ဂျေဂျေး(သို့မဟုတ်)ကျွန်တော်ရဲ့လူညာမလေး

ဂျေဂျေး (သို့မဟုတ်) ကျွန်တော့်ရဲ့ လူညာမလေး
××××××××××××××××××××××××××××
ဇာတ်သိမ်း

   'ကိုယ်တို့ လမ်းခွဲသင့်ပြီ ပန်း.. ဘာကြောင့်လဲ ဆိုတာ ကိုယ်တို့နှစ်ယောက်လုံး သိပြီးသားပါ..'

   ပန်းက အားနည်းတဲ့ မျက်နှာလေးနဲ့..

   'ကျွန်မဘက်က ခွင့်မပြုနိုင်ဘူး ဆိုရင်ကော..'

   'ယောက်ျားဆန်ဆန် မဆန်ဆန် ကိုယ်ကတော့ ပန်းယမုံဆိုတဲ့ မင်းကို လမ်းခွဲပြီ..'

   သူ ချာခနဲ လှည့်ထွက်ခဲ့တော့.. သူမက တိုင်တစ်တိုင်မှာ မှီရပ်ပြီး ပီကေဝါးရင်း.. ကြည့်နေ၏။ မျက်တောင်တစ်ချက် ခတ်လိုက်ပြီး မျက်လုံးတွေကို မှေးစင်းရင်း သူ့ကို ခေါင်းစခြေဆုံး ကြည့်၏။
   သူ့ကို ရူးအောင် ပြုစားခဲ့ဖူးသော.. သူကလည်း ဆက်လက် ပြုစားစေလိုသော.. မဲ့ပြုံးလေး ဆင်မြန်းထားတဲ့ နှုတ်ခမ်းပါးလေးတွေကို ဂျေးက ပိုင်ဆိုင်ထား၏။

   သူကလည်း အားကျမခံ ပြန်ပြုံးပြလိုက်ကာ.. ဘောင်းဘီအိတ်ထဲက ဖုန်းလေးကို အကြိမ်ကြိမ် အခါခါ ခေါ်ဖူးခဲ့သော ဖုန်းနံပါတ်လေးကို ခေါ်လိုက်၏။

   "ချစ်ခွင့်မရှိတဲ့.. အချစ်ကို ငါလေ တမ်းတ မိလို့.. အသည်းတွေ ကွဲတာ.. ဘာမှ သိပ်မဆန်းကျယ်.."

   သနားစဖွယ် တီးလုံးလေးက သူရှေ့က သူမရဲ့ လွယ်အိတ်ထဲက ထွက်ပေါ်လာတော့ သူမက မျက်နှာပျက်သွား၏။ သို့သော် ခဏပဲ ဖြစ်ကာ.. လွယ်အိတ်ထဲက ဖုန်းကို ထုတ်ယူလိုက်ပြီး.. သူ့ကို မဲ့တော့မလို ပြုံးတော့မလိုဖြင့်..

   'ဟေး.. ပန်း.. မင်းဖုန်းလာနေတယ်.. ဖုန်းကို ကိုယ့်ဖာသာကိုယ် ယူထားပါ ဆိုတာ ပြောမရဘူး.. ငါ့လွယ်အိတ်ထဲပဲ လာထည့်ထားတယ်..'

   သူမက ဖုန်းကို ပန်းလက်ထဲ ထည့်လိုက်ပေမယ့် သူ့အတွက်ကတော့ သူမဆီက စကားသံလေးကပဲ ခိုင်မာတဲ့ သက်သေ ဖြစ်သွားပါပြီ။ အတိအကျ ဖမ်းလိုက်တာတောင် သူမက ငြင်းပယ်ဖို့ တွေးမိသွားသေးတယ် ဆိုမှတော့.. သူမဝန်မခံပဲ သူဘာတတ်နိုင်မှာလဲ..၊
   သူ့ကျောနောက်ဘက်သို့ ရောက်သွားပြီ ဖြစ်တဲ့.. သူမကို လှည့်ကြည့်ပြီး..

   'ဂျေး.. မင်းကြိုက်သလောက်ညာ.. မင်းညာနိုင်သလောက်ညာ.. အမှန်တရားက ငါ့နှလုံးသားမှာ ရှိတယ်..'

   'ငပိန်း!..'

   သူမရဲ့ နှုတ်ခမ်းဖျားကနေ သူ့ကို ချီးကျူးသံက ကျကျနန ပျစ်ပျစ်နှစ်နှစ် ထွက်ပေါ်လာ၏။ ဟုတ်တယ်.. အဲ့တာ သူ့ရဲ့ဂျေးက သူ့ကို ခေါ်နေကျ နာမည်..၊ သူမကလွဲလို့ ဘယ်သူကမှ ခေါ်မှာ မဟုတ်တဲ့ နာမည်..၊

   လမ်းခွဲခြင်းအတွက် ပြီးပြည့်စုံတဲ့ လုပ်ရပ်က အရက်သောက်ခြင်း ပါမပါတော့ သူမသိပေမယ့် သူကတော့ ထန်းတောသို့ ရောက်လာခဲ့၏။

   ဘာလို့ညာတာလဲ..၊ ဘာအတွက် အသည်းသန် ညာနေရတာလဲ..၊ ဆိုပြီး ပုခုံးလေးကနေ ကိုင်ပြီး မေးလိုက်ချင်ပေမယ့် သူမထံမှ ရလာမယ့် အဖြေက အမှန်တွေ ဖြစ်နိုင်ပါ့မလား..၊
   မင်းက ညာနိုင်သမျှ ညာပေါ့ ဂျေးရာ.. ငါကလည်း.. ဖော်နိုင်သမျှ ဖော်မယ်..၊
                  ×××××××××××××××
   သူမက ဖိုင်နယ်ရီးယား..၊ သူက စက္ကန်းရီးယား..၊ အဲ့နာကြောင့်မို့လည်း သူမက သူ့ကို တလေးတစား မရှိတာ ဖြစ်နိုင်သေး၏။
   ဒီတစ်ခါလည်း သူမ ညာအုံးမယ် ဆိုတာ သိသိကြီးနဲ့.. တစ်ခုတော့ စမ်းသပ်လိုသည်။

   သူမတို့ နှစ်ယောက် နောက်ကနေ..

   'ဂျေး!..'

   ထင်သည့်အတိုင်း သူမကသာ သူ့ဘက်လှည့်လာ၏။ ပြီးမှ သူ့ကို ပုခုံးတွန့်ပြပြီး..

   'ပန်း.. မင်းကို ခေါ်နေတယ်..'

   သူမချိမဆန့် ပြုံးလိုက်ရင်း..

   'ဂျေးလို့ ခေါ်လိုက်တိုင်း.. ပန်းက ဘယ်တုန်းကမှ မထူးခဲ့ဘူး.. ဂျေး!.. မင်းပဲ လှည့်လာတာ'

   သူဒီတိုင်းပြောပြီး လှည့်ထွက်လာခဲ့၏။ သူမတို့နဲ့ အတော် ဝေးဝေးသို့ ရောက်သွားပြီ ဆိုမှ.. ဆင်းကတ်အသစ်လဲ ထားတဲ့ သူ့ဖုန်းကို ထုတ်လိုက်ပြီး.. ကောလော့ခ်တွေ အများဆုံး နံပါတ်ကို ခေါ်လိုက်မိသည်။ ဒါကိုကော.. မင်းညာအုံးမှာလား.. ဂျေး..၊
   ဒီတစ်ကြိမ်တော့.. တီးလုံးသံကို သူမကြားရတဲ့ အကွာအဝေးမှာ ပေမယ့်..

   'ဟလို.. ဘယ်သူလဲ မသိဘူးနော်..'

   ဖုန်းထူးနေတဲ့ သူမကို မြင်နေရသည်။ သူမအသံကို ဖုန်းစပီကာမှ တစ်ဆင့်ကြားနေရသည်။ သူတစ်ခုခုပြောလိုက်ရင် သူမညာလိုက်မှာကို စိုးရိမ်စွာ သူဘာမှမပြောပဲ ရပ်နေမိ၏။

   'ဘယ်သူလဲလို့ မေးနေတယ်..'

   အမိန့်သံပါသော ချိုရှရှ အသံ သူ့နားထဲသို့ ဖြတ်စီးသွား၏။ သူမက ဖုန်းထူးနေရင်း သူ့ဘက်သို့ အလှည့်တွင်..

   'မင်းညာလိုက်အုံး ဂျေး.. မင်းအသံကို ငါကြားနေရတယ်.. မင်းဖုန်းထူးတာကို ငါမြင်နေရတယ်.. ဒါပေမယ့် မင်းက ညာရတာကို ကြိုက်တယ် ဆိုမှတော့ တစ်ခုခု ညာလိုက်ပါအုံး..'

   ဖုန်းကိုင်ထားတဲ့ သူမရဲ့ လက်က တဖြည်းဖြည်း လျောကျသွားပြီး.. သူ့ကိုသာ စူးစူးနင့်နင့် စိုက်ကြည့်နေခဲ့၏။ ပြီးမှ ဖုန်းကို နားနားမှာ ပြန်ကပ်ကာ..

   'နင်နိုင်ပါတယ်.. ငါနင့်ကို လက်ခံလို့ ရတယ်.. ဒါပေမယ့် ငါနင့်ကို မချစ်ဘူးနော်.. ကြိုပြောပြထားတာ တစ်ဖဲ့တည်း တစ်ရွဲ့တည်း လိုချင်တယ် ဆိုရင်တော့.. နင့်သဘော..'

   သူမက ပြောပြီးတာနဲ့ ဖုန်းလေးကို ယမ်းခါပြပြီး ပြန်လှည့်ထွက်သွား၏။ လက်ထဲက ဖုန်းလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး.. သူကတော့ နေရာမှာတင် ရပ်ကျန်ခဲ့ပြန်သည်။
   မချစ်ဘူး ဆိုလည်း.. အစကတည်းက ငြင်းလိုက်ပါလား.. အခုတော့.. လက်ခံတယ် မချစ်ဘူး ဟုတ်လား.. သူက သူမအတွက် ဘာလဲ..၊ အသုံးချသက်သက်လား.. ဆော့ကစားစရာလား..၊
   ရင်ထဲမှာ စူးနစ်နာကျင်သွားမိ၏။
   မင်းကမချစ်ဘူး ဆိုမှတော့.. ငါ့ဘက်ကတော် သင့်ပြီပေါ့..၊
              ×××××××××××××××
   စာမေးပွဲတွေ ဖြေပြီးပြီ..၊ သူလည်း အိမ်ပြန်ရတော့မည်။ ဂျေးကို သတိတရ ရှိပေမယ့် သူမနဲ့ ဝေးတဲ့နေရာမှာသာ ငေးရုံနဲ့ သူကျေနပ်တတ်နေပါပြီ။
   နေပါစေတော့..၊ နေပါစေတော့.. ဆိုပေမယ့် သူမအကြောင်း တွေးလိုက်တိုင်း.. ရင်ခုန်သံတွေက သောင်းသောင်းဖြဖြ ဖြစ်နေဆဲ..၊ ဒေါသသွေးတွေ မပါတော့တာလည်း သေချာနေပြီ။
   ချစ်နေသေးတယ် ဂျေးရယ်..၊ မင်းငါ့ကို လိမ်နေ ညာနေလည်း ချစ်နေမိသေးတယ်..၊
   မနက်ဖြန် ကားလက်မှတ် ဖြတ်ထားပြီးပြီမို့ ပစ္စည်းတွေကို သိမ်းနေဆဲမှာ.. အဆောင်အောက်က..

   'နေဖြိုးသူ.. ဧည့်သည်'

   'လာပြီ!..'

   ပူလို့ ဆိုပြီး ပုဆိုးနဲ့ စွပ်ကျယ်ကို ဝတ်ထားတော့ ဧည့်သည် ဆိုမှ.. တွေ့ရာ အင်္ကျီနဲ့ ဘောင်းဘီရှည်ကို ကောက်ဝတ်ပြီး.. ဆင်းလာခဲ့တော့..

   'ပန်း!. '

   ပန်းက အားနည်းနေသလို ရှက်သလို မျက်နှာလေးနဲ့..

   'တစ်ခုခုတော့ ရှင်းပြသင့်တယ် ထင်လို့ လာခဲ့တာပါ..'

   'နေပါစေတော့..'

   ပြောပြီး လှည့်ထွက်ဖို့ပေမယ့်..

   'ကရားကပြောတယ် နောက်ဆုံးစကားကို သူညာလိုက်တာတဲ့.. သူပန်းကို အားနာလို့ ညာလိုက်တာတဲ့..'

   'ဗျာ!..'

   'ကရားက သူစီစဉ်ထားသလို ဖြစ်မလာတာကို သူမကြိုက်ဘူး နေဖြိုးသူက သူ့ကို စိန်ခေါ်သလို ဖြစ်သွားတော့.. သူက အရှုံးမပေးချင်တဲ့ သူဆိုတော့.. အခုလိုတွေ ဖြစ်ကုန်တာ.. ကရားက ဒီနေ့ပဲ ပြန်ပြီလေ အဲ့တာကြောင့်..'

   'ခဏ ခဏ.. ဂျေး ဘာနဲ့ ပြန်တာလဲ..'

   'ရထားနဲ့.. မမှီလောက်တော့ဘူး ငါးခွဲဆို ရထား ထွက်ပြီ'

   ကမန်းကတမ်း နာရီကို ငုံ့ကြည့်တော့ ငါးနာရီမတ်တင်း..၊ အနားက အပြင်ထွက်တော့မယ့် ဆိုင်ကယ်ကို လှမ်းဆွဲထားလိုက်ပြီး..

   'ဟေ့ရောင်.. ငါ့ကို ဘူတာလိုက်ပို့ စမ်းပါ.. ပန်း!.. နောက်မှ ဆက်ပြောပြတော့.. ကျေးဇူးပဲ'

   'နေဖြိုးသူ ရထားက အတွဲတစ်..'

   အော်ပြောလိုက်တာကို.. သေချာမကြားရတော့ပဲ ဆိုင်ကယ်က လေတဝီးဝီး တိုက်ခတ်နေတာတောင် နှေးနေတယ်လို့ ထင်နေမိ၏။

   'မြန်မြန်မောင်း ပေးစမ်းပါကွာ.. ရထား မမှီပဲနေတော့မယ်..'

   'ဘာတွေလဲ နေသူရာ.. မင်းလုပ်လိုက်မှ အလန့်တကြားကြီးပဲ..'

   ၃၅လမ်း မီးပွိုင့်နားမှာ ဆိုင်ကယ်က ဘီးလိမ့်ရုံသာသာလေးသာ သွားလို့ရတော့၏။ ကားတွေ ဆိုင်ကယ်တွေနဲ့ ပိတ်သိပ်ကျပ်နေတာ တိုးမရ ပြုမရ..၊
  
   'ဟာကွာ!.. အရေးထဲမှ..'

   နာရီကို တစ်ချက်ငုံ့ကြည့်တော့ ငါးနာရီနဲ့ မိနစ်လက်တံက နှစ်ကို ကျော်လုကျော်ခင်..၊ သူ ဆိုင်ကယ်ပေါ်က ဆင်းလိုက်ကာ..

   'ငါအရင် သွားနှင့်မယ်.. မင်းလိုက်လာခဲ့တော့..'

   ခြေထောက်နဲ့ လမ်းနဲ့ စထိတာနဲ့ ဘေးဘီကို မကြည့်နိုင်ပဲ.. ပြေးရတော၏။
   ပြေးစမ်း.. နေသူ၊ ဂျေးသာ ဒီရထားနဲ့ ပါသွားရင် သွားပြီ..၊ အဲ့တော့ ပြေးစမ်း..၊ မှီအောင် ပြေးစမ်း..၊

   နာရီကြည့်လိုက် ပြေးလိုက်နဲ့.. သူ့ကို သူများတွေ ဝိုင်းကြည့်နေကြမလား..၊ ရူးနေပြီလို့ ထင်ကြမလား..၊ ရူးနေလားလို့ လက်တို့ပြီး မေးလာခဲရင်.. ဟုတ်တယ်.. ဂျေဂျေး ဆိုတဲ့ ကောင်မလေးကို စပြီးစိတ်ဝင်စား မိကတည်းက ကျွန်တော် ရူးခဲ့ရတာလို့ ဖြေရမည်သာ..၊

   မီးရထား စင်္ကြန်သို့ ရောက်တော့ သူ ဟောဟဲ ဆိုက်နေပြီ။ သို့သော် မနားနိုင်သေးပဲ ရထားတွဲတစ် ဆိုတာကို လိုက်ရှာပြီး.. တက်ကြည့်ပေမယ့် သူမကို မတွေ့..၊ ပန်းပြောလိုက်တုန်းက ခုံနံပါတ်ဆိုတာကို သေချာ မကြားလိုက် ရတာမို့ ဘယ်မှာ ဆက်ရှာရမှန်းလည်းမသိတော့..၊

   ရထားထွက်တော့မည့် သတိပေးသံ ကြားတော့ ရထားတွဲ ပေါ်ကနေ ကမန်းကတမ်း ခုန်ဆင်း မိပေမယ့်.. သူ ဘီးလိမ့်စပြုနေတဲ့ ရထားတွဲ နောက်သို့ ပြေးလိုက်နေမိသည်။

   'ဂျေး!.. ဂျေး!.. မင်းဘယ်မှာလဲ ငါရူးမှ မင်းကျေနပ်မှာလား.. မင်းဘယ်မှာလဲ.. မင်းငါ့ကို ညာပြန်ပြီ.. ဂျေး!..'

   ပတ်ဝန်းကျင်ကို မေ့သွားပြီး.. သူပြေးလိုက်နေပေမယ့် ရထားက တစ်စ တစ်စ ဝေးကွာ သွားခဲ့၏။ ရထားစင်္ကြန်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး.. သူ့အဖြစ်ကို သူပြန်တွေးကာ ရယ်လိုက်မိပေမယ့် ရင်နင့်သွားမိသည်။

   'ဟား.. ဟား.. ဟား.. ဟား..'

   ကျဆင်းလာတဲ့ မျက်ရည်စက်ကို လက်နဲ့ ဖယ်သုတ်လိုက်ရင်း.. ခပ်တိုးတိုး ရေရွတ်မိ၏။

   'ဂျေးကွာ.. မင်းက ပြန်လာမှာမှ မဟုတ်တာ.. ငါ့ကို ဘယ်ထိ ညာချင်သေးတာလဲ.. တစ်ခါလောက်လေး အမှန်ကို မပြောနိုင်ဘူးလား..'

   'တစ်ခါဆို ရပြီလား..'

   သူ့ကျောနောက်ကနေ ပေါ်လာတဲ့ အသံကြောင့် လှည့်ကြည့်မိတော့.. သူမက ပီကေဝါးရင်း.. သူ့ကို လက်ပိုက်လျက် ကြည့်နေ၏။
   လှိုက်ခနဲ ပျော်ရွှင်သွားခြင်းနဲ့ အတူ ထိုင်နေရာက ထလိုက်ပြီး..

   'ဂျေး!..'

   'ဟယ်လို..'

   သူမကမ်းပေးလိုက်တဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင် ခါယမ်းလိုက်ရင်း..

   'မင်း.. မလိုက်သွားဘူးလား.. မင်းမပါသွားဘူးလား.. မင်းကွာ.. ငါက အရူးလို အော်နေတာ မင်းက ဒီတိုင်း ကြည့်နေတာလား..'

   သူမက အားမနာလျှာမကျိုး.. ဆတ်ခနဲ ခေါင်းညိတ်လိုက်ပြီး..

   'ငပိန်းတစ်ယောက်ကို မြင်လို့ ရထားပေါ် မတက်တော့တာ.. ပြီးတော့ ဆွဲဆောင်မှု ရှိတဲ့ အမူယာတွေမို့ ကြည့်နေမိတာပါ.. ဒီနားက လူတွေ အားလုံးလည်း ကြည့်နေကြတယ်လေ.. မကြည့်စေချင်ရင် လူများတဲ့ နေရာမှာ အဲ့လိုမလုပ်သင့်ဘူး..'

   'ဘာ..'

   သူ့မှာ ဘေးဘီကို ဝေ့ဝဲကြည့်ပြီး.. အသံတောင် ကျယ်ကျယ် မထွက်ရဲတော့..၊

   'မင်းသားလို့ ထင်မလား.. အရူးလို့ ထင်မလားတော့.. မသေချာဘူး တစ်ယောက်လောက် ခေါ်မေးပေးရမလား'

   'ဂျေး.. မင်း တော့ကွာ..'

   'တွေ့ရတာ ဝမ်းသာပါတယ် တို့နာမည်က ကြွေကရားပါ.. အဘိုးနဲ့ အဘွားက ချစ်စနိုးနဲ့ ဂျေဂျေးလို့ ခေါ်ပါတယ် ငပိန်းတစ်ယောက်ကတော့.. ဂျေးလို့ခေါ်တယ်.. နင့်နာမည်ကကော..'

   အတိအလင်း မိတ်ဆက်နေသော သူမကို ကြည့်ရင်း သူဘယ်လို ခံစားရမှန်းပင်မသိ..၊ သူမက ထိုသို့ ထူးဆန်းသော.. ရယ်ဖွယ်ကောင်းသော နာကျင်ဖွယ်သော မချင့်မရဲနိုင်သော ခံစားချက်မျိုးစုံကို ဖန်တီး ပေးနိုင်လေသည်။

   'ကိုယ့်နာမည်က နေဖြိုးသူပါ.. ကိုယ့်ချစ်သူတော့ ငပိန်းလို့ ချစ်စနိုးနဲ့ ခေါ်တယ်..'

   သူမပုခုံးကို ဖက်ရင်း ဆိုတော့ သူမက မျက်ခုံးလေးကို ပင့်တက်ရင်း..

   'အံမယ်.. အလာချည်းပဲ..'

   'ဒီနေ့ရထားမှီဖို့ တော်တော်မောသွားတယ်.. ထပ်မညာတော့ဘူး ဆိုရင် တစ်ခုမေးချင်တယ်..'

   'လွမ်းရလောက် အောင်တော့ မညာပါဘူး.. တို့က ငပိန်းတစ်ယောက်ကို ချစ်မိသွားတာကိုး..'

   'မင်းဘယ်တော့မှ ငါ့ကို မလွမ်းရပါဘူး ဂျေး'

   'နင်သိလား.. တို့က နင့်ထက် အသက် သုံးနှစ်ကြီးတယ်..'

   'မသိချင်ဘူး.. ငါက မင်းရဲ့ အိမ်ဦးနတ် လုပ်မယ့်သူ အသက်တွေ တွက်ပြီး မတွေဘာတွေ တပ်ပြီး ခေါ်ခိုင်းဖို့ တွေးမနေနဲ့'

   'ကောင်းသားပဲ.. ဒီကလည်း.. အငယ်ဆိုပြီး.. ညှာတာနေစရာ မလိုတော့ဘူးပေါ့..'

   'ရတယ်.. မညှာတာ ချင်နေ.. မညာတော့ရင် ရပြီ..'

   'ပြောလို့မရဘူး.. ညာတာက ဝါတနာကိုပါတာ..'

   'ချစ်တယ်ဆိုတာကို မညာရင် ရပါပြီ ဂျေး'

   မင်းပြောလိုက်တဲ့.. ချစ်မိသွားတယ် ဆိုတာက ညာခဲ့တာပါ ဆိုရင်တောင်.. ငါယုံလိုက်ပြီ ဂျေး..၊ မင်း ပြန်နှုတ်ယူလို့ မရတော့ဘူး..၊
              ××××××××××××××

ပြီးပါပြီ(ဆက်ရန်မရှိပါ)
စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါသည်။
စွဲညို့သျှင်

Post a Comment