လူစားတဲ့​နေရာ

#လူစားတဲ့နေရာ
❇❇❇❇❇❇❇❇
“လူစားတယ်” ဆိုတဲ့ စကားရပ်က ..
ကျွန်တော်တို့ လူမှုနယ်ပယ်မှာ ကြားဖူးနေကျ ..
ဘယ်မြို့ဘယ်ရွာ ဘယ်နေရာက လူစားတယ် ..
ဘယ်ချောင်း ဘယ်ကန် ဘယ်ကွေ့က လူလဲတယ် စသဖြင့် ..
အခုလည်း အဲ့ဒီလိုဘဲဗျ ..
အခု ပြောပြမယ့် လူစားတယ် ဆိုတဲ့ နေရာက ..
တစ်ခြားနေရာ မဟုတ် ..
ကျွန်တော့်အိမ်ရှေ့တည့်တည့် ..
အိမ် ဆိုပေမယ့် ဝန်ထမ်းလိုင်းခန်းပါ ...

ကျွန်တော်က စည်ပင်ဝန်ထမ်းတစ်ဦး ..
နယ်မြို့တစ်မြို့ကို ရာထူးတိုးနဲ့ ပြောင်းရွှေ့ရောက်ရှိရင်း
ရုံးဝန်းထဲမှာ ရှိတဲ့ စည်ပင်ဝန်ထမ်းအိမ်ယာမှာ နေရတယ် ..
ဝန်ထမ်းအိမ်တွေက (၆)လုံးဘဲ ရှိတာပါ ..
လုံးချင်း(၂)လုံးနဲ့ (၂)ခန်းတွဲ(၄)လုံးပေါ့ ..
ကျွန်တော် နေတဲ့ လိုင်းခန်းက ..
ရုံးမျက်နှာစာ လမ်းဘေးတင် ...
ရုံးဘေးမှာက လက်ထောက်ညွှန်မှူးအိမ် ...
ပြီးရင် ကျွန်တော် နေတဲ့ (၂)ခန်းတွဲ လိုင်းခန်း ..
ကျန်တာတွေက ရုံးအနောက်ဘက်ခြမ်းမှာပါ ..
ကျွန်တော့်ဘေးခန်းမှာ ဦးအောင်မျိုးတို့ လင်မယားနေတယ်..
သူတို့က ကလေး အဖတ်မတင်လို့ မရှိဘူး ..

ကျွန်တော့်နာမည် က “ကျော်လွင်” ..
ဇနီးသည်က “မာမာခင်” မို့ “အမာ”လို့ ခေါ်တယ် ..
သားသမီး(၂)ယောက် ..
အကြီးကောင် သားလေးက (၇)တန်း ..
သားငယ်က(၄)တန်းကျောင်းသားတွေ ..
ဒီနယ်မြို့လေးကို ရောက်တာ (၆)လကျော်ပြီပေါ့ဗျာ ..

ကျွန်တော် ဝန်ထမ်းအိမ်ယာမှာ နေခဲ့တဲ့
(၆)လတာ ကာလအတွင်း ...
အိမ်ရှေ့ လမ်းမမှာ ယာဉ်တိုက်မှုကြောင့် ..
လူသေဆုံးမှု (၂)ကြိမ်တောင် ရှိသွားပြီ ..
တစ်ကြိမ်က ကားနဲ့ ဆိုင်ကယ်နဲ့ တိုက်သေတာ ..
နောက်တစ်ကြိမ်က ..
ဆိုင်ကယ် မူးပြီး မောင်းလာရင်း မှောက်သေတာ..
ကျွန်တော် မရောက်ခင်ကလည်း ..
ယာဉ်တိုက်မှုကြောင့် သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရတယ် ..
ဒဏ်ရာရတာ မပါဘူးနော် ..
လူသေဆုံးတာချည်းဘဲ ပြောတာပါ ..
အဲ့ဒီ့တော့ ရပ်ကွက်ထဲကရော ရုံးမှာရော ..
ပြောစမှတ် တွင်တာက ..
“စည်ပင်ရုံးရှေ့က လူစားတယ်” ဆိုတာပါဘဲ ..

ဟုတ်ပြီ ...
လူစားတယ် (လူ မကြာခဏ သေတယ်ပေါ့ဗျာ)ဆိုတော့
သရဲမခြောက်ဘူးလား? မေးချင်ကြမယ် ..
အမှန်အတိုင်း ဝန်ခံရရင် ...
ကျွန်တော် နေထိုင်ခဲ့တဲ့ ကာလတစ်လျှောက် ...
တစ်ကြိမ်တစ်ခါမှ သရဲ အခြောက် မခံဖူးခဲ့ပါဘူး ..
အဲ့ဒီ့တော့ ကြားဖူးနားဝ ကြားခဲ့ဖူးတဲ့ ..
လူစားတဲ့ ကိုးလောင်းကွေ့တွေ ..
ခြောက်လောင်းကွေ့တွေ စသဖြင့်တွေက ..
လူတွေ စကားကို ချဲ့ကားပြောခဲ့ကြတာလား? လို့ ..
ကျွန်တော် ထင်မြင်မိခဲ့တဲ့အထိ ..

ယာဉ်တိုက်မှု သေဆုံးမှု ဖြစ်တဲ့အခါတိုင်း..
ကျွန်တော့် အိမ်ရှေ့တည့်တည့် မဟုတ်ခဲ့ရင်တောင် ..
မျက်စောင်းထိုးလောက် ..
ပေ(၁၀၀)ဝန်းကျင်အတွင်းမှာဘဲ သေဆုံးကြတာပါ ..
ကျွန်တော် မရောက်ခင်နှစ်က ဘုန်းကြီးပင့်ပြီး
ပရိတ်တရားနာဖူးတယ်လို့ သိရတယ် ..

ကျွန်တော့် လိုင်းခန်းအိမ်နဲ့ ရုံးဝန်းခြံစည်းရိုးက ..
ရုံးဝန်းအတွင်း ကားလမ်းလေး အပါအဝင်
ပေ(၂၀)သာသာဘဲ ဝေးတယ် ..
ခြံစည်းရိုးနဲ့ ကားလမ်းက (၁၂)ပေသာသာ ..
ခြံစည်းရိုးနဲ့ ကားလမ်းအကြားမှာ ..
အလှစိုက်ထားတဲ့ မြက်ခင်းပြင် ရှိတယ် ..
တရုတ်စကားပင်တန်းလေးလည်း စိုက်ထားတာပေါ့ ..
တစ်ခါတစ်လေ ကိုယ့်မိသားစုချည်း
ဒါမှ မဟုတ် တစ်ဖက်အိမ်က ကိုအောင်မျိုးတို့ မိသားစုပါ
ရုံးဝန်း အဝင်ပေါက်မှာ ခုံတွေချ ထိုင်စကားပြောတယ် ..
ကလေးတွေက မြက်ခင်းပြင်မှာ ဆော့တယ် ..
အဲ့ဒီ့အတွက် ဘာသရဲမှ မတွေ့ဖူး မမြင်ဖူး ..
အခြောက်မခံဖူးဘူးလို့ ပြောတာ ..

ကျွန်တော်တို့ ရုံးရှေ့ ကားလမ်းက မြို့တွင်းရှောင်လမ်းမို့
ကုန်ကားကြီးတွေ ဖြတ်လေ့ရှိတယ် ..
ရုံးအရှေ့မှာတော့ ရပ်ကွက် ရှိတယ် ..
“သစ္စာမြိုင်ရပ်ကွက်” တဲ့ ..

နေ့တစ်နေ့ ညနေစောင်း ..
ကျွန်တော် ရေချိုးပြီး မြို့ထဲ မီးချောင်းသွားဝယ်ဖို့
ဆိုင်ကယ်ပေါ် တက်နေတုန်း ..
ကားလမ်းမဆီက ..
ဒုန်း !!! ... ဆိုတဲ့ အသံကြီး ကြားလိုက်တယ် ..
ဟာ ! တိုက်ပြန်ပြီလား? ဟ ..
ဆိုင်ကယ်ကို ဒေါက် ပြန်ထောက်ပြီး ..
ယာဉ်တိုက်မှု ဖြစ်နေတဲ့ ကားလမ်းမဆီ အပြေးသွားလိုက်တယ် ..
ရုံးရှေ့ လ္ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ..
လူတစ်ချို့လည်း ဝိုင်းလာကြတယ် ..

ကုန်ကားအလွတ်တစ်စီးအောက်မှာ ..
တရုတ်ဆိုင်ကယ်တစ်စီးနဲ့ ယောကျာ်းလူလတ်ပိုင်း(၂)ယောက် ..
ကျွန်တော် ရောက်ကတည်းက ..
(၂)ယောက်လုံး ပွဲချင်းပြီး သေနေပြီ ..
ဆိုင်ကယ်မောင်းတဲ့ သူကတော့ ...
ဦးနှောက်နဲ့ အူတွေတောင် ထွက်လို့ ..
ကားဘီး တက်ကြိတ်ထားတာ ..
ကားသမားက ထွက်ပြေးဖို့ ဟန်ပြင်နေတာမို့
ရပ်ကွက်ထဲက လူတွေက ဖမ်းချုပ်ထားတယ် ..
မှားတာက ကားသမား မှားတာဗျ ..
ရှေ့က သုံးဘီးဆိုင်ကယ် ကို ကျော်တဲ့အချိန် ..
တစ်ဖက် ယာဉ်ကြောက မောင်းလာတဲ့ ..
ဆိုင်ကယ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်လိုက်တာ ..
သွေးတွေမှ ကားလမ်းပေါ်မှာ အိုင်ထွန်းနေလို့ ..
နောက်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ..
လုပ်စရာ ကိုင်စရာ ရှိတာတွေ ဆက်လုပ်သွားကြတယ် ..
ကျွန်တော် မြို့ထဲမှာ မီးချောင်းဝယ်ပြီး ပြန်လာတော့ ..
ကားလမ်းပေါ်က ဦးနှောက်ဖတ်တွေ သွေးတွေတောင်
ရပ်ကွက်ထဲက လူတွေက ရေဆေးချပြီးပြီ ..
ကြည့်လိုက်တော့ အနိမ့်ပိုင်းဖြစ်တဲ့ လမ်းဘေး
ကျွန်တော်တို့ မြက်ခင်းပြင်ရဲ့ အစပ်
အုတ်ဘောင်လေး ဘေးမှာတောင် ..
ကားလမ်းပေါ်က ရေဆေးချလို့ ..
သွေးတွေ ဦးနှောက်ဖတ်လိုလို ဖြူဖြူဖွေးဖွေး အဖတ်တစ်ချို့နဲ့
ရောနေတဲ့ ရေအိုင် ရေကွက်တွေ တွေ့တယ် ..
နောက်တော့ ပျောက်သွားမှာပါ ..
လောလောဆယ်တော့ အော်ဂလီဆန်သွားတယ် ..
ညနေစာ စားရမှာတောင် မစားချင်တော့ ..

မခြောက်ပါဘူး ဆိုတဲ့ လူစားတဲ့ နေရာ စခြောက်ပြီ ..
**************************************
ယာဉ်တိုက် လူသေဆုံးမှုဖြစ်ပြီး (၅)ရက်မြောက်နေ့ ..
လိုင်းခန်းအရှေ့မှာ ထိုင်ခုံတွေ ချပြီး
ကျွန်တော်နဲ့ ကိုအောင်မျိုးတို့ လင်မယား ထိုင်စကားပြောနေတုန်း ..
အချိန်က ည(၉)နာရီကျော်ပြီဗျ ...
ကျွန်တော့် ဇနီးနဲ့ ကလေးတွေက TV ကြည့်နေကြတယ် ..
ရာသီဥတုကလည်း နွေရာသီဆိုတော့ ..
အိမ်ထဲမှာလည်း ပူပြီး မနေချင်လို့ ..
အပြင်မှာ လေညှင်းထွက်ခံနေတာပါ ..

“အံမယ်လေး !!! ...
ဟိုနေ့က ရုံးရှေ့မှာ သေတဲ့ လူတွေလား? မသိဘူး..”
ပြောလိုက်သူက ကိုအောင်မျိုးရဲ့ ဇနီး “မသင်း” ..
လက်ညှိုးထိုးပြနေလို့ ကြည့်လိုက်တော့ ..
ဟုတ်ပါ့ဗျာ ..
ရုံးဝန်းခြံစည်းရိုး သံတိုင်တွေ ကြားမှာ ..
လွန်ခဲ့တဲ့ (၅)ရက်က ရုံးရှေ့မှာ သေသွားတဲ့ ..
လူ(၂)ယောက် ...
အဲ !!! မှားလို့ သရဲ(၂)ကောင် ..
သေတုန်းက ပုံအတိုင်းဘဲ ..
တစ်ကောင်က ခေါင်းတစ်ခြမ်း ပဲ့နေတယ် ..
နောက်တစ်ကောင်က ခေါင်းမှာ သွေးတွေနဲ့ ..
ဘာလို့ အဲ့ဒီ့လူတွေလို့ တပ်အပ်ပြောနိုင်လဲ ဆိုတော့ ..
သူတို့ ယာဉ်တိုက်မှုဖြစ်လို့ ကျွန်တော်တို့ သွားကြည့်တော့ ..
ကိုအောင်မျိုးတို့ လင်မယားလည်း ပါတယ် ..
နောက်ပြီး ယာဉ်တိုက်မှုကို ..
ကျွန်တော် ဓာတ်ပုံရိုက်ပြီး ...
Facebook ပေါ်တောင် တင်လိုက်သေးတာကိုးဗျ ..
(သေတဲ့လူတွေရဲ့ မျက်နှာကိုတော့ ..
Photoshop နဲ့ ရုပ်ဖျက်ပြီး တင်ခဲ့)
ကျွန်တော့် ဖုန်းထဲမှာတောင် ...
အဲ့ဒီ့ပုံတွေ ရှိနေသေးတယ် ...
ကျွန်တော်တို့နဲ့ မျက်စောင်းထိုးအနေအထားပေါ့ ..
ကိုအောင်မျိုး ဇနီး မသင်းကတော့ ..
ပြောပြီးတာနဲ့ ကြောက်ပြီး အိမ်ထဲ ဝင်ပြေးသွားပြီ ..
ကြောင်ပြီး မတ်တပ်ရပ် ကျန်နေခဲ့တာက ..
ကျွန်တော်နဲ့ ကိုအောင်မျိုး ..
ကျွန်တော်တို့ကလည်း သူတို့ကို ကြည့် ..
သူတို့က ကျွန်တော်တို့ကို ကြည့်နေတာ မဟုတ်ဘူးဗျ ..
သူတို့ ကြည့်နေတာက ဘေးအိမ်ဘက်ကို ..
သံတိုင်ခြံစည်းရိုးရဲ့ အုတ်တိုင်တွေမှာ အလှထွန်းထားတဲ့
မီးလုံးရောင်တွေကြောင့် မြင်နေရတာလေ ..
အလွန်ဆုံးရှိလှ ပေ(၃၀)လောက်ဘဲ ဝေးတာလေ ..

အသက်(၄၀)ကျော်မှာ သရဲဆိုတာ ..
ပထမဆုံး မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာဗျို့ ..
အစကတော့ မမြင်ဖူးတော့ ..
ကြောက်တတ်သလိုလို မကြောက်တတ်သလိုလိုနဲ့ ..
ခု ကိုယ်တိုင် မျက်စိတပ်အပ် ..
နောက်ပြီး ကိုယ်တစ်ယောက်တည်း မြင်တာ မဟုတ် ..
ကိုအောင်မျိုးတို့ လင်မယားပါ မြင်လိုက်ရတာဆိုတော့ ..
ကြက်သီးမွေးညင်းတွေ ဖြန်းဖြန်းထ ..

မြင်နေရတဲ့ပုံစံက ထင်ထင်ရှားရှား မြင်ရလိုက် ..
အရိပ်ပုံစံ ဖြစ်သွားလိုက် ပုံစံမျိုးပါ ..
ကျွန်တော်တို့ ကြောင်ပြီး ရပ်ကြည့်နေတာ
ခန့်မှန်း (၃)မိနစ်လောက်ကြာမယ် ..
နောက်တော့ အဲ့ဒီ့ သရဲနှစ်ကောင် ပြန်လှည့်ထွက်သွားတယ် ..
ကျွန်တော်တို့လည်း သံတိုင်ခြံစည်းရိုးကြားထဲ
အဝေးကနေ ရှာကြည့်ပေမယ့် ပျောက်သွားတယ်ဗျ ..

ကိုအောင်မျိုး ပုံစံ ကြည့်ရတာ ...
သူလည်း လန့်နေတဲ့ ပုံဘဲ ..
အသံတွေတောင် နည်းနည်းတုန်နေသေး ..
“ဒီတစ်ခါဘဲ ကြုံဖူးသေးတယ် ကိုကျော်လွင်ရေ” တဲ့ .
မသင်း ပြောပြလို့ ကျွန်တော့်ဇနီးလည်း သိ ..
နောက်နေ့မနက်ကျတော့ ရုံးမှာ သိကုန်ကြရော ..
တစ်နေကုန် ဟိုလူကလာမေးလိုက် ..
ဒီလူက လာမေးလိုက်နဲ့ ဖြေရှင်းနေရတယ် ..
လူ ဆိုတာက စပ်စုတဲ့ အမျိုးကိုးဗျ ..

နောက်(၃)ရက်လောက်အကြာ ...
အရင်ကဆို ရုံးဝန်းထဲမှာဘဲဖြစ်ဖြစ် လမ်းလျှောက်ထွက်ရင် ..
ခြံစည်းရိုးအပေါက်ဝထိ လျှောက်နေကျ ..
ဟိုသရဲနှစ်ကောင် တွေ့ပြီးကတည်းက ..
လမ်းကို မလျှောက်ဖြစ်တော့တာ ..
အနားမှာ ဘွားခနဲ ပေါ်လာမှ ဒုက္ခလေဗျာ ..

အိမ်ထဲမှာ ဘီယာသောက်ရင်လည်း ပူတာမို့
ကျွန်တော်နဲ့ ကိုအောင်မျိုး အခန်းအပြင်မှာ
ထိုင်ခုံတွေ ချပြီး ဘီယာထိုင်သောက်နေချိန်
ည(၈)နာရီစွန်းစွန်းလေးဘဲ ရှိဦးမယ်ဗျ ..

“ကိုကျော်လွင် .. ဟိုမှာ ဟိုကောင်တွေ ...”
ကိုအောင်မျိုး ပြတဲ့နေရာကို ကြည့်လိုက်တော့ ..
ကားတိုက်သေတဲ့ သရဲနှစ်ကောင်ကို
ခြံစည်းရိုးမှာ ထပ်တွေ့လိုက်ရပြန်တယ် ..
“ဟာ ! ဒီကောင်တွေ ဒီနေရာကို စွဲနေပြီ ထင်တယ်ဗျ ..”
အရင်တစ်ခါ တွေ့ခဲ့သလိုဘဲ ..
လက်ထောက်ညွှန်မှူး အိမ်ရှေ့တည့်တည့် ခြံစည်းရိုးအပြင်မှာ ..
ဘေးတစောင်းအနေအထား ..
ကျွန်တော်တို့ သောက်ထားတဲ့ ဘီယာတောင် အမူးပြေသွားတယ် ..
“ကျွန်တော်တို့ဘဲ မြင်နေရတာလား? မသိဘူးဗျ ..
လ္ဘက်ရည်ဆိုင်က ကိုလှဝင်းကို ဖုန်းဆက်ပြီး ပြောလိုက်ဦးမယ် ..”

ကျွန်တော့်ဖုန်းထဲက ကိုလှဝင်းရဲ့ ဖုန်းနံပါတ်ကို ရှာရင်း
ဖုန်းခေါ်လိုက်တယ် ..
“ကိုလှဝင်း ရေ ..........”
သူ့ဆိုင်ဘက်ကရော မြင်ရလား? မေးကြည့်တာပါ ..
ကိုလှဝင်း လည်း ဖုန်းကိုင်ရင်းနဲ့ဘဲ ..
သူ့ဆိုင်(ဆိုင်ကတော့ ပိတ်ထားပါပြီ) အပြင်ဘက်ကို
ချောင်းကြည့်လိုက်တယ် ထင်တယ် ...
“ဘာမှ မတွေ့ဘူး” တဲ့လေ ..
သေချာအောင် ထပ်ကြည့်ခိုင်းလိုက်သေးတယ် ..
ဘာအရိပ်အယောင်မှ မတွေ့တာ တဲ့ ..
ကျွန်တော်တို့နှစ်ယောက်က ခုထိကို တွေ့နေရတုန်းလေ ..
ကိုလှဝင်း ကျတော့ မတွေ့ဘူး ..
“ကျွန်တော် ဆရာတို့ ရုံးဘက်ကို ခုထွက်လာပြီ” ..တဲ့ ..
ကျွန်တော်တို့ ကြည့်နေတုန်းမှာဘဲ ..
ကိုလှဝင်းတစ်ယောက် ရုံးဘက်ခြမ်းကို
ကားလမ်းကူးလာတာ တွေ့လိုက်တယ် ..
ဂိတ်ခြံစည်းရိုးသော့က မပိတ်ရသေးပါဘူး ..
ချက်ဘဲ ထိုးထားသေးတာမို့ ကျွန်တော်တို့နှစ်ယောက်
တံခါးဖွင့်ဖို့ အတူ ထွက်သွားလိုက်တယ် ..
ကိုလှဝင်းနဲ့ ဟိုသရဲနှစ်ကောင်က
(၁၅)ပေလောက်ဘဲ ဝေးမယ်ဗျ ..
ဘေးချင်းကပ် အနေအထား ...
သူက ဘာလို့ မတွေ့တာလဲ?
တကယ့်ကို စဉ်းစားစရာပါ ..
ကျွန်တော်နဲ့ ကိုအောင်မျိုး ဂိတ်ကို မရောက်ခင်
သရဲနှစ်ကောင် တရုတ်စကားပင်ဘက်ကို ထွက်သွားတယ် ..
ဂိတ်တံခါးဖွင့်ပြီး ခြံဝန်းအပြင်ကို ကြည့်လိုက်တော့
သရဲနှစ်ကောင်ကို မတွေ့ရတော့ဘူးဗျ ..
အဲ့ဒါနဲ့ ကိုလှဝင်းကို ..
ကျွန်တော်တို့ မြင်နေရကြောင်း ပြောပြလိုက်တယ် ..
“အဲ့ဒါဆို ဒီကောင်တွေ ဆရာတို့ ရုံးရှေ့မှာ ..
စွဲနေတဲ့သဘော ထင်တယ်”တဲ့ ..
ကိုလှဝင်း သူ့ဆိုင်ကို ပြန်သွားတဲ့အချိန်အထိ ..
သရဲနှစ်ကောင် ပြန်ပေါ်မလာပါဘူး ..

ကျွန်တော်တို့ နှစ်ယောက် တိုင်ပင်လိုက်ကြတယ် ..
မနက်ကျရင် ရုံးပိတ်ရက် ..
ဘေးအိမ်က လက်ထောက်ညွှန်မှူးကို ...
ကျွန်တော်တို့ မြင်နေရတာ သိအောင် သတင်းပို့လိုက်မယ်လို့လေ ..
လူကြီး သိထားတော့ ပိုကောင်းတာပေါ့ ..
ကျွန်တော်တို့ ဆရာက မိသားစု ခေါ်မထားပါဘူး ..
သူ့မိသားစုက ရွှေဘိုမှာ နေတာ ..
တစ်ခါတစ်လေမှ အလည်လာကြတယ်လေ ..
ခုလည်း ဆရာနဲ့ သူ့တပည့်တစ်ယောက်ဘဲ ..
ရုံးထဲက အိမ်မှာ နေတာပါ ..

မနက်မိုးလင်းတော့ ..
ကိုအောင်မျိုးကို လှမ်းခေါ်လိုက်ပြီး ..
ဆရာ့ အိမ်ဘက်ကို ကူးလာခဲ့လိုက်တယ် ..
ဆရာ ဘုရားဝတ်ပြုနေလို့ အပြင်မှာ ခဏရပ်စောင့်နေလိုက်တယ် ..
ခဏအကြာမှာတော့ အိမ်အပြင်ကို ထွက်လာတယ် ..

“ကိုအောင်မျိုးနဲ့ ကိုကျော်လွင်တို့ ဘာကိစ္စရှိလို့လဲ?ဗျ..”
ကျွန်တော်တို့ သိတာမြင်တာတွေ ဆရာ့ကို သတင်းပို့လိုက်တယ် ..
ဆရာလည်း အံ့အားသင့်သွားတာပေါ့ ..
“ညတိုင်း တွေ့နေရတာလား?” လို့ မေးတာနဲ့
ညတိုင်းတော့ မဟုတ်ကြောင်း ..
ရံဖန်ရံခါ မြင်တွေ့နေရကြောင်း ပြန်ပြောပြလိုက်တယ် ..
အဲ့ဒါဆို ဒီညကစပြီး သူလည်း စောင့်ကြည့်မယ် တဲ့ ..

ဆရာ စောင့်ကြည့်မယ်ဆိုမှဘဲ ..
သရဲနှစ်ကောင်ကို မတွေ့တာ (၄)ရက်ကျော်သွားပြီ ..
ဆရာကလည်း မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်နေမှာ အသေအချာဘဲ ..

ကျွန်တော်တို့ ဆရာကိုယ်တိုင် သရဲနှစ်ကောင်နဲ့ ဆုံပြီ
**************************************
ည(၉)နာရီကျော် ....
ကျွန်တော်တို့ မိသားစု TV ကြည့်နေတုန်း
အိမ်အပေါက်ဝမှာ ဆရာ့ကို တွေ့လိုက်ရတယ် ..
“ကိုကျော်လွင် ခဏ ...” ဆိုလို့ ..
ကျွန်တော် အိမ်အပြင်ကို ထွက်လိုက်တယ် ..

“ကျွန်တော် ကိုယ်တိုင် အခုလေးတင် ...
ဟိုနှစ်ကောင်ကို တွေ့ခဲ့ပြီဗျ ..”
“ဗျာ !!! ဘယ်လို တွေ့ခဲ့တာလဲ? ဆရာ ...”
“ကျွန်တော် အခု Dinner က ပြန်လာတာ ..
(ဆရာက သူ့ကား သူကိုယ်တိုင် မောင်းတာပါ)
ခြံပေါက်ဝ ရောက်တော့ ဟွန်းတီးလိုက်လို့
အိမ်က တပည့် ဖိုးချို တံခါးဖွင့်ဖို့ ထွက်လာတယ် ..
ဘာရယ် မဟုတ်ဘူးဗျ ..
ညာဘက်ကို ကြည့်မိလိုက်တော့မှ ..
ခင်ဗျားတို့ ပြောနေတဲ့ နှစ်ကောင် ဖြစ်မယ် ထင်တယ်ဗျ ..
တစ်ကိုယ်လုံး သွေးတွေနဲ့ ..
တစ်ကောင်ဆို ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ် ..
ကျွန်တော့်ကို ကြည့်နေကြတယ်ဗျ ..
ကျွန်တော်လည်း ရုတ်တရက်ဆိုတော့ လန့်ဖျပ်သွားတာပေါ့ ..
ဖိုးချိုကို တံခါးအမြန်ဖွင့်ခိုင်းပြီး
ကားကို ခြံထဲ အမြန်မောင်းဝင်လာရတယ် ..
ခင်ဗျားကို ခေါ်ဖို့ လာတော့ ဟိုကောင်တွေကို မတွေ့တော့ဘူးဗျ ..
ခုနက ခြံစည်းရိုးနားမှာ သေချာကို မြင်လိုက်ရတာ ..”

“ဆရာ ... ခဏနော် ..”
အိမ်ထဲ ပြေးဝင် ကျွန်တော့်ဖုန်း သွားယူပြီး
ဖုန်းထဲက အဲ့ဒီ့နှစ်ယောက် ကားတိုက်သေတုန်းက
ကျွန်တော် ရိုက်ထားတဲ့ ပုံတွေ ပြလိုက်တယ် ..
ဆရာက ကျွန်တော့်ဖုန်းကို ယူကြည့်ရင်း ..
“သေချာတာပေါ့ဗျာ .. အဲ့ဒီ့နှစ်ကောင်ဘဲ ...
အဲ့ဒီ့ အဝတ်အစားတွေအတိုင်းဘဲ...” တဲ့ ..
ဒါဆို သေချာသွားပြီပေါ့ ..
ရုံးရှေ့မှာ ကားတိုက်သေတဲ့ နှစ်ယောက်
မကျွတ်ဘဲ ရုံးရှေ့မှာ လာစွဲနေပြီ ...
ဆရာကတော့ သူ့အိမ် မပြန်ခင် ပြောသွားတယ် …
“ဒီအတိုင်းတော့ မဖြစ်ဘူး ..
တစ်ခုခုတော့ လုပ်မှရမယ်” တဲ့ ..

နောက်ရက်တွေမှာတော့ ..
အဲ့ဒီ့ သရဲနှစ်ကောင်ကို မမြင်တွေ့ရတော့တာမို့
စိတ်ချမ်းသာသလိုလိုဘဲဗျ ..

ကျွန်တော့်သားနှစ်ယောက်ကို ဒုက္ခပေးပြီ
******************************
ကျောင်းပိတ်ရက်တစ်ရက်မှာ ..
“ဖေကြီးရေ … ဖေကြီးရေ လာပါဦး ..
အငယ်လေး ဘာဖြစ်နေလဲ? မသိဘူး ..”
သားကြီးရဲ့ ခေါ်သံကြားလို့
ကျွန်တော် အိမ်ပြင်ထွက်ကြည့်လိုက်တယ် ..
အချိန်က ညနေမှောင်စပျိုးချိန် …
အိမ်ပြင်က လှမ်းကြည့်တာ သိပ်မသဲကွဲတာမို့
ရုံးဝန်းခြံစည်းရိုးအပြင်ကို အမြန်ပြေးထွက်လိုက်တယ် ..
ခြံစည်းရိုးတိုင် လုံခြုံရေးမီးလုံးအလှတွေ ထွန်းထားပြီးပါပြီ ..

ကျွန်တော် ရုံးဂိတ်ပေါက်ဝကို ရောက်တော့
သားကြီးက ကျွန်တော့်အနား ပြေးကပ်တယ် ..
သားငယ်ကို ကြည့်လိုက်တော့ …
ရုံးရှေ့မြက်ခင်းပြင် တရုတ်စကားပင်မှာ ကပ်ပြီး
မတ်တပ်ရပ်ရင်း ငိုနေတယ် ..
အသံ လုံးဝ မထွက်ပါဘူး ..
မျက်ရည်တွေတော့ ကျနေတယ် ..
သစ်ပင်ပေါ်က ပြုတ်ကျတာလား? လို့ တွေးပြီး
ကျွန်တော် စိတ်ပူသွားတာမို့
သားငယ်ဆီ အပြေးသွားလိုက်မိတယ် …
သားငယ်ဆီ မရောက်ခင် ခြေလှမ်း(၃)လှမ်းလောက်အလိုမှာ
တစ်စုံတစ်ခုနဲ့ ဝင်တိုက်မိသလို ခံစားလိုက်ရတယ် ..
ကျွန်တော် ယိုင်သွားတယ် ..
ရှေ့ကို ဆက်တိုးဖို့ လုပ်တယ် ..
တစ်စုံတစ်ခုက ကျွန်တော့်ကို တွန်းထုတ်လိုက်သလိုမျိုး ..
ကျွန်တော် အနောက်ကို ပြန်ယိုင်သွားတယ် …
တကယ်တမ်းတော့ ကျွန်တော်နဲ့ သားငယ် အကြားမှာ
ဘာဆို ဘာမှ မရှိ ..
ခြေလှမ်း(၃)လှမ်းစာလောက်ဘဲ ဝေးတယ် ..
ထပ်တိုးကြည့်တယ် ..
မရဘူး ..
ထပ်တွန်းထုတ်ခံရတယ် ..
ကျွန်တော် သတိပြုမိသွားပြီ ..
ဟိုသရဲနှစ်ကောင် လုပ်နေတာဖြစ်မယ် ..
ချက်ချင်းဆိုသလို သားငယ်လေးအတွက်
အရမ်းစိတ်ပူ စိုးရိမ်သွားမိတယ် ..

“အမာရေ … အမာ …”
အသံကုန်အောင် ဇနီးဖြစ်သူကို လှမ်းအော်ခေါ်လိုက်တယ် ..
ကျွန်တော့်ဇနီး အိမ်အပြင်ဝကို ထွက်လာတယ် ..
“ဘုရားစင်က ပရိတ်ရည်ဗူး အမြန်ယူလာခဲ့ ..
လာ .. လာ မြန် မြန် …”
(ကျွန်တော့်အသံတွေ တုန်ရီလို့ နေပါတယ် ..)
ကျွန်တော့် အော်သံ ကြားလို့ ..
ဘေးအိမ်က မသင်း လည်း ထွက်ကြည့်နေတာမို့ ..
“မသင်း .. ကိုအောင်မျိုးကို လွှတ်ပေးပါဦး ..
ဟိုကောင်တွေ ကျွန်တော့် သားငယ်ကို ဆွဲထားလို့ ..”

ခဏအကြာမှာ ဇနီးသည်နဲ့ ကိုအောင်မျိုးတို့ လင်မယား
ရုံးရှေ့မြက်ခင်းပြင်ကို ရောက်လာကြတယ် ..
ဇနီး ဆီက ပရိတ်ရည် ထည့်ထားတဲ့ ..
ရေသန့်ဗူးကို အဖုံး အမြန်ဖွင့်လို့ ..
တရုတ်စကားပင်ရဲ့ ပင်စည် ..
သားလေးဆီကိုရော ဘေးဘက်တွေကိုပါ ..
တစ်ဗူးလုံး ကုန်အောင် လိုက်ပက်ဖြန်းလိုက်တယ် ..

“ဟီး … ဟီး .. ဖေကြီး … ဟီး …” ဆိုပြီး
သားငယ်လေး ကျွန်တော့်ဆီ ငိုရင်း ပြေးထွက်လာလို့
ကျွန်တော် သားလေးကို ဆီးကြိုဖမ်းပွေ့ချီလိုက်ရင်း
ရုံးဝန်းထဲ အမြန်ပြေးဝင်ခဲ့တယ် ..
“အမာ မြန်မြန်လာ .. သားကြီးကို ခေါ် ..
ကိုအောင်မျိုး အထဲကို ပြန်ဝင်ရအောင် …”

အိမ်ထဲ ရောက်တော့ သားငယ်လေး ငိုနေလွန်းလို့
မနည်းချော့ရတယ် ..
ကလေး တော်တော်ကြောက်သွားတယ်ထင်တယ်ဗျ ..
သူ ဘာတွေ့လိုက်ရလို့လဲ? မသိဘူး ..
ကလေး စိတ်ပြန်ကြည်အောင် ချော့မော့ရင်း ..
အငိုတိတ်လုခါမှ ချော့မော့မေးမြန်းရတယ် ..
(ကိုအောင်မျိုးတို့ လင်မယားလည်း ကျွန်တော့်အိမ်ထဲမှာ)

“သားလေး ခုနက ဘာဖြစ်လို့လဲဟင်?
မကြောက်နဲ့တော့နော် ဖေကြီးတို့ ရှိတယ် ..”
(ကလေးကို မေးနေတုန်းမှာဘဲ ဘေးအိမ်က ..
လက်ထောက်ညွှန်မှူး ဆရာ ထပ်ရောက်လာတယ် )

မေးကြည့်လို့ သိရတာကတော့ ..
သူတို့ ညီအစ်ကိုနှစ်ယောက် ရုံးရှေ့မြက်ခင်းပြင်မှာ
ကျောင်းပိတ်ရက်မို့ ညနေစောင်း ဆော့နေရင်း ..
သားငယ်လေးက တရုတ်စကားပင်ဘက်ကို ရောက်တဲ့အချိန်
လူကြီးတစ်ယောက်က သူ့ကို ဆွဲခေါ်ထားတယ် ..
တစ်ကိုယ်လုံး သွေးတွေနဲ့တဲ့ ..
(ဟိုသရဲတွေဆိုတာ သေချာသွားပြီ…)
သားငယ်လေးလည်း ကြောက်ပြီး ရုန်းကန်တယ် ..
ဒါပေမယ့် ဟိုသရဲက မလွှတ်ဘူး ..
အဲ့ဒါနဲ့ သားကြီးက သူ့ညီ ဘာဖြစ်တာလဲ? ဆိုပြီး
သူ့ညီဆီ ကပ်တော့ ကျွန်တော့်လိုဘဲ
(၂)ခါတောင် တွန်းထုတ်ခံရတာ ..
အဲ့ဒီ့တော့မှ သားကြီးက ကြောက်ပြီး
ကျွန်တော့်ကို လှမ်းအော်ခေါ်တာလေ ..
သားငယ်လေးရဲ့ ပါးစပ်ကိုလည်း လက်နဲ့ ပိတ်ထားတယ်တဲ့ …
အဲ့ဒါကြောင့် ကျွန်တော် ရောက်တဲ့အချိန် ..
သားငယ်လေး ငိုနေတာ မြင်ပြီး
ငိုတဲ့ အသံ မကြားရတာကိုး …
ကျွန်တော် သားငယ်လေးဆီ ကပ်တဲ့အချိန်မှာ ..
နောက်သရဲတစ်ကောင်က တွန်းထုတ်နေတာတဲ့လေ ..
သရဲတွေကို ဒီတစ်ခါ မြင်ရတာက ..
သားငယ်လေးတစ်ယောက်ပါဘဲ ..
သူ့အစ်ကိုရော ကျွန်တော်တို့ပါ ..
ဘယ်သူမှ မမြင်လိုက်ရပါဘူး ..
(ကလေးကြောက်မှာ စိုးလို့ ဆက်မမေးဖြစ်တော့ပါ)

ဆရာရယ် ..
ကျွန်တော်ရယ် ..
ကိုအောင်မျိုး လင်မယားရယ် အိမ်အပြင်ထွက်ပြီး
တိုင်ပင်ပြောဆိုကြတယ် ..
ဇနီး အမာ ကတော့ ကလေးတွေကို အိမ်ထဲမှာ ချော့နေတုန်း ..

“ဘယ်လိုလုပ်ကြမလဲ? ဆရာ ..”
ဆရာလည်း စဉ်းစားဟန်ပြုပြီးတော့မှ ..
“ကျွန်တော်တို့ အန္တရာယ်ကင်းပရိတ် ရွတ်မှ ရတော့မယ် ..
မနက်ဖြန်ကျရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဆုံပြီး ပြောကြတာပေါ့” ..

နောက်တစ်နေ့မှာ ကျွန်တော်တို့ ရုံးပိုင်းအရာရှိတွေနဲ့
ရပ်ကွက်က လူကြီးပိုင်းတွေ ဆရာ့ရုံးခန်းမှာ
တွေ့ဆုံဆွေးနွေးဖြစ်တယ် ..
နောက်ဆုံးတော့ ရပ်ကွက်လူကြီးတစ်ယောက်က ..
(         )ဆရာတော်ကို ပင့်ဖိတ်ဖို့ အကြံပြုတာမို့
ကျွန်တော်တို့အားလုံး လက်သင့်ခံလိုက်ကြတယ် ..

တွေ့ဆုံဆွေးနွေးပွဲ ပြီးတာနဲ့ ..
ကျွန်တော်နဲ့ ရပ်ကွက်လူကြီး(၂)ယောက် ..
(         )ဆရာတော်ကို အခြေအနေ အကျိုးအကြောင်း
သွားရောက် လျှောက်တင်ကြတယ် ..
ဆရာတော်က မနက်ဖြန် မနက်(၉)နာရီမှာ ကြွလာမယ်ပြောလို့
နေ့ဆွမ်းကပ်ရအောင် ရုံးက စာရေးမတွေနဲ့
ကျွန်တော်တို့ ဇနီးသည်တွေ ပူးပေါင်းပြီး
ဝယ်ကြခြမ်းကြ ချက်ကြပြုတ်ကြပေါ့ဗျာ ..
(အဲ့ဒီ့ညလည်း ဟိုသရဲနှစ်ကောင်ကို ထပ်မတွေ့ပါဘူး)

နောက်တစ်နေ့ မနက်မှာ ဆရာတော်တို့ ကြွရောက်လာတာမို့
ရုံးရှေ့မြက်ခင်းပြင်မှာဘဲ ..
အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ဖို့ စီစဉ်လိုက်ပါတယ် ..
ဆရာတော်တို့ ရွတ်ဖတ်ပြီးတဲ့ အချိန်မှာ
ငွေဖလားတစ်ခုထဲ အမွှေးနံ့သာ ရောထားတဲ့ ရေနဲ့
သပြေခက်နဲ့ ရုံးရှေ့မြက်ခင်းပြင်တစ်ဝိုက်ကို
လိုက်ပက်ဖြန်းတယ် ..
(တရုတ်စကားပင်ကြီးနားမှာ ဆရာတော် မတ်တပ်ရပ်ပြီး
ပြောနေတာ တွေ့တယ် ..
ပါးစပ်လှုပ်ရုံသာ ပြောဆိုနေတာမို့ မကြားရဘူး)
ကားလမ်းမတစ်လျှောက်မှာလည်း
ဆရာတော်က ရေသန့်ဗူးထဲက ပရိတ်ရည်တွေကို
ပက်ဖြန်းခိုင်းလို့ ရပ်ကွက်ထဲက လူတစ်ချို့နဲ့
ရုံးက ကောင်လေးတွေလည်း လိုက်ပက်ဖြန်းလိုက်ကြသေးတယ် ..

အန္တရာယ်ကင်းပရိတ်နာပြီးတော့
ဆရာတော်တို့ကို နေ့ဆွမ်း ရုံးမှာ ကပ်လှူ ..
ဆွမ်းဘုဉ်းပြီးတော့ ဆရာတော်တို့ ပြန်မယ်ဆိုမှ ..
ဆရာတော်က လက်ထောက်ညွှန်မှူးနဲ့ ကျွန်တော်တို့ အရာရှိတွေကို
သီးခြားခေါ်ပြီး ကပ်ပြောတယ် ..
(ကျန်တဲ့သူတွေ မသိစေချင်လို့ ..
ကြောက်လန့်မှာ စိုးလို့ နေမှာပါ ..)

“ဒကာကြီးတို့ ပြောတာ နာနာဘာဝ (၂)ကောင်နော် ..”
“တင်ပါ့ ဘုရား ..
တပည့်တော်တို့ မြင်တာတော့ လျှောက်တင်ခဲ့သလိုဘဲ
ကားတိုက်သေတဲ့ နှစ်ယောက်တည်းပါ ဘုရား …”
“တကယ်တော့ (၄)ကောင်တောင် ရှိတယ် ဒကာကြီးတို့ရဲ့ ..
ခုတော့ စိုးရိမ်ပူပန်မနေပါနဲ့တော့ ..
ဘုန်းကြီးလည်း သူတို့ကို လွတ်ရာကျွတ်ရာ သွားဖို့
မိန့်ကြားပြီးပါပြီ ..
တရုတ်စကားပင်ကတော့ အသစ်ပြန်စိုက်လိုက်ပေါ့ …”

ဆရာတော် ပြန်ကြွသွားတော့ ..
ကျွန်တော်တို့ အရာရှိပိုင်း ဆွေးနွေးဖြစ်ကြတယ် ..
ဆရာတော် ကားပေါ်တက် ထွက်ခါနီး နောက်ဆုံး ပြောသွားတဲ့ ..
“တရုတ်စကားပင်ကတော့ အသစ်ပြန်စိုက်လိုက်ပေါ့” ဆိုတဲ့
စကားကို နားမလည်ကြဘူး ..
အပင်ကို အမြစ်က တူးထုတ်ပစ်ပြီး
အသစ်တစ်ပင် ပြန်ပြောင်းစိုက်ရမှာလား? မသိဘူး ..
နောက်နေ့မှ ဆရာတော်ကို ရှင်းရှင်းလင်းလင်းသိရအောင်
ပြန်သွားမေးကြဖို့ စီစဉ်လိုက်ကြတယ် ..

ညရောက်တော့ ..
ဆရာတော်က နာနာဘာဝတွေ မရှိတော့ဘူး ဆိုပေမယ့်
ကြောက်လန့်စိတ်အခံက ရှိနေသေးတာမို့ ..
ရုံးဝန်း အပြင်ဘက်ကို ချောင်းချောင်းကြည့်နေမိတယ် ..
ညအိပ်ယာဝင်တဲ့အထိ ..
ဘာအရိပ်အယောင်မှ မမြင်တွေ့ရတော့တာမို့
ဆရာတော် မိန့်ကြားခဲ့သလိုဘဲ ..
နာနာဘာဝတွေ ပြောင်းရွှေ့သွားပြီ ထင်ပါရယ့် ..

နောက်တစ်နေ့ နံနက်(၆)နာရီကျော် ..
“ကိုကျော်လွင် … ကိုကျော်လွင် ..”
အိမ်ရှေ့က ခေါ်သံကြားလို့ ထွက်ကြည့်တော့ ..
ဘေးအိမ်က ကိုအောင်မျိုးတို့ လင်မယား ..
“လာကြည့်စမ်းပါဦးဗျာ .. ဟိုမှာ …”
ကိုအောင်မျိုး ပြတဲ့ နေရာကို ကြည့်လိုက်တော့ ..
ရုံးဝန်းအပြင် မြက်ခင်းပြင်မှာ စိုက်ထားတဲ့ ..
တစ်နည်းအားဖြင့် ကျွန်တော့်သားငယ်လေးကို
နာနာဘာဝကောင် ဆွဲခေါ်ထားတဲ့ …
တရုတ်စကားပင်ကြီးက …
သစ်ရွက်တွေ တစ်ရွက်မှ မရှိတော့ဘဲ ..
သစ်ပင်သစ်ကိုင်းသစ်ခက်ချည်းသက်သက် ဖြစ်လို့ နေပါတယ် ..
သံတိုင်ခြံစည်းရိုးအနားကပ်ကြည့်တော့ ..
မြက်ခင်းပြင်မှာ တရုတ်စကားပင်က သစ်ရွက်တွေက
ခြောက်သွေ့လို့ ကြွေကျနေလေရယ့် ..
(မနေ့ကအထိ သစ်ပင်ကြီးက အကောင်းကြီးလေဗျာ)
နောက်နေ့တွေမှာ သစ်ရွက်တွေများ အသစ်ပြန်ထွက်လာမလား?
စောင့်ကြည့်နေပေမယ့် ..
အဲ့ဒီ့ တရုတ်စကားပင်ကြီးကတော့ ..
တစ်ရက်ထက် တစ်ရက် ခြောက်သွေ့လို့ လာပါတယ် ..
(တစ်ခြား တရုတ်စကားပင်များ ဘာမှ မဖြစ်ပါ)
ဆရာတော်ဆီ အပြေးသွားလျှောက်တင်တော့ ..
“ဒကာကြီးတို့ကို အသစ်ပြန်စိုက်ဖို့ ပြောခဲ့ပြီးသားဘဲလေ” တဲ့ ..

တရုတ်စကားပင် ခြောက်သွေ့သွားတာ (၄)ရက်မြောက်နေ့မှာဘဲ
သစ်ပင်ကို လူငှားနဲ့ ခေါ်လှဲချလိုက်ပါတယ် ..
အံ့အားသင့်စရာ ကောင်းလွန်းတာက ..
ဘာလွှ ဘာရဲဒင်းမှ အားစိုက်မသုံးရဘဲ ..
လွယ်လွယ်ကူကူ ပြိုလဲသွားတာပါ ..
ပင်စည်ကြီးက အသားစတွေကို ကိုင်ကြည့်တော့..
ခြောက်သွေ့ပြီး ကြေမွနေပြီ ..
(၄)ရက်လောက်အတွင်း ..
သစ်ပင် ပင်စည်ကြီး ခြောက်သွေ့မွကြေနေတာကို
ရုံးက အဖွဲ့တွေရော ..
ရုံးရှေ့က ရပ်ကွက်သူ/သားတွေရော ..
ပဟေဠိဆန်တဲ့ ပုစ္ဆာတစ်ပုဒ်အဖြစ်နဲ့သာ ကျန်ရစ်ခဲ့ပါတယ် ..
နောက်ပိုင်းတော့ အဲ့ဒီ့ တရုတ်စကားပင်နေရာမှာ
နောက်ထပ် တရုတ်စကားပင်ဘဲ အသစ်တစ်ပင် ..
ထပ်မံစိုက်ပျိုးခဲ့ပါတယ် ..

ကျွန်တော်လည်း ရာထူးတိုးနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက်
အဲ့ဒီ့ရုံးက ဝန်ထမ်းဟောင်းအချို့ကို ..
အခြေအနေ ဖုန်းဆက်မေးကြည့်တော့ ..
“ဆရာ ရေ ..
ရုံးရှေ့မှာတော့ ခုထိ ဘာမှ မထူးတော့ဘူး ..
ယာဉ်တိုက်မှုလည်း မဖြစ်တော့ဘူး ..
အေးဆေးဖြစ်သွားပြီဗျ ..
လူစားတဲ့နေရာက ပြောင်းသွားပြီလေ ဆရာရဲ့ …”
“ဟေ !!! …..” လို့သာ ..
ကျွန်တော် တလိုက်မိပါတော့တယ် …. ။

မှတ်ချက် ။ မိတ်ဆွေတစ်ဦး၏ ကိုယ်တွေ့ကြုံဖြစ်ရပ်တစ်ခုအား
ဇာတ်လမ်းအသွင် ပြန်လည်မွမ်းမံ၍ ရေးသားတင်ဆက်ပါသည်။
စာဖတ်ရှုသူမိတ်ဆွေများအား ကျေးဇူးတင်ရှိပါသည်။

             လေးစားစွာဖြင့်
                          လူကြီးသား
              (3-2-2017) (1125)AM


Post a Comment