တိုင်​ပတ်​ကြမလား

တိုင်ပတ်ကြမလား


ကျွန်တော်တို့ မြန်မာခေတ်လူငယ်တွေကြားမှာ ရေပန်းစားတဲ့ စကားလေးတစ်ခွန်း ရှိတယ်ဗျ။ ဒါကဘာလဲဆိုတော့ “တိုင်ပတ်တယ်” တဲ့လေ။ တစ်ခါက ကိုရင်သာဂိတို့ရွာတစ်ရွာမှာ ရွာရဲ့ အထိမ်းအမှတ်အဖြစ် ကျောက်တိုင်ကြီးကိုစိုက်ထူကြမတဲ့။ နှစ်ပေါင်းများစွာ ပျော်ရွှင်စွာနေလာတဲ့ သူတို့ရွာရဲ့ စည်းလုံးရေးကျောက်တိုင်ပေါ့။

ဒီကျောက်တိုင်အကြောင်းမပြောခင် သာဂိမှာ ညီ တစ်ယောက်ရှိသဗျ၊ မောင်သာဒိုးတဲ့။ ဒီညီအစ်ကိုတွေကသွေးချင်းသာစီးတာ တစ်ယောက်ထက် တစ်ယောက် လူတွေပါးစပ်ဖျားမှာ ရေပန်းစားချင်တယ်၊ ပါးစပ်ဖျားမှာ သာယာတာပေါ့ဗျာ။ ဒီညီအစ်ကိုတွေရဲ့မိဘတွေကလည်း ရွာရဲ့မျက်နှာဖုံးတွေဆိုတော့ သူတို့နှစ်ဦးကို တစ်ရွာလုံး ကလည်း တလေးတစားဆက်ဆံကြတယ်။ သို့ပေတည့် သူတို့ရဲ့ဘေးနားမှာနေတဲ့ ရွာသားတချို့ တလေရဲ့ မြှောက်ပင့်ပေးမှုက သူတို့ရဲ့ကျော်ဇောလိုတဲ့ စိတ်ကိုတွန်းပို့နေတဲ့ လောင်စာဆီတွေလို ပါပဲ။

ဒီလိုနဲ့ရွာရဲ့ အေးချမ်းခြင်းအထိမ်းအမှတ် ကျောက်တိုင်ကြီးကို လုပ်ကွက်ဖော်ချင်ကြပြီလေ။ အစ်ကို ဖြစ်သူ သာဂိက အေးချမ်းခြင်းကိုဖော်ဆောင်မဲ့ အပြာရောင်ကျောက်တိုင်တဲ့။ ဒါကို အားကျမခံ မောင်သာဒိုးက ဖြူစင်ခြင်းကြောင့်အေးချမ်းရတာ ဒါ့ကြောင့် အဖြူရောင်တဲ့လေ။ သူ့ဘက်ကိုယ့် ဘက် မြှောက်ပေးမဲ့ သူတွေရှိတော့ ဖြူလိုက်၊ ပြာလိုက်နဲ့ ညှိမရဖြစ်နေတာပေါ့။ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ဦးသူသုတ်ဆိုပြီး ဖြစ်ကုန်ပါရောလား။ ကျောက်တိုင်ကြီး အမြန်စိုက်ပြီးပါ စေလို့နှစ်ယောက်လုံးက ကြိတ်ပြီးဆုတောင်းနေကြသလို၊ သူ့လူကိုယ့်လူတွေကလည်း ကျောက် တိုင်ကြီးနားမှာ ကင်းစောင့်နေကြတာပေါ့။

တစ်နေ့ကျောက်တိုင်ကြီး အပြီးမှာ သာဂိကအရင် ဆေးပုံးကြီးဆွဲပြီး ဆေးပြေးသုတ်တယ်။ ဒီတော့ သာဒိုးကလည်း ဘယ်ရလိမ့်မလဲ ဆေးဖြူကို ချက်ခြင်းယူပြီး သာဂိသုတ်ပြီးသား အပြာရောင်ကို ဆေးဖြူထပ်ပြီး လိုက်သုတ်တာပေါ့။ ဒီလိုနဲ့ ကျောက်တိုင် ကြီးကိုပတ်ပြီး ဆေးသုတ်လိုက်တာ ညနေမှောင်ရီ တရောချိန်ထိတောင်ပေါ့။ ဒီ အချင်းအရာကို သိသွားတဲ့ ရွာဦးကျောင်းက ဆရာတော်ကြီး ကိုယ်တိုင်ကြွလာပြီး ညီအစ်ကို နှစ်ယောက်အပြုအမူကို ရပ်တန်းကရပ်ဖို့မိန့်တာပေါ့။ ဆရာတော်ကြီးရဲ့ ကြိမ်လုံးကို ကောင်း ကောင်းကြီးသိတဲ့ သာဂိနဲ့သာဒိုး ဆေးပုံးကိုယ်စီဘေးကိုချပြီး ဆရာတော်ကြီးကို ဦးခိုက်ကြတယ်။ ဆရာတော်ကမိန့်တယ် “ဒီ ကျောက်တိုင်ကိုဘာ့ အတွက်တည်ဆောက်တာလဲ” တဲ့။

နှစ်ဦးလုံး ကလည်း “အေးချမ်းခြင်း အထိမ်းအမှတ်အဖြစ် ဆောက်တည်တာပါဘုရား”။ ဆရာတော်ကြီး ကလည်း အေးချမ်းခြင်းအတွက် တည်ဆောက်ထားတဲ့ ကျောက်တိုင်ကြီးအတွက် မင်းတို့ညီအစ်ကို နှစ်ယောက် အေးချမ်းရဲ့ လားလို့ ထပ်မေးတဲ့အခါ။ သာဂိတို့ညီအစ်ကို နှစ်ယောက်တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ဝါးခနဲ့ ပွဲကျသွားကြတယ်။ မကျရိုးလား တစ်ယောက်ကအဖြူ တစ်ယောက်ကအပြာ၊ ညီအစ်ကိုလို့ သာဆိုတယ် အရောင်တွေမတူကြပါလားလို့ အတွေးကိုယ်စီနဲ့ ရယ်ခဲ့ကြတယ်။ နောက်တော့ ဆရာတော်ကြီးကိုဦးခိုက်ပြီး တပည့်တော်တို့ရဲ့အပြစ်တွေအတွက် အရှက်ရမိကြောင်းနဲ့ ပြင်ဆင် ပါ့မယ်လို့ ကတိပေးပြီး ဦးချရှစ်ခိုးကန်တော့လိုက်ကြတယ်။ 

ထိုအချင်းအရာကိုကြည့်ပြီး ဆရာတော်ကြီး ကြည်နူးစိတ်နဲ့ပြုံးပြုံးကြီးမိန့်တော်မူတယ်။ “ကျောက် တိုင်ဆိုတာရုပ်ဝတ္ထုပါ။ တကယ့်အေးချမ်းခြင်းက လူတွေရဲ့စိတ်နှလုံးကပါ။ ရုပ်ဝတ္တုတွေနဲ့အမှတ် သညာပြုလုပ်တာဟာ ဒီရုပ်ဝတ္တုကိုမြင်တိုင်း အတိတ်ကလူတို့ရဲ့ပြုမူနေထိုင်မှုကို နောင်လာနောက် သားတွေအတုယူပြီး မြင်လိုက်တိုင်း သတိတရရှိနေအောင်သာပြုလုပ်တာ” ဆိုပြီး ကျောင်းတိုက်ကို ပြန်ကြွသွားတယ်။ သာဂိနဲ့သာဒိုးလည်း ကျောက်တိုင်ကိုအရင်းပြုပြီး ညီအစ်ကို နှစ်ယောက်ရဲ့အတ္တ ကို ရှေ့တန်းတင်မိတဲ့အတွက် သာဂိကဒီလိုဆိုတယ်။ “တကယ်တော့ ကျောက်တိုင်ကြီးက ဒီရွာကြီးရဲ့အေးချမ်းမှုပြယုဂ်ပဲ။ ဒါပေမယ့် ငါတို့ရဲ့လုပ်ရပ်က ရွာရဲ့ အေးချမ်းမှုကို ခုတုံးလုပ်ပြီး ရွာကျောက်တိုင်ကို ငါတို့ကျောက်တိုင်အဖြစ်လုပ်မိခဲ့ပါလား”လို့ပြော လိုက်တော့၊ သာဒိုးကလည်း “ကျွန်တော်လည်း အရှက်ရမိပါတယ် အစ်ကိုရယ်”ဆိုပြီး နှစ်ဦးသား အေးချမ်းမှု အစစ်အမှန်ကို ရသွားကြတယ်။

ဒီလိုပါပဲ ကျွန်တော်တို့တွေလည်း ငြိမ်းချမ်းရေးမှတ်တိုင်ကြီးကို ဘာအရောင်ဆိုးပြီး စိုက်ထူ ကြမလဲ။ အရောင်တွေနဲ့အလှဆင်ဖို့ထက် ထာဝရတည်မြဲဖို့ကိုကြိုးစားသင့်တယ်လို့ ကျွန်တော်မြင် မိပါတယ်။ ငြိမ်းချမ်းရေးမှတ်တိုင်ကြီးနဲ့ထာဝရအေးချမ်းမှုအစစ်အမှန်ကို ရှာတွေ့ စေချင်ပါတယ်။ သာဂိနဲ့သာဒိုးလို ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး အရောင်ဆိုးတော့အေးချမ်းမှု အစစ်အမှန်ကိုမရ ခဲ့ကြရှာဘူး။ အချိန်တော်တော်ကြာအောင်ကိုပဲ တိုင်ပတ်ပြီးအရောင်ဆိုးလိုက် ကြတာ။ တန်ဖိုးရှိတဲ့ ညီအစ်ကိုနှစ်ယောက်ချစ်ခင်မှု၊ အေးချမ်းမှုကိုဆုံးရှုံးပြီး အရှက်ရစရာသာ ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့လည်းဒီညီအစ်ကိုနှစ်ယောက်ရဲ့ဥပမာကို အသုံးချပြီးတိုင်မပတ် စေလိုပါ။

ထွန်းလှ


Post a Comment