မာယာရှင်ဝိညာဉ်မ .. (အပိုင်း - ၂)
ဝတ္ထုတို
"ကဲ ...အမိ၊ ပြောပါဦး၊ ဘယ်လိုဖြစ်လာတာလဲ။ အိမ်နဲ့စိတ်ဆိုး လာတာလား"
စိုင်းဇော်ဇော်အမေးကို မိန်းကလေးက ရယ်မောလိုက်သည်။
"ရှင်မေးပုံကလည်း ဒီနားမှာ လူနေအိမ်ရှိလို့လား"
"မသိဘူးလေ၊ ခင်ဗျားပုံစံက ရေတွေလည်း တစ်ကိုယ်လုံးရွှဲလို့၊ ရေးကြီးသုတ်ပျာနဲ့ တစ်ခုခုကို စိတ်ဆိုးလာတဲ့ပုံ"
မိန်းကလေးက စိုင်းဇော်ဇော်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ သူမက အကြည့်ကိုမလွှဲဘဲ ကားမောင်းနေသော စိုင်းဇော်ဇော်ကို စိုက်ကြည့် နေပေ၏။ အဝေးပြေးကတ္တရာလမ်းမကြီးဆီရောက်လုပြီမို့ စိုင်းဇော်ဇော်က ကားကို ဂရုစိုက်မောင်းနေရာ သူမကို ပြန်လှည့်မကြည့်မိပေ။
"ဟုတ်တယ်၊ ကျွန်မ စိတ်ဆိုးလာတာတော့ အမှန်ပဲ"
စိုင်းဇော်ဇော်က ခေါင်းညိတ်ပြလိုက်သည်။ ကားက တူးမြောင်းနှင့်လမ်းမကြီး၏ လမ်းခွဲသို့ရောက်လာသည်။ လမ်းခွဲတွင် သစ်သားမောင်းတံကြီးတစ်ခု ပြုလုပ်ထား၏။ စိုင်းဇော်ဇော် ကားလာနေသည်ကိုမြင်၍ အစောင့်ဝန်ထမ်းက မောင်းတံကြီးကို အထက်သို့ မြောက်ကာ လမ်းဖွင့်ပေးလိုက်သည်။ စိုင်းဇော်ဇော်သည် ကားကို မြို့ရှိရာ ညာဘက်သို့ ချိုးကွေ့လိုက်၏။ ကတ္တရာလမ်းချောပေါ်ရောက်သွား၍ စိုင်းဇော်ဇော်က ကားအရှိန် ကို မြှင့်လိုက်လေသည်။ ကားသည်လည်း ကျောက်ခင်းလမ်းတွင် မောင်းရ သည်ထက် ပို၍ ငြိမ့်ညောင်းသွားလေသည်။
"မေးဦးလေရှင့်၊ ကျွန်မ ရေတွေ ဘာလို့ရွှဲလာတယ်။ ဘာကို စိတ် ဆိုးလာတယ်ဆိုတာ မမေးတော့ဘူးလား"
မိန်းကလေးက စိုင်းဇော်ဇော်ကို ပြောလိုက်သည်။ စိုင်းဇော်ဇော်က သူမကို ပြန်လှည့်ကြည့်လိုက်၏။ မိန်းကလေးက မိန်းမချောတစ်ဦး ဖြစ်လေ သည်။ သူမသည် စိုင်းဇော်ဇော်၏ ညာဘက်တွင်ထိုင်နေ၍ သူမ၏ဘယ်ဘက် ပါးပေါ်မှ စံပယ်တင်မှဲ့လေးကို မြင်နေရလေသည်။ ရေစို၍ကပ်နေသော အဝတ် အစားမှာ အင်္ကျီနှင့်ထဘီကို အစတစ်စတည်း တစ်ဆင်တည်း ချုပ်ထားခြင်း ဖြစ်၏။ အဝါရောင်ပန်းပွင့်များ ရိုက်နှိပ်ထားသော ပါတိတ်စဖြစ်ပါသည်။
သူမလက်ထဲ၌ ပိုက်ဆံအိတ်သော်လည်းကောင်း၊ လက်ပွေ့အိတ်သော်လည်း ကောင်း ကိုင်ထားခြင်းမရှိချေ။ အိမ်ပြင်ပသို့ ထွက်လာသောမိန်းကလေးတိုင်း လက်ထဲမှာ အိတ်တစ်မျိုးမျိုးကိုင်လာလေ့ရှိတာ ထုံးစံမို့ စိုင်းဇော်ဇော်က သူမကို ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေလေသည်။ မိန်းကလေး၏ စရိုက် လက္ခဏာကတော့ ပညာတတ်သော၊ တည်ကြည်သော မိန်းမကောင်းတစ်ဦး ဟန်မျိုး ရှိနေပါသည်။ စိုင်းဇော်ဇော်က ကားမောင်းရင်း သူမကိုအကဲခတ်နေမိ၍ သူမ စကားကို ရုတ်တရက် ပြန်မဖြေဖြစ်ပေ။
"ကျွန်တော် မစပ်စုတတ်ပါဘူးဗျာ၊ ခင်ဗျားကိုမြင်စက ရေတွေ စိုရွှဲနေလို့ အံ့အားသင့်ပြီးမေးမိတာပါ။ တကယ်တော့ ခင်ဗျား လိုရာခရီးရောက် တာနဲ့ ခင်ဗျားနဲ့ ကျွန်တော်ခွဲရမှာပဲ မဟုတ်လား။ အမှတ်မထင် တခဏလေး ဆုံရတဲ့ လူတစ်ယောက်အကြောင်းကို စပ်စုမနေချင်တော့ပါဘူး"
"ရှင်က လူတစ်မျိုးပဲ"
မိန်းကလေးက ရယ်မောရင်းပြောလိုက်လေ၏။
"ရှင်မသိချင်ပေမဲ့ ကျွန်မကတော့ ပြောရဦးမယ်။ ရှင်ပဲ ကျွန်မကို အိမ်နဲ့ စိတ်ဆိုးလာသလားလို့ မေးခဲ့သေးတယ် မဟုတ်လား"
"ပြောချင်သပဆိုရင်လည်း ပြောပါ၊ နားထောင်ရတာ မပင်ပန်းပါ ဘူး။ ကျွန်တော်ကတော့ မစပ်စုဘူးနော်"
"ဟုတ်ပါတယ်ရှင်၊ ရှင်မစပ်စုပါဘူး။ ကျွန်မကကို ပြောချင်လွန်း လို့ပါ။ ဒီမယ်ရှင့် ကျွန်မဘာလုပ်ခဲ့တယ်လို့ ရှင်ထင်သလဲ"
"မေးပြန်ပြီ၊ ခင်ဗျားပြောချင်တယ်ဆိုရင် ခင်ဗျားဟာခင်ဗျား အစ အဆုံးသာ ပြောပေတော့ အမိ"
စိုင်းဇော်ဇော်စကားကြောင့် မိန်းကလေးက ရယ်လိုက်ပြန်၏။
"ရှင်ကတစ်မျိုးပဲနော်၊ ကိုယ့်ကားပေါ်မှာ မိန်းကလေးတစ်ယောက်ပါ လာတာတောင် အရောတဝင် မနေဘူး၊ ကျွန်မနာမည်တောင် ရှင် မေးဖော် မရဘူး"
"ပြောချင်စိတ်ရှိရင် ပြောသာပြောပါဗျာ"
"ကျွန်မနာမည်က ငုဝါဆွေတဲ့"
"အမယ် ဒါတော့ ခင်ဗျားအဝတ်အစားနဲ့ခင်ဗျား လိုက်သွားပြီဗျို့၊ ခင်ဗျား ဝတ်ထားတာကလည်း ငုဝါရောင်ပဲ"
"အင်း ...ဟုတ်ပါရဲ့"
ငုဝါဆွေက သူမ၏အဝတ်အစားများကို ငုံ့ကြည့်ရင်း ပြောလိုက်၏။
"ဒီတော့ ကျွန်မနာမည်ကို ရှင် မှတ်ရလွယ်သွားတာပေါ့လေ။ အို တခြားစကားတွေ ရှည်နေလို့ မဖြစ်ပါဘူးလေ။ မြို့ကိုရောက်ခါနီးပြီ၊ ကျွန်မ ပြောချင်တာတွေ မပြောလိုက်ရပဲနေမယ်"
စိုင်းဇော်ဇော်က ဘာမှပြန်မမေးမိတော့ပါ။ ငုဝါဆွေတစ်ယောက် ယခုမှ တွေ့တဲ့လူစိမ်းကို ကိုယ့်အကြောင်းကိုယ် ဘာလို့ပြောချင်နေရသလဲ ဆိုတာကိုပဲ အံ့အားတသင့် တွေးနေမိသည်။
"ကျွန်မလေ ကျွန်မ လူသတ်လာတာရှင့်၊ သိရဲ့လား"
"ဘာ"
ငုဝါဆွေနှုတ်မှ ထွက်လာသောစကားကြောင့် စိုင်းဇော်ဇော်သည် ဘရိတ်ကိုယောင်၍ နင်းလိုက်မိပေသည်။ ကားသည်ပင် တုံ့ခနဲ ဖြစ်သွားလေ ၏။
"ဟုတ်တယ်၊ ကျွန်မလူသတ်ခဲ့တာ၊ ရေလွှဲတံခါးပေါ်ကနေ သူ့ကို ရေထဲတွန်းချပြီး သတ်ပစ်ခဲ့တာ၊ သူက ကျွန်မချစ်သူပေါ့၊ ကိုခင်မောင်ဌေး တဲ့"
"မင်း မင်း တကယ်ပြောနေတာလား ငုဝါဆွေ"
"တကယ်ပေါ့ရှင့်၊ သူ့ကိုရေထဲတွန်းချလိုက်တယ်။ ကျွန်မပါ ရေထဲ ကျသွားတယ်။ အဲဒါကြောင့် ကျွန်မတစ်ကိုယ်လုံး ရေတွေစိုရွှဲနေတာပေါ့။ ကျွန်မက ရေကူးတတ်တော့ ကမ်းပေါ်ကို အမြန်ပြန်တက်ခဲ့တယ်လေ။ သူ ပြန်ပေါ်လာçမလာ ကျွန်မ အကြာကြီးစောင့်ကြည့်နေသေးတယ်။ သူ ပြန်ပေါ် မလာတာသေချာမှ ကျွန်မပြန်လာခဲ့တာ"
"နေပါဦး၊ ဟိုလူက မင်းချစ်သူ၊ မင်းရဲ့ချစ်သူကို မင်း ဘာကြောင့် သတ်ရတာလဲ။ တကယ်ပြောနေတာလား၊ ကျုပ်ကိုနောက်နေတာလား ငုဝါဆွေ"
"ဒါနောက်စရာလားရှင့်၊ ချစ်သူရည်းစားပေမဲ့ သတ်သင့်တဲ့ အကြောင်း ပေါ်တော့လည်း သတ်ရတာပဲ"
"သတ်သင့်တဲ့အကြောင်း"
"ရှင်စဉ်းစားကြည့်စမ်း၊ ရှင့်မှာ နှမရှိရင် နှမချင်းစာပြီး စဉ်းစားကြည့် ပါ။ ရှင့်နှမကို ကိုယ်ဝန်ရှိတဲ့အထိ ဆက်ဆံပြီးမှ လက်ထပ်မယူနိုင်ပါဘူးလို့ ငြင်းရင် ရှင် ဘယ်လိုခံစားရမလဲ"
"ဘာ ဘာပြောတယ်"
"ကိုခင်မောင်ဌေးက အဲဒီနည်းနဲ့ ကျွန်မအပေါ်မှာ ယုတ်မာခဲ့တယ် လေ။ သူက ဒီအခြေအနေရောက်မှ ကျွန်မကို မယူနိုင်ဘူးတဲ့"
"ဟင်"
"အခု ကျွန်မမှာ ကိုယ်ဝန် ၂ လရှိနေပြီရှင့်။ သူကတော့ အကြောင်း ပြတာပေါ့။ သူ နိုင်ငံခြားသွားရဖို့နီးနေပြီ၊ အိမ်ထောင်ပြုလိုက်ရင် အဟန့် အတား ဖြစ်မယ်။ သူ့အိမ်က ငွေထုတ်ပေးတော့မှာ မဟုတ်ဘူးတဲ့။ ကိုယ်ဝန်ကို ဖျက်ချဖို့ သူကပြောတယ်ရှင်။ ရှင် စဉ်းစားကြည့်စမ်း။ မိန်းကလေးတစ်ယောက် ကို ကိုယ်ဝန်ရမှ ဒီစကားပြောတာ ယောက်ျာလား။ သူနဲ့ကျွန်မ အချေအတင် ငြင်းကြခုံကြရင်းက ကျွန်မ စိတ်မထိန်းနိုင်ဘဲ သူ့ကို ရေထဲ တွန်းချလိုက်တာပါ"
"မင်းဖြေရှင်းလိုက်ပုံကိုရော မှန်တယ်လို့ မင်းယူဆသလား"
"မှန်သလား မှားသလားတော့ ကျွန်မမသိဘူး၊ စိတ်မထိန်းနိုင်လို့ ခင်မောင်ဌေးကို ရေထဲတွန်းချသတ်ပစ်လိုက်ပြီ"
စိုင်းဇော်ဇော်သည် အမူးများပင် ပြေပျောက်သွားကာ မိမိဘေးမှ မိန်းကလေးကို အံ့အားသင့်စွာ ငေးမောနေမိပေတော့၏။
"ကားကိုလည်း ဂရုစိုက်ပါဦးရှင့်"
ငုဝါဆွေကပင် ပြန်၍သတိပေးလိုက်ရ၏။
"ဟော ...ကျွန်မအိမ်ရောက်လုပြီ၊ ရှေ့နားက ညာဘက်ခြမ်းက တိုက်ပဲ ကိုအဝှာ။ အို ...ကျွန်မ ရှင့်နာမည်တောင် မမေးမိပါလား"
"ကျွန်တော့်နာမည် စိုင်းဇော်ဇော်ပါ မငုဝါဆွေ"
"ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မကို ကားနဲ့ခေါ်လာတာရော၊ ကျွန်မ ပြောတာတွေ နားထောင်ပေးတဲ့အတွက်ရော"
"မငုဝါဆွေ၊ ခင်ဗျား လူသတ်ခဲ့တဲ့လုပ်ရပ်ကို ကျုပ်ကို ဘာလို့ပြော ရတာလဲဟင်၊ ကျုပ်က ရဲစခန်းသွားတိုင်မှာ ခင်ဗျား မစိုးဘူးလား"
စိုင်းဇော်ဇော်အမေးကို ငုဝါဆွေက ပြန်မဖြေဘဲ ရယ်မောနေလေ၏။ ပခုံးသားလေးများ လှုပ်ခါသည်အထိပင် ရယ်မောနေတော့သည်။
"ဟော ...ရောက်ပြီ၊ ညာဘက်ကိုကပ်ပြီး ရပ်လိုက်တော့၊ 'မင်္ဂလာရိပ်မြုံ' လို့ ရှေ့မှာ ဆိုင်းဘုတ်လေးရေးထားတဲ့တိုက်ဟာ ကျွန်မ အိမ်ပဲ"
စိုင်းဇော်ဇော်က ဘရိတ်ကိုမှေး၍ အရှိန်လျှော့လိုက်ရင်းမှ မင်္ဂလာ ရိပ်မြုံရှေ့အရောက်တွင် ကားကိုရပ်လိုက်လေသည်။ ငုဝါဆွေက ကားတံခါးကိုဖွင့်ကာ ဆင်းလိုက်၏။ ကားတံခါးကိုပြန်ပိတ်ပေးရင်းမှ သူမက ကိုယ်ကိုငုံ့ကိုင်းကာ စိုင်းဇော် ဇော်ကို နှုတ်ဆက်လိုက်လေသည်။
"ကျေးဇူးပါပဲ ကိုစိုင်းဇော်ဇော်၊ ကျွန်မအကြောင်းကို ရဲစခန်းမှာ သွားတိုင်ချင်လည်း တိုင်လိုက်ပါရှင်၊ ကျွန်မ စိတ်မဆိုးပါဘူး"
စိုင်းဇော်ဇော်က ငုဝါဆွေကို မျက်မှောင်ကြုတ်၍ ပြန်ကြည့်လိုက် ရင်း-
"အဲဒါတော့ ကျွန်တော်စဉ်းစားပါဦးမယ် အမိ။ ကဲဗျာ ...ကျွန် တော့်ကို ခွင့်ပြုပါဦး၊ သွားပြီနော်"
စိုင်းဇော်ဇော်က နှုတ်ဆက်ပြီး ကားကိုမောင်းထွက်လာခဲ့သည်။ ငုဝါဆွေသည် အိမ်ထဲသို့ချက်ချင်းဝင်မသွားသေးဘဲ ခြံရှေ့တွင် မတ်တတ်ရပ်ရင်းမှ သူ့ကားလေးကို ရပ်ကြည့်ကျန်ခဲ့သည်ကို နောက်ကြည့်မှန် မှတစ်ဆင့် စိုင်းဇော်ဇော် မြင်တွေ့နေရလေသည်။
+ + + + +
*** ဆက်ပါဦးမည် ***
Credit - ဆောင်းလုလင်
Post a Comment