ချစ်သောရှင်ဖြူငယ်

ချစ်သော ရှင်ဖြူငယ် ဒုတိယတွဲ (သို့) ချစ်ရပါသော.. ပြည့်ရှင် (အပိုင်း-၁၂)  xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

   ‘မိဖုရားကြီး.. မနက်စာလည်း မစားဘူး.. အခုမွန်းတည့်နေပြီ..’ ‘ကျွန်မ မစားချင်လို့ပါ..’

   ‘မိဖုရားကြီး နေမကောင်းဘူး ဆိုရင်လည်း.. သမားတော် ခေါ်လိုက်ရမလား..’

   အဲ့တာကိုတော့ ထိတ်လန့်စွာ ခေါင်းယမ်းလိုက်မိ၏။

  ‘သမားတော် မခေါ်နဲ့ သမားတော် ခေါ်လို့ မဖြစ်ဘူး.. ကျွန်မ တိုက်ခိုက်ရေး ကွင်းကို သွားချင်တယ်..’

   သမားတော် ခေါ်ဖို့ကို အသည်းသန် ငြင်းဆန် နေရာမှ တိုက်ခိုက်ရေး ကွင်းသို့ သွားမည် ဆိုတော့.. ဖြူဖျော့တော့နေသော မျက်နှာလေးနှင့် မိဖုရားကြီးအား.. စိုးရိမ်စွာ အနောက်ကနေ လိုက်လာရသည်။ လဲကျသွားတော့ မလို ယိုင်နဲ့နဲ့လေး ဖြစ်နေသော ခန္ဓာကိုယ်လေးနှင့် မိဖုရားကြီးက ဒီရက်ပိုင်းဘာတွေ ဖြစ်နေမှန်း မသိနိုင်စွာ နန်းပြင်သို့တောင် မသွားတော့ပဲ နန်းဆောင်အတွင်းတွင် ငြိမ်သက်နေ၏။ ပိုပြီး ဆိုးတာက မင်းကြီး လာနိုင်သည့် အချိန်တွေကို တမင်သက်သက် ရှောင်တိမ်းနေသည်။ အခုလည်း မင်းကြီး ညီလာခံ ပြီးလောက်သည့် အချိန် ဖြစ်နေသည်တွင်.. တိုက်ခိုက်ရေး ကွင်းသို့ သွားမည်ဟု ဆိုကာ ထွက်လာခဲ့ပြန်သည်။

   ‘ဒုတ်.. ဒုတ်.. ချွမ်း..’

   တစ်ယောက်တည်း လေ့ကျင့်နေတာပေမယ့် အသေအလဲ တိုက်ပွဲ ဝင်နေတဲ့သူလိုမျိုး.. မောဟိုက်လာအောင် လေ့ကျင့်နေတဲ့ မိဖုရားကြီးကို ငေးကြည့်ရင်း ဒီရက်တွေမှာ ဘာတွေများ စိတ်ပူပန် စရာ ရှိနေလို့လဲ ဆိုပြီး တွေးမိပေမယ့် ဘာများလဲ ဆိုတာကို ပြောပြခိုင်းစေခြင်း မရှိတော့.. ဘာမှန်းနားမလည်နိုင်တော့ပေ။

   ‘မိဖုရားကြီး.. ပင်ပန်းနေပြီ..’

   ‘အင့်.. ချွမ်း..’

   ‘ဟွန်း.. ဘာကို ပင်ပန်းတာလဲ.. အသက်ရှင်ရဖို့လား.. ဒါမှမဟုတ်.. နန်းတော်ထဲမှာ နေရတာကိုလား.. ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ် နိုင်တာကိုလား..’

   လက်ထဲက ဓားကို ချွမ်းခနဲ ပစ်ချလိုက်ပြီး မေးလာတော့ ဘာမေးမှန်း မသိသလို ပြန်ဖြေဖို့ အဖြေစကားလည်း မရှိ..၊

  ‘ကျွန်မ မလုပ်နိုင်ဘူး.. ဖြစ်နေတယ် ဆုံးဖြတ်ချက်တွေ ဝေဝါးနေတယ်.. ရူးသွားတော့ မလိုပဲ.. မှားသွားတော့မလား ဆိုတဲ့ အတွေးတွေနဲ့ ကျွန်မ..’

  ဆက်နားထောင်နေလည်း.. နားလည်မှာ မဟုတ်တာကြောင့်မို့.. မိဖုရားကြီး အနားသို့ တိုးသွားပြီး..

   ‘အရင်ရက်တွေ တုန်းကလည်း.. မိဖုရားကြီးက.. အစားကောင်းကောင်း မစားဘူး.. အဲ့တာကြောင့်.. တကယ်လို့ မိဖုရားကြီး မင်းကြီးကို မတွေ့ချင်ဘူး ဆိုရင်..’

   ‘ဘယ်သူက ငါကိုယ်တော်ကို မတွေ့ချင်တာလဲ..’

   မင်းကြီးက အနောက်ကနေ ရောက်နေမှန်း မသိပဲ ပြောချင်တာကို ပြောမိတဲ့အတွက် ဒူးထောက်ထိုင်ချလိုက်မိပြီး..

   ‘မင်းကြီး ရောက်နေမှန်း မသိလို့ သေသင့်တဲ့ အပြစ်ကို ကျူးလွန်မိပါတယ်..’

   ‘ကိစ္စ မရှိပါဘူး.. မင်းက မိဖုရားကို ဂရုစိုက်တာမှန်း ငါကိုယ်တော်က နားလည်ပါတယ်.. ဒါပေမယ့် ငါကိုယ်တော် မိဖုရားကြီးကို ပြောစရာ ရှိလို့..’

   ‘ကျွန်မ မိဖုရားကြီး ရေချိုးဖို့ သွားပြီ စီစဉ်လိုက်ပါ့မယ်..’

   ပြုံးရွှင်ကြည်သာစွာ ပြောနေသော သူ့မျက်နှာကို မက်မက်မောမော မော့ကြည့်နေရာမှ မျက်နှာလွဲလိုက်တော့ သူက အနောက်မှ သိုင်းဖက်လိုက်ကာ..

  ‘မင်းဘာတွေ ခံစားနေရလဲ ငါကိုယ်တော် နားမလည်ဘူး.. မင်းက သိစေချင်မှာ မဟုတ်လို့.. သိဖို့လည်း မကြိုးစားပါဘူး.. ဒါပေမယ့် ငါကိုယ်တော်ကို တင်လျှောက်လို့ ရတဲ့ အရာမျိုးဆိုရင် အပင်ပန်းမခံပါနဲ့.. ဒီရက်တွေမှာ မင်းက စားတော်ပွဲတွေကို ငြင်းလွှတ်တယ်လို့ ပြောတယ်.. ကျန်းမာရေးကို ဂရုစိုက်မှပေါ့.. အဲ့တာမှ မင်းလိုချင်တာ မင်းဖြစ်ချင်တာတွေကို မင်းလုပ်နိုင်မှာလေ..’

   သူက အနောက်ကနေ ပွေ့ဖက်ထားခြင်းတွင် အပျိုတော်နှင့် နန်းစောင့်တပ်တွေက မျက်နှာလွဲလျက် နေနေသဖြင့် အတန်ငယ် ရှက်ရွံ့မိပြီး ရုန်းဖို့ ပြင်လိုက်တော့ သူက ပိုမိုတင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး..

   ‘မင်းမှာ ကိစ္စ ကြီးကြီးမားမား ရှိလာရင် ငါကိုယ်တော်ကလည်း တခြား ဘာမှ လုပ်ပေးလို့ မရပေမယ့် တစ်ခုတော့.. လုပ်ပေးလို့ရတယ်.. အခုလိုမျိုး ပင်ပန်းနေတဲ့ မင်းကို ပွေ့ပိုက်ထားပြီး.. ပင်ပန်းမှုတွေ တစ်ဝက်လောက်ကို ကူးစက်စေမယ်.. အတူတူပင်ပန်းမယ်လေ.. လောဘတကြီး မပင်ပန်းပါနဲ့..’

   ဘာမှမသိပဲ ပြောနေသော သူ့စကားတွေကြောင့် သူ့ရင်ခွင်ထဲမှာ ရုန်းနေတာတွေ ရပ်သွားပြီး.. သူ့လက်တွေကို ဆုပ်ကိုင် ထားလိုက်မိသည်။ ပြီးတော့ ကြည်နူးစွာလား ဒါမှမဟုတ်.. ဝမ်းနည်းစွာလား မသေချာသော မျက်ရည်တို့က စိုစွတ်လာမိသည်။

   ‘တကယ်ပဲ မင်းက ငါ့ဆီကနေ လိုချင်တာတွေ ရှိတယ်ဆိုရင်.. ငါကိုယ်တော်က ကြည်ကြည် ဖြူဖြူ ပေးမှာမို့လို့ အပင်ပန်း မခံပါနဲ့လို့ ပြောချင်ရုံလေးပါ.. မင်း ပင်ပန်း နေတာကို မြင်ရတာ ရင်နာတယ်.. ဘာမှ မလုပ်ပေးနိုင်တာ ကိုလည်း ရင်နာတယ်..’

   ‘ကျွန်မက မင်းကြီးဆီက အကုန်လုံးကို ယူမိသွားမယ် ဆိုရင်ကော.. အဲ့တာဆိုရင် ဘယ်လိုလုပ်မလဲ..’

   သူမ မေးလိုက်တဲ့ မေးခွန်းက ဘယ်လောက်ထိ အဓိပ္ပါယ် သက်ရောက်မှု ရှိတယ် ဆိုတာ သိနေ၏။ စိတ်ထဲမှာ မကောင်း ဖြစ်သွားသော်လည်း သူမကိုယ်လေးကိုသာ တင်းကျပ်စွာ ပွေ့ပိုက်ထားလိုက်ပြီးမှ..

   ‘မင်းက အရာအားလုံးကို သာတူညီမျှ လုပ်နိုင်မယ် ဆိုတာကို ငါကိုယ်တော် သိတယ်.. အာဏာလား.. တိုင်းပြည်တစ်ခုလုံးလား.. ဒါမှမဟုတ်.. မင်းဘာလိုချင်လဲလို့ ငါကိုယ်တော်မေးမယ်..’

   သူ့ရဲ့လိုက်လျောမှုတွေနဲ့ ထိုက်တန်ရဲ့လား..၊ သူက သူမကို အရာအားလုံး ပေးနိုင်တယ် သူမက သူ့ကို အရာအားလုံး မပေးနိုင်ဘူး..၊ ထပ်တူမကျတဲ့ အရာတွေသာ ရရှိနေသော သူ့အစား သူမ ရင်ဘတ်တွေ အောင့်မျက်လာသည်။

   ‘မင်းကြီးကို လိုချင်တယ်.. အမြဲတမ်း လိုချင်တယ်..’

   သူမ ဖြေကြားလိုက်သော အဖြေက မှန်သည် ဖြစ်စေ.. မှားသည် ဖြစ်စေ.. ကျေနပ်မိသည်။

   ‘ကောင်းလိုက်တာ.. ငါကိုယ်တော်ကလည်း မင်းကို အမြဲတမ်း လိုချင်တယ်.. အမြဲတမ်းပဲ..’

  တင်းကျပ်စွာ ပိုက်ထားသော သူ့လက်တွေကို ဖြည်ချလိုက်ပြီးမှ.. သူနဲ့ မျက်နှာချင်း ဆိုင်လိုက်ကာ..

   ‘မင်းကြီး ကျွန်မကို မကြောက်ဘူးလား..’

   မေးလိုက်တော့ သူက အတန်ငယ် မျက်နှာပျက်သွားပြီးမှ.. သက်ပြင်းချလိုက်ကာ..

   ‘ကြောက်တယ်.. အရမ်းကြောက်တယ်.. မင်းတစ်ခုခု အမှားဆုံးဖြတ်မှာကို ကြောက်တယ်.. မင်းရဲ့လုပ်ဆောင်ချက်တွေ မှားယွင်းမှာကို စိုးရိမ်တယ်.. အားလုံး ထက်ကို အကြောက်ဆုံးက မင်းကို ငါကိုယ်တော်က မယုံကြည်မိတော့မှာကို အကြောက်ဆုံးပဲ.. အားလုံးထက် ပိုကြောက်တယ်..’

   ‘မင်းကြီး ကြောက်နေသလိုမျိုး.. ကျွန်မက အမှားတွေ ဆုံးဖြတ်ပြီး.. အမှားတွေ လုပ်ဆောင်ပြီး အမှားမှန်း သိသိနဲ့ ဆက်ပြီး ဆက်ပြီး.. လုပ်မိနေမယ် ဆိုရင်ကော.. မင်းကြီးရဲ့ ယုံကြည်ချက်တွေကို ပျက်စီးသွားစေမယ် ဆိုရင်ကော.. ပြီးတော့ မင်းကြီးကို အသုံးချ လိုက်သလိုမျိုး အပြုမူတွေ ဖြစ်သွားရင်ကော..’

  ‘လုပ်ပါ.. မင်းယုံကြည်တဲ့ အရာက ငါကိုယ်တော်ကို အသုံးချသလို ဖြစ်သွားစေတယ် ဆိုရင်.. မင်း စိတ်ချလက်ချသာ လုပ်ပါ.. ငါကိုယ်တော်ကို အသုံးချပါ..’

   ကြည့်စမ်း..၊ သူ့ရဲ့စိတ်တွေက သူမအပေါ်မှာ ဒီလောက်ထိ သက်ရောက်မှု ရှိနေတယ်..၊ သူမကတော့ သူ့အတွက်ကို တွေးပေးပြီး လုပ်ပေးနိုင်တဲ့ အရာအတွက် တွေဝေနေတယ်..၊
   ဘယ်တော့မှ မင်းကြီးကို ထိခိုက်အောင် မလုပ်ပါဘူး..၊ အသုံးလည်း မချပါဘူး..၊ ဒါပေမယ့် ကျွန်မနဲ့ နီးကပ်လာလေလေ မင်းကြီး အတွက် ပိုပြီး ပိုပြီး ဒုက္ခရောက်လေလေ ဖြစ်တော့မှာမို့.. ကျွန်မတို့ နီးလျက်နဲ့ ဝေးမှ ဖြစ်မယ်..၊  သူ့ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီးမှ..

   ‘မယုံဘူး!.. ကျွန်မကို ဒီလိုတွေ ပြောပြီး ဘယ်အချိန် စွန့်ပစ်မလဲ ဆိုတာ မသေချာဘူးလေ.. အဲ့တာကြောင့်.. အခုကတည်းက မင်းကြီးက နောက်တစ်ခါ ထပ်ပြီး မစွန့်ပစ်ခင်မှာ ကျွန်မက မင်းကြီးကို ရှောင်ဖယ်နိုင်မှ ဖြစ်မှာမို့လို့.. ကျွန်မဆီကို နောက်ထပ် တစ်ကြိမ် မလာဖို့ မျှော်လင့်ပါတယ်..’

   တအံ့တသြ မယုံကြည်နိုင်စွာ ပြူးကျယ်သွားသော သူ့မျက်ဝန်းတွေကို မရင်ဆိုင်ရဲစွာ.. ချာခနဲ လှည့်ထွက် လာခဲ့ လိုက်မိသည်။
   မင်းကြီးက ကျွန်မနားကို တိုးလာလေလေ.. ကျွန်မရဲ့အဖေက မင်းကြီးကို ပိုပြီး ဒုက္ခဖြစ်စေမှာမို့လို့.. ကျွန်မကလည်း ကျွန်မရဲ့ အဖေကို ဘာမှ မလုပ်နိုင်ဘူး မို့လို့.. မင်းကြီးက ကျွန်မနဲ့ ဝေးနေမှ ဖြစ်မယ်.. တောင်းပန်ပါတယ်..၊

   ‘အဲ့လို မနောက်ပြောင်ပါနဲ့..’

   အနားသို့ အပြေးရောက်လာပြီးမှ.. လက်ကို လှမ်းဆွဲကာ လှည့်လိုက်ပြီး..

   ‘အဲ့လို စကားတွေကို နောက်ပြောင်ပြီးတောင် မပြောပါနဲ့.. ငါကိုယ်တော် ရင်နာတတ်တယ် မင်းမသိဘူးလား.. ထပ်ပြီး အမှားမလုပ်ဘူးလို့ ပြောထားတယ်လေ.. နောက်ထပ်တစ်ကြိမ် မလာဖို့ မျှော်လင့်တယ် ဆိုတာ ဘာစကားလဲ.. ငါကိုယ်တော်ကို မတွေ့ချင်ဘူးလို့ ပြောနေတာလား.. အဲ့တာ ဘာအဓိပ္ပါယ်လဲ..’

   ‘မင်းကြီးကို တွေ့မြင်နေရတာက အရင်နှစ်တွေမှာ သိမ်ငယ်ခံခဲ့ရတာတွေကို သတိရပြီး.. အဲ့လို ပြန်ဖြစ်မှာ ကြောက်နေမိတယ်..’

   သူ့ဘက်က သူမကို နားမလည်နိုင်စွာ ငေးကြည့်နေပြီးမှ.. နာကျင်သလို မျက်လုံးတွေ ပြောင်းသွားကာ..

   ‘မင်းက အဲ့တာကြောင့်မို့ ဒီရက်တွေမှာ ငါကိုယ်တော်ကို ရှောင်တိမ်း နေတာလား..’

   တိုးလျိုးတောင်းပန်နေဟန် ရှိသည့် သူ့ရဲ့ မေးခွန်းကို မဖြေရက်စွာ ဖြစ်သွား၏။

   ‘ကျွန်မက မိဖုရားဖြစ်ဖို့ မရည်ရွယ်ဖူးဘူး.. မိဖုရား ဖြစ်လာရတဲ့ အကြောင်းရင်း ကို မင်းကြီး ရှာတွေ့တဲ့နေ့မှာ ကျွန်မကို ပြန်လာရှာပါ.. ခွင့်ပြုပါအုံး..’

   ‘မနေနိုင်ဘူး..’

   သူက အနောက်ကနေ လိုက်မလာတော့ သော်လည်း.. လှမ်းပြောလိုက်သော စကားကြောင့် သူမခြေလှမ်းတွေ တုန့်ခနဲ ရပ်သွားမိသည်။ ပြီးတော့မှ ရှေ့သို့ ခပ်ဖြည်းဖြည်း ပြန်လှမ်းလိုက်ရာ..

   ‘မင်း ရှာဖွေ စေချင်တဲ့ အကြောင်းရာကို ငါကိုယ်တော် ရှာဖွေမယ်.. ဒါပေမယ့် မင်းကို လာတွေ့အုံးမှာပဲ.. မင်းကို ရင်နာစေခဲ့တဲ့ နှစ်တွေအစား မင်းကို နှစ်ဆတိုးပြီး လာရှာအုံးမယ်..’

   သူမက ရှေ့ဆက်ဖို့ ခြေလှမ်းတွေ တန့်သွားသော်လည်း သူကတော့ သူမဘေးကနေ ဖြတ်လျှောက်သွား၏။  သူမကို ထားရစ်ခဲ့ပြီးမှ နန်းဆောင်သို့ အရောက်တွင်.. သတိုးအား..

   ‘ရှစ်နှစ်ဆိုတဲ့ ကာလကို ဖျောက်ဖျက် ပစ်ချင်လိုက်တာ.. ဘာလို့များ.. တကယ်ပဲ.. မိဖုရားကြီးကို သနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ..’

        xxxxxxxxxxxxxxxxxxxx

   ‘ဘယ်လို!.. သတိုးသမီး လာရှာတာ ဟုတ်လား..’

   ‘မှန်ပါတယ် မယ်တော် ဘုရား.. အဲ့တာကြောင့် မင်းသားသုတီ နန်းတော်ကို အလည်ရောက်လာရင် အစ်မတော်တွေ ညီမတော်တွေကို ရွေးချယ်ပါလိမ့်မယ်..’

   ‘ဖြစ်ပါ့မလား.. အရင် ခမည်းတော် လက်ထပ်ကတည်းက ကောရဗျ တိုင်းပြည်နဲ့ ဆက်ဆံရေး သိပ်မကောင်းခဲ့ဘူး..’

   ‘မင်းသားသုတီကို ကြည့်ရတာ မင်းကြီးရဲ့ ငယ်ဘဝကို ပြန်ပြီး အမှတ်ရမိစေပါတယ်.. ထက်မြက် စူးရှပေမယ့် တွန်းအား မရှိဘူး ဖြစ်နေတဲ့ ပုံစံမျိုးပါ..’

   မယ်တော်အား ကောရဗျမင်းသား သုတီအကြောင်း ပြောပြနေရင်း.. မင်းသားသုတီ၏ ပုံစံကို မြင်ယောင်ကာ ပြုံးလိုက်မိသေးသည်။

   ‘နန်းတော် အပြင်မှာ မြင်တွေ့ဖူးတာလား..’

   ‘မှန်လှပါ မယ်တော် မင်းသားသုတီကို နန်းတော်အပြင်မှာ တွေ့မြင်ဖူးကြောင်းပါ.. ငယ်ရွယ်ပေမယ့်.. အားမာန်အပြည့်ရှိမယ့် ပုံစံမျိုးပါပဲ.. ပြီးတော့ နန်းတော်မှာ ကြီးပြင်းလာပြီးတော့.. စိတ်ထားပြည့်ဝမယ့် ပုံစံမျိုး ထင်ဟပ်နေပါတယ်..’

   ‘မနက်ဖြန် ဆိုရင် နန်းတော်ကို ဝင်မယ်လို့ ပြောတယ်.. ပြင်ဆင်စရာ တွေတော့ ပြင်ဆင်ထားပါတယ် လဝက်လောက် နေမယ် ဆိုတော့.. ဘာကြောင့်များလဲလို့ ထင်နေတာ.. ဒါနဲ့ အခုရက်ပိုင်း မစားမသောက်ဘူးဆို.. ကျန်းမာရေး ထိခိုက်နေအုံးမယ်.. အရင်ကလို မင်းကြီးနဲ့ မပြေလည်တာလည်း မဟုတ်ပဲနဲ့.. ကိုယ့်ဖာသာကိုယ် ဂရုစိုက်အုံး.. ပြီးတော့.. အမြွာကြယ် ပေါ်ထွန်းတယ်လို့ သတင်းကြားတယ်.. စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ အရင်လတွေတုန်းက မင်းကြီးက ပြည့်တန်ဆာအိမ်တွေ သွားထားတော့.. ဘယ်လို မိန်းကလေးကများ.. မင်းကြီးဆီကို လာပြီး မင်းကြီးရဲ့ ရင်သွေးကို လွယ်ထားပါပြီလို့ ပြောမလဲဆိုပြီး ပူပန်နေရတယ်..’

   ‘အဲ့တာကတော့ မင်းကြီးပဲ သိရှိမယ် ထင်ပါတယ် မယ်တော်.. ခွင့်ပြုပါအုံး..’

   ‘ဘာလို့ ရုတ်တရက်ကြီး ပြန်မလို့လဲ.. မင်းကြီး အကြောင်းကို အခုမှ စပြောတာလေ.. မတော်တဆ အဲ့လိုမိန်းကလေး ပေါ်လာရင် မင်းအတွက် ပူပန်လို့ မယ်တော်က..’

   ‘ခွင့်ပြုပါအုံး.. အရေးကြီးလို့ပါ..’

   ဂါရဝပြုပြီး ပြန်ထွက်သွားသော စင်္ကြာဒေဝီ မိဖုရားကို ကြည့်နေရာမှ သက်ပြင်းချလိုက်မိကာ..

   ‘အမြဲတမ်း အရေးကြီး သုတ်ပျာနဲ့.. အရေးကြီး ကိစ္စတွေ ချည်းပဲ သားတော်ကို တကယ်မှ မြတ်နိုးရဲ့လား မသိဘူး..’

       xxxxxxxxxxxxxxxxxxxx

   ‘ရှင်ဦးက ဘယ်အချိန်တွေမှ ရောက်လာတတ်တာလဲ.. သူ့ကို ဘယ်မှာသွားရှာလို့ ရမလဲ..’

   ‘ငါတို့တောင် သူနဲ့သိတာ ဒီလောက်ကြာပြီ သူဘယ်မှာ နေမှန်း အခုထိမသိဘူး.. သူဘယ်ကနေ လာမှန်း ဘယ်သူမှ မသိဘူး.. သူ့ကို ရှာဖို့ မလွယ်ဘူး သူလာတဲ့အချိန်ပဲ တွေ့လိမ့်မယ်’

   ဟိုတစ်ရက်ကတည်းက သူမကို လိုက်ရှာနေမိခြင်းမှာ.. ရက်တွေသာ ကြာလာသည်။ အခုထိ မတွေ့ပေ။ နန်းတော်သို့ ဝင်ရန် နေ့ရက်တွေကို အချိန်ဆွဲလာရင်း မနက်ဖြန် ဆိုရင်.. နန်းတော်ကို မဖြစ်မနေ ဝင်ရတော့မည်။ သူမကို တစ်ကြိမ် ဖြစ်ဖြစ်.. ဒါမှမဟုတ်.. သူမကို နန်းတော်အတွင်းသို့ ခေါ်သွားလိုသည်။

   ‘သူ့ကို ရှာလို့ ရမယ့် နေရာတစ်ခုလောက်တော့ ပြောပြပေးပါလား.. ဟိုတစ်နေ့က အသက်ကယ်လိုက်တာ ကျေးဇူးတင်စကား မပြောလိုက်ရသေးဘူးမို့ပါ နောက်ဆို ကျွန်တော်တို့ ပြန်တွေ့ဖို့ မလွယ်ဘူးမို့ တစ်ခါတည်း ကျေးဇူးတင် စကားပြောချင်လို့ပါ..’

   ထိုသမားတော်က စိတ်ရှုပ်သွားဟန်ဖြင့် တစ်ချက် တွေဝေ သွားသော်လည်း..

   ‘တစ်ခါတစ်လေ မြို့အစွန်က တောင်ပံ သယ်ယူပို့ဆောင်ရေးမှာ ပစ္စည်းသွားပို့တတ်တယ်.. အဲ့မှာ သွားမေးပါလား.. ပိုင်ရှင်ရဲ့ နာမည်က သိပ္ပတဲ့..’

    ‘ခွင့်ပြုပါအုံး..’

   တောင်ပံ သယ်ယူပို့ဆောင်ရေး.. နာမည်ကို ဖတ်လိုက်ပြီးမှ တစ်ခုခု လွဲနေသလို ခံစားလိုက်ရသော်လည်း.. အထဲထိ ဝင်လာခဲ့ရာ..

   ‘ဧည့်သည် ဘာများ ပို့ချင်တာလဲ မသိဘူးနော်.. စိတ်ချရတယ်.. သေချာပေါက် အရောက်ပို့ပေးမှာ..’

   ‘ပစ္စည်းတစ်ခု ပို့ပေးချင်လို့ပါ..’

   ‘ဘာပစ္စည်းလဲ မသိဘူး.. ဘယ်သူ့ဆီကိုလည်း မသိဘူး..’

   ‘ဒါလေး ပို့ပေးချင်တာပါ.. ရှင်ဦးဆီ အရောက်ပို့ပေးပါ..’

   ကျောက်ဖြူ နှင့် ထွင်းထားသော ဓားအတိုလေးကို စားပွဲပေါ်တင်ရင်း ပြောလိုက်တော့ စာရေးမှတ်နေသူက သူ့အား တအံ့တသြ ကြည့်လာပေမယ့် တစ်ချက်လေးပဲ ဖြစ်ကာ..

   ‘ဘယ်မြို့ကိုလဲ မသိဘူး..’

   ‘မြို့နာမည် မသိဘူး.. ဘယ်ကမှန်း မသိဘူး.. သူ့ဆီကို ဒါလေး အရောက်ပို့ပေးပါ.. ပြီးတော့ သူ့ကို သုတီက စောင့်နေပါတယ်.. လို့ ပြောပေးပါ..’

   ‘ရှင်ဦးကို ရှာရအောင် မင်းက ဘယ်သူလဲ..’

   ထိုသို့ လေသံမာမာဖြင့် မေးလာမှ.. သဘောတကျ ဖြစ်သွားပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်ကာ..

   ‘မင်းတို့ သူ့ကို သိတာပဲ.. ငါက သုတီပါ.. သူ့ကို တွေ့ရင် ပြောပေးပါ.. သူ့ကို ပြောစရာ ရှိလို့.. ဆိုပြီး စကားပါးပေးလို့ ရမလား.. နောက် သုံးရက်နေရင် ဒီကို ပြန်လာခဲ့ပါ့မယ်.. အဲ့တာ ဆိုရင် ခွင့်ပြုပါအုံး..’

    သုတီ ဆိုသောသူ ထွက်သွားပြီ ဆိုမှ တော်ဝင်က မျက်မှောင်ကုတ်လိုက်ပြီး..

   ‘အဲ့ကောင်က ဘာလဲ.. ငါတို့ မိဖုရားကြီးကို ဘာထင်နေတာလဲ တွေ့ချင်တိုင်း တွေ့လို့ရမယ်များ မှတ်နေသလား.. ဟွန့်..’

   စေတက ဓားကိုကိုင်ရင်း ပုခုံးတစ်ချက် တွန့်လိုက်ကာ..

   ‘ငါတော့မသိဘူး.. မိဖုရားကြီးနဲ့ သိတဲ့လူ ဖြစ်နေမလား.. သတင်းပို့သင့်လား အဲ့တာက ထုံးစံတွေကိုတော့ ကျော်လွန်တယ် မဟုတ်လား..’

   စောရက ခလုတ်ဖြင့် ပစ်ရသော ဒူးလေးအသေးစားလေးကို စမ်းသပ်နေရာမှ..

   ‘အဲ့လူက ကောရဗျ တိုင်းပြည်ကပဲ.. နန်းတော်ဝင်ရင် မိဖုရားကြီးကို တွေ့ရမှာမှန်း မသိဘူး ဆိုတော့.. မိဖုရားကြီးမှန်း မသိဘူးပဲ..’

  သိပ္ပက ကလေးပွေ့နေရင်းမှ.. အခန်းထဲသို့ လှမ်းဝင်လာသည်။ နေရာမှာ ဝင်ထိုင်လိုက်ပြီးမှ.. စောရအား မေးဆတ်ရင်း..

   ‘ကောရဗျတိုင်းပြည်ကို မင်းက တာဝန်နဲ့သွားဖူးတော့.. သူက ဘယ်သူဆိုတာ မင်းသိမှာပဲ သူက ဘယ်သူလဲ..’

    ‘သူက ကောရဗျတိုင်းပြည်ရဲ့ အက္ခရာ.. အိမ်ရှေ့မင်းသား သုတီပဲ.. မင်းကြီးက ကလေးမမွေးနိုင်ဘူး.. အဲ့တာကြောင့် သူ့ညီတော် အရင်းကို.. အိမ်ရှေ့မင်းသားအဖြစ်.. ခန့်ထားတယ်.. အဲ့ချိန်မှာပဲ ပြသနာ ဖြစ်တာက အရင်မင်းကြီးရဲ့ ဒုတိယအဆင့် မိဖုရားမှာလည်း သားတော် နှစ်ပါးဖွားမြင်ထားတယ်.. အဲ့မိဖုရားရဲ့ မောင်တော်နဲ့ သူ့တူတော် နှစ်ယောက်က ကောရဗျ မင်းကြီးနဲ့ အိမ်ရှေ့မင်းသားကို ကန့်ကွက်ကြတယ်.. မင်းကြီးက မကျန်းမာတော့ မင်းကြီးကို အဓိကမထားပဲ ကျန်းမာရေး ကောင်းပြီး နန်းတွင်းကို ထိန်းချုပ်နိုင်တဲ့ ဒုတိယမင်းသား လည်းဖြစ်.. အိမ်ရှေ့မင်းသားလည်း ဖြစ်တဲ့ မင်းသားသုတီကို အဓိကထား တိုက်ခိုက်ကြတယ်..’

   ‘လုံးဝ ဇာတ်ရှုပ်ကြီးပဲ.. ငါတို့ မိဖုရားကြီးက ဘယ်လို ဆုံးဖြတ်မယ် ထင်လဲ..’

   ‘ငါတို့ မိဖုရားကြီးက သေချာ အကွက်ကျကျ ကစားလိမ့်မယ်.. မယုံရင် စောင့်ကြည့်!..’

   ‘ဒါပေမယ့် အခု အမြွှာကြယ် ပေါ်ပြီလို့ ပြောနေကြတယ်.. မိဖုရားကြီးက ငါတို့နဲ့ အဆက်သွယ် ပြတ်နေတယ်.. တကယ်ဆိုရင်.. မိဖုရားကြီး ဆီမှာသာဆို.. ငါတို့ အရင်သိသင့်တယ်..’

   စေတက ထိုသို့ ဝေဖန်သည်တွင် သိပ္ပက ကလေးကို ချော့မြူနေရာမှ ရယ်ချလိုက်ပြီး..

   ‘မင်းတို့ ရူးနေပြီလား.. ငါ့မိန်းမ ကိုယ်ဝန်ရတော့ မင်းတို့ အရင်သိ ရတာလား.. ငါက အရင်သိရတာလား.. သူက ပိုဆိုးအုံးမယ်.. သာမာန်လူရဲ့ဇနီးမဟုတ်ဘူး.. မင်းကြီးရဲ့ မိန်းမ.. သူ့ဗိုက်ထဲမှာ ရှိလာတဲ့ ကလေးက တိုင်းပြည်ရဲ့ အနာဂတ်ပဲ.. ငါတို့ကို မပြောခင် နန်းတော်မှာ ပြသနာ မတက်အောင်သာ ဆုတောင်းထား.. အိုး.. ရယ်ပါအုံး.. သားလေးရေ..’

   ကလေးချော့ရင်း ပြန်ထွက်သွားတော့ ကျန်နေတဲ့ စောရ စေတနဲ့ နန္ဒက နားမလည်သလို ခေါင်းယမ်းသည်တွင် တော်ဝင်က..

   ‘သူ မင်းကြီးကို ဖွင့်ပြောဖို့ ခက်နေပြီလား မသိဘူး..’

   စေတက မျက်မှောင်ကုတ်လိုက်ပြီး..

   ‘ဘာလို့ ခက်နေမှာလဲ.. ဒါကပျော်စရာ ကိစ္စပဲကို..’

   ‘ငါတို့ကို သူအမြဲတမ်း သတိပေးဖူးတယ်လေ.. သူက အတွင်းဝန် အမတ်ကြီးရဲ့ သမီးဆိုတာကို ဘယ်တော့မှ မမေမ့ရဘူးလို့.. ပြောထားတယ်လေ’

   ‘ရှုပ်ပါတယ် သူ့အဖေကို ငါ ဖမ်းလိုက်မယ်..’

   ‘လုပ်ကြည့်လေ.. သူမင်းကို ခွင့်လွတ်မလားလို့.. ဘယ်လိုပဲ ဖြစ်ဖြစ် သူက အမတ်ကြီးရဲ့ သမီးပဲကွ.. သူကြောက်နေတာလဲ အဲ့တာကိုပဲ.. သူ့အဖေက သိပ်ထက်လွန်းတယ်.. သူကကျတော့ သားအဖ သံယောဇဉ်ကို အလေးထားလွန်းတယ်.. ပြသနာက မင်းကြီးကို ခက်ခဲစေလိမ့်မယ်.. ဟူး!..’

   ‘ဒါနဲ့ မင်းကို အရင် ဆယ့်ရှစ်နှစ်က အမှု စုံစမ်းခိုင်းထားတယ်နော် တော်ဝင် မင်းဘာလုပ်နေတာလဲ..’

   ‘အရင်ဆယ့်ရှစ်နှစ်လေ.. အရင်ရှစ်ရက်က အမှုမှ မဟုတ်တာ.. လောလောဆယ် ဘာမှ မသိရသေးဘူး.. သွားပြီ! ငါလုပ်စရာ ရှိတာလုပ်လိုက်အုံးမယ်..’

      xxxxxxxxxxxxxxxxxxxxx

   ‘မင်းကြီး.. စိုးရွံ့ပေမယ့်.. ကျွန်တော်မျိုး တင်လျှောက်ရန် အကြောင်း ရှိကြောင်းပါ..’

   သူမက သူ့အပေါ်တွင် ရုတ်တရက် စိမ်းကားသွားခြင်း အပေါ် နားမလည်နိုင်စွာ ရှိနေသည်တွင်.. အမတ်မင်းယုဂန်က တွေ့ခွင့်တောင်းသဖြင့် ခွင့်ပြုလိုက်ရာ.. ထို့သို့ ဆိုလာ၏။

   ‘တင်စေ..’

   ‘မင်းကြီး ကျွန်တော်မျိုး ဟောကြားထားသလို.. အမြွှာကြယ် ပေါ်ထွန်းပါပြီ ဘုရား..’

   ‘ဘာ!.. သေချာ ရှင်းလင်းစွာ တင်စေ..’

   ‘အမြွှာကြယ် ပေါ်ထွန်းပြီမို့.. မင်းကြီးရဲ့ သားသမီး ရတနာ.. တည်ရှိနေပြီဟု ဆိုလိုကြောင်းပါ..’

   ‘ဟုတ်လား.. ကောင်းပြီ.. ငါ မိဖုရားကြီး နန်းဆောင်ကို သွားမယ်.. အခုချက်ချင်း လမ်းပြစမ်း သတိုး!..’

  တင်လျောက်ချက် မဆုံးသေးခင် မင်းကြီးကတော့ ပြုံးရွှင်စွာဖြင့်.. နန်းဆောင်မှ အစောတလျင် ထွက်သွားလေပြီ။ မိဖုရားကြီးက ဘယ်လိုများ ဖြေကြားမလဲ ဆိုတာကိုတော့.. မသိပေမယ့် တစ်ဝက်တစ်ပြတ်သာ တင်လျှောက်လိုက်ရတာကို ခေါင်းကုတ်လျက် တွေးမိတာက မိဖုရားကြီးက သူ့အား အထင်လွဲတော့မည်။

   မိဖုရားကြီး နန်းဆောင်သို့ လာသည့် လမ်းတွင်..

   ‘သတိုး.. မိဖုရားကြီးကို ကိုယ်ဝန် ရှိနေပြီလားလို့.. တိုက်ရိုက် မေးလိုက်ရမလား..’

   ‘မဖြစ်သင့်ကြောင်းပါ..’

   ‘နေ့လည်က သူ ငါကိုယ်တော်ကို ဒီလို ဆက်ဆံတာ ဒီကိစ္စ ကြောင့်မို့ စိတ်မကြည်လို့ ထင်တယ်နော်.. ငါကိုယ်တော်က အရိပ်ပြလို့ အကောင်မမြင်တော့ သူ ပိုပြီး စိတ်တိုသွားမယ် ထင်တယ်..’

    ‘မှန်လှပါ..’

   ‘ဟုတ်တယ် မဟုတ်လား.. ဖြစ်နိုင်တယ် မဟုတ်လား.. ဟူး.. ဘာလို့ ချက်ချင်း သဘောမပေါက် လိုက်ရတာလဲကွာ.. ထူးခြားတာ တစ်ခုခု ဖြစ်နေပြီလားလို့ မေးလိုက်ရမလား..’

   မေးရင်း ပြောရင်းဖြင့် နန်းဆောင်သို့ ရောက်လာသည်တွင် ခွင့်ပင် မတောင်းတော့ပဲ နန်းဆောင်အတွင်းသို့ ပြေးဝင်လာခဲ့မိသည်။ သူမ မျက်နှာလေးက သွေးမရှိသလို ဖျော့တော့နေတာကို စိတ်မကောင်းစွာ စိုက်ကြည့်ပြီးမှ..

   ‘ရှင်ဖြူ.. မင်းဆီမှာ.. ထူးခြားတာ တစ်ခုခု ဖြစ်နေပြီလို့ အမတ်မင်း ယုဂန်က တင်လျှောက်လာတယ်..’

   ‘ဘာ!..’

   မိဖုရားကြီး အမိန့်မရပဲနဲ့ မပြောပါဘူးလို့ ပြောထားပြီးမှ.. ဆိုသည့် အတွေးနှင့်.. မျက်လုံးတွေ ပြူးကျယ်သွားမိပြီး ထိုင်နေရာမှ ကတုန်ကယင် ထရပ်လိုက်မိကာ.. ဘာပြန်ဖြေရမည်မှန်းမသိ ဖြစ်မိသလို မင်းကြီးကလည်း တစ်ခုခု ဖြေကြားလာမည်ကို အပြုံးတွေ.. နှင့် စောင့်ကြိုနေ၏။

          xxxxxxxxxxxxxxxxxxxx

ဆက်ရန်---(အပိုင်း ၁၃ ကို ၃၁.၁၂.၂၀၁၆ တွင် တင်ပေးပါမည်)
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါသည်။
စွဲညို့

Post a Comment