မာယာရှင်‌ဝိညာဉ်‌ ဇတ်‌သိမ်း

မာယာရှင်ဝိညာဉ်မ .. (ဇာတ်သိမ်းပိုင်း)
ဝတ္ထုတို

နိုင်မျိုးဦး၏ဟဲန်းဖုန်းထဲသို့ ခေါ်သံဝင်လာသည်။ နိုင်မျိုးဦးက တစ်ဖက်နှင့်စကားအပြန်အလှန်ပြောနေသည်။ ဖုန်းပြောအပြီးတွင် နိုင်မျိုးဦးက စိုင်းဇော်ဇော်ကိုပြောလိုက်၏။

"ကဲ  ...မင်းသောက်လက်စကို လက်စသတ်လိုက်ပေတော့ ဖိုးဇော်။ ငါတို့ သွားကြမယ်"

"ဘယ်သွားကြဦးမှာလဲ"

"တူးမြောင်းကိုလေ၊ တူးမြောင်းရေလွှဲတံခါးကို၊ ရေလွှဲတံခါးမှာ အလောင်းတစ်လောင်း ဆယ်လို့ရတယ်တဲ့"

"ဟင်"

"ကဲ  ...မင်းဥစ္စာကို လက်စသတ်လိုက်ပါ၊ ဟိုမှာတွေ့တာ ဘယ် သူ့အလောင်းဆိုတာ ငါ့တို့သွားကြည့်ကြမယ်"

ရေလွှဲတံခါးရောက်သည့်အခါ အလောင်းရှာသောအဖွဲ့က ရေထဲမှ ဆယ်ယူရရှိသောအလောင်းကို မြောင်းပေါင်ပေါ်ချထားရင်း နိုင်မျိုးဦးကို စောင့် နေလေ၏။ ရဲတပ်ဖွဲ့ဝင်တစ်ဦးက အလောင်းမှာ ရေလွှဲတံခါးကြားတွင် ညပ်နေ ၍ ရှာဖွေရမခက်ခဲကြောင်း နိုင်မျိုးဦးကို ဆီး၍အစီရင်ခံသည်။ အမှန်တော့ လည်း တူးမြောင်းကို အုတ်ပေါင်နှင့်သေသပ်စွာ ပြုလုပ်ထားခြင်းကြောင့် ချောင်းများ၊ မြစ်များထဲမှာလို မျောချင်ရာ မျောမသွားခြင်း ဖြစ်လေသည်။

"ဖိုးဇော်၊ အလောင်းက မိန်းမအလောင်းတဲ့။ မင်းအသိထဲကများ ဖြစ်နေမလား၊ ကြည့်လိုက်ပါဦးကွာ"

စိုင်းဇော်ဇော်က စိတ်မပါသော်လည်း နိုင်မျိုးဦးနှင့်အတူ မြောင်းပေါင် ပေါ်တက်လိုက်သွားခဲ့သည်။ မြောင်းပေါင်ပေါ်အရောက်တွင် အလောင်းကို နိုင်မျိုးဦးတို့ လေ့လာ နိုင်ရန် နေရာချဲပေးလိုက်ကြသည်။ စိုင်းဇော်ဇော်က အလောင်းကို ငုံ့ကြည့်လိုက်၏။ အမျိုးသမီးအလောင်းကို မြင်လိုက်ရသည်နှင့် -

"ဟာ"

စိုင်းဇော်ဇော်ရင်ထဲ၌ လှိုက်ခနဲဖြစ်ကာ လူသည်လည်း ယိမ်းထိုးသွား လေသည်။ သောက်ထားသော အရက်များလည်း ဘယ်ထွက်ပြေးသွားမှန်းမသိ ဖြစ်ကာ တစ်ကိုယ်လုံး ကတုန်ကယင်ကြီး ဖြစ်သွားလေ၏။ နိုင်မျိုးဦးက စိုင်းဇော်ဇော်ကိုဖေးကိုင်ထားရင်း မေးလိုက်သည်။

"ဘာဖြစ်လို့လဲ ဖိုးဇော်"

"အဲဒါ အဲဒါ ငုဝါဆွေပဲ နိုင်ကြီး။ ညက ငါ့ကားကို ဒီနေရာမှာ တားစီးခဲ့တဲ့ ငုဝါဆွေပဲ"

"သေချာရဲ့လား ဖိုးဇော်၊ သေချာအောင်ကြည့်ပါဦး"

အလောင်းက ပက်လက်အနေအထားဖြင့် ရှိနေသည်။ ဦးခေါင်းက အထက်သို့ လန်နေသည်။ ရုပ်ပျက်ဆင်းပျက် မရှိလှသေး။
အလောင်းတွင် အင်္ကျီရှိနေဆဲ။ ခါးဝတ်ထမီကတော့ မရှိတော့ချေ။ မြင်ကောင်းစေရန် အဝတ်စအပိုင်းတစ်ခုဖြင့် အောက်ပိုင်းကို ဖုံးအုပ်ထားလေ ၏။

"ငုဝါဆွေ သေချာသလား ဖိုးဇော်"

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ သူပါပဲကွာ၊ သူပါပဲ"

ငုဝါဆွေ၏ဘယ်ဘက်ပါးမှ စံပယ်တင်မှဲ့လေးက မမှားနိုင်ကြောင်း ဖော်ပြနေပေသည်။ ကားမောင်းနေစဉ်တစ်လျှောက်လုံး သူမဘက်သို့ လှည့် ကြည့်လိုက်သည့်အခါတိုင်း ထိုစံပယ်တင်မှဲ့လေးကိုမြင်ခဲ့ရတာ သူမှတ်မိနေပါ သေးသည်။

"အဝတ်အစားကလည်း ဒီအဝတ်အစားပါပဲ နိုင်ကြီး"

စိုင်းဇော်ဇော်က ငုဝါဆွေအလောင်းကို စိတ်မကောင်းစွာကြည့်ရင်း နောက်တစ်ကြိမ် အတည်ပြုပြောကြားလိုက်သည်။

"မင်း ကားပေါ်မှာ သွားနားနေလိုက်ဦး ဖိုးဇော်။ လာ လာ ငါ လိုက်ပို့မယ်"

နိုင်မျိုးဦးက စိုင်းဇော်ဇော်ကိုဖေးမ၍ မြောင်းပေါင်ပေါ်မှ ဆင်းလာ ခဲ့၏။ စိုင်းဇော်ဇော်ကို ကားပေါ်တွင်ထိုင်ခိုင်းထားပြီး တစ်နေရာသို့ ဖုန်း ဆက်လိုက်ပြန်သည်။ ဖုန်းဆက်အပြီးတွင် အားလုံးကြားသာအောင် ဒုရဲအုပ်နိုင်မျိုးဦးက အော်ပြောလိုက်လေသည်။

"လူသတ်တရားခံကို အဝေးပြေးကားကွင်းမှာ ဖမ်းမိထားပြီတဲ့ဗျို့။ အချိန်မီလေးတင်ပဲ။ ကျွန်တော်တို့ဘက်က လက်ဦးမှုရသွားပါတယ်"

စိုင်းဇော်ဇော်က ကားစတီယာရင်ကို ခေါင်းမီထားရာမှ မော်ကြည့် ရင်း မေးလိုက်သည်။

"လူသတ်ကောင်ကို မိပြီ၊ ဟုတ်လား၊ လူသတ်သမားက ဘယ်သူ လဲ"

"ခင်မောင်ဌေးလေ၊ သေသူငုဝါဆွေရဲ့ချစ်သူ ခင်မောင်ဌေးပေါ့"

"ငါတော့ နားမလည်နိုင်တော့ဘူး နိုင်ကြီးရာ။ ညက ငုဝါဆွေကို ဒီနေရာကနေ ကားနဲ့တင်ခေါ်ခဲ့တယ်။ သူ့အပြောက သူကိုယ်တိုင် ခင်မောင် ဌေးကို ရေထဲ တွန်းချသတ်ပစ်ခဲ့တယ်တဲ့။ အခုကျတော့ သေတဲ့သူက ငုဝါဆွေ ဖြစ်ပြီး သတ်တဲ့သူက ခင်မောင်ဌေး ဖြစ်နေတယ်။ ဘယ်လိုမှ နားမလည်နိုင် တော့ဘူး"

"ငါရှင်းပြပါ့မယ် သူငယ်ချင်း"

+ + + + +

"မင်္ဂလာရိပ်မြုံကို သွားစုံစမ်းတဲ့အချိန်မှာ ငါ့သံသယစခဲ့တာပဲ ဖိုးဇော်။ မင်္ဂလာရိပ်မြုံဟာ ငုဝါဆွေအိမ်လို့ တို့ထင်ထားခဲ့တယ် မဟုတ်လား။ ဟိုရောက်တော့ ခင်မောင်ဌေး အိမ်ဖြစ်နေတယ်။ တို့က ခင်မောင်ဌေးကို မြောင်းထဲကျသေပြီလို့ ထင်ထားတယ်။ ဟိုရောက်တော့ ခင်မောင်ဌေးကို အသက်ရှင်လျက်တွေ့ရတယ်။ ငုဝါဆွေ ပြောသွားသမျှတွေဟာ အားလုံး ပြောင်းပြန်တွေချည်းပဲ။ တို့ရောက်သွားတဲ့အချိန်မှာ ခင်မောင်ဌေး မူပျက်နေ တာလည်း သိပ်သိသာတယ်လေ။ အဲဒါကြောင့် ငါက ငုဝါဆွေရဲ့ အဆောင်ထိ သွားပြီး စုံစမ်းခဲ့တာပေါ့။ အဆောင်ရှင်အန်တီကြီးက တနင်္ဂနွေနေ့ညနေမှာ ခင်မောင်ဌေးက ငုဝါဆွေကို ဆိုင်ကယ်နဲ့ လာခေါ်သွားတယ်လို့ အစစ်ခံခဲ့တာ မင်း မှတ်မိမှာပေါ့"

"အေး  ...မှတ်မိတယ်"

"ခင်မောင်ဌေးက ငုဝါဆွေကို သောကြာနေ့က နောက်ဆုံး တွေ့ခဲ့ တယ်လို့ပြောခဲ့တယ်လေ။ ဒီမှာတင် ခင်မောင်ဌေး လိမ်ညာပြောတယ်ဆိုတာ ပေါ်နေပြီ။ ပြီးတော့ မင်းကားကို တားစီးခဲ့တုန်းက ငုဝါဆွေကို ရေလွှဲတံခါးနား မှာ လူချည်းပဲတွေ့ခဲ့ရတယ်။ မင်းစဉ်းစားကြည့်လေ ဆယ်မိုင်လောက်ဝေးတဲ့ ခရီးကို မိန်းကလေးတစ်ယောက်က ဘာမျှမပါပဲလာမလား။ အနည်းဆုံး ဆိုင်ကယ်တော့ပါရမယ်။ သူ တကယ်ပဲ ခင်မောင်ဌေးကိုသတ်ခဲ့ရင် ခင်မောင် ဌေး ဆိုင်ကယ်ကို စီးပြန်ခဲ့လို့ရတာပဲ။ လူချည်းသက်သက် မင်းကားကို တားစီးတယ်ဆိုကတည်းက ငုဝါဆွေ ရေလွှဲတံခါးနား ရောက်နေတဲ့အနေ အထားဟာ ပုံမှန် မဟုတ်ဘူး"

"ဒါဖြင့် ငါ တွေ့ခဲ့တဲ့ ငုဝါဆွေဟာ"

"အဲဒီအချိန်မှာ ငုဝါဆွေ သေပြီးနေပြီကွ၊ မင်းတွေ့ခဲ့တာ ငုဝါဆွေရဲ့ နာနာဘာဝဝိညာဉ်ပဲ"

"ဟင်"

"ဒါကို ငါတွေးမိပေမဲ့ ဖြစ်နိုင်ဖို့ခဲ့ယဉ်းလို့ မင်းကိုဖွင့်မပြောခဲ့တာ။ စခန်းမှူးကြီးနဲ့ ညှိပြီး အလောင်းကို အရင်ရှာခိုင်းထားလိုက်တာ။ တကယ်လို့ ခင်မောင်ဌေးသာ လူသတ်သမားဖြစ်ရင် ဒီလူပြေးတော့မယ်ဆိုတာလည်း ငါ့စိတ်ထဲက သိနေတယ်။ အဲဒါကြောင့် သူ့အိမ်နားက အရက်ဆိုင်ကနေ စောင့်ကြည့်နေခဲ့တာလေ"

"ဪ"

"သူအိမ်ကထွက်သွားတော့ ခရီးဆောင်အိတ်လည်းပါတယ်။ ဆိုင် ကယ်ရှိလျက်နဲ့ ဆိုင်ကယ်နဲ့မထွက်ဘူးဆိုတော့ အဝေးတစ်နေရာကို ပြေးတော့ မယ်ဆိုတာ သိသာတာပေါ့။ အဲဒါကြောင့် စခန်းကိုဖုန်းဆက်ပြီး ဘူတာရုံနဲ့ ကားဂိတ်မှာ ခင်မောင်ဌေးကို စောင့်ကြည့်ခိုင်း လိုက်တာပဲ။ ဘူတာမှာ ဒီအချိန် ရထားအဝင် အထွက်မရှိလို့ အရေးကြီးတာက ကားဂိတ်ပဲလေ။ တို့ပြည်သူ့ရဲ တွေကလည်း ခင်မောင်ဌေးကို ကားဂိတ်မှာတွေ့လို့ ကားတွေကိုမထွက်သေးဖို့ ပရိယာယ်နဲ့ တားထားနိုင်ခဲ့တယ်။ တူးမြောင်းထဲကအလောင်းဟာ ငုဝါဆွေ ဆိုတာ သေချာလို့ ငါဖုန်းဆက်လိုက်တာနဲ့ ကားဂိတ်မှာရှိနေတဲ့ ခင်မောင်ဌေး ကို အလွယ်တကူ ဖမ်းချုပ်လိုက်နိုင်တာပဲ ဖိုးဇော်"

"ဒီလိုလား၊ မင်း ဒီလိုတွေ စီစဉ်နေတယ်ဆိုတာ ငါမတွေးမိဘူး ကွာ"

"ခင်မောင်ဌေးကို စစ်မေးကြည့်တော့ ငုဝါဆွေကို သူသတ်တာ ဝန်ခံတယ်တဲ့။ လက်မထပ်နိုင်သေးလို့ သူနဲ့ရတဲ့ကိုယ်ဝန်ကို ဖျက်ချခိုင်းတာ ငုဝါဆွေက လက်မခံလို့ ကတောက်ကဆတ်ဖြစ်ကြရင်းက တွန်းရင်းထိုးရင်း ရေထဲကျသွားတာတဲ့ကွာ။ ဒါနဲ့ပဲ သေတဲ့ထိအောင် ရေနှစ်သတ်ခဲ့မိပါတယ် ဆိုတာကို ဝန်ခံလိုက်ပြီတဲ့ သူငယ်ချင်း"

"မင်း တော်ပါတယ်ကွာ၊ မင်း စဉ်းစားဆင်ခြင်တာကောင်းလို့ ဒီ အမှုပေါ်တာပဲ"

"ငါ့ထက်တော်တာက ငုဝါဆွေပါ ဖိုးဇော်ရယ်"

+ + + + +

"ငုဝါဆွေဟာ ငါနဲ့တွေ့တဲ့အချိန်မှာ သူအသတ်ခံရတဲ့အကြောင်း ငါ့ကို ပြောပြနိုင်လျက်နဲ့ ဘာဖြစ်လို့ လှည့်စားပြီး ပြောခဲ့ရတာလဲ နိုင်ကြီး။ ပြီးတော့ ခင်မောင်ဌေးအိမ်ရှေ့မှာဆင်းသွားပြီး ခင်မောင်ဌေးအိမ်ကို သူ့အိမ်လို့ ပြောခဲ့သေးတယ်"

"ငုဝါဆွေ တော်တယ်ဆိုတာ အဲဒီအချက်ပဲပေါ့ ဖိုးဇော်ရယ်။ ငုဝါဆွေ ဟာ စိတ်ပညာကို နားလည်တဲ့မိန်းကလေးတစ်ယောက်ပဲကွ"

"ဆိုပါဦး"

"မင်းကို ငုဝါဆွေက သူဟာ ခင်မောင်ဌေးသတ်လို့ သေထားတဲ့ လူတစ်ယောက်ပါလို့ပြောရင် မင်းယုံမလား"

"အဲဒီအချိန်တုန်းက ဘယ်ယုံနိုင်မလဲ နိုင်ကြီး။ လူကိုအကောင်လိုက် ကြီး မြင်နေလျက်သားနဲ့ သူ့ကိုယ်သူ သေပြီးသားလူလို့ပြောရင် ငါ ဘယ်ယုံ နိုင်မလဲ"

"အေး  ...သူက ဒါကို စဉ်းစားမိပုံရတယ်။ မင်းယုံခဲ့မယ်ဆိုရင် လည်း သူ့ကို သရဲတစ္ဆေမှန်းသိပြီး ထွက်ပြေးသွားနိုင်တယ်လေကွာ။ ဒါကို သိထားလို့ သူက ဆိုက်ကို သုံးပြီး မိန်းမမာယာနဲ့ မင်းကိုလှည့်စားခဲ့တာပဲ ဖိုးဇော်"

"ဟင်"

"သူကိုယ်တိုင် လူသတ်ခဲ့ပါတယ်လို့ပြောရင် မင်း သူ့ကိုစိတ်ဝင်စား မယ်ဆိုတာ သူသိတယ်။ အမှုကို မင်းက ရဲစခန်းတိုင်လို့ မီးခိုးကြွက်လျှောက် လိုက်စစ်ရင် အမှန်တွေပေါ်လာနိုင်တယ်ဆိုတာ သူတွေးမိပုံပဲ။ အဲဒါကြောင့် ခင်မောင်ဌေး အိမ်ရှေ့မှာဆင်းပြီး သူ့အိမ်ပါလို့ လှည့်စားခဲ့တာပဲပေါ့။ ပြီးတော့ သူ့အမှုကို ရဲစခန်း တိုင်ချင်တိုင်ပါဆိုပြီး မင်းကို စိန်ခေါ်ခဲ့သေးတယ်လေ။ ဒါဟာ မင်း ရဲစခန်း တိုင်ဖြစ်အောင် ဆိုက်ကိုသုံးပြီးလှည့်စားခဲ့တာပဲဖိုးဇော်၊ သူထင်တဲ့အတိုင်းပဲလေ ငါတို့က သူပြောထားတာတွေနဲ့ လွဲနေတော့ သဲလွန်စ လိုက်ရှာရင်းက အခု အမှုမှန်ပေါ်ရပြီ မဟုတ်လား"

"မယုံနိုင်စရာပါပဲလားကွာ၊ ငါ့ကားပေါ်မှာ ပါလာတဲ့ မိန်းကလေးနဲ့ သေတဲ့ အလောင်းနဲ့ တစ်ယောက်တည်းဖြစ်နေလို့သာ ငါတွေ့ခဲ့တာ မကျွတ် လွတ်တဲ့ သရဲတစ္ဆေလို့လက်ခံလိုက်ရတယ်။ လောကမှာ သရဲတစ္ဆေရှိတယ် ဆိုတာ ငါယုံခဲ့တဲ့ကောင် မဟုတ်ဘူး"

"ငါလည်း မယုံခဲ့ပါဘူး၊ ခုလိုကိုယ်တွေ့ကြုံရတော့ လက်ခံရပြီလေ။ မင်းဆိုရင် မျက်မြင်ဒိဌိတွေ့ရပြီး စကားပါပြောခဲ့ရတော့ ကုသိုလ်ကံ ထူးတာ ပေါ့ကွာ"

သူ့ကားပေါ် ငုဝါဆွေတက်လာစဉ်က တစ်ကိုယ်လုံးအေးစိမ့်ကာ ကြက်သီးမွေးညင်းထခဲ့သည်ကို ပြန်တွေးရင်း စိုင်းဇော်ဇော် ကျောချမ်းသွား မိလေသည်။

"သရဲခြောက်ခံရတာချင်းအတူတူ ငုဝါဆွေလို ထက်မြက်တဲ့ မိန်း ကလေးတစ်ယောက်ရဲ့ဝိညာဉ်က အခြောက်ခံရတာကို မင်းဂုဏ်ယူသင့်ပါတယ် ဖိုးဇော်"

"မင်းကလဲကွာ"

"ဟုတ်တယ်လေ ...သေပြီး မကျွတ်မလွတ်တဲ့ တစ္ဆေဘ၀ရောက် တဲ့အထိ ကိုယ့်ကိုသတ်သွားတဲ့ လူသတ်သမားကိုပေါ်အောင်လုပ်နိုင်တဲ့ သရဲ တစ္ဆေဆိုတာ ရှိနိုင်ပါ့မလားကွ။ ငုဝါဆွေဟာ ရှာမှရှားတဲ့တစ္ဆေမလေးပဲ ဖိုးဇော်"

စိုင်းဇော်ဇော်က သက်ပြင်းကိုချရင်း အလေးအနက် ပြောလိုက်လေ သည်။

"အဲဒီတစ္ဆေမလေး ဝိညာဉ်ဘ၀က မြန်မြန်ကျွတ်လွတ်ပြီး ကောင်း ရာ မွန်ရာရောက်ဖို့ ငါတို့ ဆုတောင်းပေးကြရအောင်ကွာ"

*** ပြီးပါပြီ ***

Credit - ဆောင်းလုလင်

သူငယ်ချင်းတွေလည်း စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေ ဖတ်ရှုနိုင်အောင် ပြန် Share ပေးခဲ့ပါဦးနော် ...

Post a Comment