လူသားစား​ဆေးရုံ အပိုင်း၅

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၅)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

လဲကျသွားရာမှ ကျွန်ုပ်လူးလဲထလျက် ကားမောင်းသူဝကြီးဆီသို့အရောက်လှမ်းရန် ရွယ်လိုက်သောလည်း မရောက်နိုင်တော့ချေ။ ကားကြီးမှာ တစ်ရှိန်တိုး လမ်းနံဘေးသို့ ထိုဆင်းသွားလျက် လူးလိမ့်စွာ တိမ်မှောက်သွားခဲ့ရလေပြီး။
                        ******
''ဖြူ … ဖြူသတိထားဦးလေ''
ဘာရယ်ကြောင့်မှန်းမသိ။ မိမိရေချိုးခန်းအတွင်းသို့ မဝင်ရောက်ခင်အချိန်၌ ဇနီးဖြစ်သူဖြူလေးမှာ မိမိနှင့်အတူ ပြုံးရယ်လျက်ရှိနေခဲ့ပြီး ယခုအခါ ကြမ်းပြင်ပေါ်၌ အော်ဟစ်ညည်းညူနေခါ လူးလိမ့်နေခဲ့သည်အား ဆရာဝန်ကြီးမှာ နားမလည်နိုင်ခဲ့ချေ။

သို့နှင့် ထိမ်းချုပ်မရသည့်အဆုံး ဆေးအိတ်အတွင်းမှ မေ့ဆေးပုလင်းအား လျင်မြန်စွာဖောက်လျက် စလင်းအတွင်းသို့ ထိုးဆုတ်စေပြီး လူးလိမ့်ရုံးကန်နေသည့် ဇနီးသည်အား ချုပ်နှောင်လျက် ထိုးလိုက်စေသည်။ သို့မှသာလျင် ဇနီးသည်ဖြူလေးမှာ တဖြည်းဖြည်းငြိမ်သတ်သွားစေခဲ့ပြီး မေ့မျောသွားခဲ့ရသည်။
''ဘယ်လိုဖြစ်ရတာလဲ ငါ့မိန်းမဘာဖြစ်တာလဲ ပြောကြစမ်း''

ဦးခေါင်းအထက်၌ ဆံပင်များမရှိတော့သကဲ့သို့ အထွေးလိုက်ကျွတ်ကုန်ပြီး ကျန်ရှိနေသည့် ဆံပင်များမှာလည်း အဘွားအိုတစ်ယောက်အလား ဆံနွယ်များဖြူဖွေးသွားခဲ့သည်။ အသားရည်၌လည်း အသက်ကြီးရွယ်အို အဘွားအိုတစ်ယောက်ကဲ့သို့ တွန့်ကြေလျက် ပြောင်းလဲသွားခဲ့ရသည်။ မိမိ၏အိပ်ခန်းအတွင်း၌ ဇနီးဖြစ်သူအား ထိုသို့တွေ့ရှိလိုက်ရသည်ကြောင့် ဇနီးသည်ဖြူလေးဟုသာ သတ်မှတ်နိုင်ခဲ့သော်လည်း တစ်ခြားတစ်နေရာ၌ ထိုပုံစံဖြင့် ဇနီးသည်အား မြင်တွေ့လိုက်ရလျင် ဆရာဝန်ကြီးမှာ မှတ်မိလောက်မည်မဟုတ်နိုင်ချေ။

အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ထိုသို့ပြောင်းလဲသွားရသနည်း။ တုန်လှုပ်စွာနှင့် အခန်းအတွင်း၌ရှိနေသော အခိုင်းစေကောင်မလေးများအား ဆရာဝန်ကြီးမှာ ပဲ့တင်ထပ်နေသည့် အသံဖြင့် ဟိန်းဟောက်လိုက်လေသည်။ ဆရာဝန်ကြီး၏အမေးအား အိမ်ဖော်ကောင်မလေးတစ်ယောက်မှာ တုန်တုန်ရီရီဖြင့် ပြန်လည်ဖြေကြားပေးခဲ့သည်။

''မ … မသိဘူးဆရာ … မမလေးဘေးမှာ သမီးတို့ထိုင်စောင့်ပေးနေခဲ့တာပါ … ဆရာရေချိုးခန်းထဲဝင်ပြီး ခဏကြာတော့ မမလေး သူ့ကိုယ်သူ အကျီတွေချွတ် … ပူတယ်ပူတယ်အော်ပြီး အခုလိုကြမ်းပြင်ပေါ်မှာ လူးလိမ့်နေခဲ့တာပါ''
''ဘာ !… ဘယ်လို ''
''ဟုတ် … ဟုတ်ပါတယ်ဆရာ … ဆရာထွက်သွားပြီးကတည်းက မမလေးပူတယ်လို့ပြောတယ် … သမီးတို့ကိုလည်း ယပ်ခတ်ခိုင်းတယ် … နောက်တော့ အခုလိုအသိစိတ်ပျောက်ပြီး သောင်းကြမ်းတော့တာပါပဲ''
''ဟင် … ''

တစ်နေ့ကုန်၌လည်း ဆရာဝန်ကြီးမှာ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေခဲ့ရပြီး ယခုဇနီးသည်၏အဖြစ်အား ဆက်လက်ကြုံတွေ့လိုက်ရသည်ကြောင့် ဆရာဝန်ကြီးမှာ ချေပစ်လက်ပစ် ကြမ်းပြင်ပေါ်၌သာ ထိုင်ချလိုက်လေသည်။ နံရံအားမှီးထားခဲ့ရင်း လွန်စွာစိတ်ပျက်မှု့များနှင့် ဦးခေါင်းအား ငိုက်စိုက်သွားခဲ့သည်။ နားထင်အားလက်ဖြင့် ညစ်လျက် မျက်နှာပြင်တစ်ခုလုံး ရှုံ့မဲ့ကာကျယ်လောင်သော အသံကြီးဖြင့် စိတ်ရှိသမျှအော်ဟစ်ပြောလိုက်လေသည်။

အိမ်အဖော်ကောင်မလေးများမှာလည်း မိမိတို့ အလုပ်ဝင်ခဲ့သည့်အချိန်မှစတင်၍ ဆရာဝန်ကြီး၏ထိုကဲ့သို့သော အပြုမူများအား မည်သည့်အခါမှ မကြုံဘူးခဲ့ချေ။ ယခုအခါဆရာဝန်ကြီး၏ ပုံမှန်မဟုတ်သော အပြုမူများကြောင့် ထိတ်လန့်အံ့သြမှုများနှင့် အိမ်ဖော်ကောင်မလေးများမှာ တုန်ရီနေလေခဲ့၏။
ထို့နောက် ဆရာဝန်ကြီးမှာ ဇနီးသည်အား အားဆေးထိုးပေးရန် ဖွင့်ဖောက်ခဲ့သော လက်နှစ်ဆစ်ခန့်ရှိ ဆေးပုလင်းလေးဆီ အကြည့်များဖြည်းညင်းစွာ ရောက်ရှိသွားခဲသည်။ မှိုင်တွေစွာ ထိုင်နေရာမှ ဖြည်းညင်းစွာထလိုက်ရင်း ထိုဆေးပုလေးများဆီသို့တစ်လှမ်းချင်းလှမ်းသွားခါ် ကြည့်ရှု့ခဲ့ပြီး မျက်လုံးများပြူးလျက် နှုတ်မှ

''မှာ … မှားသွားပြီး … ငါ … ငါဆေးမှားထိုးမိပြီ''

ဇနီးသည်အား မိမိကို်ယ်တိုင်ပင်လျင် ဆေးမှားထိုးမိခဲ့ကြောင်း ဆရာဝန်ကြီးမှာ သိရှိသွားခဲ့လေသည်။ မိမိထိုးမိလိုက်သော ဆေးများမှာ အားဆေးပင်မဟုတ် အဆိပ်ပြင်းတောကြီးမြွေများ၏ ဖြေဆေးပင်ဖြစ်လေသည်။ ထို့ကြောင့် ယခုကဲ့သို့ မြွေကိုက်ခံရခြင်းမရှိသော ဇနီးသည်အား မလိုအပ်ပဲ ထိုအဆိပ်ဖြေဆေးများ ထိုးမိခဲ့သည်အတွက် ဇနီးသည်မှာ လွန်စွာပူလောင်မှုဒဏ်များအား ခံစားခဲ့ရပြီး လူးလိမ်နေခဲ့ရခြင်းဖြစ်သည်။ လက်အတွင်းမှ ထိုဆေးပုလင်းလေးအား ကိုင်ဆောင်ထားခဲ့ပြီး ပါးစပ်အဟောင်းသားဖြစ်နေလျက် ကြောင်တောင်တောင် ဖြစ်သွားခဲ့ရသည်။ အချိန်အားဖြင့် ညနေ(၆)နာရီမျှ ရှိနေပြီးဖြစ်သည်။

''ဟာ … ဖြူ … ဖြူရယ် … သွားပါပြီကွာ… သွားပါပြီ အစ်ကို့ကိုခွင့်လွတ်ပေးပါဖြူရယ် အစ်ကို့ကို ခွင့်လွတ်ပေးပါ''
''ဒါ … ဒါ … ဟိုနပ်(စ်)မ ငါ့ဆေးအိတ်ထဲကို ဒီဆေးပုလင်းထည့်ပေးလိုက်လို့ အခုလိုတွေဖြစ်ရတာ … ငါ့မိန်းမကို သူလုပ်ကြံတာ တွေ့ကြသေးတာပေါ့ကွာ''
''ဆရာ … ဆရာ … မသွားပါနဲ့ မမလေးနိုးလာရင် ဆရာမရှိလို့မဖြစ်ဘူး''
''ဖယ်စမ်းဟာ !… ငါ့မိန်းမကို ကြည့်ထားကြ … ဒီတစ်ညလုံး သူအိပ်ပျော်နေလိမ့်မယ်''

ထိုသို့ပြောဆိုခဲ့ပြီး အိပ်ခန်းအတွင်းမှ အပြေးထွက်သွားခါ ခြံအတွင်း၌အသင့်ရှိနေသော ကားလေးအား အရှိန်ပြင်းစွာမောင်းထွက်သွားရင်း မိမိ၏ဆေးရုံဆီသို့ ဦးတည်မောင်းနှင်သွားခဲ့သည်။ နာမည်ကြီးဆေးရုံဖြစ်သည့်အတွက် လူနာများနှင့် လူနာစောင့်များမှာ (၂၄)နာရီနေ့ညမပျက် ရှိနေလေ့ရှိသည်။ မိမိ၏ဆေးရုံ၌ နေ့ည ဆရာဝန်များ တာဝန်ခွဲထားပေးခဲ့ပြီး ထိုအချိန်၌ ဆေးအိတ်ပြင်ပေးခဲ့သော နပ်(စ်)မလေး ရှိနေဦးမည့်အချိန်ပင်ဖြစ်ချေသည်။ ထို့ကြောင့် ဆေးရုံဆီသို့ ဦးတည်မောင်းနှင်သွားရင် မကြာမီအချိန်၌ပင် ဆေးရုံဆီသို့ရောက်ရှိလာခဲ့ပြီး မိမိအားမြင်တွေ့လိုက်သည်နှင့် လက်အောက်ငယ်သား ဆရာဝန်လေးများမှာ ကြိုဆိုနှုတ်ဆတ်စေခဲ့သည်။

သို့သော် ဂရုမစိုက် သူ၏အာရုံထဲ၌ ဆေးအိတ်ပြင်ပေးခဲ့သော နပ်(စ်)မလေးကိုသာ အငြိုးတကြီးလိုက်လံရှာဖွေနေလေခဲ့သည်။ သို့သော် လေးထပ်ဆေးရုံဖြစ်သည့်အတွက် အလွယ်တကူနှင့် ရှာမတွေ့နိုင်။ ထိုသို့သော လူများကြားမှ နပ်(စ်)မလေးအား ရှာတွေ့ခဲ့လျင်လည်း မိမိတုန့်ပြန်မှု့များ အောင်မြင်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် သုံးလွှာတွင်ရှိသော သူ၏နားနေခန်းသို့ ဓာတ်လှေကားဖြင့် ဟန်မပျက်တတ်သွားခဲ့ပြီး နားနေခန်းအတွင်းသို့အရောက် အခန်းတွင်း၌ အသင့်ရှိနေသော တယ်လီဖုန်းဖြင့် ဆေးရုံးအကူလေးထံသို့ ဆက်သွယ်ချေခဲ့သည်။ ရုံအကူလေးဟာလည်း မိမိထံသို့ဝင်ရောက်လာခဲ့သော ဖုန်းနံပါတ်အားကြည့်လျက် ဆရာဝန်ကြီးထံမှ ဖုန်းဖြစ်နေကြောင်း ကောင်းစွာသိရှိခဲ့သည်။ ထို့ကြောင့် ပြာပြာသလဲဖြင့်

''ဆရာ … ဟုတ်ကဲ့ဆရာ … ဘာများခိုင်းစရာရှိလို့ပါလဲ''
''အေး !…နပ်(စ်)မလေး သီရိမေကို ရှာပြီး ငါ့ဆီလွတ်လိုက်''
''ဟုတ် … ဟုတ်ကဲ့ဆရာ''

ဆေးရုံအကူအလုပ်သမားလေးမှာလည်း ဆရာဝန်ကြီးစေခိုင်းခဲ့ခြင်းကြောင့် ဒုတိယထပ်ခွဲစိတ်ဆောင်အရှေ့တွင် ရှိနေသော နပ်(စ်)မလေးအား သွားရောက်ခေါ်ဆောင်စေခဲ့သည်။ ဆရာဝန်ကြီးခေါ်ဆိုခဲ့သည်ကြောင့် နပ်စ်မလေးမှာ သုံးလွှာအထပ်သို့ အပြေးတတ်ရောက်သွားခဲ့ပြီး ဆရာဝန်ကြီး၏အခန်းအား အသာခေါက်ခါ မိမိရောက်ရှိကြောင်း အကြောင်းကြားစေခဲ့သည်။

''ဆရာ … သမီးရောက်ပါပြီ''
''အေး !… ဝင်ခဲ့ချည်''

လေသံအားဖြင့် ခပ်ထန်နေလေခဲ့သည်။ အခန်းအဝအား နောက်ကျောပေးထားခဲ့ပြီး တစ်ဖက်သို့မျက်နှာမူလျက် ရှိနေသော ဆရာဝန်ကြီးအား နပ်စ်မလေးမှာ မိမိအား ခေါ်ဆိုခိုင်းသည့် အကြေုာင်းရင်းအား မေးမြန်းလိုက်သည်။

''ဆရာ … သမီးဘာများ လုပ်ပေးရမလဲမသိဘူး''
''နင် … နင် … ''
မျက်လုံးအိမ်တစ်ခုလုံး ရဲရဲတောက်လျက် မျက်နှာပြင်၌လည်း ဒေါသကြီးစွာထွက်နေခဲ့သည်က ပင်ကိုယ်ရှိဦးပတိရုပ်ပင် ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့သည်။ ဘာရယ်ကြောင့်မှန်းမသိ။ မိမိအားလက်ညိုးထိုးလျက် ပြောဆိုနေခဲ့သော ဆရာဝန်ကြီးအား နပ်စ်မလေးမှာ ပြူးကြောင်ကြောင်မျက်လုံးများဖြင့် စိုက်ကြည့်နေမိခဲ့သည်။ သေချာလေပြီ ဆရာဝန်ကြီးမှာ စိတ်ဖိစီးမှုများနှင့် ပုံမှန်စိတ်များ ပျောက်ကွယ်နေခဲ့ပြီး ဇနီးဖြစ်သူအား ထိုနပ်စ်မလေးလုပ်ကြံခဲ့သည်ဟု ယူဆလျက်

''နင့် … နင်ယုတ်မာလှချည်လားဟာ … ဘာဖြစ်လို့ ငါ့မိန်းမကိုလုပ်ကြံရတာလဲ နင်ရက်စက်လိုက်တာ … ငါနင့်ကိုသတ်မယ်''
''ဆရာ … သမီးဘာများလုပ်မိလို့လဲဆရာ … ဆရာ … စိတ်ငြိမ်ငြိမ်ထားပါဦး''
''နင်ဘာလုပ်မိလို့လဲ ဟုတ်လား … အဖျားပျောက်ဆေးနဲ့ မြွေဆိပ်ဖြေဆေး နင်ရောထည့်ပေးလိုက်တယ်လေ … အခုငါ့မိန်းမ ဆေးမှားထိုးမိပြီး ဒုက္ခရောက်သွားပြီ … အဲ့ဒါနင့်ကြောင့် … ငါ့မိန်းမကို နင်လုပ်ကြံတာ နင့်ကြောင့် ငါ့မိန်းမအခု ဘဝပျက်သွားရပြီ … နင့်ကိုသတ်မယ် နင့်ကိုသတ်မယ်''
''ဆရာ … မဟုတ်ဘူးဆရာ … သမီးရှင်းပြတာကို နားထောင်ပါဦး… ဆရာပဲ မြွေကိုက်ခံရလို့ ဆေးအိတ်ပြင်ပေးလို့ပြောခဲ့တာလေ … ဆရာကန်တော် မြွေကိုက်ခံရတာလားလို့ သမီးမေးတုန်းကတောင် ဆရာပဲဟုတ်တယ်လို့ပြောခဲ့တာလေ … ပြီးတော့ ဆရာကိုယ်တိုင်ပဲ အဲ့ဒီမြွေဆိပ်ဖြေဆေးပုလင်း သမီးကိုပေးပြီး အိတ်ထဲထည့်ခိုင်းခဲ့တာလေ … ဆရာပြောသလို သမီးမလုပ်ခဲ့ပါဘူး ဆရာကိုယ်တိုင်ပဲ သမီးကိုအဲ့ဒီဆေးပုလင်းထည့်ခိုင်းခဲ့တာပါ''
''ဘာ … မ … မဟုတ်ဘူး နင်လိမ်တာ နင်လိမ်နေတာ နင့်ကိုသတ်မယ် နင့်ကိုသတ်မယ်''
''ဟာ … ဆ … ဆရာ''

အသိစိတ်ပျောက်ကွယ်နေသော ဆရာဝန်ကြီးအား နပ်စ်မလေးမှာ တုန်ုတုန်ရီရီဖြင့် ရှင်းပြပြောဆိုနေခဲ့သော်လည်း ဆရာဝန်ကြီးမှာလက်မခံ၊ သူမအားဒေါသတကြီးသတ်ဖြတ်ရန်သာ ကြိုးစာချေတော့သည်။ အမှန်တကယ်ပင်လျင် ထိုအချိန်၌ ဆရာဝန်ကြီးမှာ မိမိကိုယ်တိုင် မြွေဆိပ်ဖြေဆေးပုလင်းအား နပ်စ်မလေးကိုပေးလျက် မြွေကိုက်ခံရသူ တစ်ဦးအား သွားရောက်ကုသရမည်ဟု ပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။

မိမိ၏စိတ်များဟာ ဆုံးရှုံးသွားခဲ့သော ငွေများအပေါ်၌ အာရုံရောက်နေခဲ့ပြီး စိတ်များဟာလည်း အလောတကြီးဖြစ်နေခဲ့သည်။ မိမိ၏အသိစိတ်၌ ဇနီးဖြစ်သူနေမကောင်းသောကြောင့် ဆေးအိတ်ပြင်ခိုင်းလိုစိတ်ရှိနေသော်လည်း အပြင်သို့စကားသံထွက်ပေါ်သွားသည်က မြွေကိုက်ခံရသော လူနာတစ်ဦးဆီသို့ သွားရောက်ကုသပေးမည်ဟု ပြောထွက်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်နပ်စ်မလေးမှာလည်း ဆရာဝန်ကြီးခိုင်းစေခဲ့သော အတိုင်းသာလျင် လုပ်ဆောင်ပေးခဲ့ရခြင်းဖြစ်သည်။

သို့သော် ဆရာဝန်ကြီးမှာ ကောင်းစွာမမှတ်မိစေပဲ နပ်စ်မလေးသာ ဇနီးဖြစ်သူအား တမင်လုပ်ကြံခဲ့သည်ဟု ထင်မှတ်ကာ ယခု မိမိ၏နားနေခန်းအတွင်း၌ နပ်စ်မလေးအား လက်စားချေအသေသတ်ရန် စတင်လေတော့သည်။ နပ်စ်မလေးမှာ အပြင်သို့အပြေးထွက်ရန် ရွယ်လိုက်သော်လည်း ဆရာဝန်ကြီးမှာ လျင်မြန်စွာဖြင့် အခန်းတံခါးအား ပိတ်လိုက်ချေသည်။

ထို့နောက် နံရံဘေးသို့ တုန်ရီစွာကပ်လျက်ရှိနေသော နပ်စ်မလေးအား လည်ပင်းမှကိုင်မြှောက်၍ ဆရာဝန်ကြီးသည်လည်း ဝဲလျက်မျက်ရည်များ စီးကျနေလေခဲ့သည်။ အမှန်တကယ်ပင်လျင် ဆရာဝန်ကြီးဆိုသကဲ့သို့ မိမိပြုလုပ်ခဲ့ခြင်းမဟုတ်ချေ။ သို့သော် အကြိမ်ကြိမ်အခါခါရှင်းပြနေခဲ့သော်လည်း ဆရာဝန်ကြီးမှာ နားမထောင်ခဲ့။ မိမိသည်လည်း ဆရာဝန်ကြီး၏လက်အတွင်းမှ လွတ်မြောက်ရန် ရုံးကန်နေခဲ့သည်။ သို့သော် မလွတ်မြောက်နိုင်ခဲ့ချေ။

လည်ပင်းမှမိမိအား မြောက်ကိုင်ထားသည့် လက်အား အားကုန်ရိုက်ချနေသော်လည်း ဆရာဝန်ကြီးမှာ အလွတ်မပေး နှုတ်မှ
''သေ … သေ … သေစမ်း သေစမ်း''
ကြောက်စရာကောင်းလှသော မျက်နှာထားဖြင့် ထိုသို့ပြောဆိုကာ အားကုန်သာလျင် လည်ပင်းသို့ညစ်စေခဲ့သည်။ ထို့နောက် သေလုနီးပါးဖြစ်နေချိန်မှ လွှတ်ချခဲ့ပြီး အနီးရှိသစ်သားချောင်းဖြင့် ဦးခေါင်းဆီသို့ အချက်ပေါင်းများစွာ ရိုက်နှပ်လေတော့သည်။
''သေ … သေ … ဟားဟားဟား … သေစမ်း … ငါ့မိန်းမကိုလုပ်ကြံတယ် … နင်ငါ့မိန်းမကိုလုပ်ကြံတယ် သေစမ်း''

ယခုအချိန်မှစတင်ကာ ဆရာကြီးတစ်ယောက်မှာတော့ စိတ်ဖျောက်ပြန်သွားခဲ့ရလေသည်။ တစ်နေလုံး၌ စိတ်ဖိစီးမှုများနှင့် ကြုံတွေ့ထားခဲ့ပြီး မိမိ၏ဦးခေါင်းအားလည်း ကားစီယာတိုင်နှင့် ထိခိုက်မိထားသေးသည်။ သိပ်ချစ်ရသည့် ဇနီးသည်၏အဖြစ်အားလည်း တုန့်လှုပ်စရာကောင်းလှအောင် ကြုံတွေ့လိုက်ရသည်ကြောင့် စိတ်အခြေနေများမှာ ပုံမှန်မဟုတ်တော့ပဲ ယခုကဲ့သို့ ကြောက်စရာကောင်းလှအောင် ဖောက်ပြန်သွားခဲ့ရတော့သည်။

စိတ်ရှိတိုင်းသာလျင် အချက်ပေါင်းများစွာ ရိုက်လျက် နပ်စ်မလေးမှာလည်း သွေးအိုင်ထဲ၌ပင် အသက်ပျောက်ကွယ်သွားခဲ့ရချေသည်။ မျက်ရည်များကျလျက် ရယ်တစ်ခါ ငိုတစ်လှည့်ဖြစ်နေခဲ့သည့် ဆရာဝန်ကြီး၏ တစ်ကိုယ်လုံး၌လည်း သွေးများစွာပေတေသွားခဲ့ရသည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင်သာ ထိုင်ချလျက် ကျယ်လောင်စွာဖြင့်ငိုကြွေးနေခဲ့စဉ် အခန်းတံခါးအား တစ်စုံတစ်ယောက်မှ လာရောက်ခေါက်သံအား ကြားလိုက်ရလေသည်။

''ဆရာ … ဆရာ … တံခါးဖွင့်ပါဦးဆရာ … ကျွန်တော်စန်းမြင့်ပါ … ဆရာ အခန်းထဲမှာ တစ်ခုခုဖြစ်နေတာလား''

ဆေးရုံအကူလေး၏ စကားသံပင်ဖြစ်ချေသည်။ ထိုစကားသံအား ကြားလိုက်ရသည်နှင့် ဆရာဝန်ကြီးမှာ ကြောင်တောင်တောင် မျက်လုံးများနှင့် မျက်လုံးအိမ်မှာလဲ ရီဝေလျက် အခန်းတံခါးဆီသို့ ဖြေညင်းစွာ ကပ်သွားခဲ့သည်။
''စန်းမြင့် … မင်းစန်းမြင့်လား''
''ဟုတ် … ဟုတ်ပါတယ်ဆရာ ဆရာ အခန်းထဲမှာ တစ်ခုခုဖြစ်နေတာလား ကျွန်တောဝင်လာခဲ့မယ်နော်''
''နေဦး !… ''
''ဟုတ် … ဟုတ်ကဲ့ဆရာ''

ခတ်ထန်လှသော အသံ။ ရူးကြောင်ကြောင်မျက်လုံးများနှင့် အခန်းအတွင်းမှ ပြန်လည်ဖြေကြားနေခဲ့သည်။ ထို့နောက်
''လာ … ငါတံခါးဖွင့်ပေးမယ်''
''ဟင် … ဆ … ဆရာဘယ် … ဘယ်လိုဖြစ်တာလဲ တစ်ကိုယ်လုံးမှာလည်း သွေးတွေနဲ့ပါလား … ဟင် … ဟို … ဟိုမှာ''

အခန်းတံခါးဖွင့်ပေးလိုက်သည်နှင့် ဆေးရုံအကူလေးမှာ သွက်သွက်လပ်လပ်ဖြင့် ဝင်ရောက်လာခဲ့လေသည်။ ထို့နောက် တစ်ကိုယ်လုံး၌ သွေးများစွာပေတေနေသော ဆရာဝန်ကြီးအားမြင်တွေ့ခဲ့ရပြီး ရုပ်ပျက်ဆင်းပျက် သွေးအိုင်ထဲ၌သေဆုံးနေခဲ့သော နပ်စ်မလေးသီရိမေအား တွေ့ရှိလိုက်ရလေသည်။ ပြူးကြောင်ကြောင် မျက်လုံးများနှင့် အရှေ့စူးစူးသို့စိုက်ကြည့်နေမိသော ဆေးရုံအကူ မောင်စန်းမြင့်မှာတော့ ဆရာဝန်ကြီးဘက်သို့ ဖြည်းညင်းစွာလှည့်ကြည့်မိချိန်၌ ဆရာဝန်ကြီးမှာ ပုံမှန်မဟုတ်သော မျက်နှာထားနှင့်အတူ ရူးကြောင်ကြောင်အပြုံးဖြင့် ပြုံးပြလျက် အနောက်၌ ဖွတ်ကိုင်ထားသော သစ်သားချောင်းကြီးဖြင့် မောင်စန်းမြင့်အား အားကုန်ရိုက်ချလိုက်လေတော့သည်။

ဆေးရုံအကူ မောင်စန်းမြင့်မှာလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ရုတ်တရက်ရှေုာင်တိမ်းလိုက်သည်ကြောင့် ပြင်းထန်လှသော ဆရာဝန်ကြီး၏တုတ်ချက်နှင့် လွဲချော်သွားခဲ့ရလေသည်။ ထို့နောက်ဆရာဝန်ကြီးမှာလည်း အလွတ်မပေး မောင်စန်းမြင့်ဟာ သူ၏လူသတ်မြင်ကွင်းအား မြင်တွေ့သွားခဲ့သည်ကြောင့် အသက်ရှင်လျက်ထားမည်မဟုတ်ချေ။ ထို့ကြောင့် မောင်စန်းမြင့်အား အခန်းအကျင်လေး၌ ကြောက်စရာကောင်းလှသော မျက်နှာထားဖြင့် ဆရာဝန်ကြီးမှာ အသေကြေလိုက်လံရိုက်သတ်နေခဲ့သည်။ မောင်စန်းမြင့်မှာလည်း အခန်းကျင်းလေးအတွင်း၌ အပြင်းအထန်ရှောင်တိမ်းနေခဲ့ရပြီး လက်တစ်လုံးကြား လွတ်မြောက်သွားသည်နှင့် ဆရာဝန်ကြီး၏ ခြေသလုံးအား ပြေးဖတ်လိုက်လေသည်။

''ဆရာ … ဆရာ … ကျွန်တော့ကိုမသတ်ပါနဲ့ဆရာ … ဆရာကိုယ်တိုင်ပဲ ကျွန်တော့အသတ်ကို ကယ်ပေးထားတာလေ … ကျွန်တော့အသတ်က ဆရာ့လက်ထဲမှာပဲရှိပါတယ်''
''ဆရာကသာ ကျွန်တော်ရဲ့အသက်သခင် ကျေးဇူးရှင်တစ်ယောက်ပါ …  အခုဆရာကျွန်တော့ကိုသတ်နေတာကို ကျွန်တော်သေရမှာကြောက်လို့ ရှောင်တိမ်းနေတာမဟုတ်ပါဘူး … ဆရာ့လုပ်ခဲ့သမျှ ကောင်းတူဆိုးဖက် ဆရာနဲ့အတူရှိနေချင်လို့ ကျွန်တော်ရှောင်တိမ်းနေခဲ့တာပါ … ကျွန်တော်မသေချင်သေးဘူးဆရာ … ဆရာ့အတွက် ကျွန်တော်တစ်ခုခုပြန်ကူညီပေးပြီးမှ သေပါရစေ ဆရာနဲ့သေအတူ ရှင်မကွာ ကျွန်တော်ရှိနေပေးမယ့် သူတစ်ယောက်ပါဆရာ … ကျွန်တော့ကိုယုံပါ''

ဆေးရုံအကူမောင်စန်းမြင့်ဆိုသူမှာ ဆရာဝန်ကြီးစွန်ရဲနိုင်တစ်ယောက် မြို့မဆေးရုံစတင်ဖွင့်လစ်ချိန်၌ နေထိုင်စရာအိမ်မရှိ လမ်းဘေး၌သာ နေထိုင်ရသူတစ်ယောက်ဖြစ်သည်။ ဆေးရုံအရှေ့၌ ညစဉ်တိုင်းလာရောက်အိပ်နေရသူ တစ်ယောက်ဖြစ်ပြီး တစ်မနက်၌ မောင်စန်းမြင့်မှာ အအေးပတ်၍ ဆေးရုံအရှေ့၌ လေဖျမ်းနေခဲ့သည်အား ဆရာဝန်ကြီးမှာတွေ့ရှိခဲ့ပြီး အချိန်မှီဆေးကုသပေးခဲ့သည်။ ထို့ကြောင့်မောင်စန်းမြင့်မှာ အသက်မသေ သေဘေးမှလွန်မြောက်လာခဲ့ရသည်။ ဒါတင်မက ဆရာဝန်ကြီးမှာ စိတ်ထားကောင်းမွန်စွာနှင့် မောင်စန်းမြင့်အား ဆေးရုံ၌နေထိုင်စရာပေး၍ အလုပ်ပါလျင်ပေးထားခဲ့ခြင်းဖြစ်သည်။

ယခုမောင်စန်းမြင့်တစ်ယောက် မိမိ၏ခြေသလုံးအား တင်းကြပ်စွာဖတ်ထားရင်း ပြောဆိုနေခဲ့သော စကားများအား ဆရာဝန်ကြီးမှာ ပြန်လည်ကြားသိသွားခဲ့ရင်း မိမိ၏အတွေးထဲ၌ တရေးရေးမြင်ယောင်လာခဲ့သည်။ ပုံမှန်စိတ်များပြန်လည်ဝင်ရောက်လာခဲ့ပြီး ဆုပ်ကိုင်ထားသည့် သစ်သားချောင်းအား လွတ်ချလိုက်လျက် မောင်စန်းမြင့်အား လက်မောင်းနှစ်ဖတ်မှ ဆုပ်ကိုင်၍ မတ်တပ်ရပ်စေခဲ့သည်။

''စန်းမြင့် !… မောင်စန်းမြင့် အခု ငါ့မိန်းမ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့ရပြီး … သီရိမေ လုပ်ကြံပြီး ငါ့ဆေးအိတ်ထဲကို ဆေးအမှားတွေထည့်ပေးလိုက်တယ် ငါကိုယ်တိုင်ဆေးမှားထိုးမိလိုက်ပြီး အခုဖြူလေး … ဘဝပျက်ရပြီကွာ''
''ဗျာ !… ဆရာကတော်ကို ဒီနပ်စ်မက လုပ်ကြံရဲတယ် သေ … သေစမ်း ''
''ဟုတ်တယ် ငါအခုသူ့ကို သတ်ပစ်လိုက်ပြီး … မောင်စန်းမြင့် … အခုငါအဖမ်းခံလို့မဖြစ်သေးဘူး … ငါ့မိန်းမကို လူကောင်းပြန်ဖြစ်အောင် ငါကုပေးရဦးမယ်။ ငါအဖမ်းမခံချင်သေးဘူးကွာ ဒါကြောင့် ငါ့လုပ်ရက်တြွေ မင်သွားတဲ့မင်းကို သတ်ဖို့ရည်ရွယ်ခဲ့တာ''
''စိတ်ချဆရာ … ဘာမှမပူနဲ့ ဆရာ့အတွက်ဆိုရင် ကျွန်တော်ဘာမှဆို လုပ်ပေးရဲတယ် … အိုဗျာ… အခတ်မသင့် ဒီနပ်စ်မကိုသတ်မှုနဲ့ အဖမ်းခံရရင်တောင် ဆရာ့ကိုယ်စား ကျုပ်သတ်ပါတယ်လို့ဝန်ခံပြီး အဖမ်းခံပစ်လိုက်မယ်''
''ကျေးဇူးတင်ပါတယ်စန်းမြင့်ရာ … မင်းကိုငါပြုမူခဲ့တာတွေအတွက် တောင်းပန်ပါတယ်''
''ဟာ … မလိုပါဘူးဆရာ မလိုပါဘူး အခုလောလောဆယ် ဒီအလောင်းကို အစဖျောက်ထားမှဖြစ်မယ်''

သို့နှင့်ဆရာတပည့်နှစ်ယောက်မှာတော့ သွေးအိုင်ထဲ၌ သေဆုံးသွားခဲ့သော နပ်စ်မလေးအား ဆေးရုံအနောက်၌ အလောင်းဖောက်မြှုပ်နှံထားစေခဲ့ပြီး ထိုအခန်းသို့သန့်ရှင်းရေးများ ပြုလုပ်စေခဲ့သည်။ ထို့နောက် မိမိ၏သစ္စာရှိလှသော တပည့်များနှင့် သူငယ်ချင်းဖြစ်သူများအား ဆရာဝန်ကြီးမှာ ညတွင်းချင်းပင်လျင် အစည်းဝေးခေါ်ဆို၍ တိုင်ပင်ကာ နေအိမ်ဆီသို့ခေါ်ဆောင်သွားခဲ့ရင်း ဇနီးသည်၏အဖြစ်များအား ယူကြုံးမရ ခေါ်ဆောင်ပြသလေတော့သည်။ တပည့်ဖြစ်သူဆရာဝန်များနှင့် သူငယ်ချင်းဆရာဝန်များမှာလည်း ဖြူလေး၏အဖြစ်အား အံ့သြစဖွယ်မြင်တွေ့လိုက်ရပြီး

''ဖြစ်မှဖြစ်ရလေ ဖြူလေးရာ … ဖြစ်မှဖြစ်ရလေ အခုအခြေနေရော ဘယ်လိုရှိလဲစွန်ရဲ''
''ငါမေ့ဆေးထိုးထားတယ် ဒီတစ်ညလုံး သူအိပ်ပျော်နေလိမ့်မယ် ငါ … ငါဘယ်လိုဖြေရမှာလဲသန်းနိုင်ရာ … မင်းတို့အသိဆုံးပါ ငါအခုလို ဆရာဝန်ကြီးတစ်ယောက်ဖြစ်ဖို့ … ငါ့မိန်းမဖြူလေး အိမ်တကာလှည့်ပြီး အဝတ်လျော်ကျောင်းထားပေးခဲ့တာလေ … သူသင်ပေးထားခဲ့တဲ့ ဆေးပညာတွေနဲ့ သူရဲ့ဘာမဟုတ်တဲ့ ရောဂါသေးသေးလေးကိုတောင် ငါကောင်းကောင်းမကုပေးနိုင်ခဲ့ဘူး အခုဖြူလေးအဖြစ်ကို ကြည့်ပါဦးကွာ … ကြည့်ကြပါဦး''
''တော်တော်ရက်စက်တဲ့ နပ်စ်မကွာ … အခုသူရော ဘယ်မှာလဲ''
''ငါကိုယ်တိုင်သတ်ပစ်လိုက်ပြီ''
''ဘာ !… သီရိမေကို မင်းသတ်ပစ်လိုက်ပြီဟုတ်လား''
''ဟုတ်တယ် … သူ့ကြောင့် ငါ့မိန်းမအခုလို ဖြစ်သွားရတာ သူ့ကိုငါသတ်ပစ်လိုက်ပြီ … အေး !… ငါ့အကြောင်းကို မင်းတို့လဲသိသွားပြီးဆိုတော့! … ''
''စွန်ရဲ … မင်းငါတို့ကို အဲ့ဒီလိုမျက်လုံးမျိုးနဲ့မကြည့်နဲ့ … မင်းမသတ်ရင်လဲ ငါကိုယ်တိုင်အဲ့ဒီ နပ်စ်မကို သတ်ပစ်မှာပဲ''
''ဆရာ … ကျုပ်တို့ကိုယုံပါ … ကျုပ်တို့မှာ ဆရာသင်ပေးထားတဲ့ ဆေးပညာတွေပဲရှိတာပါ … ဆရာ့အကြောင်းကို ကျုပ်တို့အားလုံး နှုတ်လုံစွာနဲ့ စောင့်ထိမ်းသွားမှာပါ''
''ဟုတ်ပါတယ်ဆရာ … သမီးတို့အားလုံး ဆရာ့ကိုတစ်ကြိမ်လောက်ဖြစ်ဖြစ် ပြန်ကူညီခွင့်ရချင်ပါတယ်လို့ သမီးတို့ဆေးကျောင်းသူ ဘဝတည်းက ပြောခဲ့ပါတယ် … အခု ဆရာကတော်အတွက် ဆရာ့ကိုသမီးတို့အားလုံးပြန်ကူညီပေးမှာပါ''

''ဟုတ်တယ်စွန်ရဲ … အခု … ဖြူလေးလူကောင်းပကတိပြန်ဖြစ်ဖို့ (၁၀)ရာခိုင်နှုံးလောက်ပဲရှိတော့တယ် … ဘာပဲဖြစ်ဖြစ် … လူကောင်းအတိုင်းပြန်ဖြစ်လာအောင် ငါတို့ဆရာဝန်တွေအားလုံး ပူးပေါင်းပြီး အစွမ်းကုန်ပြန်ကုသပေးကြတာပေါ့''
''ကျေးဇူးတင်ပါတယ်ရဲမောင်ရာ … ငါ့တပည့်တွေ အားလုံးကိုလည်း ဆရာကျေးဇူးတင်ပါတယ်''
''ရပါတယ်ဆရာ … ကျွန်တော်တို့အကူလို ပြန်ကူညီခွင့်ရတာကိုပဲ ကျေနပ်နေတာပါ''
''ဟုတ်ပြီ … ငါတို့အားလုံး ပူးပေါင်းဖြေရှင်းကြမယ် !… ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုသလို ငါ့မိန်းမ … အိုးကွာ … ငါ့ကျေးဇူးရှင် တစ်ယောက်လူကောင်းပြန်ဖြစ်လာဖို့ … လူအများကြီးကို ရင်းသင့်ရင် ရင်းပစ်ရမှာပဲ''
''အခုလောလောဆယ် … ဖြူလေးကိုသွေးလဲပစ်ရမယ် … တစ်ကိုယ်လုံး ဆေးစစ်ပြီး လိုအပ်တဲ့အတွင်းကလိစာ မှန်သမျှအားလုံးလဲပစ်မယ် … ဒါဆို … မင်းမိန်းမဖြူလေး … ပြန်ကောင်းလာတော့မှာပါ စွန်ရဲရာ''

စိတ္တဇဖြစ်သွားရ၏။ သို့သော် မိမိတို့၏ဆရာ၊ မိမိတို့၏သူငယ်ချင်း ဆရာဝန်ကြီးမှာ ပုံမှန်စိတ်အခြေအနေမဟုတ် စိတ်ဖောက်ပြန်နေခဲ့ပြီးဟု ထိုသူတို့မှာ မသိခဲ့ချေ။ ဆရာဝန်ကြီးစွန်ရဲနိုင်ဟာလည်း မိမိပြည့်စုံကြွယ်ဝလာခဲ့သည့်အချိန်၌ ဘဝမမေ့ မိမိ၏ကြမ်းတမ်းခဲ့ရသော ဘဝမျိုးနှင့်အဖြစ်တူလျင် အစွမ်းကုန်ကူညီဖေးမခဲ့ဘူးသည်။

ထို့ကြောင့် ထိုသို့သော သူမျာဟာလည်း ဆရာဝန်ကြီးအား ကျေးဇူးရှင်တစ်ယောက်ကဲ့သို့ သတ်မှတ်ထားချေခဲ့သည်။ မိမိ၏ရည်ရွယ်ချက်ဖြစ်သော ဆရာဝန်ကြီးဘဝသို့ အပင်ပန်းခံခါ ပံ့ပိုးပေးခဲ့သော ဇနီးသည်ယောက်မှာတော့ ယခုအခါ မိမိကိုယ်တိုင်ထိုသို့သော ဘဝပျက်သည့်အထိ ပြုလုပ်ခဲ့မိသည်ကြောင့် စိတ်တ္တဇဖြစ်စေကာ တတ်မြောက်ထားသည့် ပညာများအား စိတ်ရူးပေါက်လျက် တလွဲအသုံးချတော့မည်ဖြစ်သည်။

ဆရာဝန်ကြီးဟာ ဦးဆောင်သူတစ်ယောက် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး ယခုကဲ့သို့ မိမိနှင့်ကောင်းတူဆိုးဖက် သူငယ်ချင်းတပည့်များအားလည်း ရရှိထားချေခဲ့သည်။ ကောင်းစဉ်အခါ၌လည်း ဆရာဝန်ကြီးနှင့် တတ်ညီလက်ညီ လုပ်ဆောင်စေခဲ့ပြီး ယခုကဲ့သို့ ပြောင်းလဲသွားသည့်အခါမျိုးတွင်လည်း ထိုသူများမှာ ဆရာဝန်ကြီးနှင့် မခွဲအတူရှိနေပေးခဲ့သည်။ ဆေးထိုးမှားခဲ့သည့် ဇနီးသည်မှာ ပုံမှန်အသိစိတ်ရှိနေခဲ့သော်လည်း ရုပ်ဆင်းအင်္ဂါများမှာ ကြောက်စရာကောင်းလှသည့်အထိ ဖြစ်သွားခဲ့ရပြီး စကားအသံများမှာလည်း ပီသလှအောင်ပင် မပြောဆိုနိုင်တော့ချေ။

ခြေများမှာလည်း မထောက်နိုင် ကွေးကောက်နေခဲ့ပြီး အိပ်ယာထဲ၌သာ ထိုသို့သောအဖြစ်ဆိုးမျိုးနှင့် အသတ်ရှင်နေခဲ့ရသည်။ မိမိ၏ဆေးရုံ၌ရှိသော လူနာများဆီမှ သွေးများထုတ်ယူလျက် အတွင်းကလိစာများအားလည်း ဇနီးဖြစ်သူ ပြန်လည်ကောင်းမွန်လာရေးအတွက် ထုတ်ယူနေခဲ့သည်။

ထိုသို့ပြုလုပ်လျက် ဇနီးသည်အား သွေးများလဲလှယ်ပေးစေသည်။ ပျက်စီးလာသည့် ကလိစာများအားလည်း အစားထိုးလဲလှယ်ကုသပေးလျက် ဆရာဝန်ကြီး၏အတွေးမှာတော့ မိမိကောင်းမွန်စွာ မပြုစုခင်၌ ဇနီးသည်အား အသေမခံနိုင် ထို့ကြောင့် အသက်ရှိနေလျင် မိမိအတွက်ပြည့်စုံလှပြီဟု စိတ္တဇအတွေးဖြင့် ဇနီးသည်အား ထိုသို့ပြုလုပ်ပေးနေခြင်းဖြစ်သည်။

နေ့ရက်၊ လ ၊နှစ် ကုန်ဆုံးလာခဲ့သည်နှင့် ဆရာဝန်ကြီးဦးဆောင်းသော မြို့မ(အထွေထွေရောဂါကု)ဆေးရုံကြီးမှာ တစ်နှစ်အတွင်း လူနာအသေအပျေုာက်အများဆုံး ဆေးရုံတစ်ခုဖြစ်လာခဲ့သည်။ သံသယဖြစ်စရာကောင်းလှအောင်ပင် လူကောင်းပကတိများ ထိုဆေးရုံသို့ရောက်ရှိသွားခဲ့လျင် ရူးကြောင်ကြောင်ဖြစ်သွားရပြီး လူနာတစ်ဦးတတ်ရောက်လျင် တစ်ဦးသေဆုံးနေခဲ့ရသည်။ထို့ကြောင့် ဆေးရုံပတ်ဝန်းကျင်ရှိ လူနေမြို့ရွာများမှ နာမည်ကြီး မြို့မ(အထွေထွေရောဂါကု)ဆေးရုံကြီးအား လူသားစာသည့် ဆေးရုံကြီးတစ်ခုဟု ပြောစမှတ်ရှိလာခဲ့လေသည်။

ထို့ကြောင့် ( .  )ခုနှစ်၌ ထိုဆေးရုံအား အပြီးအပိုင်း အပိတ်ခံလိုက်ရလေသည်။ နှစ်အနည်းငယ်ကြာလာသည်နှင့် တစ်ချိန်တစ်ခါက မြို့ရွာဖြစ်ခဲ့ဘူးသော ထိုနေရာဟာ တောကြီးတစ်ခုကဲ့သို့ ပြောင်းလဲလာခဲ့ပြီး ထိုဆေးရုံ၌လည်း စိတ်တ္တဇ စိတ်ရောဂါရှင်ဆရာဝန်များ ရှိနေတတ်သည်ဟု ပုံပြင်တစ်ပုဒ်အဖြစ် ပြောဆိုလာခဲ့လေတော့သည်။ အမှန်တကယ်ပင်လျင် ဆရာဝန်ကြီးစွန်ရဲနိုင်နှင့် တစ်ခြားသော ဆရာဝန်၊ ဆရာမများသည်လည်း ယခုအချိန်ထိ လူသူပျက်သည့် ထိုဆေးရုံကြီးတွင် အတူတကွရှိနေခဲ့ပြီး ခရီးသွားလာသူများဟာ ဆေးရုံထင်၍ ဝင်ရောက်မိခဲ့သည်နှင့် ပြန်လမ်းမရှိ အသတ်ခံရလေ့ရှိသည်။ စိတ္တဇဝေဒနာခံစားနေရသော ဆရာဝန်ကြီးမှာလည်း လူသူအသွားလာ နည်းပါးသော ထိုဆေးရုံ၌ ယခုအချိန်ထိ ဇနီးသည်တစ်ယောက် လူကောင်းပကတိ ပြန်လည်ဖြစ်လာစေရန် ကြိုးစားနေဆဲပင်ရှိသေးသည်။

                                ***

ပျော်ပွဲစားခရီးအဖြစ် ပုသိမ်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် လူငယ်များပါဝင်သော ကားကြီးမှာ အရှိန်မထိန်းနိုင်တော့ပဲ လမ်းနံဘေးသို့ထိုးဆင်းသွားခါ လူးလိမ့်စွာတိမ်းမှောက်သွားခဲ့ရသည်။ လေးဘက်သော ဘီးများပါသည့် ကားကြီး၏အောက်ချေမှာ အပေါ်သို့ရောက်နေခဲ့ပြီး ကားခေါင်မိုးမှာတော့ မြေကြီးနှင့်ထိလျက် ပက်လက်အနေအထား တိမ်းမှောက်နေခဲ့ရသည်။ အချိန်ကြာကြာ ထိုကားကြီးအတွင်းမှ မည်သူတစ်ဦးတစ်ယောက်မျှ ယခုအချိန်ထိ သတိမရလာသေးချေ။

ခဏအကြာ၌ ကားခေါင်းခန်းအတွင်းမှာ ကားမောင်းသူဝကြီးတစ်ယောက်မှာ ဦးခေါင်းတွင် သွေးများစွာထွက်လျက် သတိလည်လာချေခဲ့သည်။ အာရုံတစ်ခုလုံး မူးနောက်နေခဲ့၏။ မှောက်နေသော ကားကြီးအတွင်းမှ ရုံးကန်ထွက်ရောက်လာရင်း ဘေးပတ်ဝန်းကျင်အား မူးနောက်နောက်မျက်လုံးများနှင့် အကဲခတ်ကြည့်မိသည်။ သို့သော် အလင်းရောင်တစ်ခုမျှ မတွေ့ရ မှောင်မည်းနေသည့် ပတ်ဝန်းကျင်ကိုသာ မြင်တွေ့နေရသည်။

ဦးခေါင်းအား ပြင်းထန်လှသည့် ဒဏ်ရာရရှိထားသည်ကြောင့် ကြောင်တောင်တောင်ဖြစ် အချိန်ကြာကြာရှိနေခဲ့ပြီး။ ထို့နောက် အသိပြန်လည်ဝင်လာလေသလား မိမိဆရာ၏နေအိမ်မှ ကားကြီးဖြင့်ပျော်ပွဲစား ထွက်ရောက်လာခဲ့ရင်း ယခုကဲ့သို့အဖြစ်ပျက်နှင့် ကြုံတွေ့ခဲ့ရသည်များအား သူတစ်ယောက်သတိရလာခဲ့သည်။ သို့နှင့် မူးနောက်နေခဲ့သော အာရုံများနှင့် ကားကြီးအတွင်း၌ရှိနေသော သူငယ်ချင်းဖြစ်သူများနှင့် ဆရာအား သူတစ်ယောက်လွန်စွာစိုးရိမ်မိချေသည်။ သို့သော် မိမိဟာလည်း ခေါင်းတစ်ခုလုံး မူးနောက်နေခဲ့ရပြီး ခြေထောက်ကိုသာလျင် အားတင်စွာရပ်တန့်ထားရသည်။

''ဆရာ … ဆရာ … မောင်ကဲ … ဟေ့ကောင်တွေ ဟေ့ကောင်တွေ''
တိမ်းမှောက်နေခဲ့သော ကားကြီးအား ထုရိုက်လျက် သူငယ်ချင်းဖြစ်သူများအား တမ်းတအော်ခေါ်နေလေခဲ့သည်။ ပတ်ဝန်းကျင်အားလည်း တစ်စုံတစ်ယောက် အကူညီပေးနိုင်ရန် ဝကြီးမှာတော့ 'ကယ်ကြပါဦး'ဟု အော်ခေါ်အကူညီတောင်းနေခဲ့သော် သူ၏အသံအား မည်သူမှမကြားနိုင်ချေ။
''မင်း … မင်းတို့ … မင်းတို့ကိုငါကယ်မယ် ငါကယ်မယ်''
သွေးပျက်မတတ် ထိတ်လန့်သွားပုံရ၏။ ကြောင်တောင်တောင်ဖြစ် ကားကြီးနံဘေးတွင် ယောက်ယပ်ခတ်နေခဲ့ပြီး ထို့နောက် ရိုင်တိုင်နေခဲ့သော ခြေလှမ်းများနှင့် တစ်စုံတစ်ခုသော အကူညီများရရှိရေးအတွက် အမှောင်ထုတစ်ခုအတွင်းသို့ ရူးကြောင်ကြောင် ပြေးထွက်သွားခဲ့လေသည်။

ဝကြီး၏ခြေလှမ်းများမှာ ရိုင်တိုင်နေခဲ့သည်ကြောင့် တစ်ခုသောနေရာ၌ လဲကျသွားခဲ့ရပြီး အားတင်းခါ ရုံးကန်ထလိုက်သည့်အချိန်၌ပင် အရှေ့စူးစူးမှ မီးအရောင်လေးများ တစ်စွန်းတစ်စ လင်းနေခဲ့သော နေရာတစ်ခုအား မြင်တွေ့လိုက်ရလေသည်။ ထိုမီးရောင်ထွန်းလင်းနေသော နေရာဟာ ညအချိန်မှသာလျင် ဖွင့်တတ်သည့် စိတ်ရောဂါဝေဒနာသည် ဆရာဝန်ကြီးစွန်ရဲနိုင် ဦးဆောင်သည့် စိတ္တဇလူသားစား ဆေးရုံကြီးပင်ဖြစ်ချေသည်။

လမ်းမှားရောက်ရှိလာသူများအတွက် ဆေးရုံတစ်ခုဟု ထင်မှတ်လောက်အောင် ထောင်ချောက်ဆင် ပြင်ဆင်ထားခဲ့ခြင်းဖြစ်ပြီး၊ ရိုင်တိုင်မူးဝေနေသည့် ဝကြီးမှာတော့ အဝေးမှထိုမီးရောင်လေးများ မြင်တွေ့လိုက်ရသည်ကြောင့် အစုံတစ်ခုသော အကူညီရရှိရေးအတွက် ဝမ်းသာအားရ ဦးတည်လေတော့သည်။

                              ****
  လူသားစားဆရာဝန်များနှင့် လူငယ်များမည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။

အသက်ခံရလိုက်သည့် နပ်စ်မလေး၏ ဝိဥာဉ်ဟာ လူသားစားဆေးရုံဆီသို့ ရောက်ရှိလာခဲ့သော လူငယ်များအား မည်သို့ပင် အကူညီပေးမည်နည်း။

မရဏဆေးရုံ ခေါ် လူသားစားဆေးရုံအတွင်းမှ အန္တရယ်ပြေးလမ်းများ

တစ်ပေါက်တည်းသာ ဖွင့်လစ်ထားသော ဝင်္ကပါထွက်ပေါက်အတွင်းမှ မည်သို့ပင်ထွက်ရောက်ကြမည်နည်း။

မည်သူများအသက်ရှင်လျက် မည်သူများသေဆုံးကုန်မည်နည်း။

   … … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၆)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန် …

                             **   
                  *****************

      ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                   ၈.၂.၂၀၁၆ မြန်မာစံတော်ချိန်
                   ည (၁၂)နာရီတိတိအချိန်တွင်
              ဆက်လက်ဖော်ပြပေးသွားပါမည်။

                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
                  *****************


Post a Comment