ချစ်သော ရှင်ဖြူငယ် ဒုတိယတွဲ (အပိုင်း-၈) xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
‘မိဖုရားကြီး.. မင်းကြီး ရောက်လာပါတယ်..’
‘ဘာ!!..’
ဒီအချိန်ကြီး သူက ဘာလာ လုပ်တာလဲ..၊ ဘယ်တုန်းကမှလည်း မလာဖူးပဲနဲ့..၊ ကြမ်းခင်းပေါ်တွင် ပြန့်ကျဲနေဆဲ.. ဦးရီးတော်နှင့် အဖေ့ အမှုတွေကို စုစည်းထားသည့် စာရွက်တွေကို ပြူးပြဲ ငုံ့ကြည့် မိလိုက်.. နန်းဆောင် တံခါးအား အလန့်တကြား လှမ်းကြည့်လိုက်ဖြင့်.. တအံတသြ အထိတ်တလန့်.. ပြူးကျယ် နေမိကာ သူမ ပြုလုပ်လိုက်မိတာက နန်းဆောင် အတွင်းရှိ မီးများ အားလုံးကို ဓားဖြင့် ဝှေယမ်းပြီး.. ငြိမ်းလိုက်ခြင်းသာ..၊
သူမက ထိုသို့ ပြုလုပ်လိုက်သည်တွင်.. လပြည့်က အနားသို့ တိုးလာပြီး.. တအံ့တသြဖြင့်..
‘မိဖုရားကြီး မင်းကြီးကို ငြင်းပယ်လိုက်တာလား..’
‘ဟမ်.. ဘာကို ဘယ်လို ငြင်းပယ်လိုက်တာလဲ.. ဒီမှာ ဒါတွေ အကုန်လုံးကို မြန်မြန်သိမ်းမှ ဖြစ်မယ်.. တော်ကြာ.. မင်းကြီးတွေ့သွားလို့ မဖြစ်ဘူး..’
လပြည့် ပြောတာကို နားမလည် နိုင်ပဲ စာရွက်တွေ စုစည်းသိမ်းဆည်းရန်သာ ဦးတည်မိလျက်..
‘မင်းကြီးက ဝင်လာတော့မှာ မဟုတ်ဘူး..’
ထို့နောက်.. စာရွက်တွေကို ပြန်ကောက်ကာ သေတ္တာထဲသို့ ထည့်၍ သော့ခတ်လိုက်ရသည်။ လပြည့်က အနားသို့ တိုးလာပြီး..
‘မင်းကြီးက မိဖုရားကြီး ဆီကို လာရင် မီးတွေကို ငြိမ်းပစ်တာက မင်းကြီးကို နန်းဆောင်ထဲ မဝင်ဖို့ တားမြစ်လိုက်တာပါ.. တကယ်လို့ မီးတွေ လင်းနေတာက မင်းကြီးကို စကားပြောဖို့ ဖိတ်ခေါ်ရာ ရောက်ပြီးတော့.. အိပ်ဆောင်တော် မီးကိုချန်ထားပြီး တခြားမီးတွေကို ငြိမ်းတာက မင်းကြီးကို အိပ်ဆောင်တော်ကို ဝင်လာဖို့ ဖိတ်ခေါ်တာပါ.. မိဖုရားကြီးက အခု.. မီးတွေ အကုန်လုံး ငြိမ်းလိုက်တော့..’
အခုမှ ထိတ်ထိတ်ပျာပျာ ဖြစ်နေတာတွေ ရပ်တန့်သွားမိပြီး..
‘အဲ့တာက ဘယ်လို စည်းမျဉ်းတွေလဲ..’
နားမလည်သလို ပြန်မေးလိုက်တော့.. လပြည့်က မိဖုရားကြီးကို သနားသွားမိသည်။ မိဖုရားကြီးက မိဖုရားတစ်ပါး ဖြစ်သည့်တိုင် ဒီလို စည်းမျဉ်းတွေကို နားမလည်ခဲ့ရပါလား ဆိုပြီး စိတ်မကောင်း ဖြစ်သွား ရသည်။ မိဖုရားကြီးက တစ်ခဏ နားမလည်နိုင် ဖြစ်သွားသော်လည်း.. နားလည်သွားချိန်မှာ သနားစဖွယ် ငြိမ်သက်သွား၏။ ပြီးတော့မှ သူမအား သနားကြင်နာစွာ ငေးနေသော လပြည့်အား ရယ်မလို ပြုံးမလို မျက်နှာလေးဖြင့်..
‘ကျွန်မက မင်းကြီးရဲ့ မိဖုရား အဖြစ် ဘယ်တုန်းကမှ မနေခဲ့ဖူးဘူးလေ.. ကျွန်မက သူ့ရဲ့ မိဖုရားလည်း မဟုတ်ပါဘူး.. အဲ့တာက သူ့ကို ငြင်းပယ်ရာ ရောက်သွားမှန်း ကျွန်မက နားမလည်ဘူး.. သူမြန်မြန် ဝင်လာမှာ စိုးလို့ မတော်တဆ မြင်သွားရင် သူ့အတွက်ကော ကျွန်မအတွက်ပါ မကောင်းလို့.. သူ.. စာရွက်တွေကို မမြင်ရအောင် ဒီတိုင်း.. မီးတွေ ငြိမ်းလိုက်ရုံပါ.. အဲ့တာက..’
မလိုအပ်ပဲ စကားတွေ အများကြီးနဲ့ ရှင်းပြနေသော မိဖုရားကြီး၏ မျက်နှာလေးက ပြုံးမလို မဲ့မလို မျက်တောင်ကို ခဏခဏ ပုတ်ခုတ်ရင်း.. မခံစားနိုင်သော အခြေနေကဲ့သို့ ရှိနေ၏။
ထိုစဉ်..
နန်းဆောင် အပြင် နှင်းတွေ ကျနေသော အောက်၌ အမိုးအကာမဲ့စွာ မတ်တပ်ရပ် နေသော မင်းကြီးမှ.. နန်းဆောင် အတွင်းသို့ နားမလည်နိုင်စွာ.. ကြည့်နေပြီး..
‘သူက ငါကိုယ်တော်ကို ငြင်းပယ်တယ်.. နန်းဆောင်ထဲကို မဝင်နဲ့လို့ တားလိုက်တာ မဟုတ်လား.. မီးတွေ အကုန်ငြိမ်း ပစ်လိုက်တယ်.. အဲ့လို လုပ်လိုက်တယ် မဟုတ်လား’
အရှေ့နန်းဆောင်မှ မိဖုရားကြီး နန်းဆောင်သို့ မလာခင် မင်းကြီးသည် နန်းဆောင်အတွင်း ခေါက်တုန့်ခေါက်ပြန် စဉ်းစားရင်း ပျော်ရွှင်နေတာကို မြင်တွေ့ခဲ့ရတာမို့ မိဖုရားကြီးမှ နန်းဆောင် မီးများအား ငြိမ်းလိုက်ခြင်းတွင် ထို ကြည်သာ ပျော်ရွှင်နေသော.. အမူယာများ အားလုံး ရုတ်ချည်း.. ပျောက်ဆုံးသွားသကဲ့သို့ ရှိပြီး မယုံကြည် နိုင်စွာ မေးလိုက်သည်တွင်.. ဘယ်လို စကားဖြင့် ပြန်ပြီး ဖြေပေးရမည် ဆိုတာ သတိုး.. ပြောမထွက်နိုင်..၊
‘မှန်လှပါ.. မိဖုရားကြီးက ဒီနေ့ညအတွက် မင်းကြီးကို ငြင်းပယ်လိုက်ပါတယ်..’
သိနေပြီးသား ဖြစ်သော်လည်း သတိုးက ပြန်လည် တင်လျှောက်လိုက် ခြင်းမှာ ဘာကို နာကျင်ရမည်မှန်း မသိပဲ ရင်ထဲမှာ နာကျင်သွားမိသည်။ သို့သော်.. လက်မခံနိုင်စွာဖြင့်..
‘အိပ်ဆောင်တော်ကို မဝင်စေချင်ရင်တောင် သူ.. ငါကိုယ်တော်ကို စကားပြောဖို့တော့ ခွင့်ပြုသင့်တယ် မဟုတ်လား.. အနည်းဆုံးတော့.. စကားပြောဖို့တောင် သူက ခွင့်မပြုဘူးလား.. ဒီနေ့ည ငါကိုယ်တော် သူ့ဆီ လာဖို့ ဘယ်လောက်တောင် အဆင်သင့် ပြင်ခဲ့ရသလဲ.. သူနဲ့ စကားပြောနိုင်ဖို့ ဘယ်လောက်တောင် ပြင်ဆင် ခဲ့ရသလဲ..’
‘မှန်လှပါ.. မိဖုရားကြီးက..’
ပိုမို ဆင်းကျလာသော အေးခဲသည့် နှင်းစက်တွေကို ဂရုမထားမိသေးပဲ.. မီးတွေ ငြိမ်းသွားသည့် နန်းဆောင်ကိုသာ ရပ်လျက် ငေးနေမိ၏။ ပြန်ထွန်းလာလေမလား..၊ ဆိုသည့် မျှော်လင့်ချက်က တဖြည်းဖြည်းနှင့် ကျဲပါးလာသည်။ နှင်းစက်တွေကလည်း ပိုမိုအေးခဲလာပြီ။ သို့သော် နန်းဆောင် ရှေ့တွင် ရပ်နေမိရာမှ ခြေလှမ်းတွေ ဦးတည်ရာကို မပြောင်းချင်သေးပေ။
‘မင်းကြီး.. ရာသီဥတုက အေးပါတယ် ဘုရား.. နန်းဆောင်ကို ပြန်ရအောင်ပါ..’
သတိုး၏ တင်လျှောက်သံက အေးလွန်းသော လေပြည်ကြားမှာ တိုးတိတ်စွာ ထွက်ပေါ်လာ၏။ သူမ မအိပ်သေးတာကို သိနေသည်။ ပြီးတော့.. တစ်ချက်လေးမှ သူ့ကို ထွက်မကြည့်တာကို ရင်နာသည်။ သို့သော်.. ငြင်သာစွာ သက်ပြင်းချလိုက်ကာ..
‘မိဖုရားကြီးကို .. မနက်ဖြန်ကျရင် ပြန်လာခဲ့ပါ့မယ်လို့ ပြောလိုက်ပါ..’
ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး နှင်းကျသံ သဲ့သဲ့မှ လွဲ၍ သတိုးကလည်း တိတ်ဆိတ်နေ၏။ အပျိုတော်တွေ တစ်ဦးမျှပင် မရှိတော့ပဲ နန်းစောင့်တပ်တွေ လူလဲနေတာကို မြင်တွေ့ရသည်။
နှင်းပွင့်တွေ ကျဆင်းခြင်းကြောင့်.. ပန်းပွင့်ဖက် အကြွေများက မြေမှာ ကျဲပြန့်နေကြ၏။ ထိုပန်းပွင့်လွှာများသည့် သူ့အဖြစ်ကို ညွှန်းဆိုချင်နေသလား..၊
‘ငါကိုယ်တော်က နာကျင်အောင် လုပ်ဖို့ မဟုတ်ပါဘူး.. တောင်းပန်ချင်လို့ပါ.. ဒီနှစ်တွေမှာ နာကျင်ခဲ့ရတာတွေ.. သိမ်ငယ်ခဲ့ရတာတွေ.. ပြီးတော့ ဟိုတစ်နေ့ညက နာကျင်စေခဲ့မိတာတွေကို တောင်းပန်ချင်လို့ပါ.. ငါကိုယ်တော်က အဲ့လောက်တောင် မုန်းဖို့ ကောင်းနေပြီလား..’
အဲ့တာကိုတော့ သတိုးလည်း မတင်လျှောက်တတ်ပြီမို့ တိတ်ဆိတ်စွာ နေလိုက်မိတော့သည်။ မင်းကြီးက နှင်းပွင့်လေးတွေကို လက်ဖြင့် ဖမ်းလိုက်ကာ..
‘တကယ့်ကို ရင်နာရတယ်.. သူ့နှလုံးသားက ဆောင်းတွင်းမှာ အေးစက်နေတဲ့ ကျောက်တုံး ကျောက်ခဲ တွေလိုမျိုး.. မာကျော လွန်းလှတယ်..’
အားလျော့စွာ ပြောပြီးမှ ခေါင်းမော့လိုက်ကာ အသက်ကို ဝအောင် ရှုလိုက်မိပြီးမှ..
‘သူက အေးစက်နေတဲ့ ကျောက်တုံး ဆိုရင် ငါကိုယ်တော်က ပူပြင်းတဲ့ မီးဖို အဖြစ်ပြောင်းလိုက်မယ်.. သူ့ကို ပြောဖူးပါတယ် ငါကိုယ်တော်က ဇွဲကောင်းတယ်လို့..’
ထိုသို့ပြောပြီး မင်းကြီးက မျက်ဝန်းတွင် ငွေ့ရည်ဖွဲ့နေသော်လည်း.. ရယ်မော လိုက်သေး၏။
ထိုအချိန်တွင် မိဖုရားကြီး နန်းဆောင် အတွင်း၌..
‘သူ သွားလိုက်ပြီလား.. လပြည့်..’
ထိုသို့ မေးလိုက်သည်တွင် လပြည့်က မျက်နှာလေးငယ်ပြီး နန်းဆောင်အတွင်းသို့ မီးတွေ လိုက်ထွန်းညှိနေရာမှ..
‘မင်းကြီး နှင်းတောထဲမှာ အကြာကြီး ရပ်နေပြီးမှ.. ပြန်လှည့်သွားပါတယ် မင်းကြီး.. မိဖုရားကြီးက မတော်တဆ ဆိုပေမယ့် မင်းကြီးက..’
‘ကျွန်မ သူ့ကို ငြင်းပယ်လို့ မရဘူးလား.. သူက မင်းကြီး ဆိုပေမယ့် ကျွန်မက သူ့ရဲ့မိဖုရား ဆိုပေမယ့် ကျွန်မသူ့ကို ငြင်းပယ်တယ်.. သူကပဲ ကျွန်မကို ငြင်းပယ်လို့ ရမယ် ထင်နေလို့ မရဘူးလေ.. နောက်ကို သူ လာမယ် ဆိုရင် အခုလိုပဲ ကျွန်မ မီးတွေ အကုန်လုံးကို ငြိမ်းပစ်မယ်..’
မိဖုရားကြီးက အေးစက်စွာ ပြောသော်လည်း နောက်ကို မင်းကြီး လာရန်မလိုတော့ သလို.. မီးတွေ ငြိမ်းရန်လည်း မလိုတော့ပေ။ ထိုအတွေးကို သူမကော တွေးမိဟန်ဖြင့်.. လပြည့်အား လှမ်းကြည့်သည်တွင် မျက်ဝန်းတွေက အနည်းငယ် စိုစွတ်နေသည်ဟု ထင်ယောင်မိ၏။ သို့သော်.. သူမက နေရာမှ ထရပ်ကာ နန်းဆောင် အတွင်းသို့ လှည့်ကာ ဝင်သွားသည်မို့.. ဘာတစ်ခုမှ မတင်လျှောက် လိုက်ရပဲ ရှိ၏။
ရှစ်နှစ် လုံးလုံး.. မင်းကြီးက ဘယ်လို.. သူကလေ.. ဆိုပြီး ပြုံးရယ်ကာ ပြောဆိုတတ်သည့် မိဖုရားကြီးက မင်းကြီးအပေါ်တွင် တစ်ခါတစ်လေ ညိုညင်သွားသည် ရှိသော်လည်း.. မေတ္တာမပျက်တမ်း.. မင်းကြီးအား စောင့်ရှောက်သည် ဆိုတာ လပြည့်သာ အသိဆုံးဖြစ်သည်မို့.. ယခုလို မင်းကြီးအား မကြင်နာသလို အပြော စကားများက မိဖုရားကြီး အတွက် ထူးဆန်းနေသလို ခံစားရသည်။
သို့သော်.. သို့သော်ပေါ့လေ..၊ တစ်ဦးက မင်းကြီး တစ်ဦးက မိဖုရားကြီး ဖြစ်နေခြင်းမှာ.. ဘယ်လိုလုပ် ဘယ်လိုလုပ်ကြစမ်းပါ ဟဲ့လို့ ပြောခွင့်မရလေတော့..၊
xxxxxxxxxxxxxxxxxxx
ညီလာခံ..၊
‘ဒီနေ့ကော ညီလာခံမှာ ထူးထူးထွေထွေ တင်လျှောက်ဖို့ ကိစ္စ ရှိသေးလား..’
အခါတိုင်းလိုပဲ ညီလာခံကို ဦးရီးတော်မှ ဦးဆောင်၍ ဆုံးဖြတ်သွားမည် ထင်ပြီး လှမ်းမေးလိုက်သည်တွင် ဦးရီးတော် အပါအဝင် အတွင်းဝန် အမတ်မင်းနှင့် တခြား ကျန်သော အမတ်များက တိတ်ဆိတ်နေကြ၏။ ထို့ကြောင့် တအံတသြဖြင့်..
‘အမတ်မင်းတွေက တိတ်ဆိတ်လွန်းလှတယ်.. ဘာအရေးကြောင့် ဒီလောက် တိတ်ဆိတ်နေတာလဲ..’
‘မှန်လှပါ.. ကျွန်တော်မျိုး ယုဂန် ညီလာခံ သဘင်အတွင်းသို့ ဝင်ခွင့်ပြုပါ..’
အမတ်မင်း ယုဂန်က ညီလာခံ တက်ခွင့်မရသည့် အမတ်မို့.. ညီလာခံအတွင်း ဝင်ခွင့်တောင်းသည်က ထူးဆန်းနေ၏။ သို့သော်..
‘ဝင်စေ..’
အမတ်မင်းက အထဲသို့ ရောက်အောင် လာခဲ့ပြီး စာလွှာ တစ်ရွက်ကို ကမ်းပေးလာသည်။ ပြီးမှ နောက်သို့ ဆုတ်လိုက်ပြီး.. ရပ်နေ၏။ စာလွှာကို ဖွင့်ကြည့် လိုက်တော့.. မျက်လုံးတွေ ပြူးကျယ် သွားတော့မလို ဖြစ်သွားပြီး ဦးရီးတော်အား ကြည့်လိုက်မိသည်။ ပြီးမှ..
‘ဦးရီးတော် ၏ သဘောဆန္ဒ အလျှောက် မင်းကြီးနှင့် တန်းတူ အုပ်ချုပ်ခွင့် ရှိသူ ဆိုတဲ့ နေရာကို ဖယ်ပေးခြင်း ဟုတ်ပါသလား..’
ဦးရီးတော်က အနည်းငယ် မကျေနပ်ချင်သော မျက်နှာထားဖြင့်..
‘မှန်လှပါ.. ဟုတ်မှန်ကြောင်းပါ..’
အမတ်တွေ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသော်လည်း အတွင်းဝန် အမတ်မင်းက တည်ငြိမ်စွာသာ နေ၏။ ထို့ကြောင့် အတွင်းဝန် အမတ်မင်းအား..
‘အတွင်းဝန် အမတ်မင်းက သိရှိပြီးပြီလား..’
‘သိရှိကြောင်းပါ ဘုရား..’
‘ကောင်းပြီ.. ဒီနေ့ ညီလာခံကို ငါကိုယ်တော် ဦးဆောင်ပြီး ကျင်းပမယ်.. ဒီနေ့အတွက် ညီလာခံမှာ.. ကောရဗျတိုင်းပြည်က ချစ်ကြည်ရေး အတွက် ဆွေးနွေးမယ့် သဝဏ်လွှာ ဆက်သလာတယ်.. အဲ့တာကလည်း သတင်းကောင်းပါပဲ သို့သော်ငြား.. အထူး ဂရုစိုက်ရမှာက သူတို့ဘက်က အတုယောင်လား.. အစစ်မှန်လား ဆိုတာကို သေချာ ဂရုစိုက်ပါ.. သူတို့လာရင် မေးခွန်းတွေ ဆောင်ယူလာမယ်လို့ ကြားတယ်.. အမတ်မင်း ယုဂန်က ဒီနေ့က စပြီး ညီလာခံ သဘင်သို့ တက်ရောက်စေ.. ငါကိုယ်တော် အမိန့်တော်!..’
‘နာခံလျက်ပါ မင်းကြီး..’
ယနေ့ ညီလာခံတွင်တော့.. အမတ်မင်းများ၏ ကန့်ကွက်တားဆီးသံအား မကြားရတော့ပဲ.. အငြင်းခုန် မရှိ ပြီးဆုံးသွား၏။ ညီလာခံပြီးဆုံးသွားတာကို ကျေနပ်စွာဖြင့် ညီလာခံ ခန်းမမှ ထွက်လာပြီးသော်..
‘သတိုး.. ငါကိုယ်တော် စီစဉ်ခိုင်းထားတာ ပြီးပြီလား..’
‘မှန်လှပါ.. ယခု အပ်ချုပ်ဌာနကို သွားပြီး မင်းကြီး အတွက် အင်္ကျီကို အကျဉ်းအကျယ် စီစဉ်ပြီးတာနဲ့ မွန်းတည့်ချိန်မှာ မင်းကြီး စီစဉ်ခိုင်းထားတဲ့ ပန်းဥယျာဉ်ကို သွားလို့ ရပါပြီ ဘုရား..’
‘ကောင်းပြီ.. မိဖုရားကြီးကို ဆင့်ခေါ်စာ ကောင်းကောင်း ရေးလိုက်အုံးမယ်.. ဘယ်လိုရေးရင် ကောင်းမလဲ သတိုး.. အဟမ်း..’
ဘာမှ မပြောရသေးခင် ချောင်းဟန့်လိုက်ပြီးမှ..
‘စင်္ကြာဒေဝီ မိဖုရားကြီးအား.. မင်းကြီးမှ ဆင့်ခေါ်ပါတယ်.. အာ.. မကောင်းဘူး ထင်တယ်.. အမိန့်ပေးရာ ကျတယ် မဟုတ်လား.. ဒီလို ဆိုရင်ကော.. စင်္ကြာဒေဝီ မိဖုရားအား မင်းကြီးမှ အခေါ်တော် လွှတ်လိုက်ပါတယ်.. မိဖုရား၏ မျက်နှာတော်အား ဖူးတွေ့လိုလို့ပါဟု တင်လျှောက်ရန် စေခိုင်းပါတယ်.. အဲ့တာလည်း သိပ်မကောင်းဘူး ထင်တယ်..’
ပြောလိုက် ဟန်လုပ်လိုက်ဖြင့် မင်းကြီး ပျော်ရွှင်နေတာကို ရှစ်နှစ် အတွင်း ပထမဆုံး တွေ့တာလို့ ပြောရမလိုပင်..၊ ပြီးတော့မှ.. တစ်ခုခုကို တွေးမိကာ..
‘ချယ်ရီပန်းနဲ့ လုပ်ထားတဲ့ ပန်းခြင်း တစ်ခု လုပ်ပေးပါ.. အခေါ်လွှတ်ရင်းနဲ့ ပန်းခြင်းကို အရင်ပေးလိုက်ရမယ်.. သိပ်မကောင်းဘူး ထင်တယ် သိပြီ.. လာတာနဲ့ ငါကိုယ်တော် ပန်းခြင်းကို ကမ်းပေးလိုက်မယ် ငြိမ်းချမ်းချင်ပြီလို့ သက်ရောက်တယ် မဟုတ်လား’
‘မှန်လှပါ..’
‘ဒီလို နေ့လည်ခင်းမှာ ငြိမ်းစရာ မီးမရှိပဲ သူငါ့ကို ဘယ်လို ငြင်းမလဲ ကြည့်သေးတာပေါ့..’
ထိုသို့သော စကားကိုလည်း အပူပင် မရှိ ဆိုနိုင်သေး၏။
‘သတိုး.. သူက အနီရောင် ဝတ်ထားရင် .. အရမ်းလှတယ်.. ငါကိုယ်တော် နန်းတက်တဲ့ နေ့တုန်းက.. ငါကိုယ်တော်.. သူ့ကို မကြည့်မိအောင် မနည်း ထိန်းထားရတာ တစ်ချက်လောက် ကြည့်မိတာနဲ့ ဒေါသမထွက်မိတော့ပဲ သူ့ကို ခွင့်လွတ်ချင်သွားမှာ စိုးလို့လေ.. ပင်ပန်းလိုက်တာ ဒီနှစ်တွေမှာ သူ့ကို မေ့ထားရတာ ပုံမှန်ဘဝတစ်ခုလုံးကို မေ့လျော့ နေရသလိုပဲ..’
ပြောနေရင်း.. သူမ၏ မျက်လုံး တောက်တောက်လေးတွေ.. ဒေါသထွက်ရင် မျက်မှောင် ကုတ်သွားတာတွေ.. သူ့ကို တားမရတိုင်း.. စိတ်ဆိုး တတ်တာတွေ.. ပြီးတော့.. ခံစားချက် တစ်ခုခု ဖြစ်ပေါ်လာတိုင်း ဖုံးဖိပစ်လိုက်သော်လည်း မျက်လုံးလေးတွေ ဝင့်တက်လာပုံတွေ..၊
လွမ်းလိုက်တာ.. သူမဆီက အဲ့တာတွေသာ ပြန်ရရင် သူမ လိုချင်ပါတယ် ဆိုတဲ့ အာဏာတွေကို မပေးနိုင်သော်လည်း.. သူမနဲ့ အတိုက်ခံ မလုပ်ဖို့ တွေးထားပါသည်။
xxxxxxxxxxxxxxxxx
စားပွဲပေါ်သို့ တင်လိုက်သော ဝတ်စုံတွေ..၊ မိဖုရားကြီး ပန်ဆင်ရသော အဆင်တန်ဆာတွေ ကို မယ်တော်က စူးစိုက်ကြည့်ပြီးမှ.. မျက်နှာလွဲလိုက်ရင်း..
‘မင်းကြီးကို အသိပေးဖို့ပဲ မယ်တော်က ပြောချင်တယ်.. ဘာလို့လဲ ဆိုတော့ မိဖုရားလုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာလည်း မင်းပဲလေ.. မလုပ်တော့ဘူး ဆိုတော့လည်း မင်းပဲ.. ဆိုပေမယ့် မင်းကြီးက ဘာမှမသိရဘူး ဖြစ်နေတာမျိုး မဖြစ်စေချင်ဘူး..’
‘မယ်တော် ပြောတာ မှန်ပါတယ်.. ဒါပေမယ့် မင်းကြီးက ကျွန်မ ရှိနေခြင်း မရှိနေခြင်းကို အာရုံစိုက်မယ့်သူ မဟုတ်တော့ ကျွန်မ မရှိတော့တာကို နောက်မှသိလည်း မင်းကြီးအတွက် အရေးမကြီးပါဘူး.. နောက်ကျတော့လည်း သိသွားပါလိမ့်မယ်..’
ထိုသို့ပြောလိုက်တော့.. မယ်တော်က ချိနဲ့စွာ ပြုံးရင်း.. ထိုင်နေရာသို့ ပြန်ကြည့် လာသည်။ ပြီးတော့မှ ခပ်ဖြည်းဖြည်း ထရပ်လိုက်ကာ လက်မှာ ကိုင်ထားသည့် လက်ကိုင်ပုဝါကို အသာလွဲယမ်းလိုက်ပြီး..
‘မင်းကြီးကို ထားခဲ့ချင်ပြီလား..’
ဟင့်အင်း.. ဒီလို မေးခွန်းတွေကို မဖြေချင်ဘူး..၊ ထားခဲ့ချင်ပြီလား လို့ ဆိုရအောင်.. ဘယ်တုန်းကများ.. သူ့နားမှာ နေခဲ့ရလို့လဲ..၊ ထားခဲ့ခြင်းနဲ့ မထားခဲ့ခြင်းက ဘာတွေများ ကွာခြားနေလို့လဲ..၊
‘တကယ်လို့များ.. မင်းကြီးက မသွားစေချင်ဘူး ဆိုရင်ကော..’
နောက်ထပ် မေးခွန်းတစ်ခုကိုတော့ နာကျင်စွာလား ဒါမှမဟုတ် ရင်မောစွာလား မသေချာသော်လည်း ပြုံးဖို့သာ ကြိုးစားလိုက်ပြီး..
‘မင်းကြီးက မသွားစေချင်ရင် အစောကတည်းက သူနဲ့ ဝေးတဲ့ နေရာကို မတွန်းပို့ သင့်ဘူးလို့ ကျွန်မ ထင်တယ်..’
‘ထင်မြင်ချက် ဆိုတာကို မစမ်းသပ်သင့်ဘူးလား စင်္ကြာဒေဝီ.. မင်းကြီးက ဆယ်ကျော်သက် အရွယ်ကတည်းက မင်းကို တွယ်တာခဲ့တာပါ.. အဲ့တာတွေက လွယ်လွယ်နဲ့ ပျောက်သွားမယ်လို့ ထင်နေတာလား.. မင်းတစ်ခေါက်မှ မစမ်းသပ်ပဲနဲ့..’
မယ်တော်ကြီးသည် မယ်တော်ကြီး ပီသသော စကားကိုဆိုသည်။ သို့သော်.. မစမ်းသပ်ရဲလို့ပါ ဟု သူမ မဖြေရဲပေ။ စမ်းသပ်လို့ မင်းကြီးက သူမအပေါ် သက်ရောက်မှု မရှိတော့ဘူး ဆိုလျှင်.. ခံစားနိုင်ဖို့ မသေချာသလို.. သက်ရောက်မှု ရှိပါသည် ဆိုလျှင်လည်း.. သူမက မင်းကြီးနှင့် အတိုက်ခံ ဘက်တွင် ရှိသော အတွင်းဝန် အမတ်မင်း၏ သမီး ဖြစ်နေသည်။ ထို့ကြောင့် နီးစပ်ဖို့ ကြိုးစားခြင်းက သူ့အတွက်ကော သူမအတွက်ပါ အဆိုးဆုံးဖြစ်ပြီး နောက်ထပ် တစ်ကြိမ် သူ့ရဲ့ အပြုမူကြောင့်လည်း.. မနာကျင်ချင်တော့ပေ။ ထို့ကြောင့်..
‘စမ်းသပ်ချက် ဆိုတာကို မင်းကြီး၏ သိက္ခာတော်ကြောင့် ပြုလုပ်ဖို့ မသင့်တော်ပါဘူး မယ်တော်.. နားလည်ပေးပါ..’
မယ်တော်က လမ်းလျှောက်နေရာမှ သူမရှေ့တွင် ရပ်တန့်လိုက်ပြီး ကိုင်ထားသော ပုဝါကို နောက်ထပ် လက်တစ်ဖက်ဖြင့် တင်းနေအောင် ဆုပ်ကိုင်လိုက်ပြီး..
‘တကယ်ပဲ မင်းကြီးကို စွန့်ပစ်ဖို့ ဆုံးဖြတ်ပြီးပြီလား.. အနောက်နန်းဆောင် ကိုကော အလေးမထားပဲ ပစ်ပယ်ဖို့ ဆုံးဖြတ်ပြီးပြီလား..’
ထိုစကားကိုတော့.. သူမ ခပ်ယဲ့ယဲ့လေး ပြုံးမိသည်။ ပြီးတော့မှ မယ်တော်အနားသို့ ရောက်သွားအောင် ထိုင်နေရာမှ ထ၍ လျှောက်သွားလိုက်ပြီးမှ လက်ကို အသာလေး ဆွဲကိုင်ကာ နေရာမှာ ပြန်ထိုင်စေလိုက်သည်။ နောက်တော့မှ..
‘အနောက်နန်းဆောင်က အစကတည်းက ကျွန်မနဲ့ မသက်ဆိုင်တဲ့ နေရာပါ.. မင်းကြီးနားက နေရာကလည်း ကျွန်မအတွက် မဟုတ်ပါဘူး..’
မယ်တော်ကြီးက အလျှော့မပေးချင်သေးသော မျက်နှာဖြင့်..
‘တို့တွေ အရင်ရှစ်နှစ်တုန်းက အကြောင်းဆွေးနွေး ကြတာပေါ့.. အဲ့တုန်းက အရင်မင်းကြီး အမိန့်တော်နဲ့ မင်းကို မိဖုရားကြီး ဖြစ်စေခဲ့တယ်.. အဲ့အဖြစ်ပျက်ကို နားမလည်နိုင်ခဲ့ဘူး.. ဘာလို့ တော်ဝင်မင်းသမီးတွေကို ကျော်လွန်ပြီး မျိုးရိုးနိမ့်ကို ရွေးချယ် ရတာလဲလို့ တွေးထင်ခဲ့မိတယ်.. ဒါပေမယ့် မင်းကြီး သေဆုံးတဲ့ ညမှာပဲ နားလည်သွားခဲ့တယ်.. မင်းသားလျှင် သားတော်အတွက် အသင့်တော်ဆုံးလို့ မင်းကြီးရဲ့ အတွေးတွေ မှန်ကန်တယ်လို့ လက်ခံသွားမိတယ်.. ငါ့ရဲ့နားလည်မှုကို လွဲမှားသွားတယ်လို့ သတ်မှတ်ရတော့မှာလား..’
အနည်းငယ် ခက်ထန်သော စကားသံက ယခင်က မိဖုရားကြီး ဆိုသည့် ပုံရိပ်တွေကို ပြန်မြင်ယောင်စေ၏။ သို့သော် မိခင်တစ်ယောက်၏ ကြင်နာခြင်းတွေ စီးမျော ပါဝင်နေသော မျက်ရည်စွန်းထင်နေသည့် မျက်ဝန်းတွေကို ရင်မဆိုင်ရဲစွာ မျက်လွှာချလိုက်မိပြီးမှ.. အနောက်သို့ ဆုတ်၍ ဂါရဝပြုကာ..
‘ခွင့်ပြုပါအုံး.. နန်းတော်အပြင်ကို နေမွန်းမတည့်ခင် သွားချင်လို့ပါ..’
လှည့်ထွက်သွားသည့် မိန်းကလေးအား လက်ဖြင့် မမှီ့တမှီ လှမ်းကိုင် လိုက်သော်လည်း ချော်ထွက်သွားကာ ကျောပြင်ကိုသာ ငေးကြည့် နေလိုက် ရတော့သည်။
‘အခုချက်ချင်း မင်းကြီးကို တင်လျှောက်ပါ ဒီနေ့မှာ မိဖုရားကြီးကို ခွင့်မလွှတ်ဘူး ဆိုရင် တစ်သက်လုံး ဆုံးရှုံးသွားပြီလို့ တင်လျှောက်လိုက်ပါ.. မြန်မြန်!..’
xxxxxxxxxxxxxxxxxx
ပန်းခရမ်းရောင် ပြေးနေသော ပန်းနုရောင် ပွင့်ဖတ်လေးများနှင့် ပန်းခြင်းလေးက သူ့လက်ထဲမှာ ဖွဖွရွရွလေး နေရာယူလာသည်။ သတိုးက ပိုးအင်္ကျီဖြူ ဝတ်ထားသော သူ့ကို ကြည့်ကာ ပြုံးချင်သော မျက်နှာဖြင့်..
‘မင်းကြီး ပန်းခြင်းကို စိတ်တိုင်း ကျရဲ့လား..’
‘လှတယ်.. ဒါပေမယ့် သူက သဘောကျပါ့မလားပဲ.. သဘောကျ လောက်ပါတယ်.. အရင်ကတော့ ပန်းတွေနဲ့ သူနဲ့ မရင်းနှီးဘူး ဒါပေမယ့် သူလည်း မိန်းကလေးပဲလေ’
အမေးအဖြေတွေကို တစ်ယောက်တည်း လုပ်နေသော မင်းကြီးအား သဘောကျစွာ ရယ်လိုက်မိသည်။ ပြီးတော့မှ..
‘မင်းကြီး အမိန့်တော် အတိုင်း မွန်းတည့်စာ ပွဲတော်ကို ပန်းခြံထဲမှာ ပြင်ဆင် ခိုင်းထားပါတယ်.. ကျွန်တော်မျိုး သွားကြည့် လိုက်ပါ့မယ်..’
‘ကောင်းပြီ.. မိဖုရားကြီးကို မင်းကြီးက မွန်းတည့်စာ အတူ သုံးဆောင်ဖို့ ဖိတ်ကြားတယ်လို့ လူလွတ်ပြီး ပြောခိုင်းလိုက်ပါ.. ပွဲတော်တည်ဖို့ ပြင်ထားတဲ့ နေရာကို ငါကိုယ်တော် လိုက်ကြည့်မယ်..’
‘မှန်လှပါ..’
သတိုး လက်ထဲမှ ပန်းခြင်းငယ်ကို ပြောင်းယူလိုက်ပြီး..
‘သူက အရမ်းလှတယ်.. ပန်းတွေထက်ပိုလှတယ်.. ဟုတ်တယ် မဟုတ်လား သတိုး..’
ကြည်နူးကျေနပ်ခြင်းတွေ ဖြင့် ဝေဆာနေသော မင်းကြီး၏ မျက်နှာတော်အား ကြည့်နေရာမှ ဘေးနားမှ သူတို့တွေပါ အလိုလို ပြုံးမိလာကြသည်။ လက်ထဲက ပန်းခြင်းကို တယုတယ ကိုင်တွယ်ရင်း.. ကြည့်မဝကာ တစ်ကြည့်ကြည့် ဖြစ်နေတာက ဆယ်ကျော်သက် အရွယ်လေးလို..၊ ပြင်ဆင်ထားသည့် နေရာသို့ ရောက်တော့လည်း နေရာတွေ ပြန်ရွေ့ ခိုင်းနေသည်မှာ မင်းကြီးက စိတ်တိုင်းပင် မကျနိုင်..၊
‘နေအုံး.. ပွဲတော်တည်ရင်း ကြည့်ဖို့က အကတွေ မစီစဉ်နဲ့ တိုက်ခိုက်ရေးတတ်တဲ့ သူတွေ စုလိုက် သူက အက ထက်ကို တိုက်ခိုက်ရေးကို ပိုပြီး ကြည့်ချင်လိမ့်မယ်.. တော်ရုံ တိုက်ခိုက်ရေး သမားတွေထက် ညကိုယ်ရံတော်တွေ ဆင့်ခေါ်လိုက်ပါ..’
ညကိုယ်ရံတော်ပါဝင်သော မွန်းတည့်စာကို နားမလည်နိုင်ပေမယ့် မင်းကြီး၏ မျက်နှာတော်က ပြုံးကြည် ချိုမြနေသည်မို့ သိက္ခာနှင့် သတိုးက အချင်းချင်း မျက်လုံး ချင်း စုံမိကာ တိတ်တခိုး ရယ်လိုက်မိသည်။
‘မင်းကြီး နေထွက်လာပြီမို့ ကိုယ်လက်လှုပ်ရှားမှုများပြီး.. ချွေးတွေ ထွက်လာပါ့မယ်..’
‘အော်.. ဟုတ်သားပဲ.. ငါကိုယ်တော် ငြိမ်ငြိမ်လေး နေမှထင်တယ်.. ဒါနဲ့ ငါကိုယ်တော် ကြည့်လို့ ကောင်းရဲ့လား..’
မေးလိုက်ပြီးမှ ရှက်ကိုးရှက်ကန်းဖြင့်.. မျက်နှာပြန်လွဲလိုက်ကာ..
‘အဟမ်း.. အဟမ်း.. အဲ့တာကို မမေးဘူးလို့ပဲ သဘောထားလိုက်ပါ.. ဘာကြည့်နေကြတာလဲ လုပ်စရာ ရှိတာ လုပ်ကြလေ..’
တစ်ခုချင်းစီ ညွှန်ကြားနေရသဖြင့် ချထားသည့် ပန်းခြင်းကို ပြန်ကောက်ကိုင်ပြီး မော့ကြည့်နေစဉ်..
‘မင်းကြီး မယ်တော်ကြီး နန်းဆောင်မှ အမှာစကား ပါးလိုက်တယ်လို့ ဆိုပါတယ်..’
ဘာရယ် မဟုတ်ပဲ စိတ်ကြည်နူးနေသည်မို့..
‘တင်လျှောက်စေ..’
‘မင်းကြီး.. မယ်တော်ကြီးက အမှာစကား ပါးလိုက်ပါတယ်.. ဒီနေ့မှာမှ မင်းကြီးက မိဖုရားကြီးကို ခွင့်မလွှတ်နိုင်ဘူး ဆိုရင် တစ်သက်လုံး ဆုံးရှုံးသွားပြီလို့ စကားပါးလိုက်ပါတယ်..’
‘အဲ့တာက ဘာအဓိပ္ပါယ်လဲ သေချာ ရှင်းအောင် တင်လျှောက်စမ်း..’
လာပြီး တင်လျှောက်သည့် အထိန်းတော်က သူ့အသံကြောင့် အနည်းငယ် တွန့်ခနဲ ဖြစ်သွားပြီးမှ..
‘မိဖုရားကြီးက ဒီနေ့ မယ်တော်ကြီး နန်းဆောင်မှာ.. မိဖုရား အဆင်တန်ဆာ အားလုံးကို လာပြီး အပ်နှံသွားပါတယ်.. ကျွန်တော်မျိုး.. ကြားတာက ဒီနေ့ မွန်းတည့်ချိန်မှာ.. မိဖုရားကြီးက မင်းကြီးနဲ့ နန်းတော်ကို စွန့်ခွာပြီး.. ထွက်သွား တော့မယ်လို့ ဆိုပါတယ်..’
‘ဘာ!!..’
လက်ထဲက ပန်းခြင်းလေးက မြေပြင်ပေါ်သို့ ပစ်ခတ် ပြုတ်ကျသွားပြီး.. နူးညံ့သော ပွင့်ဖတ်လေးတွေ လေတစ်ချက် အဝှေ့တွင် ပြန့်ကျဲသွား၏။ ပြီးတော့ မယုံကြည်နိုင်စွာ ပြူးကျယ်သွားသော မျက်လုံးတွေ..၊ အာမေဋိတ်သံ နောက်တွင် စကားတစ်ခွန်းမှ ထပ်ထွက်နိုင်ပဲ ဘာကိုမှန်းမသိစွာ မခံစားနိုင်သော ဆို့နင့်နာကျင်စေသည့် ရင်ထဲက အမှန်တရားများ..၊ ထွက်မသွားပါနဲ့..၊ ဘယ်သူမှ မကြားနိုင်မှန်း သိသော်လည်း.. စိတ်အတွင်းမှ အော်ဟစ်နေမိသံ..၊ ကျေးဇူးပြုပြီး.. မသွားလိုက်ပါနဲ့..၊
xxxxxxxxxxxxxxxx
ဆက်ရန်--- (အပိုင်း၉ ကို ၂၅.၁၂.၂၀၁၆ တွင် တင်ပေးပါမည်)
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါသည်။
စွဲညို့
Post a Comment