ချစ်သောရှင်ဖြူငယ်

ချစ်သော ရှင်ဖြူငယ် ဒုတိယတွဲ (အပိုင်း-၉)  xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

   လက်ထဲက ပန်းခြင်းလေးက ပြုတ်ကျသွားပြီး.. ပွင့်ဖတ်လေးတွေ လေထဲမှာ ပြန့်ကျဲသွားတာကို အဓိပ္ပါယ်မဲ့ လိုက်ငေးနေမိပြီး.. သိက္ခာကို တောင်းပန်သလို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ ပြီးတော့မှ..  တိုးလှသော လေသံဖြင့်..

   ‘မိဖုရားကြီးကို ပြန်ခေါ်လာပေးပါ.. အထိခိုက် မရှိပဲနဲ့ နန်းတော် အပြင် မရောက်ခင် သူ့ကို ပြန်ခေါ်လာခဲ့ပါ..’

   ညကိုယ်ရံတော်တွေ ပြေးသွားတာကို ကြည့်နေမိပြီးမှ ပန်းခြင်းကို ပြန်ကောက်ယူ လိုက်သည်။ ကြွေကျနေသော ပွင့်ဖတ်လေးတွေကို နှမြောသတစွာ ငေးကြည့်လိုက်ပြီးမှ နန်းတော် တံခါးသို့ ဦးတည်လိုက်၏။ နေမွန်းတည့်နေပြီ။

   မင်းကြီး ပြောထားဖူးတဲ့ မင်းတစ်ယောက်တည်းကိုပဲ ယုံကြည်တာပါ ဆိုတဲ့ ကတိကို မေ့ပေးပါ..၊ ဆိုတာ အခုလို ထွက်သွားဖို့ကို မင်းဆိုတာလား ရှင်ဖြူ..၊ ကျွန်မပေးထားတဲ့ ကတိကိုလည်း မေ့ပစ်လိုက်ပါ့မယ် ဆိုတာက မင်း ငါ့နားက ထွက်သွားဖို့ ငါ့ကို စွန့်ပစ်သွားဖို့ မင်းကြေငြာလိုက်တာမှန်း မသိခဲ့ဘူး..၊ မရဘူး.. ငါခွင့်မပြုဘူး..၊

   လက်ထဲမှာ ကိုင်လျက် ပါလာသည့် ပန်းခြင်းက လျင်မြန်စွာ သွားနေသည့် အရှိန်ကြောင့် ပွင့်ဖတ်တွေ တရိပ်ရိပ်ကြွေဆင်းနေတာကို တွေ့နေသော်လည်း ရပ်လိုက်ဖို့ စိတ်မကူးမိပေ။

   သူမ သွားလိုက်ပြီလား..၊ သူမကို မှီပါ့မလား..၊ စိုးရိမ်သည့် အတွေးများဖြင့် နန်းတော် တံခါးသို့ ရောက်တော့.. တံခါးမှုးများမှ လွဲ၍ တခြားဘယ်သူမှ မရှိ..၊

   ‘သွားလိုက်ပြီလား.. ဘယ်သူတွေ ထွက်သွားသေးလဲ..’

   သူ့ထံမှ ထိတ်ထိတ်ပျာပျာ အမေးစကားကို တံခါးမှုးက

  ‘ဒီနေ့ နန်းတော်ကနေ ဘယ်သူမှ မထွက်သွားသေးပါ ဘုရား..’

  တော်သေးတာပေါ့..၊ ဆိုသည့် အတွေး မဆုံးခင်မှာပဲ.. တံခါးမှုးက..

  ‘မွန်းမတည့်မီ တောင်ဘက် တံခါးမှာ တာဝန်ကျတော့.. လူသူတွေက ဘယ်သူ့ကိုမှန်း မသိသော်လည်း မြင်းများဖြင့် လာရောက် ကြိုဆိုနေကြပါတယ်..’

   ဒိန်းခနဲ ရင်ထဲမှာ ဆောင့်တက် သွားပြီး.. တောင်ဘက်တံခါးသို့ အပြေး သွားလိုက်မိသည်။ မြန်နေသော ခြေလှမ်းတွေကို နှေးသည်ထင်ကာ အားမလိုအားမရနိုင်..၊

        xxxxxxxxxxxxxx

   နန်းဆောင် အတွင်းမှ သာမာန် အရပ်ဝတ်ဖြင့် ထွက်လာခဲ့ပြီး ဆံပင်တွေကို နန်းစဉ် ရတနာတွေ မဆင်မြန်းပဲ ဖြန့်လျက် ချထားရတာက သက်သာ ပေါ့ပါးနေသည်။ နန်းဆောင် အပြင်သို့ ရောက်လာမှ ရှစ်နှစ်တာလုံး နေထိုင်ခဲ့သော နန်းဆောင်ကို တစ်ချက် ကြည့်လိုက် မိသေးသည်။ ပြီးတော့မှ နန်းတော်မှ ထွက်ခွာရန် လမ်းသို့ ဦးတည် လိုက်သည်။

   ‘မိဖုရားကြီး မင်းကြီး သိသွားရင်..’

   နန်းတော် တောင်ဘက်တံခါးသို့ ဦးတည်နေစဉ် ပြောလိုက်သော စကားကြောင့် လှမ်းနေရာမှ ရပ်သွားကာ..

   ‘ဟုတ်သားပဲ ကျွန်မ လုပ်စရာ တစ်ခု ကျန်ခဲ့တယ်.. မင်းကြီးကို ဆေးစပ်ပေးဖို့ သွားမှာလိုက်အုံးမယ်.. တော်ကြာ မသိပဲ နေကြလိမ့်မယ်..’

   အဲ့လိုမျိုး မင်းကြီးကို စိတ်မချ နိုင်ပဲနဲ့များ.. ထွက်သွားဖို့ ဘယ်လိုများ တွေးမိတာလဲလို့ မေးလိုက်ချင်သော်လည်း မိဖုရားကြီးက နန်းတော် အထွက်လမ်းမှ သမားတော် ဆောင်သို့ ဦးတည်လိုက်ပြီ ဖြစ်သည်။ အနောက်ကနေ ခပ်သုတ်သုတ် လိုက်လာရသော်လည်း နန်းတော် တံခါးဆီသို့ ဦးတည်နေသော နန်းစောင့် ရဲမက်တွေကြောင့် စိတ်အတွင်း ထင့်ခနဲ တစ်ချက် ဖြစ်သွားမိသေး၏။

   မိဖုရားကြီးက သမားတော်ဆောင်မှ သမားတော်နှင့် စကားပြောပြီး ပြန်ထွက်လာ၏။ ထို့နောက်..

   ‘ကျွန်မကို စိုက်ကြည့်ပြီး ဘာတွေများ တွေးနေတာလဲ လပြည့်.. နန်းတော်အပြင် ရောက်ရင် ခက်ခဲမှာပဲ ဆိုပြီးတော့လား..’

   ‘မဟုတ်ပါဘူး မိဖုရားကြီး..’

   ‘အဲ့တာဆို သွားရအောင် လာကြိုတဲ့သူတွေ ရောက်နေလောက်ပြီ ကျွန်မကို နောက်ကျတယ်လို့ အပြစ်မတင်ခင် သွားကြစို့..’

   သမားတော် ဌာနမှ ထွက်လာပြီး.. နန်းတော် တောင်ဘက်တံခါး နားသို့ အရောက်တွင်.. ညကိုယ်ရံတော်များက ဝိုင်းရံလိုက်ကြသည်။ လပြည့်က လက်ထဲတွင် ဆုပ်ကိုင်ထားသော အဝတ်ထုတ်လေး ပြုတ်ကျသွားသည် အထိ မျက်လုံးပြူး အံ့သြစွာဖြင့် ရှင်ဖြူအား လှမ်းကြည့် လိုက်သော်လည်း..  မျက်မှောင် ကုတ်ထားပေမယ့် လက်တွင် ကိုင်ထားသော ဓားလက်ကိုင်ရိုး ပေါ်သို့ လက်ကို လှမ်းတင် ထားလိုက်ပြီ။ လပြည့်မှာသာ လှမ်းကိုင်စရာ ဓားသွား မရှိသဖြင့် ကြောက်ကြောက် လန့်လန့်ဖြင့် ပြုတ်ကျသွားတဲ့ အဝတ်ထုတ်လေးကို ပြန်ကောက်ပြီး ရှင်ဖြူ ငယ် အနားသို့ တိုးကပ်လိုက်မိ၏။  သူမကတော့ တစ်ခုခုကို တွေးတောနေပြီး ဓားအိမ်ထဲမှ ဓားကို ဖြည်းညင်းစွာ ထုတ်လိုက်သည်။ သိက္ခာက ဝိုင်းပတ်ထားသည့် အတွင်းသို့ ခုန်ဝင်လာပြီး ဓားကို ဆွဲထုတ်ကာ..

   ‘တောင်းပန်ပါတယ်.. မင်းကြီး အမိန့်မို့ပါ.. မင်းကြီးက မိဖုရားကြီးကို ပြန်ခေါ်ခဲ့ဖို့ အမိန့်ပေးထားပါတယ်..’

   ‘အမိန့်.. နာခံဖို့ မရှိဘူး ကျွန်မက မိဖုရားကြီး မဟုတ်တော့ဘူး..’

   မျက်ဝန်းက အေးစက်သည်။ ခြေလှမ်းက ရဲရင့်သည်။ ဓားတွေဖြင့် ဝန်းရံထားသည်ကို မမှုပဲ.. နန်းတော်တံခါးသို့ ရောက်အောင် ခြေတစ်လှမ်း ချင်း ရှေ့သို့ တိုးလာသည်။ သူမ တစ်လှမ်းတိုးတိုင်း နောက်သို့ တစ်လှမ်း ဆုတ်ရင်း နန်းတော် တံခါးနားသို့ ရောက်လာ၏။ နောက်သို့ ထပ်ဆုတ်လျှင်လည်း နန်းတော် တံခါးသာ ရှိတော့သည်။

   သိက္ခာက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီးမှ တစ်ချက် ဂါရဝပြုလိုက်ကာ..

   ‘မင်းကြီး အမိန့်အရ မိဖုရားကြီးကို ခေါ်ယူဖို့ စေခိုင်းထားပါတယ်.. ရှေ့ကို ဆက်တိုးနေရင် တိုက်ခိုက်ပြီး ခေါ်ဆောင်ရပါမယ်.. အပြစ်ဖြစ်သွားရင် ခွင့်လွှတ်ပါ..’

   သိက္ခာက စပြီး လှုပ်ရှားလိုက်တာနဲ့ သူမကလည်း လျင်မြန်စွာ ရှောင်တိမ်း လိုက်ပြီး.. လပြည့်ကို ခါးကနေ လူတွေ ဝိုင်းထားသည်မှ အပြင်သို့ တွန်းထုတ် လိုက်သည်။ ပြီးသည်နှင့် အနီးဆုံးတွင် ရှိသော ညကိုယ်ရံတော် နှစ်ဦး၏ ရင်ဘတ်အား ကန်လိုက်ပြီး ဓားဖျားဖြင့် ဓားများကို ခတ်ထုတ်လိုက်သည်။ သူမနားတွင် လူတွေ အနည်းငယ် နောက်ဆုတ်သွားပြီ ဆိုမှ..

   ‘မင်းတို့ကို ငါက မကျော်နိုင်ဘူးလို့ ထင်နေတာလား..’

   ‘ချွမ်း..’

   ဓားချင်းဓားထိခတ်သံက ကျယ်လောင်စွာ ထွက်ပေါ် လာ၏။ သိက္ခာက မျက်နှာပျက်သွားပြီး မျက်နှာလွဲလိုက်ရာမှ ပြန်ကြည့်လာပြီး သူ့လူတွေကို နောက်သို့ ဆုတ်ရန် အချက်ပြလိုက်သည်။

   ‘မိဖုရားကြီးကို တားဆီးဖို့ တာဝန်က ကျွန်တော်မျိုး တာဝန် ဖြစ်နေပါတယ်.. အပြစ်ဖြစ်စေမိပါပြီ’

   ‘ရွှမ်း..’

   သိက္ခာကို လက်ထဲမှာ ကိုင်ထားသည့် ရွှေဓားကို ထုတ်လိုက်ပြီးမှ သူမနားသို့ ရောက်လာကာ.. သေကွင်းသေကွက်ဖြင့် လွတ်သော နေရာများကို အဓိကထား တိုက်ခိုက်လာ၏။ ရှောင်တိမ်းခြင်းနှင့် လျင်မြန်စွာ တိုက်ခိုက်ခြင်းကို တစ်ခါတည်း ပြုလုပ်သော်လည်း.. လက်ရည်က တူနေသဖြင့်.. နှစ်ဦးစလုံး ဒဏ်ရာမရသော်လည်း အချိန်အားဖြင့် ကြာမြှင့်လာသည်။ တစ်ချီတွင် သိက္ခာ၏ ရင်ဘတ်အား ထိထိမိမိ ကန်လိုက်မိသော်လည်း သိက္ခာ၏ ဓားချက်က သူမပုခုံးသို့ ရှပ်ထိသွား၏။

   သွေးအနည်းငယ် စွန်းထင်သွားသည့် လက်မောင်းကို တစ်ချက် ငုံ့ကြည့်လိုက်ပြီးမှ လက်ထဲက ဓားကို ကျင်လည်စွာ လှည့်ပစ်လိုက်သည်။ ပြီးတော့မှ ခြေထောက်တွင် ထိုးထားသော ဓားအတိုလေးကို ဖြုတ်ယူလိုက်ကာ..

   ‘ကျွန်မကို မရအရ တားဆီးနေတယ် ဆိုမှတော့.. ကျွန်မ အလွန်မဆိုပါနဲ့..’

   ‘ထင်း.. ချွမ်း..’

   သိက္ခာကို ဓားဖြင့် လှမ်းခုတ် လိုက်သည်တွင်.. သူက ဓားချင်းဓား.. ခံလိုက်သည်တွင် ကျန်သော လက်တစ်ဖက်ဖြင့် ဓားလက်ကိုင်မှ ကန့်လန့်ဖြတ်ကာ ဆောင့်ဆွဲလိုက်၏။ သိက္ခာက မထင်မှတ်ထားသည်မို့ မျက်လုံး ပြူးသွားသော်လည်း ဓားကို လွင့်ထွက်မသွားအောင်.. လက်ဖြင့် သေချာ ပြန်ထိန်းလိုက်သည်။ သို့သော်.. သူမက ရှေ့သို့ တစ်လှမ်းတိုးကာ.. ခြေဖျားထိပ်ဖြင့် ကန်ပစ်လိုက်ပြီး.. သိက္ခာ၏ ဓားချက်ကို မရှောင်ပဲ နေလိုက်ရာ.. သိက္ခာက သူမအား ထိခိုက်မိမှာ စိုးရိမ်စွာဖြင့်.. ဓားကို လွတ်ချလိုက်ရ၏။

   ထိုစဉ် ကိုယ်ကို တစ်ပတ်လည်ကာ.. ဓားအရှည်ဖြင့်.. လက်အဖျားတွေကို ရှအောင် ပွတ်ဆွဲ ဟန်ပြင်လိုက်ပြီး.. သိက္ခာက လျင်မြန်စွာ ရှောင်လိုက်လျှင်.. မလှုပ်ရှားနိုင်စေသော သွေးကြောများကို ဓားအတိုလေး၏ ဓားနှောင့်ဖြင့်.. ဖိထောက်လိုက်ရာ.. သိက္ခာက မလှုပ်နိုင်ပဲ တန့်ရပ် သွားသည်။ ပြီးသည်နှင့်.. သူမက တိုက်ခိုက်မှုကို ရပ်လိုက်သည်။

   ‘အစ်ကို သိက္ခာကို ပစ်မှားမိပါပြီ.. သွားဖို့ လိုနေလို့ပါ..’

   ခပ်လှမ်းလှမ်းမှ လပြည့်၏ လက်ကို ဆွဲကာ နန်းတော်တံခါး အပြင်သို့ ပြေးထွက်သည်တွင်.. ညကိုယ်ရံတော်များက ဝိုင်းရံကာ တိုက်ခိုက်လိုက်ကြ၏။ ညကိုယ်ရံတော်များ၏ ဓားများ ကြားမှ ကွေ့ဝိုက်ကာ ရှောင်တိမ်း လိုက်ပြီး.. နန်းတော်တံခါး အပြင်သို့ ခြေလှမ်း အချတွင်..

   ‘ရပ်လိုက်!.. ဓားတွေကို ရပ်လိုက်’

   ညကိုယ်ရံတော်တွေ လက်ကနေ လွတ်မြောက်အောင် ကြိုးစားနေရပြီ ဆိုကတည်းက သူနေရာက်လာမည် မှန်း သိပြီးသား ဖြစ်သည်။ ထို့ကြောင့် သူ့ထံမှ အမိန့်သံကို ကြားလိုက်သည်နှင့် ခြေလှမ်းတွေ တန့်သွား မိသော်လည်း.. ရှေ့တွင်စောင့်နေသော တော်ဝင်ရှိရာသို့သာ ခြေလှမ်းတွေကို ဦးတည်လိုက်သည်။

   ‘နန်းတော်ထဲကနေ မင်းထွက်သွားပြီ ဆိုတာနဲ့ အားလုံးပြီးသွားမယ် ထင်နေတာလား.. ရှင်ဖြူ.. မင်းငါ့ကို ထားခဲ့နိုင်ပြီ ဆိုတာနဲ့ အားလုံးပြီးသွားမယ် ထင်နေတာလား..’

   သူမ ခြေလှမ်းတွေ ရပ်တန့်မှာ မဟုတ်ဘူး ဆိုတာကို သူမခြေလှမ်း လှမ်းနေတာ မြင်တာနှင့် သိသည်။ သို့သော်.. သူမကို သူ.. ထွက်သွားဖို့ ခွင့်မပြုနိုင်စွာ.. သူမနားသို့ ရောက်သွားသည်အထိ ပြေးသွားလိုက်ပြီးမှ နန်းတော်တံခါး အရှေ့တွင် ရပ်လိုက်ရပြီး..

   ‘မင်းကို ခွင့်လွတ်တယ်.. နာကျင်စေခဲ့ရင်လည်း တောင်းပန်တယ်..’

   ထိုသို့ ပြောလိုက်မှ လပြည့်လက်ကို သူမက လွတ်လိုက်ပြီး.. သူ့ဘက်သို့ လှည့်လာသည်။ သို့သော် စကားတစ်ခွန်းမှ မဆိုသလို သူမက ပြုံးမနေပါ။ အေးစက်စွာ စိုက်ကြည့်နေတာက သူ့ကို အနည်းငယ် ကြောက်ရွံ့ စေသော်လည်း.. သူမ ကျောခိုင်း ထွက်သွားမှာကို ပိုပြီး ကြောက်ပါသည်။

   ‘ဒီနေ့.. အဲ့တာကို ပြောမလို့ပါ.. မင်းထွက်သွားချင်လောက်အောင် စိတ်ပျက်စေခဲ့မိတာ ငါမကောင်းမှန်း သိပါတယ်.. ဒါပေမယ့်.. ငါ့ကို မင်း မသိဘူးလား..’

   ‘ကျွန်မက ဘာလို့လဲ.. မင်းကြီးကို.. ဘာလို့ သိနေရမှာလဲ..’

   သူမ ပြန်မေးလိုက်တာက တိုးတိုးလေး ပေမယ့် တစ်လောကလုံး တိတ်ဆိတ်သွားသလို ခံစားလိုက်ရ၏။ သူက ရှေ့ကို တစ်လှမ်းတိုးသည်တွင် သူမက နောက်သို့ တစ်လှမ်းဆုတ်၏။ သူက နောက်တစ်လှမ်းတွင်.. သူမက နောက်ထပ်တစ်လှမ်း ထပ်ဆုတ်သည်။ ထို့ကြောင့် ခြေလှမ်းတွေကို ရပ်ပစ်လိုက်ပြီး..

   ‘တစ်ခါလောက်လေး.. လာမေးခဲ့ရင်.. တစ်ခါလောက်လေးပဲ ပြောပြဖို့ မင်းမလုပ်နိုင်ဘူး.. မင်းငါ့ဆီ လာဖို့ကို ငါဘယ်လောက်တောင် စောင့်ခဲ့ရလဲ.. တစ်ရက်လေးတောင်မှ.. တရက်လေးတောင် မင်းမလာခဲ့ဘူး.. ငါက မင်းကို ပစ်ပယ်တယ် လို့ မင်းပြောချင်တယ် ဆိုရင် မင်းက ငါ့ကို ဘာလို့ စွန့်ပစ်တာလဲ.. ငါထက်ကို ဘာလို့ တခြားအရာတွေကို ပိုလိုချင်တာလဲ.. အခု ငါမေးတယ် မင်းဖြေ..’

   ဖြေလိုက်လေ..၊ သူက မေးလာပြီ..၊ ဖြေဖို့ စကားတွေ အပြည့်အသိပ် ရှိတယ် မဟုတ်လား..၊ ဖြေလိုက်!..၊
   ကိုယ့်ဖာသာကိုယ် အားပေးနေရင်း စကားတစ်ခွန်းမှ မထွက်လာနိုင်ပဲ သူစွပ်စွဲလိုက်သလို.. ကိုယ်က တခြားအရာတွေကို ပိုပြီး မက်မော နေတတ်ပြီလားလို့ ပြန်တွေးလိုက်မိသည်။ ပြီးတော့ စိတ်ထဲမှာ တင်းခနဲ ဖျင်းခနဲ ဖြစ်သွားလျက် မျက်နှာကို မော့ကာ ..၊ သူက စွပ်စွဲမှတော့.. ကိုယ်က မဖြေရဲရန် ရှိနေရမည်လား..၊

   ‘ဟုတ်တယ်.. မင်းကြီး ထက်ကို ပိုပြီး မက်မောတဲ့ အရာတွေ ရှိတယ်.. မရနိုင်မှတော့ ဘာလို့ မင်းကြီးနားမှာ နေပေးရမှာလဲ.. သွားခွင့်ပြုပါ..’

   သူ့မျက်လုံးတွေကို စေ့စေ့ကြည့်ပြီး ဖြေရန် သူမက ရဲဝံ့သော်လည်း သူ မကြားရဲစွာ ခေါင်းတွေကို ယမ်းခါပစ်လိုက်၏။ သူမက သူ့ကို တစ်ချက် ကြည့်လိုက်ပြီးမှ နောက်သို့ ကျောခိုင်းလိုက်သည်တွင်..

   ‘ခွင့်ပြုတယ်.. မင်း တခြား အရာတွေကို မက်မောဖို့ ခွင့်ပြုတယ်.. အဲ့တာကြောင့် ထွက်မသွားပါနဲ့.. မင်းလိုချင်တာ မင်းဖြစ်ချင်တာကို ဖြစ်ဖို့ ခွင့်ပြုပေးမှာမို့.. ရှေ့ကို နောက်ထပ် တစ်လှမ်းမှ မတိုးပဲ ငါ့ဘက်ကို ပြန်လှည့်ပေးခဲ့ပါ..’

   အဲ့တာက မင်းကြီး တစ်ပါး ပြောရမယ့် စကား မဟုတ်ဘူး ဆိုတာ သူ မသိဘူးလား..၊ သူရူးသွားပြီလား..၊
  သူ့ဘက်ကို ပြန်လှည့်လိုက်တော့ မျက်ရည်တွေ သိုင်းရစ်နေသော သူ့မျက်လုံးတွေကို မရင်ဆိုင် ဝံ့သလို ဖြစ်သွားသည်။ ဘာတွေ ခံစားလိုက်မိလို့.. သူက ဒီလိုမျိုး..၊ သူမ အတွေးတွေ မဆုံးလိုက်ခင်မှာပင်.. သူက

   ‘မင်းက ငါ့အတွက် အရင်တုန်းက ရှင်ဖြူငယ် မဟုတ်ရင်လည်း.. စင်္ကြာဒေဝီ ဆိုရင်လည်း ငါက မင်းကို လိုအပ်တာမို့.. ထွက်မသွားပါနဲ့.. မင်းက ဟုတ်ပါတယ် မှန်ပါတယ်လို့ ဝန်ခံထားပေမယ့် ဘာကြောင့်မှန်း မသိပဲနဲ့.. ဘာလို့မှန်း မသိပဲနဲ့.. မင်းကို ငါက ယုံကြည်နေသေးတယ်.. မင်း ငါ့ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူးလို့ ငါက ယုံကြည်နေတယ်.. တစ်လောကလုံးက မင်းမှားနေတယ် ပြောရင်တောင် ငါက မင်း တစ်ယောက် တည်းကို အယုံကြည်ဆုံးပဲ.. အဲ့တာဆိုရင် မင်းငါ့ဆီ ပြန်လာလို့ ရပြီလား.. ဒါပေမယ့် မင်းဆီက တစ်ခုခု ကြားချင်ခဲ့တာ ဒီရှစ်နှစ်လုံး မင်းဆီက တစ်ခုခု ကြားနေရဖို့ မျှော်လင့်ခဲ့တာ.. မကြားရလေ ပိုကြားချင်လေ ဖြစ်ပြီး မင်းကို ပစ်ပယ် ထားမိတာက ဘယ်လောက် ခက်ခဲသလဲ မင်းသိလား.. အဲ့တာတွေက မင်းကို မယုံကြည်တာ မဟုတ်ဘူး..’

   ‘ကျွန်မ အဖေက အတွင်းဝန်အမတ် ဖြစ်နေရင်တောင်မှလား.. အဲ့လို ဖြစ်နေရင် တောင်မှ ပြန်လာခဲ့ဖို့ ခေါ်နေတာလား..’

   သူမ လှမ်းမေးလိုက်တာကို သူက ခေါင်းညိတ်ပြလိုက်ပြီး..

   ‘မင်းရဲ့ အဖေကို မင်းက ရွေးချယ်ခွင့် မရှိဘူးလေ..’

   ‘တခြား ရွေးချယ် နိုင်တာတွေက မင်းကြီးကို ထိခိုက်စေမယ် ဆိုရင်ကော..’

   သူက တစ်ခဏမျှ ငေးကြည့်နေရာမှ.. မျက်နှာလွဲလျက် အားနည်းစွာ..

   ‘မင်းမလုပ်ပါဘူး.. မင်းကိုယ်တိုင်က လုပ်မယ်လို့ ပြောနေရင်တောင် မင်းမလုပ်ဘူး ဆိုတာကို ငါက.. ငါ့ရဲ့စိတ်က ယုံကြည်တယ်.. အဲ့တာဆိုရင် မင်းပြန်လာဖို့ အကြောင်းပြချက် လုံလောက်ပြီလား..’

   လုံလောက်ပြီ..၊ ထွက်မသွားဖို့ အကြောင်းပြချက် လုံလောက်ပြီ။ သို့သော်.. သူမ နန်းတော်မှာ တည်ရှိနေခြင်းက သူ့ကို ထိခိုက်ဖို့တွေ ရှိနေတာကို သူက မေ့ပစ်လိုက်ဖို့ မသင့်ဘူးလေ..၊

   ‘မင်းကြီးသာ.. ကျွန်မက အတွင်းဝန်အမတ်မင်းရဲ့ သမီး ဆိုတာကို မမေ့ပစ်ဘူး ဆိုရင်..’

   ‘မမေ့ဘူး.. မင်းက အတွင်းဝန်အမတ်မင်းရဲ့ သမီး ဆိုပေမယ့် မင်းက ငါ့ရဲ့ မိဖုရား မဟုတ်လား.. ဒီတစ်ခါ မင်းကို နန်းတော်မှာ မသိမ်ငယ်စေပါဘူး.. စိတ်မပျက် စေပါဘူး..’

   သူမက သူ့ထံသို့ ခြေတစ်လှမ်း ချလိုက်သည်တွင် သူမနားသို့ ပြေးသွား ချင်သော်လည်း.. လှမ်းကြည့်လာတဲ့ မျက်ဝန်းတွေ အရ.. နေရာမှ မလှုပ်ရဲပဲ သူမကိုသာ ရင်တထိတ်ထိတ်ဖြင့် ငေးကြည့်နေရ၏။

   သူမ ခြေတစ်လှမ်း ရှေ့သို့ တိုးလာတိုင်း.. သူမ မျက်ဝန်းတွေက တစ်ခုခု ပြောချင်သော အနေထားတွင် ရှိသော်လည်း.. သူမ ဘာကိုဆိုလို တာလဲ ဆိုတာကို နားမလည်နိုင်ပေ။ သူ ရှေ့တည့်တည့်သို့ ရောက်မှ သူမကို သေချာ ပြန်ကြည့်မိသည်။

  ‘ကျွန်မ မင်းကြီးရဲ့ မိဖုရားဖြစ်ဖို့ လက်ခံပါတယ်..’

   တိုးလွန်းသည့် အသံအရ တခြားသူတွေ ကြားမှာ မဟုတ်ပေ။ သို့သော်.. တခြားသူတွေ ကြားဖို့လည်း မလိုပေ။ သူမ ပုခုံးလေးကို ကိုင်လိုက်တော့မှ သွေးတွေ စွန်းပေ နေတာကို သတိထားမိသွားပြီး..

   ‘သွေး.. ထွက်နေတယ်..’

   သူထံမှ စိုးရိမ်တကြီး ဖြစ်သွားတာကို ရင်နင့်စွာ ငေးမိပြီး သူ့ထံမှ ဒီလို ဂရုစိုက်မှုတွေ တစ်သက်လုံး မရတော့ဘူး ဟု တွေးကာ ရင်နာရသော နေ့ရက်တွေအား.. ပြန်တွေးမိကာ ဝမ်းနည်းသွားမိသည်။ ထို့ကြောင့် မျက်ရည်တွေ လည်လာတော့.. သူက..

   ‘နာနေလား.. ဒဏ်ရာရအောင် တိုက်ခိုက်ရသလား.. သူက မိဖုရားဆိုတာ မသိဘူးလား..’

  အရင်ကလို အပြုမူတွေကို တစ်ခုချင်း လိုက်ငေးနေမိသည်။ ဒီလို အပြုမူတွေကို တစ်သက်လုံး ထိန်းသိမ်းထားချင် ပေမယ့်.. သူမက.. သူနဲ့သင့်တော်ရဲ့လား..၊  သူမကို အနားသို့ ခေါ်ထားချင်ပါတယ်လို့ ပြောတဲ့ သူက တကယ်ကော.. ခေါ်ထားဖို့ လွယ်ပါ့မလား..၊ သူမကို သူက အရေးပေးရင်ကော ခံယူသင့်ရဲ့လား..၊ အကယ်၍ သူမကို သူက အရေးပေးလျှင်.. သူမရဲ့ဖခင်ဖြစ်သော အတွင်းဝန်အမတ်မင်း၏ တန်ခိုးအာဏာ ကြီးထွားလာမည်။
   ထိုသို့ဆိုလျှင်.. သူသည် သူမနှင့် အဖေ့ကြားတွင် ပိုမို ခက်ခဲသော အရာတွေကို သူက ရင်ဆိုင်ရမည်သာ..၊  ထိုအတွေးတွေနှင့် သူ့ရှေ့တွင် ရပ်နေမိရာမှ ရှေ့သို့လည်း မတိုးနိုင်.. နောက်သို့လည်း မဆုတ်နိုင်ပဲ ရှိ၏။ သူမကို စိုးရိမ်စွာ ငေးကြည့်နေသည့် သူ့ မျက်ဝန်းတွေကတော့ သူမ ထွက်သွားမှာကို စိုးကြောက်နေသည်က သိသာစွာ..၊

   ထို့ကြောင့်.. ညင်သာစွာ ပြုံးပြဖို့ ကြိုးစားပေမယ့် မပီပြင် နိုင်ပဲ..

   ‘ကျွန်မက မင်းကြီးနားကို တိုးလာရင် မင်းကြီးအတွက် အရမ်းကို ခက်ခဲလိမ့်မယ်..’

   ‘မင်းမရှိတာက ပိုပြီး ခက်ခဲစေနိုင်တယ်လို့ မင်းမထင်ဘူးလား..’

   ‘ဒီနှစ်တွေမှာ မင်းကြီး နေသားကျနေပြီ မဟုတ်လား..’

   သူမ မေးလိုက်တာကို သူက ခက်ခဲဟန်ဖြင့်.. မဖြေသေးပဲ ဘေးနားမှာ ပါလာသော သတိုးအား.. နားနားကပ်ကာ တိုးတိုး ပြောလိုက်၏။ သတိုးက နန်းစောင့်တပ်များနှင့် အခြေနေကို ကြည့်နေသော ညကိုယ်ရံတော်များကို..

   ‘မင်းကြီး အမိန့်တော်အရ နန်းစောင့်တပ်များနှင့် ကိုယ်ရံတော်များ ထွက်ခွာရန် ခွင့်ပြုပါတယ်’

   နန်းစောင့်တပ်တွေနှင့် ကိုယ်ရံတော်တွေ ထွက်သွားသော်လည်း သိက္ခာက နေရာမှ မရွေ့သေး..၊ သို့သော်.. သူက သိက္ခာကို တစ်ချက် မျှသာ လှမ်းကြည့် လိုက်ပြီး..

   ‘နာကျင်စရာတွေ.. ဝမ်းနည်းစရာတွေ.. အသက်တောင် မရှုနိုင် လောက်အောင် ရင်နာရတာတွေ.. အဲ့တာတွေနဲ့ နေသားကျနေပြီလားလို့ မေးရင်.. ဟုတ်တယ် ငါကိုယ်တော် အဲ့တာတွေနဲ့ နေသားတကျ နေနေခဲ့ပြီ.. ဆက်ပြီး မနေချင်တော့ဘူး.. နေသားကျ နေခဲ့ရတာတွေကို ငါကိုယ်တော် မလိုချင်တော့ဘူး..’

   သူ့လက်ထဲမှာ ကိုင်ထားဆဲ ပဲ့ကြွေနေသော ပန်းခြင်းကို လှမ်းယူ လိုက်တော့ သူက သူမလက်တွေကို လိုက်ကြည့်လာကာ.. တစ်ချက် ရယ်ပြလိုက်သေး၏။  သူ.. ရယ်နေတာကို ငေးကြည့်နေရာမှ သူ့နားကနေ ထွက်သွားဖို့ ခက်နေပြီ ဆိုတာ.. ပိုပြီး သေချာလာသည်။ ထို့ကြောင့်..

   ‘တကယ်လို့ ကျွန်မလက်တွေကို လွတ်ချလိုက်ဖို့ အချိန်ရောက်လာရင်.. မျက်လုံးမှိတ်ပြီး လွတ်ချလိုက်ဖို့ မမေ့ပါနဲ့.. ကျွန်မက မင်းကြီးနားမှာ နေချင်ပါသေးတယ် ဆိုရင်တောင်မှ လွတ်ချလိုက်ဖို့ ကြိုးစားပေးပါ..’

   သူမ ပြောလိုက်တာတွေကို နားမလည် နိုင်သော်လည်း.. သူမ ကျေနပ်အောင် ခေါင်းညိတ်ပြလိုက်သည်။ ပြီးတော့မှ သူမလက်ကို ဆွဲကိုင်လိုက်ပြီး..

   ‘ဒီနေ့ မင်းအတွက် ပြင်ဆင် ထားတာတွေ ရှိတယ်.. တချို့ကတော့ ပျက်စီးသွားတယ် ဒါပေမယ့် ကျန်နေတာတွေ ရှိသေးတယ်.. လာ!’

  သူ ပြေးသွားရာ နောက်သို့ လိုက်လာခဲ့မိ၏။ တစ်ခါတစ်လေ.. တကယ့်ကို တစ်ခါတစ်လေ ကျရင်.. အခုလိုပဲ ဘာကိုမှ မတွေးပဲ သူ့နားမှာ နေချင်ပါသည်။

  သတိုးက ပြေးထွက်သွားတဲ့ မင်းကြီးနဲ့ မိဖုရားကြီးကို လိုက်ကြည့်ပြီးမှ မတ်တပ်ရပ် နေလျက်ဖြင့် ကျန်ခဲ့သော သိက္ခာနားသို့ တိုးသွားကာ..

   ‘ဘာဖြစ်သွားတာလဲ ဘာလုပ်ပေးလို့ရမလဲ.. တစ်ခုခု လုပ်ပေးရမလား..’

   ‘အဲ့တာကို မိဖုရားကြီးပဲ ဖြည်ပေးလို့ ရမယ် မဟုတ်ရင် ငါက ဒီမှာ နှစ်နာရီလောက် ဒီပုံစံအတိုင်း နေရမယ်.. ဒီနှစ်နာရီအတွင်း.. မင်းကြီးနဲ့ မိဖုရားကြီး တစ်ခုခု မဖြစ်ဖို့သာ ဆုတောင်းထားလိုက်..’

   သိက္ခာရဲ့ မှုန်ကုတ်ကုတ်နဲ့.. ပြောလိုက်သော စကားကို သတိုးက ရယ်လိုက်ပြီး..

   ‘လာကြစမ်း!.. ရွှေဓားကိုင် ကိုယ်ရံတော်ကို နှစ်နာရီလောက် ထီးဆောင်း ထားပေးလိုက်ကြစမ်း..’

   ဒေါသဖြင့် လှမ်းကြည့်လာသော အကြည့်ကို မမြင်ယောင် ပြု ပြီး မင်းကြီး သွားရာသို့ ပြောလိုက်ကာ တွေးလိုက်မိတာက..၊
   ဒီနေ့ သာယာလိုက်တာ..၊

      xxxxxxxxxxxxxxxxxxxx

ဆက်ရန်---
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပသည်။
စွဲညို့

Post a Comment