အမှတ်စဉ်(၂)နေမင်း

             *** မမေ့ရက်နိုင်ပါဘူး ***

                                                   အမှတ်​စဉ်​ ( ၂ ) ရေးသူ = နေမင်း

" ဒေါင်  ဒေါင် "
ကျောင်းတက် ခေါင်းလောင်းထိုးသံကြားရလေသည်။
ကျောင်းသား/သူ များအားလုံး နိုင်ငံတော် သီချင်းဆိုကြလေသည်။  နိုင်ငံတော် သီချင်းဆိုပြီးတော့
ကျောင်းအုပ်ဆရာကြီး ဦးမောင်စံ မိန့်ခွန်းစတင်ပြောလေသည်။

" မင်္ဂလာပါ သားတို့ သမီးတို့ အခုဆရာပြောချင်တာက သီတင်းကျွတ် လပြည့်ရောက်တော့မယ်  သီတင်းကျွတ် မီးထွန်းပွဲဟာ အပျော်မီးထွန်း ပွဲတော်လား တပည့်တို့ "

  " မဟုတ်ပါဘူး ဆရာကြီး "

" အေး သီတင်းကျွတ် မီးထွန်းပွဲတော်ဟာ ဘာလဲ ဆိုတာ
တပည့်တို့ကို ပြောပြီးပြီ နှစ်တိုင်း နှစ်တိုင်း ပြောနေတော့
တပည့်တို့လည်း အလွတ်တောင် ရပြီ ထင်တယ် "

" ဟုတ် ဆရာကြီး "

" အေး ဒါဆို  မေးမယ် သီတင်းကျွတ် မီးထွန်းပွဲတော် ဘာလို့လုပ် တပည့်တို့ "

" အဘိဓမ္မာတရား ဟောပြီး ပြန်ကြွလာတဲ့ ဗုဒ္ဓမြတ်စွာဘုရားကို
ဆီမီးများဖြင့် ပူဇော်ပြီး ကန်တော့ကြတာပါ ဆရာကြီး "

" ဗြောက်အိုးဖေါက်ပြီး ပျော်ဖို့ ပါးဖို့လား "

" မဟုတ်ပါဘူး ဆရာကြီး "

" အေး အေး ဒါဆို အဘိဓမ္မာတရားကို ဘယ်သူ့ကို အဓိက ထားဟောသလဲ တပည့်တို့ "

" ဗုဒ္ဓ ရဲ့ မယ်တော် နတ်သားကို မိဘကျေးဇူးဆပ်တဲ့အနေနဲ့
အဓိက ထားကာ စကြာဝဠာ တိုက်တစ်သောင်းကို ဟောကြားတာပါ ဆရာကြီး "

" အေး ဒါဆို သီတင်းကျွတ် လပြည့်မှာ ကျေးဇူးရှင် မိဘများကို
ဘာလို့ ကန်တော့ရလဲ သိပြီနော် "

" သိပါတယ် ဆရာကြီး "

" ဒါဆို သီတင်းကျွတ် လပြည့်နေ့ဟာ မေ့ပျောက်လို့ ရတဲ့ နေ့ရက်ကြီးလား "

" မဟုတ်ပါဘူး ဆရာကြီး ဘယ်လိုမှ မမေ့ရက်နိုင်တဲ့ နေ့ရက်ကြီးပါ ဆရာကြီး "

" ဘာလို့ မမေ့ရက်နိုင်တဲ့ နေ့ထူး နေ့မြတ်ကြီးလဲ တပည့်တို့ "

" ကျေးဇူးကြီးမားတဲ့ မိ နဲ့ ဖ ကို  ကိုယ်တတ်နိုင်သလောက်နဲ့ ကျေးဇူးဆပ် ကန်တော့ရတဲ့ နေ့ထူး နေ့မြတ်ကြီး ဖြစ်လို့ပါ ဆရာကြီး "

" အေး အေး ဒါဆို တပည့်တို့ရော မုန့်ဖိုးများထဲက မိဘကို ကန်တော့ဖို့ ပိုက်ဆံရော စု ထားရဲ့လား တပည့်တို့ "

" စု ထားပါတယ် ဆရာကြီး "

" အေး အရမ်းလိမ္မာတယ် တပည့်တို့ ဆရာမှာချင်တာကတော့ ဒါပါပဲကွယ် မိဘကျေးဇူးဆပ်နိုင်တဲ့ သားသမီး ရတနာလေးတွေ ဖြစ်နိုင်ကြပါစေကွယ် "

" ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ ဆရာကြီး "

ဆရာကြီး ဦးမောင်စံ မိန့်ခွန်းပြောပြီးလို့ ကျောင်းအုပ်သီးသန့်ခန်းသို့ ဝင်သွားလေတော့သည်။
သီးသန့်ခန်းထဲက ဆရာကြီး ဦးမောင်စံမှာတော့
" သီတင်းကျွတ် လပြည့်ရောက်ပြန်ပြီ မေမေရယ် မေမေ့ကျေးဇူးတွေကို သားမဆပ်နိုင်တော့ပါလား မေမေရယ် "
ဆိုပြီး ညည်းတွားကာ အတိတ်ပုံရိပ်ဆီသို့ ………

" မေမေ သား ကျောင်းဆရာ အဖြစ် လျှောက်ထားတာ အဲ့ဒါ ကျောင်းဆရာအဖြစ် နယ်ပြောင်းရမယ် မေမေ "

" ဝမ်းသာလိုက်တာ သားရယ် ငါ့သားကြီးတောင် ကျောင်းဆရာ ဖြစ်တော့မှာပါလား "

" မေမေ သားတာဝန်ကျတာ ကော့သောင်းဘက်မှာတဲ့ "

" အဝေးကြီးပါလား သားရယ် ဒါပေမဲ့ သွားရမှာပေါ့ ဟိုရောက်ရင် လိမ္မာအောင်နေနော်သား အရက်တွေ မသောက်နဲ့ ဆေးလိပ် ကွမ်းယာတွေလည်း မစားနဲ့ ရည်းစားတွေ ထားပြီး အမေ့ကိုလည်း မေ့မသွားနဲ့နော် "

" မမေ့ပါဘူး အမေရယ် သားဘဝမှာ မေမေက ပထမ အမေမကြိုက်တာ ဘာမှမလုပ်ဘူး စိတ်ချနော် အမေ "

" အေးပါ သားရယ် အမေယုံပါတယ် အမေ့သားကြီးကို "

မျက်ရည်တွေ ဘယ်ညာစီးကျနေတဲ့ မေမေ့ကို ထွေးပွေ့ကာ

" သား မသွားတော့ဘူး မေမေရာ မသွားတော့ဘူး ဒီလောကမှာ မေမေရယ် သားရယ်ဘဲရှိတာ အမေ့ကို စိတ်မချဘူး "

မေမေသည် ကျွန်တော့်ကို စိုက်ကြည့်ကာ
" ဒီမယ် ငါ့သား မင်းအမေကို ကြည့်စမ်းပါ သန်သန်မာမာကြီးရှိသေးတယ် အမေ့အတွက်မပူနဲ့ ငါ့သားကြီးဖြစ်ချင်တဲ့ ကျောင်းဆရာဖြစ်ပြီလေ စိတ်ဓါတ်ပျော့ရင် အမေမကြိုက်ဘူးနော် အမေ့သားက စိတ်ဓါတ်မာ ရမယ် ဒါမှ မေမေ့သား "

" ဟုတ်ကဲ့ပါ မေမေ့သားက စိတ်ဓါတ်မာပြီးသားပါ မေမေ "

"ဒါဆို ဟိုမှာ တနှစ်ကျောင်းဆရာသွားလုပ် ပြီးရင် အမေ့ကိုလာခေါ် ဟုတ်ပြီလား သား လူတကာအလယ်မှာ ခေါင်းမော်နိုင်အောင် ကြိုးစားနော်သား "

" ဟုတ် သား ကြိုးစားမှာပါ မေမေ "

" ဒါမှ မေမေ့သား ပဲပြုပ်သည်မ ရဲ့သားဟာ နောင်တချိန် မျီုးဆက်သစ် နိုင်ငံ့ သားကောင်းတွေ ပေါ်ထွန်းလာအောင် ပြုစုပျီုးထောင်တဲ့ ဆရာသူရဲကောင်းဖြစ်ရမယ် "

" ဖြစ်ရစေမယ် မေမေ ပဲပြုပ်သည်ရဲ့သားဟာ ပန်းဥယျာဉ်မှူး ကောင်းတယောက် ဖြစ်စေရမယ် လူတကာ အားကျလေးစားတဲ့ သူဖြစ်စေရမယ် သားကတိပေးပါတယ် မေမေ "

မေမေဟာ မျက်ရည်တွေကြားက ပြုံးကာ ဒါမှ မေမေ့သားဆိုပြီး ကျစ်ကျစ်ပါအောင် ထွေးပွေ့လေပါတော့သည်။
မှတ်မိပါသေးတယ် မေမေရယ် အတိတ်အကြောင်းတွေ ပြန်တွေးရင် သား အမြဲငိုကြွေးရပါတယ် မေမေရယ်

သားတစ်နှစ်နေလို့ မေမေ့ကို ပြန်ခေါ်ဖို့ ပြန်လာတော့ မေမေဆုံးပြီတဲ့ ဘယ်အငြိုးတွေနဲ့ ကံကြမ္မာရယ် နှိပ်စက်ရတာလည်း မေမေ့ကို သားကျေးဇူးဆပ် ကန်တော့ချင်လိုက်တာ မေမေရယ်

ခုလေ မေမေဖြစ်စေချင်တဲ့ ပဲပြုပ်သည်ရဲ့သား ဟာ ပန်းဥယျာဉ်မှူးကောင်းတယောက်ဖြစ်နေပါပြီ မေမေ
အခုဆို လူတကာ အလယ်မှာ မော်ကြွားနိုင်တဲ့  မေမေ့သား မောင်စံ ဖြစ်နေပါပြီ မေမေ ပဲပြုပ်သည်ရဲ့သား အခုဆို ကျောင်းအုပ်ကြီး ဖြစ်နေပြီ မေမေ
မေမေ ကျေနပ်ပါစေနော်

သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း သား မေမေ့ကို အရမ်းသတိရတာဘဲ မေမေရယ်
သူများတွေလို မေမေ့ကို ကန်တော့ချင်လိုက်တာ မေမေရယ်
ခုတော့ တမလွန်က မေမေ သာဓု ခေါ်နိုင်ပါစေနော်
သားလေ သီတင်းကျွတ် လပြည့်ရောက်တိုင်း သားဘဝရဲ့ မမေ့နိုင်တဲ့ ကျေးဇူးရှင် မေမေ့အတွက် ရည်စူးကာ အလှူအတန်းအမြဲလုပ်လို့ အမျှပေးဝေပါတယ် မေမေရောက်ရာ အရပ်က သာဓုခေါ်ပါနော်။

                         ကိုယ်တိုင် ခံစား သီကုံးသည်။
                                                  ကြိုးစားလျက်
                                                                       နေမင်း

တင်ဆက်သူ-မိုးညဖြူ

Post a Comment