ပင်​လယ်​​ဗွေ

ပင်လယ်ဗွေ
=======
-သခင်သခင် ၊ ရွှေနားဆင်လော့
ချစ်ကြင်ဦးမှန် ၊ ကျွ န်ုပ် ကျွန်သည်
မြတ်မွန်ကြည်မွမ်း ၊ သခင့်ဝမ်းကို
မိုးဆမ်းပန်းသွင် ၊ လန်းလန်းရှင်ဖို့
စိတ်တွင်အမြဲ ၊ ကြိုးမည်ခဲလည်း
ကွေကွဲဖို့ရန် ၊ ကြမ္မာဖန်၍
အကျွန် ကျွ န်ုပ် ၊ အကြံရုပ်လျက်
လှိုင်းလှုပ်ဒီနှော ၊ ပင်လယ်ကြောတွင်
လွင့်မျောလိုရာ ၊ မျောပါရအောင်
ကြည်သာခွင့်ရေး သခင်ပေး ။

-သခင်သခင် ၊ ရွှေနားဆင်လော့
မြစ်ပင်လယ်တွင်း ၊ တစ်ယောက်ချင်းလျှင်
လေပြင်းမုန်တိုင်း ၊ ဂယက်လှိုင်းနှင့်
ပြိုင်းပြိုင်းညို ညို ၊ ကျွန်းထိုထိုတို့
သီဆိုရင့်ကျူး ၊ တေးတျာထူးကို
ပေဖူးနုလွှာ ၊ ကျွန့်သည်းချာဝယ်
ကောင်းစွာရေးမှတ် ၊ ပြု ပြီးလတ်မှ
ရေနတ်ဒေ၀ီ ၊ သားရင်မှီအား
ညရီသာယာ ၊ ချိန်ဆည်းဆာ၌
ပြောကာဖျော်တတ် ၊ ပုံတိုပါဌ်ကို
ရေးမှတ်လို့ငှာ ၊ ပန်ကြားပါသည်
ကြည်သာခွင့်ရေး သခင်ပေး ။

-သခင်သခင် ၊ ရွှေနားဆင်လော့
သို့ပင်တစေ ၊ ပင်လယ်ဗွေ၌
လှိုင်းလေဆောင်ရာ ၊ တစ်သောင်ခွာလျက်
သည်မှာတစ်ကျွန်း ၊ ဟိုတစ်ကျွန်းနှင့်
ကူးသန်းသွားလာ ၊ ဆည်းပူးရာဝယ်
တေးတျာ ယဉ်နု ၊ ပုံဝတ္ထု တို့
တောင်ထုမြောက်မြား ၊ ကာလလျား၍
ဆံကျား သွားကြွေ ၊ အိုမင်းလေမှ
ရပ်မြေပြန်ဝင် ၊ ကျွန့်သခင်ကို
ကြည်ရွှင်စေသော ၊ သီဆိုပြောအံ့ ။
ထိုရောအခါ ၊ သခင့်မှာလျှင်
ကြင်ရာတစ်သီး ၊ ရှိလေပြီးမူ
သမီး သားမြေး ၊ သခင့်သွေးအား
ကျွန့်တေးဝတ္ထု ၊ အစုစုဖြင့်
ရွှင်မှုပျော်ရာ ၊ ပြုလိုပါသည်
ကြည်သာခွင့်ရေး သခင်ပေး ။         ။

မင်းသုဝဏ်


Post a Comment