သြဒိဿ ပတ္ထာနာ ကဗျာ​လေးချိုးကြီး

ဩဒိဿ ပတ္ထနာ ကဗျာလေးချိုးကြီး

ဘဂဝါဘုရာ့ စက်ပျံ နိဗ္ဗာန်ကောင်းကင် စခန်းပေပေါ့၊
ပါဒနက်သန် ဗိမ္မာန်ကျောင်း သင်္ခမ်းတွင်မှ ၊
ခအောင်း ကညင် သဖန်းငဲ့ပြင်၊
ထနောင်းပင် တနန်းရယ်တဲ့ ဝနာ ကဘယံအငူ၊
(အိုကွယ်) အပေါင်းဘဝင် ချမ်းစေဘို့၊
အကောင်းတမင် မှန်းမှန်းပြီး၊
ဒေါင်းအဆင်ဆန်းတွေနဲ့ ပုဝါအလံထူ။

(ဪ) ပြေအမှုပေမို့၊
ငွေခရုငယ်နှင့်၊
ဇေယျတုပါကွဲ့၊
သပြေနုချိန် တင်ရန်ပန်းတွေကလဲ များလိုက်ပါဘိသနှင့်၊
ဖေ_ပု_ရှိန် အင်္ဂလန် နန်းမြေသွားတို့မှာဖြင့်၊
အားမြောက်ဖွယ် ကြံလွယ်ဖန်လွယ်နှင့်၊
အန္တရာယ် ရန်စွယ်မောင်းတဲ့ပြင်၊
မြန်နယ်ကို ပြန်လွယ်ကြောင်းတွေနှင့်၊
ဆုတောင်းကာ ပတ္ထနာ ဆင်တဲ့ပြင်၊
ဆရာအရှင် မင်းရို့ ကိုယ်ရင်မှိုင်းမှာဖြင့်၊
လယ်ကိုင်းသူ အရွယ်သင့်တွေနဲ့၊
မယ်မြင့်ခေါ် ကေသာဝတီရဲ့ပြင်၊
ခေမာ ထေရီ မေရီ ကြော့ကြော့ရွှန်းတို့နှင့်၊
မဟာအလုံ အညာ မုံရွာ တဝှန်းငဲ့ပြင်၊
ဟံသာ ဒဂုံပါ_စံရသထုံ ကွန်းဆီက၊
လွမ်းရက် မမေ့သူတွေမှာနော်ကွယ်၊
ဆွမ်းသက်စေ့လှူ။

(ဪ) အရင်းညွှန်ရမှာဖြင့်၊
အခင်းဖြင့် လွန်ခဲ့ပေါ့၊
သတင်းချွန် မင်းမွန်တစ်ပါးပေပေါ့၊
အတွင်းဝန်တွေပါ ကင်းဝန်တို့သွားစဉ်က၊
ခုများလောက် စခန်းလမ်း မကြည်ဖြူ၊
(အို) အရမ်းမညီ သူတွေကဖြင့်၊
ကလက်တက်တက် ပျက်တက်တက်နဲ့ ရက်ရက်စက်စက် ပြီတီတီပြော၊
(မယ်မြင့်ရယ်) မန်းပြည် ဇမ္မူဟာလဲ အပျက်သီသီစော။

နဝင်းကိုက်ပြီ၊
အင်းသိုက်စာ အခါညီလို့မို့၊
မြန်မာပြည် သာမည် အကြောင်းတွေနဲ့၊
ရှေးဟောင်းကို နောင်ပြန်မဲ့၊
တဘောင်သံ အစပ်တေးမှာတော့၊
မြတ်လေးနွယ် စွယ်တော်ချောင်းမှာလ၊
ဒေါင်းအိုးဝေ တွန်သံသာမှဖြင့်၊
မွန် မြန်မာ ဗဟို နဂိုရ့်တွင်မှ၊
ပျိုတို့မောင် ဝါဝါဝတ်ကိုလ၊
ဒေါင်းခွပ်မည် ထင်ရည်မှန်းကြပေတော့၊
မန်းမြစ်ညာ တောင်တော် စောင်းတွင်မှ၊
ကမ္မဌာန်းချစ် ရှာသူတွေပါ နောင်သော်ဖြင့် ကောင်းကြပေလိမ့်။

ဘွေကောင်းကင် ရေချောင်း ဘူမိန်ဦးမှာလ၊
နေစောင်းလျှင် ရွှေဒေါင်းသူရိန် မြူးပါလို့၊
တွန်ကျူးသံသာ တျေတျာပုံသို့၊
ကွန့်မြူးဖန်ဝါ "ကေကာ” စုံပေါ့၊
သေလာရဂုံ ဝနာအလှည့် အစောင်းတွင်မှ၊
ဇေယျာဘုံ သာတဲ့ကျောင်းဆီက၊
(အမယ်မင်း) ကောင်းအတိတ်နှင့် ကြောင်းနိမိတ် ထွေရာစောလိုက်တော့၊
သောင်းထိတ် ရွှေမြန်မာ တကြောတွင်ဖြင့်၊
(အို မယ်စန္ဒာရဲ့) ဒေါင်းပရိတ်တော်ကြောင့်
ကောင်းဟိတ်ဇေယျာသော။

(ဝံသာနုခေတ် ကဗျာ)

⬛သခင်ကိုယ်တော်မှိုင်း⬛


Post a Comment