ငြိမ်းလိုမိန်းမ ဝတ္ထုတို

"ငြိမ်းလိုမိန်းမ"

အငွေ့တထောင်းထောင်းထနေသော ပူပူနွေးနွေး ဆန်ပြုတ် ပန်းကန်လေးကိုကိုင်ကာ နှုံးချိနွမ်းလျစွာ လှဲလျောင်းမှေးစက် နေသောအမေ့ဘေးတွင်ထိုင်ကာ "ငြိမ်းငြိမ်း"တစ်ယောက် ကျလုမတတ်ဖြစ်နေသော မျက်ရည်စများကို အံကြိတ်ကာ ထိန်းထားနေမိသည်။ သည်လိုအချိန်မျိုးတွင် သူမအနေနှင့် ရောဂါသည်အမေကြီးရှေ့တွင် မျက်ရည်ကျရန် မသင့်တော်ချေ။

အမေက သွေးကင်ဆာရောဂါသည် တစ်ဦးမို့ အမြဲမပြတ် ဆေးသွင်းရကာ သွေးလဲအမြဲမပြတ် လိုအပ်နေသူလည်း ဖြစ်ပေသည်။ အစိုးရဆေးရုံတွင် တက်နေသည်မို့ ဆေးစရိတ် မြောက်မြားစွာမကုန်လှသော်လည်း အခြားသော ဓာတ်စာ အားဆေးများ ကြားဖြတ်ရောဂါများအတွက် ပြင်ပမှဆေးဝါးများ ဝယ်ခြမ်းရသည့် စရိတ်ကတော့ အတော်လေးပင် ဝန်ပိလွန်းလှပေသည်။ သည့်အပြင် အိမ်ကလဲ ယိုင်နဲ့ကာ ဟောင်းနွမ်း၍ လုံခြုံမှုနည်းပါးနေသည်မို့လည်း ပြုပြင် ရပေဦးမည်။

"သမီးငြိမ်း အမေ့ကို ဆန်ပြုတ်လာတိုက်တာလား"

အမေ့စကားကြားလိုက်ရမှ "ငြိမ်းငြိမ်း"တစ်ယောက်လည်း အသိပြန်ဝင်လာကာ ပူနွေးသော ဆန်ပြုတ်ရည်ကျဲလေးကို မှုတ်ကာ အမေ့ကို ဂရုတစိုက် တိုက်ကျွေးနေမိသည်။ သူမတို့ မောင်နှမနှစ်ယောက်အား တစ်ဘဝလုံးပုံအပ်ကာ ပင်ပန်းဆင်းရဲစွာ ရှာဖွေကျွေးမွေးခဲ့သော အမေမို့ သူမတို့က ယခုထက်ပင်ပို၍ ပြည့်ပြည့်စုံစုံ ပြုစုချင်သေးသည်။ သူမ၏ အတွေးတို့ကို အမေကပင် ဒုတိယအကြိမ် ဖြတ်တောက်လိုက်ပြန်သည်။

"သမီး ဆိုင်မှာအဆင်ပြေလား"

"အဆင်ပြေပါတယ် အမေ"

အမေ၏မေးခွန်းကို မုသားတို့ဖြင့် "ငြိမ်းငြိမ်း" တုန့်ပြန် လိုက်မိသည်။ သူမ၏ရင်ထဲတွင်တော့ စကားတစ်ခွန်းကိုသာ နာကျင်စွာ ပြောနေမိသည်။

"သမီးအလုပ်က လစာက နည်းလွန်းတယ် သမီးရဲ့ပညာရေး ကလည်း ရှစ်တန်းတောင် မအောင်တာဆိုတော့လည်း လစာက နည်းတာပေါ့ အမေရယ် ဆိုင်ရှင်ကလည်း မျက်နှာမွဲမို့ ပစ္စည်းသာရောင်းခိုင်းတာ ငွေကိုတော့ အခြားလူကိုသိမ်းခိုင်းတယ်လေ"

စိတ်ထဲမှ နာကျင်စွာခံစားနေရသော စကားများကို မြိုသိပ်လိုက်ပြီး အမေသောက်၍ ကုန်သွားသော ဆန်ပြုတ် ပန်းကန်လေးကိုယူကာ "ငြိမ်းငြိမ်း" မီးဖိုခန်းသို့ ဝင်လာလိုက်သည်။ သူမတွင် အမေ့တာဝန်တစ်ခုတည်းနှင့် မပြီးသေး။ သူမတို့ မောင်နှမနှစ်ယောက်၏ ညစာအတွက် ချက်ပြုတ်ရသေးသည်။ သည်နေ့ညစာအတွက်ကတော့ ပန်းကန်စင်ပေါ်မှ လက်ကျန်ဘဲဥလေးတစ်လုံးကို ကြက်သွန်နီ နှစ်လုံးပါးပါးလှီးကာ ရောခေါက်ပြီး ကြော်သော ဘဲဥမွှေကြော်နှင့်ပင် ပြီးရလိမ့်ဦးမည်သာ ဖြစ်ပေသည်။
              -------------------------
အိမ်ရှေ့က ဝါးကွပ်ပျစ်လေးတွင်ထိုင်ကာ "ငြိမ်းငြိမ်း" တစ်ယောက် မောင်လေး"သီဟ"ပြန်အလာကို စောင့်စားနေရင်း အတွေးနယ်ချဲ့ နေမိပြန်သည်။ သူမက သူများ၏ကုန်စုံဆိုင်တွင် အလုပ်သမဖြစ်ပြီး မောင်လေးက ပွဲရုံတစ်ခု၏ အလုပ်ကြမ်းသမားတစ်ဦး ဖြစ်ရကား သူမတို့ မောင်နှမနှစ်ယောက်ပေါင်းလစာက အိမ်စရိတ် အမေ့ဆေးဖိုး အခြားဗာဟီရကိစ္စများအတွက် လောက်ငှမှုမရှိပေ။ အဖေရှိစဉ်က အတန်ငယ် ချောင်လည်လှသော်လည်း အဖေမရှိချိန်မှစ၍ ဘဝတွေက လိုတာထက်ပို၍ ခါးသက်ခဲ့ရသည်။

သူမအတွေးထဲနစ်မျောနေစဉ် ခေါင်းငိုက်စိုက်ကျ၍ ပြန်လာနေသော မောင်လေးကို တွေ့လိုက်ရတော့သည်။ သူမအနားရောက်သည်အထိ မောင်လေးက ခေါင်းမမော့သေး။

"မောင်လေး ဗိုက်ဆာပြီလား ရေချိုးလိုက်လေ မမငြိမ်း ထမင်းခူးထားလိုက်မယ်နော်"

"သား အလုပ်ပြုတ်လာပြီ မမငြိမ်း"

ရုတ်တရက် ပြောလိုက်သော မောင်လေး၏စကားကြောင့် "ငြိမ်းငြိမ်း" ခေတ္တမျှ အံ့သြမှင်သက်သွားမိသည်။ သူမနှင့် အသက်သုံးနှစ်ခန့်သာကွာခြားသော်လည်း သူ့ကိုယ်သူ "သား" ဟုသုံးနှုံးကာ ယဉ်ကျေးစွာ နေတတ်သော သူမ၏မောင်လေး အဘယ်မျှသော အရေးကြောင့် အလုပ်ပြုတ်လာရပါသနည်း။ စဉ်းစား၍ပင်မရ။

"ဘယ်လိုဖြစ်တာလဲ မောင်လေးရယ်"

"မနက်က ပွဲရုံပိုင်ရှင်က စားပွဲပေါ်မှာ ငါးထောင်တန်ဘဏ်အုပ် နှစ်အုပ်တင်ထားတာ ပွဲရုံကလည်းလူရှင်းနေတုန်း သူ့သမီး ရောက်လာပြီးယူသွားတာ အဲဒါကို ပျောက်တယ်ဆိုပြီး သားကို စွပ်စွဲတာ မမငြိမ်း သားကလဲ သူဌေးရဲ့သမီးယူသွားတာပါလို့ ပြောတော့ သူ့သမီးကိုပြောရကောင်းလားဆိုပြီး သားကိုဆွဲထိုးတာ သားလဲမခံနိုင်တာနဲ့ ပြန်ထိုးလိုက်မိတယ် အဲဒါနဲ့အလုပ်ပြုတ်လာတာပဲ"

"ငြိမ်းငြိမ်း" သက်ပြင်းငွေ့ငွေ့လေး ရှိုက်လိုက်မိသည်။ လောကကြီးက အတော်လေးကို မတရားပါလား။ ငယ်စဉ်ကတည်းက သူများဥစ္စာဆို အပ်တိုတစ်ချောင်းပင် မျက်စောင်းမထိုးဖူးသော သူမ၏မောင်လေးကိုမှ သူခိုးစွဲရက်လေခြင်း။ မိမိသားသမီး၏ ပျက်ယွင်းနေသော စာရိတ္တကို ဖုံးကွယ်ရန် သူတစ်ပါး၏ဂုဏ်သိက္ခာကို ချနင်းရက်သော လူ့တိရစ္ဆာန်များ၏လက်ထဲမှ ရုန်းထွက်လာခဲ့ခြင်းအတွက်တော့ မောင်လေးကို သူမ အပြစ်မတင်ရက်ပေ။

"စိတ်မကောင်းဖြစ်မနေပါနဲ့ မောင်လေးရယ် ကိုယ့်ရဲ့စာရိတ္တကို ဘုရားအသိဆုံးပါ ဒီလိုလူတွေဆီမှာ ဆက်လုပ်နေရင်လည်း မောင်လေးပဲစိတ်ဆင်းရဲရမှာ ကဲ အခုရေသွားချိုး ပြီးရင် ထမင်းစားမယ်"

"ဟုတ်ကဲ့ မမငြိမ်း"

လွယ်အိတ်အနွမ်းလေးကိုပိုက်ကာ ထွက်သွားသော မောင်လေးကို ကြည့်ရင်း ရှေ့ဆက်လျှောက်ရမည့် သူမတို့၏ ဘဝခရီးကို တွေးကာ "ငြိမ်းငြိမ်း"တစ်ယောက် ကျဆင်းလာသော သောကမျက်ရည်များကို လက်ဖမိုးဖြင့် ခပ်ကြမ်းကြမ်းပင် သုတ်လိုက်တော့သည်။
               -----------------------
အသင့်အတင့် ကျယ်ဝန်းသော တိုက်ခန်းအတွင်း အေးစက်စွာ ဝှေ့ယမ်းတိုက်ခတ်နေသော အဲကွန်းမှလေများက "ငြိမ်းငြိမ်း" ၏ ရင်မှဖြစ်သော အပူငွေ့ကို မငြိမ်းသတ်နိုင်စွမ်းပေ။ မနက်ဖြန်ဆိုလျှင် အမေ့ကို ဆေးရုံပြရမည်။ ဆေးရုံစရိတ်က သိပ်မကုန်ကျသော်လည်း အခြားသော အာဟာရများ ဆေးဝါးများ ဝယ်ရဦးမည်။ သည်ကြားထဲ မောင်လေးကလည်း အလုပ်မရှိသေးသဖြင့် အခြားဝင်ငွေကလည်းမရှိ။ လက်ထဲတွင် ပိုက်ဆံနှင့်တူတာဆိုလို့ စက္ကူပင်မရှိတော့သည့်ဘဝမို့ သူငယ်ချင်းဖြစ်သူ "ဒါလီ" ထံတွင် လာရောက်အကူအညီ တောင်းခံနေရခြင်းဖြစ်သည်။

ယခင်ကဆို သူမနှင့် ဒါလီက ဘဝတူတွေသာ။ ယခုမူ ဒါလီက တိုက်ခန်းနှင့် အကျအနနေနိုင်နေချေပြီ။

"ငါပြောတာ စဉ်းစားစမ်းပါ ငြိမ်းရယ် နင်သာလက်ခံရင် ဗွေဆော်ဦး ဆယ့်ငါးသိန်းလောက်ရမှာ ကိုကြီးက စေတနာရှိရင် ပိုတောင်ရဦးမယ် နင်တစ်ခါလေးလုပ်လိုက်ရုံနဲ့ ဒုက္ခတော်တော်များများ ဖြေရှင်းလို့ရသွားမှာဟ"

"ဒါပေမယ့်ဟာ နင်ပြောတဲ့အလုပ်က..."

"ဒါလီ" ကမ်းလှမ်းလာသည့်အလုပ်က ငွေကြေး အမြောက်အများကို တစ်ထိုင်တည်းရနိုင်ပေမယ့် "ငြိမ်းငြိမ်း" အနေနှင့်မလုပ်ဝံ့ လုပ်လည်းမလုပ်ရဲ လုပ်လည်းမလုပ်လိုပေ။

"နင့်မိသားစုက အခုအချိန်မှာ နင့်အပေါ်မှာမူတည်နေပြီ ငြိမ်း နင်ငါ့ဆီကယူရင် ဘယ်လောက်အထိယူနိုင်မှာလဲ ပြီးရင် နင်ပဲ အကြွေးတွေပိနေမှာ ဒီအလုပ်ကိုလုပ်လိုက်ရင် ဘယ်သူ့ကိုမှ အကြွေးပြန်ဆပ်စရာမလိုတော့ဘူး"

"ဒါလီ"ပြောနေတာတွေကို စဉ်းစားကြည့်တော့ အားလုံးသည် အမှန်တရားများသာ ဖြစ်နေပြန်သည်။ အမေ့ဆေးဖိုး တစ်ခုတည်းရရုံနှင့် အရာအားလုံး ငြိမ်းချမ်းသွားမည်မဟုတ်။ နောက်ဆက်တွဲ ဖြေရှင်းစရာများစွာ ကျန်နေသေးသည်။ ပိုက်ဆံချေးသည် ဆိုတာကလည်း ပြန်ဆပ်ရမှာမို့ တစ်ပူပေါ် တစ်ပူဆင့်ကာ ဒုက္ခများသာပိုလာမည်မို့ "ငြိမ်းငြိမ်း" ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ရတော့သည်။

"ငါ လုပ်မယ် ဒါလီ"
                ------------------------
အိစက်ညက်ညောကာ မွေးရနံ့တို့ဖြင့် သင်းပျံ့ထုံရီနေသော အကောင်းစားမွေ့ယာကြီးပေါ်တွင် ထိုင်နေရသော်ငြား ကြောက်စိတ်တို့ကြောင့် "ငြိမ်းငြိမ်း" ဘာကိုမျှ မခံစားနိုင်အား။ စေးကပ်နေသော ဇောချွေးများကိုသာ တစ်သျှူးဖြင့် တွင်တွင်သုတ်နေမိသည်။ "ဒါလီ" ဆင်ပေးလိုက်သော အတိုအကျပ် အဝတ်အစားများကြောင့်လည်း လူတစ်ကိုယ်လုံး နေမထိထိုင်မသာ ရှိလှသည်။

"သဲလေးက ငြိမ်းငြိမ်းနော် နာမည်နဲ့ တစ်ကယ်လိုက်ပါတယ် တစ်ကယ့်ကို အစ်ကိုကြီးရဲ့ အသဲထဲကို ငြိမ်းချမ်းသွားတာပဲ အသဲငြိမ်းလို့ပဲ ခေါ်မယ်ကွာ နော်"

"ဟုတ်ကဲ့ရှင့်"

သူမအနားသို့ တိုးကပ်လာသော ကိုလူခန့်ကြီးကို ကြည့်ရင်း "ငြိမ်းငြိမ်း" လက်ဖျားခြေဖျားတွေ အေးစက်လာတော့သည်။ ကိုလူခန့်က ရုတ်တရက်ဆိုသလို "ငြိမ်းငြိမ်း"၏ ပါးပြင်လေးကို ရွှတ်ကနဲနမ်းလိုက်တော့ "ငြိမ်းငြိမ်း" ရှက်ကြောက်စိတ်ဖြင့် မျက်လုံးကိုသာ တင်းတင်းမှိတ်ထား လိုက်မိသည်။

"ကိုယ်တို့ အစွမ်းကုန် ချစ်ကြရအောင်နော် အသဲငြိမ်း"

ပြောလည်းပြော လက်ကလည်း "ငြိမ်းငြိမ်း"၏ ကျောဘက်မှ အင်္ကျိဇစ်ကို ဖြုတ်နေချေပြီ။ သွားပြီ။ သူမ၏ ကမ္ဘာငယ်လေး အမှောင်ကျသွားပြီ။ သူမ သာမက မိန်းကလေးတိုင်း တန်ဖိုးထားသော အပျိုစင်ဘဝကား တရားမဝင်စွာ ပျက်ယွင်းသွားချေပြီ။ ဝမ်းနည်းစိတ်တို့ဖြင့် နာကျင်မှုကို တင်းခံရင်းမှ ဒါသည် ငါ့မိသားစုအတွက်ဟူသော အတွေးတစ်ချက် ဝင်လာသောအခါတွင်တော့ အရာအားလုံးကို လျစ်လျူရှုကာ ကျေနပ်သွားနိုင်မိတော့သည်။

"တစ်ကယ် တန်ပါတယ်ကွာ"

ဟုတ်ပါသည်။ ကိုလူခန့်ဘက်ကလည်း တန်သလို "ငြိမ်းငြိမ်း" ဘက်မှလည်း တန်ပါသည်။ မိသားစုအတွက်မို့ တစ်ကယ်ပင် စွန့်လွှတ်ရခြင်းမှာ တန်ပါသည်လေ။
                   -----------------------
လက်ထဲတွင်အထုပ်များကို မနိုင်မနင်းဆွဲကာ လမ်းလျောက်လာရင်း "ငြိမ်းငြိမ်း" ပီတိတွေ ဖြာနေမိသည်။ သူမ၏ဘဝကို တစ်ညတည်းရင်းလိုက်ရရုံနှင့် သိန်းနှစ်ဆယ် ဟူသော ငွေကြေးပမာဏကို ရခဲ့ချေပြီမို့ ကျေနပ်နေမိသည်။ မောင်လေးအတွက် တစ်ခုခု လုပ်ပေးရမလား အိမ်ဆိုင်အသေးလေး ဖွင့်ရမလား တွေးကာ ပြုံးလိုက်မိပြန်သည်။ အမေ့ကိုလည်း အချိန်အတော် ကြာသည်အထိ ဆေးကုနိုင်ပေဦးမည်ကို တွေးကာ ကြက်သီး မွေးညင်းများ တဖွားဖွားထလာသည်အထိပင် ပျော်နေမိသည်။

ယခုလည်း အမေ့အတွက် ကြေးအိုး အားဆေးများ ပန်းသီးများ မောင်လေးအတွက် အဝတ်အစားများ ကော်ဖီထုပ်များ မုန့်ထုပ်များ မနိုင်မနင်းနှင့် သယ်မကာ စိတ်ကူးယဉ် ပျော်ရွှင်နေသလို သိန်းနှစ်ဆယ်ကို ဘယ်လိုရလာသလဲဟု မေးလျှင်လိမ်ညာရန်လည်း တစ်ခါတည်း စဉ်းစားနေမိသည်။

"ထီပေါက်တယ်လို့ လိမ်ရမလား"

တစ်ယောက်တည်း တောင်တောင်အီအီတွေးရင်းမှ တက္ကစီ တစ်စင်းကို တားလိုက်သည်။ ကားပေါ်ရောက်တော့မှပင် ခုနက အတွေးများကို ပြန်လည်တွေးကာ  တသိမ့်သိမ့်ပင် ရင်ခုန်နေမိတော့သည်။

"ပြန်ရောက်တာနဲ့ အမေရယ် ငါရယ် မောင်လေးရယ် ပျော်ပျော်ပါးပါး စားသောက်ကြမယ်"

ကားပြူတင်းပေါက်ကို ဖြတ်သန်း၍ တဟူးဟူးတိုက်နေသော လေနုအေးကို ခံစားရင်း "ငြိမ်းငြိမ်း" စိတ်ကူးဖဲရိုက် နေမိတော့သည်။
               -----------------------
ကားခရှင်းပေးပြီး ကားပေါ်မှဆင်းကာ အိမ်ပေါက်ဝ ရောက်ရောက်ခြင်းမှာပင် "ငြိမ်းငြိမ်း"၏ မျက်လုံးများ ထူးဆန်းသော မြင်ကွင်းကို မြင်လိုက်ရတော့သည်။ အိမ်ပေါ်တွင်သာမက အိမ်အပြင်ဘက်တွင်ပါ လူများစွာဖြင့် စည်ကားနေတော့သည်။ သူမကိုမြင်တော့ လူတွေက သနားဏရုဏာသက်သော မျက်ဝန်းများဖြင့် ကြည့်နေကြလေသည်။

"ငြိမ်းငြိမ်း"လည်း အံ့သြမှင်သက်စွာဖြင့် အိမ်ပေါ်သို့ အလျင်အမြန် တက်လိုက်တော့ သင်ဖြူးဖျာနှစ်ချပ်ပေါ်တွင် ဆန့်ဆန့်ကြီးလဲလျောင်းနေသော အမေနှင့်မောင်လေးကို  တွေ့လိုက်ရတော့သည်။ ဘာတွေဖြစ်ကုန်တာလည်း။ သူမမရှိသော တစ်ညအတွင်း ဘာတွေဖြစ်ကုန်တာလည်းဟု တွေးကာ စိုးရိမ်စိတ်တို့ အပြည့်နှင့် ဖျာအနီးတွင်ထိုင်ကာ တအိအိငိုနေသော "ဒေါ်သန်းမြင့်"ကို မေးလိုက်တော့သည်။

"ဘာတွေဖြစ်နေတာလဲ ဒေါ်သန်းမြင့်"

"ဟင့် ဟင့် ညကလေ သမီးငြိမ်း အလုပ်သွားတုန်း မမခင် အမောဖောက်လာတော့ မောင်သီဟက လမ်းထိပ်မှာ ဆေးထွက်ဝယ်တာ မိုးတွေကရွာလေတွေကတိုက်နဲ့ စွတ်ပြေးတယ်နဲ့တူပါတယ် ကားတိုက်မိတယ်လေ မမခင်ကတော့ ဆေးမမီတော့တာထင်ပါရဲ့ကွယ်"

"ရှင်"

အမေနှင့်မောင်လေး၏ သက်မဲ့ရုပ်အလောင်းကို ငေးစိုက်ကြည့်ရင်း "ငြိမ်းငြိမ်း"၏ ရင်ထဲတွင် ပြင်းထန်စွာ လောင်ကျွမ်းနေတော့သည်။ သူမတို့ မိသားစု ဘာမကောင်းတာတွေများ လုပ်ခဲ့လို့ ကံကြမ္မာက သည်လောက်အထိ ရက်စက်ရပါသနည်း။ အပြစ်ရှိသူမို့ ခံရစတမ်းဆို သူမကို အပြစ်မပေးဘဲ အဘယ်ကြောင့် အပြစ်မရှိသော အမေနှင့်မောင်လေးကို ထိုးနှက်ရပါသနည်း။ ထိုလူသားနှစ်ယောက်မရှိဘဲရော သူမမည်ကဲ့သို့ပင် အသက်ဆက်ရှင်ရပါမည်နည်း။

ယခုတော့ အကြီးကြီးပေးဆပ်ခဲ့လေသမျှ အကြီးကြီးဆုံးရှုံး ရသည်မှာ လုံးဝမတန်ပါ။ ထိုစဉ်ခဏ၌ပင် "ငြိမ်းငြိမ်း"၏ နားစည်အတွင်းသို့ အမေနှင့်မောင်လေး၏ "သမီးငြိမ်း မမငြိမ်း" ဟူသော ခေါ်သံလေးများသာမက ကိုလူခန့်၏ "အသဲငြိမ်း"ဟူသော ခေါ်သံပါ တိုးဝက်လာတော့သည်မို့ သူမ၏ စိတ်တို့ကိုသူမ အစိုးမရနိုင်တော့ချေပြီ။

"ဟား ဟား ဟား ငါ့နာမည်က သမီးငြိမ်း မမငြိမ်း အသဲငြိမ်း ပေါများလိုက်တဲ့ ဂုဏ်တွေ ကျေနပ်တယ်ဟေ့ ငြိမ်းငြိမ်းလို မိန်းမမျိုး ကမ္ဘာပေါ်မှာနှစ်ယောက်မရှိဘူးဟဲ့ ငါသာလျှင် အမြတ်ဆုံး ဒန် တန့် တန်"

"စိတ်ကိုထိန်းပါ ငြိမ်းလေးရယ်"

"စိတ်ကိုလျော့လိုက် သမီး"

"တော်စမ်း ငါ့ကိုမဆွဲကြနဲ့ ငါ့ကိုလာမထိနဲ့ နင်တို့ကို ရွံလို့ ထွီ"

အခြေအနေကား အဆိုးဆုံးသို့ ရောက်ချေပြီမို့ အိမ်ထဲရှိ လူစုထဲမှ အားကောင်းမောင်းသန် ယောင်္ကျားသားများက "ငြိမ်းငြိမ်း"အား ချုပ်နှောင်ကာ ထိန်းသိမ်းထားပြီး "ဒေါ်သန်းမြင့်"က ထွက်ကျနေသော အထုပ်ထဲမှ ငွေအချို့ကို ယူကာ အနီးတွင်ရှိနေသော ဆိုက္ကားသမား "ကိုတင့်"အား ကားသွားငှားခိုင်း၍ သူမကတော့ လိုအပ်သည်များကို စီစဉ်ရန် ပြင်ဆင်နေတော့သည်။

မကြာမီပင် အိမ်ရှေ့သို့ ကားတစ်စီးထိုးဆိုက်လာပြီမို့ "ငြိမ်းငြိမ်း" ကို ကားပေါ်သို့ဆွဲတင်လိုက်ကြတော့သည်။ ကားပေါ်ရောက်သွားသည့်တိုင် "ငြိမ်းငြိမ်း"မှာ ဆူညံစွာ အော်ဟစ်နေဆဲပင် ဖြစ်ပေတော့သည်။

"ငြိမ်းငြိမ်းလို မိန်းမ ကမ္ဘာမှာ နှစ်ယောက်မရှိဘူးဟေ့ ဂုဏ်ပုဒ်တွေမှ အများကြီး ဟီး ဟီး ဟား ဟား ဟား"
              ----------********----------
                        Monsoon


Post a Comment