မာယာဝိညာဉ်‌အပိုင်း၁

မာယာရှင်ဝိညာဉ်မ .. (အပိုင်း - ၁)
ဝတ္ထုတို

ဖိုးသာအောင်တို့ယာတောမှ စိုင်းဇော်ဇော် ကားမောင်း၍ပြန်လာချိန်မှာ နေဝင်ရီတရောအချိန်ဖြစ်သည်။ ထိုအချိန်တွင် စိုင်းဇော်ဇော်၏ထုံးစံအတိုင်း ယမကာတန်ခိုးဖြင့် မူးယစ်နေပြီဖြစ်သည်။ ဖိုးသာအောင်က ယာတောထိပ်ကလမ်းမပေါ်အထိ လိုက်ပို့ရင်းမှ နှုတ်ဆက်စကားပြောလိုက်သည်။

"သူငယ်ချင်း ဖိုးဇော်၊ ဖြောင့်ဖြောင့်တန်းတန်း မောင်းပြန်နော်။ လမ်းမှာ ဟိုဝင်ဒီထွက် လုပ်မနေနဲ့"

"အေးပါကွာ၊ လမ်းမကြီးကလည်း ဖြောင့်ဖြူးနေတာပါ။ ငါအရက်မူး ပေမဲ့ ဘယ်တုန်းကများ မှားဖူးလို့လဲ၊ စိတ်ချပါ၊ သွားမယ်သူငယ်ချင်း"

စိုင်းဇော်ဇော်က ဖိုးသာအောင်ကို နှုတ်ဆက်ကာ ကားကို မောင်းထွက်ခဲ့လေသည်။ စိုင်းဇော်ဇော်ပြောသလိုပင် ကားလမ်းမကြီးက ဖြူးဖြောင့်နေ ပါသည်။ ဖိုးသာအောင်တို့ရွာမှာ ရွာဆိုသော်လည်း မြို့နှင့်ဆယ်မိုင်မျှသာ လှမ်းသည်။ အလှမ်းမဝေးသလို လမ်းခရီးကလည်း သာယာပါသည်။ ဆည် မြောင်းဌာနမှ ဖောက်လုပ်ထားသော တူးမြောင်းရှည်ကြီးက ဖိုးသာအောင်တို့ ရွာကို ဖြတ်သွားသောကြောင့် တူးမြောင်းဘေးမှကပ်လျက် ဖောက်လုပ်ထား သော ကျောက်ကြမ်းလမ်းမှာ ညီညာရုံမက ဖြောင့်ဖြူးလှပေသည်။ တူးမြောင်း ကြီးမှာ ဆည်ကြီးဆီမှ ဆွယ်ထားသော ရေမြောင်းကြီးဖြစ်ပြီး ပတ်ဝန်းကျင်ရွာ အားလုံးရှိ လယ်ကွင်းများ ယာတောများဆီသို့ ရေများ ပို့လွှတ်ပေးလေ သည်။

ဆည်မြောင်းဌာနကျေးဇူးကြောင့် ဖိုးသာအောင်တို့ရွာရော ပတ်ဝန်းကျင်ရွာများပါ ရေအတွက်မပူပင်ရဘဲ စိုက်ရေးပျိုးရေး ဖြစ်ထွန်းလျက် ရှိ ပေသည်။ စိုင်းဇော်ဇော်သည် ညနေခင်း နေဝင်ရီတရော မှောင်ရီသန်းစအချိန်တွင် ရွာမှ ကတ္တရာလမ်းမကြီးပေါ်အရောက် တူးမြောင်းဘေးလမ်းတစ်လျှောက် အေးအေးလူလူ မောင်းနှင်လာခဲ့လေသည်။ လုံးလုံးကြီးမမှောင်သေး သည့်အတွက် ကားရှေ့မီးများကိုပင် ဖွင့်စရာမလိုသေးပေ။

တူးမြောင်းဘေးလမ်းမှာ ရွာများသို့သွားရာလမ်းဖြစ်သည့်အတွက် အသွားအလာမများလှပေ။ မော်တော်ကားဆို၍ စိုင်းဇော်ဇော်၏ကားတစ်စီး သာ မြို့သို့သွားသော အဝေးပြေးလမ်းမကြီးဆီ ရှေးရှုမောင်းနှင်လာလေသည်။ လမ်းမ၏တစ်ဖက်မှာ အင်္ဂတေဖြင့် သေသပ်စွာဖောက်လုပ်ထား သော တူးမြောင်းကြီးဖြစ်ကာ၊ အခြားတစ်ဖက်သည် ရှေးယခင်ကတည်းက ရှိခဲ့သော သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းကြီးများ ဖြစ်လေသည်။ တောလမ်းခရီး ဖြစ်သော်လည်း လမ်းဖြောင့်ဖြောင့်ဖြူးဖြူးနှင့် သဘာဝကျေးလက် အလှအပ များကို ခံစားနိုင်သော ကြည်နူးဖွယ်ရှုခင်းများ အပြည့်ရှိလေသည်။

ထိုကဲ့သို့ မြို့နှင့်ဆယ်မိုင်ခန့်သာလှမ်းခြင်း၊ သွားရေးလာရေးမခက်ခဲခြင်း၊ သဘာဝတောတောင်ရေမြေမှာ သာယာကြည်နူးဖွယ်ကောင်းခြင်းတို့က သမီးရည်းစားစုံတွဲများကို ဆွဲဆောင်နေသည် ထင်ပါသည်။ မော်တော်ဆိုင်ကယ်ရှိသော သမီးရည်းစားစုံတွဲများသည် အဝေးပြေးကတ္တရာလမ်းမကြီးမှ ဖဲ့ဆင်းလာသော တူးမြောင်းလမ်းဘေးရှိ အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများအောက်၌ ချိန်းတွေ့တတ်သည်။

စိုင်းဇော်ဇော် ပြန်လာချိန်မှာပင် ချိန်းတွေ့နေသောစုံတွဲအချို့ကို သစ်ပင်ကြီးများအောက်၌လည်းကောင်း၊ တူးမြောင်းအုတ်ပေါင်ပေါ်၌လည်း ကောင်း တွေ့မြင်နေရပေ၏။ အချို့လည်း မှောင်ရီပျိုးပြီမို့ ဆိုင်ကယ်ကိုယ်စီဖြင့် မြို့ဘက်သို့ ပြန်သွားနေကြပေပြီ။ စိုင်းဇော်ဇော်က မူးယစ်ရီဝေသောအရသာကို ခံစားရင်း လေညင်းခံ ရင်းမှ ကားကို အရှိန်ဖြည်းဖြည်းဖြင့်ပင် မောင်းလာခဲ့လေသည်။

စိုင်းဇော်ဇော်သည် ဖိုးသာအောင်တို့ယာတောသို့ နေ့လယ်ခင်းကတည်းက ရောက်နေခဲ့ခြင်းဖြစ်ပါ၏။ သူငယ်ချင်းဖြစ်သူဖိုးသာအောင်၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများတွင် စိုင်းဇော်ဇော်က အရင်းအနှီးများစွာ ထည့်ဝင်ထားလေသည်။ လုပ်ငန်းအတွက် အရင်းအနှီးအားလုံး၏ လေးပုံသုံးပုံကို စိုင်းဇော်ဇော် မတည်ပေးထားခြင်းဖြစ်သည်။ စိုင်းဇော်ဇော်က ငွေစိုက်၊ ဖိုးသာအောင်က လုပ်အားနှင့်ကျွမ်းကျင်မှုစိုက်၍ သူငယ်ချင်းနှစ်ယောက် စပ်တူလုပ်ကိုင်နေကြခြင်းဖြစ်၏။ ယနေ့ ဖိုးသာအောင်က လုပ်ငန်းများကို လာရောက်ကြည့်ရှုရန်နှင့် စာရင်းတချို့ရှင်းလင်းရန် ဖိတ်ကြားထားသောကြောင့် စိုင်းဇော်ဇော် ယာတောသို့ ရောက်လာခဲ့ခြင်းဖြစ်ပါသည်။

စိုင်းဇော်ဇော်သည် ဖိုးသာအောင်တင်ပြသော စာရင်းဇယားများကို စိတ်ဝင်စားလှသည် မဟုတ်ပါ။ စစ်ဆေးလိုစိတ်လည်း မရှိပါ။ သူ့အနေနှင့် သူငယ်ချင်းဖြစ်သူကို ယုံကြည်ပြီးသားဖြစ်သည်။ လုပ်ငန်းကလည်း အောင် မြင်နေသည်။ ဝင်ငွေလည်း ရနေသည်မို့ အထူးအထွေ စစ်ဆေးမနေတော့ပေ။ အိမ်ထောင်မရှိသော လူပျိုလူလွတ်လည်းဖြစ်သည်မို့ စီးပွားရေးအတွက် မပူပင်လှပေ။ ဝင်ငွေရနေလျှင် ပြီးရောဟု သဘောထားသည်။ မိဘများလည်း ကွယ်လွန်သွားပြီး မွေးချင်းမရှိသော စိုင်းဇော်ဇော်အဖို့ အမွေအနှစ် လုံလောက် စွာ ရထားသည်မို့ ဘ၀အတွက်ပူပန်စရာမရှိ အေးဆေးလှပေသည်။

သူငယ်ချင်းများက စိုင်းဇော်ဇော်ကို ကံကောင်းသူဟု ဆိုကြသည်။ စိုင်းဇော်ဇော်ဘ၀သည် ဘာမှထူးထူးခြားခြား ကြိုးစားစရာမလိုဘဲ အဆင်ပြေ နေသည်။ သူငယ်ချင်းသုံးယောက်ရှိရာတွင် ဖိုးသာအောင်က လယ်သမားယာ သမားဘ၀ကို ခံယူထားသည်။ နိုင်မျိုးဦးကတော့ ဘွဲ့ရအပြီးတွင် ပြည်သူ့ ရဲတပ်ဖွဲ့ထဲဝင်ပြီး အမှုထမ်းရာ ယခုဒုရဲအုပ်အဖြစ် ဇာတိမြို့မှာပင် တာဝန် ထမ်းဆောင်နေပါသည်။
ဖိုးသာအောင်နှင့်နိုင်မျိုးဦးက ဘာအလုပ်မျှ ဝါယမစိုက်ထုတ်လုပ် ဆောင်စရာမလိုဘဲ မိဘအမွေကို အတိုးအရင်းပွားအောင်လုပ်ရင်း ထိုင်စားနေ နိုင်သည့် စိုင်းဇော်ဇော်ကို ကံကောင်းသည်ဟု ဆိုကြခြင်းဖြစ်သည်။

စိုင်းဇော်ဇော်မှာ ပြောစရာဆို၍ တစ်ခုသာရှိပါသည်။ အရက်ကို မိုးလင်းမိုးချုပ်သောက်ခြင်းဖြစ်သည်။ သူငယ်ချင်းတွေက စိုင်းဇော်ဇော်ကို အသောက်လျှော့စေချင်ကြသည်။ အရက်သောက်လွန်းလို့ တစ်ခုခု ဖြစ်သွား မှာကို စိုးရိမ်ကြ၏။ ကိုယ်ပိုင်ကားကို ကိုယ်တိုင်မောင်း၍ အမြဲသွားလာနေသူ ဖြစ်လို့လည်း စိုးရိမ်ကြခြင်းဖြစ်ပါသည်။ စိုင်းဇော်ဇော်ကတော့ သူသည် မူးသော်လည်း မည်သည့်အခါမှ မမှားကြောင်းကို အမှားတစ်စုံတစ်ရာဖြစ်မလာသေး၍ ပြောအားရှိရှိ ပြောနေ ဆဲ၊ ဆင်ခြေပေးနေဆဲဖြစ်သည်။ ဟုတ်တော့လည်း ဟုတ်သည်။ အချိန်ပြည့် မူးယစ်နေသော်လည်း စိုင်းဇော်ဇော်သည် မည်သည့်အမှားတစ်ခုမျှ မကျူးလွန် ဖူးပါ။

စိုင်းဇော်ဇော်သည် ကားကို အမြန်ကြီးလည်းမဟုတ်၊ နှေးနှေးလေး လည်း မဟုတ်ဘဲ မောင်းနှင်လာရာ တူးမြောင်းလမ်း၏ တစ်ဝက်ကျော်ကျော် အထိ ရောက်ရှိလာပေပြီ။ အမှောင်ထုလွှမ်းလာပြီမို့ စိုင်းဇော်ဇော်က ကားရှေ့မီးကို ဖွင့်လိုက် လေ၏။

+ + + + +

စိုင်းဇော်ဇော်၏ကားလေးသည် တူးမြောင်း၏ရေလွှဲတံခါးအနီးသို့ ရောက်လာလေသည်။ ဤနေရာ၌ တူးမြောင်းသည် အခြားတစ်ဖက်သို့ မြောင်း တစ်သွယ် ခွဲထွက်သွားသည့်အတွက် ရေလွှဲတံခါးပြုလုပ်ထားခြင်းဖြစ်ပါ၏။ ရေလွှဲတံခါးကို ထိန်းချုပ်သောမျှော်စင်ကလေးမှာ မြေပြင်မှအတော်မြင့်မြင့်ထိ ရှိနေသည်။

ဤနေရာသည် ရှုခင်းကောင်းလှသောနေရာလေးဖြစ်ကာ မြောင်း ပေါင်ပေါ်မှတက်ကြည့်လျှင် ခွဲထွက်သွားသော တူးမြောင်းလေးများကိုလည်း ကောင်း၊ ခပ်ဝေးဝေးရှိ ရိုးမတောင်တန်းကြီးကိုလည်းကောင်း၊ သစ်တောအုပ် စိမ်းစိမ်းများနှင့် လယ်ကွင်းပြင်ပြန့်ပြန့်များကိုလည်းကောင်း တပြန့်တပြော မြင်ရနိုင်လေသည်။ ထို့ကြောင့် အလှဓာတ်ပုံရိုက်သူများ ဤနေရာသို့ ဓာတ်ပုံလာရိုက်တတ်သည်။ ဤမြို့တွင် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားလာရိုက်သူများကလည်း ရေလွှဲတံခါးရှုခင်းတွင် သမီးရည်းစားပျော်မွေ့သည့်အခန်းများကို လာ ရိုက်တတ်လေ၏။

စိုင်းဇော်ဇော်၏ကားလေး ရေလွှဲတံခါးနားရောက်လုတွင် ရေလွှဲတံခါး ရှိသည့် ကုန်းမို့မို့ပေါ်မှ အပြေးကလေး ဆင်းလာသော မိန်းကလေးတစ် ယောက်၏ အသွင်ကို မြင်လိုက်ရလေသည်။ အချိန်က အမှောင်ထုသမ်းနေ ပေပြီ။ သည်လိုမှောင် ရီပျိုးချိန်မှာ မိန်းကလေးကို တစ်ယောက်တည်း တွေ့လိုက်ရသည့်အတွက်လည်း စိုင်းဇော်ဇော် အံ့ဩသွားလေ၏။ မိန်းကလေးက ကုန်းမို့ပေါ်မှ အပြေးဆင်းလာကာ စိုင်းဇော်ဇော်၏ ကားရှေ့၌ပိတ်ရပ်ရင်း လက်ပြတားလိုက်လေ၏။ သူမသည် စိုင်းဇော်ဇော် ကားကိုမြင်၍ အမှီပြေးဆင်းလာခြင်း ဖြစ်ပုံရလေသည်။

မိန်းကလေး၏အသွင်ကို ကားမီးရောင်ထဲတွင် ထင်ထင်ရှားရှား မြင်လိုက်ရလေ၏။ ထိုအခါ စိုင်းဇော်ဇော် အံ့အားသင့်ရပြန်သည်။ မိန်း ကလေး၏တစ်ကိုယ်လုံး ရေများရွှဲစိုနေသောကြောင့် ဖြစ်ပါသည်။ ရေများက ဦးခေါင်းမှစ၍ရွှဲစိုနေကာ ဆံပင်များပင် ရေကြောင့် ကပ်နေပေသည်။ ရေစက် ရေပေါက်များကလည်း တစ်ကိုယ်လုံးမှ စီးကျနေပေ၏။ စိုင်းဇော်ဇော်က အံ့အားသင့်စွာပင် လက်တားနေသော မိန်းကလေး ကို ကားရပ်ပေးလိုက်သည်။ မိန်းကလေးက စိုင်းဇော်ဇော်အနီးသို့လျှောက်လာရင်း မေးလိုက်၏။

"မြို့ကိုပြန်မှာ မဟုတ်လားဟင်၊ ကျွန်မလိုက်ပါရစေ"

သူမ စကားကခွင့်တောင်းသောစကားဖြစ်သော်လည်း စိုင်းဇော်ဇော် ကို ငြင်းပယ်ခွင့်မပေးဘဲ ကားကြုံလိုက်ကိုလိုက်မည်ဟု ဆိုလိုက်သကဲ့သို့ ဖြစ်နေသည်။

"မြို့ကိုပြန်မှာတော့ ဟုတ်တယ်၊ ဒါနဲ့ အမိက တစ်ကိုယ်လုံး ရေတွေ ရွှဲလို့ ဘယ်လိုဖြစ်တာလဲ"

"အို ဒါတွေနောက်မှမေးပါ၊ ကျွန်မ လိုက်ခဲ့မယ်နော်"

မိန်းကလေးက စကားမဆုံးမီပင် ကားရှေ့မှကွေ့ကာ တစ်ဖက်ကား တံခါးပေါက်ကိုဆွဲဖွင့်ကာ တက်ထိုင်လိုက်သည်။ သူမ တက်ထိုင်လိုက်သည် နှင့် စိုင်းဇော်ဇော်တစ်ကိုယ်လုံး အေးစိမ့်သွားသော ခံစားမှုကို ရလိုက်လေ သည်။ ရိုးတွင်းခြင်ဆီထိအောင် အေးစိမ့်သွားသော ခံစားမှုမျိုး ဖြစ်ပါ၏။

"ရှင့်ကားထဲတော့ ရေတွေစိုကုန်ပြီ၊ အားနာစရာပဲ။ ဒါပေမဲ့ မတတ် နိုင်ဘူးလေ၊ ကျွန်မ တစ်ကိုယ်လုံးရေစိုနေတာကိုး"

"ရပါတယ်၊ ကျွန်တော်ကလည်း ခင်ဗျားကို နည်းနည်းတော့ အား နာတယ်ဗျ၊ ကျွန်တော် အရက်နည်းနည်းမူးနေတယ်"

"အို  ...ဒါဘာဖြစ်လဲ၊ ရှင်ကားမောင်းနိုင်ရင်ပြီးတာပဲ။ ကျွန်မက မြို့အဝင်နားတင် ဆင်းမှာပါ"

စိုင်းဇော်ဇော်က ကားကိုမောင်းထွက်ခဲ့လေသည်။

+ + + + +

*** ဆက်ပါဦးမည် ***

Credit - ဆောင်းလုလင်

Post a Comment