က​ဝေပြန်​ ​ယောကျာ်း​ အပိုင်း၁+၂

ကဝေပြန် ယောကျာ်း (၁) ဖြစ်ရပ်မှန်

တနေ့သ၌ ကျွန်ုပ်၏ အိမ်တော်မင်္ဂလာသို့ မကွေးတိုင်း ( …… ) ရွာမှ ကလေးမလေးတစ်ယောက်သည် ကျွန်ုပ်၏ စီးပွားအလုပ်ကို ကူညီရန်အလို့ငှာ ရောက်ရှိလာလေ၏။ ကျွန်ုပ်သည်ကား ပယောဂကုသခြင်း အလုပ်ကို ဝါသနာပါရကား အိမ်ရှိ ဝန်ထမ်းများကို အခါအားလျော်စွာ ပယောဂစစ်ဆေး၍ တွေ့လျှင် ကုသပေးမြဲရှိခဲ့လေ၏။ ကျွန်ုပ်၏ အိမ်တွင် ထို ( …… ) ရွာမှ ကလေးမလေးများ ရှိလေ၏။ ထိုရွာမှ ယခင်ရှိနေပြီးသား ဖြစ်သောသူများကို ကျွန်ုပ်သည် ပယောဂ စစ်ဆေးကုသပေးခဲ့ပြီးဖြစ်ရာ ယခု ကလေးမလေးကိုလည်း ပယောဂ စစ်ဆေးလျှင် တွေ့မည်ဟု ၈၀ ရာခိုင်နှုန်း ထင်မြင်ယူဆလျက် ရှိချေ၏။ ကလေးမတွင် ပယောဂရှိလောက်သည်ဟု ထင်ရသောအကြောင်းကို ကျွန်ုပ်သည် ယခုဇာတ်လမ်းနှင့် တိုက်ရိုက်မပတ်သတ်သော်လည်း ဗဟုသုတအဖြစ် စာစီပါအံ့။ ဤကား ဇာတ်လမ်း၏ နိဒါန်းတည်း။

ထို( …… )ရွာတွင် ကျွန်ုပ်၏ အသိမိတ်ဆွေ ကိုမိုးဆိုသူသည်ရှိ၏။ ကိုမိုး၏ ပြောပြချက်အရ သူ့ရွာသည် စုန်းကဝေ အလွန်ပေါ၏။ သူ ပြန်ပြောပြချက်အရ တခါက သူသည် ည သန်းခေါင်ခန့်တွင် သူ့အိမ်ထဲ၌ တရားရှုမှတ်နေရာ သူ၏ အာရုံထဲတွင် မိန်းမတစ်ယောက်သည် ပေါ်လာလေ၏။ တရားအားထုတ်နေသော သူ့အား လှောင်ပြောင်၏။ ပထမတွင် ကိုမိုးသည် အာရုံလွှဲ၍ လုပ်မြဲအလုပ် တရားကိုရှု၏။ သို့သော်ငြား အသံသေးအသံညှောင်ဖြင့် ထိုမိန်းမက အာရုံထဲတွင် လာ၍ ပညာပြိုင်ရန် စိန်ခေါ်လေသောကြောင့် ကိုမိုးသည် ဆက်လက်၍ တရားအားထုတ်ရာတွင် စိတ်မဖြောင့်တော့ချေ။ ထိုသို့ အာရုံထဲထိတိုင် လာရောက်စိန်ခေါ်သော မိန်းမသည် ကဝေဖြစ်ကြောင်း ပြောဆိုခြောက်လှန့် ရယ်မောနေလေ၏။ မျက်နှာကိုကား မမြင်ရချေ။

ထို့ကြောင့် ကိုမိုးသည် သူ့အား လာရောက်နှောက်ယှက်သော ကဝေမဆိုသည့် မိန်းမအား ဆုံးမချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာလေတော့သည်။ ထို့ကြောင့် ( ဟေ့ကောင်မ နင် သတ္တိရှိရင် အခုချက်ချင်း ငါ့အိမ်ကို လာခဲ့ ) ဟုဆိုလေရာ ကဝေမက အခုပင်လာမည်ဖြစ်ကြောင်း ပြောဆိုလျက် ကိုမိုး၏ အာရုံမှ ပျောက်ကွယ်သွားတော့၏။
ထို့ကြောင့် ကိုမိုးသည် ထိုကဝေမှ လာမည်ဆိုသောကြောင့် အိမ်မျက်နှာစာဖက်သို့ လှည့်၍ ထိုင်နေလေတော့သည်။ ညကား လပြည့်ညဖြစ်သောကြောင့် သူ၏ အိမ်အတွင်းမှ လှမ်းကြည့်လိုက်လေလျှင် အိမ်ရှေ့သို့တိုင် အဖြူအမည်းသဲကွဲစွာ မြင်ရလေ၏။ သို့သော်ငြား ရွာဓလေ့ ခြံစည်းရိုးခတ်ခြင်းမရှိပဲ ခြုံနွယ်ဖြင့်သာ ခြံစည်းရိုးလုပ်ထားသောကြောင့် လမ်းအထိကိုတော့ မမြင်ရပါချေ။

ရွာလမ်းမကြီး၏ တနေရာတွင် အရိပ်မည်းမည်းတစ်ခုသည် ခပ်သုတ်သုတ်ဖြင့် လမ်းလျှောက်လာနေ၏။ ခွေးများသည် တစ်အူအူ အော်သောအခါ ထိုမည်းမည်းအရိပ်ကြီးသည် နောက်သို့လှည့်မကြည့်ပဲ ခွေးများရှိရာသို့ လက်ညှိုးဖြင့် ထိုးလေသော် ခွေးများသည် တကိန်ကိန်အော်မြည်လျက် ထိုအရိပ်မည်းကြီး၏ နောက်သို့ ဆက်၍ မလိုက်ဝံ့ကြတော့ချေ။ ကိုမိုးသည် အိမ်ထဲမှနေ၍ ခွေးဟောင်သံများ ခွေးများနာကျင်၍ အော်ဟစ်သံများကို ကြားနေရလေသည်။ ထိုခွေးအော်သံများသည် ရွာမြောက်ဖျားမှ လာပြီး ရွာအလယ်ပိုင်းသို့ ကူးစက်လာသည်။ ရွာလယ်ပိုင်းမှ ခွေးများသည်လည်း ဟောင်လိုက် အော်လိုက်ရင်းဖြင့် ခွေးဟောင်သံများမှာ ကိုမိုး၏ အိမ်ရှိရာ ရွာအနောက်ဖျားဆီသို့ပင် ရောက်လာချေတော့သည်။

ကိုမိုးသည် သတိဖြင့် စောင့်ဆိုင်းလျက်ရှိနေ၏။ ထိုအခိုက်တွင် လရောင်သည် တိမ်ဖုံးသွား၍လား ဘာကြောင့်လားတော့ မသိ၊ ကိုမိုး၏ ရွာအနောက်ဖက်အစွန်ရှိ သူ့ခြံထဲတွင် မှောင်သွားလေ၏။ ထိုအခိုက်တွင် အရိပ်မည်းကြီးသည် ကိုမိုး၏ ခြံထိပ်သို့ ရောက်ရှိလာလေတော့သည်။ ထိုဝင်ရောက်လာသော သူသည် ခြံတံခါးဝသို့ ရောက်ရှိခိုက်ကပင် ( ဟဲ့ အကောင် ငါရောက်လာပြီ။ ထွက်ခဲ့ ) ဟု ပေငါးဆယ်လောက်အကွာမှ ကြားလောက်သည့် အသံဖြင့် ပြောလေ၏။ ထိုအသံသည် သိပ်မကျယ်သော်လည်း မာန်အပြည့်ရှိ၏။ ရန်လိုစိတ်ပြင်းထန်ကြောင်း အသံက အတိအကျ ဖော်ပြ၏။ ကိုမိုးသည် ခြံဝကိုလှမ်းကြည့်လိုက်လေရာ ဆံပင်ဖားလျားချထားသော မိန်းမတစ်ယောက် ဝင်လာသည်ကို တွေ့လေ၏။ ထိုမိန်းမ၏ မျက်လုံးသည် အမှောင်ထဲတွင် အရောင်ထွက်နေ၏။ အသားအရေကား ခပ်ညိုညို ဖြစ်ဟန်တူ၏။ လသာလျက်က မှောင်သွားသောကြောင့် ရွာထဲရှိ မည်သူမည်ဝါဖြစ်မှန်း ကိုမိုးမသိချေ။

မည်သူမည်ဝါဖြစ်သည်ကား အရေးမကြီးချေ။ လောလောဆယ် လာရောက်စိန်ခေါ်သော ကဝေမဟုဆိုသည့် မိန်းမသည် သူ၏ ခြံထဲသို့ ရောက်ရှိလာခဲ့ပေပြီ။ ထိုစဉ် ကိုမိုးသည် ရုတ်တရက် တွေဝေတုံ့ဆိုင်းသွားလေ၏။ ကိုမိုးသည် ကျူးကျော်ရန်စ ဝင်ရောက်လာသော ကဝေမကို ကြောက်ရွံ့နေခြင်းလော။ မဟုတ်နိုင်ပါချေ။ သူသည် အလုပ်အားလပ်တိုင်း တရားရှုမှတ်၏။ ရံခါ၌ပယောဂကုသရန် လာရောက်ပင့်ပါက သမထ ဓာတ်ပညာအစွမ်းဖြင့် လိုက်လံကုသပေးနိုင်၏။ စွဲရင်းများ ဝင်ရောက်ပူးကပ်လျှင် ပကတိရုပ်အသွင်အား သူ၏ သမာဓိမျက်လုံးဖြင့် အတိုင်းသား မြင်ရလေ့ရှိ၏။ ဤကား ကိုမိုး၏ ပညာစွမ်းဖြစ်၏။

ကာယအစွမ်းအားဖြင့် ပြောရမည်ဆိုလျှင်လည်း ယာလုပ်ရာတွင် နွားမရှိကိုယ်တိုင်ထမ်း၍ ထွန်သော အာဂလူဖြစ်၏။ မြွေတွေ့လျှင် မည်မျှပင် အဆိပ်ပြင်းစေကာမူ လက်ဖြင့် ရအောင်ဖမ်း၏။ သူ့ဘဝတွင် ကြောက်ရွံ့သည်မှာ ဆန်အိုးထဲ ဆန်မရှိသည်မှလွဲ၍ အခြား သူ့တွင် ကြောက်စရာ မရှိဟုပင် ဆိုရလောက်သည်။ ယခုတွင် ကဝေမသည် သူ၏ ခြံဝမှ တစ်လှမ်းခြင်း ဝင်ရောက်လာသောအခါ ကိုမိုး တွန့်ဆုတ်နေလေပြီ။ အကြောင်းမှာကား သူ့တွင် လသားအရွယ် သားငယ်လေး ရှိနေသောကြောင့်တည်း။ သားငယ်လေးသည် တစ်ဖက်သို့လှည့်၍ မိခင်၏ ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိနေလေသည်။

ကိုမိုး၏ အိမ်ထဲမှ အရိပ်တစ်ခုသည် လျှင်မြန်သော အဟုန်ဖြင့် စောစောက ဝင်ရောက်လာသော အသံရှင်ရှိရာသို့ ပြေးဝင်သွားလေသည်။ ထိုအရိပ်သည်ကား အခြားလူ ဖြစ်ရိုးလား ကိုမိုးပင်ဖြစ်၏။ အရိပ်နှစ်ခုသည် ခြံကျယ်ကြီးထဲတွင် လုံးထွေးလျက် ရှိချေ၏။ ဝင်လာသော ကဝေမဆိုသူသည် မိန်းမဟု ဆိုရလင့်ကစား မည်သို့သောအကြောင့်ကြောင့် မသိ၊ အားရှိနေ၏။ ဗလကောင်းကောင်း ရွတ်ပေပေ ကိုမိုးလို လူမျိုးကိုပင် ပြန်လည် နပမ်းလုံးနိုင်လေသည်။ ဘတပြန် ကျားတပြန်ဆိုသလို လုံးထွေး သတ်ပုတ်နေကြသည်မှာ ခွေးများကိုက်နေသကဲ့သို့ ဖုန်အလုံးလိုက် ထ၏။ တစ်ကြိမ်တွင် ကဝေမ၏ နောက်ကျောပြင်သို့ ကိုမိုး၏ ပြင်းထန်လှသော လက်ဝါးရိုက်ချက်က ရိုက်မိသွား၏။

ကဝေမသည် ကျောကော့သွားစဉ် ကိုမိုးမှ ထိုကဝေမ၏ ချိုင်းမှ ကိုင်၍ ချီမြှောက်ပြီးသော် မြေကြီးဆီသို့ သူမ၏ခြေထောက်ကို ဆောင့်၏။ ဆောင့်ချက် ပြင်းသောကြောင့် ကဝေမသည် ဒူးညွတ်ကျလေ၏။ ထိုအခါ အလွတ်မပေးပဲ ချိုင်းမှထပ်မံဆွဲကိုင်လျက် ဒူးနှင့် မြေကြီးနှင့် ဆောင့်ချေရာ ကဝေမသည် အော်ပြီး လေးဖက်ထောက်လျက် ခွေးပြေးသလို ပြေး၏။ အနည်းငယ်လေးဖက်ထောက် ပြေးပြီးသော်မှ မတ်တပ်ရပ်၍ သုတ်ခြေတင်လေတော့သတည်း။ ထိုကဝေမဆိုသော မိန်းမကို ကိုမိုးသည် လုံးထွေးသတ်ပုတ်နေလျက်က အမှောင်ထဲမှ သိမြင်လိုက်လေ၏။ ရွာမြောက်ခြမ်းက (မ ….) ဖြစ်၏။

နောက်နေ့တွင်ကိုမိုးသည် ရွာမြောက်ခြမ်းသို့ သွားလေသော် ( မ ….. ) ကို လမ်းမှာ တွေ့၏။ ထိုမိန်းမသည်  ရှက်သည်လား ကြောက်သည်လားမသိ မျက်နှာလွှဲချေ၏။ ကိုမိုးသည် ထိုအရာကို များစွာ ကျေနပ်ပိတိဖြစ်၏။ ပယောဂပွဲပေါင်းများစွာကို ကုသပေးဖူးပြီး အာခံသည့် အစွဲများကို ဝင်ပူးနေခိုက် ထိမိအောင် ရိုက်နှက် ဆုံးမဖူးသော်လည်း အပြင်ဖက်တွင် လက်ရောက် မရင်ဆိုင်ခဲ့ရဖူးပေ။ ထိုပွဲတွင် သူနိုင်ခဲ့ပေ၏။ ထို့ကြောင့် ကျေနပ်နေ၏။ နောက်နှစ်ရက်ခန့်အကြာတွင် သူ၏ လသားအရွယ် ကလေးငယ်မှာ ရုတ်တရက် အကောင်းပကတိမှနေ၍ သေဆုံးသွားလေတော့၏။ ကိုမိုးတို့ လင်မယားကား ယူကြုံးမရ ဖြစ်ကြရလေတော့သည်။ ဤကား ထို ( ….. ) ရွာနှင့် ပတ်သက်သော စုန်းကဝေများ၏ အကြောင်းတည်း။

ထို့ကြောင့် ကျွန်ုပ်သည် ထိုရွာမှ အသစ်ရောက်လာသော ဝန်ထမ်း ကလေးမလေးကို ပယောဂရှိမရှိ စစ်ကြည့်လေသောအခါ … ထိုကလေးမတွင် ပညာသည်ဗူး ရှိနေကြောင်း သိရလေ၏။ သူမ၏ အမည်ကို မရည်ရည်မွန်ဟု  ဆိုပေအံ့။ ဘုရားစင်အား ကျောပေး ခြေဆင်း၍ လက်နှစ်ဖက်ကို တင်ပါးနောက်တွင် ထောက်ထားစေပြီး အမိန့်ဖြင့် ခြေထောက်ကို မ- ခိုင်းရာ သူမ၏ ခြေထောက်သည် မ၍ မရချေ။ ကြမ်းဖြင့် တစ်သားတည်း ကပ်နေချေ၏။

ကဲ သမီးရည်မွန် အခုဆရာက ဘာအမိန့်မှ မပေးဘူး။ ခြေထောက် မ ကြည့်စမ်း။ မ၍ မရချေ။ ( ဟဲ့ အတိုက်၊ အစွဲ၊ အပင်း၊ စက် ရှိနေရင် ဂွမ်းလို ခြေပေါ့စေ ) ခြေထောက်သည် ကြမ်းတွင် ကပ်မြဲကပ်နေ၏။ အတိုက် အစွဲ အပင်း စက် ဟူသည် ပယောဂကို ရည်ရွယ်ခြင်းဖြစ်၍ ပယောဂရှိနေရင် ခြေ ပေါ့ပြစေဟုဆိုသော် ခြေသည် ကြမ်းနှင့်ကပ်နေရာ သာမာန်အဓိပ္ပါယ်အရ ပယောဂ မရှိဟု တွေးကြမည်ဖြစ်သည်။ အမှန်တော့ ထိုသို့မဟုတ်ချေ။ ဗူးပင်းရှိနေသောကြောင့် ဗူး၏ သဘောသဘာဝအရ ဘာမေးမေး မမေးမေး ဆရာ၏ ရှေ့မှောက်အရောက်တွင် ကပ်၍ နေခြင်းသာတည်း။ ကျွန်ုပ်သည် ကျွန်ုပ်၏ တပည့်တစ်ယောက်အား သိစေလိုသောကြောင့် ( ဟေ့ ဒီကာယကံရှင်မိန်းကလေးဟာ ယောကျာ်းစင်စစ် ဖြစ်ရင် ခြေကပ်ပြ ) ဟု အမိန့်ပေးခိုင်းရာ ကပ်နေသည်ကို တွေ့ရလေသည်။

ထိုသို့ဖြစ်နေခြင်းသည် ပညာသည်ဗူး၏ သဘောသဘာဝသာ ဖြစ်လေသည်။ ပညာသည်ဗူးရှိနေသောသူသည် အစပိုင်းတွင် မသိသာသေးသော်လည်း ကာလကြာလာသောအခါ ထိုသူမှ စိတ်တို၍ တစ်ခုခု အပြောခံ၊ ညှိုးလိုက်မိလေလျှင် အခြားသူမှာ ပြောသည့်အတိုင်း အန္တရာယ်တစ်စုံတစ်ခုဖြစ်လာတတ်လေသည်။ ထိုသို့ စိတ်ဆိုးတိုင်း ကျိန်စာတိုက်သလိုဖြစ်တိုင်း တစ်ဖက်ကို ထိခိုက်မိကြောင်း ခဏခဏကြုံလာတာကို သိလိုက်ရသောအခါ ဘာရယ်မသိ ၊ ထိုအစွမ်းကို ခုံမင်လာတတ်ပေသည်။

တကယ်တော့ ထိုအရာကို စုန်း ကဝေပညာ၏ အစဟု မသိတတ်သေးချေ။ သို့သော် သူမ စိတ်အခန့်မသင့်မိသောသူသည် တစ်ခုခု ဖြစ်ကြောင်း သူမနှင့် သိသောသူများအား ပြောဆိုကြွားဝါရင်းဖြင့် တကယ့်ပညာရှင်နှင့် တွေ့ကာ တပည့်ခံ ပညာယူလိုက်ကြသူများလည်း ရှိကြပေသည်။

တကယ်တော့ ပညာသည်ဗူးဟူသည်ကား ကျွန်ုပ်သိသလောက်အားဖြင့် ၊အတိတ်ဘဝက ပညာသည်ဖြစ်၍ လက်ရှိဘဝအထိ ပညာစက်ပါရှိလာခြင်း( ဝမ်းတွင်းစုန်း)၊ မိဘက ပညာသည်ဖြစ်၍ သွေးဗီဇအရ သားသမီးက ပညာအမွေအလိုလိုရခြင်း( ဝမ်းတွင်းစုန်း)၊ အစားအသောက်ကျွေးမွေးရာတွင် တံတွေးဖြင့် ရော၍ ပညာထပ်ပေးခြင်း၊ ပညာသည်က အိပ်မက်ထဲမှာ ဖြစ်စေ၊ အပြင်မှာ တိုက်ရိုက်ဖြစ်စေ ဗူးထည့်ပေးထားခြင်း၊ စုန်း ကဝေနတ်များကို တင်မြှောက်ပသ၍ ရေစင်သောက်ခြင်း၊ နတ်တင်စာ စားခြင်း၊ ပယောဂ ပြုစားခံရဖန်များ၍ စက် ထုထည်ကြီးမားပြီး ဗူးအသွင် ကူးပြောင်းခြင်း၊ ပညာသည်တစ်ယောက်ယောက်က အခြားသူကို ပြုစားပြီးသော် ဆရာမှ ခေါ်စစ်ခဲ့လျှင် ထိုပညာသည်၏ ကိုယ်စား အစားဝင်ရောက် ဒဏ်ခံစေရန် ဗူးထည့်သွင်းခြင်း စသည်ဖြင့် အမျိုးမျိုးရှိတတ်လေရာ ယခု ကလေးမလေး ရည်မွန်တွင် ရှိသော ဗူးသည် မည်သို့သော အမျိုးအစား ဖြစ်သနည်းဟု သုံးသပ်ချင်လာလေသည်။

ထို့ကြောင့် ဗူးကို ဖြစ်တည်စေအောင် ထည့်သွင်းသော ဗူးမူလပိုင်ရှင်ကို ခေါ်သွင်းလေတော့သည်။ ရည်မွန်သည် ယိမ်းထိုးလှုပ်ရှားလာသော် ကျွန်ုပ်သည် ဘုရားနှင့်တကွ အဘဆရာတော်များကို ရှိခိုးဦးခိုက်စေသည်။ ကျွန်ုပ်၏ မူလဘူတ သဘောထားအရ မည်သည့်စွဲရင်းကို မဆို စစချင်း မေတ္တာဖြင့်သာ အေးအေးဆေးဆေး ပြောဆိုတတ်လေရာ ယိမ်းထိုးလှုပ်ခါနေသော စွဲရင်းအား လက်ကို မချုပ်တုပ်ချေ။ ( ကဲ … အသင့်ရဲ့ အဆင့်အတန်း အမျိုးအစားကို ပြောပါ။ ကျွန်ုပ်တို့ ရန်သူတွေ မဟုတ်ကြပေဘူး။ ) ထိုအခါ ရည်မွန်သည် ဦးခေါင်းကို ခါယမ်းပြလေသည်။ အဆင့်အတန်း အမျိုးအစားကို မပြောလိုပါဟု ဆိုလိုသည်လား ရန်သူတွေ မဟုတ်ကြပါဟု ဆိုလိုသည်လား ဝေခွဲ၍ မရချေ။ ကျွန်ုပ်သည် စိတ်ရှည်စွာဖြင့် ဖျောင့်ဖျပြောဆို၏။ သို့သော်ငြား ရည်မွန်သည် ဦးခေါင်းကို ခါမြဲခါနေလေ၏။ ( မင်း မပြောနိုင်တာလား မပြောနိုင်တာဆိုရင် ခေါင်းငြိမ့် ) ထိုအခါ ရည်မွန်သည် ခေါင်းကို ငြိမ့်ပြလေ၏။ ( မင်းပြောလိုစိတ်မရှိတာလား အာခံတာလား ) ထိုအခါ ခေါင်းကို ယမ်းပြလေ၏။

ထိုအခါ ကျွန်ုပ်၏ တပည့် မောင်ဇင်မှ ဝင်၍ (မင်း အဲဒါဆို မင်းဘာကောင်လဲ ပြောလေကွာ။ အေးအေးဆေးဆေး မေးလို့မှ မပြောရင်တော့ ငါ့အဆိုးမဆိုနဲ့ ) ဟုဆိုကာ ဆုံးမရန် ဟန်ပြင်လေ၏။ ထိုစဉ် ကျွန်ုပ်သည် တစုံတရာကို သတိရသွားလေ၏။ ( မောင်ဇင် မလုပ်နဲ့ဦး။ အခု ဝင်နေတာက စွဲရင်းမဟုတ်ပဲ ရည်မွန့်ရဲ့ ပညာသည်ဗူးက ပူးနေတာဖြစ်တတ်တယ် ) ဟု သတိပေးလိုက်လေ၏။ ( ဗျာ ဆရာ ဘယ်လိုကြီးလဲ၊ ယိမ်းထိုးလှုပ်ရှားလာတာ တစ်ဖက်က စွဲရင်းမဟုတ်ဘူးလားခင်ဗျ ) ( ယိမ်းထိုးလှုပ်ရှားလာတိုင်း အခြားစွဲရင်းမဟုတ်နိုင်ဘူးကွ၊ ပညာသည်ဗူးရှိနေသူ ယိမ်းထိုးလာရင် သူ့ပညာဗူးက ပူးလာတာဖြစ်တတ်တယ်။ အခြားစွဲရင်းလည်း ဖြစ်နိုင်တယ်။  ) ( ကျနော် နားမလည်ဘူးဆရာ ရှင်းပြပေးပါခင်ဗျာ ) ( ပညာဗူးဟာ ပူးနိုင်တယ်။ ယိမ်းထိုးတယ်။ ပညာဗူးကြောင့် ယိမ်းထိုးနေတာပါဆိုရင် မင်းက စိတ်မရှည် လက်ပါပြီး ဒဏ်ပေးလိုက်ရင် အခြားသူကို မထိဘူး ကာယကံရှင် မင်းရဲ့လူနာပဲ နာလိမ့်မယ်ကွ။ ) ( ဒါဖြင့် ကျနော်တို့ အဆင့်အတန်း မေးနေတာကို မဖြေပဲ ခေါင်းချည်း ယမ်းနေတာက ဘာသဘောလဲဆရာ၊ အဲဒါ အာခံနေတာလား ။ သိပါရစေ) ( ဗူးက အာခံနေတာလည်း ဖြစ်နိုင်တယ်။ စကားပြန်မပြောနိုင်တာက ဗူးကြောင့်ယိမ်းထိုးနေရင် စကားမပြောဘူးကွ၊ ခေါင်းငြိမ့် ခေါင်းခါနဲ့ဖြေနိုင်တယ်။ ဗူးပညာစက်အပေါ်မူတည်ပြီး လိမ်ဖြေတာလည်း ဖြစ်နိုင်သေးတယ် ) ( ဟုတ်ကဲ့ပါဆရာ )

ရည်မွန်သည် ဆက်လက် ယိမ်းထိုးလျက်ရှိချေ၏။

ဇာတ်သိမ်း မျှော်


ကဝေပြန် ယောကျာ်း ( ၂ ) ဇာတ်သိမ်း

(စာကြွင်း >>> ပညာသည်ဗူး = ဗူးပင်း = စုန်းကဝေတို့၏ အတတ်ပညာစုဗူး)

ရည်မွန်သည် ဆက်လက် ယိမ်းထိုးလျက်ရှိချေ၏။ ( မင်း ကြည့်နေ ) ဟုဆိုကာ ကျွန်ုပ်မှ ( သမီး ရည်မွန် ) ဟု ခေါ်လိုက်ရာ ရည်မွန်သည် ယိမ်းထိုးနေရာမှ ချက်ချင်းရပ်သွားပြီး ( ရှင် ) ဟု ချက်ချင်းပင် ပြန်ထူး၍ မှိတ်ထားသော မျက်လုံးချက်ချင်း ပွင့်လေ၏။ ( ကဲ မောင်ဇင် မင်းအရင်တွေ့ဖူးတာက စွဲရင်း ဝင်ပူးနေတဲ့အခါ ကာယကံရှင်ကို နာမည်ခေါ်လိုက်ရင် အခုလို ချက်ချင်း ပြန်ထူးတတ်သလား ) ( မထူးဘူးဆရာ မျက်လုံးမှိတ်ပြီး ငိုင်နေတတ်ပါတယ် ) ( ကဲ သမီး ဆရာတို့ စောစောက ပြောနေတာတွေ အကုန်ကြားသလား) ( ကြားတော့ ကြားပါတယ်ဆရာ) ( ဆရာတို့ ဘာတွေ ပြောတာလဲ ) ( ပြန်ပြောပါဆိုရင်တော့ မပြောတတ်ပါဘူး၊ သမီးကိုယ်ကြီး ယမ်းနေတာကိုလည်း ထိန်းကြည့်ပါတယ်၊ ထိန်းလို့မရပါဘူးရှင့် )

( မောင်ဇင် အဲဒါ ပညာသည်ဗူးက အပူးပြတာကွ၊ မင်းအဲအချိန် အာခံတယ် လိမ်တယ်ဆိုပြီး ရိုက်နှက်လိုက်လို့ကတော့ အခြားသူကို ထိမယ်မထင်နဲ့ သူ့ပဲ ထိမှာ ) ကျွန်ုပ်မှ ခပ်တိုးတိုးဖြင့် ( သူကိုယ်တိုင် ပညာသည်ဖြစ်မှန်းမသိ ဖြစ်နေတာလေ ) ( ဟုတ်ကဲ့ပါဆရာ၊ ဒါဖြင့် ကျွန်တော်တို့ ဘယ်လို ဆက်လုပ်မလဲဆရာ၊ သူ့မှာ အခြားပယောဂ ရှိမရှိ၊ ဗူးကို ထည့်သွင်းသူက စုန်းလား ကဝေလား အခြားလား စစ်မေးဖို့ကလည်း ကလေးမ ခြေထောက်ကလည်း ဘာမေးမေး အကပ်ချည်းပြနေတယ်။ စွဲရင်း ဝင်ပူးခိုင်းတော့လည်း စကားမပြောပဲ သူ့ပညာဗူးကပဲ ဝင်ပူးနေရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲခင်ဗျ ) ( သူ့ ပညာသည်ဗူးကို အရင်ဖြိုရမှာပေါ့ကွာ။ ဗူးကအဓိကကျတယ် ) ( ဟုတ်ကဲ့ ဘယ်လိုဖြိုမလဲခင်ဗျာ )

( ကဲ သမီး ခြေလေး ပြန်ဆင်းလိုက်ပါဦး၊ ဟဲ့ ပညာသည်ဗူးမှန်ကန်ပါက ဗူးမူလပြန်၍ ဗူးရှိရာ နေရာမှာ ပူခြင်း စူးခြင်း အောင့်ခြင်း ကိုက်ခြင်းဖြင့် ကာယကံရှင်သိသာအောင် ပြစေ၊ ငါ့လက်အောက်က ဓားစင်္ကြာ လှံစကြာင်္အတိဖြစ်၍ ဗူးရှိရာ နေရာမှာ ထင်ရှားပြစေ ) ဟုဆိုလိုက်ရာ ရည်မွန်မှာ ဝမ်းဗိုက် အရှိုက်နေရာမှ ပူပြီးလာကြောင်း ပြောဆိုလေ၏။ ကျွန်ုပ်သည် ထိုအရှိုက်နေရာကို လက်ညှိုးဖြင့် ရွယ်၍ ထိုးမွှေ့သဏ္ဍာန် ပြုလေသည်။ ထိုအခါ ပို၍ ပူလာကြောင်း ပြောဆိုလေသည်။ ( ဟဲ့ ဗူးမှန်ရင် ငါ့လက်အောက်က တပါတည်း လိုက်ခဲ့စမ်း ) ဟုဆိုကာ လက်ညှိုးကို မွှေ့လျက်အနေအထားဖြင့် ဝမ်းဗိုက်ဗယ်ခြမ်းသို့ ဆွဲယူလိုက်လေရာ လက်အောက်မှ ပူ၍ လိုက်လာကြောင်း ဖြေဆို၏။

သို့သော် မူလအရှိုက်နေရာကား ပူမြဲ ပူ၏။ သို့နှင့် အကြိမ်ကြိမ်ဆွဲခုတ်ယူ၍ ဗူးကို နေရာရွှေ့ကြည့်၏။ လက်အောက်မှ အနည်းငယ် ပူရုံမှ တပါး အရှိုက်သည် ပူမြဲပူနေသည်ဟု ဆို၏။ သူမ၏ ဗူးပင်းသည် ခိုင်ကြည်လျက်ရှိနေသည်ဟု သုံးသပ်၍ ရ၏။ ထိုသို့ လက်ဖြင့် သပ်ယူဆွဲ၍ ချက်ချင်း လိုက်မလာသော ဗူးသည် အကုရခက်ခဲကြောင်းလည်း သိရာ၏။ သို့သော် ဇွဲလျှော့၍ကား မဖြစ်။ ( ဟဲ့ ဗူးနေရာရွှေဖို့ တားဆီးထားတာရှိနေသမျှ ပျက်စေ။ ဗူးအိမ် ချောင်ရန် လှုပ်စေ ) ဟုဆိုပြီး ကျွန်ုပ်မှ သူမ၏ အရှိုက်နေရာရှေ့တွင် လက်ဖြင့် လှုပ်ခါဟန် ပြု၏။ အကြိမ်ကြိမ် လက်ညှိုးကို ဓားအဖြစ်ရည်ရွယ်၍ မွှန်း၏။ ထို့နောက် အကြိမ်ကြိမ်ဆွဲသပ် ယူလေရာ သူမ၏ ဗယ်ဖက်ဝမ်းဗိုက်သည် သာမာန်ထက် ပူလောင်လာသည်ဟု ဆိုလေ၏။ သို့သော် မူလအရှိုက်နေရာတွင် ပူမြဲပူသေး၏။ ဒီလောက်ဆိုလျှင် ဗူးကို နေရာရွှေ့၍ ရသည်ဟု ယူဆနိုင်ပေပြီ။ သို့သော်ကား ထိုဗူးကို နေရာရွှေ့နေသည်မှာ နာရီဝက်ခန့် ကြာခဲ့ပြီ။ စောစောက ပညာဗူး ပူးနေစဉ်ကလည်း နာရီဝက်ခန့်ကြာသောကြောင့် ရည်မွန်မှာ ပင်ပန်းလောက်ပေပြီ။

ထို့ကြောင့် ကျွန်ုပ်သည် ဆရာကြီးတစ်ပါးပေးသော ဗူးဖြိုစမကို မှိုင်းကိုင်းစက္ကူပေါ်တွင် ဆေးတော်ရည်ဖြင့် ချက်ချင်းဆွဲကာ ငရဲမီးစက်ရေစင်ဖြင့် ရောစပ်တိုက်ကျွေးလိုက်လေ၏။ ခဏနေသော် ရည်မွန်၏ ခြေထောက်ရှိ ဗူးစက်များကို ခုတ်ပြီး မ ခိုင်းရာ ခြေထောက်မှာ မ၍ ရလာလေတော့သည်။ ခြေထောက်တွင် ဘာမေးမေး အမြဲအကပ်ပြသော ဗူးစက်များ ဗူးသဘာဝများ မရှိတော့ပြီ။ ဒါဆိုလျှင် အခြားသိလိုသောအရာများကို ခြေထောက်အလေးအပေါ့ဖြင့် စစ်ဆေး၍ ရပေပြီ။ သို့နှင့် သူမ၏ အရှိုက်နေရာတွင် ဗူးရှိနေသေးသလားဟု ခြေထောက်တွင်ချုပ်၍ မေးရာ ရှိနေသည်ဟု အဖြေရပြန်လေ၏။ ကျွန်ုပ်တို့ ဆရာတပည့်နှစ်ယောက်သည် ထိုအဖြေကို သိလိုက်ရသောအခါ စိတ်ဓာတ်ကျသလို ဖြစ်သွားရ၏။ သို့သော်ငြား မည်မျှ ကြီးမားသော ပင်စည်ပင်ဖြစ်လင့်ကစား တစ်ချက်ခုတ်လျှင် တစ်ချက် ပြတ်မည်ဟူသော ထုံးကို နှလုံးမူလျက် လုပ်သမျှတော့ ဖြစ်လိမ့်မည်ဟု ယူဆရပေသည်။ ယခုပင် ယခင်က ဘာမေးမေး အကပ်ချည်း ပြနေသော ခြေထောက်သည်ပင်လျှင် ပေါ့လာခဲ့ပြီမဟုတ်ပါလော။

သို့နှင့် သူမ၏ ပညာသည်ဗူးကို စမတိုက်၍ ပြိုဆင်းသလား မပြိုဆင်းဘူးလား သိချင်သောကြောင့် ခြေထောက်ကိုပင် ကပ်စေ၍ မေးမြန်းရာ ပြိုဆင်းနေကြောင်း စွဲရင်းများထက် ဘုန်းတန်ခိုးကြီးသော ဆိုင်ရာပိုင်ရာနိုင်ရာ များ၏ အဖြေအရ သိရသည်။ ကျွန်ုပ်တို့သည် ဗူးဖြို စမ တိုက်ကတည်းက နီးစပ်ရာ ဒွာရများမှ အပိုင်းပိုင်းအတစ်တစ် ပြတ်ထွက်ပြိုဆင်းရန် အမိန့်ပေးခဲ့ကြ၏။ ထို့ကြောင့် ဝမ်းဗိုက်ထဲမှ ပြိုဆင်းပါက အနီးဆုံးသွားရန် လမ်းကြောင်းသည် ဆီးလမ်းကြောင်းနှင့် အစာဟောင်းလမ်းကြောင်း စအိုသို့သာလျှင် ဖြစ်ရပေမည်။ သို့မဟုတ် မွှေးညှင်းပေါက်များမှ ထွက်နိုင်လေသည်။ အဓိက ပြိုဆင်းရာလမ်းကြောင်းမှာ ဆီးလမ်းကြောင်းနှင့် အစာဟောင်းလမ်းကြောင်း၊ ထိုနှစ်ခုလုံးမှ ဗူးပြိုဆင်းထွက်ရန်ရှိမရှိ အဖြေရှာကြရာ နှစ်ခုစလုံးမှ ထွက်မည်ဟု သိရလေသောအခါ ဝမ်းသာရပေ၏။

သို့သော် ဆီးလမ်းကြောင်းမှ ထွက်မည်မှာ ပိုများမည်ဖြစ်ကြောင်း သိရပြန်သည်။ သို့နှင့် မူလအရှိုက်နေရာရှိ ပူလောင်နေသော သူမ၏ အသိသည် လျော့၍ လျော့၍ လာခဲ့ပြီး သူမ၏ ဆီးအိမ်သည် တင်းလာခဲ့ကြောင်း သိရသည်။ ဒါဆိုလျှင် ဆီးအိမ်ထဲသို့ ဗူးပြိုလေပြီ။ အရှိုက်နေရာတွင် ပူလောင်ခြင်း မရှိတော့အောင် ခုတ်ဖြတ်ဆွဲသပ်လေသော် ခဏအကြာထပ်မံစစ်ဆေးရာ ဗူးမှာ ဗူးအိမ်နှင့်တကွ ဆီးအိမ်နှင့် အစာအိမ်ဟောင်းထဲသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရလေတော့၏။ ထိုခဏမှာပဲ ရည်မွန်သည် ဆီးသွားချင်သည်ဟု ခွင့်တောင်းသောကြောင့် ခွင့်ပြုရာ သူမ ပြန်လာ၍ ဗူးကို စစ်သောအခါ ဗူးမှာ အကုန်ပြိုဆင်းသွားခဲ့လေပြီတကား။

သို့သော် သူမတွင် အခြားစွဲရင်းများမှ ချစ်လို့ ဖြစ်စေ မုန်းလို့ဖြစ်စေ ပြုစားထားသော အရာများ ရှိမရှိ စစ်ဆေးရပေဦးမည်။ အစောက ဖြိုနိုင်ခဲ့သည်မှာ ပညာသည်ဗူးသာလျှင် ဖြစ်သည်။ အခြားအပင်းများ အတိုက်များ အစွဲများ မိစ္ဆာစက်များကို ဆက်လက်စစ်ဆေးကြလေသည်။ သူမ၏ ဗူးအမျိုးအစားကို စစ်ဆေးရာ ဝမ်းတွင်းစုန်းဗူးဖြစ်ကြောင်း သိရသောကြောင့် သူမ၏ မိခင်ထံမှ မိစ္ဆာပညာ အမွေရသလောဆိုတာကို စစ်ဆေးရာ သူမတစ်နှစ်သားအရွယ်ကပင် ကွယ်လွန်သွားပြီဖြစ်သော မိခင်မှာလည်း စုန်းမတစ်ယောက်သာ ဖြစ်ကြောင်း သိရလေသည်။ သို့ဆိုလျှင် သူမကို ပညာဗူး အဓိကထည့်ပေးသူမှာ မည်သူနည်း။ သူမ၏ မိခင်လော? ။ မဟုတ်ချေ။ သွေးဗီဇတွင် စုန်းသွေးပါခြင်းမှာ မိခင်ထံမှဖြစ်ပြီး ကြီးကြီးမားမား ပညာပေးသူစွဲရင်းကား ရည်မွန်၏ မိခင်ဖက်မှ အဘွားသာလျှင် ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရတော့၏။ ထိုအဘွားသည်လည်း သေဆုံးခဲ့ပြီး ဖြစ်လေ၏။ ဒါဆိုလျှင် ရည်မွန်၏ ပညာသည်ဗူးသည် ထိုအဘွားမသေမီက ထည့်ပေးသော ပညာပေလော? ဟုတ်သည်တဲ့။

သို့ဆိုလျှင် ထိုအဘွားသည် ကဝေဘဝက သေလွန်ပြီး မကျွတ်မလွတ် ဖြစ်နေသည်လော? မဟုတ်ချေ။ ငရဲကျနေသည်လော? မဟုတ်ချေ။ ငရဲ ကျနေသူ စွဲရင်းဆိုပါက ငရဲမင်းမှတဆင့် ထိုစွဲရင်းကို ခေတ္တခဏ ခွင့်ပြုခေါ်ယူစေပြီး ပူးကပ်စေလျှင် ရပေသည်။ တိရိစ္ဆာန်ဖြစ်နေသည်လော? မဟုတ်ချေ။ စုံလင်စွာ မေးမြန်းပြီးနောက် ထိုကဝေအဘွားသည် လူပြန်ဖြစ်နေသည်ဟု အဖြေရ၏။ တဖန် သေပြီးနောက် ထည့်ပေးသော ပညာပေလော? ဟုတ်သည်ဟု ဖြေပြန်လေသည်။ ဒါဆိုလျှင် ထို ကဝေအဘွားသည် လူပြန်ဖြစ်ပြီးနောက် ယခင်ဘဝက တတ်မြောက်ထားသော ကဝေပညာဝမ်းတွင်းဗီဇ ပါသွားခဲ့သလော ? အတိတ်ဘဝကို မှတ်မိသော ဇာတိဿရဉာဏ်ရလေသလော ? ဟုတ်နေပါသည်။ လက်ရှိဘဝမှနေ၍ သူမ ချစ်သော မြေးမလေး၏ခန္ဓာကိုယ်ထဲသို့ ပညာများ ဆက်လက် ထည့်ပေးနေခဲ့သည်ဟူ၏။

သို့နှင့် ထိုကဝေအဘွားတစ်ဖြစ်လဲ စွဲရင်းကို ဝင်းပူးစေရန် မောင်းသွင်းလေတော့သည်။ စွဲရင်းကို ဝင်ပူးဖို့ အတော်ပင် ချုပ်တုပ်ခဲ့ရ၏။ အာပေါက်အောင် အမိန့်များစွာ ပေးခဲ့ရ၏။ ဤတွင် အစွဲကြီးပါက ဆရာများသည် အမိန့်တစ်ခွန်းထဲဖြင့် ချုပ်၍ တုပ်၍ မရတတ်ချေ။ ချက်ချင်းမရသောကြောင့် မိမိကိုယ်မိမိ သံသယဖြစ်တတ်ပါသည်။ အမှန်မှာ တစ်ဖက်စွဲရင်းမှာလည်း ခုခံကာကွယ်နိုင်စွမ်းများ အကူအညီများ ရှိနေသည်ကို သတိပြုသင့်သည်။ ဆရာစိတ်ဓာတ်ကျသွားအောင် လိမ်လည်လှည့်ဖြား ပရိယာယ်များတတ်သည်မှာ ရင့်မာသော စွဲရင်းတို့လုပ်ဆောင်ကြသည်ချည်း ဖြစ်လေသည်။ အများအမြင်အားဖြင့် မြင်ရသည်မှာ ဝင်ပူးနေသော စွဲရင်းသည် တစ်ယောက်တည်းဖြစ်သည်။ အမှန်မှာ သူ၏နောက်ကွယ်တွင် ကျွန်ုပ်တို့ မမြင်ရသော အကူအညီ ရာပေါင်းများစွာ ရှိနေတတ်လေသည်။

ယခု စွဲရင်း ဝင်ပူးသောအခါတွင်လည်း ပထမ ပညာသည်ဗူးပူးနေသကဲ့သို့ စကားမပြောချေ။ နှုတ်ခမ်းကား တင်းတင်းစေ့၏။ ကျွန်ုပ်တို့သည် ရည်မွန့်အား ပညာသည်ဗူးကို နှစ်ဘဝတိုင်တိုင်း ဖြည့်တင်းပေးနေသော စွဲရင်းကို စစချင်း မေတ္တာအရင်ပို့ကြ၏။ မလိုအပ်ပဲ နှိပ်စက်ကလူ မပြုပါကြောင်း ဖျောင့်ဖျကြ၏။ သင်၏ မြေးမလေးမှ မလိုချင်ကြောင်း အသင်သိပါလျက် အဘယ်ကြောင့် ထိုမိစ္ဆာပညာရပ်များကို ထည့်သွင်းပေးနေပါသနည်း။ အသင်သည် မြေးမလေးအပေါ် အမှန်တကယ် ချစ်မြတ်နိုးပါက ထိုယုတ်ညံ့သည့် ပညာရပ်များကို ဆက်လက် မပေးစေလိုကြောင်း ကျွန်ုပ်တို့မှ မေတ္တာရပ်ခံကြလေ၏။ စွဲရင်းသည် ဘာမှ ပြန်မပြောပဲ နေစိမ့်၏။ အသင့်စက်တွေ ကျန်သေးသလား ကျန်သေးရင် ထုတ်ပေးပါဟု ကောင်းမွန်စွာ အထပ်ထပ် မေတ္တာရပ်ခံသော်လည်း စွဲရင်း ကဝေသည်ကား ခေါင်းပင် တွင်တွင် ယမ်း၏။

( ဟေ့ မထုတ်ပေးဘူးဆိုရင် ခေါင်းငြိမ့်စမ်းကွာ )ရည်မွန်၏ ခေါင်းသည် ငြိမ့်ပြလေ၏။ ( လက်ကျန်ကိုလည်း မထုတ်ပေးဘူး ထပ်လည်း ထည့်ဦးမယ်ဆိုတဲ့ သဘောလား ) ဆက်လက် ငြိမ့်ပြလေ၏။ စွဲရင်း၏ စက်အားသည် ပြင်းထန်လှချေ၏။ သူဝင်ပူးကတည်းက ကျွန်ုပ်တို့ အကြိမ်ကြိမ် မူးနောက်ခြင်းကို ခံစားရ၏။ သူ့အကူအညီများ မလာနိုင်အောင် အကြိမ်ကြိမ်စက်ဖြတ်ရ၏။
( ဒီမယ် အဘွား ၊ အဘွားမြေးကို တကယ်ချစ်ရင် ဒီလို ပညာရပ်တွေကို ပေးပြီး မနှစ်ပါနဲ့ဗျာ )( ဟား ဟား ဟား ငါက အခုဘဝမှာ ယောကျာ်းကွ ၊ အရင်ဘဝကလည်း ကဝေ၊ အခုဘဝလည်း ကဝေ၊ ကဝေပြန်လေကွာ၊ ) ထိုအခါမှ စွဲရင်းသည် စကားပြောလေ၏။ ( မင်းတကယ်ပျံနိုင်လို့လား ကဝေပျံလို့ ပြောရအောင်က ) ( ငါပြောတာ ပျံတဲ့ကဝေကို ပြောတာမဟုတ်ဘူး၊ ကဝေသေလို့ ကဝေပြန်ဖြစ်လာတာ ကဝေပြန်၊ ဝိဇ္ဇာလောကမှာလည်း ဝိဇ္ဇာတွေ ထွက်ရပ်ပေါက်ပြီးတော့မှ လူပြန်ဖြစ်လာတာ ဝိဇ္ဇာပြန်လို့ခေါ်တယ်ကွ ) ( အေးပါ မင်းဘာပဲ ဖြစ်ဖြစ်ပါကွာ၊ ငါ အေးအေးဆေးဆေး ပြောချင်တယ်၊ သူက မင်း မြေးမဟုတ်လား ) ( ဟုတ်တယ်လေ၊ ငါ့မြေး ၊ ငါ့မြေးကို ငါချစ်လို့ ငါ့ပညာပေးတာ၊ အခုကျန်တဲ့ စက်ကြွင်းလည်း ငါ ဘယ်တော့မှ ထုတ်မပေးဘူး၊ မင်းတို့ စွမ်းရင် ကိုယ့်ဖာသာထုတ် ) ( မင်းအသက် ဘယ်လောက်လဲ ) ( ၂၀ ကျော် ) ( ငါတို့ဖာသာ ထုတ်လို့ ဗူးတောင် ပြိုသွားပြီလေကွာ ၊ ဗူးမဟုတ်တဲ့ မင်းစက်ကြွင်းတွေလည်း ထုတ်ပေးလိုက်ပါ ။ ငါတို့ အေးအေးဆေးဆေး ပြောနေတာပါ၊ မဆုံးမချင်ဘူး မရက်စက်ချင်ဘူး) ( မင်းလုပ်မယ်ဆိုလည်း ငါက ဂရုမစိုက်ဘူး ) ကျွန်ုပ်တို့သည် စွဲရင်းအား အမျိုးမျိုး ဖြောင့်ဖြကြသော်လည်း စွဲရင်းကဝေသည် ခေါင်းမာနေ၏။

ထို့ကြောင့် မေတ္တာဖြင့် ပြောဆိုခြင်းကဏ္ဍ ပြီးဆုံးသွားပြီဟု ယူဆမိလေသည်။

ထို့ကြောင့်( မင်းမထုတ်ဘူးဆိုရင် မင်းပညာစက်တွေ ငါ ဖျက်ပစ်ရမလားပြော ) ( ဖျက်ချင်ဖျက် ) သို့နှင့် ကျွန်ုပ်သည် စွဲရင်းကဝေ၏ ပညာစက်များကို သိမ်းယူလိုက်လေ၏။ ထို့နောက် ဖယောင်းတိုင် အတိုလေးထဲတွင် ပစ်ပေါက်ထည့်သွင်း၍ ချုပ်လိုက်၏။ ဖယောင်းတိုင် အတိုလေးကို ရွေးရခြင်းမှာ ဖယောင်းတိုင် တိုမှ မြန်မြန် ပညာပျက်စေမည် ဖယောင်းတိုင်လည်း ကုန်၊ ပညာလည်း ကုန်မည်ဟု သတ်မှတ်သောကြောင့် ဖြစ်လေသည်။ ထိုဖယောင်းတိုင်ကို မီးညှိပြီးသော် ထိုကဝေအား နည်းမျိုးစုံဖြင့် ဆုံးမကြလေ၏။ ဆုံးမခြင်းကို အလေးပေး၍ မရေးလိုရကား ချန်လှပ်၍ ထားခဲ့ပါမည်။ အဘယ့်ကြောင့်ဆိုသော် အချို့သော စာဖတ်သူတို့က ဆရာတို့သည် အထက်လမ်းဆရာများဖြစ်ပြီး ရိုက်နှက် ဒဏ်ပေးနေခြင်းမှာ ဘုရားအကြိုက်မဟုတ်ချေဟု အထင်ရှိပြီး အထင်လွဲမည်စိုးသောကြောင့် ဖြစ်လေသည်။ မေတ္တာစက်ဖြင့် မတန်သောသူကို အာဏာစက်ဖြင့် ဆုံးမရသည်ကို မသိကြသူများမှ အထင်မလွဲစေရန် ယခုကုပွဲအတွက် ကြမ်းတမ်းသော ဆုံးမခြင်းများကို မရေးပဲ ချန်ခဲ့ပါမည်။

ဖယောင်းတိုင်သည် လက်တစ်ဆစ် အကပ်သာ ကျန်တော့၏။ ( ဟေ့ကောင် မင်းပညာတွေ မနှမျောဘူးလား၊ ) ( မနှမျောဘူး ငါပြန်သင် ပြန်ကျင့်မှာပေါ့ကွ ) ( ထပ်၍ မသင်နိုင်စေရ ပညာကန်းစေ ၊ ဘယ်လိုတုန်းကွ ထုတ်ပေးမှာလား ) ( မထုတ်ဘူး မင်းဖာသာထုတ်လေ ) ( အေး ငါက ငါ့ဖာသာ ထုတ်နိုင်ပေမယ့် မင်းကိုပဲ ထုတ်ခိုင်းစေချင်လို့ပါကွ )

ကျွန်ုပ်သည် တပည့်ဖြစ်သူ မောင်ဇင်အား ကျွန်ုပ်ယခင်တခါက အသုံးပြုခဲ့သော ကုကွက်ကို စွဲရင်းပူးနေစဉ်တွင်ပင် ပြောပြလိုက်လေ၏။ ထိုကုကွက်ကို ကျွန်ုပ်ရေးဖူးသည့်( အသေသတ်ရမှ ကျေနပ်မယ့် ကဝေထိပ်သီး )ကို ကျွန်ုပ်၏ ဝေါ   တွင် ရှုပါ။ မောင်ဇင်သည် စွဲရင်း၏ ပါးစပ်ထဲသို့ ထိုစွဲရင်းကဝေ စိတ်နူးညံ့သိမ်မွေ့စေသော ရေစင်၊ မူလစိတ်များ ပြောင်းလဲ၍ ပြုလုပ်ထားသည်များကို ထုတ်ပေးချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်စေနိုင်သော ရေစင်တော်ကို အဘဆရာတော်များထံ တောင်းခံ၍ စွဲရင်းအား တိုက်လေသည်။ ပထမ ရေတိုက်ခါစတွင် အစွမ်းမပြသေးချေ။ ရေစင်တော်သည် အစာအိမ်သစ်ထဲမှ တဆင့် စိတ်တို့ ဖြစ်တည်ရာဖြစ်သော နှလုံးသွေးရည်ကြည်အထိ ရောက်ရှိအစွမ်းပြစေဟု ထပ်မံအမိန့်ပြန်ရလေ၏။ ထိုရေတိုက်ပြီးနောက် ကျွန်ုပ်တပည့် မောင်ဇင်သည် စွဲရင်းကို လက်ညှိုးညွှန်လျက် (စွဲရင်းရဲ့ စိတ်တွေ နူးညံ့ သိမ်မွေ့ လာပါပြီ။ စိတ်နှလုံး ရွှင်ပြုံးပြီး ပီတိလေးတွေ ဖုံးလာပါပြီ။ သူလုပ်ထားတာတွေ အကုန်ထုတ်ပေးတော့မယ်။ ထုတ်ပေးဖို့ စဉ်းစားနေပြီ) ဟု အိပ်မွေ့ချသလို ဆက်တိုက်ပြောဆိုနေပေ၏။

ကဝေစွဲရင်းသည် ထိုအခါမှ လက်များ လှုပ်ရှားလာပြီးသကာလ ပွတ်သပ်ဆွဲထုတ်လေ၏။ ( သူဟာ အခြားတွေရဲ့ အပင်းတွေ စက်တွေ အားလုံးကိုပါ ထုတ်ပေးနိုင်စွမ်းရှိသူဖြစ်တယ်။ သူနဲ့ မဆိုင်လည်း အားလုံးကို တခါတည်း ထုတ်ပေးပါတော့မယ် ) စသည်ဖြင့် ဆက်တိုက်ပြောဆိုနေလေရာ စွဲရင်းကဝေယောကျာ်းသည် ပွတ်သပ်ဆွဲထုတ်လေရာ သုံးမိနစ်ခန့်အကြာတွင် ပွတ်သပ်ထုတ်နေခြင်းများ ရပ်ဆိုင်းသွားလေသည်။ မကုန်မချင်း ထုတ်နေစေဟု အမိန့်ပေးသော်လည်း ကုန်စင်သွားသောကြောင့် ရပ်ဆိုင်းသွားခြင်းဟု ယူဆရလေသည်။

သို့နှင့် စွဲရင်းအား ကုန်စင်အောင်ထုတ်ပေးပြီးဖြစ်ကြောင်း ထပ်မံ မထည့်သွင်းတော့ပါကြောင်း၊ မိမိက မလုပ်သော်လည်း သူတပါးပညာသည်များအားလည်း ထပ်မံမစည်းရုံးခိုင်းပါကြောင်း သစ္စာအား ပြင်းပြင်းဆိုခိုင်းလေ၏။ ထို့နောက် ထွက်ခွင့်ပေးပြီး ပြန်လည် စစ်ဆေးရာ သူမခန္ဓာမှ မိစ္ဆာပယောဂစက်များ ဗူးများ အပင်းများ အတိုက်များ အကုန်စင်ကြယ်သွားလေသည်။

( ငါတို့ ကုသစရာ ကျန်သေးရင် ကပ်ထား ) သူမ၏ ခြေထောက်ကား ကပ်နေပြန်တော့သည်။ သို့နှင့် ဆက်လက်စစ်ဆေးရာ သူမပိုင်ဆိုင်သော ပစ္စည်းများတွင် ဗူးစက်များ၊ အိမ်တိုက် ဝိုင်းအတိုက်များရှိသေးကြောင်းကို စစ်ဆေးတွေ့ရှိရပြီး ထိုအရာများကို အမိန့်ပြန် ရှင်းထုတ်ရလေသည်။ ( ငါတို့ ကုသစရာ ကျန်သေးရင် ကပ်ထား ) သူမ၏ ခြေထောက်သည် ထပ်မံကပ်နေပြန်တော့သည်။ အသေးစိတ်စစ်ဆေးလေရာ မိစ္ဆာပယောဂနှင့် မပတ်သက်ပဲ သူမ၏ သွေးတွင် အပြစ်တွေ့လေ၏။ အမျိုးသမီး သွေးသား၊ ရာသီထိန်ခြင်းလား ? မဟုတ်ပေ ။ မိစ္ဆာနှင့် မဆိုင်သော ရောဂါ သွေးပင်းဟု အဖြေရ၏။ ဆက်လက်မေးမြန်းရာ သွေးပြစ်သော ရောဂါရှိသည်ဟူ၍ သိရလေသည်။ ထိုသွေးပြစ်သောရောဂါကို ရေစင်တစ်ခွက်တိုက်၍ ကုသနိုင်မည်လား၊ မည်မျှ တိုက်ရမည်လဲဟု မေးမြန်းရာ တစ်ခွက်သာ လိုအပ်ကြောင်း အဖြေရသောကြောင့် ထိုရောဂါကိုပါ ကုသပေးနိုင်ခဲ့ပြီဖြစ်လေသတည်း။

ကဝေပြန် ယောကျာ်းပြီး၏။

မှတ်ချက် …. သွေးပြစ်သောသူသည် အေးသောရာသီဥတုနှင့် မကိုက်ချေ။ ရာသီဥတုအေးလျှင် ရောဂါပို၍ ဖောက်၏။ သွေးပြစ်တတ်သော လူ၏သွေးသည် ရာသီဥတုကြောင့် သွေးလေးလာလျှင် ပိုမိုပြစ်လာတတ်၏။ ထိုအခါ နှလုံးသည် ဓာတ်ဆီမသန့်တာကို ထည့်မိသော ကားကဲ့သို့ သွေးတို့ကို ပို့ဆောင်ညှစ်ထုတ်ရာတွင် မောပန်းလာ၏။ ထိုအခါ နှလုံးခုန်နှုန်းသည် ခုန်ချက်မမှန် ကြမ်းတမ်းလှပေ၏။
( မိစ္ဆာပယောဂဖြစ်စေ သွေးသားပယောဂ ဖြစ်စေ၊ ကုသရာတွင် အကုန်လုံး ပျောက်ကင်းပါမည်ဟု မရှိချေ။ ရောဝါဝေဒနာ ကြီးမားသော်လည်း ဝဋ်နာကံနာ မရှိက ကုရာတွင် လွယ်ကူတတ်၏။ ရောဂါသေးသော်လည်း ဝဋ်နာကံနာရှိပါက ကြိုက်သလိုကု ပျောက်သလိုလို ရှိပြီး ပြန်ဖြစ်၏။ ) ဤကား ကျွန်ုပ်၏ ယူဆချက်တည်း။

ရည်မွန်အား ထိုအချက်များကို ပြန်လည်မေးမြန်းရာ သူမသည် ယခင်က အေးသော မိုးရာသီနှင့် ဆောင်းရာသီများတွင် သူမ အမောဖောက်လေ့ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

သတ္တဝါအပေါင်း ချစ်လို့ဖြစ်စေ မုန်းလို့ဖြစ်စေ ပြုစားခံရခြင်းမှ ကင်ဝေးကြပါစေ။


Post a Comment