘုရားပွင့်တော်မူပြီး တရားဟောကြားလည်း တရားမရနိုင်ဘူးဆိုပါတယ်။ လူ့သက်တမ်း တိုလွန်းတဲ့ကာလမှာလည်း လူတွေဟာ ကိလေသာထူပြောပြီး တရားအသိရဖို့ မတတ်နိုင်တဲ့အတွက် ဘုရားမပွင့်ဘူးလို့ ဆိုတယ်။ ဒါကြောင့်မို့ ဘုရားပွင့်ရာကာလဟာ လူ့သက်တမ်း နှစ်တရာအောက်လည်း မလျော့၊ နှစ်တစ်သောင်းထက်လည်း မပိုတဲ့ ကာလဖြစ်တယ်။ ပထမဆုံး ဘုရားအလောင်းတော်ဟာ ဘုရားဖြစ်ရာ ကျွန်းဒေ သနဲ့ တိုင်းပြည်ကို ကြည့်တယ်။ ဘုရားရှင်တို့ဟာ ‘‘ဇမ္ဗူဒီပါကျွန်း’’ မှာဘဲပွင့်တော်မူကြပြီး၊ အဲဒီ ကျွန်းမှာလည်း ‘‘မဇ္ဈိမဒေသ’’   မှာသာပွင့်တော်မူကြတယ်။ အဲဒီနောက် အမျိုးအနွယ်ကိုကြည့်တော်မူပါတယ်။ ဘုရားရှင်တို့ဟာ ‘‘ဗြဟ္မာဏမျိုး’’ သို့မဟုတ် ‘‘ခတ္တိယ’’ မင်းမျိုးမှာသာ ဖွားတော်မူကြတယ်။ ဒီ မျိုးနွယ်နှစ်ခု အနက် ဖြစ်ရာခေတ်ကာလ လူတွေ ရိုသေကိုင်းရှိုင်းမှု၊ တန်ဖိုးထား မူပိုတဲ့ မျိုးနွယ်မှာ ဖွားတော်မူတာဖြစ်တယ်။ အဲဒီနောက် ဘုရားအလောင်းတော်ဟာ မယ်တော်ကို ကြည့်ပါတယ်။ ဘုရားအလောင်းတော်ရဲ့ မယ်တော်ဟာ ပညာရှိရမယ်၊ အကျင့်သီလဖြူစင်ပြီး စိတ်ထားမြင့်မြတ်ရမယ်။ ပြီးတော့ မယ်တော် ဟာ ဘုရားအလောင်းတော်ဖွားတော်မူပြီး ခုနှစ်ရက်ကာလ မှာ ကံတော်ကုန်ရမှာဖြစ် တယ် လို့ဆိုပါတယ်။

အလောင်းတော်နတ်သားဟာ ဆိုခဲ့ပြီးတဲ့ ကြည့်ခြင်းငါးပါးကို ကြည့်ရူတော်မူပြီး နန္ဒ၀န်ဥယျာဉ်တော်အတွင်းလှည့်လည်တယ်။  လှည့်လည်ရင်း နတ်သက်ကြွေတော်မူပြီး လူ့ပြည်မှာ သန္ဓေယူတော်မူတယ်။ အလောင်းတော်နတ်သားဟာ နတ်သက်ကြွေ တာကို သိတော်မူပေမဲ့ သူ့ရဲ့ စုတိစိတ်ကိုတော့ မသိနိုင်ဘူးလို့ဆိုပါတယ်။ ဘုရားအလောင်းတော်ဟာ ပဋိသန္ဓေယူတော်မူစဉ် မှာ သိလျက်နဲ့ ယူလေသလား၊ မယူသလား ဆိုတာနဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာတော်တွေ အယူအဆကွဲပြားကြဟန်တူ ပါတယ်။ ဘုရားအလောင်းတော် ပဋိသန္ဓေနေတော်မူတဲ့အခါ မယ်တော်စိတ်သဏ္ဌာန်မှာ ရာဂစိတ် အလျဉ်းမဖြစ်ပေါ်ဘူး။ ဘုရားအလောင်းတော် သန္ဓေယူတော်မမူမှီ ခုနှစ်ရက်ကတည်းက မယ်တော်ဟာ ဥပါသ်သီလစောင့်ထိန်းတယ် လို့ဆိုတယ်။ သို့ပေမဲ့ ကာမဂုဏ်စပ်ယှက်မူ မပါဘဲ ဖွားတော်မူတယ် ဆိုတာမျိုးကိုတော့ မတွေ့ကြရပါဘူး။

ဘုရားအလောင်းတော် ပဋိသန္ဓေယူတော်မူမဲ့ နေ့ဟာ ဥတ္တရာသဠ်နက္ခတ်ပွဲသဘင်ဆင်ယင်ကျင်းပလေ့ရှိတဲ့ ၀ါဆိုလပြည့်နေဖြစ် တဲ့အတွက် မယ်တော်ဟာ အမွှေးနံ့သာရေနဲ့ ရေးချိုးသုတ်သင်ပြီး မွန်မြတ်ဖွယ်ရာတဲ့အစားစာနဲ့ တည်ခင်းစားသောက်တယ်။ အဲဒီနောက် ဥပါသ်သီလခံယူဆောက်တည်ပြီး ကျက်သရေတိုက်ခန်းမှာ မှေးစက်တော်မူတယ်။ မယ်တော်မှေးစက်တော်မူစဉ် မှာ ထူးခြားတဲ့ အိပ်မက်ကို မြင်မက်ပါတယ်။ အိပ်မက်ထဲမှာ စတုမဟာရာဇ် နတ်မင်းကြီးလေးပါးဟာ မယ်တော်ကို အိပ်ယာ သလွန်တော်နဲ့ တကွ ဟိမ၀န္တာတောင်ပေါ် ဆောင်ကြဉ်းသွားပြီး နတ် မိဘုရားတွေကို မယ်တော်အား အနောဝတတ်ရေအိုင်မှာ ရေချိုးသပ္ပါယ်စေတယ်။ နတ်ဝတ်နတ်စားတွေကိုလည်း ဆင်မြန်းစေပြီး နတ်တို့ အမွှေးနံ့သာများနဲ့ နတ်ပန်းတွေကိုလည်း ဆင်မြန်းစေတယ်။ အဲဒီနောက် အနောဝတတ် ရေအိုင်နဲ့ မနီးမဝေးမှာရှိတဲ့ ငွေတောင်ကြီးအတွင်း က ရွှေဗိမာန်တော်မှာ အရှေ့အရပ်ဦးခေါင်းပြုပြီး အိပ်စက်စေတယ်။ အဲဒီ အချိန်မှာ ဘုရားအလောင်းတော်ဟာ ဆင်ဖြူတော်ကြီး အသွင်သဏ္ဌာန်နဲ့ မယ်တော်အိပ်စက်ရာ ရွှေ ဗိမာန်အခန်းထဲကို ၀င်ရောက်လာပြီး မယ်တော်ရဲ့ အိပ်ယာကို ညာဘက်ကနေ သုံးကြိမ် ပတ်တော်မူပါတယ်။ အဲဒီနောက် မယ် တော်ရဲ့ လက်က်ျာနံပါးကို နှာမောင်းတော်နဲ့ ခွဲဖောက်ဖွင့်လှပ်တော်မူပြီး မယ်တော်ဝမ်းတိုက်အတွင်းကို ၀င်ရောက်မူတယ်။ အိပ်ယာက နိုးလာတဲ့ အခါ အဲဒီ ထူးခြားတဲ့ အိပ်မက်နဲ့ပတ်သက်ပြီး မယ်တော်က ဘုရင်မင်းမြတ် ကိုပြောကြားတယ်။ အဲဒီ နောက် ပရောဟိတ်တွေကို အိပ်မက်ဖတ်ကြားခိုင်းတဲ့အခါ ဖွားတော်မူတဲ့ သားတော်ဟာ လောကမှာ တန်ခိုးစွမ်းအားကြီးတဲ့ ‘‘စကြာဝတေးမင်း’’ ဖြစ်လိမ့်မယ်။
သို့မဟုတ်ရင် လူ၊ နတ်နှင့်တကွ လောကသုံးပါးရဲ့ ဆရာသခင် ‘‘ဗုဒ္ဓ’’ ဖြစ်လိမ့်မယ် လို့ ဖတ်ကြားပါတယ်။
မယ်တော် ၀မ်းကြာတိုက်မှာ ဘုရားအလောင်းတော် တည်နေပုံ အခြေနေတွေနဲ့ ပတ်သက်ပြီး အထက်မှာ ညွှန်းဆိုခဲ့တဲ့သုတ် နှစ်သုတ်မှာ ဆက်လက်ဖော်ပြထားတယ်။ ဒါ့အပြင် ဘုရားအလောင်းတော်ဟာ မယ်တော်ရဲ့ သက်တမ်း သက်လတ်ပိုင်းအရွယ် ရဲ့ သုံးခုမြောက်အသက်အပိုင်းအခြားမှာ ဖွားတော်မူတယ် လို့လည်း ဆိုတယ်။ (DA.ii.437) အကြောင်းကတော့ အဲဒီ အသက် အပိုင်းအခြားဟာ မယ်တော်အတွက်ရော၊ ဘုရားအလောင်းတော်အတွက်ပါ လွယ်ကူသက်သာစွာ မွေးဖွားနိုင်မဲ့ အရွယ်ဖြစ်တဲ့ အတွက်လို့ ရှင်းပြထားပါတယ်။ ဘုရားအလောင်းတော်ဖွားတော်မူတဲ့အခါ အံ့သြဖွယ်ရာ အမျိုးမျိုးအထွေထွေ ဖြစ်ပေါ်ခဲ့တယ်။
အဖွင့်ကျမ်းတွေမှာတော့ အဲဒီသုတ်တော်တွေမှာ ပါရှိတဲ့ အံသြဖွယ်ရာတွေနဲ့ ပတ်သက်ပြီး အကျယ်တ၀င့်ဖွင့်ဆိုထားကြတယ်။ ဘုရားအလောင်းတော်ဟာ ဖွားတော်မူပြီးလျင်ပြီးချင်း ခိုင်မြဲစွာရပ်တော်မူပြီး မြောက်အရပ်ဆီကို ခြေလှမ်းတော် ခုနှစ်လှမ်း ကြွ ချီတော်မူတယ်။

Credit - မူရင်းရေးသားသူ

Post a Comment