မာယာရှင်ဝိညာဉ်မ .. (အပိုင်း - ၅)
ဝတ္ထုတို
"စခန်းကိုသာ ပြန်မောင်းပေတော့ ဖိုးဇော်ရေ၊ လုပ်စရာအလုပ်တွေ က အများကြီးရှိလာပြီကွ"
နိုင်မျိုးဦးစကားကို စိုင်းဇော်ဇော် နားမလည်ပေ။
"ဘာလုပ်စရာရှိတော့လို့လဲကွ၊ အဖြေက ရှင်းနေပြီပဲ"
"ဘယ်လိုရှင်းတာလဲ ဖိုးဇော်"
"ငုဝါဆွေက သူ့ချစ်သူခင်မောင်ဌေးကို ရေထဲတွန်းချ သတ်ခဲ့ပါတယ် လို့ ငါ့ကိုပြောခဲ့တာလေ။ အခု ခင်မောင်ဌေးကို မသေပဲ ငါတို့တွေ့နေရပြီပဲ။ ငုဝါဆွေ ငါ့ကိုပြောသွားတဲ့စကားဟာ စကားအမှားပဲပေါ့။ သက်သက်မဲ့ နောက် ပြီး ပြောသွားတာပေါ့ကွ"
"ဒါဖြင့် ငုဝါဆွေပျောက်နေတာကကောကွာ"
"ဒါတော့ သူ့ဟာသူ တခြားနေရာ လျှောက်သွားနေတာ ဖြစ်မှာ ပေါ့"
"ဖိုးဇော် ဖိုးဇော် ဒီနေရာကျ မင်းစိတ်ကူးယဉ်ပြီး ချဲ့မတွေးတော့ပြန် ဘူး။ သံသယနဲ့တွေးကြည့်ရင် စဉ်းစားစရာအချက်တွေက အများကြီးပဲကွ"
"ဒါတော့ မင်းက ရဲအမြင်နဲ့ပြောတာကိုး"
"ထားပါတော့ကွာ၊ ဒါပေမဲ့ ဒီကိစ္စကိုယူလာတာ မင်းကိုယ်တိုင်ပဲ မဟုတ်လား။ အစကတော့ ငါ အလေးအနက်မထားလို့ မင်းစိတ်ဆိုးတယ်။ ငါက အလေး အနက်ထားနေပြန်တော့ မင်းက မလိုအပ်ဘူးထင်ပြန်ရော။ တကယ်တော့ လိုအပ်တယ်ထင်လို့ လုပ်နေတာတွေပါ ဖိုးဇော်ရာ"
"ဒါဖြင့်လည်း ပြီးရောကွာ၊ ငါ့စိတ်ထင်တော့ ငုဝါဆွေက ခင်မောင် ဌေးကို ရေထဲတွန်းချလိုက်တာ မှန်ရင်တောင် ခင်မောင်ဌေးမသေဘဲ ရေထဲက ပြန်တက်လာတာ ဖြစ်မယ်ကွ"
စိုင်းဇော်ဇော်စကားကို နိုင်မျိုးဦးက ရယ်မောပစ်လိုက်သည်။
"ခင်မောင်ဌေးအဖေကိုယ်တိုင်က သူ့သား မနေ့က တစ်နေ့လုံး အိမ်မှာရှိနေတယ်လို့ ပြောခဲ့တယ်လေ"
"အေ ...ငါလည်း မစဉ်းစားတတ်တော့ဘူး။ ငါ့ကားပေါ်မှာပါလာ တဲ့ တစ်ကိုယ်လုံးရေစိုနေတဲ့ မိန်းမဟာ ငုဝါဆွေလို့သာ ပြောတာ။ တကယ့် ငုဝါဆွေဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ တခြားမိန်းမတစ်ယောက်က အယောင်ဆောင်ထားတာလားမှ မသိတာ"
"အမှုတစ်ခုကို စဉ်းစားတဲ့နေရာမှာ အဲဒီလိုချဲ့ထွင်ပြီး စဉ်းစားရတယ် ဖိုးဇော်။ မင်း စဉ်းစားတတ်လာပြီ။ ဒါပေမဲ့ မင်းအထင်လည်း မဟုတ်နိုင်သေး ဘူးထင်တယ်။ ငါ့အတွေးက တစ်မျိုးကွ၊ အေးလေ အမှန်တွေဟာ မကြာခင် ပေါ်လာမှာပါ။ တကယ့်အဖြစ်မှန်ဟာ ဘယ်လိုဆိုတာ စောင့်ကြည့်ကြတာပေါ့ ကွာ"
+ + + + +
စခန်းကိုပြန်အရောက်တွင် နိုင်မျိုးဦးက စခန်းမှူးကို အဖြစ်အပျက် အား ပြန်လည်တင်ပြနေသည်။ စိုင်းဇော်ဇော်ကိုတော့ ပြန်မလွှတ်သေးပေ။ ကူလက်စနဲ့ အစအဆုံးကူညီပေးပါ။ သူ့ကားကိုသုံးပါရစေဆို၍ စိုင်းဇော်ဇော် လည်း စခန်းတွင် ထိုင်စောင့်နေရ၏။ စခန်းမှူးကိုယ်တိုင်က နိုင်မျိုးဦးတင်ပြချက်များကို အလေးအနက် ထားကာ စီစဉ်စရာများစီစဉ်လုပ်ဆောင်နေသည်ကို စိုင်းဇော်ဇော် မြင်တွေ့နေ ရသည်။ ဘာတွေ လုပ်နေတယ်တော့ စိုင်းဇော်ဇော်လည်း မသိရပေ။ အတန်ကြာချိန်၌ နိုင်မျိုးဦး စိုင်းဇော်ဇော် ရှေ့ရောက်လာသည်။
"ဖိုးဇော်ရေ၊ ငါတို့မြို့တည်း တစ်ခေါက်ထပ်ထွက်ကြစို့"
ကားမောင်းထွက်လာမှ ဘယ်နေရာကိုသွားမယ်ဆိုတာ နိုင်မျိုးဦးက ပြောပြ၏။
"အခုန ငါတို့ဝင်ခဲ့တဲ့ ကိုခင်မောင်ဌေးတို့ မင်္ဂလာရိပ်မြုံနဲ့ မျက် စောင်းထိုးမှာ အရက်ဆိုင်တစ်ဆိုင်ရှိတာ မင်းတွေ့တယ် မဟုတ်လား"
"တွေ့တာပေါ့၊ ငါတောင် အဲဒီဆိုင်မှာ သုံးလေးခါ သောက်ဖူး တယ်"
"မင်းကတော့ စံပါပဲကွာ၊ အေး ...အဲဒီဆိုင်မှာ ငါတို့ သွားထိုင် မယ်။ မင်းက မင်းဟာမင်း အကြိုက်သာသောက်ပေတော့။ ငါ ခင်မောင်ဌေး တို့ အိမ်ကို စောင့်ကြည့်ချင်လို့"
"ဘာကွ၊ အသတ်ခံရပါတယ်ဆိုတဲ့ ခင်မောင်ဌေး သေမှမသေပဲ။ မင်း မျက်မြင်ပဲဟာကို။ ဘာစောင့်ကြည့်စရာလိုသေးလဲ။ ဘာလဲ၊ မင်းက ငါတို့တွေ့ခဲ့တာ ခင်မောင်ဌေးအတု ထင်လို့လား"
စိုင်းဇော်ဇော်အပြောကို နိုင်မျိုးဦးက 'ကျွတ်' ခနဲ စုပ်သပ်လိုက် သည်။
"သွားမှာသာသွားပါကွာ၊ ဒီမယ်ဟေ့ကောင် ငါတို့ကားကို ခင်မောင် ဌေး မှတ်မိရင်မှတ်မိနိုင်တယ်။ ဒီတော့ သူတို့အိမ်ရှေ့က ဖြတ်သွားရတဲ့ လမ်းမကြီးကနေ မသွားနဲ့ကွာ။ အနောက်လမ်းက မောင်း၊ ပြီးမှ အရက်ဆိုင် ဘက်ကို ပတ်ဝင်"
"အေးပါကွာ ...အေးပါ၊ ငါဆတ်ဆော့မိမှတော့ မင်းခိုင်းသမျှ လုပ်ပါ့မယ်"
စိုင်းဇော်ဇော်က ခပ်ငေါ့ငေါ့ပြောလိုက်သည်။
"အခု ငါနဲ့စခန်းမှူးကြီးနဲ့ ဘာစီစဉ်ထားသလဲ ...သိလား၊ ရေလွှဲ တံခါးနားမှာ အလောင်းရှာဖို့ အဖွဲ့တစ်ဖွဲ့လွှတ်ထားတယ်။ အဲဒီအဖွဲ့က တူးမြောင်းဘေးက ရဲကင်းနဲ့ပေါင်းပြီး အလောင်းရှာကြလိမ့်မယ်"
"ဟာ ...ဟေ့ကောင်၊ ဘာကြောင်ပြန်တာလဲ။ ခင်မောင်ဌေးက မသေဘူးလေ။ အသက်ရှင်လျက် ငုတ်တုတ်ကြီးတွေ့နေတာကို သူ့အလောင်း ကို ရေထဲ သွားရှာလို့ ဘာထူးမှာလဲကွ"
"ငါက အလောင်းရှာမယ်လို့သာပြောတာ ဖိုးဇော်၊ ခင်မောင်ဌေး အလောင်းလို့ မင်းကိုပြောလို့လား"
"ဒါဖြင့် ဘယ်သူ့အလောင်းလဲ"
"တစ်ယောက်ယောက် အလောင်းပေါ့ကွာ။ အဲဒီနားမှာ အလောင်း တစ်ခု ရှိကိုရှိရမယ် သူငယ်ချင်း"
"မင်းတို့ရဲတွေဦးနှောက်တော့ ငါလိုက်မမီတော့ပါဘူးကွာ။ မင်း ဟာ မင်း လုပ်ချင်ရာသာလုပ်၊ ငါလည်း ငါ့ဟာငါ အရက်ထိုင်သောက်နေ မယ်"
"အေးပါကွာ၊ မင်းကားနဲ့လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ် သူ ငယ်ချင်းရယ်။ ဒီမှာ လိုအပ်ရင်သုံးဖို့ စခန်းမှူးကြီးက ငါ့ကိုလက်ကိုင်ဖုန်း ပေးလိုက်တယ်"
+ + + + +
မနက်ခင်းဖြစ်၍ အရက်ဆိုင်ထဲ၌ လူသိပ်မရှိလှပေ။ နိုင်မျိုးဦးနှင့် စိုင်းဇော်ဇော်က ဒေါင့်ဘက်ကျသောစားပွဲကို ရွေး ထိုင်လိုက်၏။ စိုင်းဇော်ဇော်က အရက်မှာသောက်သည်။ နိုင်မျိုးဦးက မျက်စောင်း ထိုးဘက်ခြမ်းမှ ခင်မောင်ဌေးတို့မင်္ဂလာရိပ်မြုံအိမ်ကို စောင့်ကြည့်နေ၏။
စိုင်းဇော်ဇော် ၂ ပက် ၂ ခွက်သောက်ပြီးချိန်၌ -
"ဟော ...ဖိုးဇော်၊ ဟောဟိုမှာကြည့်၊ ခင်မောင်ဌေးအိမ်ထဲက ထွက်လာပြီ"
စိုင်းဇော်ဇော် လှမ်းကြည့်လိုက်ရာ ခရီးသွားမည့်ဟန်မျိုးဖြင့် ခရီး ဆောင်အိတ်ကိုလွယ်ရင်း အိမ်ထဲမှထွက်လာသော ခင်မောင်ဌေးကို မြင်လိုက် ရသည်။ ခင်မောင်ဌေးက အိမ်ရှေ့တွင်ခေတ္တရပ်ကာ တက်စီကားများကို တားနေ၏။ အငှားကားအလွတ်တစ်စီး အဆင်ပြေသွားပြီး ကားနှင့်လိုက်ပါ သွားလေသည်။
နိုင်မျိုးဦးသည် ထိုင်ရာမှထကာ ဆိုင်နောက်ဘက်သို့ထွက်သွား၏။ ဟဲန်းဖုန်းဖြင့် တစ်နေရာသို့ ဆက်သွယ်ပြောကြားနေလေသည်။
စိုင်းဇော်ဇော်သည် နိုင်မျိုးဦးလုပ်ရပ်များကို လိုက်မမီတော့သဖြင့် ဘာမျှမေးမြန်းမနေတော့။ ကိုယ့်အရက်ကိုယ်သာ ဇိမ်ဆွဲသောက်နေလိုက်လေ သည်။
+ + + + +
*** ဇာတ်သိမ်းပိုင်းမျှော် ***
Credit - ဆောင်းလုလင်
Post a Comment