အချိုးကဗျာ ​ရေးစပ်​နည်း

အချိုးကဗျာလေးများ ရေးကြမယ်

လေးချိုးရေးနည်း 
------------ 
တက်သံခေါ် ပကတိသံဖြင့် ချရသော အချိုး နှစ်ခု နှင့် အောက်မြစ်သံ၊ဝိသဇ္ဇနီသံ(ဝစ္စနှစ်လုံးပေါက်ပါသောအသံ)တို့ဖြင့် ချရသော အချိုးနှစ်ခု ပေါင်းအချိုးလေးခု ပါဝင်၍ လေးချိုးဟုခေါ်သည် ။
       ရေးစပ်ပုံ ၊ပိုဒ်ရေ အနည်းအများပေါ်မူတည် ၍ လေးဆစ်ချိုး၊ လေးချိုးငယ်၊လေးချိုးသဖြန်၊ လေးချိုးလတ် ၊ စာထောင့်လေးချိုးကြီး ၊ ရှေးလေးချိုးကြီး၊သံချို ဟူ၍ ကွဲပြားသည် ။
တစ်ဖန် လေးချိုးပုလဲ ၊ ပုလဲပေါက်သဖြန်၊
လေးချိုးဘောလယ် ၊ ထပ်တွန့်လေးချိုးဟူ၍ရှိသေးသည် ။ 
         ဒွေးချိုးနှင့် တြိချိုးစပ်နည်းကို သိလျှင် လေးချိုးစပ်နည်းသည် မခဲယဉ်းချေ ။
      * (အခြေခံ ဒွေးချိုးအပေါ်တွင် တက်သံခေါ် ပကတိသံဖြင့် ချရသော အချိုးနှစ်ခု ထပ်ဆင့်လိုက်လျှင် လေးချိုးဖြစ်လာသည် ။ခွာထောက်ကာရန်ကို
တတိယအချိုး အချပိုဒ်၏ အပေါ်ပိုဒ်၌ထည့်ပေးရသည်)။  
       အချိုးတစ်ချိုး၌ တစ်ပိုဒ်စီမျှသာ ပါသော အငယ်ဆုံးလေးချိုးမှ စတင်၍ ရှင်းပြပါမည် ။
       
ရွှေဝက { ပါ }။

ပန်း (  မာ  ) { လာ } ။

အ  (  ညှာ) မ  {  ရှိ  } ။

ငုံး တိ  { တိ } ။ ။

အထက်ပါ လေးချိုးငယ်၌ 
{ ပါ }နှင့် {လာ} သည် ( ပထမ)နှင့် (ဒုတိယ)အချိုးတို့၏ အချကာရန်များဖြစ်၍  ထိုကာရန်နှစ်ခု အမြဲညီရမည် ။ အမြဲတမ်း ဂရုကာရန်များဖြစ်ရမည် ။

( ရှိ )နှင့် (တိ )တို့သည် (တတိယ )နှင့်( စတုတ္ထ) အချိုးတို့၏ အချကာရန်များဖြစ်၍ ထိုကာရန်နှစ်ခု အမြဲ ညီရမည် ။ အမြဲတမ်း လဟု ကာရန်များ ဖြစ်ရမည် ။

(မာ)သည် ပိုဒ်တွင်းကာရန်ဖြစ်သည် ။

တတိယအချိုးမှ ( ညှာ )သည် အထက်အချိုးများ၏ အချကာရန်ဖြစ်သော (ပါ) နှင့် (လာ)ကို ပြန်ငဲ့၍ ယူထားသည့် ကာရန်ငဲ့ သို့မဟုတ် ခွာထောက်ဖြစ်သည် ။လေးချိုးတိုင်းတွင် တတိယ အချိုး၌ ခွာထောက်ကာရန် မဖြစ်မနေပါရမည် ။

နောက်တစ်ပုဒ် ဆက်ကြည့်ပါ ။

ပန်ပါတဲ့ ပန်{ ပါ }။

ရွှေမင်းဝံ တောင်ပေါ်(ရိုး)က 
ပန်း (ချိုး)လို့{ လာ}  ။

အပွင့်ရယ် ( ဝါ  )*။ 
အ ( ညှာ )*မှာ ရွှေရည် { လူး }။

ပန်ဝံ့ပါ { ဖူး }။   ။

(   )သည်ပိုဒ်တွင်းကာရန်ကို ပြသည် ။ 
(   )*သည် ခွာထောက် ကာရန်ကိုပြသည် ။
{   } သည် အချိုးတို့၏ အချကာရန်ကိုပြသည် ။ 

ပထမအချိုး၏ အချကာရန်မှာ `ပါ´ ဖြစ်၍
ဒုတိယ အချိုး၏ အချကာရန်မှာ`လာ´ဖြစ်သည် ။  
ထိုအချိုးနှစ်ခု၏ အဆုံးသတ်အချကာရန်များကို အမြဲတမ်း *ဂရုကာရန်ဖြင့်ရေးရသည် ။ကာရန်နှစ်ခု အမြဲညီရမည် ။

(တ)အချိုး၏ အချကာရန်မှာ `လူး´ဖြစ်၍
(စ)အချိုး၏ အချကာရန်မှာ `ဖူး´ဖြစ်သည်။ ထိုအချိုးတို့ကို အမြဲတမ်း *လဟုကာရန်ဖြင့် ချရပြီး ကာရန်နှစ်ခု အမြဲ ညီရသည် ။  
      
( တ ) အချိုး၌  `ဝါ ´နှင့်  `ညှာ´တို့သည် ကာရန်ညီကြ၍ လည်းကောင်းတို့သည်  (ပ) နှင့် ( ဒု )အချိုးတို့၏ အချကာရန်များဖြစ်သော  `ပါ ´နှင့် `လာ´ကို ပြန်ငဲ့၍ ယူထားရသော ကာရန်ငဲ့ သို့မဟုတ် ကာရန်ပြန် ခေါ် ခွာထောက်ကာရန်ဖြစ်သည် ။ တြိချိုးနှင့်လေးချိုးတို့၌ ခွာထောက်ကာရန် မဖြစ်မနေ ပါရသည် ။*
        
အချိုးကဗျာများ၏ အသက်ဖြစ်သော လေပြင်းသံ (လဟုကာရန်) ၊လေပျော့သံ (ဂရုကာရန်)တို့ကို အရင်သိထားရပါမည် ။
     ကာရန်(၆၄ )ပါး ရှိသည့်အနက် ဂရုကာရန်သည်
(၁၈ )ပါးသာရှိ၍ ကျန်ကာရန်များသည်  လဟု ကာရန်များဖြစ်ကြသည် ။ ထို့ကြောင့် ဂရုကာရန် များကိုသိလျင် လဟုကာရန်များကို သိနိုင်သည် ။  

ဂရုကာရန်များ
---------
အာ ၊ အီ( ဤ ) ၊အူ( ဦ )၊ အေ( ဧ )၊ အယ် ၊ အော် ၊ အို ၊ အင် ၊ အောင် ၊ အိုင်၊
အဉ် ၊အည် ၊ အန် ၊ အိန် ၊ အုန် ၊ အံ ၊ အိမ် ၊ အုံ ။ တို့သည် ဂရုကာ ရန်(၁၈)ပါးဖြစ်သည် ။ 

လဟု ကာရန်များ
-------------

လဟုကာရန်ကို သုံးမျိုးခွဲထားသည် ။

၁- ဝိသဇ္ဇနီ ပါသောအသံကာရန်(၁၈)ပါး
      ( နိမ့်သံ )
အား ၊အီး ၊အူး (ဦး) ၊ အေး ၊အဲ ၊အော (သြ) ၊အိုး ၊အင်း ၊အောင်း ၊အိုင်း ၊အည်း၊ အဉ်း၊အန်း ၊အိန်း၊အုန်း ၊အမ်း ၊အိမ်း ၊အုံး။

၂-အောက်မြစ်ပါသော အသံ(၁၈)ပါး ။
    (သက်သံ )
အ ၊အိ ၊အု( ဥ ) ၊အေ့၊ အဲ့ ၊အော့၊ အို့ ၊အင့် ၊အောင့် ၊အိုင့် ၊အည့် ၊အဥ့် ၊အန့် ၊အိန့် ၊အုန့် ၊အမ့် ၊အိမ့် ၊အုမ့် ။ 

၃-အသတ်ပါသော ကာရန် (၁၀) ပါး
      ( တိုင်သံ )သံဖြတ်၊သံရပ် ဟုလည်းခေါ်သည်  ။

အက် ၊အောက် ၊အိုက် ၊အစ် ၊အတ် ၊အိတ် ၊အုတ် ၊အပ် ၊အိပ် ၊အုပ် ။
(  အ အိ အု တို့သည် အောက်မြစ် မပါသော်လည်းအောက်မြစ်သံပင်ထွက်ရ၍ ထိုအုပ်စုတွင် အကျုံးဝင်သည် )။

စုစုပေါင်း ကာရန် ( ၆၄ )ပါးဖြစ်သည် ။ 

လေးချိုး ကာရန်ယူပုံမှာ ဒွေးချိုးအတိုင်း
ပင်ဖြစ်၍ နောက်ပါဒဝက်မှ ပေါ်လွင်သော ပဓာန အသံကာရန် တစ်လုံး နှစ်လုံး စသည်ကို ချိတ်၍ ကာရန်ယူရသည် ။ 
*(အထူးသတိထားရန်မှာ ကာရန်ယူသောအခါ ပဓာနကာရန်များကိုသာ ကာရန်ချိတ်ယူ၍ ပဒါလင်္ကာရဟုခေါ်သော တန်ဆာဆင် ပုဒ်ဖြည့် စကားလုံးများကို ကာရန်မယူရပါ ။)
အောက်ပါတို့သည် ကာရန်မယူအပ်သော ပဒါလင်္ကာရ များဖြစ်သည် ။ 
ဘု မူ ဆီ က ၊ မှာ လ လျှင် ရယ် ၊ တယ် ငယ် ဖြင့် မို့ ၊ နှင့် လို့ ကဲ့ ငဲ့ ၊ ရဲ့ တဲ့ ပ ။ စသည်တို့ ဖြစ်သည် ။
အောက်ပါ ကဗျာတွင် ကာရန်မယူပဲ ထားခဲ့သော ပဒါလင်္ကာရ များကို (    ) ဖြင့် ဖေါ်ပြပါမည် ။

ဆောင်းဖွဲ့လေးဆစ်
-------------
သဉ္ဇာလီ -ဗွေပြဒု (မှာဖြင့် )
ခင်သာကီ -တစ်မေပု (ကိုလ)
ဖေယခု ပိုက်လှဲ့ဆို ။

မလုံသေး (နိုင်ဘု )
တုန်အေးရှာ -တင်တစ်မေ( ငဲ့  )
ရင်ရွှေကို -လေပြေခ (တယ် )
သဲကြွစိမ့်ဖို ။

တစ်သန်းတန် -ရတီဖို့ (သော်လည်း)
ကြငှန်းပျံ -ကတီမို့ (မှာတော့ )
မဒီပျို့ -ဆောင်ရိပ်ခို (ငယ် )
အချမ်းပိုပါလို့ ငိုချင်ဆဲ  ။ 

ငွေနှင်း (ငယ်)ထန် 
ခြွေညှင်း -တညံညံ (နှင့် )
ရေကင်းသံ -တစ်ဖန်ကြား (ရင်လ)
လွမ်းအားတော် -ပွေဗျာလှိုင် (လို့)
ကေညာခိုင် -စုခင်လေး ( မှာ )
(ကိုယ်တော်ရေ)
မှေးစက်နိုင်ပဲ ။ 
                    အချုပ်တန်းဆရာဖေ 
_____________________________
ရှေးဆရာကြီးများရေးခဲ့သော နမူနာ လေးဆစ်(လေးချိုးငယ်)များကိုကာရန်ယူပုံ များနှင့်တကွ တင်ပြပါမည် ။

(   ) ကို ပိုဒ်တွင်းကာရန် 
{   }  ကို ပိုဒ်ဆုံးကာရန်
(   )*  ခွာထောက်ကာရန်ဟု မှတ်ပါ ။

ရွှေကျေးဘွဲ့
--------
ကြက်တူရွေး -အာခေါင်{ နီ } ။
ကွမ်း-ကလပ်ကို (ချီ )။
မ( ချီ )*ပါနှင့် -ကိုကြက် {တော }။
ဘကြီးလာမှ -{ပြော} ။ ။
__________________________

ပန်းဘွဲ့
----
မမလေး -ပန် စ {ရာ} ။

ပျိုတို့မောင်  -တောင်ပေါ်  (ရိုး) က 
ပန်း (ချိုး )လို့ -{လာ }။ 

အပွင့်ရယ် -(ဝါ )*။

အ( ညှာ)* မှာ- မြရည် {လိမ်း }။

(အလိုဗျာ )
ပန်းနွယ်က -{စိမ်း}  ။   ။

___________________________

ဘုရားငါးဆူ ပဟေဠိ လေးဆစ်
---------------------
စံပယ်တဲ့ -လေး{ ရုံ } ။

မလေးကွယ် -မပန် (ထိုက်)
ပန်းပြတ် (ခိုက်) -{ ကြုံ } ။

အပွင့်ရယ် -(ကုန် )*
တစ် ( ငုံ )*-ကျန်ပါ {သေး}  ။

ပန်ချင်သူ -ညိုနွဲ့  (နှောင်း ) ရယ် 
(ခေါင်း)ဖြီးခဲ့ {လေး}  ။ 

___________________________

ငါယော(က်ျား )
လား(လား)မှ ဘာမ {ထီ }။

သွေးညီညီ ယှဉ်ပြိုင် ( နွှဲ )ယင် 
(ကဲ)ခေါင်က {တည် } ။ 

အာဇာ (နည်)*
မြန် (ပြည် )*မေ့ ချစ် {သား} ။

ကြောက်ဆိုတာ နယ်မ( လာ)း တယ်
(ကျား )ဆိုမှ {ကျား } ။

                  ငွေတာရီ  
____________________________
       
နွေတ(ပေါင်း )
ရွှေ (ကျောင်း )ရယ်တဲ့ ပိတ်ခဲ့{ ပြီ } ။

ချစ်ခင်သူဆွေ အ (များ )
(သွား)ပေါ့ဌာ { နီ } ။ 

ငွေတာ( ရီ )*
ပြန်  ( ပြီ )*ကွဲ့ ရွာ{ ကျေး}  ။

ဝသန်  (ဆန်း)ခါမှ
ရွှင်(လန်း)စွာ ဆွေအ(များ)ရယ်နှင့်
စ(ကား )ကုန် စုံစုံ (ပြော )ဖို့ရယ်
(ဇော) စိုက် လို့{ တွေး} ။ ။ 
                              ငွေတာရီ
____________________________
လေးချိုးလတ် ရေးနည်း  
-----------------
အချိုးလေးခုရှိ၍ ပထမအချိုး၌အပိုဒ်ရေသုံးပိုဒ်သာထား၍ အရေးများသည် ။ အချို့လည်းလေးပိုဒ်ထားသည်ကို တွေ့ရသည် ။
ပထမ နှင့် တတိယ အချိုးတို့တွင်  တစ်ပိုဒ်စီ၌ အက္ခရာလုံးရေ(ပဓာနကာရန်)ခြောက်လုံးစီသာ ထားရသည် ။
ဒုတိယ အချိုးကို သုံးလုံး သို့မဟုတ် ခြောက်လုံးဖြင်း စ ၍  အလယ်ပိုဒ်တို့ကို ခြောက်လုံးပင်ထား၍ ရေးရသည် ။ အဆုံးပိုဒ်၌ လေးလုံးသာ ထားရမည် ။
စတုတ္ထ အချိုးကို သုံးလုံး သို့မဟုတ် လေးလုံးဖြင့်သာ စ၍ရေးရပြီး  အလယ်ပိုဒ်ကို ခြောက်လုံးထားကာ အဆုံးပိုဒ်၌ လေးလုံးသာ ထားရမည် ။ 
တစ်ချို့လည်း တွန့်ပိုဒ်များဖြင့် ပိုဒ်ရေပိုထားသည်ကို တွေ့ရသည်  ။
တတိယ အချိုး၏ အချပိုဒ်မရောက်ခင် အ
ပေါ်တစ်ပိုဒ်၌လည်း ခွာထောက်ကာရန်ကို ထည့်ရန်ု မေ့၍မဖြစ်ချေ။

ဒါကတော့ အချုပ်တန်းဆရာဖေရဲ့ လေးချိုးလတ်ပါ  ။
ရိုးရိုးကာရန်သာမက နဘေထပ်များဖြင့် အမွမ်းတင်ရေးသားထားသဖြင့် လေးချိုးပုလဲ သို့မဟုတ် ပုလဲပေါက်သဖြန်ဟုလည်း ခေါ်ကြသည်။  

လေးချိုးပုလဲ 
--------
မွှေးနံ့သာ- ကြည်ရေမြ ငယ်နှင့်
လေးကညာ -သည်နွေလ မှာလ
ပြည်လေခ -ပြူတင်းပေါ်  ။ 

လေမွေ့ရာ -ကြာခြည်ထက် မှာလ
ဖေပွေ့ကာ -သာမှီရက် ကယ်နှင့်
ဘုန်းစက်မပျော် ။  

ချွေးစီစီ -စုလေဆင်းတာမို့ 
လေးမဒီ -နုဆွေမင်း ရယ်က 
ခုလေညှင်း -ခတ်လို့နော် ။ 
အို --စက်တော်ဖြင့် ခေါ်လို့တုံး  ။ 

ဆင်မြန်းလို့ကြည်
ရင်လွမ်းထည် -ခြုံလွှာပါး ငယ်နှင့်
အနားမှာ- အသာယှဉ်လို့
ရင်ခွင်မှာ- တင်တင်ဖေ့ ကိုကွယ်
မင်းပွေ့လှည့် အုံး  ။  ။

          အချုပ်တန်းဆရာဖေ 
_____________________________

ဒါကတော့ လေးဆစ် ကဗျာလေးပါ ။

မောင်မယ်စုံ လေးဆစ်
----------------
ခလောက်ကလေးရယ်က ဒိုးဒိုး{ဒေါင် }။

ပျိုတို့မောင်  -ယာ မ(လုပ်)တယ် 
ဝါး (ခုတ်)တဲ့ {တောင် } ။

နွားညီ (နောင်  )*
စည် (အောင် )*ပ- ဖေ{ကျောင်း }  ။

မောင်နှင့်မယ် -တူယှဉ် (တွဲ )ကာမှ 
ယူငင်ကာ -ခြူဆင် (ဆွဲ )လို့ ရယ် 
(လှည်း)ယဉ်နှင့် {မောင်း }။  ။ 

                               သတိုးပီယ

အထက်ပါ လေးဆစ်လေးကိုပင် ယခုကဲ့သို့ လေးချိုးလတ်ဖြစ်အောင် ထပ်တွန့် နဘေများဖြင့် ထပ်ဆင့်ရေးသားထားသည်ကို တွေ့ရပါသည် ။

မောင်မယ်စုံ လေးချိုး
--------------
ညို့ကုန်းယံ ချောက်နဘေး မှာလ 
တို့ဘုန်းကံ အလျောက်မွေး ရော့ထင့်
တစ်ခေါက်ပြေးမှဖြင့် မိုးထိုးမယောင်
ခလောက်ကလေးရယ်က ဒိုးဒိုးဒေါင် ။

နှစ်ကိုယ်ချို့တာကြောင့်
ချိုဘို့တူ  -နပြာ (နွားပြာ ) တုတ်တွေနှင့် 
ပျိုတို့လူ -ယာ မလုပ်တယ် 
အားထုတ်မယ့် မောင်မှာနော် ကွယ် 
ဝါးခုတ်တဲ့ တောင် ။

ဟဲ့ -ဆိုကာ -ကြိမ်တံ မြှောက်မှဖြင့်
လှည့်လိုရာ- တိမ်ယံရောက် နိုင် ငဲ့ 
အိမ်ခြံပေါက်ပါတဲ့ နွားညီနောင်
စားအီအောင်ဗျ - ည နေစောင်း  ။ 
အားစည်အောင်ပ - ဝ စေကြောင်း ။  

ဆောင်ခွင့်ကိုရွယ် 
မောင်နှင့်မယ် -တူယှဉ်တွဲပါလို့
နောင်တင့်တယ် -လူမြင်ရဲကာမှ  
ယူငင်ကာ- ခြူဆင်ဆွဲ ပါ့မယ်   
ပွဲဝင်မယ့် ချောင်းသူရဲ့ 
လှည်းယဉ်နဲ့ မောင်း  ။   

                                    သတိုးပီယ 

____________________________  
နမူနာ ကဗျာများ

လဲ့လုပ်ကယ် ကြော့ဒေဝီ
-----------------
ကြုံမတွေ့ချင်ဘု
ဘုံဓလေ့ မုန်းလှပြီ ။

လိုဏ်အနီး
မြိုင်သီး ချွေချူလို့
ချောင်အငူ ဝေပူထွတ်ကိုလ
သူလွှတ်လျှင် ယာယီကွန့်ချင်လှ
နန်းညွန့်ရွှေညီ ။

ဗျာကေကို သာခွေရုပ်ပါလို့
ခွံလျှော်တေ ဖန်ရေအုပ်ကယ်နှင့်
လဲလုပ်ကယ် ကြော့ဒေဝီမှာ
ယောဂီတို့ ကျင့်နဲ ။

အခါခါ
ဘာဝနာ ဈာန်ကသိုဏ်းတွင်မှ
အံတိုင်းပင် ပါပါ လေငဲ့
နှုတ်ခွန်းချွေ ရွှေဂရို့မှာ
ဘုန်းဖို့ ပုလဲ ။

        လေးဆစ်သဖြန်
(မိဖုရားရှင်မင်း-သက္ကရာဇ် ၁၁၃၆ခုနှစ် )ု
______________________________

သံဝေဂ လေးဆစ်
-------------
သူဖြူလျှင် အယူဖြောင့်နိုင်ငဲ့
သူမှောင့်မှာ စိုးမိတယ် ။

ခွင့်သနားလျှင်ဖြင့်
မြစ်ဖျားဟေမာနှင့်
ချောင်ကေလာ ရွှေဝါကွေ့မှာ
တောမွေ့တော့မယ် ။

မသေရုံ ရွှေဘုံကြီးမှာလ
သစ်သီးနှင့် ပွဲတော်တည်(တယ်)
ဖန်ခြယ်တဲ့ဝတ်လဲ ။

မွှေးလို့ရယ်လှိုင်
အုပ်လုံးစံပယ်ကြိုင်တဲ့
မြကေခိုင် မင်ရည်လဲ့ကို
ရှင်းမယ့်ကြံဆဲ ။
                 (လှိုင်ထိပ်ခေါင်တင်)
_____________________________

ပတ္တမြားရွှေဂူ
*********
ပြစ်မရှိ ပြစ်ရှာ ။

လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျှက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာ တိုက်နဲ ။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ ။
               (မန်လည်ဆရာတော်)
______________________________်

(လေးဆစ်)
--------်
စကားဝါ ငုံသင်းလို့
ကြယ်မင်းတဲ့ ဝိသာခါ။

တိမ်ဗွေမှာ ရောင်ခြည်ရွှန်း
ထွန်းတဲ့ချိန်ခါ ။

စုံကန္တာ
ဟေမာမြိုင်ထဲ ။

ရွှေကျေး ပျံသင်လို့
စံပျော်ရွှင် သည်ဟို ကူးလို့ငယ်
မြူးကြစမြဲ ။
                (ဖိုးသူတော် ဦးမင်း)
_____________________________
ကောက်စိုက်သူ
------------
လေဆင်လျှင် ဝေဟင်ထက်ဆီက
ကြွေချင်ချင် ငွေမင်နက်တွေက
(ဖြူနွဲ့ရေ)မြေပြင်သက်မယ်လို့ တပ်စုချီ။

လေအသုန်တွင်ဖြင့်
ချွေလှုံ မှုန်မှုန်မိုးရယ်က
စွေအုံ သုန်သုန်ဖြိုးပြန်တော့
ဂုဏ်ညှိုးသူ လယ်သူမယ်တို့
ကွင်းပြင်လယ် နွံသမန်းမှာလ
ရွှဲစိုစို လဲမလိုပန်းပေမယ့်--ရှင့်
ငန်း---လုညီညီ ။

မေဃဝီ ပွေလီအသဲမှာလ
ထွေတလီ လေပြည်က ကဲပြန်တော့
ကြွေမည်အသဲတွေဖြင့် ချမ်းတုန်ုပြီ
အို--ငန်းစုံညီအောင်မှ တတ်နိုင်ဘဲ ။

ကိုယ်လုံးငယ်စို
ပျိုနုန်းကာ မသယ်လိုဘု
လယ်ဗဟို ပျိုးဖတ်ကြားမှလ
အသားတွေ ထုန်ကျဉ်ကျဉ်နဲ့
ရွှေရင်ကို လေဆင်စို့ နှောက်သော်ကြောင့်
စိုက်ကောက်ပင် မညီပြီမို့
သီကရီ မိုးကို ညိုးမိတယ်
(ဖြူနွဲ့ရေ)
ပျိုးတွေက လဲပါလို့
မိုးရေက သဲပါဘိ
(ကွင်းပြင်မှာရှင် )
တိုးရေက ကဲ ။
                   (ရဝေထွန်း )
မူးရင်းသတ်ပုံ အတိုင်းရေးထားပါသည်။

နည်းယူ ရေးဖွဲ့နိုင်ကြပါစေ ။
ရှေးလေးချိုးကြီးများနှင့် သံချို လေးချိုးများအကြောင်းကို လည်း အလျဉ်းသင့်လျှင် တင်ပြပေးပါမည် ။

               credit

ကျမ်းကိုး ။
နန္ဒမာလိနီ ခေါ် ကဗျာ့စွယ်စုံကျမ်းကြီး  
အရှင်ကုမာရ ၏ ကဗျာ့အုတ်မြစ် စနစ်သစ်
စိတ်ကြိုက်မြန်မာစာ မြန်မာကဗျာဖွဲ့နည်း 
______________________________


Post a Comment