သားသမီး​လေး​တွေ စိတ်​​ရောကိုယ်​ပါ လုံခြုံ​စေဖို့ မိဘများလိုက်​နာသင့်​​သော နည်းလမ်း ၇ သွယ်

သားသမီးလေးတွေ စိတ်ရောကိုယ်ပါ လုံခြုံစေဖို့ မိဘများလိုက်နာသင့်သော နည်းလမ်း (၇) သွယ်
--------------

အရင်က သမီးလေးများ စိတ်ရောကိုယ်ပါလုံခြုံစေဖို့ လိုက်နာသင့်သောအချက်များကို ဘာသာပြန်ရေးသားဖော်ပြခဲ့ရာ သားလေးတွေအတွက်လည်း ရေးသားပေးဖို့ တောင်းဆိုသူများရှိသည့်အတွက် ပိုမိုအသေးစိပ်ကျပြီး အရွယ်ငယ်ငယ်ကနေ မူလတန်း၊အလယ်တန်းအရွယ်ထိ ကလေးများအားလုံးအတွက် သင့်တော်သော နည်းလမ်းများကို ဘာသာပြန်ရေးသားဖော်ပြပေးလိုက်ပါတယ်။

(၁) မိသားစုထဲမှာ လျှို့ဝှက်ချက်မထားရစနစ်ကို ဖန်တီးပါ။

ကလေးကို မဖွယ်မရာပြုလုပ်တတ်သူတွေဟာ ကလေးကို ဒီကိစ္စကို လျှို့ဝှက်ထားဖို့ပြောလေ့ရှိကြပါတယ်။ ကလေးက သဘောကျအထင်ကြီးအောင်
မိမိတို့နှစ်ယောက်တည်းကြားက သီးသန့်လျှို့ဝှက်ချက် ဟု ပြောထား တတ်ကြပါတယ်။ ဒါကြောင့် ကလေးကို သူများက လျှို့ဝှက်ချက်တစ်ခုပြောတိုင်း မိသားစုကိုချက်ချင်းလာပြောတတ်အောင် လေ့ကျင့်ပေးထားရပါမယ်။ လျှို့ဝှက်ချက်ဆိုတာ ပျော်စရာတစ်ခုမဟုတ်ဘူး။ ဘာပဲသိလာလာ ဖေဖေ၊မေမေကို ချက်ချင်းလာပြောရမှာဖြစ်ကြောင်း ထပ်ခါထပ်ခါသင်ကြားပေးရပါမယ်။

(၂)တစိမ်းတွေ အိမ်နီးချင်းတွေနဲ့ ရင်းရင်းနှီးနှီးနေဖို့ ကလေးကို မတိုက်တွန်းပါနဲ့

မိဘအများစုက မိမိကလေးကို အိမ်နီးချင်းတွေ၊ မိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီးဖက်ရမ်းနှုတ်ဆက်ဖို့ တိုက်တွန်းတတ်ကြပါတယ်။ မိဘတွေက ရိုးရှင်းတဲ့အတွေးနဲ့ပြုလုပ်တာဆိုပေမဲ့ ကလေးက လူကြီးတွေကို နမ်းပြီးနှုတ်ဆက်ဖို့ ဖက်ပြီးနှုတ်ဆက်ဖို့ ငြင်းဆန်နေတဲ့အခါ အကြောင်းတစ်ခုခုရှိလို့လား လေ့လာစုံစမ်းသင့်ပါတယ်။ မိဘအများစုက မိမိတို့ရဲ့ကလေးဟာ သူများရဲ့အချစ်ကိုခံရဖို့ ကြင်နာတတ်ကြောင်းပြသဖို့ လိုတယ်လို့ထင်တတ်ကြပါတယ်။ ကလေးရဲ့စိတ်ထဲမှာ ထိုသူနဲ့ လက်ပွန်းတတီးနေရတာကို စိတ်ထဲကြောက်နေတာ၊ မလုံခြုံတာမျိုးလည်းဖြစ်နေနိုင်ကြောင်း သတိပြုပါ။ တခြားသူထက် မိမိကလေးရဲ့ စိတ်ခံစားမှုကိုသာ အထူးသတိပြုအလေးပေးပါ။ ကလေးဘာလို့ အဲလိုမလုပ်ချင်တာလဲ အေးအေးဆေးဆေးချော့မော့ပြီးမေးပါ။ သူမလုပ်ချင်တာကို အတင်းမခိုင်းပါနဲ့။

(၃)ကလေးကို ကိုယ်ခန္ဓာအစိတ်အပိုင်းတွေအကြောင်း ဆွေးနွေးပေးပါ

ကလေးခပ်ငယ်ငယ်တည်းက သူ့ရဲ့အရွယ်နဲ့ နားလည်နိုင်မယ့် စကားလုံးတွေကို အသုံးပြုပြီး ခန္ဓာကိုယ်အကြောင်း ပညာပေးတွေပြောပြပါ။ မိမိအနေနဲ့ ကလေးကို သိစေချင်သမျှကို ရိုးရိုးရှင်း ရှင်းပြောပြပြီး သူတို့ရဲ့ခန္ဓာကိုယ်မှာ သူများကိုင်တွယ်ခွင့်မရှိတဲ့ အစိတ်အပိုင်းတွေရှိကြောင်း သေချာပြောပြပါ။ ဖေဖေ၊မေမေနဲ့ ဆရာဝန်တွေကသာ တခါတလေ ကြည့်ရှုကိုင်တွယ်ခွင့်ရှိကြောင်း ၊ရေကူးဝတ်စုံဝတ်တဲ့အခါ ဖုံးထားရတဲ့အပိုင်းတွေဟာ လေးစားရမယ့် အစိတ်အပိုင်းတွေဖြစ်ကြောင်း ပြောပြပါ။

(၄) အစမ်းလေ့ကျင့်ပြောဆိုပေးပါ

မိဘအများစုဟာ ကလေးကို မဖွယ်မရာပြုမူခြင်းဆိုတာ ဘာလဲရှင်းပြဖို့ တွန့်ဆုတ်လေ့ရှိကြပါ တယ်။ အမှန်တကယ်လည်း ကလေးကို သေချာရှင်းပြဖို့ မသင့်တော်တဲ့အပြင် နားလည်ဖို့လည်း ခက်ခဲပါတယ်။ ဒါကြောင့် သူများက ကလေးရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ထိတွေ့ဖို့ တောင်းဆိုတဲ့အခါ ငြင်းဆန်တတ်ဖို့ လက်တွေ့လေ့ကျင့်ပါ။ ဥပမာ - အမေက “မင်းရဲ့ တင်ပါးကို ကိုင်လို့ရမလား”လို့ မေးပြီး ကလေးကို “မရဘူး”လို့ ချက်ချင်း အကျယ်ကြီးပြန်ဖြေခိုင်းပါ။ တခြားအစိတ်အပိုင်းတွေကိုပါ ထပ်မေးပြီးထပ်ခါထပ်ခါလေ့ကျင့်ပေးပါ။

(၅)ခံစားချက်အကြောင်းကို သင်ပေးပါ

စိတ်ထဲမှာ လုံခြုံပြီး သက်တောင့်သက်သာရှိတဲ့ခံစားချက်နဲ့ မလုံခြုံတဲ့ခံစားချက်တို့ ကွဲပြားကြောင်း သင်ကြားပေးပါ။ ကလေးကို ငယ်ငယ်တည်းကပြောပြထားလေ၊ ထိုခံစားချက်ကို ပိုသိလေဖြစ်ပြီး မိမိကိုယ်ကို ပိုမိုကာကွယ်တတ်လာစေပါတယ်။ ကလေးတွေဟာ လူတစ်ဦးတစ်ယောက်ပေါ် သူတို့ခံစားမိသမျှကို ရင်ဖွင့်လာတဲ့အခါ ထူးဆန်းတဲ့အသုံးအနှုန်းတွေနဲ့ ပြောတတ်ပေမဲ့ နားလည်အောင်ကြိုးစားပါ။ တစ်ယောက်ယောက်ကို ရွံစရာကြီး၊ ကြောက်စရာကြီး လို့ပြောလာတဲ့အခါ အဓိပ္ပာယ်ကို သေချာခွဲခြမ်းစိတ်ဖြာပါ။ ကလေးတွေဟာ မဖွယ်မရာပြုလုပ်ခံရတဲ့အခါ ပြောလေ့မရှိကြတာဟာ ကြောက်လို့လည်းဖြစ်နိုင်သလို ရှက်လို့လည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ တစ်ခုခုမှားနေကြောင်း ခံစားမိတဲ့အခါ အလွန်ရှက်ပြီး ပိုမိုနှုတ်ဆိတ်နေတတ်ကြပါတယ်။ ဒါကြောင့် တစ်ခုခုတွေ့ကြုံတဲ့အခါ ရှက်စရာမလိုကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောပြပြီး ဖြေရှင်းဖို့သာ လိုကြောင်းပြောပြထားပါ။

(၆)ကလေးနဲ့ မိမိကြားစကားဝှက်တစ်ခုတီထွင်ထားပါ

ကလေးရဲ့ စိတ်မှာ မလုံမခြုံခံစားလာရတဲ့အခါ မိဘကို အသိပေးဖို့ စကားဝှက်တစ်ခုထားပါ။ ကလေးပြောနေကျဖြစ်တဲ့ “သား အရုပ်လေးနဲ့ဆော့ချင်တယ်” စတဲ့စကားဝှက်မျိုးကို သုံးပါ။ ထိုအခြေအနေမျိုးက သူများအိမ်သွားလည်နေတဲ့အချိန်၊ ပွဲလမ်းသဘင်သွားတဲ့အချိန်၊ မိသားစုတွေ စုဝေးချိန်မျိုးမှာ ဖြစ်တတ်လေ့ရှိပါတယ်။ မိဘဆီကို ချက်ချင်းလာပြီး လွတ်လပ်စွာပြောနိုင်ကြောင်း၊ မိဘကလည်း ချက်ချင်းကာကွယ်ဖြေရှင်းပေး မည်ဖြစ်ကြောင်း သေချာပြောပြထားပါ။ အမှန်တကယ်လည်း ချက်ချင်းကာကွယ်ဖြေရှင်းပေးပါ။

(၇) ကလေးကို အမြဲတမ်းယုံကြည်ကြောင်း ပြောပြထားပါ

မိမိကလေးကို မိမိယုံကြည်ကြောင်း ပြောပြဖို့ဟာ အရာရာတိုင်းအတွက် အရေးကြီးလှပါတယ်။ ကလေးရဲ့ပြောစကားဟာ ဘယ်လောက်ပဲ အလန့်တကြားဖြစ်နေပါစေ ယုံကြည်ကြောင်းကို ပြောဖြစ်အောင်ပြောပေးလိုက်ပါ။ မဖွယ်မရာပြုလုပ်သူတွေဟာ ထိုကိစ္စကို ဘယ်သူမှယုံမှာ မဟုတ်ဘူးလို့ ကလေးကို ခြိမ်းခြောက်ထားတတ်တဲ့အတွက် ဘာကိုပဲဖြစ်ဖြစ်ယုံကြည်ကြောင်း ကလေးကို ပြောပြထားဖို့ အရေးကြီးလှပါတယ်။

လူ့ဘ၀ရဲ့ အစနုနယ်တဲ့ဘ၀မှာ သားသားလေး မီးမီးလေးတို့ ပျော်ရွှင်ချမ်းမြေ့ အန္တရာယ်ကင်းကြပါစေ။

Photography by:
http://www.sevencherubs.com/2013/01/10-tips-to-protect-your-children-from.html
Credit: Yangon Life


Post a Comment