ချစ်သော ရှင်ဖြူငယ် ဒုတိယတွဲ
xxxxxxxxxxxxxxxxxxxxxxxx
(သို့) ချစ်ရပါသော.. ပြည့်ရှင် (အပိုင်း-၁၄) xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
‘ခွမ်း!!..’
စာကြည့်ဆောင် အပြင်တွင် မတ်တပ်ရပ်လျက်ဖြင့်.. မေဝတီအား နန်းတော်သို့ ဝင်စေရန် ပြင်ဆင်မှုအား မေးလို၍ ရောက်လာသော မယ်တော်ကြီး၏ လက်အတွင်းရှိ.. လက်ကိုင်ပုဝါလေးက ကြမ်းခင်းပေါ်သို့ လွင့်ခနဲ..၊ စာကြည့်ဆောင် တံခါးကို လက်ဖြင့် အသာတွန်းဖွင့်လိုက်ပြီးမှ..
‘စင်္ကြာဒေဝီ.. ခုနက ပြောလိုက်တဲ့ စကားက..’
စာကြည့်ဆောင် အတွင်းသို့ ဝင်လာသော မယ်တော်ကြီး၏ မယုံကြည်နိုင်သော မေးခွန်းကို ဖြေရန် ခက်ခဲသွားပြီ ဖြစ်ကာ.. ထိုင်နေရာမှ ခပ်သာသာလေး ထရပ်လိုက်ပြီး အရိုသေ ပြုလိုက်ကာ..
‘မယ်တော်.. အဲ့တာက..’
‘အဲ့တာ တကယ်ပဲလား.. ဘာကြောင့်မို့.. ဘာကြောင့်မို့ မင်းဖြစ်နေရတာလဲ..’
တုန်လှုပ် ခြောက်ခြား နေသော မယ်တော်၏ အသံက သူမကိုသာ သရဲလိုလို ကြည့်နေ၏။ ဘာကြောင့်မို့ မင်း ဖြစ်နေရတာလဲ ဆိုသည့် မေးခွန်း၏ အဖြေကို သူမ မသိသလို.. ဖြေရန်အဖြေလည်း မရှိပေ။
‘သတိုး!.. သွားလို့ ရပါပြီ..’
သတိုးက မိဖုရားကြီးနှင့် မယ်တော်ကြီး၏ အခြေနေကို ရိပ်စားမိစွာ.. စာကြည့်ခန်း အတွင်းမှ ခပ်သုတ်သုတ် ထွက်ခွာသွား၏။
သတိုး ထွက်သွားပြီ ဆိုမှ.. မယ်တော်အား.. လက်မှ တွဲလျက်.. ထိုင်ခုံတွင် ထိုင်စေကာ.. ရေနွေးငှဲ့၍ ထည့်ပေးလိုက်ပြီးမှ..
‘ဘာကြောင့်မို့ ကျွန်မ ဖြစ်နေရတာလဲ ဆိုတာတော့ ကျွန်မလည်း မသိပါဘူး.. ဒါပေမယ့် မယ်တော် ပူပန်နေသလိုမျိုး ဖြစ်လာမှာ မဟုတ်လို့.. စိတ်မပူပါနဲ့..’
‘ပူပန်နေသလိုမျိုး ဖြစ်မလာဘူး ဆိုတဲ့ စကားက ပိုပြီး ကြောက်ဖို့ ကောင်းတယ်.. အရာရာတိုင်းက ဘာဖြစ်လို့များ ငါ့ရဲ့ သားတော်ကို ခက်ခဲ စေတာလဲ.. မင်းကကော သားတော်ကို ကာကွယ်သူ လား.. ဒါမှမဟုတ်.. သားတော်ကို ခက်ခဲစေသူ လား..’
လူတစ်ဦး တစ်ယောက်ရဲ့ ယုံကြည်မှု ဆိုတာ အခြေနေ တစ်ခုပေါ်မှာ မူတည်ပြီး ပြောင်းလဲ သွားစေနိုင်သလား..၊ ဆိုတာ မသေချာသော်လည်း.. မယ်တော်၏ မျက်ဝန်းတွင် နားလည်ရန် ခက်ခဲသော စကားတွေက ပျံ့နှံ့နေ၏။
‘ပြီးတော့.. ဘာဆက် လုပ်မလဲ.. အပျော်မယ်ရဲ့ သွေးသားကို ထီးနန်းလျာ အဖြစ် သတ်မှတ်ဖို့ ခက်ခဲပေမယ့် အတွင်းဝန် အမတ်မင်းရဲ့ မြေးတော် ဆိုရင် ပိုပြီး ခက်ခဲလိမ့်မယ်.. ဒါပေမယ့်.. အဲ့ဒီကလေးက မင်းကြီးရဲ့ ရင်သွေးလေ..’
‘မင်းကြီးရဲ့ ရင်သွေးမို့ မင်းကြီးကို ခက်ခဲစေမှာပါ.. အဲ့တာကြောင့်..’
‘မလုပ်ရဘူး..’
မယ်တော်က မျက်လုံးတွေကို မှိတ်ချလိုက်ပြီး ပြောသည်တွင် မျက်ရည် တစ်စက်က ပါးပြင်ပေါ်သို့ ကျဆင်းလာ၏။ ခုနတုန်းက ပြောနေသော အကြောင်းရာနှင့် တားဆီးခြင်းက လိုက်ဖက် မညီသော်လည်း မယ်တော်ကြီး၏ အသံတော်က ယတိပြတ် ပြတ်သားလွန်း၏။
‘သားသမီးကို မိခင်က မကာကွယ်ရင် ဘယ်လိုလုပ်မလဲ.. သားသမီးကို တောင်မှ မကာကွယ် နိုင်တဲ့ မိခင်က ဘာတွေကို ထပ်ပြီး လုပ်နိုင်မယ် ထင်လဲ.. ဘာမှ မလုပ်နိုင်ဘူး.. တစ်သက်လုံး သားသမီးကို မကာကွယ် နိုင်ဘူး ဆိုတဲ့ နောင်တတွေနဲ့.. အသက်တောင် ရှုဖို့ ခက်နေလိမ့်မယ်.. အဲတာကြောင့်.. မင်းရဲ့ ကလေးကို မင်းကာကွယ်ပါ.. အရမ်းကို အန္တာရာယ်များတဲ့ နေရာဆိုပေမယ့် နန်းတော်ထဲမှာပဲ ကာကွယ်ပါ..’
အားတင်းစေလိုသော မဖြစ်စေလိုသော နှစ်ခုစလုံး ရောယှက်နေသည့် မျက်ဝန်း အရောင်တွေကို နားမလည်နိုင်ပေမယ့် အံတင်းတင်း ကြိတ်လိုက်ကာ..
‘ကျွန်မ မလုပ်နိုင်ဘူး ဆိုရင်ကော.. တစ်ခါလေ မလုပ်နိုင်ဘူး ဆိုတဲ့ အတွေးတွေ ဝင်လာတယ်..’
မယ်တော်က ထိုင်နေရာမှ ထလာကာ သူမနားထိ လာခဲ့ပြီးမှ.. လက်နှစ်ဖက်လုံးကို ဆုပ်ကိုင်ဆွဲယူကာ..
‘မင်းလုပ်နိုင်ပါတယ်.. ခက်ခဲပေမယ့် မင်းလုပ်နိုင်ပါတယ်.. ငါ့လိုမျိုး ဘယ်တော့မှ နောင်တ မရစေနဲ့..’
ပြန်ထွက်သွားပြီးပြီ ဖြစ်တဲ့ မိဖုရားကြီးကို ငေးကြည့်နေရာမှ.. ငါ့လိုမျိုးလို့ ပြောလိုက်သည့် စကားအား နားမလည်နိုင် ဖြစ်သွားသည်။
မယ်တော်ကြီးက သားသမီး ဆုံးရှုံးဖူးတာလား..၊ ဘယ်တုန်းကလဲ..၊ ဘယ်သူ့ကိုလဲ..၊ အရင်မင်းကြီးမှာ သားသမီး ဆုံးရှုံးဖူးတာက ကန္တာရ သုန္နရီ မိဖုရား မဟုတ်လား.. ဒါပေမယ့် မယ်တော်ကြီးက.. ဘာလို့.. ခံစား နာကျင်နေရတာလဲ..၊
xxxxxxxxxxxxxxxxx
‘မိဖုရားကြီး ဒီနေရာကနေ ငေးနေမှာလား.. ပြုတ်ကျမှာ မကြောက်ဖူးလား.. ကျွန်မ ရင်တုန်လွန်းလို့ အောက်ဆင်း လာပါလား..’
နန်းတော် အပေါ်တွင် ရှိနေသော မိဖုရားကြီးအား ပြောသည်တွင် သူမ ပြုံးလျက်ဖြင့်..
‘အမတ်မင်း ယုဂန် ရောက်ရင် ပြောလိုက်ပါ ကျွန်မ ဆင်းလာမယ်.. ဒီနေရာကနေ ကြည့်တော့ အားလုံး မြင်ရတယ်လေ.. မင်းကြီးကိုကော.. မေဝတီကိုကော ကောင်းကောင်း မြင်နေရတယ်..’
မြင်နေရတယ်လို့ ပြောပြီးမှ နန်းတော်ဆောင် ခေါင်မိုးသို့ ရောက်နေရာမှ မေဝတီ အတွက် ပြင်ဆင် ထားပေးသော နန်းဆောင်သို့ လှမ်းကြည့် လိုက်သည်။ အဝေးကနေ လှမ်းကြည့်တာ တောင်မှ ဖြူဖြူဖွေးဖွေး နှုတ်ခမ်း နီနီလေးနှင့် မိန်းကလေးကို မင်းကြီး သဘောကျမည် ဆိုလျှင် သဘောကျဖို့ ကောင်းနေသေးသည်။ အဲ့ဒီမိန်းကလေးကို ငေးကြည့်နေရင်းမှ ကိုယ့်ဖာသာကိုယ်.. ပြန်ငုံ့ကြည့်မိသည်။ အမြဲတမ်း.. လက်နက်တွေနှင့်သာ ရှိနေတတ်သည့် သူမက လက်တွေ ဆိုလည်း မိန်းမငယ်လေးလို သွယ်သွယ်လျလျ လှလှပပလေး ဖြစ်မနေ..၊ အသားရေ ဆိုလည်း.. နေပူမရှောင် မိုးရွာ မရှောင် လျှောက်သွားနေသဖြင့်.. ဖြူဖြူနုနုလေး ဖြစ်မနေပဲ.. အဝါရောင်ပင် သန်းနေပြီ။ ထိုသို့သော အလှအပကိုသာ ပြု ပြင်နေသော မိန်းကလေးများနှင့် နှိုင်းယှဉ်သော် သူမ မလှပသူ ဖြစ်တော့မည်။
ဘာကို ဒေါသထွက်ပြီး စိတ်ဆိုးရမှန်း မသိပဲ.. ထိုမိန်းကလေးနှင့် သူမကိုယ်ကို နှိုင်းယှဉ်၍ ဝမ်းနည်းလာမိသည်။ သူက မင်းကြီးလေ..၊ အဲ့လို မိန်းကလေးတွေ ဆိုတာက သူ့အတွက် များလွန်းလို့..၊ ဘာလို့.. သူ့ကို လိုက်ပြီး.. တွေးနေမိတာလဲ..၊ တစ်ယောက်ချင်းစီ အတွက် လိုက်ပြီး ခံစားနေရင် ခံစားလို့ ဆုံးမှာ မဟုတ်ဘူး..၊ ခံစားချက်တွေ များရင် အလုပ်မဖြစ်ပဲ လူတိုင်းကို ခက်ခဲ စေလိမ့်မယ်..၊ ကိုယ့်ဖာသာ သက်သာ စေရန် တွေးနေပေမယ့်.. ဝမ်းနည်း ဒေါသထွက် နေသော ခံစားချက်က မပျောက်သွားပဲ.. ပို၍ ပို၍ တိုးကာ တိုးကာ စိတ်တို လာသည်။
‘မိဖုရားကြီး မတော်တဆ ခြေချော်ကျ သွားရင် ဘယ်လိုလုပ်မလဲ..’
အမတ်မင်း ယုဂန်က အောက်မှနေ၍ ဆီးကြိုပြီး မေးသည်တွင်.. အာရုံလွဲရန် ကိစ္စရပ် ရသွား၍ စိတ်သက်သာသွားပြီး အောက်သို့ ဆင်းလာကာ..
‘ကျွန်မက အမတ်မင်းကို ခေါ်ယူတဲ့ ကိစ္စကို တွေးပြီးပြီလား..’
‘တွေးပြီး ကြောင်းပါ..’
‘အမတ်မင်း အတွက် ကျွန်မ တစ်ခု ပြုလုပ်ထားပေးပါတယ်.. အမတ်မင်း ဆီ ရောက်လာရဲ့လား မသိဘူး..’
‘ရောက်လာပါတယ်.. ဒေါသကြီးပြီး စေ့စပ်တဲ့ လူတစ်ယောက် ရောက်လာကြောင်းပါ..’
‘အမတ်မင်း ပြောကြားထားတာက မင်းကြီးက မိဖုရားတစ်ပါးတည်းကနေ.. သားတော်ကော သမီးတော်ကော.. မွေးဖွားပေးမယ်.. ဟုတ်ရဲ့လား.. အခု ဘယ်ကနေ ဘယ်လို နောက်ထပ် မိန်းကလေး တစ်ယောက်က ထွက်ပေါ်လာတာလဲ.. သူက တကယ်လို့ မင်းကြီးရဲ့ သွေးသားကို လွယ်ထားတယ် ဆိုရင်..’
‘အဲ့လို ဖြစ်ဖို့ မရှိပါဘူး.. မိဖုရားကြီးသာ.. ကျွန်တော်မျိုးရဲ့ ဟောကြားချက်ကို ယုံကြည်ပြီးတော့.. လုပ်သင့်တာကို လုပ်ပါ..’
‘ကျွန်မက အဲ့ဒီ မိန်းကလေးကို ဘယ်လို လုပ်ရမလဲ.. သူက မင်းကြီးရဲ့ ရင်သွေးကို လွယ်ထားတယ်လေ..’
အနည်းငယ် အလောတကြီးနိုင်သော ပြောစကားများကို အံ့ဩစွာဖြင့်..
‘စိုးရွံ့မိပါတယ်.. မိဖုရားကြီး တုန်လှုပ်နေတာကို မြင်ရတာ ဒီနှစ်တွေ အတွင်းမှာ ပထမဆုံး အကြိမ် ဖြစ်မယ်ထင်ပါတယ်..’
‘အဲ့တာ..’
ယုဂန်က သတိပေး စကား ဆိုမှ တစ်ချက်မှ မရပ်ပဲ လမ်းလျှောက် နေမိတာကို ရပ်တန့်လိုက်သည်။ ပြီးတော့မှ စိတ်တွေကို ဖြေလျှော့ ချလိုက်ကာ..
‘ကောင်းပြီ.. နန်းတွင်းသမားတော်တွေကို ဆင့်ခေါ်လိုက်ပါ..’
ခဏကြာတော့ သမားတော်တွေ ရောက်ရှိလာပြီး..
‘မိဖုရားကြီး ခေါ်တယ် ဆိုလို့..’
‘ဟုတ်တယ်.. မေဝတီရဲ့ ကျန်းမာရေး အခြေနေကို သိချင်လို့ပါ..’
‘မိခင်ကော သန္ဓေသားပါ ကျန်းမာတဲ့ လက္ခဏာ ရှိပါတယ် မိဖုရားကြီး.. ဒါပေမယ့်..’
‘ဒါပေမယ့်.. ဘာဖြစ်တာလဲ..’
‘သွေးကြောတွေက ရှုပ်ထွေးနေလို့ သန္ဓေသားက ဘယ်နှစ်လ မြောက်မှန်း တိုင်းတာလို့ မရနိုင်ပါဘူး..’
‘တချို့ မိန်းကလေးတွေမှာ ဖြစ်တတ်တယ်လို့ ဆေးပညာအရ ဆိုထားပါတယ်.. သေသေချာချာ အာရုံစိုက်ပြီး.. တိုင်းတာ ကြည့်ကြပါ..’
သမားတော်များနှင့် ပြောဆိုနေသည်တွင် အမတ်မင်း ယုဂန်က တိတ်တဆိတ် ပြုံးလိုက်သည်ကို ဖြတ်ခနဲ မြင်တွေ့လိုက်ရ၏။ ဘာကို ဆိုလိုချင်မှန်း မသိသော အပြုံးအား.. တစ်ချက်မျှ စိုက်ကြည့်လိုက်ပြီးမှ..
‘ကောင်းပြီ သူ့ကို သေချာ ဂရုစိုက်ပေးပါ ဘယ်လိုပဲ ဖြစ်ဖြစ် သူက မင်းကြီးရဲ့ ရင်သွေးကို လွယ်ထားတာပါ တစ်ခုခုမှားယွင်းမှု မဖြစ်စေပါနဲ့..’
‘မိဖုရားကြီး စိတ်ချပါ.. ခွင့်ပြုပါအုံး..’
သမားတော်တွေ ထွက်သွားပြီးမှ အနောက်ဆုံးတွင် သမားတော် တစ်ဦးက အရှေ့သို့ အနည်းငယ် ကိုင်းလျက် ကြည့်လာသည်။ ပြီးတွင် လက်အဖျားလေး တွေကို သေချာကြည့်ပြီးမှ.. ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး..
‘ဒီမှာ ရှိတဲ့ လူတွေရှေ့မှာ ကျွန်တော်မျိုး လျို့ဝှက်သော စကားကို တင်လျှောက်လို့ ရပါရဲ့လား..’
ထိုသမားတော်ကို သိသည်။ ဘယ်သူလဲလို့ သေချာ တွေးကြည့်ပြီးတော့မှ..
‘အပြင်ပန်း.. ရောဂါလက္ခဏာကြည့် ဆေးပညာရှင် သမားတော်.. ရာဇ မဟုတ်လား.. ကျွန်မကို ဘာတွေများ အထွေအထူး တင်လျှောက်ဖို့ ရှိနေတာလဲ..’
အနားက လူတွေကို လက်ပြလိုက်တော့ လပြည့်က အလိုက်သတိဖြင့် အပျိုတော်တွေကို အပြင်ထွက်စေပြီး ယုဂန်ကပါ အပြင်သို့ ထွက်သွားသည်။ ထိုသို့မှ ထိုသမားတော်က အနားသို့ တိုးလာပြီး..
‘မိဖုရားကြီးမှာ ကိုယ်ဝန် ရှိတဲ့ လက္ခဏာ တွေ့ရှိကြောင်းပါ..’
‘ဘာပြောလိုက်တာ..’
‘အတိအကျ ပြောရရင်.. မိဖုရားကြီးရဲ့ ဆံပင်တွေက ခြောက်သွေ့ပြီး.. အသားရေကတော့ စိုပြည်ပါတယ်.. မျက်လုံးအိမ်က အနည်းငယ်.. တောက်ပ နေပြီးတော့ နှုတ်ခမ်းသားတွေက ဖျော့တော့တယ်.. နောက်ဆုံး တစ်ချက်က လက်ချောင်းလေးတွေ.. နီရဲပြီးတော့.. အတန်ငယ် ဖောင်းနေတယ်.. မိဖုရားကြီးက ကိုယ်ဝန်ဆောင် ချိန်မှာ ကိုယ်လက်လှုပ်ရှားမှုတွေကို လျော့ချသင့်ပါတယ်..’
‘ဟုတ်လား.. ကောင်းလိုက်တဲ့ ရောဂါလက္ခဏာ ပညာရှင်.. ဒါပေမယ့် ဒါက မင်းကြီးတောင် မသိသေးတဲ့.. ကိစ္စ ဆိုတော့.. သိသွားပြီးတဲ့ သူကို အရှင်ထားသင့်လား.. အသေထားရမလား..’
သမားတော် ရာဇက အတန်ငယ် မျက်နှာပျက်သွားပြီးမှ..
‘ထားရင်လည်း နေ.. သတ်ရင်လည်း သေရပါမယ်..’
ထိုသို့ တည်ငြိမ်စွာ ပြန်ပြောသော သမားတော် ရာဇကို စူးစိုက်ကြည့်လိုက်ပြီးမှ..
‘ကောင်းပြီ.. သမားတော်ကြီးရဲ့ အသက်ကို ကျွန်မက တစ်ခါ ပိုင်ဆိုင်သွားပြီလို့ သတ်မှတ်ထားပေးပါ.. ကျွန်မက ပြန်ပေးဖို့ တောင်းလာတဲ့ နေ့ကျရင် ပြန်ပေးဖို့ မမေ့ပါနဲ့..’
ထိုအခါကျမှ.. မျက်လုံးမှိတ်သက်ပြင်း ချလိုက်ပြီး..
‘သဘောထား ကြီးမြတ်လှပါတယ်.. မိဖုရားကြီး.. သမားတော် မောင်သုတရဲ့ ညီမငယ် ပီသပါပေတယ်..’
‘ဘာ!!.. သမားတော်ကြီးက အစ်ကိုတော်ကို သိနေတာလား..’
‘ဆရာတစ်ဦးတည်း ထံမှ ဆေးပညာကို အတူတူ သင်ယူဖူးကြောင်းပါ..’
‘အော်.. အစ်ကိုတော်ရဲ့ သူငယ်ချင်းလား.. တစ်ခါမှ မမြင်ဖူးတော့..’
‘သူငယ်ချင်းလို့ ပြောလို့တော့ မရပါဘူး.. သုတက အနေအေးပြီးတော့ ဆေးပညာကို အသေအလဲ သင်ယူတော့ ဘယ်တော့မှ သူများတွေနဲ့ တရင်းတနှီး မနေခဲ့ပါဘူး.. ခွင့်ပြုပါအုံး..’
‘နောက်ကျမှ အစ်ကိုတော် အကြောင်းပြောရအောင်.. ခေါ်လိုက်ပါအုံးမယ်..’
လှည့်ထွက်သွားတဲ့ သမားတော်ကို ငဲ့ကြည့်နေပြီးမှ.. သက်ပြင်းမောကိုသာ ချလိုက်မိတော့သည်။ မသိစေချင်ပါဘူး ဆိုမှ.. တစ်ယောက်ပြီး တစ်ယောက် သိနေပြီ ဖြစ်သည့် ကိစ္စကို ဘယ်လို စီရင် ရမှန်း မသိတော့ပေ။
xxxxxxxxxxxxxxxxx
ညီလာခံ ပြီးကတည်းက မေဝတီ ဆိုသော မိန်းကလေးအတွက် ပြင်ဆင် ပေးထားသည့် နန်းဆောင်မှာ သွားတွေ့ကာ မရယ်ချင်ပေမယ့် ပြုံးနေခဲ့သည့် ကာလတွေမှာ သူမ ဘယ်လို တွေးနေမလဲ ဆိုတာကို ပြင်းပြင်းပြပြ သိချင်နေမိသည်။
‘သတိုး!..’
‘မှန်လှပါ မင်းကြီး ဘာများမိန့်ကြားချင်လို့လဲ ပါလဲ..’
‘ဒီနေ့ ပင်ပန်းလိုက်တာ.. မိဖုရားကြီး နန်းဆောင်မှာ သွားပြီး အနားယူချင်တယ်..’
‘စိုးရွံ့မိပါတယ် မင်းကြီး.. မိဖုရားကြီးက မင်းကြီးကို ဒီနေ့ညအတွက် မေဝတီ ဆီမှာ အနားယူဖို့ မှာကြားထားပါတယ်..’
‘လာပြန်ပြီ.. မေဝတီ.. မေဝတီ..’
‘စိုးရွံ့မိပါတယ်..’
‘သွားတော့.. မင်းကို မမြင်ချင်တော့ဘူး သတိုး!..’
သတိုးက မကျေနပ်သလို မော်ကြည့်လာပြီးမှ..
‘ကျွန်တော်မျိုးက အပြစ်တစ်ခုမှလည်း မလုပ်ပဲနဲ့..’
‘မင်းက အမြဲတမ်း ငါကိုယ်တော် ဖြစ်ချင်တာကို ကန့်ကွက်တယ်လေ.. အဲ့တာက ကြီးမားတဲ့ အပြစ်တွေပဲ သွားတော့..’
‘ဟုတ်..’
သတိုးထွက်သွားပြီ ဆိုမှ မြေအောက်ခန်းအတွင်းသို့ ဆင်းလာပြီး.. ထောင့်စွန်းက ခမည်းတော်၏ အရိုးပြာ ထည့်ထားသည့် အိုးလေးကို လှည့်လိုက်တော့.. လျို့ဝှက်တံခါး တစ်ချပ် ပေါ်လာပြီး.. အထဲသို့ ဝင်လာခဲ့လိုက်သည်။
ပန်းချီကားချပ်တွေရယ်.. ပြီးတော့ လက်နက်တွေကို တစ်ပိုင်းတစ်စ ဖန်တီးထားသည့် လက်စတွေနှင့်.. ထိုအခန်းလေးအတွင်းတွင် မီးတုတ်မှ မီးကို ညှိလိုက်တော့ မိဖုရားသုန္နရီ၏ ပုံတွေက ထင်ထင်ရှားရှား ပေါ်လာသည်။ ဒီအခန်းကို ခမည်းတော် က ဖန်တီးထားခြင်း ဖြစ်ပြီး.. ခမည်တော် ကွယ်လွန်ပြီး မင်းကြီး နန်းဆောင်မှာ နေတာ ကြာလာမှ ထိုအခန်းကို ရှာဖွေတွေ့ခဲ့ခြင်း ဖြစ်သည်။ ဒီအခန်းလေးထဲမှာ ခမည်းတော်က မိဖုရား သုန္နရီကို တမ်းတခဲ့ဖူးတာလား မသိသော်လည်း.. ဒီအခန်းလေးကို ကိုယ်တိုင် သေချာ ရှင်းလင်းကာ.. စားပွဲနှင့် ထိုင်ရန် နေရာများကို ရှင်းလင်းခဲ့တာ ဘယ်လောက်မှ မကြာသေးပေ။ ဒီအခန်းထဲသို့ ရောက်ပြီ ဆိုမှ သူ့အတွက် အစစ်အမှန်ကို လုပ်ခွင့်ရသည်။ စားပွဲပေါ်မှာ တင်ထားသော နန်းမြို့တော် မြေပုံကို ဖြန့်ခင်းလိုက်ပြီးမှ.. အလံနီလေးတွေ စိုက်ထားသည့် နေရာ တစ်ခုချင်းကို သေချာ လိုက်ကြည့်လိုက်၏။ သူမ သွားတတ်သော နေရာတစ်ခုချင်းစီကို အပြာရောင် အလံလေးတွေ စိုက်ထားသည်။
‘မင်းကြီး!..’
‘ဝင်ခဲ့ပါ..’
အထဲသို့ လှမ်းဝင်ခဲ့တာက ညကိုယ်ရံတော် ခေါင်းဆောင် တစ်ဖြစ်လဲ.. ရွှေဓားကိုင် ကိုယ်ရံတော် သိက္ခာနှင့် သမားတော် ဌာနမှ ရုပ်ကြည့်သမားတော် ရာဇ..၊
‘ဒီနေ့ သမားတော်တွေကို မိဖုရားကြီးက ဆင့်ခေါ်တယ် မဟုတ်လား.. မင်းသွားခဲ့တယ် မဟုတ်လား..’
‘မှန်လှပါ မင်းကြီးရဲ့ အမိန့်တော် အတိုင်း.. ကျွန်တော်မျိုးသွားခဲ့ပါတယ်.. မင်းကြီး ထင်မြင်သလိုပဲ မိဖုရားကြီးက ကိုယ်ဝန်ဆောင် ထားရပါပြီ..’
ရင်ထဲမှာ ဝမ်းနည်းခြင်းတွေ ဖြစ်ပေါ်လာ၏။ သူမက ကိုယ်တိုင် ကိုယ်ဝန်ဆောင် နေလျက်ဖြင့်.. သူ့အား တခြား မိန်းကလေးကို ဂရုစိုက်စေရန် စေလွှတ်သည်။
‘သူက ဘာမို့လို့ ငါကိုယ်တော်ကို မပြောရတာလဲ.. ဘာကြောင့်မို့..’
သူ့စကားတွေ ထစ်အ သွားသည်တွင်..
‘မိဖုရားကြီး တွေးတာ တစ်ခုခု ရှိလိမ့်မယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်.. မှန်တယ်လို့ မပြောဝံ့ပေမယ့်.. မိဖုရားကြီးက မင်းကြီးကို အမြဲတမ်း မထိခိုက်အောင်..’
သိက္ခာ စကားမဆုံးခင်မှာပင်..
‘သူက အမြဲတမ်း မထိခိုက်အောင် ထားတာက.. သူက ငါကိုယ်တော်ရဲ့ မိခင် မို့လို့လား.. ငါကိုယ်တော်က မထိခိုက်ဘူး သူကကျတော့ ထိခိုက်မယ်.. သူထိခိုက်သွားရင် ငါကိုယ်တော် ထိခိုက်တာထက်ကို ပိုပြီးတော့.. ခံစားရနိုင်တယ် ဆိုတာကိုကျတော့ မတွေးဖူးဘူးလား.. ဒီနေ့ကော သူ ဘာတွေ လုပ်နေတာလဲ..’
‘ဒီနေ့ မိဖုရားကြီး နန်းတော်အပြင်ကို မသွားပါဘူး.. နန်းတော် ခေါင်မိုးပေါ်တက်ပြီးတော့.. မင်းကြီးရှိတဲ့ နေရာကို ကြည့်တယ်လို့ သိရပါတယ်..’
‘ဘာ!!.. နန်းတော် ခေါင်းမိုးပေါ်ကို တက်ပြီး ကြည့်တယ်.. ဒါက ဘယ်လို ငါကိုယ်တော်ကို ကြည့်ခြင်းမျိုးလဲ.. လုပ်ကြံသူတွေ ချောင်းကြည့်သလိုမျိုး.. ချောင်းကြည့်နေတယ်.. လာခဲ့ပါလို့ လူလွတ်ပြီး ခေါ်ဖို့ သူ့ရဲ့ နန်းဆောင်မှာ အထိန်းတော်တွေ မရှိဘူးလား.. အပျိုတော်တွေကော.. ခြေထောက်ကျိုး ကုန်ပြီလား..’
ချက်ချင်း ဒေါသထွက်သွားသော မင်းကြီးကို ငေးကြည့်ကာ မိဖုရားကြီးနှင့် မတူတာ တချို့ကို သွားတွေ့၏။ မိဖုရားကြီက ဘယ်လို အခြေနေမှာ မဆို ထိုသို့သော ဒေါသထွက်ခြင်းတွေ မရှိပဲ တည်ငြိမ်နေတတ်သူလို့ ဆိုရမည် ဖြစ်ပြီး.. မင်းကြီးက ခံစားချက်အလိုက် ပြောင်းလဲသွားမှုတွေ ရှိတတ်သည်။
‘တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ.. စိတ်ပူလွန်းလို့ ဆိုပြီး သွားတွေ့ရင်လည်း သူက မလာခိုင်ဘူး..’
‘မင်းကြီး စိုးရိမ်တာ လွန်နေပါပြီ မိဖုရားကြီးက ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေး ပညာရှင်ပါ..’
‘သူက သိပ်တော်နေတော့ကော.. ငါကိုယ်တော်က မပူပန်ရဘူးလား.. သူက သိပ်တော်နေ တော့ကော.. သူ့ဆီက အားကိုးမှုတွေကို မလိုချင်ရဘူးလား.. သူက သိပ်ထက်နေတော့ကော.. သူ့ရှေ့မှာ.. မကာကွယ်ပေးရဘူးလား.. တစ်ခုမှ လုပ်ခွင့်မရဘူး.. အဲ့တာဘာလို့လဲ သိလား.. ငါကိုယ်တော်ကို မယုံကြည် နိုင်တာ.. ငါကိုယ်တော်က ဘာမှမလုပ်နိုင်ဘူးလို့ သူက တွေးနေတာ.. ငါကိုယ်တော်ကို အခန်းထဲမှာ ထည့်ထားပြီး တံခါးဝကနေ အရာအားလုံးကို သူပဲ ရင်ဆိုင်ချင်နေတာ.. ငါတို့တွေ စပြီး တွေ့ဆုံမှုကနေ စပြီး မှားယွင်းခဲ့တာ ဆိုရင်.. ငါက သူ့ထက်ကို ပိုပြီး ညံ့နေတာလား..’
အဲ့တာတွေကို တစ်ခုမှ နားမလည်တာမို့.. ငြိမ်နေလိုက်ရပေမယ့်.. ဘာများ မိန့်ကြားမလဲလို့ တွေးလိုက်မိသည်။
‘ဒီတစ်ကြိမ်တော့.. သူက ငါကိုယ်တော်ကို ကိုယ်တိုင် ဖြေရှင်းပါတဲ့.. ဒါပေမယ့် သူစိတ်မချပဲနဲ့ နန်းတော် ခေါင်မိုးပေါ်တက်ပြီး ကြည့်နေတယ်.. မတော်တဆ ပြုတ်ကျသွားရင် ဘယ်လို လုပ်မလဲ.. ဟူး.. နောက်နေ့ကနေ စပြီး မေဝတီဆီကို သွားတာ ဆင်ခြင်မှ ဖြစ်မယ်..’
‘ဒါပေမယ့် မိဖုရားကြီးက..’
‘တော်ပြီ.. သူ့အကြောင်းမပြောနဲ့တော့..’
‘အဲ့တာ ဆိုရင် မေဝတီက..’
‘မေဝတီ အကြောင်းကို ပြောစရာ မလိုဘူး.. မိန်းကလေးက မိန်းကလေး သဘာဝ တိုင်းပြည်ရဲ့ အထိပ်ခေါင် မိဖုရား ဖြစ်ချင်တာ မဆန်းဘူး.. နန်းတော်ကို ဝင်လာချင်တာလည်း မဆန်းဘူး.. ပြောချင်တာက ဦးရီးတော်နဲ့ အမတ်မင်း ကက္ကတ အခြေနေ ဘယ်လိုလဲ..’
ထိုသို့ ပြောလိုက်တော့ သိက္ခာ ပြုံးမိသလို ဖြစ်သွား၏။ အရင်နှစ်တွေ ကတည်းက ညကိုယ်ရံတော်တွေကို လျို့ဝှက် ခေါ်ဆောင်ပြီး နန်းတော်၏ အင်အားကို တည်ဆောက်ထားခြင်းမှာ မင်းကြီးကို ဘာမှမသိပါဘူးလို့ ပြောလို့ မရသလို.. သိလိုက်တာလို့ လက်ခံ ရအောင်ကလည်း မင်းကြီးက ခံစားချက်ကို ဦးစားပေး လွန်းသည်။ မင်းကြီးနှင့် မိဖုရားကြီး နှစ်ပါးလုံးသာ တိုင်းပြည်ကို လက်တွဲညီညီ အုပ်ချုပ်နိုင်လျှင်.. နန်းတွင်းအရေး သာမက.. တိုင်းပြည်တစ်ခုလုံးကိုပင် သာလွန်စွာ အုပ်ချုပ် နိုင်မည် ဖြစ်သော်လည်း.. အဖျက်က မိဖုရားကြီး၏ ခမည်းတော်.. အတွင်းဝန်အမတ်မင်း ဖြစ်နေလေရာ..
‘ဦးရီးတော်က အမတ်မင်း ကက္ကတ အိမ်တော်ကို သွားပြီး တွေ့ဆုံရာကနေ အလျင်စလို ထွက်သွားတယ်လို့ သိရပါတယ်.. ဦးရီးတော်နဲ့ အမတ်မင်း ကက္ကတ က နှစ်ဦးကြား ဆက်ဆံရေး အဆင်မပြေဘူးလို့ ကြားပါတယ်..’
မင်းကြီးက ထိုစကားကို တစ်ချက်မျှ ပြုံးတော်မူကာ..
‘အရင်က နန်းတော်မှာ ဦးရီးတော်က အင်အား ကြီးမားတယ်.. အခု အတွင်းဝန်မင်းက သမီးရဲ့ တည်ရှိမှုကြောင့် အင်အားကြီးမားလာပြီ ဆိုတော့.. သူတို့နှစ်ယောက်က ဂူတစ်ဂူထဲမှာ ခြင်္သေ့ နှစ်ကောင် မနေနိုင်ဘူးလေ..’
‘ပိုပြီး စိုးရိမ်ဖို့ ကောင်းတာက မေဝတီကို ဦးရီးတော်က လွှတ်လိုက်တာလို့ ထင်မြင်ရကြောင်းပါ..’
‘မေဝတီက သူ့ဖာသာသူ နန်းတော်ကို လာချင်တာပါ.. ဦးရီးတော်က လွှတ်လိုက်တာ ပေမယ့်.. သူလာခဲ့တာက သူ့ဖာသာ သူပါ.. ထားလိုက်တော့ ဒီနေ့ တွေ့ဆုံမှု ဒီမှာပဲ အဆုံးသတ်မယ်..’
မြေအောက် နန်းဆောင်မှ ထွက်လာပြီးတော့.. ပန်းခြံအတွင်း လမ်းလျှောက်နေစဉ်..
‘မင်းကြီး!!.. သမားတော် ရာဇက မင်းကြီးကို တွေ့ခွင့်တောင်းပါတယ်..’
ဒိန်းခနဲ ခုန်လှိုက်သွားသော ရင်ခုန်သံကို ထိန်းချုပ်ဖို့ မတတ်နိုင်စွာ..၊ သမားတော် ရာဇကို မိဖုရားကြီ၏ လူမသိစေချင်သော ကိုယ်ဝန်ကို တိတ်တဆိတ် ဂရုစိုက်ရန် ပြောထားသည်မို့.. ပိုပြီး ပူပန်သွားမိခြင်း ဖြစ်လျက် လာခဲ့ပါဟုပင် မိန့်တော်မမူ နိုင်ပဲ သမားတော် ရှိရာသို့.. သွားလိုက်သည်တွင်..
‘မင်း.. မင်းကြီး.. မိဖုရားကြီးက ဆေးအပူတွေကို ညတွင်းချင်း အဆောင်တော်ကို ဆက်သခိုင်းပါတယ်..’
တစ်ခုခုကို တွေးလိုက်မိသည်မို့.. ပိုမို ခံပြင်း ဒေါသထွက်သွားလျက်..
‘ခုနက ကျွန်တော်မျိုး.. ဆေးတွေကို စစ်ကြည့်တော့.. မိဖုရားကြီးက.. ဆေးအပူတွေကို ဆက်သဖို့ တောင်းဆိုတယ်လို့ ပြောပါတယ်..’
‘ဆေးအပူ ဆိုတာ ဘာကို ပြောချင်တာလဲ မြန်မြန် ပြောစမ်း.. ဘာကို ပြောချင်တာလဲ ရှင်းရှင်းလင်းလင်း ပြော!!..’
‘မိဖုရားကြီးက ကိုယ်ဝန် ပျက်ကျ စေတဲ့ ဆေးတွေကို ယူသွားပါတယ်.. မင်းကြီး..’
‘ဘာ!!..’
စိုးရိမ်စိတ်က အထွဋ်ထိပ်သို့ ရောက်သွားပြီး နေရာမှ ချက်ချင်း ပြေးလွှား မိတော့မတတ် ထွက်လာခဲ့မိသည်။ သူမ၏ နန်းဆောင် အတွင်းသို့ အရောက်တွင်.. သူမက ထိုင်ခုံပေါ်တွင် ထိုင်လျက် ဆေးခွက်တစ်ခွက်ကို သောက်ရန် ပြင်နေ၏။
သူမရှေ့သို့ ဘယ်လို ရောက်သွားမှန်း မသိအောင် ခုန်ပျံလျက် ရောက်သွားပြီး ဆေးကို မော့သောက်နေသည့် သူမအား..၊
‘ဖြန်း!!..’
‘အ!..’
လက်ပြန် ရိုက်ချလိုက်မိပြီး လက်ထဲတွင် ကိုင်ထားဆဲ ဆေးခွက်နှင့် စားပွဲပေါ်တွင် တင်ထားသည့် ဆေးဗန်းအား လွင့်ပစ်လိုက်မိသည်။
‘ခလွမ်း.. ဒေါက်’
ပြီးနောက် ဒေါသတကြီး ဖြစ်နေသာ မင်းကြီး၏ မျက်ဝန်းအစုံနှင့်.. မျက်မှောင်ကုတ်ထားသော မိဖုရားကြီး၏ မျက်ဝန်းတို့က အားချင်းပြိုင်လျက်..၊
xxxxxxxxxxxxxxxxx
ဆက်ရန်-
Credit "
စွဲညို့
Post a Comment