စွမ်းအားရှင်တို့တိုက်ပွဲ အခန်း ( ၅ ) မြွေနဂါးမကြီးမှ ဦးအောင်အား ဝင်ပူးခြင်း
တစ်ခုခုကြောင့် ရုတ်တရက် ကိုကျော်ရှိန်လန့်နိုးလာပါသည်။ ဘာကြောင့်နိုးတာလဲတော့ သူမသိပါ။ သူ၏ အိပ်ခန်းတံခါးဝဆီသို့သာ စိတ်ရောက်သွားသောအခါ တံခါးမှ မိန်းမတစ်ယောက် ၀င်လာသည်ကို မြင်လိုက်ရပါတော့သည်။ သို့သော် တံခါးပေါက်ကား မပွင့်။ ထိုမိန်းမသည် ရန်လိုဟန်မပြချေ။ ကိုကျော်ရှိန်၏ စိတ်မှလည်း ရန်သူဟု မထင်မှတ်ချေ။
သူမသည် ကိုကျော်ရှိန်၏ မွှေ့ယာဘေးတွင် ခြေစုံလာရပ်၏ ။ သူမသည် အစိမ်းရောင် ၀မ်းဆက်ကို ၀တ်ဆင်ထား၏။ မျက်နှာသည် ၀င်းပသော အရောင်ရှိ၏။ ကိုကျော်ရှိန့်ဘေးသို့ရောက်သောအခါ လျောင်းနေသော ကိုကျော်ရှိန့်ခန္ဓာရှိရာသို့ လက်ဖြင့်ရွယ်ကာ တစ်ခုခု ထည့်သည်ကို တွေ့ရ၏။ ထိုအချိန်တွင် သူမမျက်နှာကို ကိုကျော်ရှိန်မမြင်ရတော့ချေ။ ခါးပိုင်းနှင့် ခြေထောက်ပိုင်းကိုသာ မြင်တွေ့ရလေသည်။ ခဏကြာသော်သူမ ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။ အသက်ကား ၃၀ ခန့်ဖြစ်ပေမည်။ အတွေ့နယ်ချဲ့နေခိုက် ကိုကျော်ရှိန်၏ ကျောပြင်တွင် အရစ်ကြောင်းကြီးများ တွန့်ကာ တွန့်ကာဖြင့် လိပ်တက်လာပါတော့သည်။ ထိုအရစ်ကြောင်းကြီးများသည် ကျောပြင်၊ ၀မ်းဗိုက်အတွင်း နှင့် ရင်ညွန့်များပါမကျန် တွန့်လိမ်လာတော့သည်။ ဆံပင်များသည် မချမ်းပါပဲ ထောင်လာသည်။ အံ့သြလှစွာဖြင့် ကိုကျော်ရှိန်သိလိုက်ရသည်ကား ထိုအရာများသည် မြွေနဂါးသိုက်မှ သူ၏ ဘ၀ဟောင်းက မိခင် မြွေနဂါးမကြီးက လာရောက်ကာကွယ်ပေးလိုသည့် သဘောကြောင့် တစ်ခုခု ထည့်ပေးခဲ့သည်ပင် ဖြစ်တော့သည်။
….. ကျေးဇူးတင်ပါတယ် အမေရယ်။ ဒါပေမယ့် ကျွန်တော် ဒါတွေ မလိုချင်ဘူးဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေဟာ ဘ၀မတူကြဘူး ။ သဘောသဘာဝတွေ မတူကြဘူး။ လူနဲ့ မြွေနဂါး မတူဘူးလေ။ အမေထည့်ပေးတဲ့ အစွမ်းတွေကြောင့် ကျွန်တော် ဟိုလူကြီးကို တိုက်ခိုက်နိုင်တာ မှန်ပါတယ်။ အမေ၀င်ပြီး တိုက်ခိုက်ပေးခဲ့တာကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်ဗျာ ကျွန်တော့်ခန္ဓာထဲ အမေ့ကမ္မစိဒ္ဓိတွေ ရောက်နေတော့ ကျွန်တော့်မှာ နေရ သိပ်ခက်တယ်ဗျ။ ကျွန်တော့် တစ်ကိုယ်လုံးလည်း အဲကွန်းခန်းထဲမှာသာ နေနေတာ ကိုယ်က အမြဲ ပူနေတာဗျ။ မျက်နှာမှာလည်း အမြဲတမ်းလိုလို အကြောင်းကြီးတွေ တွန့်လိပ်ပြီး သွားနေတဲ့ဟာတွေ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်တည်းက ထင်ရှားလာတယ်။ အဲဒါတွေဟာ နဂါးငွေ့ နဂါးစက်တွေကြောင့်ဆိုတာ သိလိုက်ရတဲ့နောက် ကျွန်တော် အဖြေတစ်ခု ရှာတွေ့ခဲ့ပါပြီ။ အမေကူညီပေမယ့် ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ဒါတွေကို ပြန်နှုတ်ပေးပါ။ ……… ကိုကျော်ရှိန်မှ စိတ်မှနေ၍ သူ၏ ဘ၀ဟောင်းက မိခင် မြွေနဂါးမကြီးသို့ တောင်းပန်ပြောကြားနေခြင်း ဖြစ်ပါသည်။
သို့သော် နောက်ရက်များတွင် ထိုအရာများသည် လျော့မသွားပဲ ပို၍ ပို၍ တိုးလာပါတော့သည်။ တခါတခါများတွင် ကိုကျော်ရှိန်အိပ်ပျော်နေခိုက် “ပြန်နှုတ်လို့ ဘယ်ဖြစ်မလဲသားရယ် အခုလောလောဆယ် မင်းမှာက အန္တရာယ်တွေ ၀ိုင်းနေတာ၊ မင်းစောင့်ကြည့်လိုက် ဟိုလူကြီး နောက်ထပ် ၃ လပဲ ၊ ဒင်းမရှိတော့ရင် အမေပြန်ထုတ်ပေးပါမယ်။ နောက်ပြီး မင်းကို သိစေချင်တာလေးတွေ ရှိသေးတယ်။ မင်း နေခဲ့တဲ့အရပ် မင်းမလွမ်းဘူးလား မင်းဆောင်းခဲ့တဲ့ ဗောင်းတော်လေး အမေ့မှာ ရှိသေးတယ်။ ဒါလေးကို အမေကြည့်ပြီး အလွမ်းဖြေရတယ်။ နောက်ပြီး သားရဲ့အဖေနဲ့ ညီမနှစ်ယောက် ” အိပ်မက်လိုလို ကြားရခြင်း ဖြစ်ပါသည်။ သို့သော်ကား ကိုကျော်ရှိန်သည် သူနှင့်ပတ်သက်၍ မိခင်ဟောင်းကိုလည်း အပြစ်မဖြစ်စေလိုပါ။ သားဖြစ်သူဖက်မှ လာရောက်ကာကွယ်တိုက်ခိုက်ပေးတာကိုတော့ ကျေးဇူးတင်ရပါသည်။ သို့သော် မြွေနဂါးတို့မည်သည် ဒေါသအလွန်ကြီးတတ်ရကား သားဇောကြောင့် မလုပ်သင့်တာ လုပ်မိလျှင် …… ထိုအပြစ်တို့ကို မိခင် မြွေနဂါးမကြီးအား မသင့်စေလိုပါချေ။ ထို့ကြောင့်သာ ကာကွယ်တိုက်ခိုက်ပေးရာတွင် တစ်ဖက်လူအား အသေသတ်သည်အထိ မလုပ်ရန် တောင်းပန်ရလေသည်။
“ မောင်ကျော်ရှိန် ” “ ဗျာ ဆရာကြီး ” “ ဒို့ကိုယ်ထဲမှာ ရောက်နေတဲ့ သိုက်ကမ္မစိဒ္ဓိတွေ ရှင်းကြရအောင်ကွာ ” “ ဟုတ်ကဲ့အဘ ကျွန်တော်လည်း အဲတာပြောမလို့ပါ ” “ ငါ့မျက်နှာနဲ့ တစ်ကိုယ်လုံးမှာလည်း မင်းလို ဖြစ်နေတာကွ အကြောင်းတွေ ပတ်ပြေးနေတယ် ။ ငါ့အထင်တော့ ငါ့ကိုရော မင်းကိုရော ပူးကပ်ပြီး စကားပြောနိုင်အောင် သူတို့ သိုက်နဂါးတွေက ဖန်တီးနေကြပြီ။ သူတို့ ပြောချင်တာ တစ်ခုခုရှိလိမ့်မယ်ကွ ငါထင်တာပြောတာ ” “ ဟုတ်ကဲ့ ဆရာကြီး ” “ ဒါပေမယ့် ငါတို့ အခြားလူတွေ ပယောဂဖြစ်တာကို ရှင်းနိုင်ခဲ့ကြပေမယ့် အခု ကိုယ်တိုင်ဖြစ်နေတဲ့ သိုက်စက်မှန်သမျှကို မင်းရှင်းထုတ်နိုင်မယ်လို့ ထင်လား ” “ ကျွန်တော်ကတော့ ရှင်းရင်တော့ ရရမှာလို့ ထင်တာပဲလေ ”
“ မလွယ်ပါဘူးကွယ် အဘ သိပါတယ်၊ ဒါကြောင့် မြင်းခြံက အဘအသိ ပယောဂကုတဲ့ ဆရာကြီးတစ်ယောက်ကို အဘခေါ်မလားလို့ မင်းဆန္ဓရှိရင်ပေါ့ ” “ ဆရာကြီးက မရနိုင်ဘူးလို့ ဆိုရင်လည်း ခေါ်ပါဆရာကြီး ”
ထိုဆရာကြီး၏ အမည်မှာ ဦးကျော်ကျော်ဖြစ်လေသည်။ ဦးကျော်ကျော်သည် ရွှေရင်ကျော် ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ဂိုဏ်းတော်ဝင် ဆရာတစ်ဆူဖြစ်လေသည်။ ကိုကျော်ရှိန့်တွင် စွဲကပ်နေသော သိုက်ဆက်များကို ရက်ပိုင်းအတွင်း ဖြတ်တောက်ပစ်သည်။ ကိုကျော်ရှိန်မှာကား သိုက်နှင့် ပတ်သက်၍ သိလိုသော အကြောင်းတရားများ ကျန်ရှိနေသော်လည်း သိခွင့် မရတော့ပဲ မိမိ၏ သိုက်နှင့် ပတ်သက်သော ကမ္မစိဒ္ဓိစက်များ ကုန်ဆုံးသွားသောကြောင့် ၀မ်းသာရမလို ၀မ်းနည်းရမလို ဖြစ်နေတော့၏။ သူ့ကို ကာကွယ်ပေးခဲ့သော ကျေးဇူးရှင် မြွေနဂါးမကြီးမှ သူ့အား ၀င်ပြီး မပူးကပ်နိုင်တော့ပေ။ အိပ်မက်များလည်း မပေးနိုင်တော့။ သို့ကြောင့် စိတ်ထဲမှ မကောင်းရှိနေခိုက် ဆရာကြီးဦးအောင်အား သိုက်ဆက်ဖြတ်သောအခါတွင်မတော့ ကိုကျော်ရှိန်သိလိုသော အကြောင်းအရာများတို့သည် တိတိကျကျ သိလာရပါတော့သည်။
ကိုကျော်ရှိန်သည်လည်း ဆရာကြီးဦးကျော်ကျော်ထံမှ ရွှေရင်ကျော်ပညာကို ယူခဲ့လေတော့သည်။
ကိုကျော်ရှိန် သိုက်ဆက်ပြတ်ပြီ။ သို့သော်သူ့သိုက်နှင့် ပတ်သက်၍ သိချင်တာလေးတွေ ရှိနေသေးသည်။ သို့သော်ကား သူသည် သိုက်ဆက်စောစီးစွာ ပြတ်တောက်ခဲ့ပြီဖြစ်၍ သူ့ကိုပူးလို့ မဖြစ်နိုင်တော့ချေ။ ကံကောင်းထောက်မစွာဖြင့် ဆရာကြီးဦးအောင်အား စစ်ဆေးသောအခါတွင် သူနှင့် တူသောသိုက်ဆက်များကို စကားပြောခွင့်ရခဲ့ပါတော့သည်။
…( ဟဲ့ … အခုဒီကာယကံရှင်ရဲ့ ခန္ဓာကိုယ်တွင်းကိုယ်ပ ၃၂ ကောဌာသမှာ ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးတို့နှင့် ဆန့်ကျင်ဖက်ဖြစ်တဲ့ ၊ ရွှေရင်ကျော်ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်းတော်ကြီးနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ ကမ္မစိဒ္ဓိတစုံတရာရှိနေခဲ့လျှင် ဟဲ့ ညာခြေ ဒူးအောက်သို့ အရောက်လာခဲ့စမ်း၊ !!! ရှိရင် ရောက်ရင် ဆိုင်ရာက ညာခြေကို ကြမ်းနဲ့ ဖိကပ်ထားစမ်း ဟဲ့ …. ) ဆရာကြီးဦးကျော်ကျော်မှ ထိုသို့အမိန့်ပေးလိုက်သောအခါ ဦးအောင်၏ ညာခြေသည် လှုပ်ရှားလာပါသည်။ ထိုအခါ ခြေထောက်ကို မခိုင်းရာ မ၍ မရအောင် လေးကန်ပြီး ကြမ်းနှင့် ကပ်နေသည်ကို တွေ့ရသည်။ ( ဟဲ့ အဲဒီကမ္မစိဒ္ဓိရှင်တွေထဲမှာ သိုက်ဆက်ပါသလားဟေ့ ပါရင် ကပ်ထားစမ်း ၊ ဆရာက တာဝန်အရသာ အမိန့်ပေးရတာဖြစ်တယ်၊ အသင်တို့နှင့် ရန်သူမဟုတ်ဘူး၊ ဒါကြောင့် နားလည်နိုင်စေ၊ ပေကပ်ပြီး ဖီဆန်တာတွေ၊ နောက်ထပ် နှောက်ယှက်တာတွေ အားလုံး ဆရာဖြတ်တောက်ထားတယ် ဟဲ့ သိုက်ဆက်မှ အပေါ်ပိုင်းကို တစ်ကိုယ်လုံး ၀င်ပူးနိုင်သလား ပူနိုင်ရင် ခေါင်းငြိမ့်ပြစေ ဟဲ့ ) ဆရာကြီးဦးကျော်ကျော်မှ ထိုသို့ အမိန့်ပေးရာ ရောက်နေသော သိုက်ဆက်များက ခြေထောက်ခြေဖျားလေးများကို ညွှတ်၍ ငြိမ့်ပြသည်။
( ကဲ ဒါဆို အားအင်အပြည့်နဲ့ ပူးစမ်း ကပ်စမ်း ကာယကံရှင်အား မူလသာမာန်လူအတိုင်း ရှိပေ့စေ၊ တစ်ကိုယ်လုံးစီးနိုင်ရင် ဘုရားကို ကန်တော့ပါ ၊ ဆရာကို ဦးတိုက်ပါ ) သိုက်ဆက်များမှ ရုတ်တရက် တစ်ကိုယ်လုံးထိ ပူးကပ်လာခဲ့ပြီး ဘုရားနှင့် ကုသနေသော ဆရာအား ရှိခိုးကန်တော့ပါတော့သည်။ ၀င်လာသော သိုက်ဆက်သည် မျက်လုံးကား ပြူးကြောင်ကြောင်၊ နှာမှုတ်သံ ပြင်းလှသည်။ ဒါကြောင့် နဂါးဆက်ဖြစ်သည်ဟု ကောက်ချက်ချ၍ ( ရောက်နေတဲ့ သိုက်ဆက်ဟာ နဂါးဆက်များ ပါသလားဟဲ့ ၊ ) ထိုသိုက်ဆက်မှ ခေါင်းငြိမ့်ပြသည်။ ( ဘယ်အရပ်ကလဲ အရှိအမှန်အတိုင်း ပြနိုင်စေ၊ ဘယ်သူတစ်ဦးတစ်ယောက်ကမှ တားဆီးထားခြင်း မတတ်နိုင်စေရ ) ထိုအခါ သိုက်ဆက်မှ မြောက်အရပ်သို့ လက်ညှိုးထိုးပြလေသည်။ ကိုကျော်ရှိန်မှ ( မြွေနဂါးမကြီးသိုက်နှင့် ပတ်သက်နေပါသလား ဟုတ်ရင် ခေါင်းငြိမ့်ပြပါ ) နဂါးသိုက်သည် ထပ်မံ၍ ခေါင်းငြိမ့်ပြလေသည်။ ( အဲဒီ မြွေနဂါးမကြီး သိုက်ဟာ ကျွန်ုပ်နှင့်လည်း အဆက်ရှိခဲ့တယ်လို့ သိတာ ဟုတ်မှန်ပါသလား ဒါက ကျွန်ုပ်အထင်နော် အရှိကို အရှိအတိုင်း မှန်ရာကိုသာ ဖြေဆိုပါ၊ ကျွန်ုပ်က အသင်မြွေနဂါးမကြီးနဲ့ ဘာတော်စပ်ခဲ့ပါသလဲ )
( သားလေးပါ ၊ အခု ကာယကံရှင်က ယောင်္ကျား ) ( ဟဲ့ ငါရဲ့ ဆိုင်ရာအစောင့်အရှောက်များ သူထွက်ဆိုတာ အမှန်ဆိုရင် အေးချမ်းပါစေ။ အကယ်လို့ အခြားမိစ္ဆာက ဟန်ဆောင်လိမ်ညာပူးကပ်တယ်ဆိုရင် ထိရောက်အောင် ဆုံးမလိုက်ကြစမ်းဟေ့ ) မြွေနဂါးမကြီးက ခေါင်းငြိမ့်ပြလျက် စစ်မှန်ကြောင်း ပြသလေသည်။ ( သားတို့ ပြန်လာကြပါကွယ် အမေသားကို လွမ်းတယ်၊ သားဆောင်းခဲ့တဲ့ ဗောင်းတော်(ဦးထုပ်)လေး အမေတို့သိုက်မှာ ရှိသေးတယ်။ သားရဲ့ရုပ်အလောင်းရော ရှိပါသေးတယ်။ ဒါလေးတွေကိုကြည့်ပြီး အမေအလွမ်းဖြေရတယ်။ သားတို့ ပြန်လာခဲ့ကြပါနော် )
( မဖြစ်နိုင်ဘူးအမေ၊ တကယ်တော့ သိုက်ဆက်ဆိုတာမျိုးက ပြိတ္တာမျိုးတွေ အမေ၊ သားတို့ လူ့ဘ၀နဲ့ သိုက်ဘ၀ ဘယ်အရာက မြင့်မြတ်သလဲ အမေစဉ်းစားပါ ၊ သားကတော့ နိမ့်ရာကို ပြန်မဆင်းတော့ဘူး။ အမေလည်း လူ့ပြည်ကို အရောက်လာခဲ့ပါ။ အမေလူ့ပြည်လာချင်ရင် အမေ့အထက်က အမေ့ထက် ပါဝါကြီးတဲ့ သူတွေဆီ သားကိုယ်တိုင် ပြောပေးမယ်။ အမေကလည်း လူဖြစ်ချင်စိတ်ကို အကြိမ်ကြိမ်မွေးရမယ်။ ဘယ်လိုလဲ အမေ လာခဲ့မလား ) မြွေနဂါးမကြီးမှ ခေါင်းကို တွင်တွင် ခါယမ်းလျက်ရှိနေသည်။ ခဏအကြာတွင် မျက်ရည်များ စီးကျလာပါတော့သည်။
( အမေကတော့ သားကို ချစ်လိုက်ရတာ ကာကွယ်စောင့်ရှောက်လိုက်ရတာ။ သားကတော့ အမေ့ကို ပစ်ပယ်ပြီလား !!! ဟင် အခု သားက ဆေးတော်တွေ တင်လိုက်တော့ အမေသားကို ပူးကပ်လို့မရတော့ဘူး ) ( အမေ ဆေးတော်တင်လိုက်တာဟာ အမေ့ကို ပစ်ပယ်တာမဟုတ်ပါဘူး။ သားက မေတ္တာပို့ပေးနိုင်ပါသေးတယ်။ သား အနားကို အမေလာလို့ရပါသေးတယ်။ မြင်လို့ရနေသေးတာပဲ။ သားအတွက် လိုအပ်တဲ့ အကြောင်းရှိရင်လည်း အမေက အပြင်ကနေ ကာကွယ်ပေးလို့ရနေတာပဲ )
( အေးပေါ့လေ မင်းက ဆေးတော်တင်လိုက်ပြီဆိုတော့လည်း အမေဘာတတ်နိုင်တော့မှာလဲ၊ ရပါတယ်ကွယ် အမေ့ကံပဲပေါ့၊ လူ့ပြည်တော့ အမေ မလာချင်ဘူး၊ လူတွေက စိတ်ထားမမှန်တာတွေ များတယ်၊ အမေတို့သိုက်က လူတွေလို မဟုတ်ဘူး။ အေးချမ်းတာ ပိုပါတယ် ။ နောက်ပြီး နောင်ပွင့်တော်မူမယ့် အရိမေတ္တေယျ မြတ်ဘုရားအတွက် ရတနာပစ္စည်းတွေ လှူဖို့ အမေ့မှာ တာဝန်ရှိသေးတယ် ၊ ဒါတွေကို သားသိပါတယ် ) ( ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ဒီတာဝန်ကို အမေ့ထက်ကြီးတဲ့ သိုက်ချုပ်ကို ခေါ်ပြီး အပ်ပေးမယ်ဗျာ ၊ ကဲ ဘယ်လိုလဲ အမေ လာမယ်မလား၊ သားနဲ့ နီးစပ်တဲ့ လူ့ဘ၀ ပတ်ဝန်းကျင်မှာ လူဖြစ်ဖို့ သားကူညီပေးနိုင်ပါတယ် ) ( မင်းကူညီပေးနိုင်တာ အမေသိပါတယ် ၊ ဒါပေမယ့် အမေကိုယ်တိုင်က သိုက်ချုပ်ပါ၊ အမေ့စိတ်ကိုက မလာချင်တာပါ၊ ငါ့သားလေး ရှိပါစေတော့ကွယ် အဟီး…. အီး ၊ မင်း ရက်စက်ပါပေ့ ) ထိုသို့ပြောရင်း မြွေနဂါးမကြီးသည် ရှိုက်ကြီးတငင်ဖြင့် ငိုပါတော့သည်။
( သားကို ခွင့်လွှတ်ပါ ၊ သားအမေ့ကို မေတ္တာပို့ပါမယ်။ ) ( ရပါတယ်သားရယ်၊ လက်ရှိ မင်းဇနီးဖြစ်နေသူဟာ အတိတ်က မင်းညီမလေးပါ၊ နောက်ပြီး မင်းညီမတစ်ယောက် ရှိသေးတယ်။ သူတို့ကို မင်းစောင့်ရှောက်ပါ) ( ဟုတ်ကဲ့ပါ ) ကိုကျော်ရှိန်မှ အချိန်ကြာနေမည်စိုး၍ ( ကဲအမေ အခု ဒီကာယကံရှင်မှာ ရှိနေတဲ့ အမေ့ကမ္မစိဒ္ဓိတွေကို ကုန်အောင်ထုတ်ပေးပါ။ ကျွန်တော်တို့ကတော့ သိုက်ကို ပြန်လာဖို့ မဖြစ်နိုင်တော့ဘူး။ အခု ဆရာကြီး ဦးကျော်ကျော်ကလည်း ထုတ်ခိုင်းနေပြီ။ ) မြွေနဂါးမကြီးသည် အဘဆရာကြီးဦးအောင်၏ ခန္ဓာကို ပွတ်သပ်နေပြီး ထုတ်ပေးပါသည်။ အတန်ကြာထုတ်ပြီးသောအခါ ( ကုန်စင်ပြီလား အမေ ) မြွေနဂါးမကြီးမှ ခေါင်းကို ခါယမ်းပါသည်။ မျက်ရည်များကား မရပ်ပဲ ဆက်တိုက်ကျဆင်းနေသည်။ ( ဆက်ထုတ်ပါအမေ) မြွေနဂါးမကြီးသည် ထိုင်နေလျက်က ၀မ်းလျားထိုးကာ လူးလှိမ့်နေပြန်ပါသည်။ သူ၏လက်တို့သည် မြွေများသွားလာသည့်သဖွယ် လက်ချင်းယှက်၍ တွန့်လိမ်နေသည်။ ခေါင်းနှင့် ခါးမှာလည်း ဟိုဖက်ယမ်းလိုက် ဒီဖက်ယမ်းလိုက်ဖြင့် ယိမ်းခါလှုပ်ရှားနေသည်။ ထိုသို့ထုတ်နေလျက်က တဖန် ငြိမ်သွားပြန်သည်။ မျက်လုံးကြီးဖွင့်လျက် ပက်လက်ကြီး ဖြစ်နေသည်။ ထိုမျက်လုံးကား မပိတ်ချေ။ ကိုကျော်ရှိန် စောင့်ကြည့်သည်။ ကာယကံရှင်၏ ရင်ဖက်ကိုလည်း ကိုင်ကြည့်ရသေးသည်။ အသက်မှ ရှိပါလေစ။ တော်ပါသေးသည်။ အသက်ကား ပုံမှန် ရှူနေသော်လည်း မျက်လုံးများက ကြောင်တောင်တောင်ဖြင့် တစ်ချက်ကလေးမှ မပိတ်တော့ပဲ တစ်နေရာကို စိုက်ကြည့်နေရာ ငါးမိနစ်ခန့်ပင် ရှိတော့မည်။ အခြား ခြေလက်များလည်း မလှုပ်တော့၊ မျက်လုံးမှာလည်း ဖွင့်လျက်သား၊ အဘယ်သို့ နည်း။ မြွေနဂါးများသည် မျက်လုံးအမြဲဖွင့်နေတတ်သည့် သဘောလော။
ဒါကြောင့် တိတ်ဆိတ်မှုကို ကိုကျော်ရှိန်မှ ဖြိုခွင်းလိုက်သည်။ ( အမေ ကုန်ပြီလား ) မြွေနဂါးမကြီးမှ ခေါင်းခါယမ်းပြသည်။ ( ဒီကာယကံရှင်မှာ အမေ့ရဲ့ သိုက်ဆက်အပြင် အခြား ဘာတွေ ရှိသေးလဲ ) ( ပန်ထွာ ) ( ဗျာ အမေ ဘာပြောတာလဲဗျ ) ( ပန်ထွာလေ ပန်ထွာ ) ( ပန်ထွာက ဘာလဲဗျ အမေ ) ( သိုက်ပေါ့၊ အမေ မုန်းတဲ့ သိုက်ပေါ့ ၊ နောက်ပြီး စောနန်းဝေ နဂါးသိုက်တစ်ခုရှိသေးတယ် ၊ စင်္ကြ၀ဠာ နဂါးသိုက်တစ်ခု ရှိသေးတယ်။ ဒီ ၄ သိုက်က အကြီးဆုံး၊ ကျန်တဲ့ သိုက်ဆွယ်သိုက်ပွားတွေလည်း ကျန်သေးတယ် ) ( အမေ ပန်ထွာဆိုတာ သိုက်လား၊ ကျွန်တော်သိထားတဲ့ ပန်ထွာဆိုတာ သိုက်လားဗျ။ ဗိဿနိုးဘုရင်မလေ သိုက်ဟုတ်လား ) ( အဲတာကိုတော့ အမေ မပြောလိုဘူး၊ အမေနဲ့ မဆိုင်ဘူး၊ အမေသိတာက အမေ သူ့ကိုသိပ်မုန်းတယ်၊ သူက ငါ့ယောင်္ကျားဖြစ်တဲ့ မင်းအဖေနဲ့ ငါ့သား မင်းကို ခေါ်သွားတဲ့ ကောင်မ ၊ ပန်ထွာမ )
စွမ်းအားရှင်တို့တိုက်ပွဲ အခန်း ( ၅ ) မြွေနဂါးမကြီးမှ ဦးအောင်အား ဝင်ပူးခြင်းပြီး၏။
Post a Comment