မယာရှင်‌ဝိညာဉ်‌မ အပိုင်း၎

မာယာရှင်ဝိညာဉ်မ .. (အပိုင်း - ၄)
ဝတ္ထုတို

ငုဝါဆွေတို့အိမ် မင်္ဂလာရိပ်မြုံသို့အရောက်တွင် အိမ်ရှေ့မှပန်းပင်များ ကို ရေပိုက်တစ်ခုဖြင့် ရေလိုက်ဖျန်းနေသော အဘိုးကြီးတစ်ဦးကို တွေ့ရလေ သည်။ အဘိုးကြီးမှာ သန့်သန့်ပြန့်ပြန့် ဥပဓိရုပ်ကောင်းကောင်းမို့ အိမ်ရှင်ဖြစ် နိုင်သည်။ ငုဝါဆွေ၏ဖခင် ဖြစ်လိမ့်မည်ထင်သည်။ စိုင်းဇော်ဇော်၏ကားရပ်လိုက်သည်နှင့် အဘိုးကြီးက ရေပိုက်ကိုပိတ် ပစ်ကာ ဝင်းတံခါးကို လာဖွင့်ပေး၏။

"ငုဝါဆွေနဲ့ တွေ့ချင်လို့ပါခင်ဗျာ"

စိုင်းဇော်ဇော်က လိုရင်းကိုပင် ပြောလိုက်လေ၏။ စိုင်းဇော်ဇော်စကားကြောင့် အဘိုးကြီး အံ့ဩသွားပုံရလေသည်။

"ငုဝါဆွေ ဟုတ်လား၊ ဒီမိန်းကလေး မလာဘူးကွယ့်"

"ဗျာ  ...ငုဝါဆွေက ဒီအိမ်မှာနေတာ မဟုတ်ဘူးလား"

"ကြံကြံဖန်ဖန်ကွယ်၊ ငုဝါဆွေက တက္ကသိုလ်နားက အဆောင်မှာနေ တာကွယ့်"

"သူက ဒါ သူ့အိမ်လို့ပြောသွားလို့ပါခင်ဗျာ၊ အန်ကယ်က ငုဝါဆွေရဲ့ အဖေလား"

အဘိုးကြီးက စိုင်းဇော်ဇော်စကားကို ရယ်လိုက်သည်။ နိုင်မျိုးဦးသည် စိုင်းဇော်ဇော်နှင့် အိမ်ရှင်အဘိုးကြီးစကားပြောနေသည်ကို ရဲအမြင်ဖြင့် သေချာ စူးစိုက် အကဲခတ်နားထောင်နေလေ၏။

"အဟဲ  ...ဟဲ ငုဝါဆွေက အန်ကယ်နဲ့ဘာမှမတော်ပါဘူးကွယ့်၊ နောက်မှသာ အမျိုးတော်လာမယ့် မိန်းကလေးလေ"

"ဗျာ"

"ဒီလိုပါ ငုဝါဆွေက အန်ကယ့်သား မောင်ခင်မောင်ဌေးရဲ့ချစ်သူ ပါ"

ငုဝါဆွေပြောပြသော ခင်မောင်ဌေးအမည် ပါလာသဖြင့် စိုင်းဇော် ဇော် အံ့ဩသွားသည်။

"ဒါ  ...ဒါဖြင့် ဒါ ခင်မောင်ဌေးအိမ်ပေါ့၊ ဟုတ်လား အန်ကယ်"

"ဟုတ်ပါတယ်ကွယ်"

စိုင်းဇော်ဇော်တစ်ယောက် အမူအရာပျက်နေသဖြင့် နိုင်မျိုးဦးက ဝင်ပြောလိုက်သည်။

"အန်ကယ့်သား ကိုခင်မောင်ဌေးရော အိမ်မှာရှိပါသလားခင်ဗျာ"

"ရှိပါတယ်၊ ရှိပါတယ်။ သားရေ ခင်မောင်ဌေး၊ အိမ်ရှေ့ကိုထွက်ခဲ့ ပါဦးကွယ်။ ဒီမှာဧည့်သည်တွေ ရောက်နေတယ်"

အဘိုးကြီးက အိမ်ထဲသို့တစ်ဆက်တည်း လှမ်းအော်ခေါ်လိုက်၏။ စိုင်းဇော်ဇော်နှင့်နိုင်မျိုးဦး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိ လေသည်။ ငုဝါဆွေက သူ့ချစ်သူသည် ခင်မောင်ဌေးဖြစ်ကြောင်း ပြောခဲ့တာ တော့ မှန်နေသည်။ ခင်မောင်ဌေးကို သူမကိုယ်တိုင် ရေထဲတွန်းချသတ်ခဲ့သည် ဟု ဆိုခဲ့၏။ ခင်မောင်ဌေးက ယခုအိမ်မှာရှိနေသည်။ ဘယ်လိုတွေ ဖြစ်ကုန် ပြီလဲ။

ညက ငုဝါဆွေက ဤအိမ်ရှေ့တွင် ကားပေါ်မှဆင်းသွားကာ မင်္ဂလာ ရိပ်မြုံသည် သူမ နေထိုင်ရာအိမ်ဟု ပြောခဲ့ပြန်သည်။ ငုဝါဆွေထံမှ သိထားရ သော အချက်အလက်များမှာ အမှားတွေရော အမှန်တွေပါ ရောနေသဖြင့် စိုင်းဇော်ဇော် မစဉ်းစားတတ်အောင် ဖြစ်နေလေပြီ။
ခင်မောင်ဌေးဆိုသူ အိမ်ထဲမှထွက်လာလေ၏။

"ဘယ်သူတွေလဲ ဖေဖေ"

"ဒီမှာ ဒီသူငယ်တွေက ငုဝါဆွေကို လာမေးနေကြတယ်သားရဲ့။ သူတို့က ဒီအိမ်ကို ငုဝါဆွေအိမ် ထင်နေကြတာ။ ဖေဖေက ရှင်းပြနေတာ"

အဘိုးကြီးရှင်းပြနေစဉ်တွင် ခင်မောင်ဌေးက စိုင်းဇော်ဇော်နှင့် နိုင်မျိုး ဦးကို အကဲခတ်နေ၏။ ပြည်သူ့ရဲယူနီဖောင်းဝတ်ထားသည့် နိုင်မျိုးဦးကို ကြည့်ကာ မျက်နှာ ပျက်နေလေသည်။

"ကိုခင်မောင်ဌေး၊ ကိုခင်မောင်ဌေးနဲ့ ငုဝါဆွေတို့ အနေအထားက ဘယ်လို ရှိပါသလဲခင်ဗျာ"

နိုင်မျိုးဦးက ရည်မွန်စွာမေးလိုက်သည်။ စိုင်းဇော်ဇော်ကိုလည်း ဝင်မပြောရန် မျက်ရိပ်ပြထား၏။

"ကျွန်တော် ကျွန်တော်နဲ့ငုဝါနဲ့က ဟို လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ သူတွေပါဗျာ။ ဘာ  ...ဘာဖြစ်လို့ပါလိမ့်"

"ညက ငုဝါဆွေက ကျွန်တော့်သူငယ်ချင်းကားကို တားစီးလာတယ် လေ။ တူးမြောင်းဘေးကနေ တားစီးတာပါ ကိုခင်မောင်ဌေး။ ပြီးတော့ ငုဝါဆွေ က ဒီအိမ်ရှေ့မှာဆင်းသွားပြီး ဒါဟာ သူ့အိမ်ပါလို့ပြောသွားတယ်တဲ့"

ခင်မောင်ဌေးဆိုသူသည် ဟန်မဆောင်နိုင်အောင် ဣနြေ္ဒပျက်နေ လေပြီ။

"ဪ  ...မိန်းကလေးက နောက်သွားတာထင်ပါရဲ့ကွယ်။ ဟဲဟဲ၊ ကဲကွယ်  ...မောင်ရင်တို့ အိမ်ထဲဝင်ကြပါဦးလား၊ မတ်တတ်ကြီး"

"ကိစ္စမရှိပါဘူးအန်ကယ်၊ ကျွန်တော်တို့ ခုပြန်မှာပါ။ ဪ  ...ဒါနဲ့ ညက ကိုခင်မောင်ဌေး ဘယ်ကိုများ သွားသေးလဲခင်ဗျ"

"ဘယ်မှမသွားပါဘူး၊ တစ်နေ့လုံး အိမ်မှာပဲရှိပါတယ်"

"ဟုတ်ပါတယ် မောင်ရင်၊ မနေ့က အန်ကယ့်သား အိမ်မှာပဲရှိနေပါ တယ်"

"ငုဝါဆွေနဲ့ရော နောက်ဆုံး ဘယ်နေ့ကတွေ့ခဲ့သလဲ ကိုခင်မောင် ဌေး"

"အဲ  ...နှစ်ရက်သုံးရက်၊ ဒီနေ့ အင်္ဂါနေ့ဆိုတော့ သောကြာနေ့က ဟုတ်တယ်  ...သောကြာနေ့က နောက်ဆုံးတွေ့ခဲ့ပါတယ်ဗျာ"

"ကောင်းပါပြီ၊ ကျွန်တော်တို့ကိုခွင့်ပြုပါဦး၊ ဪ  ...ဒါနဲ့ အန်ကယ်၊ ငုဝါဆွေနေတဲ့ တက္ကသိုလ်နားကအဆောင်ဆိုတာ ဘယ်အဆောင် များလဲဗျာ"

"မိန်းကလေးဆောင်တစ်ခုပဲကွယ့်။ သားရေ  ...နာမည်က ဘာ တဲ့"

"ငုဝါနေတဲ့အဆောင်နာမည်က သရဖီပါတဲ့ဗျာ"

"ဟုတ်ကဲ့၊ ကျွန်တော်တို့ကို ခွင့်ပြုပါဦး"

+ + + +

"တက္ကသိုလ်နားက သရဖီဆောင်ကိုသာ မောင်းပေတော့ ဖိုးဇော်"

နိုင်မျိုးဦးက စိုင်းဇော်ဇော်ကို ပြောလိုက်သည်။

"ငါတော့ ဘာမျှနားမလည်တော့ဘူး နိုင်ကြီး"

"ငုဝါဆွေနေတဲ့ အဆောင်ရောက်ရင်တော့ ရှင်းတန်သလောက် ရှင်းသွားပါလိမ့်မယ်ကွာ"

သရဖီဆောင်ကို ခက်ခက်ခဲခဲရှာစရာမလိုပေ။ တက္ကသိုလ်ဘေး လမ်းကြား၏ ထိပ်နားတွင်ပင် တွေ့ရသည်။

: ဖိုးဇော် ငါပဲ ဦးဆောင်မေးမယ်၊ ပြောမယ်။ မင်း ဘာမှ ဝင်မပြော နဲ့နော်"

နိုင်မျိုးဦးက စိုင်းဇော်ဇော်ကို သတိပေးလိုက်၏။ အဆောင်ပိုင်ရှင်ကို တွေ့ခွင့်တောင်းပြီး ငုဝါဆွေရှိçမရှိ စုံစမ်းကြည့် လိုက်သည်။ အဆောင်ပိုင်ရှင်အမျိုးသမီးကြီးက ငုဝါဆွေ အဆောင်ပြန်မအိပ် တာ နှစ်ညရှိပြီဖြစ်ကြောင်း ပြောပြ၏။

"သူ အရင်ကရော ဒီလိုပဲ ပြန်မအိပ်တာမျိုး ရှိတတ်သလား အန်တီ"

"အန်တီ့အဆောင်မှာနေလာတဲ့ ၂ နှစ်လုံးတော့ မပြောမဆိုဘဲ ထွက်သွားတာမျိုး မလုပ်ဖူးပါဘူး။ နယ်ပြန်မယ်ဆိုလည်း ပြောသွားတယ်၊ ကြိုပြီးလည်း ပြောပြထားတတ်ပါတယ်ကွယ်"

"ငုဝါဆွေဟာ ဘယ်လိုမိန်းကလေးမျိုးလဲ အန်တီ"

"စိတ်ထားကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ ထက်လည်း ထက်တယ်။ အနေအထိုင်လည်း အေးတယ်၊ ဘွဲ့ရပြီးကတည်းက အန်တီ့ အဆောင်မှာ လာနေတာ။ သူကနယ်ကလေ၊ အလုပ်လုပ်တော့ ကုမ္ပဏီမှာလုပ် တယ်။ ရာထူးတွေ ဘာတွေတော့ အန်တီမမေးမိဘူးကွယ်"

"သူ့မှာ ချစ်သူရည်းစားရှိတယ်လို့ရော အန်တီသိထားသလား"

"ရှိတယ်ကွယ့် တစ်ခါတစ်ခါ ဆိုင်ကယ်လေးနဲ့ ရောက်ရောက်လာ တတ်တယ်။ နာမည်က ဘာတဲ့ ပါးစပ်ဖျားလေးတင် မေ့နေပြန်ပြီ"

"ခင်မောင်ဌေး"

"အဲ  ...အဲ ဟုတ်တယ်၊ မောင်ခင်မောင်ဌေး"

"ငုဝါဆွေအဆောင်ပြန်မအိပ်တာ ၂ ညရှိပြီဆိုတော့ ဒီနေ့က အင်္ဂါနေ့၊ တနင်္ဂနွေ၊ တနင်္လာ နှစ်ရက်ပေါ့နော် အန်တီ"

"ဟုတ်တယ်၊ ဟုတ်တယ်"

"သူ တနင်္ဂနွေနေ့မှာ အဆောင်ကထွက်သွားတာပေါ့။ သူတစ် ယောက်တည်း ထွက်သွားတာလား။ တစ်ယောက်ယောက်နဲ့ အတူထွက်သွား တာလား ဆိုတာရော အန်တီသတိထားမိသလား"

"မောင်ခင်မောင်ဌေး လာခေါ်သွားတာကွယ့်။ ဆိုင်ကယ်နဲ့ လာခေါ် သွားတာ။ ဟုတ်တယ်၊ စနေ တနင်္ဂနွေလိုပိတ်ရက်မျိုးဆို သူတို့အပြင် ထွက် ထွက်လည်တတ်ကြတယ်"

"ကျေးဇူးတင်ပါတယ် အန်တီ"

+ + + + +

*** ဆက်ပါဦးမည် ***

Credit - ဆောင်းလုလင်

သူငယ်ချင်းတွေလည်း စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေ ဖတ်ရှုနိုင်အောင် ပြန် Share ပေးခဲ့ပါဦးနော် ...

Post a Comment