ဂျေဂျေး(သို့မဟုတ်)ကျွန်တော်ရဲ့လူညာမလေး

ဂျေဂျေး (သို့မဟုတ်) ကျွန်တော်ရဲ့ လူညာမလေး
××××××××××××××××××××××××××××
(အပိုင်း-၁)

   သူက မန္တလေးမှာ ကျောင်းလာတက်သူ ဆိုတော့ အိမ်ကို အလွမ်းဖြေဖို့အတွက်.. ဖုန်းရယ်.. အင်တာနက်လိုင်းရယ်.. ဖေ့ဘုတ်ရယ်.. စတေးတပ် တစ်ခုရယ်.. လိုသည်လို့ သူခံယူထားတဲ့ အတိုင်း.. နေမကောင်းတာဖြစ်ဖြစ်.. လွမ်းတာ.. သတိရတာ ဘာဖြစ်ဖြစ်.. ဖေ့ဘုတ်ပေါ်သို့ ရင်ဖွင့်တတ်သည်။
   သူ့မှာကလည်း ဖေ့ဘုတ်ကလွဲရင် တခြားရင်းနှီးသူမှ မရှိတာ..၊

   "နေမကောင်းဘူး.. အားနည်းနေတာ အမေ့ကို သတိရလိုက်တာ.."

   ဆိုတဲ့ သူ့ရဲ့ စတေးတပ်လေး အောက်မှာ ဟုတ်သည်ရှိ.. မဟုတ်သည်ရှိ.. အားတင်းထား..၊ ဒီလိုပဲပေါ့ကွာ..၊ ဘဝက ဒီလိုပဲ..၊ ဖိုက်တင်း..၊ ဆိုတာတွေ ဖတ်ပြီး ကြည်နူးနေတုန်း.. မန့်တစ်ကြောင်းက တက်လာသည်။

   "အိုဘီမင် သောက်လေ.." တဲ့..၊

   သူ စိတ်နည်းနည်း တိုသွာပြီး ထိုအကောင့် ပိုင်ရှင်ကို ကြည့်တော့ သူနဲ့ သူငယ်ချင်လည်း မဟုတ်ပဲနဲ့.. ပေါက်ကရ လာမန့်သွားခြင်းသာ..၊
   စိတ်ထဲမှာ နည်းနည်းတင်းသွားပြီး.. ထိုအကောင့်ကို အပ်လိုက်တော့.. သူကချက်ချင်း လက်ခံလိုက်၏။ ထို့ကြောင့် နေပါစေဆိုပြီး စိတ်လျော့လိုက်ခြင်း ကနေ တစ်ခုခု ပြောချင်သွားတာမို့..

   "ဟေ့ ငါနေမကောင်းဘူး ဆိုတာကို မင်းကဟာသ လုပ်ချင်နေတာလား.. ငါလျှောက်တင်နေတယ် ထင်လို့လား.."

   အတန်ကြာတဲ့အထိ စာမပြန်လာတော့ ဖတ်နေကျ စာတွေကို လိုက်ရှာဖတ်ရင်း.. ထိုအကောင့်ကို ခေတ္တမေ့သွား၏။ နောက်တော့ ပြောင်နေတဲ့ စတစ်ကာလေး ပို့လာပြီး..

   "ဟာသ လုပ်ချင်လောက်အောင် ဆွဲဆောင်မှု ရှိလို့ပါ.. သူများမရေးစေချင်ရင်.. မန့်ပိတ်ထားလိုက်လေ.. အပိုတွေ လာပြောမနေနဲ့.."

   ဘာဆက်ပြောရမလဲ မသိအောင်ကို ထိုသူက ထောက်ပြသွားခဲ့လေပြီ။ သူဘာဆက်ပြောရ မလဲ ဆိုတာ မသိတော့သလို.. ဆက်ပြောရင်လည်း ထိုသူကို နိုင်အောင် ပြောနိုင်ဖို့ မလွယ်..၊ သို့သော် ထိုသူကပဲ ဆက်၍..

   "ဟေ့ ငါ့နာမည်က ဂျေဂျေးပါ.. စကားပြောမလား.."

   "မပြောဘူး.. မင်းက လူနောက်.. ငါက မင်းထင်နေသလို မဟုတ်ဘူး"

   "မှားတယ်.. ငါက လူလိမ် နင်က ငါထင်သလိုပဲ ငပိန်း"

   ပြောပြီးတာနဲ့ လိုင်းပေါ်ကနေ တန်းဆင်းသွားတော့၏။ ဆင်းသွားပြီ ဆိုမှ ဝေါထဲကို သေချာအောင် ပြန်ဝင်ကြည့်တော့ ထင်တဲ့အတိုင်း.. သူမကမိန်းကလေး..၊ ပရိုဖိုင်းပုံကလည်း ကြောင်တောင်တောင် ကြားတားတား.. ပုံတွေ..၊ ဝေါထဲမှာလည်း ပေါက်ကရ ဟာသပိုစ့်တွေ ရှယ်ထားသေး၏။ ပြီးတော့ အူကြောင်ကြောင် နိုင်ငံရေးပိုစ့်တွေကိုလည်း.. ရှယ်ယူထားသေးသည်။ နောက်ထပ် ဘာအဓိပ္ပါယ်မှန်း မသိနိုင်တဲ့ စာအတိုလေးတွေ ရေးထားတာလည်း ရှိ၏။ အကောင့် နာမည်ကိုက.. J Jae.. တဲ့..၊ ဘာမှန်းမသိ..၊
   သူမဘယ်လိုလူ ဆိုတာ မှန်းရခက်ခဲစွာ.. မပတ်သတ်သင့်တဲ့ လူတစ်မျိုး ဖြစ်မည်လို့ ကောက်ချက် ဆွဲလိုက်မိသည်။
                ×××××××××××××××
   သူကသာ မပတ်သင့်ဘူးလို့ ဆိုပေမယ့် သူမက သူ့ကို အဲ့လို မတွေးခဲ့ပဲ..

   "ငပိန်း ဘာတွေ လုပ်နေလဲ"

   "ငပိန်း.. နင် ဟိုကိစ္စ သိပြီးပြီလား"

   "ငပိန်း ငါဒီနေ့ ကျောင်းသွားတာ သူများကို ဒုက္ခ ပေးလာတယ်ဟ"

   "ငါ့နောက်က ဝိုင်းက ကောင်လေ ကောင်မလေးတွေ အကြောင်း အတင်းပြောနေလို့ ငါရေနွေးနဲ့ ပက်ခဲ့တယ်"

   "ဟီး.. တော်တော် အီစိမ့်သွားတယ် ထင်တယ်.. ငါကလည်း ဂရုမစိုက်ပါဘူး.. လူမှားသွားလို့ပါ ဆိုပြီး ဆောရီး ဘာညာနဲ့ လုပ်ခဲ့လိုက်တယ်"

   သူ့နာမည် အရင်းက ဘာညာ..၊ ဘယ်မှာနေတာလဲ..၊ ဘာလုပ်လဲ..၊ ကျောင်းတက်လား..၊ စတဲ့ သမရိုးကျမေးခွန်း တွေကို ကျော်လွန်ပြီး.. သူမဖာသာ ကင်ပွန်းတပ်ထားတဲ့ ငပိန်းဆိုတဲ့ နာမည်ကို တွင်တွင်ခေါ်ရင်း.. သူ့ဘက်က စကားပြန်မပြောလည်း သူမဖာသာ စာတွေပို့ စကားတွေ ပြောနေတတ်သည်။ စိတ်မရှည်လို့..

   "ငါနဲ့ ဘာဆိုင်လို့ ပြောပြနေရတာလဲ"

   "နင် ငါ့ကို မသိလို့ ပြောပြနေတာလေ".. တဲ့၊ သူမက ထိုသို့ ပြန်ပြောတတ်၏။ ထူးဆန်းတယ် ဆိုရတော့မယ့် မိန်းကလေးကို သူ မရင်နှီးချင်ပေမယ့် စတင်ရင်းနှီးမိပြီ ဆိုတော့.. သူမက သူကို စကားတစ်ခွန်း အတည်အတန့် ပြော၏။
   "နင်ငါ့ကို မချစ်နဲ့.. ဒုက္ခနဲ့ ငပိန်းနဲ့ တွေ့သွားမယ်"..တဲ့၊
   "မင်းလို မိန်းကလေးကို ကြိုက်တဲ့သူရှိတယ် ဆိုရင် ငါကလည်း အဲ့လူကို ထိုင်ရှိခိုး လိုက်အုံးမယ် မင်းကို အဲ့လောက်ထိ အထင်တကြီး ရှိတယ် သဘောပေါက် လိုက်တော့.." လို့ ခွန်းတုံ့မခံ ပြန်ပြောပေမယ့် သူမ လိုင်းမတက်တဲ့ နေ့ရက်တွေဆို သတိတရလာသည်။
   ညခုနှစ်နာရီ ထိုးတာနဲ့ သူမကို မျှော်တတ်လာသလို.. သူမ မရှိဘူး ဆိုတာနဲ့.. လိုင်းပေါ်မှာ မနေလိုတော့သော စိတ်က ဘာနဲ့ ပြုစားခံလိုက်ရမှန်း မသိ..၊
   "ငါ့နာမည် ဘာလဲ ဆိုတာ မင်းမသိချင်ဘူးလား" လို့ သူမေးတော့ သူမက ဟက်ဟက်ပက်ပက် ရယ်နေတဲ့ စတေကာလေး ပို့လာပြီး..

   "မင်းနာမည် ငပိန်းလေ.. ခေါ်လို့ရရင် တော်ပြီပေါ့.. ငါက အစစ်အမှန်တွေကို စိတ်မဝင်စားဘူး"

   သူမကို ပြောပြရမလား မပြောပြရဘူးလား တွေးမိနေဆဲမှာ သူမဖက်က စာလေးက အရင်ရောက်လာ၏။

   "နင့်နာမည် ငါမသိချင်ဘူး.. မပြောပြနဲ့ ရောင်းစားလို့မှ မရတာ လိုအပ်တဲ့နေ့ ငါမေးမယ်"

   "ဂျေး မင်းငါ့ကို ပြောပြထားတဲ့ နာမည်ကကော မင်းနာမည် အရင်း ဟုတ်ရဲ့လား.."

   "သူများဆီက အစစ်အမှန်ကို မလိုချင်ဘူး ဆိုမှတော့ ငါကကော သူများကို အစစ်အမှန်တွေ ပေးမယ် ထင်လို့လား.. အဲ့တာကြောင့် ပြောတာ နင်က ငပိန်း"

   "ဂျေး မင်းအသက် ဘယ်လောက်လဲ ဘယ်မှာနေတာလဲ မင်းဘာလုပ်လဲ"

   "ငပိန်းရယ် အဖြေအမှားတွေ လိုချင်လို့ မေးနေတာလား ငါက ညာရတာကို ကြိုက်တယ်"

   "ငါနင့်ကို စိတ်ဝင်စားနေပြီ ထင်တယ်"

   သူမက မျက်လုံးပြူးနေတဲ့ စတေကာလေး ပို့လာပြီး..

   "ဘာလဲ.. စာလုံးဝိုင်းဝိုင်း လုံးလုံးတွေကို စိတ်ဝင်စားနေတာလား.. ငပိန်းရာ.. အပေါစားတွေ မလုပ်စမ်းပါနဲ့ ငါက စကားပြောချင်ရုံပဲ"

   သူမက ထိုသို့ နစ်နစ်နာနာ တွေလည်း ပြောတတ်လေသည်။

   "ငါမင်းကို သိချင်လာတယ် မင်းဘယ်သူလဲ ဘယ်ကလဲ ဆိုတာတွေ ငါသိချင်လာတယ် အဲ့တာ ငါမင်းကို စိတ်ဝင်စားတာပဲလေ"

   "လဲသေလိုက်".. လို့ သူမက ကောင်းချီးပေးလေ၏။
                  ×××××××××××××
   သူမဖက်က စတင်တောင်းဆို ရာကနေ သူဖက်က တောင်းဆို ရတဲ့ အဖြစ်အတွက်လည်း သူဗွေမယူပါ။

   "ဂျေး ငါတို့ စကားပြောရအောင်"

   "ပြောနေတာပဲလေ ငပိန်းရာ အာရုံမနှောက်နဲ့နော် ငါစီအိုစီ ဆော့မလို့"

   "ဘယ်ချိန်ထိ ဆော့နေမှာလဲ ငါမင်းအသံ ကြားချင်တယ် ဗွိုက်ကော ခေါ်လိုက်မယ်"

   "နာရီဝက် စောင့် ငါ ဝါးတိုက်ပြီးမှ အေးဆေးပြောမယ် လုံးဝအာရုံ လာမစားနဲ့နော်"

   သူမပြောတဲ့ နာရီဝက်ကို ပျင်းရိစွာ စောင့်ပြီးတော့ သူမဘက်ကနေ ဗွိုက်ကော ခေါ်လာ၏။

   'ဟေ့.. ငါရှုံးသွားတယ် ငပိန်းရာ.. ကောင်းရော'

   အသံနဲ့ စကား စပြောတာကို သူမက လုံးဝထစ်ငေါ့ခြင်း မရှိတော့ သူနည်းနည်း စိတ်တိုမိသလို ဖြစ်သွားသည်။ သူမ ဒီလိုပဲ သူများတွေနဲ့ စကားပြောနေကျလား.. ဆိုတာကိုတွေးမိပြီး စိတ်ထဲမှာ အလိုမကျ ဖြစ်သွား၏။ ထို့ကြောင့်..

  'ဗွိုက်ကောနဲ့ ဖုန်းပြောနေကျလား'

   'အင်း ပျင်းရင်ပေါ့.. ငါက သူငယ်ချင်းနဲ့ အတူတူနေတာ ဆိုတော့.. ပြောဖြစ်တယ်.. ငါ့တာဝန်က ဖုန်းပြောတာလေ'

   'ဘာ!.. ဖုန်းပြောတာ မင်းတာဝန် ဟုတ်လား.. ဘာကိုပြောတာလဲ'

   'ငပိန်း လျှောက်တွေးမနေနဲ့.. မင်းအသက်သာ ထွက်သွားမယ် အဖြေရမှာ မဟုတ်ဘူး ပြော.. ဘာပြောချင်တာလဲ'

   သူမ အသံက ချိုချိုရှရှလေး..၊ ချိုအီပစ်ခဲ နေတာမျိုး မဟုတ်ပဲ စကားပြောသွက်ပြီး မူနွဲ့နေတာမျိုး မဟုတ်ပဲနဲ့ကို နားထောင်လို့ မဝနိုင်တာမျိုး..၊ ဝိုင်တစ်ခွက်ကို ခပ်ဖြည်းဖြည်း စုတ်ယူသောက် နေရတာမျိုး.. ကုန်သွားမှာကို ကြောက်နေမိတဲ့ ခံစားချက်ကို စိမ့်ဝင်ခံစား မိနေ၏။

   'ငါ.. မင်းအသံကြားချင်လို့ပါ..'

   'တကယ့် ငပိန်းပဲ အခုကြားပြီ မဟုတ်လား ဒါပဲ..'

   သူ့မှာ တစ်ခုခုပြောဖို့ အားယူနေဆဲ ရှိသေးတယ် သူမက တကယ်ကြီး ချပစ်လိုက်တော့ သူ့မှာ အီလည်လည်ကြီး ကျန်ခဲ့ရ၏။ ကမန်းကတမ်း ပြန်ခေါ်တော့ သူမက..

   'ဘာပြောချင်တာလဲ ပြော.. ငါစိတ်တို လာပြီနော် အရည်မရအဖက်မရတွေ လာမပြောနဲ့တော့..'

   သူကလည်း စိတ်က အချဉ်ပေါက်နေပြီမို့..

   'အရည်ရ အဖက်ရတာတွေ ငါမသိဘူး.. လိုချင် ဈေးထဲသွားဝယ်.. ငါပြောဖို့ ကျန်သွားလို့ မင်းအသံက ရူးချင်လောက်အောင် နားထောင်လို့ ကောင်းတယ် ဒါပဲ!.. ဂျေးစုတ်'

   ဒီတစ်ကြိမ်တော့ ပြောပြီးတာနဲ့ သူဘက်ကအရင် ဖုန်းချပစ်လိုက်၏။ ထိုအခါမှ သူမက ဖုန်းနံပါတ်တစ်ခု ပို့လာပြီး..

   "သတိရလို့ လွမ်းလို့ ဆိုတဲ့ အူကြောင်ကြောင် အကြောင်းပြချက်တွေနဲ့ ငါ့ဆီဖုန်းမဆက်နဲ့နော် ငါကမအားတာများတယ်"

   ဖုန်းမဆက်နဲ့ ဆိုတော့ မဆက်ဘူးပေါ့..၊ မက်စေ့တော့ ပုံမှန် ပို့ဖြစ်၏။ ဖုန်းပြောဖြစ်တိုင်း သူ့ရဲ့ စကားတွေကို သူမက ဟာသတွေ လုပ်ပစ်တတ်၏။ တစ်ခါတစ်လေ ငိုချင်တယ်ကွာ ဆိုပြီး ရယ်သံတစ်ဝက်နဲ့ ငိုပြတာလည်း ရှိသည်။ တစ်ခါတစ်ခါ ကျတော့ သီချင်းဆိုပြမယ် ဆိုပြီး.. ပေါက်ကရ အသံတွေနဲ့ လျှောက် ဆိုပြတာလည်း ရှိသလို စာဖတ်ပြမယ် ဆိုပြီး.. ဘာမှန်းမသိတာတွေကို ရွတ်ပြတာလည်း ရှိ၏။

   သူမနဲ့ဖုန်းပြောရင်း.. သူမကို ပုံဖော်ကြည့်တော့ သူမက သွက်သွက်လက်လက် ချစ်စဖွယ်လေး ဖြစ်နေခဲ့သည်။ သူမနဲ့ ဖုန်းမပြောရမှာကိုလည်း စိုးရိမ်တတ်လာပြီ။ ထို့ကြောင့်..

   'ဂျေး.. ငါမင်းကို ချစ်နေပြီ ထင်တယ်.. ငါတို့ အပြင်မှာ တွေ့ရအောင်ကွာ..'

   သူက မရဲတရဲ တောင်းဆိုတာကို သူမက.. ချက်ချင်း..

   'အင်း.. ကောင်းသားပဲ ငါ့နာမည် အရင်းက ပန်းယမုံ တနင်္လာနေ့ မနက် ရှစ်နာရီ ကျရင် ဦးပိန်တံတား ထိပ်မှာ စောင့်နေမယ်.. ပန်းရောင်ဝမ်းဆက် ဝတ်ထားမယ် ငါးမိနစ်ထက် နောက်ကျရင် တစ်သက်လုံး မတွေ့ရတော့ဘူးမှတ်.. ချစ်တာ မချစ်တာကတော့ တွေ့မှ ပြောတော့.. အော်.. ဖုန်းမယူလာရဘူး'

   သူမကို အခုလောက် လွယ်လွယ်ကူကူ တောင်းဆိုလို့ ရမယ်လို့ မထင်ထားခဲ့ပေမယ့် သူ့ကို တွေ့မယ် ဆိုတော့ ရင်တွေ ဇွတ်ခုန်မိသေးသည်။
   တနင်္လာနေ့ ရောက်တော့ ငါးမိနစ်ပဲ နောက်ကျခွင့်ရှိတာ ဆိုတော့ သူ့မှာ သူမကို လိုက်ရှာရတာ ဖတ်ဖတ်မောလို့..၊ ပန်းရောင်ဝမ်းဆက်နဲ့ မိန်းကလေးကို တွေ့တော့ သူ့ခြေလှမ်းတွေ ရပ်တန့်သွားမိသည်။

   ပါးပြင်မှာ သနပ်ခါးလေး ညီညီညာညာ လိမ်းထားပေမယ့်.. ဆံပင်တွေ ခါးတိုင်အောင် ဖြောင့်ဖြောင့်စင်းစင်းလေး ဖြန့်ချထားပေမယ့်.. နှုတ်ခမ်းလေးတွေ စုထွေးနေပေမယ့် ဖြူဝင်းသော အသားရေ ပိုင်ရှင်လေးပေမယ့်.. သူ့ရင်ခုန်သံတွေက လှုပ်ခတ်မလာပေ။
   သူငိုချင်သွားမိ၏။ ဘာလို့များ.. ဂျေးကို ရင်မခုန်ရတာလဲ.. တကယ်ဆို သူဂျေးကို လုံးဝရင်ခုန်လိမ့်မယ်လို့ တစ်ထစ်ချ ယုံကြည်ထားပေမယ့် ရင်ခုန်သံက ခပ်တိုးတိုးသာ..၊

   'ဂျေး!..'

   သူခေါ်လိုက်ပေမယ့် သူမက သူ့ဘက်သို့ လှည့်မလာပေ..၊

   'ဂျေး!..'

   သူ အသံကို မြှင့်ပြီး ထပ်ခေါ်လိုက်မှ လှည့်လာ၏။ သို့သော်.. သူကပဲ အနားသို့သွားကာ..

   'ကျွန်တော်က ဂျေးခေါ်နေတဲ့ ငပိန်းပါ.. ကျွန်တော် နာမည် နေဖြိုးသူပါ..'

   'ကျွန်မနာမည် ပန်းယမုံပါ ဟိုနေ့က ပြောလိုက်တယ်လေ.. ဂျေးဆိုတာကို ကျတော့ အပြင်မှာ သိပ်မရင်းနှီးဘူး'

   အပြုံးချိုချို.. အသံချွဲချွဲလေးကိုလည်း သူရင်မခုန်မိပေ၊ ဂျေးအသံက အပြင်မှာ ဒီလိုမျိုးလား.. ဆိုတဲ့ အတွေးတွေ ယောက်ယက်ခတ် သွား၏။

   'ဆိုင်ထိုင်မလား.. လမ်းလျှောက်ကြမလား.. ဒါမှမဟုတ် တခြား ဘယ်သွားချင်လဲ'

   ဂျေးကို တွေ့ရင် အရမ်းကို ပျော်လိမ့်မယ်လို့ တွေးထင်ထားပေမယ့် သူမနားက ထွက်ပြေးချင်စိတ် တွေသာ ကြီးစိုးနေခဲ့၏။ ညရောက်လို့ ဖုန်းဆက်တော့..

   'ဘယ်လိုလဲ ငပိန်း.. ငါနဲ့တွေ့ရတာ မပျော်သလိုပဲ.. ချစ်တယ်လို့ ပြောထားတာ ရုတ်သိမ်းချင်လား.. မှီသေးတယ်နော်..'

   သူမဆီက စကား စပြောလိုက်တာနဲ့ နေ့လည်က သေဆုံးသွားပြီလို့ ခံစားနေရတဲ့ ရင်ခုန်သံတွေကို သူ ပြန်လည် ရှာတွေ့သွားသည်။

   'ဂျေး.. ငါနင့်ကို လွမ်းနေတာ..'

   သူရူးသွားတာလား ကြောင်သွားတာလား မသိပေမယ့် ဖုန်းထဲက ဂျေးကမှ သူ့ရဲ့ဂျေးလို့ ခံစားမိနေ၏။

   'ဒီနေ့မှ နင့်ကို ငါသွားတွေ့လာတာ ဘယ်လိုလုပ် လွမ်းရတာလဲ.. ရူးနေလား..'

   'အေး.. ငါရူးနေပြီ ထင်တာပဲ ဂျေးရာ..'

   'ငါက နင်ကြိုက်တဲ့ ပုံစံ မဟုတ်လို့ ထင်တယ်.. နင်ငါ့နားမှာ နေပြီး စိတ်တွေ လွှင့်နေတာ..'

   'ငါကြိုက်တဲ့ ပုံစံဆိုတာ မရှိဘူး ဂျေး ငါ့မှာ အဲ့လို သတ်မှတ်ချက် မရှိဘူး.. မင်းနဲ့ဖုန်းပြောရတာကို ငါအရမ်းကျေနပ်တယ်.. မင်းစိတ်တိုနေနေ ဘာဖြစ်နေနေ ငါကျေနပ်တယ်.. ကျန်တာကို ငါ့နှလုံးသားက အလုပ်လုပ်လိမ့်မယ်..'

   'ငါတို့ တွေ့အုံးမှာလား..'

   'မင်းငါ့ကို တွေ့ချင်လို့လား..'

   'အင်း.. တွေ့ချင်တယ်.. အရပ်က ငါးပေကိုးလောက်ရှိတဲ့.. အသားဖြူဖြူ.. မေးရိုးကားကား.. ဘောဒီစထရပ်ချာ ခပ်မိုက်မိုက်နဲ့ ဆေးလိပ် မသောက် တတ်တဲ့ ကောင်လေးကို ငါက မတွေ့ချင်စရာလား.. ဟား!.. ငါတော့ ဒီနေ့နင့်ကို အရမ်းသဘောကျခဲ့တယ်.. ဒါပဲ အိပ်တော့မယ်..'

   သူမက သူ့ကို အဲ့လို စကားတွေနဲ့ ပြုစား နေလေသလား မပြောတတ်ပေမယ့် သူက သဘောတကျရှိမိရင်း..

   'ဟေ့!.. နေအုံး.. ငါဆေးလိပ်မသောက်တတ်တာ ငါမပြောမိပါဘူး.. မင်းဘယ်လို သိတာလဲ..'

   'မှားသွားရင်.. ဆောရီး.. နင့်နှုတ်ခမ်းတွေ ရဲနေလို့ ခန့်မှန်းကြည့်တာ ဘာပဲဖြစ်ဖြစ် အိပ်ပြီကွာ.. ဒါပဲ'

   သူမဖက်က ဖုန်းချသွားပေမယ့် သူကတော့ ဖုန်းကို ရင်ဘတ်ပေါ် တင်ပြီး.. သူမပြောသွားသမျှကို ရင်တွေခုန်ရင်း မျက်လုံးတွေ မမှိတ်နိုင်ပဲ မိုးလင်းခဲ့ရသည်။
                   ××××××××××××××
   တကယ်တမ်း အပြင်မှာ ဘယ်လိုတွေ့တော့ ထိုမိန်းကလေးကို ဂျေးနဲ့သတ်သတ်စီ ခံစားမိနေရ၏။
   သူမက ကိုယ့်ကို မှီနွဲ့လာတိုင်း.. ဟိုနေရာ သွားရအောင်.. ဒါလေးစားချင်တယ်.. စသဖြင့် ချစ်သူတို့ သဘာဝ ပူဆာလေတိုင်း.. စိတ်မပါ လက်မပါ အင်း.. အဲ.. ဖြင့်သာ ခွေးအ လှည်းနင်းခံရသလို ဖြစ်နေမိ၏။
   ထို့ကြောင့်..

   'ဂျေး.. ကိုယ်မေးချင်တာ.. ရှိတယ်.. ပန်းယမုံက ဂျေး ဟုတ်ရဲ့လား..'

   သူ့ရဲ့ အူကြောင်ကြောင် မေးခွန်းကို ဂျေးက ကြည်ကြည်လင်လင် ပြုံးလိုက်ပြီး..

   'အဲ့လိုမေးလာမယ် ဆိုတာ ပန်းသိပါတယ်.. ပန်းက ဖုန်းထဲမှာ စကားပြောရင် မျက်နှာမမြင်ရတော့ ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်.. အပြင်မှာကျတော့ မျက်နှာမြင်နေရတယ်လေ.. အဲ့လိုပြောဖို့ မလွယ်ဘူး မဟုတ်လား.. မျက်နှာနာစရာကြီး..'

   သူမက အဲ့လို သေချာရှင်းပြတော့လည်း.. သူ့မှာသာ အရူး..၊ ချစ်သူကို ဘေးနားမှာထားပြီး.. အဲ့ချစ်သူကိုပဲ သတိတွေရ.. တမ်းတမ်းတတတွေဖြစ် နဲ့.. ဘာလုပ်လို့ လုပ်ရမှန်းလည်း.. သူမသိတော့ပေ။

   'ဟုတ်သားပဲနော်..'

   အီလည်လည်နဲ့ လက်ခံလိုက်ရပေမယ့် သူ့နှလုံးသားက ဖုန်းပြောနေတဲ့ အချိန်ကျရင် ရူးရူးမူးမူးတွေ ဖြစ်ပြီး အပြင်မှာဆုံတော့ လက်ကလေးကိုင်ဖို့တောင် ဆန္ဒမရှိပါဘူး ဆိုတာကို သူများကို ပြောပြတော့ သူ့ကို ရူးနေပြီ နေဖြိုးသူတဲ့..၊ သူလည်း တကယ်ရူးနေပြီလားလို့ ထင်မိတဲ့ အထိပါပဲ..၊
   ဖုန်းပြောရတာကို နှစ်သက်လို့လားလို့ မေးစရာ ရှိပေမယ့်.. ဂျေးနဲ့ ဖုန်းပြောရတာကလွဲရင် ဖုန်းကြာကြာပြောရတာကို သူမနှစ်ပါ..၊

   တစ်ရက်တော့ စိတ်တွေ ကယောင်ခြောက်ခြားနဲ့ ဒိုင်းမွန်းပလာဇာသို့ တစ်ယောက်တည်း ထွက်လာခဲ့မိသည်။ တွဲလာတဲ့ နှစ်လတာ ကလအတွင်း.. အပြင်မှာတွေ့ကြတဲ့ အချိန်တိုင်း.. စိတ်မပါ လက်မပါပေမယ့် ဖုန်းပြောဖြစ်ကြရင်.. ကျေနပ်ဖွယ် အတိပြီး နေတတ်ကာ လူတစ်ယောက်တည်းကို နှစ်မျိုး ခံစားမိနေ၏။
   အပြင်လောကက ဂျေးနဲ့ လမ်းခွဲချင်နေပြီး.. ဖုန်းထဲက ဂျေးကိုကျတော့ ပျောက်ကွယ်သွားမှာ ကြောက်လန့်နေမိတဲ့.. လူတစ်ဦးတည်းကို နှစ်ယောက်လို့ ခံစားမိနေတဲ့ ခပ်ကြောင်ကြောင်ကောင် ဖြစ်နေမိသည်။
   တွေးနေရင်း.. ဒိုင်းမွန်းကို အပေါ်တက်လိုက်.. အောက်ဆင်းလိုက်နဲ့.. လှေကားနားမှာ ဂျေးကို ကောင်မလေး တစ်ယောက်နဲ့ အတူတူ သွားတွေ့မိသည်။

   'ဂျေး!..'

   သူ့အသံခပ်ဆတ်ဆတ် အဆုံးမှာ ဂျေးကလှည့် မလာပဲ သူမဘေးက ကောင်မလေးက ဖျတ်ခနဲ လှည့်လာ၏။
   အသားခပ်လတ်လတ်.. နဖူးပြေပြေ.. နှာတံစင်းစင်း.. မေးစေ့ချွန်ချွန်လေးနဲ့.. သူမရဲ့ စူးစူးလက်လက် မျက်လုံးလေးတွေက သူ့ကို သေချာပေါက် သိနေသလို ပုံစံမျိုး..၊ ပြီးတော့ မဟတဟပွင့် နေတဲ့ နှုတ်ခမ်းပါပါးလေးတွေက လှောင်ပြုံး တစ်ခုနဲ့ ရောယှက်နေပြီး.. သူ့ကို ပြောင်လှောင်ချင်နေသလိုလို..၊
   ပြီးမှ သူမက ဂျေးရဲ့ပုခုံးကို လက်ဖြင့် ပုတ် ခေါ်လိုက်ပြီး..

   'ပန်း.. နင့်ကို ခေါ်နေတယ်..'

   တော်တော်ကြီး နီးနေပြီမို့ သူမအသံကို သေချာ ကြားလိုက်ရခြင်းက သူ့ကို ပိုမို ခြောက်ခြားစေ၏။ အသံ.. အသံက ဘာလို့များ ဖုန်းထဲက သူရဲ့ဂျေးရဲ့ အသံနဲ့ တူနေရတာလဲ..၊ ရင်ထဲမှာ တစ်လှပ်လှပ် ဖြစ်သွားပြီး သူမကို တစ်ခုခု မေးလိုက်ချင်စိတ်တွေ အပြင်းထန် ဖြစ်ပေါ်လာမိသည်။

   ဂျေးက မျက်နှာ ပျက်ပျက်ဖြင့်..

   'ဒီကို ဘာလာဝယ်တာလဲ'

   'အင်း ဒီလိုပဲ တစ်ခုခု..'

   သူ.. ဟိုကောင်မလေးရဲ့ အသံကို ကြားချင်သေးတယ်..၊ နောက်တစ်ခါ ကြားလိုက်ရရင် သူ့အတွက် သေချာတဲ့ အဖြေသိရတော့မည်။

   'မုန့်သွားစား ကြမလား.. ကရား နင်လိုက်အုံးမလား..'

   သူမဆီက စကား နောက်တစ်ခွန်း ကြားလိုသေးပေမယ့်.. သူမက နောက်သို့ နှစ်လှမ်းလောက် ဆုတ်သွားပြီး.. သူ့ကိုလား ဂျေးကိုလား မသိပေမယ့် မျက်စိတစ်ဖက်ကို မှိတ်ပြလိုက်ပြီး.. လက်ညိုးနဲ့ လက်ခလယ်ကို အသုံးပြုကာ နဖူးမှာ ဆလံ ပုံစံ လုပ်ပြပြီး.. ရွှေအိုရောင် ဆံနွယ်ခွေခွေလိပ်လိပ်တွေ ကျောထက်မှာ ဝဲခါသွားအောင် ချာခနဲ လှည့်ထွက်သွား၏။

   သူမကို ဘာလို့များ အရမ်းရင်းနှီးနေသလို ခံစားချက်က ပြင်းထန် နေရတာပါလဲ..၊ ဒီနေ့မှ တွေ့ဖူးလိုက်တာကို ဂျေးလို့ ဘာလို့ ထင်သွားရတာလဲ..၊ ဂျေးက ဘေးမှာ ရှိနေတာကို တခြားတစ်ယောက်ကို ဂျေးဖြစ်ခိုင်း စေချင်နေရတာလဲ..၊ သူ့နားက ဂျေးကိုကော ဘာလို့များ ဂျေးမဟုတ်ဘူးလို့ ခံစားနေရတာလဲ..၊

   'သွားမယ်လေ ဂျေး..'

   ဂျေးက မျက်နှာ ပျက်ပျက်ဖြင့်..

   'ခုနက သူငယ်ချင်းနဲ့ အတူတူနေတာလေ..'

   'အော်.. ဟုတ်လား..'

   'သူ့နာမည်က ကရားတဲ့.. အတန်းလည်း အတူတူပဲ ပြင်ဦးလွင်မှာ ဆယ်တန်းတက်တော့ ခင်လာတာ.. အိမ်မှာနေတာလေ'

   'အင်း.. သူကတစ်မျိုးပဲ.. ကိုယ်သူ့ကို သိနေသလိုပဲ..'

   'ကရားက မျက်နှာချိုတယ်လေ.. ဒါပေမယ့် သူ့ဒဏ်ကို ခံနိုင်တဲ့ သူတော့ ခပ်ရှားရှားပဲ..'

   'ကိုယ်ပြောမယ်.. ပန်းစိတ်မဆိုးနဲ့.. ပန်းက ဂျေးမဟုတ်ဘူးလို့ ကိုယ်ခံစားမိတယ်..'

   ပြုံးနေပေမယ့် ငိုချင်သလို မျက်နှာလေးနဲ့ ပန်းကို ကျောခိုင်း ထွက်လာခဲ့မိ၏။ သို့ပေမယ့် ညရောက်လို့ ဖုန်းခေါ်တော့..

   'မင်း ငါ့ကို တစ်ခုခု ညာထားသေးလား ဂျေး..'

   'ဟား ဟား.. ဟား.. ညာထားတာတွေ များလွန်းလို့ မှတ်တောင် မမှတ်မိတော့ဘူး.. တစ်ခုမကဘူး ညာထားတယ်.. ဘာပြောချင်သေးလဲ'

   'ပန်းယမုံက ဂျေးမဟုတ်ဘူး.. လို့ ငါခံစားရတယ်..'

   ဂျေးဘက်က တိတ်ကျသွားခဲ့ပြီး..

   'ဂျေးက ပန်းယမုံ ဘယ်ဟုတ်မှာလဲ.. ပန်းယမုံက လူလူသူသူ အသိမှတ်ပြုထားတဲ့ တခမ်းတနား နာမည်.. ဂျေးဆိုတာ ခပ်ပိန်းပိန်း ငပိန်းတစ်ယောက်ပဲ ခေါ်တဲ့နာမည်.. တူမလား.. တန်မလား.. အဟား..'

  သူအတည်တန့် ပြောနေတာကို သူမက ဟာသ လုပ်ပစ်၏။

   'ငါမင်းကို တွေ့အောင်ရှာမယ် ဂျေး..'

   'ငါ့ကို ရှာမှာလား.. ကရားကို တွေ့လိုက်လို့လား.. နေ့လည်ကတည်းက ငါနားလည်ပါတယ်.. နင်ကရားကို ကြည့် နေကတည်းက ငါသိတယ်.. ငါ နင့်ကို လမ်းခွဲဖို့ ခွင့်မပြုဘူး'

   'မဟုတ်ဘူး ဂျေး.. ငါက ဂျေးကို လမ်းခွဲချင်တာ မဟုတ်ဘူး.. ဂျေးမဟုတ်တဲ့ မိန်းကလေးကို ငါ့ဘဝထဲမှာ မထားချင်တာ.. တကယ်လို့ မင်းက ဂျေးဆိုတာ ငါသက်သေပြနိုင်ခဲ့ရင် မင်းငါ့ကို လက်ခံရမယ်.. ဒါပါပဲ.. မနက်ဖြန် ဦးပိန်တံတားထိပ်ကို လာခဲ့ပါ.. ပန်းယမုံနဲ့ လမ်းခွဲမယ်..'

   ဒီတစ်ညတော့ သူ့ဘက်က အရင်ဖုန်းချလိုက်ပြီး.. စိန်ခေါ်လိုက်တာကို တွေးနေမိသည်။
   သူ့ကို ဂျေး လိမ်နေပါတယ်.. ညာရတာကို ကြိုယ်တယ်လို့ ပြောထားတဲ့ သူမက သူ့နှလုံးသားကိုပါ ညာခိုင်းဖို့ ကြိုးစားတယ်..၊ ရမလား.. ဂျေးရာ.. ခံစားမိတာချင်းက တူမှမတူတာ..၊
                 ×××××××××××××
 

ဆက်ရန်---
စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါသည်။
Credit "
စွဲညို့သျှင်

Post a Comment