မာယာရှင်ဝိညာဉ်မ .. (အပိုင်း - ၃)
ဝတ္ထုတို
စိုင်းဇော်ဇော်သည် အိမ်သို့တန်းမပြန်သေးဘဲ စားသောက်ဆိုင်တစ်ခု သို့ ဝင်ခဲ့သည်။ သူ့ထုံးစံကလည်း ဒီအချိန် အိမ်မပြန်သေးပါ။ သောက်လို့ ကောင်းအောင်စား၊ အိပ်လို့ကောင်းအောင်သောက်ပြီးမှ အိမ်ပြန်မြဲ ဖြစ်သည်။ တစ်ခုပဲရှိသည်။ ခုလိုအချိန်မျိုးမှာ အိမ်ပြန်ပြီး ရေမိုးချိုးလေ့ရှိ သည်။ လူကို လန်းဆန်းအောင်လုပ်ပြီးမှ နောက်တစ်ကြိမ် ပြန်ထွက်လေ့ ရှိ၏။ စိုင်းဇော်ဇော် အကျင့်က သောက်ရင်းက အေးအေးဆေးဆေးစား၊ ည ၁၁ နာရီ လောက်ကျခါမှ အစားပိတ် အပြီးသောက်ကာ အိမ်ပြန်အိပ်မြဲ ဖြစ်လေသည်။
ခုလိုအချိန်မျိုးမှာ ရေမိုးချိုးပြီးမှ အိမ်ကထွက်လျှင် သင့်တော်ရာ ယမကာ အပေါင်းအသင်းတစ်ယောက်ယောက်ကို ရှာပြီးမှ ထမင်းလည်း စားလို့ရ၊ အရက်လည်း သောက်လို့ရသော စားသောက်ဆိုင်တစ်ခုခုမှာ ညဥ့်နက်သည်အထိ ထိုင်တတ်လေသည်။ သုံးနိုင်ဖြုန်းနိုင်သော တစ်ကိုယ် တည်း လူပျိုမို့ ထင်သလို နေခွင့်ရနေခြင်းဖြစ်သည်။
စိုင်းဇော်ဇော်သည် အများအားဖြင့် ညပိုင်း ထွက်သောက်သည့်အခါ တိုင်း ငယ်သူငယ်ချင်း နိုင်မျိုးဦးကိုသာ ရအောင်သွားခေါ်တတ်သည်က များလေ၏။ သို့သော် နိုင်မျိုးဦးက တာဝန်များပြားသော ဒုရဲအုပ်အဆင့် ရဲဝန်ထမ်းတစ်ဦးမို့ ညတိုင်း အားမနေတတ်ပေ။
သည်ကနေ့ညတော့ စိုင်းဇော်ဇော်၏အစီအစဉ်များ ကပြောင်းကပြန် ဖြစ်ကုန်ရပါလေပြီ။ အိမ်ကိုလည်း ရေပြန်ချိုးချင်စိတ်မရှိတော့။ သောက်ဖော် သောက်ဖက် အပေါင်းအသင်းများကိုလည်း လိုက်ရှာချင်စိတ်မရှိတော့။ လမ်း ကြုံရာ စားသောက်ဆိုင်တစ်ခုသို့ မောင်းလာခဲ့လေသည်။
စိုင်းဇော်ဇော် စိတ်ထွေပြားသွားရခြင်းမှာ ငုဝါဆွေဆိုသော အမျိုး သမီးကြောင့်ပင် ဖြစ်ပါသည်။ မမျှော်လင့်၊ မထင်မှတ်ဘဲ ကြုံဆုံခဲ့ရသော အမျိုးသမီးက သူ့ခေါင်းထဲကို ပဟေဠိပေါင်းများစွာ ထည့်ပေးသွားခဲ့လေ ပြီ။ ငုဝါဆွေ ထိုင်သွားသောနေရာသို့ စိုင်းဇော်ဇော် လှည့်ကြည့်လိုက် သည့်အခါ သူမကိုယ်မှကျကျန်ခဲ့သော ရေစက်များက ထိုင်ခုံနှင့်ကားကြမ်းပြင် တွင် ဝပ်အိုင်နေဆဲရှိပေသည်။
မိန်းကလေးသည် အေးဆေးစွာ ကားကြုံလိုက်ရုံမလိုက်ဘဲ သူမ အကြောင်းများကို စိုင်းဇော်ဇော်အား ဘာကြောင့်ပြောသွားလေသနည်း။ သူမ ကျူးလွန်ခဲ့သော ရာဇဝတ်မှုကို လူစိမ်းတစ်ယောက်အား ဘာကြောင့် ဖွင့်ပြော ရလေသနည်း။ သူမက ထိုအကြောင်းကို ရဲစခန်းတိုင်လိုက တိုင်ပါဟု စိန်ခေါ် သွားလိုက်သေးသည်။
စိုင်းဇော်ဇော်သည် စားသောက်ဆိုင်တစ်ဆိုင်သို့ဝင်ကာ အရက်မှာ သောက်ရင်းမှ ခေါင်းပူအောင် စဉ်းစားနေမိ၏။ တစ်ချက်တစ်ချက်တော့လည်း သူ ကြုံခဲ့ရသော အတွေ့အကြုံသည် အမှန်တကယ်မှ ဟုတ်ပါလေစဟု သံသယဝင်မိပြန်သည်။ စိုင်းဇော်ဇော်က တစ်မျိုးလှည့်၍ တွေးကြည့်ပြန်သည်။ ငုဝါဆွေဆို သော အမျိုးသမီးသည် သူမကို စိုင်းဇော်ဇော်က အထင်အမြင်သေးစွာဖြင့် ဗလက္ကာရပြုမည်စိုးကာ သူမကိုယ်သူမ ကာကွယ်သည့်အနေနှင့် မာယာဖြင့် လှည့်စားပြောဆိုခဲ့ခြင်းများ ဖြစ်လေမလား။ ထိုအတွေးမှာ ဖြစ်နိုင်ချေရှိသော် လည်း အူကြောင်ကြောင်နိုင်လှသောအတွေးမျိုး ဖြစ်လေသည်။ ငုဝါဆွေဆို သော အမျိုးသမီးမှာ ထက်မြက်၍ ပညာဉာဏ်ရှိသော မိန်းကလေးမျိုး ဖြစ်သည်။ ကြောင်စီစီ အတွေးအခေါ်မျိုးဖြင့် လှည့်စားမည် မထင်ပါ။
ငုဝါဆွေ ပြောသွားသောအဖြစ်အပျက်များမှာ အမှန်တကယ်ဆိုပါစို့။ သူ့အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသည့်ဌာနများသို့ အသိပေးသင့်ပေသည်။ သူ့မှာ အလွယ်တကူ တိုင်တန်းပြောကြားနိုင်သည့် သူငယ်ချင်းဒုရဲအုပ်တစ် ယောက်လုံးလည်း ရှိနေသည်။
ငုဝါဆွေ၏ရာဇဝတ်မှုကို သူတိုင်ကြားသင့်သလား။ မိမိအချစ်ကို စော်ကားခံရသည့် မိန်းကလေးတစ်ယောက်၏ တုံ့ပြန်မှုနှင့်သတ္တိကို ဂုဏ်ပြု သည့်အနေဖြင့် ရေငုံနှုတ်ပိတ်နေလိုက်သင့်သလား။
ငုဝါဆွေကိုယ်တိုင်က ရဲစခန်းကိုတိုင်လိုကတိုင်ပါဟု လမ်းဖွင့်ပေး သွားခြင်းကရော ဘာကြောင့်လဲ။ သွေးရူးသွေးတန်းဖြင့် ပြောကြားသွားခြင်း လား၊ စိန်ခေါ်ခြင်းလား။ စိုင်းဇော်ဇော်သည် အမျိုးမျိုးတွေးရင်းဖြင့် ခေါင်းတွေ ချာချာလည် လာသည်။ အရက်မူးသောကြောင့် လည်ရခြင်းမျိုးမဟုတ်ဘဲ အတွေးရှုပ်ထွေး ၍ ခေါင်းနောက်ရခြင်းမျိုးဖြစ်ပါသည်။ ခုလိုအချိန်မှာ သူစဉ်းစားလျှင်လည်း မှန်ကန်သောဆုံးဖြတ်ချက် ထွက်လာမည် မဟုတ်ပေ။
စိုင်းဇော်ဇော်က ထိုအဖြစ်ကိုမေ့သွားအောင် အရက်ကို ဇွတ်မှိတ် သောက်နေလိုက်သည်။ သို့သော် မေ့လို့မရပါ။ အိမ်ပြန်ရောက်ပြီး အိပ်ရာထဲဝင်ချိန်အထိ သူ့အတွေးထဲမှာ ငုဝါ ဆွေက နေရာယူနေဆဲဖြစ်ပါ၏။ နောက်တစ်နေ့မနက် မိုးလင်းတော့လည်း ညကအကြောင်းကိုသာ သတိရ နေမိလေသည်။
ဤအချိန်တွင်တော့ ငုဝါဆွေ၏လုပ်ရပ်ကို မြုံမထားသင့်ကြောင်း စိုင်းဇော်ဇော် စဉ်းစားလို့ရပေပြီ။ အမျိုးသမီးသည် သူမလုပ်ရပ်ကို အမှန် အတိုင်း ဖွင့်ပြောသည်ဖြစ်စေ၊ ရည်ရွယ်ချက်တစ်ခုခုဖြင့် လုပ်ကြံပြောသည် ဖြစ်စေ စိုင်းဇော်ဇော်အဖို့ နိုင်ငံသားကောင်းတစ်ဦးပီသစွာ မိမိသိထားသည့် ရာဇဝတ်မှုကို သက်ဆိုင်ရာအဖွဲ့အစည်းအား ဖွင့်ပြောရပေမည်။ ဤသို့ဖွင့် ပြောခြင်းမှာ ငုဝါဆွေအား ချစ်ခြင်း၊ မုန်းခြင်း၊ သနားခြင်း၊ ညှာတာထောက် ထားခြင်းများနှင့် မဆိုင်ပါ။ တာဝန်တစ်ရပ်အဖြစ် သိထားသော ရာဇဝတ်မှု တစ်ခုကို ဖွင့်ဟတိုင်ကြားရမည်သာ ဖြစ်သည်။
သို့သော် စိုင်းဇော်ဇော်က မိမိသူငယ်ချင်း ဒုရဲအုပ်ဖြစ်သူနိုင်မျိုးဦးကို ဦးစွာပြောပြတိုင်ပင်ဦးမည် ဖြစ်သည်။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် စိုင်းဇော်ဇော်သည် နိုင်မျိုးဦးရှိမည့် နေရာသို့ ထွက်လာလိုက်သည်။ သူအိပ်ရာထချိန်မှာ ကိုးနာရီကျော်နေပြီဖြစ်၍ သည်အချိန်မှာ နိုင်မျိုးဦးတစ်ယောက် သူ့အိမ်တွင်ရှိတော့မည် မဟုတ်ချေ။ အလုပ်ခွင်ထဲသို့ ရောက်နေလောက်ပေပြီ။ ထို့ကြောင့် စိုင်းဇော်ဇော်က နိုင်မျိုးဦး တာဝန်ထမ်းဆောင်သော ရဲစခန်းသို့ သူ၏ကားလေးကို ရှေးရှုမောင်းနှင်ခဲ့လေ၏။
ကားကိုဂိုဒေါင်မှ ထုတ်လာချိန်တွင် ညက ငုဝါဆွေထံမှ ကျနေခဲ့ သောရေများကိုကြည့်လိုက်ရာ ထိုင်ခုံပေါ်တွင်ရော၊ ကြမ်းပြင်ပေါ်တွင်ပါ ရေ များမရှိတော့ဘဲ သွေ့ခြောက်နေသည်ကို တွေ့ရလေ၏။
သူငယ်ချင်းဖြစ်သူ ဒုရဲအုပ်နိုင်မျိုးဦးအား သူတာဝန်ကျသည့်ရဲစခန်း မှာပင် အဆင်သင့် တွေ့ရလေသည်။ စိုင်းဇော်ဇော်က အလုပ်သဘောမျိုး ချက်ချင်းတိုင်ချက် မဖွင့်လိုသေး ၍ နိုင်မျိုးဦးနှင့်တိုင်ပင်နိုင်ရန် နိုင်မျိုးဦးအား စခန်းအနီးရှိ လက်ဖက်ရည်ဆိုင် သို့ ခေါ်လာခဲ့လေသည်။ လက်ဖက်ရည်ဆိုင်၌ ထိုင်မိလျှင် ထိုင်မိချင်းပင် ညက သူ့အတွေ့ အကြုံကို နိုင်မျိုးဦးအား စီကာစဉ်ကာ ပြောပြလိုက်လေ၏။ စိုင်းဇော်ဇော်စကားအဆုံးတွင် နိုင်မျိုးဦးက ပြုံးနေလေသည်။
"ဘာပြုံးတာလဲ နိုင်ကြီး၊ မင်းက ငါ ပြောတာ မယုံဘူးလား"
"မင်းမေးလိုက်တဲ့အမေးကိုက မင်းပြောတဲ့အကြောင်းကို မင်းကိုယ် တိုင် မယုံနိုင်သလို ဖြစ်နေတယ် ဖိုးဇော်"
"ဘာကွ"
"ကျောင်းတုန်းကလို စိတ်ကူးယဉ်ဇာတ်လမ်းတွေ မလုပ်ချင်ပါနဲ့ တော့ ဖိုးဇော်ရာ။ မင်းညက ငုဝါဆွေဆိုတဲ့ အမျိုးသမီးကို တွေ့ခဲ့ရတာ တကယ်ရော ဟုတ်ရဲ့လား။ မင်းရဲ့အိပ်မက်လား၊ စိတ်ကူးယဉ်ဇာတ်လမ်းလား၊ ပြန်စဉ်းစားပါဦး ဖိုးဇော်ရ"
နိုင်မျိုးဦး အပြောကြောင့် စိုင်းဇော်ဇော် အခံရ ခက်သွားလေ သည်။ နိုင်မျိုးဦး ပြောသည်ကိုလည်း အပြစ်မဆိုသာပေ။ စိုင်းဇော်ဇော်သည် ငယ်စဉ်ကပင် စိတ်ကူးအလွန်ယဉ်တတ်ကာ စိတ်ကူးကို အမှန်တကယ်လို လုပ်ပြောတတ်သူမျိုးဖြစ်သည်။ တစ်ခါတစ်ရံလည်း ညကမက်ခဲ့သည့် အိပ်မက် ကို သူကိုယ်တိုင်ပင် တကယ့်အတွေ့အကြုံလို့ထင်ကာ ပြန်ပြောတတ်သေး၏။ ဖတ်ဖူးသော ဝတ္ထုတစ်ပုဒ်ကို ကိုယ်တိုင်ကြုံဖူးသော အတွေ့အကြုံလို့ ထင်နေ ခြင်းမျိုးလည်း ရှိဖူးသည်။
တစ်ခါကဆိုလျှင် စိုင်းဇော်ဇော်နှင့်အတူ နိုင်မျိုးဦးရော၊ ဖိုးသာအောင် ပါ သုံးယောက်အတူ ကြည့်ထားသည့် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းကို သူ တကယ် ကြုံဖူးသည့်အတွေ့အကြုံအလား ပြန်ပြောပြနေတာမျိုးကိုပင် ကြုံခဲ့ဖူး၏။ နိုင်မျိုးဦးနှင့်ဖိုးသာအောင်က ရုပ်ရှင်ဇာတ်ဝင်ခန်းဖြစ်ပါတယ်လို့ အကိုးအကားနဲ့ ထောက်ပြမှပင် သူစိတ်ကူးအယဉ်လွန်မှုကို စိုင်းဇော်ဇော် ဝန်ခံခဲ့ရ၏။ တကယ်တော့ စိုင်းဇော်ဇော်သည် စိတ်ကူးအလွန် ယဉ်တတ်သော လူတစ်ဦးဖြစ်ကာ စိတ်ပျံ့လွင့်လွယ်သူလည်း ဖြစ်ပါ၏။ သူငယ်ချင်းများက စိုင်းဇော်ဇော်ကို ကြီးလာရင် စာရေးဆရာဖြစ်မယ်လို့ပင် ထင်ကြေးပေးထား ခဲ့ကြသည်။
ငယ်ကတည်းကအကြောင်းများကို သိနေသောနိုင်မျိုးဦးက စိုင်းဇော် ဇော် ပြောစကားများကို ချက်ချင်းလက်မခံနိုင်တာ မဆန်းပါပေ။ ပြီးတော့ စိုင်းဇော်ဇော် အရက်အလွန်အကျွံသောက်နေခြင်းကလည်း သူ့စကားကို ယုံကြည်ဖို့ခဲယဉ်းသည့်အချက် ဖြစ်နေပြန်၏။
"မင်းက ငါပြောတာကို မယုံချင်ဘူးပေါ့။ အေး ...တွေ့ရကြုံရပုံက ခပ်ဆန်းဆန်းမို့လို့ ငါကိုယ်တိုင် ဇဝေဇဝါဖြစ်နေတာတော့အမှန်ပဲ နိုင်ကြီး။ တကယ်လို့ ငုဝါဆွေပြောပြသွားတာတွေဟာ အမှန်တွေဖြစ်နေရင်ကောကွာ၊ မင်း ပြည်သူ့ရဲ စ်ယောက်အနေနဲ့ ဒီအတိုင်းကြည့်နေမှာလား၊ အရေးမယူတော့ ဘူးလားကွာ"
စိုင်းဇော်ဇော်၏ မခံချင်သောအပြောကြောင့် နိုင်မျိုးဦး မျက်မှောင် တွန့်သွားလေသည်။
"ငါက မင်း ငုဝါဆွေဆိုတဲ့အမျိုးသမီးနဲ့ တွေ့ခဲ့တာကို အမှန်မှ ဟုတ်ရဲ့လား။ ဖိုးသာအောင်ဆီကအပြန် အရက်မူးမူးနဲ့ စိတ်ထင်ရာမြင်ရာတွေ ဖြစ်လာတာလား။ ဒါမှမဟုတ် မင်း ညကမက်တဲ့အိပ်မက်တစ်ခုပဲလား၊ မူးမူးနဲ့ တစ်နေရာမှာ ကြည့်လာတဲ့ နိုင်ငံခြားဗီဒီယိုကားတစ်ခုပဲလားဆိုတာတွေ စဉ်း စားနေတာကွ"
"ငါ့မှာ သက်သေပြစရာရှိတယ်။ ငုဝါဆွေ ဆင်းသွားတဲ့ မင်္ဂလာရိပ်မြုံ ဆိုတဲ့ အိမ်ကို သွားစုံစမ်းကြည့်ကွာ။ ငုဝါဆွေဆိုတဲ့ မိန်းကလေးနဲ့တွေ့ရင် ငါ့စကားမှန်çမမှန်ဆိုတာ ရှင်းရော မဟုတ်လား"
"ဒီလိုဆိုရင် မင်းတိုင်ချက်ဖွင့်လိုက်လေ၊ ငါခုချက်ချင်း လိုက်စစ် ပေးမယ်"
"အဲဒီလို မလုပ်ချင်လို့ပေါ့ နိုင်ကြီး။ ငုဝါဆွေဟာ ပရိယာယ်မာယာနဲ့ ထွင်ပြီး ပြောသွားတာမျိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ကုန်ကုန်ပြောမယ်ကွာ၊ ငုဝါဆွေဟာ စိတ်မူမမှန်တဲ့ အရူးမလေးဖြစ်နေပါပြီတဲ့။ တိုင်ချက်ဖွင့်တဲ့ငါပါ အရူးဖြစ်တော့မှာပေါ့။ ငါက မင်းကို အလွတ်သဘောအကူအညီ တောင်းနေ တာ၊ ငုဝါဆွေနေတဲ့ မင်္ဂလာရိပ်မြုံကို သွားကြည့်မယ်။ ငုဝါဆွေနဲ့တွေ့လို့ ညကစကားတွေကို ပြန်မေးကြည့်မယ်။ သေချာမှ မင်းအပိုင်းက ဆက်လုပ် စရာရှိတာ လုပ်။ အဲဒီကျမှ တိုင်ချက်ဖွင့်ဆိုရင် ငါဖွင့်ပေးမယ်"
စိုင်းဇော်ဇော် စိတ်အားထက်သန်စွာပြောနေသည်ကို တွေ့ရမှ နိုင်မျိုး ဦး ယုံကြည်သွားလေသည်။
"ကောင်းပြီလေ၊ ဒါဖြင့် ငုဝါဆွေအိမ်ကို အခုသွားကြည့်ကြတာ ပေါ့"
+ + + + +
*** ဆက်ပါဦးမည် ***
Credit - ဆောင်းလုလင်
Post a Comment