နန်းကြီးသုပ်
အခုကတော့ သူငယ် ချင်းလက်ဆောင်ပေးလိုက်တဲ့ မန္တလေးက ရွှေညောင်ပင် ပဲမှုန့်ကို သုံးပီး သုပ်ထားတာ စားကောင်းလွန်းလို့..ပေးသူလေး အမှတ်တယ ပို့စ်လေးထပ်တင်တာပါ..။
နန်းကြီးသုပ်က အသားပြုတ်ရည်ကထွက်တဲ့ အချိုနဲ့ ပဲမှုန့်ကအဆိမ့်ကို အဓိကထားပီး ပေါင်းစပ်ထားတာမို့.ပဲမှုန့်ကောင်းကောင်း မသုံးလျှင် ချာတူးလန်နန်းကြီးသုပ်ပဲ ရသည်..။ အဲဒါကြောင့် မမီးလည်း ပဲမှုန့်ကောင်းကောင်းမရှိရင် နန်းကြီးသုပ် မလုပ်စားပါ..။
ပါဝင်သောပစ္စည်းများ ( ၄ -၅ ယောက်စာ)
1. နန်းကြီးမုန့်ဖတ်/ udon ..........၂၀၀ gm/ ၄ ထုပ်
2. ဆီ ......................................၁၅ ကျပ်သားခန့် ( ၂၄၀ မီလီလီတာ)
3. ဖက်ထုတ်ခွံ ..........................၁၀ ချပ်ခန့်
4. ငရုတ်သီး အရောင်တင်မှုန့် .......၁ စားပွဲဇွန်း
5. ကြက်သွန်နီ ...........................၂ လုံး
ကြက်သားပြုတ်ရန်
1. ကြက်ပေါင် နဲ့ ရင်ပုံသား... ၄၅၀ ဂရမ် ( ၂၅ ကျပ်သား)
2. ဆား .............................သင့်ရုံ
3. ဟင်းချိုမှုန့် ......................သင့်ရုံ
4. နနွင်းမှုန့် ........................သင့်ရုံ
5. ချင်း ...............................ပါးပါး ၄ပြား
တွဲဖက်စားသုံးရန်
1. ဆီနီဆီချက်
2. ပဲမှုန့်
3. ငံပြာရည်
4. သံပုရာသီး (အချဉ် ထည့်လိုလျှင်)
5. ကြက်သွန်မြိတ်/ နံနံပင်
6. ကြက်ဥ ၄ လုံး
7. ငါးဖယ်ပြုတ် /ကြော်
ချက်နည်း
1. ကြက်သား ကို ချင်း ၄ ပြား ပါးပါးလှီး ထည့် ပြီး ၊ ဆား၊ အချိုမှုန့်တို့ ဖြင့် ပြုတ်ပါ၊ အသားကျက်လျှင် ဆယ်ပြီး အအေးခံပါ၊ အရိုးဖယ်ပြီး အသားနွှင်ထားပါ၊ အရိုးကိုအချိုရည် ထွက်အောင် မီးအေးအေးဖြင့် ဆက်ပြုတ်ထားပါ၊
2.ငရုပ်သီး အရောင်တင်မှုန့်ကို၊ သကြားအနည်းငယ်ထည့်၊ ကြက်သားပြုတ်ရည် အနည်းငယ်ဖြင့် ပြစ်ပြစ်ဖျော်ထားပါ၊
3. ဖက်ထုတ်ခွံကို မထူမပါးလှီးပီး ဆီပူပူဖြင့် အကြွတ်ကြော် ကြော်ထားပါ။
4. ကျန်သောဆီပူတွင် ကြက်သွန်နီကြော်ပီး ဆီချက်ချက်ပါ၊ ကြက်သွန်နီကြော်များခပ်ပီးဖယ်ထားပါ။
5. မီးဘိုမှ ဖယ်ထားသော ဆီပူအိုးထဲ ငရုပ်သီးအနှစ်ထည့်မွှေပါ၊ နနွင်းအနည်းငယ်ထည့်ပါ၊ မီးဘိုပေါ်ပြန်တင်ပီး အစိမ်းနံ့ပျောက်သည့်အထိ မီးအေးအေးဖြင့် မွှေပေးနေပါ။ ဆီပြန် ရေကျန်လျှင် ခွက်တခုတွင်ခပ်ထည့်ထားပါ၊ ဆီအိုးတွင် ဆက်မထားရ..ကျွမ်းသွားတတ်သည်..။
6. ရေနွေးအိုးတည်ပြီး udon ကို အပူပေးရုံလေးပြုတ်ပြီး ချက်ချင်းပြန်ဆယ်ပါ။ ထိုင်း နှင့် ဗီယက်နန်မှလာသော ဆန်ခေါက်ဆွဲ အလုံးတုတ်တုတ်ကို သုံးလျှင် အထုပ်ပါ အညွှန်းအတိုင်းပြုတ်ထားပါ။
7. သုံးဆောင်မည့် ပန်းကန်ထဲတွင် နန်းကြီးမုန့်ဖတ်၊ ငါးဖယ်၊ ကြက်သားပြုတ်၊ ပဲမှုန့်၊ ဆီနီ ဆီချက်၊၊ ကြက်သွန်နီ၊ နံနံပင်/ ကြက်သွန်မြိတ်၊ ကြက်ဥ၊ ကြက်သွန်နီကြော် တို့ထည့်နယ်ပြီး ဟင်းချိုပူပူနွေးနွေးဖြင့် သုံးဆောင်နိုင်ပါပြီ။
ကြက်သားပြုတ်ရည်ကို ဟင်းချိုသောက်ပန်းကန်လုံးတွင် ထည့်ပါ။ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မြိတ် ဖြူးပြီးသုံးဆောင်ပါ။
.Creditမူရင်း
Post a Comment