စွမ်းအားရှင်‌ တို့တိုက်‌ပွဲ အပိုင်း၆

စွမ်းအားရှင်တို့တိုက်ပွဲ အခန်း ( ၆ ) ဗိဿနိုး ပန်ထွာဘုရင်မ

( ဘယ်လို ဘယ်လိုအမေ ပြန်ပြောပါဦး )

(ကျွန်တော်က ပန်ထွာဘုရင်မရဲ့ သားဖြစ်ခဲ့သေးတယ် ဟုတ်လား၊  )
( မသိဘူး မဟုတ်ဘူး မင်းဟာ ငါ့သား ) 
( အာ အမေ၊ အဲလို မလုပ်ပါနဲ့ အရှိကို အရှိအတိုင်း ပြောပါဗျ၊ ) ( မင်းဖာသာ သူ့ကို မေးပေတော့ ဒါပေမယ့် မင်း မှတ်ထား မင်းဟာ ငါ့သား ၊ အမေ ပြန်တော့မယ် ၊ ပြီးမှ ဆက်ထုတ်ပေးမယ် ) သို့နှင့် အားလုံး ခေတ္တခဏ အနားယူရန် စစ်ဆေးကုသနေရာမှ ရပ်လိုက်ကြတော့သည်။

ကိုကျော်ရှိန်စဉ်းစားခန်းဝင်နေသည်။ သူရယ် ဦးအောင်ရယ် မြွေမကြီးသိုက်ရယ် ပန်ထွာသိုက်ရယ် ဘယ်လို ပတ်သက်ခဲ့ကြသလဲ။ မြွေမကြီးသိုက်က ဘာလို့ ပန်ထွာသိုက်ကို မုန်းရတာလဲ၊ ပန်ထွာဆိုတာ ကိုကျော်ရှိန်သိထားတဲ့ ဗိဿနိုးသိုက်က ပန်ထွာဘုရင်မလား၊ လား ပေါင်းများစွာ၏ အဖြေကိုစဉ်းစားမရပဲ ဖြစ်နေတော့သည်။ သို့နှင့် ကိုကျော်ရှိန်သည် ပန်ထွာဘုရင်မနှင့် ပတ်သက်သော သမိုင်းဇာတ်လမ်းများကို အင်တာနက်မှနေ၍ ရှာဖွေကြည့်ရှုသောအခါ ပန်ထွာဘုရင်မဆိုသူသည် ဗိဿနိုးဘုရင်မဖြစ်လေသည်။ ဒွတ္တဘောင်မင်းမှ မသိမ်းမှီကာလတွင် အပျိုကြီးဟု ဖြစ်သည်။  ဘုရင်မတွင် ကြင်ယာတော် ရှိသည်ဟုကား မပါရှိချေ။ တဖန် ဒွတ္တဘောင်ဘုရင်က သိမ်းပိုက်ပြီးနောက် သားတစ်ယောက် ဖွားမြင်ရာ ထိုသားတော်မှာ ရဟန္တာဖြစ်တော်မူသည်ဟု ပါရှိရာ ပန်ထွာဘုရင်မ၏ သားတော်သည် မိမိမဖြစ်နိုင်ခဲ့ကြောင်း တွေးမိပြန်သည်။ ဒါဖြင့် အခု မြွေနဂါးမကြီးပြောသော ပန်ထွာမ ဆိုသူသည်  ဗိဿနိုးအရှင် ပန်ထွာဘုရင်မ ဖြစ်နိုင်ပါ့မလား။ သို့တည်းမဟုတ် ပန်ထွာအရှင်မသည် ဒွတ္တဘောင်မင်းနှင့် အကြောင်းမစုံဖက်မှီ မည်သို့သော အကြောင်းရှိလေမည်လဲ။ သမိုင်းကို ဆန့်ကျင်ကာ တွေးတောသောအလုပ်သည် မဆီလျော်သော်လည်း သိလိုသောကိစ္စကြောင့် ဟိုတွေး ဒီတွေး လျှောက်တွေးမိလေသည်။ သို့သော် မည်သို့မျှ တွေးမရချေ။

ထို့ကြောင့် ဦးအောင်အား နောက်တစ်ကြိမ် စစ်မည့်အချိန်ကိုသာ စောင့်ရပေတော့မည်။ ခေါ်စစ်သောအခါ ပန်ထွာသိုက်ကိုသာ ပူးခိုင်းစေမည်။ သူသိလိုသောအရာများကိုလည်း မေးမြန်းရင်း အဖြေတစ်ခုကို ရှာရပေမည်။ သြော်၊ ပန်ထွာသိုက်နှင့် မြွေနဂါးမကြီးသိုက်တို့ကြား ဘာတွေ အဆင်မပြေဖြစ်နေခဲ့ကြပါလိမ့် …
မြွေနဂါးမကြီးကလည်း ကိုကျော်ရှိန်သည် သူမ၏သားဖြစ်ခဲ့သည်ဟုဆိုသည်။ တဖန် ပန်ထွာသိုက်အရှင်သည်လည်း ကိုကျော်ရှိန်၏ မိခင်ဖြစ်ခဲ့လေသလား၊ ထိုပန်ထွာသိုက်အရှင်သည် ဗိဿနိုးအရှင်သခင်မပင် ဖြစ်လေသလား …..

ယခုဆက်ရေးမည့် စာသားများနှင့်ပတ်သက်၍ အငြင်းမပွားလိုပါ။ အဘယ်ကြောင့်ဆိုသော် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သောသူများနှင့် ပတ်သက်နေသောကြောင့်ဖြစ်ပါသည်။ သို့သော် ဖြစ်ရပ်မှန်ဖြစ်ကြောင်း စာရေးသူကိုယ်တိုင် သိပါသည်။ မိမိပေ့ခ်ျ လူဝင်များလာစေရန် မသိကို အသိလုပ်၊ မရှိကို အရှိလုပ်ပြီးရေးသားခြင်းမဟုတ်ကြောင်း အာမခံပါသည်။

ဆရာကြီး ဦးအောင်သည် ယခင် မှော်ဆရာအိပ်မက် ( သို့ ) ဘကြီးအောင်ညာတယ် ဇာတ်လမ်းထဲရှိ လိမ်ညာတတ်သော မာယာများသော မှော်ဆရာကြီး ဘကြီးအောင်ကို အနိုင်ယူခဲ့သည့် အဘအောင်ပင်ဖြစ်လေသည်။ ဆရာကြီးနှင့် ကိုကျော်ရှိန်တို့သည် အခြားလူများကို ပယောဂကုခြင်း သိုက်ဆက်ဖြတ်ခြင်း သရဲစသည်တို့ကို နှင်ခြင်း အစရှိသည့် လူတို့အား ကူညီသည့် ကိစ္စများကို အတူတကွ ပြုဖူးကြခဲ့သည်။ သို့သော် ယခု မထင်မှတ်ပဲ သူတို့ကိုယ်တိုင် သိုက်ဆက်များ ဖြစ်ခဲ့သည်ကို မကြာသေးမှီကမှ သိလိုက်ရသည့်နောက် ယခင်ကအခြားလူများကို ကုပေးနိုင်ခဲ့သော်လည်း ယခု ကိုယ်ကိုယ်တိုင် ဖြစ်သောအခါ သူတို့အမိန့်အာဏာသည် ထိုသိုက်ဆက်များအပေါ် လွှမ်းခြုံနိုင်စွမ်း အားနည်းကြောင်း သိလာရသည်။ အဘယ်ကြောင့်ဆိုသော် သိုက်ဆက်၊ သိုက်ကြိုးဟူသည် မွေးကတည်းက ပါရှိပြီးသား ဖြစ်သည်ကြောင့်တည်း။ ယခု ဆရာကြီးဦးကျော်ကျော်သည်လည်း အခြားအရေးကြီးကိစ္စရှိ၍ သူ့အိမ်သို့ ပြန်သွားလေပြီ။ စစ်ဆေးကုသပေးမည့်သူမှာ ကိုကျော်ရှိန်သာ ကျန်တော့သည်။

( အဘ )
( အေးပြောကွယ် မောင်ကျော်ရှိန် )
( အဘက ကျွန်တော့်ထက် သိုက်ဆက် အားပိုကြီးတယ်ဗျ )  ( ကျွန်တော်တို့ကို သိုက် ၂ ခုက လုနေတယ် )
( အဘ သိပါတယ်ကွယ် ။ အဘကို ပူးတုန်းက အားလုံးမှ လူစိတ်မပျောက်တာကို မင်းလည်း အပူးခံရဖူးတာပဲ ။ သူတို့ လူစိတ်ပျောက်သည်အထိ မပူးနိုင်ခဲ့ဘူး ။ ဒါပေမယ့် ထိန်းလို့မရဘူး လုပ်ချင်တာ ပြောချင်တာကို သူဖာသာသူ ပြော သူဖာသာသူ လုပ်ချင်ရာ လုပ်သွားတာလကွာ )

( ဟုတ်ကဲ့ အဘ၊ ကျွန်တော် ဟိုနေ့က စစ်မေးတုန်းက ပြောဆိုတာတွေ အဘအားလုံး သိတယ်ပေါ့နော် )

( အဘအားလုံးနီးပါး သိပါတယ်၊ လူလေးရယ် အဘတော့ ဒီသိုက်ဆက်တွေနဲ့ကို ကင်းချင်ပါပြီ။ အဘ ကိုယ်တိုင် အဘအမိန့်နဲ့ ထုတ်ခိုင်းတော့လည်း ထုတ်ပေးရှာပါတယ်။ ကိုယ့်ရဲ့တော်ခဲ့ဖူးတဲ့ ပဌာန်းဆက်တွေဆိုတော့လည်း အဘ မရိုက်နှက်ချင်ဘူးကွယ် )

( ကျွန်တော်လည်း မရိုက်ချင်ဘူးလေ ကျွန်တော့်အမေတွေပဲ၊ ကျွန်တော် အခု အဘကို ပန်ထွာသိုက်ဝင်ပူးခိုင်းမလို့ ၊ မြွေနဂါးမကြီးသိုက်က ပြောသွားတယ်၊ ပန်ထွာသိုက်ရယ် စောနန်းဝေနဂါးသိုက်ရယ် စင်္ကြ၀ဠာနဂါးသိုက်ရယ်နဲ့ အခြားသိုက်ဆက်တွေ ကျန်သေးတယ်လို့ ဆိုတယ်ဗျ )

( လုပ်ကွာ မောင်ကျော်ရှိန် စောနန်းဝေဆိုတာက ငါ့သမီးလေးပါကွယ်၊ ပဲခူးက မြွေနဂါးသိုက်ပါပဲ၊ အဲတာ ညတုန်းက ငါသိလိုက်ရတာ၊ သူက ငါ့ကို သူ့ဆီ လာစေချင်သေးတယ်၊ သူ့ အမေ၂ယောက်ရှိတယ်တဲ့၊ အခုတော့ လူ့ပြည်မှာပေါ့ကွာ၊ တို့တွေ ၃ ယောက်ကို သူ့ဆီလာတာ မြင်ချင်ပါတယ်တဲ့၊ ငါကတော့ သိုက်နဲ့ပတ်သက်ပြီး သိုက်ကြောဖြတ်ချင်ပေမယ့် ကလေးကိုတော့ သနားတယ်ကွာ၊ ဘယ်လိုမှန်းမသိဘူးငါ့စိတ်တွေ သနားလာတယ် ။ သြော် သတ္တလောက ဒီလိုသမုဒယတွေ တွယ်ခဲ့လို့ လည်နေရတဲ့ သံသရာ ဘယ်ခါများမှ ပြတ်မလဲ ….. ၀ဲကတော့ကြီးပါကွယ် )

( ကဲ အဘ ကျွန်တော် ပန်ထွာသိုက်ကို ခေါ်တော့မယ် ) ( အေး အေး )

!!! ဒီကာယကံရှင်ရဲ့ ဆံစမှ ခြေဖျားတိုင် ကိုယ်တွင်း ကိုယ်ပ ၃၂ ကောဌာသ မှာ ပန်ထွာအမည်ရှိ သိုက်ဆက်တစ်ခုနှင့် ပတ်သက်ခြင်း အတိတ်က ရှိခဲ့ဖူးသလား၊ ရှိရင် ရှိကြောင်း အဖြစ်အမှန်အတိုင်း သိချင်တယ်။ ဟဲ့ ဆိုင်ရာအစောင့်အရှောက်များ …. ခေါ်တဲ့သိုက် တကယ်ရှိမှသာ ပူးကပ်နိုင်စေဟဲ့ …. ပန်ထွာသိုက်ရှိရင် ရောက်ခဲ့စေ …. ရောက်တာနဲ့ ဘုရားဦးတိုက်ပြီး ဖြစ်ပေ့စေ ဟဲ့ !!!

ဦးအောင်သည် ဘုရားအား လက်အုပ်ချီပြီး ကန်တော့ပါတော့သည်။
( ယောင်္ကျားဆိုရင် ယောင်္ကျားလိုထိုင်ပါ၊ မိန်းမဆိုရင် မိန်းမလို ထိုင်စေ )
ထိုသို့ဆိုလိုက်သော် ဦးအောင်သည် ပုဆစ်တုပ်လျက် မိန်းမထိုင် ထိုင်နေပါတော့သည်။

( ဟဲ့ အခုရောက်တာ ပန်ထွာသိုက် ဟုတ်မှန်ရဲ့လားဟေ့ ၊ မဟုတ်ရင် ဆိုင်ရာက ဟန်ဆောင်တဲ့အတွက် ထိုက်သင့်သလို အပြစ်ပေးစေ )

( သြော် ငါ့သား ငါ့သား မင်းက မသိတော့လည်း အမေကို အမိန့်တွေ ပေးလို့ပါလား၊ အင်းလေ ဒါတွေ မင်းသိလာရအောင်လို့ အမေကျိုးစားခဲ့တာ ကြာပါပြီ၊ အမေ ပြောချင်နေတာပါ။ အခုတော့ မင်းက သိုက်ဆက်အားလုံး ကုပြီးသွားပြီဆိုတော့ ပြတ်သွားပြီပေါ့လေ၊ )

( ကျွန်တော်က အသင့်ရဲ့သားဖြစ်ခဲ့ဖူးတာဟုတ်ရဲ့လား ) ( အံမယ်လေး မင်းက ငါ့သားပါကွယ် )
ကိုကျော်ရှိန်သည် ထိုသို့ ၀င်ပူးသောသူများက ပရိယာယ်များလှကြောင်း ကြုံခဲ့ပေါင်းများပြီမို့ စိတ်ကယုံချင်သော်လည်း ၀တ္တရားအရ

( ဟဲ့ အခုဝင်နေတာ ပန်ထွာသိုက်ဖြစ်ခဲ့ရင် ကျွန်ုပ်သည်လည်း ထိုသိုက်နန်းရှင်၏ သားဖြစ်ခဲ့လျှင် ထင်ရှားစွာ သိလိုတယ် ဆိုင်ရာအစောင့်အရှောက်များ လိုက်လံ စစ်ဆေးကြစေ။ မဟုတ်ပါက လိမ်ညာပါက လိမ်တဲ့သူကို ပြင်းထန်စွာ ဆုံးမလိုက်ကြစမ်း )
ဝင်ပူးသော ထိုသိုက်နန်းရှင်မှ ဘာမှ မဖြစ်သည့်အနေအထားတွင်ရှိလေသည်။ တကယ်ဆိုလျှင် ထိုသို့ အမှားအမှန်စစ်ဆေးရာတွင် အမိန့်ပေးလိုက်သည်နှင့် လိမ်ညာ၍ မရပါ။

( ငါ့သား၊ မင်းရော မင်းအဖေပါ ငါတို့က ပထမက လူတွေပါ၊ အချိန်ကာလတစ်ခု အလွန်မှာ သိုက်ဖြစ်သွားတယ်။ ဒို့တွေက ဒို့ပြည်ကြီးကို တိုးတက်ဖို့ စိတ်က အမြဲရှိတယ်လေ။ ဘယ်တော့မှ အရှုံးမပေးဘူးသား။ ဒါပေမယ့် ရန်သူက နယ်ချဲ့တာကို ခံခဲ့ရတယ်။ ဒါလည်း အမေ့စိတ်ထဲမှာ ငါ့တိုင်းပြည် ငါ့အမျိုးတွေနဲ့ ငါသာ ဘုရင်မအဖြစ်၊ ငါ့တိုင်းသူပြည်သားတွေရဲ့အကျိုး ငါသည်ပိုးချင်စိတ်တွေ အမေ့မှာ မပျောက်ခဲ့ဘူး။ တစ်ရက်မှာ ကိုယ့်တိုင်းပြည်ဟာ ပြန်လည်ထူထောင်နိုင်ရမယ်သား။ အခုတော့ သိုက်နန်းရှင်ဘ၀ပေါ့ကွယ်။   ဒို့သားအဖ ၃ ယောက်က မူလသိုက်ပါ။ ဒီမူလသိုက်ကနေ မင်းနဲ့ မင်းအဖေကို မြွေနဂါးမကြီးက သွေးဆောင်ဖြားယောင်းစည်းရုံးသွားတော့ အမေ့မှာ ရင်ကွဲပက်လက် ကျန်ခဲ့ရပါတယ်။ )

( မြွေနဂါးမကြီးက ဘာလို့လုသွားတာလဲဗျ ) ( ချစ်လို့နေမှာပေါ့ ) 
( မင်းတို့ သားအဖ မြွေနဂါးသိုက်ရောက်တော့လည်း အမေက သတိရနေတာပါပဲ။ ဒါကြောင့် မင်းတို့ ပြန်လာနိုင်ဖို့ အမေကျိုးစားအားထုတ်ခဲ့တယ်။ )

( အမေဘယ်လို ကျိုးစားသလဲ ) (  အမေဘာလုပ်သလဲဆိုတော့ အမေတို့ ၃ဦးက တော်စပ်ခဲ့ကြောင်း နဂါးသိုက်ဖြစ်နေတဲ့ မင်းတို့ ၂ ယောက်ကို အမေ သိအောင်ကျိုးစားရတာပေါ့။ အခုလိုပဲလေ၊ သိုက်ကြိုးတွေကတဆင့် အမေ ဆက်သွယ်ရတယ်။ သိသွားပြီဆိုရင်တော့ သိုက်အပေါ်မှာ မင်းတို့စိတ်သဘောထားလေးတွေ ဘယ်လိုရှိသလဲဆိုတာ အမေထပ်ကျိုးစားရတာပေါ့ကွယ်။ )
( ဆက်ပြောပါဦးအမေ )
( ဒီလိုနဲ့ မင်းတို့ ၂ ယောက် အမေ့ဆီကို ပြန်ရောက်လာခဲ့တယ်၊ ပြန်ရောက်လာတော့ မြွေနဂါးမကြီးက မကျေနပ်ဘူးအမေ့ကို သူ့လင်နဲ့ သားကို လုလို့ပေါ့ ၊ တကယ်တမ်းက သူက အရင်လုခဲ့တာ အမေက အမေ့လူကို အမေပြန်ယူတာလေ )

( ဟုတ်ရဲ့လားဗျ )

( ဟုတ်ပါသော်ကော ငါသားရယ်၊ ပထမသိုက်ဘ၀မှာ အမေနဲ့ မင်းအဖေဟာ ဓားကိုကိုင်ပြီး သစ္စာဆိုခဲ့ကြတာပါ၊ ဘယ်ဘ၀ရောက်ရောက် သိုက်မှာ ကျန်တဲ့သူက ဒီဓားတွေကို ကိုင်ပြီး စိတ်ညွတ်လိုက်တာနဲ့ သိုက်ကြိုးကနေ တဆင့် အလိုလို ဆက်သွယ်တယ်။ ဒါတွေကို မင်းတို့ ယုံချင်မှ ယုံကြလိမ့်မယ်။ အဲလိုနဲ့ မင်းတို့ ၂ ယောက် အမေ့သိုက်ကို ပြန်ရောက်တော့ ဟို မြွေနဂါးမကြီးက မကျေနပ်ဘူး။ အမေတို့ကို နေ့စဉ်တိုက်ခိုက်တယ်။ သူက အခုထိ အမေ့ကို မကျေနပ်ဘူး။ ဒါကြောင့် အမေက နဂါး၂ကောင်ကို မွေးရတယ်။ သားရယ် မင်း အမေ့ကို မသနားဘူးလား၊ အမေ့မှာ လင်လည်းဆုံးရှုံး သားလည်းရှုံးတာ များပါပြီ။ မင်းတို့ ပြန်လာခဲ့ပါလားကွယ်။ တစ်နေ့နေ့မှာ အမေမျှော်မှန်းတဲ့ ဗိဿနိုးတိုင်းပြည်ကြီး ပြန်လည်ထူထောင်ကြမယ်လေ။ )
( ဗျာ ဗိဿနိုး )

( မင်းမသိသေးဘူးလား အမေ့ကို )
( အမေဟာ ဗိဿနိုးဘုရင်မလား )
( အစစ်ပါသား၊ အမေချစ်တဲ့ မိသားစုရယ် အမေ့အခြွေအရံတွေရယ် အမေချစ်တဲ့ ဗိဿနိုးတိုင်းပြည်ကြီး တစ်နေ့ဖြစ်ကို ဖြစ်ရမယ်သား )
( အမေ အမေဟာ ဗိဿနိုးဘုရင်မ ဖြစ်ခဲ့မယ်ဆိုရင် အခုပဲ ကျွန်တော် ပြောပါရစေ ၊ အမေမျှော်လင့်တဲ့ တချိန်က ဘုရင်မဆိုတဲ့ဂုဏ်ဒြပ်ဆိုတာကြီးက အတိတ်မှာပဲ ကျန်ခဲ့ပါပြီ။ နောက်တစ်ကြိမ် အဲဒီနေရာ အဲဒီတိုင်းပြည်မှာ အဲဒီအတိုင်းပြန်ဖြစ်ဖို့ဆိုတာ မလွယ်ကူတော့ပါဘူးဗျာ။ ဘုရားဟောတဲ့ အနိစ္စကို အမေက နိစ္စမလုပ်ချင်ပါနဲ့။ အမေ့မှာ ငါ့တိုင်းပြည်အတွက်ဆိုတဲ့ တိုင်းပြည်ချစ်တဲ့စိတ်ကြောင့် အနိစ္စကနေ နိစ္စမြင်၊ အနတ္တကနေ အတ္တဖြစ်နေပါရော အမေ ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူး ) ( ဘယ်လိုပြောလိုက်တာလဲသားရယ် အမေ့သားမှ ဟုတ်ပါလေစ )

( ကျွန်တော်က အမေမျှော်လင့်နေတာက တကယ်ကို မဖြစ်နိုင်တာကို ပြောတာပါ ။ ဒါကြောင့် အမေ သားတို့ကို တကယ်ချစ်တယ်ဆိုရင် သားတို့နဲ့ နီးတဲ့ လူ့ပြည်လူ့ရွာမှာ လူအဖြစ် မလာချင်ဘူးလား ၊ လူနဲ့အခုသိုက်ဘ၀ ဘယ်ဟာက မြတ်သလဲအမေ )
( အမေလူ့ပြည်လူ့ရွာကို လာတဲ့အချိန် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရမယ့်အချိန်မှပဲ လာမယ်သား )

( အမေ အဲတာဟာ ဥပါဒါန်ဗျ ။ အမေတို့ တိုင်းပြည်ကိုချစ်ခင်စိတ်ရှိတာ ကျွန်တော်လက်ခံတယ်၊ ဒါပေမယ့် ဖြစ်နိုင်သေးသလား မဖြစ်နိုင်တော့ဘူးလားဆိုတာ ဓမ္မဓိဌာန်ကျအောင် အမေတွေးကြည့်ပါ။ ၁။အမေဟာ အခု လူမဟုတ်တော့ဘူး၊ ၂။ အမေ့တိုင်းပြည်ဟာလည်း မြို့ဟောင်းပဲ ရှိတော့တယ်။ ၃။ အမေ့စစ်သည်ရဲမက်အားလုံး ဒွတ္တဘောင်မင်းနဲ့ စစ်ဖြစ်လို့ တိုင်းပြည်ပျက်တာနဲ့ အားလုံး အမေ့အနားမှာ မရှိတော့ဘူး ။ …… ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်တာကို စွဲလမ်းနေတာက ဥပါဒါန်၊ မဖြစ်နိုင်တာကို စွဲလမ်းတာကျတော့ စိတ္တဇဆန်တဲ့ ဥပါဒါန်ဖြစ်သွားပြီ။ ဒီလိုစွဲလမ်းလို့ အမေ သိုက်ဖြစ်ရတာပါ။ ကျွန်တော်ကတော့ အတိတ်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိပစ္စုပ္ပန်ကိုပဲ အလေးထားတယ် )

( မင်း အမေကို အလေးမထားတော့ဘူးပေါ့ ) ( အဲလိုဆိုလိုတာမဟုတ်ဘူး၊ ဘုရားရှင်အပါအ၀င် သတ္တ၀ါတိုင်းမှာ အတိတ်က အကြောင်း မကင်းခဲ့ကြပါဘူး။ ဒီလိုအတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးရှိလာရတာပါ။ ဒါပေမယ့် အတိတ်အကြောင်းဟာ မကောင်းရင် ပစ္စုပ္ပန်အကျိုး မကောင်းနိုင်ဘူး။ အခု အမေစွဲလမ်းတဲ့ ဥပါဒါန်ဟာ အမေ ဘယ်တော့မှ တရားမရနိုင်တဲ့ အစွဲမျိုး ၊ ဒီအစွဲ မပြုတ်သမျှ သံသရာနဲ့ချီပြီး အမေ လွတ်လမ်းမတွေ့နိုင်ဘူး။ ဘုရားရှင်တို့တောင်မှ အတိတ်အကြောင်းမကင်းခဲ့သူများကို တရားနဲ့ကျေးဇူးဆပ်ကြပါတယ်။ ဘုရားရှင်တွေလည်း အတိတ်ကို မပစ်ပယ်ကြဘူး။ သို့သော် အတိတ်ကို စွဲလမ်းမနေကြဘူး။ ကျွန်တော်သည်လည်း သိုက်ကို ပြန်မလာဘူးဆိုသော်ငြား ယခင်ဘ၀ဘ၀တွေက တော်စပ်ခဲ့တဲ့ ပဌာန်းဆက်တွေရဲ့ ကျေးဇူးတရားကို ပစ်ပယ်တာမဟုတ်ဘူး။ ဒီကျေးဇူးကို သိလို့ အမေ့ကို လူ့ပြည်လာဖို့ ကျွန်တော် တိုက်တွန်းနေတာပါ။ လူပြည်မှာ ကိုယ်တိုင်ကိုယ်ကျ ဘာသာရေးလုပ်လို့ရတယ်။ လူမှုရေး ပရဟိတတွေလည်း လုပ်လို့ရတယ်။ ကဲ အမေတို့ သိုက်မှာ အဲလိုတွေ ကိုယ်တိုင်လုပ်လို့ ရပါသလား။ လူတွေက အမျှအတမ်းပေးမှ အမေတို့ သာဓုခေါ်ခွင့်ပဲ ရကြရတယ်။ ကိုယ်တိုင်လုပ်ပိုင်ခွင့် အမေတို့မှာ ပျောက်ဆုံးနေတယ်။ ဒါတွေက ဒီဥပါဒါန်တွေကြောင့်ပဲဖြစ်ရတာ။ ဒါကြောင့် လူဖြစ်ချင်စိတ်ကို အမေမွေးပါ။ အမေ့ထက်အားအင် ပိုကြီးတဲ့ ဆိုင်ရာတွေကို ခွင့်ပြုဖို့ ကျွန်တော်ပြောပေးနိုင်ပါတယ် ) ပန်ထွာဘုရင်မကြီးသည် ခေါင်းကို တွင်တွင်ခါယမ်းသည်။

( အမေမလာဘူး။ ဒါပေမယ့် မင်း အမေနေတဲ့အရပ် မင်းနေခဲ့ဖူးတဲ့ဆီကို လာခဲ့ပါဦးကွယ် သိုက်ကိုတော့ မင်းပြန်မလာနိုင်တော့တာ အမေသိပါတယ် ဒါပေမယ့် ဗိဿနိုးကို မင်းတစ်ခေါက်တော့လာခဲ့ပါ )
( ကျွန်တော်လာရင် အမေက အခြားလူတစ်ယောက်ကို ပူးကပ်ပြီး ကျွန်တော်တို့ကို ခရီးဦးကြိုပြုပေးမှာလား )  ဗိဿနိုးမိခင်သည် ခေါင်းကို တစ်ဆတ်ဆတ် ငြိမ့်ပြီး ၀မ်းသာအားရ အဖြေပေးသည်။

( အဲလို ပူးပြီးတော့ သားလေး မင်း လာတယ်နော်လို့ အမေက အခြားတစ်ယောက်ကို ပူးပြီး ပြောနိုင်မလား )

( ပြောနိုင်တယ် အမေပြောမယ် ငါသားလေးကို အမေ ဒီနေရာမှာ မြင်ချင်လို့ပါ )

( ကောင်းပါပြီ ကျွန်တော် တစ်ရက်ရက်တော့ လာဖြစ်ဖို့ ကျိုးစားပါမယ်။ အဲလိုလာခဲ့လို့မှ ဘာမှ မထူးခြားဘူးဆိုရင် အမေဆိုတာကို ကျွန်တော် မယုံဘူးနော် )

( စိတ်ချ အမေ စောင့်နေမယ်။ ငါ့သားလေးလာခဲ့၊ အမေ့ကိုတော့ လူ့ပြည်လာကြောင်း မပြောပါနဲ့တော့ )  ကိုကျော်ရှိန်သည် ဘ၀ဟောင်းက မိခင်ဖြစ်ခဲ့သူဟုဆိုလာသော ပန်ထွာဘုရင်မနှင့် မြွေနဂါးမကြီးတို့အား မည်သို့မျှ နားမချနိုင်တော့ကြောင်း သဘောပေါက်လာခဲ့သည်။

( ဒါနဲ့ ကျွန်တော်က အမေ့သားလို့ အမေပြောခဲ့တယ်၊ ရာဇ၀င်ထဲက အသိက အမေ့မှာ ဒွတ္တဘောင်မင်းနဲ့ရတဲ့ သားတစ်ယောက်ပဲရှိတယ်လို့ ဆိုတာပဲ။ ကျွန်တော်က ဘယ်သူလဲဗျ )
( ဒါတွေက သစ္စာရှိနန်းတွင်းသူ နန်းတွင်းသားတွေပဲ သိကြတာပါ။ ဘယ်သမိုင်းမှာ တွင်ကျန်ရစ်လေမလဲ။  မင်းက ဗိဿနိုးဘုရင်မရဲ့ ပထမသားအရင်းပါ )
( အခု မြွေနဂါးမကြီးကလည်း သူ့သားပါလို့ ဆိုလာတယ်၊ ) ( ဒါလည်း ဟုတ်ပါတယ်၊ တကယ်က အမေဆီက သူက လုခဲ့တာ၊ ဒါပေမယ့် အမေသူ့ကို အပြစ်မတင်ဘူး။ ကိုယ်လိုအပ်တဲ့အရာကိုပဲ ပြန်ရဖို့ အမေကျိုးစားခဲ့တာ။ အဲတာကို သူက အမေ့ကို မကျေနပ်ဘူး။ အခုထိ အမေ့ကို လာလာတိုက်ခိုက်နေတုန်းပဲ ။ သူက အားအင်ပိုကြီးတာကိုး) ထိုသို့ဆိုလိုက်သော် ကိုကျော်ရှိန်သည် ယခုဝင်နေသည့် ပန်ထွာမိခင်နှင့် မြွေနဂါးမိခင်တို့အား စိတ်တွင်းအစာမကျေဖြစ်နေကြသော အရာများ ပြေငြိမ်းစေလိုသည်။ ထို့ကြောင့် တစ်ပြိုင်နက် ပူးစေလိုသော စိတ်ဖြစ်လာသည်။ သို့သော် အပေါ်ပိုင်းတစ်ကိုယ်လုံး ပူးမည်ဆိုပါက တစ်ချိန်တည်းတွင် သိုက်တစ်ခုသာ ပူးကပ်နိုင်ပေလိမ့်မည်။ ထို့ကြောင့်

( ကဲ သက်ဆိုင်ရာ မြွေနဂါးမကြီးရော ပန်ထွာသိုက်နန်းရှင်ပါ တစ်ချိန်တည်း ပူးလို့ရပါစေ၊ ပန်ထွာမိခင်မှ ဗယ်ဖက်ခြေထောက်တွင် နေရာယူပါ။ မြွေနဂါးမိခင်က ညာဖက်ခြေထောက်မှာ နေရာယူကြပါ။ မိမိ၏ မိခင်ဟောင်းများ ဖြစ်ခဲ့သည်ဟုလည်း ယူဆပါသည်။ သို့သော် အခြေအနေအရ တစ်ပြိုင်တည်း မေးမြန်းလိုသောကြောင့် ခြေထောက်များတွင်သာ ပူးကပ်ကြပါရန် အသိပေးပါသည် ။ အထက်ပိုင်းကို ဘယ်သူမှ ၀င်မပူးပါနဲ့) ဗယ်လက် ညာလက်မှာ နေရာချလို့ရသော်လည်း အထက်ပိုင်းသို့ ပူးကပ်ခွင့်ပေးလျှင် စကားပြောရာတွင် လုနေကြဦးမည်ဖြစ်သောကြောင့် ဖြစ်သည်။

စွမ်းအားရှင်တို့တိုက်ပွဲ အခန်း ( ၆ ) ဗိဿနိုး ပန်ထွာဘုရင်မ ပြီး၏

Post a Comment