တို့ဗမာ သခင်​ကွန်​ဖရင့်​ဘွဲ့ ကဗျာ

"ရေနံချောင်းမြို့ တို့ဗမာသခင်ကွန်ဖရင့်ဘွဲ့ကဗျာ မဟာလေးချိုးကြီး”

တို့ ဗမာတခွင် သခင် ထိုအကျော်အမော် ဂိုဏ်းတွင်ဖြင့်၊
မျှို့ရတနာသဘင် အကြင် ဗြဟ္မစိုရ် ဇော်ကသိုဏ်းတွေနှင့်၊
ပလ္လင်ဗဟိုရ် သော်တနှိုင်းပေပ ဇမ္ဗူသမိုင်း ပျော်စရာ့အခြေ၊
(အိုကွယ်) "သခင်ကိုယ်တော်မှိုင်း” ရယ်လို့
လူတိုင်းခေါ်ကြစေ ။
(ဪ) အမျိုးတလျောက်တွင်ဖြင့်၊
တန်ခိုးမောက်မောက်နှင့်၊
ကိုးလောက်သူ ရှာမတွေ့တာနဲ့၊
ဝနာအကွေ့ တခွင်တွင် ဆရာရသေ့ အသွင်တမျိုးရယ်နှင့်၊
ရှိုမြင်လျှင် ဖိုဝင်လို့ ထိုးတဲ့ပြင်၊
အမျိုးဉာတကာ ယောဂီမတွေကဖြင့်၊
ကောလီသမထ သဒ္ဓါခင်မင်ဘို့၊
ဂေါသီလ ဆရာ ထင်ချင်ထင်ကြရော့၊
ရာဇဝင်အလာ ကဗျာအလင်္ကာ ကမ္မဌာန်းတွေနှင့်၊
အညာတခွင်မှာ ပါစင်မင်္ဂလာဖမ်းရာက၊
လမ်းအဆိုင် ယမုန်ကမ်းပေပ၊
ဘဟန်းမြိုင် ဒဂုန်စခန်းဆီသို့၊
စုန်မြန်းတော်မူပါ အလွန့်အလွန် ဖိတ်ပြန်သနဲ့၊
ကျွန်စိတ်ပေါက်သူ ဒကာတတွေနှင့်၊
ဆရာကဝေ နှစ်ဝါတနွေ တွဲရာက၊
အကဲမရေမရာသဖြင့် မနေသာ သွေခွာလို့ စိုင်းခဲ့ရ၊
ကသိုဏ်းအဘို့ စကိုင်းပို့ လိုက်ပါတဲ့ (ဪ)
"မှိုင်း”တို့ ကံပေ။
သာသနာ ငါးထောင် အရပ်တွင်မှ၊
အသပြာ ငါးထောင် ဟပ်နိုင်မှ၊
အစားချောင် သတတ်ကယ်လို့ အလဲလဲပျော်ပါစေ၊
မော်တော်ကား အသရေငယ်နှင့် တထိန်ထိန် တဝေဝေညီး၊
(အိုကွယ်) ကတော်မယား မေမှာတော့ စိန်တွေ ရွှေတွေသီး။
တက်ခန်းမှာ၊
စကျက်လမ်း ကာသာကာလို့၊
ယတြာ ယာယီ အခိုက်တွင်ဖြင့်၊
ဝါသနာ ဝသီစရိုက်ကယ်နှင့်
အလိုက်ဘာသာလဝါနေရော့မယ်လို့၊
ဗြဟာဝနေ မင်းဝံ ရဂုံတကြောဆီက၊
စုန်မျောကာ ဒေသစာ ချီခဲ့တော့၊
ဧရာဝတီ မြစ်မတလျှောက်တွင်ဖြင့်၊
ဘေဒါရီ ချစ်စ အရှေမပျောက်သူတို့နှင့်၊
ပြေဌာနီ ခေတ္တသရေသို့ အရောက်တွင်မှ၊
နောက်နောက် ဘဝ ဘဝ သံသရာက၊
ပေါက်ပေါက်ရှရှ ဖန်လာတဲ့၊
ပန်ပတ္ထနာ ကုသိုလ်ဘက်ပေထင့်၊
အထက် ရေနံချောင်းတွင်မှ၊
စုပေါင်းဘို့ရာ အမြို့မြို့ အရွာရွာ လာကြပြီး၊
"တို့ဗမာ” အဆင်အပြင်နှင့်၊
"သခင်”တွေ စီကာရံကြမည့်၊
ညီလာခံ ကွန်ဖရင့်ကိုဖြင့်၊
အမွန်ယခင့်အခါ ဗဟိုရ်အပျော်သမတ အပျိုတော်မကဲ့သို့၊
အကြိုတော် အဆိုတော်တွေက (တ)ချိန်မို့၊
တံခွန်ဝင့်ကာ ကိုယ်တော်ကြွပါလို့၊
အတိတ်တခါ ဘိတ်စာရတာနှင့်
ဗြဟ္မာ့တာရာ အာကာလင်းသည်သို့၊
မြန်မာ့ဘာသာ စာသတင်းတွေမဖြင့်၊
ဆရာအရင်းအချာ အကျိုးမြှော်သနဲ့သာပ၊
အလွှာသွင်းခါ နှိုးဆော်ခဲ့ပြီး တပဲ့ကေသာသာသနီတို့နှင့်၊
မနေသာပြီ ပြေဌာနီက မြန်းခဲ့တော့၊
ကမ္မဌာန်းကျင့်ပုံစရိုက် မဝေးကြသူတို့ကဖြင့်၊
စခန်းသင့်ရုံ အမြိုက်ဆေးကိုလ၊
တိုက်ကျွေးကာ အနို့လို ဟောမိတော့၊
တောကြီးရဂုံ ကောလီအထုံရင့်ချိန်မို့၊
ယောဂီဘုံမှာ ဗောဓိတငုံ ပွင့်တော့မည်လို့၊
(ဪ) အပူမခို့တရို့ ဘသူဟရို့ ဆိုလောက်အောင်
သူတို့ဆရာကို သူတို့ဘာသာ မြှင့်ရာက၊
အရင့်အမာမှုတွေပေါ့၊
အခွင့်ပတ္ထနာဆုတွေနဲ့၊
သာဓုသံ အတူညီကြတော့၊
လူနီနီ ဘောင်းဘီဝတ်တွေနှင့်၊
မြေညွတ်အောင် လာချည်သေးရယ်လို့၊
ဟိုးအရှေ့ယခေါင်အခါက၊
ဆိုတေး တဘောင်အလာနှင့်၊
မရှောင်သာ နောင်ဆရာဖြင့် တွေ့ပေါ့လို့၊
အလေ့ဓိဌာန် စိတ်ကြံဆဲတွင်မှ၊
(ဪ) အရင်အစ သခင်ပဌမတွင်ဖြင့်၊
အထင်ကရပေပေါ့နှော၊
အရှင်တပသ, ကဝိန်မှာ "သခင်ဘစိန်”တို့နှင့် တွဲရတော့၊
အကဲဒြပ် တပြောင်ပြောင် လျှမ်းစေဘို့
ရဲတပ်အောင်စတမ်းတွေနှင့်၊
(ဪ)အဆောင်ဆောင် အနန်းနန်း အချောင်ဖမ်းမတဲ့လို့၊
ညောင်ရမ်းပိုင် အညာချီတော့၊
အာဇာနည် မယားမငဲ့ သားမငဲ့နဲ့ "ကျား” ဟဲ့ဆိုတဲ့
အကြင်တပ်တွင်မှ၊
ဆရာမထေရ်ဘားမဲ့ အရှင်မြတ်တို့လို့၊
နိမိတ်ပုံ ဒိဌုံဘတ်ရမှာဖြင့်၊
နာဂတ်မကြာချည်ဘု၊
ဌာနီယာယီ ပြောင်းချိန်နှင့်၊
မြန်မာပြည် သာမည်အကြောင်းပေပေါ့၊
(အမယ်မင်း) ရေနံချောင်းမြို့ စနေနံဘုရား
တေဇ ပြဘင်္ကရာတည်းဟူးသော
နေ,လ,အသွင်အဝါမီးဟာက၊
(ဪ) ပဝေယမန် တကောင်းသို့၊
နေအလျှံ ဒေါင်းမညို့မူ၍၊
ဧကန်ကောင်းဘို့ မသွေမှန်သပ ဇေယျ မင်္ဂလာကြီး။

(တို့ဗမာအစည်းအရုံးခေတ်ကဗျာ)
   ⬛ သခင်ကိုယ်တော်မှိုင်း⬛


Post a Comment