အချစ်

"နင်နဲ့ငါပြတ်ပြီ..."

သူမ ဒီစကားကိုပြောတာ ဒါနဲ့ဆိုအခေါက်ပေါင်းမနည်းတော့ဘူး ပြောရမယ်ဆိုရင် စိတ်ဆိုးပြီးစကားများတိုင်းကြားနေကြစကား
အခုလည်း ဘာရယ်မဟုတ် ချစ်သူရည်းစားထုံးစံအတိုင်း စကားများရင်းပြောတာဆိုတော့ သိပ်ထူးခြားမှုမရှိ ဒီတော့ ကျတော်လည်းခပ်တည်တည်ပဲ ထွေထွေထူးထူးဘာမှပြန်မပြောဖြစ်ဘူး ပြီးရင်ပြန်အဆင်ပြေသွားတာပဲဆိုပြီး ခပ်ပေါ့ပေါ့ပဲ

သူမကို အိမ်ပြန်လိုက်ပို့တဲ့တလမ်းလုံးလည်း စကားတခွန်းမှမပြောဖြစ်ဘူး
သူမက ကိုယ့်ကိုရန်ရှာထားတဲ့သူလေ ဒီတော့ဘယ်ပြောမလဲ ကျတော်ကတော့ နားအေးပါးအေးဖြစ်နေတာကြောင့် တမင်တကာဘာမှမပြောပဲ အေးတိအေးစက်နေလိုက်တယ်
ကျတော်က ချော့ရမှာတော်တော်ပျင်းတဲ့သူ ရစ်ခံရတိုင်းလည်းစိတ်သိပ်မရှည် ကိုယ်အနေထိုင်မှန်ရင်ပြီးတာပဲလို့ခံယူထားတဲ့သူ

ညဖုန်းဆက်တော့ ဖုန်းပိတ်ထားတယ် ကျတော်နည်းနည်းတော့အံ့သြသွားတယ် သူမခါတိုင်းဆို ဖုန်းပိတ်ထားတတ်တာမဟုတ်ဘူး ရန်ဖြစ်ပြီးစိတ်ဆိုးစိတ်ကောက်ကြပေမယ့် ဖုန်းမကိုင်တာမျိုး ဖုန်းပိတ်ထားမျိုးမလုပ်တတ် ကြာကြာလည်းစိတ်ကောက်နေတတ်တဲ့ မိန်းကလေးမျိုးမဟုတ်ဘူး
မိန်းကလေးသာဖြစ်တာ မိန်းမသိပ်မဆန်ဘူး
ဘာဖြစ်ဖြစ်ခပ်တည်တည်နဲ့ဝမ်းနည်းမှုသိပ်မပြတတ်တဲ့မာကျောတဲ့မိန်းကလေးမျိုး မာနကလည်းခပ်ကြီးကြီး တခြားမိန်းကလေးတွေလို အထာကောက်ပြီးတယောက်တည်း စိတ်ဆိုးစိတ်ကောက်နေတာမျိုးလည်းမရှိဘူး ပြောစရာရှိတာပြောပြီး ခဏလေးနဲ့စိတ်ဆိုးပြေလွယ်တဲ့မိန်းကလေးမျိုး သ၀န်တိုတာခပ်ရှားရှား အထင်လွဲနိုင်တဲ့အခြေနေမျိုးကို ကျတော်ကိုယ်တိုင်လည်းရှောင်တဲ့အပြင် သူမကလည်း စိတ်ထဲမထားပဲပွင့်ပွင့်လင်းလင်းမေးတတ်တဲ့သူ
ကျတော်ကလည်းဖြေရှင်းရတာ ချော့ရတာ ကြင်နာပြတာမျိုးတွေသိပ်မလုပ်တတ်တဲ့သူ ပြောရရင် သူမနဲ့ကျတော်က သည်းသည်းလှုပ်မဖြစ်ဘူးပြောရမယ် ဒါကိုသတိထားမိပေမယ့် ကျတော်ကလည်း မချစ်ပြတတ်ပြန်ဘူး သူမကလည်း ချွဲရမှာစိတ်မပါတဲ့သူမျိုး တော်ရုံစကားများရန်ဖြစ်ကြတိုင်းလည်း
"ငါတို့တွေ ကလေးတွေမှမဟုတ်တော့တာ" ဆိုတဲ့ စကားမျိုးနဲ့ပဲ ပြဿနာတွေကိုအဆုံးသတ်လိုက်တာများတယ်
အခုဖုန်းပိတ်ထားတယ်ဆိုတော့ တော်တော်စဉ်းစားစရာဖြစ်နေတယ် ဒါပေမယ့် စိတ်ဆိုးနေလို့ဖြစ်မှာပေါ့လို့ပဲ ပေါ့ပေါ့တွေးပြီးနေလိုက်တယ်

နောက်နေ့တွေဖုန်းဆက်တော့ ဖုန်းမကိုင်ဘူး
message ပို့တော့လည်းပြန်မပို့ ကျတော်နည်းနည်းတော့စိုးရိမ်လာတယ်
သူမတခါမှ ဒီလောက်ကြာအောင်စိတ်မဆိုးဖူးဘူး ပြတ်မယ်ပြောတာလည်းအကြိမ်ကြိမ် တခါမှလည်းပြတ်ခဲ့ဖူးတာမဟုတ်ဘူး ဒါပေမယ့် အခုတော့ တကယ်ပြတ်တော့မှာလား စိုးရိမ်စပြုလာတယ်

အခု သူမနဲ့အဆက်သွယ်ပြတ်နေတာ တပတ်လောက်ရှိသွားပြီ...

"ငါတို့တွေ့ရအောင် ဒီလိုလုပ်နေတာထက်ပြတ်သားတဲ့ အဖြေတခုကိုအတည်ပြုရအောင်"
ကျတော်စာတစောင်ပို့လိုက်တယ်

သူမကျတော့်အရှေ့မှာ ခါတိုင်းထက်အေးဆေးစွာထိုင်ရင်း အပြင်ကိုခပ်လွဲလွဲကြည့်နေတယ်
မလိုလားခြင်း စိတ်ရှုပ်ထွေးခြင်း စိတ်ဆိုးစိတ်တိုခြင်း တစုံတခုမှမပေါ်လွင်ပဲ တည်ငြိမ်နေတယ်ဆိုတာ သူမရဲ့မျက်နှာမှာပေါ်လွင်နေတယ် သူမတကယ်လမ်းခွဲဖို့စိတ်လျော့ထားခဲ့ပုံရတယ် ဒီအတွေးကိုတွေးမိတော့ ကျတော်ရင်ထဲလေးလံသွားတယ်

"နင်ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး"

"ဒါဆို ဘာလို့အဆက်သွယ်မလုပ်တာလဲ"

"..."

သူမ မဖြေ အပြင်ကိုသာငေးနေဆဲ

"ငါ့ကိုစိတ်ဆိုးနေတာလား"

သူမ ငြိမ်နေဆဲပဲ

"တခုခုပြောဦးလေဟာ... အခုဘာဆက်လုပ်ကြမှာလဲ ဒီလိုလုပ်နေလို့ဖြေရှင်းလို့မှမရတာ ကလေးတွေလည်းမဟုတ်ပဲနဲ့"

ဒီစကားကိုကြားတော့ သူမ ကျတော့်ကိုတည့်တည့်ကြည့်တယ်
အဲ့အချိန်မှ သူမ ၀မ်းနည်းနေတယ်ဆိုတာ သူမရဲ့မျက်ဝန်းတွေကနေတဆင့် ကျတော်လှမ်းမြင်လိုက်ရတယ်

"ငါလိုချင်ခဲ့တာ နင့်ဆီကနွေးထွေးမှုပါ ငါတယောက်တည်းလိုဖြစ်နေခဲ့တာ သိပ်ကြာနေပြီ ငါအရမ်းပင်ပန်းနေပြီ"

သူမ ဒီလိုပြောလာတော့ တော်တော်စိတ်မကောင်းဖြစ်သွားတယ် ဟုတ်တယ် ကျတော်သူမကို ချစ်တယ်လို့ပြောပြီးပစ်ထားခဲ့မိတယ် ဘာတွေပဲဖြစ်ဖြစ် နားလည်ပေးပါဆိုတဲ့စကားမျိုးနဲ့ပဲ အနိုင်ယူခဲ့မိတယ်

"ငါတို့လမ်းခွဲရအောင်ဟာ.."

ဒီတခါတော့ ဒီစကားက စိတ်ဆိုးလို့ပြောတာထက် ပိုပြတ်သားနေတယ်ဆိုတာ ကျတော်ခံစားမိပါတယ် ဘာမှမဟုတ်တဲ့ပြဿနာလေးကနေ ဒီလောက်အထိခံစားသွားရလိမ့်မယ်လို့မထင်ထားခဲ့မိတာ အမှန်ပါ တခုခုကိုဆွဲထုတ်ပစ်လိုက်သလိုပဲ ရင်ထဲဟာတာတာဖြစ်သွားတယ် ကျတော်မှလမ်းမခွဲနိုင်တာ ကျတော်သူမကို ဘယ်လောက်ချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုအသိဆုံးပဲ

"ဘာလို့လဲ ဘာလို့လမ်းခွဲမှာလဲ ဟင်...ငါမေးနေတာဖြေပါဦး"

တချိန်လုံး အေးတိအေးစက်တည်ငြိမ်နေခဲ့တဲ့သူမ ရုတ်တရက်ငိုချလိုက်တော့ ကျတော်အရမ်းတုန်လှုပ်သွားတယ် ဒီလောက်မာကျောတဲ့မိန်းကလေး ဒီလောက်မာနကြီးတဲ့မိန်းကလေးက ကျတော့်အတွက်နဲ့ငိုတယ်ဆိုတဲ့အသိကလည်း တော်တော်စိတ်မကောင်းဖြစ်စေတယ်

"ငါပြတ်မယ်လို့ပြောတိုင်း ဘာလို့တခါမှဆွဲမထားရတာလဲ ဘာလို့ဒီအတိုင်းပစ်ထားရတာလဲ ဘယ်လောက်စိတ်ဆိုးပြီးပြတ်မယ်ပြောပြော ငါလိုချင်တာက နင့်ဆီကမပြတ်နိုင်ဘူးဆိုတဲ့စကားတခွန်းတည်းပါ ဒါပေမယ့် တခါမှမရခဲ့ဘူး"

သူမ ကလေးတယောက်လို အော်ငိုရင်းပြောထွက်လာတယ် ကျတော်အရမ်းသနားသွားတယ် ကျတော်သိပ်အခဲ့တာပဲ ကျတော်သူ့အပေါ်အရမ်းပေါ့လျော့ခဲ့တာပဲ သူမဘာဖြစ်ချင်လဲဆိုတာ မသိခဲ့ရလောက်အောင် ကျတော်သူမအပေါ် ဂရုမစိုက်ခဲ့မိဘူး
သူမပြတ်မယ်ပြောတိုင်း ပြန်အဆင်ပြေသွားမှာပဲဆိုတဲ့ အတွေးမျိုးနဲ့ပေါ့ပေါ့ဆဆပဲနေခဲ့မိတယ် ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ပစ်ထားခဲ့မိတယ် ဒါကိုသူမဘယ်လောက်ခံစားနေရလဲဆိုတာ အခုမှကျတော်နားလည်သွားတယ် အခုမှစိတ်မကောင်းမှုများစွာနဲ့ကျတော် သူမအပေါ်တော်တော်မတရားခဲ့တာပဲ

ကျတော် သူမဘေးနားကပ်ထိုင်ပြီး လက်ကိုဆုပ်ကိုင်လိုက်တယ်
သူမ မရုန်းပဲတရှုံ့ရှုံ့ငိုနေတယ်

"ငါတောင်းပန်ပါတယ် ငါဒါတွေနားမလည်ခဲ့ဘူး ငါ့အမှားတွေအတွက်ပြင်ဆင်ချိန်ပေးနိုင်မလား ငါနင့်ကိုလမ်းမခွဲနိုင်ဘူး ငါချစ်တာနင်တယောက်တည်းပါကွာ ငါ့ရဲ့ပေါ့လျော့မှုတွေအတွက် ပြင်ဆင်ဖို့အခွင့်ရေးတခေါက်လောက်ပြန်ပေးပါနော်..."

ဆင်ခြေတွေအများကြီးပေးနေတာထက် စကားလုံးနည်းနည်းနဲ့တောင်းပန်လိုက်တယ် သူမကလည်း စကားတွေအများကြီးပြောတာမျိုး ကြိုက်တဲ့သူမှမဟုတ်ပဲကို

သူမလက်ကလေးကိုကိုင်ထားရင်း
သူမခေါင်းလေးကို ကျတော့်ရင်ထဲဆွဲထည့်လိုက်တယ်

"ငါ့ကို ခွင့်လွှတ်ပေးမယ်မလား ဟင်.."

"အင်း..."

သူမခေါင်းမဖော်ပဲ ဖြေတယ်
ကျတော်ပြုံးမိတယ် ပြီးတော့ အူးယားစွာ သူမလက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်တယ် သူမဆီက အသံထပ်ထွက်လာတယ်

"ဒီတခါ နောက်ဆုံးပဲ
နောက်တခါဆို ခွင့်မလွှတ်ပေးတော့ဘူး" တဲ့

.......

(မိန်းကလေးဆိုတာ ဘယ်လောက်ပဲတည်ငြိမ်ပြီးရင့်ကျက်တဲ့သူဖြစ်ပါစေ ကိုယ့်ချစ်သူအပေါ်တော့ ကလေးလိုဆိုးချင်ကြတယ် ကလေးတယောက်လိုဂရုစိုက်မှုကိုလိုချင်ကြတာချည်းပဲ

ယောက်ျားလေးတော်တော်များများက ချစ်နေရင်လုံလောက်ပြီ သစ္စာရှိနေရင်လုံလောက်ပြီလို့ထင်တတ်ကြတယ် ဒါကအကြီးအကျယ်မှားတာပဲ မလိုအပ်ဘူးထင်တဲ့ အသေးအဖွဲ့ဂရုစိုက်မှုလေးတွေကအစ သူတို့အတွက်လေးနက်မှုရှိနေတတ်တယ် ကိုယ်ကပေါ့လျော့နေရင်တော့ သူတို့ကထွက်သွားဖို့ဝန်လေးမှာမဟုတ်ဘူး

တခါတလေ ဘာမှမဖြစ်လောက်ဘူးထင်တဲ့အရာတွေက သူတို့အတွက် အရမ်းနာကျင်စရာဖြစ်သွားတတ်တယ်ဆိုတာလည်း သတိထားသင့်တယ် ကိုယ်ကတော့ပေါ့ပေါ့ပဲနေလိုက်ပေမယ့်
သူတို့ရင်ထဲမှာ နည်းနည်းနဲ့ခံစားရတာများလာတဲ့အခါ ကြောက်စရာကောင်းလောက်အောင်ပြတ်သားလာတတ်တယ်

တယောက်နဲ့တယောက်သာ
နားလည်မှုမပေးနိုင်ခဲ့ဘူး ဂရုစိုက်မှုတွေမပေးနိုင်ကြရင် ချစ်လျှက်နဲ့ဝေးသွားကြမယ်ဆိုတာ သေချာတယ်

အားလုံးတယောက်နဲ့တယောက်နားလည်မှုနဲ့ ရှေ့ဆက်နိုင်ကြပါစေ...)
credit
#ညီစေမင်း

Post a Comment