ချစ်သောရှင်ဖြူငယ်

ချစ်သော ရှင်ဖြူငယ် ဒုတိယတွဲ  
xxxxxxxxxxxxxxxxxxxxxxxx
(သို့) ချစ်ရပါသော.. ပြည့်ရှင် (အပိုင်း-၁၃)  xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

   ‘ဘာ!..’

   မိဖုရားကြီး အမိန့်မရပဲနဲ့ မပြောပါဘူး လို့ ဆိုထားပြီးမှ ဆိုသည့် အတွေးတို့နှင့် မျက်လုံးတွေ ပြူးကျယ်သွားမိပြီး ထိုင်နေရာမှ ကတုန်ကယင် ထရပ်လိုက်မိကာ.. ဘာပြန်ဖြေရမှန်း မသလို ဖြစ်သော်လည်း မင်းကြီး၏ မျက်လုံးတွေက ရွှန်းလဲ့ တောက်ပကာ တစ်ခုခု ဖြေကြားလာမည်ကို အပြုံးတွေနှင့် စောင့်ကြိုနေ၏။

   ‘မင်း.. မင်းကြီး..’

  သူမ ထံမှ တုန်ရင် ထစ်ငေါ့စွာ အသံထွက်လိုက်သည်တွင် သူက ဘယ်လို ထင်မြင်မိသလဲ မသိပဲ..

   ‘မနက်တုန်းက စိတ်မကြည်တာကို မသိပဲနဲ့.. ပြောချင်တာတွေ ပြောခဲ့မိတယ်.. တော်သေးတာပေါ့..’

   သေချာသိပြီလား..၊ မသိသေးဘူးလား ဆိုတာကို အကဲခတ်ရင်း ထိုင်ခုံမှာ ပြန်ဝင် ထိုင်လိုက်ကာ..

   ‘အမတ်မင်း ယုဂန်က အမြွှာကြယ် အကြောင်း ပြောလိုက်တာလား..’

   သိသွားလား.. မသိဘူးလား ဆိုတာကို သွေးတိုးစမ်း၍ မေးလိုက်သည်တွင်.. သူက အပြုံးတွေ ဆင့်ကဲရင်း.. ဇဝေဇဝါ မျက်နှာထားသို့ ပြောင်းသွားဖြင့် သေချာ မသိသေးမှန်း သိလိုက်ကာ သက်ပြင်းကို မသိမသာ ချလိုက်မိသည်။ သူကတော့.. စကားတွေ ထစ်အသွားလျက်..

   ‘အမြွှာကြယ်.. ပေါ်ထွန်းပြီတဲ့.. အဲ့တာက.. မိဖုရားကြီး ဆီမှာ မဟုတ်ဘူးလား..’

   ‘အမြွာကြယ် ဆိုတာ မင်းကြီးရဲ့ သားသမီးရတနာကို ရည်ညွှန်းပေမယ့် အမြွှာကြယ်က မင်းကြီးနဲ့ ပတ်သတ်ဖူးတဲ့ ဘယ်လို မိန်းကလေးမှာ မဆို.. ဖြစ်တည် နိုင်တယ်လေ.. ဘာကြောင့်မို့ မိဖုရား စန္ဒာကို သွားမရှာပဲ ကျွန်မကို လာရှာရတာလဲ..’

   ပြုံးရွှင် ကြည်သာနေသော သူ့မျက်နှာက ချက်ချင်း စိတ်မကောင်း ဖြစ်ဟန် အထင်းသား ဖြစ်သွားသည်။ စိတ်မကောင်း ဖြစ်မိသွားသော်လည်း.. ထိုင်နေရာမှ ထကာ မျက်နှာလွဲ ပစ်လိုက်သည်။

   သူမ မျက်နှာလေး မဲ့တော့မလို ပြုံးလာတော့ မလိုကို စိုက်ကြည့်နေပြီးမှ.. စိတ်မကောင်း ဖြစ်မိသလို စိတ်ထဲမှာ ညံ့လိုက်တာ လို့ တွေးနေမိသည်။ ဘာလို့ သူမဆီကို ချက်ချင်း ရောက်လာမိတာလဲ.. ပြောရမယ် ဆိုရင် သူမက မဖြစ်နိုင်ဆုံးပဲကို..၊ တခြား မိန်းကလေးဆီမှာ အမြွာကြယ် တည်နေတာ ဆိုရင် သူမက သူ့ကို မကျေမနပ် ဖြစ်သွားမှာပဲ.. ဆိုတာကို နားလည်လိုက်စွာ.. သူမရှေ့မှာ ဘာစကား ပြောပေးရမှန်း မသိ ဖြစ်သွားမိသည်။

   ‘မင်း အဲ့တာကို စိတ်မကောင်း ဖြစ်နေတာလား.. မင်းဆီမှာ မဟုတ်ပဲ အမြွှာကြယ် ပေါ်ထွန်းလာပြီ ဆိုလို့ မင်းက စိတ်မကောင်း ဖြစ်နေတာလား..’

   သူကပဲ အကဲခတ်တာကို မတတ်တာလား.. သူမကပဲ အကဲခတ်လို့ မရတာလား.. မသိသော်လည်း.. သူမမျက်နှာပြင်လေးက အေးခဲနေသလို ခံစားမိသည်။

   ‘ပြောပါ.. မင်းစိတ်မကောင်း ဖြစ်နေတာလား.. ဒါမှမဟုတ်..’

   ‘ကျွန်မက မင်းကြီးရဲ့ အမြွှာကြယ်ကို စိတ်မဝင်စားပါဘူး.. ဘယ်မိန်းကလေး ဆီမှာ တည်ရှိနေပြီလဲ ဆိုပြီး ကျွန်မက ပူပန်မနေပါဘူး.. မင်းကြီး စိတ်မပူပါနဲ့..’

   ‘အဲ့တာဆို ဘာလို့ မင်းက ချက်ချင်းကြီး ငါကိုယ်တော်ကို စိမ်းသက် သွားရတာလဲ.. မနေ့တုန်းကနဲ့ ဒီနေ့နဲ့ အချိန်လောက်လေးမှာ မင်းက နှင်းစက်လိုပဲ အေးခဲသွားတယ်..’

   ‘မင်းကြီး ကျွန်မဆီမှာလာပြီး အချိန်တွေ ကုန်ဆုံးနေမယ့် အစား အမြွှာကြယ် ရှိမယ့် မိန်းကလေးကို လိုက်ရှာသင့်တယ်..’

   ‘မင်းအဲ့တာကို ရင်နာနေတယ် ဆိုရင်လည်း မင်းပြောမှပေါ့.. မင်းကို ငါကိုယ်တော်က ပစ်ပယ် ထားခဲ့မိတယ်.. အခုကျတော့ တခြား မိန်းကလေးက အမြွှာကြယ်ကို ပိုင်ဆိုင်ရတယ်လို့.. မင်းတွေးမိပြီး ငါကိုယ်တော်ကို အတွေးတွေနဲ့ မုန်းနေတာလား.. ဘာကိုမှ မဖွင့်ပြောပဲ.. မင်းရဲ့ အထင် တစ်ခုတည်းနဲ့.. မင်းက ငါကိုယ်တောာ်ကို စိမ်းကားတယ်.. အဲ့တာ ဘာအပြုအမူလဲ.. တကယ်ကို နားမလည် နိုင်လွန်းလို့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး..’

   ‘အဝေးမှာ နေပါ..’

   ‘ဘာ.. အဝေးမှာ နေပါ ဟုတ်လား.. မင်းပြော.. အဲ့တာ ဘာရည်ရွယ်ချက်နဲ့လဲ’

   ‘မင်းကြီးနဲ့ ကျွန်မနဲ့က မသင့်တော်ဘူး.. နီးစပ်လို့ မရတဲ့ အရာတွေကို အသိစိတ် ရှိရှိ.. ဝေးကွာ စေတာက ပိုပြီး မှန်ကန်တဲ့ လုပ်ရပ် မဟုတ်လား..’

   ‘အဲတာ ဆိုရင် ဘာလို့ ငါကိုယ်တော်ရဲ့ မိဖုရား ဖြစ်လာဖို့ကို လက်ခံခဲ့တာလဲ.. ဘာလို့ ငါကိုယ်တော် နားမှာ ပျော်ရွှင်ခဲ့တာလဲ.. ဘာလို့ ရယ်ပြီးတော့ ပြုံးပြီးတော့.. နေနေခဲ့တာလဲ..’

   ‘မရည်ရွယ်ခဲ့လို့ပါ..’

   ‘ညာနေတာ.. တခြားသူတွေ ညာရင်.. မျက်နှာလွဲတယ်.. မျက်လုံးကို အောက်ကို ချတယ် သူများကို မကြည့်ရဲဘူး.. မင်းက မတူဘူး.. မင်းညာနေတဲ့လူရဲ့ မျက်လုံးတွေကို သေသေချာချာ စိုက်ကြည့်တတ်တယ်.. အဲ့တာ မင်းရဲ့ပုံစံ..’

   သူမနားသို့ တိုးလာခဲ့ပြီးမှ.. နောက်သို့ ပြန်လှည့်လိုက်ကာ..

   ‘မင်းစိတ်မပူပါနဲ့.. မင်းဆီမှာ အမြွှာကြယ်က တည်ရှိမနေလဲ မင်းက ငါကိုယ်တော်ရဲ့ နှလုံးသားထဲမှာ တည်ရှိတယ်.. မင်း ပူပန်ဖို့ မလိုပါဘူး.. မင်းရဲ့ နေရာကို ဘယ်သူမှ ထိခိုက်လို့မရအောင် ငါကိုယ်တော်က ကာကွယ်ပေးမှာ မို့လို့.. အတွေးများပြီး ပူပန်နေမယ့် အစား မိဖုရားကြီး ပီပီသသ နေလိုက်ပါ..’

   ဘာစကားမှ မဆိုနိုင်ပဲ သူ့ကို အငေးသား ကြည့်နေလိုက်မိသည်။ သူက သူမရဲ့ပုခုံးတွေကို လက်နှစ်ဖက်နှင့် ဖျစ်ညစ်လိုက်ပြီးမှ..

   ‘ဘာမှ ဝမ်းနည်း မနေပဲနဲ့.. ဘာမှ.. တွေးတော ပူပန်မနေပဲနဲ့ ကောင်းကောင်းအိပ် ဟုတ်ပြီလား..’

   သူထွက်သွားပြီ ဆိုမှ ထိုင်ခုံမှာ မောလျစွာ ထိုင်ချလိုက်မိသည်။ လပြည့်ကတော့ အခြေနေကို ရိပ်မိစွာ.. ရေကြည် တစ်ခွက် ခပ်လာပေးပြီး.. အနားမှာ ထိုင်ချလိုက်ကာ..

   ‘ဝမ်းသာ စရာ ကိစ္စကို မိဖုရားကြီးက မပျော်ဘူးလား.. ဘာလို့.. မင်းကြီးကို မပြောရတာလဲ..’

   မေးသာ မေးလိုက်ရတယ်.. မိဖုရားကြီး မျက်နှာတော်အရ ဖြေရန် အဖြေ ခက်ခဲမှန်း သိသာနေ၏။

   ‘ဘယ်လို လုပ်ရမလဲ.. ကျွန်မ အဖေက မင်းကြီးကို ခက်ခဲ စေလိမ့်မယ်.. ပြီးတော့ ကျွန်မကလည်း အဖေ့ကို မတိုက်ခိုက် နိုင်ဘူး.. သူက ဘာပဲ ဖြစ်ဖြစ် ကျွန်မ အဖေလေ.. သူ့ကို ထိခိုက်အောင် ကျွန်မ မလုပ်နိုင်ဘူး..’

   ထိုသို့သော အရေးကိစ္စများက လပြည့်နှင့် တိုင်ပင်ရန် မသင့်မှန်း သိသော်လည်း.. တစ်ခါတစ်လေ အနီးနားတွင် ရှိနေသော လပြည့်အား တစ်စွန်းတစ်စ ပြောပြမိတတ်သလို ရှိသည်။

   ‘စိုးရွံ့ပေမယ့် တစ်ခါတစ်လေ ကျရင် မိဖုရားကြီး အတွေးတွေ များနေတယ်လို့ ထင်မိပါတယ်..’

   ‘ကံကောင်းခြင်းဆိုတာ ကံဆိုးခြင်းနဲ့ အတူတူ လာတတ်တာ ကျွန်မတို့ မေ့ပစ်လို့ မရဘူးလေ.. သူ့အတွက် ကံကောင်းခြင်းက သူ့အတွက် ကံဆိုးခြင်း ဖြစ်သွားမယ် ဆိုရင် အဲ့ဒီ ကံကောင်းခြင်းဆိုတာကို သူ့ကို မပေးမိချင်ဘူး..’

   ‘မိဖုရားကြီး ပူပန်တာ သိပ်များနေပြီ ထင်ပါတယ်.. မင်းကြီးက အရင်တုန်းက အိမ်ရှေ့မင်းသား ငယ်လေး မဟုတ်တော့ပါဘူး.. လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ မင်းကြီး ဖြစ်နေပါပြီ.. ပူပန်နေတာကို နည်းနည်း လျော့ပြီး.. မင်းကြီးကို ယုံကြည် ကြည့်လိုက်ပါလား..’

   ဟုတ်သားပဲ..၊ သူက အိမ်ရှေ့မင်းသား ငယ်လေးမှ မဟုတ်တော့တာ.. ပြီးတော့.. တစ်လျှောက်လုံး သူ့အတွက် ပူပန်နေခဲ့တာ.. သူ့ကို မယုံကြည်ခဲ့လို့ပဲ..၊ သူ မလုပ်နိုင်လောက်ဘူး သူ ရင်မဆိုင်နိုင်လောက်ဘူး.. အဲ့လိုတွေ တွေးပြီး အမြဲတမ်း ပူပန်နေခဲ့မိတာက သူ့ကို မယုံကြည်တာပဲ..၊

   ‘ကောင်းပြီ ကျွန်မ သူ့ကို တစ်ကြိမ်တော့ ယုံကြည်လိုက်မယ်.. ဒါနဲ့ နန်းတော်မှာ ဆူညံနေပါလား.. တစ်ခုခု ဖြစ်နေလို့လား..’

   ‘ကောရဗျမင်းသား နန်းတော်ကို ဝင်တာမှာ မင်းသား သုတီကို မြင်ပြီးတော့ အပျိုတော်တွေ.. တီးတိုးပြောနေကြတာ ဒီနေ့ တစ်နေ့လုံးပဲ..’

   ‘အဲ့ဒီ မင်းသားငယ်လေးကိုလား.. သူ့အတွက် ဘဏ္ဍာထိန်း တစ်ယောက် ရှာတွေ့နိုင်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်.. ဒီရက်ပိုင်းမှာ နန်းတော် အပြင်မထွက်ပဲ နေနေတာ ပျင်းဖို့ ကောင်းလိုက်တာ.. မနက်ဖြန် မနက် အစောမှာ နန်းတော် အပြင်ထွက်မယ်.. လပြည့်က ပြင်ဆင်ထားပါ..’

    ‘မိဖုရားကြီး!..’
     xxxxxxxxxxxxxxxxxxx
   စားပွဲပေါ်တွင် တင်လိုက်သော ကျောက်ဖြူဖြင့် ပြုလုပ်ထားသည့် ဓားအဖြူလေးကို လှမ်းကိုင်လိုက်ပြီး တော်ဝင်အား.. လှမ်းကြည့် လိုက်တော့..

   ‘အဲ့ဒီ သုတီ ဆိုတဲ့ လူက ခေါင်းဆောင်ကို တွေ့ချင်နေတယ် ထင်တယ်.. ပြောစရာ ရှိတယ်တဲ့..’

   ‘သူက ကျေးဇူးစကား ပြောမလို့ ထင်တယ်.. အဲ့တာက အဲ့လောက် အရေးမကြီးပါဘူး.. တော်ဝင်ကို.. အမတ်မင်း ယုဂန်ရဲ့ အဖေကိစ္စ စုံစမ်းခိုင်းထားတာ.. အဆင်ပြေလား..’

   ‘အဲ့တာ သိပ်ခက်ခဲတယ်.. အရင် ဆယ်ရှစ်နှစ်က ဆိုတော့ ငါက လမ်းမှာ ပြေးပြီး ဆော့နေတဲ့ အရွယ်ပဲ ရှိသေးတယ်လေ.. အဲ့တာဝန်ကို စောရကို လွဲပေးဖို့ ကောင်းတာ..’

   တော်ဝင်က ညည်းညူပြီး ပြောသည်တွင်.. စောရက လက်ထဲမှာ ကိုင်ထားသော ဒူးလေး အငယ်စားလေးကို စားပွဲပေါ်သို့ တင်ပေးပြီး..

   ‘ခလုတ် တစ်ချက် ဆွဲတာနဲ့ မြှားသုံးချောင်း.. တစ်ပြိုင်နက်တည်း သွားတယ်.. စမ်းကြည့်..’

    ‘ဝှီး.. ဒုတ်.. ခွမ်း..’

   စမ်းကြည့်မလားလို့ ပြောဖို့ စကား မဆုံးလိုက်ခင်မှာပဲ စားပွဲပေါ်ကနေ ကောက်ပြီး ပစ်လိုက်ရာ.. ကမန်းကတမ်း ရှောင်တိမ်း လိုက်ရ၏။ အရှောင်သာ မမြန်လိုက်လျှင် ကျကွဲသွားသော ပန်းအိုးနေရာမှာ သူ့ခန္ဓာကိုယ် ဖြစ်နေနိုင်သေး၏။

   ‘မဆိုးပါဘူး.. ဒါပေမယ့် ဒီလို မဟုတ်ပဲနဲ့ တစ်ချောင်းပစ်ပြီး မြှား နောက်ထပ် တစ်ချောင်း အဆင်သင့် ပစ်လို့ရအောင် မြှား တပ်တဲ့ နေရာကို.. အနောက်ကို ရွှေ့လိုက်.. အရှိန်နဲ့.. အကွာအဝေးကို ချိန်ပြီး ဒီကိုင်းကို နည်းနည်း ကြီးမှ ထင်တယ်.. သုံးချောင်းလောက် ရှေ့ဆင့် နောက်ဆင့် ပစ်လို့ရတယ်.. မြှားတပ်တာကို  အချိန်မကြာအောင် ဘယ်လို လုပ်ရမလဲ လေ့ကျင့်ရင်တော့ ရတယ်..’

   စောရက ခုနတုန်းက ရှောင်တိမ်းလိုက်ရာက လူးလဲ ထရပ်လိုက်ပြီး..

   ‘ငါတော့.. ရက်တွေ အများကြီး လေ့လာလိုက်ရတာ.. မင်းက ကိုင်လိုက်တာနဲ့ သိသွားပြီ မိဖုရားကြီး ပီသပါပေတယ်..’

   ‘ငါက လက်နက်ကျမ်းကို အရင်လေ့လာ ထားဖူးတယ်လေ.. ပြောရုံပဲ ပြောနိုင်တာပါ လက်တွေ့မှာ ပိုခက်တယ် မဟုတ်လား.. စမ်းကြည့်ပါ လက်နက်ကျမ်းက မင်းလက်ထဲမှာ ပိုပြီး အကျိုး ရှိနိုင်မှာပါ.. ပြီးတော့ တော်ဝင်.. အဲ့ကိစ္စက အရမ်းကို နက်နဲလွန်းမှန်း သိပါတယ်.. ဒါပေမယ့်.. အဆင့်တစ် စုံစမ်းရေးမှုး ဖြစ်တဲ့ မင်းကို စုံစမ်းခိုင်းထားတာ ဆိုတော့ အကျိုး ရှိဖို့ မျှော်လင့် ပါရစေ.. ငါက လမ်းပေါ်မှာ ပြေးဆော့နေတဲ့ ကလေးကို တာဝန်ပေးတာ မဟုတ်မှန်း သေချာနေတာပဲလေ..’

   တော်ဝင်က ပြုံးရယ်ရင်း လက်ထဲက ဓားအတိုလေးကို မြောက်ဆော့ သည်တွင် စေတက လှမ်းဖမ်းလိုက်ပြီးမှ..

   ‘ငါတို့ မေးစရာ ရှိတယ်..’

   ‘မမေးနဲ့!!!..’

   စေတက ပြောလိုက်သည်တွင် သိပ္ပ အပါဝင် ကျန်တဲ့သူတွေ အားလုံးက အော်ဟစ် တားဆီးလိုက်သဖြင့်.. စေတက အားလုံးကို ဝေ့ကြည့်ကာ ရပ်တန့်သွားသလို သူမကလည်း ကြောင်အသွားသည်။ လပြည့်က အပြင်တွင် သိပ္ပ၏ ဇနီးနှင့် စကားပြောနေရာမှ လစ်ခနဲ အခန်းဝတွင် ပေါ်လာပြီး ပြန်ပျောက်သွားသည်။

   ‘မင်းတို့ ဘာတွေ ဖြစ်နေကြတာလဲ.. အလန့်တကြားနဲ့.. စေတ မေးလေ.. မေးစရာ ရှိတယ်ဆို..’

   စေတက ပန်းကန်အတွင်းတွင် ထည့်ထားသော ပန်းသီးကို ယူစား လိုက်ပြီးမှ မျက်နှာလွဲ လိုက်ကာ..

   ‘အဟဲ.. အဲ့တာက မိဖုရားကြီး ဆီမှာ.. တစ်ခုခု..’

   စေတက ထစ်အသွားသည်တွင် စောရက နေရာတွင် ပြန်ဝင်ထိုင်၏။ သိပ္ပက ခေါင်းခါယမ်းလိုက်ကာ..

   ‘မပြောနဲ့တော့.. ထပ်မပြောနဲ့တော့.. မင်းပါးစပ်ကို အဲ့ပန်းသီးနဲ့ ပိတ်ထားလို့ မရဘူးလား..’

   နန္ဒက နေရာမှ ထရပ်လိုက်ကာ..

   ‘အရေးတော့ မကြီးပါဘူး စေတက.. အရေးကြီးတယ် ထင်နေတာ.. မဖြေချင်လည်း မဖြေပါနဲ့..’

   ထိုသို့ ပြောလိုက်မှ သူတို့ မေးချင်တာကို သဘောပေါက်လိုက်ပြီး.. ပြုံးမိသည်။ သိပြီးကြပြီပဲ..၊

  ‘အမြွှာကြယ် ပေါ်ပြီလို့ ပြောနေကြတာကို သိချင်တာလား..’

  ‘အဲ့တာ ဟုတ်တယ်.. အဲ့တာ..’

  ဟုတ်တယ် ဆိုတာကိုကျတော့ အတိုက်ဖောက် ညီညီဖြင့် ဖြေကြားကြသဖြင့်.. သူမ ရယ်ချင်သွားမိကာ.. ပြုံးရယ်လိုက်ရင်း..

   ‘မိန်းကလေး သဘာဝကို မင်းတို့က ယောက်ျားလေးတွေ ဖြစ်ပြီး တိုက်ရိုက်ကြီး စိတ်ဝင်စား နေကြတာလား..’

   ကျန်တဲ့သူတွေက မျက်နှာလွဲ သွားကြသော်လည်း.. စေတက ကိုင်ထားတဲ့ ပန်းသီးကို ပြန်ချကာ.. ခေါင်းတညိတ်ညိတ်ဖြင့်..

   ‘အာ.. အဲ့တာက မိန်းကလေး သဘာဝလား.. အဲ့တာ ဆိုလည်း ထားလိုက်ပါ.. မမေးလိုက်မိဘူးလို့ သဘောထားတာပေါ့..’

  ‘ဟုတ်တယ်.. အမြွှာကြယ်က ရှိနေပြီ.. မင်းတို့ကို အလုပ်ပိုစေတော့မယ် ထင်တယ်.. ငါ့ရဲ့ ခန္ဓာကိုယ် လုပ်ရှားမှုကို ငါက ထိန်းညှိ ထိန်းသိမ်း ညှာတာ ရတော့မယ်..’

  ‘ငါပြောသားပဲ ငါတို့ မိဖုရားကြီး ဆီမှာပါဆို.. ဘာလဲ.. ပန်းသတင်းက အပျော်မယ် ဆီမှာ ဘယ်လိုလုပ် မင်းကြီးရဲ့ရင်သွေးက တည်မှာလဲ.. တွေ့လား..’

   စေတက ဝမ်းသာ အားရ ဖြစ်နေသော်လည်း သိပ္ပ.. တော်ဝင်နှင့် စောရက မျက်နှာ ပျက်သွားကြသည်။ နားမလည်လိုက်သော စကားကို ပြန်မေးရန် ပြင်ပေမယ့် စောရက.. အလိုက်သိစွာ နေရာမှ ထလာပြီး..

   ‘အမြွှာကြယ် ပေါ်ပြီ ဆိုပြီး သတင်း ထွက်လာကတည်းက.. ပန်းသတင်းက မေဝတီ ဆိုတဲ့ မင်းကြီး အသုံးတော် ခံဖူးတဲ့ မိန်းကလေးက သမားတော်နဲ့ ပြတယ် တဲ့.. အဲ့မှာ သမားတော်က ကိုယ်ဝန် ရှိနေတယ်လို့ ပြောတယ်.. သူက မင်းကြီးရဲ့ အသုံးတော် ခံဖူးတဲ့ မိန်းကလေး ဆိုတော့ မင်းကြီးရဲ့ကလေးပါလို့ သူက ပြောနေတယ်.. နန်းပြင်မှာ အဲ့လို ကိစ္စတွေ ဖြစ်နေတယ်.. ဒီရက်တွေမှာ မိဖုရားကြီးက နန်းပြင်ကို မထွက်လာတော့.. အဲ့ကိစ္စတွေ တင်လျှောက်လို့ မရဘူး ဖြစ်နေတာ..’

   ခုနက ပျော်ရွှင် ရယ်မောနေသော စကားဝိုင်းက ချက်ချင်း တိတ်ဆိတ်သွား၏။ သူမ မျက်နှာပေါ်က အပြုံးတွေလည်း ပျောက်ကွယ်သွားပြီ ဖြစ်ကာ.. သူမအသံက ပိုမိုတိုးလျစွာဖြင့်..

   ‘သူက အဲ့လိုပဲ ကြေငြာတာလား.. ထူးဆန်း လိုက်တာ.. ကောင်းပြီလေ သူ့ကို နန်းတော်ကို ခေါ်ဖို့ ပြင်ဆင်ရမယ်’

   ‘အဓိပ္ပါယ် မရှိတာ အပျော်မယ်ရဲ့ ကလေးက ဘယ်လိုလုပ် ထီးနန်းလျာ ဖြစ်လို့ ရမလဲ.. ပြီးတော့ မင်းကြီးရဲ့ သွေးသား အစစ် မဟုတ်ပဲနဲ့.. ဆိုရင် ဘယ်လိုလုပ်မလဲ..’

   ‘တကယ်လို့ မင်းကြီးရဲ့ သွေးသား အစစ်ဆိုရင်ကော.. မသေချာသေးပဲနဲ့ သူ့ကို မှားပြီး အပြစ်တင်လို့ မရဘူး.. နောက်ကွယ်မှာ ဘယ်သူ ရှိလဲ ဆိုတာကို စောရက စုံစမ်းပါ.. သူ့ကို ဘယ်လိုပဲ ဖြစ်ဖြစ် နန်းတော်ကို ခေါ်ရမယ်.. ကျွန်မနန်းတော်ကို ပြန်မယ်..’

   ကျောက်ဖြူဓားလေးကို ကိုင်ပြီးမှ.. နန်းတော်သို့ ပြန်သွားသော မိဖုရားကြီးကို လှမ်းကြည့်ကာ စေတက.. စားပွဲပေါ်မှာ တင်လိုက်သည့် ပန်းသီးကို လှမ်းယူလိုက်ပြီး..

   ‘သူ့ကို မင်းကြီးရဲ့ မိဖုရား အဖြစ် ငါက ဘာလို့ လက်ခံလို့ မရတာလဲ မသိဘူး..’

   နန္ဒကလည်း ခေါင်းညိတ် ထောက်ခံလိုက်ကာ..

   ‘အဲ့တာတော့.. ငါလည်း သိပ်မရှင်းဘူး.. သူက မင်းကြီးရဲ့ အုပ်ထိန်းသူလား.. မိဖုရားလား.. ကိုယ်ရံတော်နဲ့ ပိုတူနေတယ်.. မင်းကြီးသာ တစ်ခုခု ဖြစ်ကြည့် သူက အရှေ့က အရင် ဝင်ခံပေးမှာ.. ဒီလို ပုံစံနဲ့ ဆိုရင် ငါအိမ်ထောင် မကျတော့မှာကို ငါ စိတ်ပူလာပြီ..’

   ‘မင်းက အိမ်ထောင် မကျမှာကို စိတ်ပူ နိုင်သေးတယ်.. ငါကတော့ သူ ကလေး မွေးလာမှာကို ပိုစိတ်ပူလာပြီ.. သူ့အဖေရယ် မင်းကြီးရယ်.. သူ့ကလေးတွေရယ်.. ငါတို့ မိဖုရားကြီး.. အိပ်တောင် အိပ်နိုင်မှာ မဟုတ်ဘူး..’

    စေတနဲ့ နန္ဒ ပြောနေကြတာကို တော်ဝင်က တစ်ချက်မျှ ပြုံးသွားပြီး..

   ‘တော်တော့ အဲ့တာတွေ ငါတို့ ဝေဖန်ရမှာ မဟုတ်ဘူး.. နန္ဒ.. မင်းအိမ်ထောင် ပြုချင်ရင် အခုအချိန်မှီသေးတယ်.. သိပ္ပကို သမီးတစ်ယောက် မွေးခိုင်းလိုက်..’

   ‘ငါ့ကို ဘာလို့ ဆွဲထည့်ကြတာလဲ.. မင်းတို့တွေ အဲ့လို ပြောနေ.. ဘယ်နေ့ ငါ့မိန်းမက မင်းတို့တွေကို အိမ်ပေါ်က နှင်ချမလဲ ကြည့်လိုက် အုံးမယ်..’

    ‘ဟား.. ဟား.. ဟား..’

   ရယ်စရာ ပြောပြီး ရယ်လိုက်ကြပေမယ့်.. သိပ်တော့ သက်တောင့် သက်သာ မရှိကြတာကို သိနေကြ၏။ တစ်ခုခု ဖြစ်တော့မယ် ဆိုတာ နားလည်နေကြသူတွေ ပီပီ ထိုကိစ္စကိုတော့ စုံစမ်းရပါအုံးမည်။

       xxxxxxxxxxxxxxxxxxxxxx

   နန်းတော်အတွင်းသို့ ခပ်သုတ်သုတ် ဝင်လာသည်တွင်.. စိတ်တွေက မှားယွင်းမှု တစ်ခုခု ဖြစ်တော့မည်ဟု ခံစားနေမိပြီး.. ခြေလှမ်းတွေက ပြေးလွှားတော့ မတတ် ဖြစ်နေ၏။ နန်းတော်ဆောင် ထောင့်ချိုးသို့ အရောက်တွင်..

   ‘ဟာ.. အင့်!..’

   မျက်လုံးထဲတွင် ရိပ်ခနဲ မြင်လိုက်တာမို့.. ရှောင်တိမ်းလိုက်နိုင် သော်လည်း.. တစ်ဖက်မှ လူကတော့.. ဟာခနဲ အာမေဋိတ်သံနှင့် နန်းတော် နံရံအား ဝင်တိုက်မိလေသည်။ သေချာ ကြည့်လိုက်တော့.. ကောရဗျမင်းသား သုတီ..၊ သူကလည်း အခုမှ သေချာ ကြည့်လာကာ..

   ‘မင်းကိုး!.. ထပ်တွေ့ပြန်ပြီ.. တွေ့လိုက်တိုင်း ဝင်တိုက်မိတာ ချည်းပဲနော်.. ဒါနဲ့.. မင်းက နန်းတွင်းမှာ ဘယ်လိုလုပ်..’

   ပြုံးရွှင်သွားသော မင်းသားငယ်ရဲ့ မျက်နှာပေါ်ရှိ အပြုံးတွေကို ရင်မောစွာ သက်ပြင်းချလိုက်ပြီးမှ..

   ‘ထပ်ဆုံပြန်ပြီ မင်းသားသုတီ..’

   ‘သုတီလို့ပဲခေါ်ပါ.. မင်းခေါ်တာ နားထောင်လို့ ကောင်းနေတာပဲ..’

   ‘မင်းသားသုတီ နန်းတော်မှာ နေရတာ အဆင်ပြေဖို့ မျှော်လင့်ပါတယ်.. ပြီးတော့ မင်းသား ရှာနေတဲ့ ဘဏ္ဍာထိန်းကို ရှာတွေ့ပါစေလို့ ထပ်ပြီး ဆုတောင်းပေးပါတယ်.. ခွင့်ပြုပါအုံး..’

   ‘ငါလိုက်ရှာနေတဲ့ သူက မင်းလောက် အမြင် စူးရှပါ့မလားလို့ သံသယ ဝင်မိတယ်.. မင်းက မင်းကြီးရဲ့ နံပါတ် ဘယ်လောက်မြောက် ညီမတော်လဲ.. ဒါမှမဟုတ် အစ်မတော်လဲ.. အစ်မတော်နဲ့ပိုတူတယ်.. ရှင်ဦးဆိုတာ နန်းပြင်မှာ သုံးတဲ့ နာမည် မဟုတ်လား..’

   မင်းကြီးရဲ့ ညီမတော် ဒါမှမဟုတ် အစ်မတော် ပုံစံ ဖြစ်နေသလား မသိသော်လည်း သူ ထင်နေသလို မဟုတ်တော့.. လက်ထဲမှာ ကိုင်ထားသော ကျောက်ဖြူဓားလေးကို ပြန်ကမ်းပေးလိုက်ပြီး..

   ‘ဒါက ကောရဗျ တိုင်းပြည်ရဲ့ နန်းစဉ် ရတနာပါ.. ကျွန်မ ယူထားလို့ မသင့်တော်ပါဘူး.. အထူးသဖြင့် မိဖုရားတွေကို ချစ်သက် လက်ဆောင်ပေးတဲ့ ပစ္စည်းဖြစ်ပြီးတော့ မင်းသား တစ်ပါးမှာ ကျောက်ဖြူဓား တစ်လက်နဲ့ ကိုယ်စားပြုတာ ဆိုတော့.. ပြန်ယူလိုက်ပါ..’

   ‘ကျွန်တော့်ကို ချက်ချင်း ငြင်းပယ်တာလား.. မရင်းနှီးကြသေးတာတော့ မှန်ပါတယ်.. ဒါပေမယ့်.. ဒါကိုတော့ ပြန်မယူချင်ဘူး.. ကျွန်တော်က ဒီမှာ တစ်လလောက် နေမှာ ဆိုတော့.. ဖြည်းဖြည်းချင်း ရင်းနှီးသွားပြီးတော့ မင်းကြီး ဆီကနေ မင်းကို တောင်းယူသွားမယ်.. မင်းက မင်းကြီး အချစ်ဆုံး ညီမတော် ဒါသဝတီ မဖြစ်ပါစေနဲ့လို့.. ဆုတောင်းပါတယ်..’

   အခုချက်ချင်း မင်းကြီးရဲ့ မိဖုရားပါလို့ ပြောလိုက်လျှင် နန်းတွင်း အထိန်းတော်တွေ အပျိုတော်တွေ ရှေ့တွင် မင်းသား သုတီအား.. အရှက်ခွဲရာ ရောက်မည်မို့ ပြောဖို့ ပြင်လိုက်သော်လည်း.. မပြောဖြစ်တော့ပဲ.. ဓားကိုသာ ပြန်ပေးဖို့ ကြိုးစား လိုက်ပြီး.. သူ့ဘေးနားက ဖြတ်လာသည်တွင်.. ဓားကို မတော်တဆ ပြုတ်ကျဟန် ပြုလိုက်၏။ မင်းသား သုတီက သူမအား သေချာ ကြည့်နေသည်မို့ လျောကျသွားသော ဓားကို အလောတကြီး ပြန်ကောက်ယူလိုက်သည်နှင့် ထိုနေရာမှ.. ခပ်မြန်မြန် ထွက်လာခဲ့ လိုက်တော့သည်။
   သူမ ထွက်သွားပြီ ဆိုမှ အနောက်မှ ပြေးလိုက်ပြီး ပေးရန် မသင့်တော် သဖြင့်.. သူမ လူလည်လုပ် သွားတာကို ခံလိုက်ရ၏။ သို့သော် စိတ်တို သွားတာ မဟုတ်ပဲ သူမ၏ ပါးနပ်မှုကို အထင်ကြီးသွားကာ..

   ‘သေချာပေါက် သူက ငါ့ရဲ့ ဘဏ္ဍာထိန်း ဖြစ်လာရမယ်.. ဒါသဝတီ မင်းသမီး ဖြစ်နေလို့ မင်းကြီးက ငါ့ကို မပေးလိုက်နိုင်ပါဘူး ဆိုရင်တောင် ခိုးယူသွားချင်အောင် ငါ့ကို စိန်ခေါ်နေတယ်..’
         xxxxxxxxxxxxxxxxxx
   ‘မင်းကြီးပြောနေတဲ့ စကားကို သေချာ ပြန်တွေးကြည့်ပါအုံး.. နန်းတော်မှာ မိဖုရားနှစ်ပါး ရှိနေတာ တစ်ပါးမှ မဟုတ်ပဲနဲ့ အမြွှာကြယ်က အပျော်မယ် ဆီမှာ ဟုတ်လား.. နန်းတော်ကို ခေါ်ရမယ် ဟုတ်လား.. ဒါကို မယ်တော်က ဘယ်လို လက်ခံပေးရမှာလဲ.. မဖြစ်ဘူး.. မင်းကြီးရဲ့ သွေးသားပါ ဆိုရင်တောင် အပျော်မယ် ဆီမှာ ဆိုရင်တော့ နန်းလျာ မဖြစ်နိုင်ဘူး..’

   မယ်တော်က ခါးခါးသီးသီး ပြောသည်တွင် အဘွားတော်က..
   ‘ခတ္တာ.. အရင်ဆုံး ဒေါသမထွက်ပဲ တွေးကြည့်ပါအုံး.. အခုချိန်မှာ မင်းကြီးက ပိုပြီး စိတ်တွေ ရှုပ်ထွေးနေရမှာ အပျော်မယ် ဆီ သွားဖူးတာကလည်း အမှန်ပဲ.. အခုချက်ချင်း လက်မခံနိုင်ပါဘူးလို့ ငြင်းပယ်လိုက်တာက မင်းကြီးရဲ့ သိက္ခာကို ထိပါးစေလိမ့်မယ်..’

   ‘သားတော် တောင်းပန်ပါတယ်.. မယ်တော်.. သားတော် အသုံးမကျတဲ့ အတွေးတွေနဲ့..’

   ‘မယ်တော်ကြီး မိဖုရားကြီး စင်္ကြာဒေဝီ လာပါတယ်..’

   အဘွားတော်နဲ့ မယ်တော်က စိုးရိမ်သော မျက်နှာသို့ ပြောင်းသွားသော်လည်း.. မင်းကြီးက မျက်နှာ ပျက်သွားရုံသာ..၊

   ‘ဝင်ခဲ့ခိုင်းလိုက်ပါ..’

   သူမက တည်တည် ငြိမ်ငြိမ်ဖြင့် ဝင်လာပြီးမှ.. သူ့ရဲ့ဘေးတွင် ဝင်ထိုင် လိုက်ကာ..

   ‘မင်းကြီးရဲ့ အမြွှာကြယ်.. ကိစ္စနဲ့ စိတ်တွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ.. ကျွန်မ ရောက်လာလို့ ပိုပြီး စိတ်ရှုပ်သွားပြီလား..’

   မျက်စိမျက်နှာ ပျက်နေကြသော.. မယ်တော်နှင့် အဘွားတော်အား ဝေ့ဝဲကြည့်လိုက်ပြီးမှ..

   ‘မင်းကြီးရဲ့ သွေးသားမှန်ရင် နန်းတော်ကို ခေါ်ယူသင့်တယ်လို့ အကြံပေးဖို့ လာခဲ့တာပါ..’

   ‘ဘာ!!..’

   မယ်တော်ထံမှ အလန့်တကြားအသံ ထွက်လာသော်လည်း အဘွားတော်က..

   ‘အဲ့လောက် လွယ်လွယ်နဲ့ မင်းကြီးရဲ့ သွေးသား အဖြစ် လက်ခံလို့ မဖြစ်ဘူး..’

   ‘အဲ့တာက မင်းကြီး အပေါ်မှာ မူတည်တယ် ထင်ပါတယ်..’

   မင်းကြီးက မျက်နှာပျက်စွာဖြင့်..

   ‘ဖြစ်နိုင်တယ်..’

   ရင်ထဲမှာ ကျဉ်ခနဲ မျက်ခနဲ ဖြစ်သွားသော်လည်း.. မယ်တော်နှင့် အဘွားတော် ရှေ့တွင် မေးရန် မသင့်တော်သည်မို့..

   ‘ဒီကိစ္စကို ကျွန်မက အမှန်တိုင်း ဖြစ်စေမှာမို့.. မယ်တော်နဲ့ အဘွားတော်.. စိတ်ချလက်ချနဲ့ ကျွန်မကို ယုံကြည်စေလိုပါတယ်.. မင်းကြီးရဲ့သွေးသား အစစ်ဆိုရင် မနစ်နာရအောင် ကျွန်မက လက်ခံပေးမှာမို့.. မယ်တော်တို့ စိတ်မပူပဲ သတင်းကောင်းကို စောင့်ဆိုင်းပေးပါ..’

   အဘွားတော်က သက်ပြင်းချလိုက်ပြီးမှ.. မျက်နှာလွဲသည်တွင်.. မယ်တော်က စိုးရိမ်နေဆဲ မျက်နှာတော်ဖြင့်..

   ‘သူက တစ်ကယ်လို့ မင်းကြီးရဲ့ သွေးသားကို လွယ်ထားရပြီ ဆိုရင် နန်းတော် အပြင်မှာ ထားလို့ မသင့်တော်ဘူး.. နန်းတော်ထဲကို ခေါ်လာဖို့ ခွင့်ပြုလိုက်ပါ..’

   ‘မယ်တော် အမိန့်အတိုင်းပါပဲ.. လပြည့်!..’

   လပြည့်က နန်းဆောင် တံခါးဝမှ ဝင်လာသည်တွင်..

   ‘ပန်းသတင်းက မိန်းကလေး မေဝတီကို ခေါ်ယူလိုက်ပါ.. အကောင်းဆုံး အိပ်ခန်းရယ်.. အတော်ဆုံး သမားတော်တွေနဲ့.. နန်းဆောင်တစ်ခု စီစဉ်ပေးပြီး.. မင်းကြီးရဲ့ သွေးသားကို လွယ်ထားသူ အဖြစ် အသိမှတ် ပြုကြောင်း ပြောကြားလိုက်ပါ..’

   မယ်တော်နှင့် အဘွားတော် နှစ်ဦးစလုံး မင်းကြီး၏ နန်းဆောင်မှ ထွက်သွား သည်တွင်.. စိတ်တော် ညိုပြီး မရွှင်မပျ ဖြစ်နေသော.. မင်းကြီးအား သေချာ အကဲခတ်လိုက်ပြီးမှ..

   ‘မင်းကြီး.. အမြွှာကြယ် ရတာကို ဘာလို့ မပြုံးမရွှင်.. ဖြစ်နေရတာလဲ..’

   ‘မရည်ရွယ်ခဲ့ဘူး.. နန်းတော်ကို ဒီလောက် ရှုပ်ထွေးသွားဖို့ မရည်ရွယ်ပဲနဲ့.. မင်းကိုပါ ထိခိုက်စေတယ်..’

   ဝမ်းနည်း သွားသော်လည်း.. မျက်နှာပေါ်က ပြုံးထားဆဲ အပြုံးတွေ ယုတ်လျော့ မသွားစေပဲ.. သူ့လက်ကို ဆုပ်ကိုင်လိုက်ကာ..

   ‘ကျွန်မ မင်းကြီးကို ယုံတယ်.. အခု ကိစ္စကို မင်းကြီး ဖြေရှင်းနိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်.. ကျွန်မက မင်းကြီး ဆုံးဖြတ်တဲ့ အတိုင်း လိုက်နာပြီးတော့.. လက်ခံပြီးတော့.. အကောင်းဆုံး အကြံဉာဏ်ကို ပေးမှာမို့လို့.. မြန်မြန်ကြီး ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့..’

   ‘မင်းကို ထိခိုက်မိပြီ ဆိုပြီးတော့.. နေရခက်နေတယ်..’

   ‘မင်းကြီးက ရှင်ဖြူငယ်ကို မသိဘူးလား.. ဒီလောက် လွယ်လွယ်နဲ့ ကျရှုံးသွားမယ်လို့ ထင်နေပြီလား..’

   ‘တကယ်ပဲ အကြောင်းရာ တစ်ခုခု ကြောင့်.. မင်းနဲ့ ဝေးသွားမှာကို ကြောက်တယ်..’

   ‘မင်းကြီး ကျွန်မကို လိုအပ်နေသေးသ၍.. မင်းကြီးနားမှာ ရှိနေအုံးမှာပါ..’

    အဝေးသို့ တွန်းပို့ဖို့ ကြိုးစားရင်း.. ပိုပြီးနီးကပ်လာသည့် အဖြစ်တွေမှာ ဘယ်သူ မှားနေပြီလဲ မသိ..၊

   ‘ဒီနေ့တော့ မင်းကြီး ခဏနားလိုက်ပါအုံး.. မနက်ဖြန်.. မေဝတီကို.. သွားပြီး ကြိုဆိုဖို့ စိတ်ကို အဆင်သင့်ပြင်ထားပါ.. သူက ကိုယ်ဝန် လွယ်ထားတော့.. သူ့ကို မခက်ခဲ စေချင်ဘူး.. ကျန်တာကို နောက်ကျမှ တွေးကြတာပေါ့..’

   မင်းကြီး နန်းဆောင်မှ ထွက်လာပြီးမှ..

   ‘မင်းကြီးရဲ့ အပါးတော်မြဲ သတိုးကို မိဖုရားကြီးက ဆင့်ခေါ်တယ်လို့ ပြောလိုက်ပါ..’

   ‘အမိန့်တော် အတိုင်းပါ..’

   သတိုးကို

Post a Comment