လူသားစား​ဆေးရုံ အပိုင်း၁၁

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၁၁)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

ပန်းအိသည်လည်း ထိုဆရာဝန်များ၏ လက်ချက်ဖြင့် တစ်စုံတစ်ခု ဖြစ်သွားခဲ့သည်မှာ သေချာလှပြီးဟု ထီးကလေးတစ်ယောက် သိရှိလိုက်ရပြီး နာကျည်းဒေါသထွက်သော မျက်လုံများဖြင့် လက်သီးအားကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်လေသည်။

''ဟာ… သန်းနိုင်… သန်းနိုင်… ဟေ့ဟာ… ငါထင်တယ် ဒီလိုကြာနေပုံထောက်ရင် မင်းတော့တစ်ခုခုဖြစ်နေပြီဆိုတာ… သန်းနိုင်သတိထားဦးလေ''
''အား!… ကျွတ်ကျွတ်… ငါ… ငါဘာဖြစ်သွားတာလဲ''
''မင်းကိုဘယ်ကောင် ဆော်သွားတာတုန်း… ပြောစမ်း''
''မ… မသိဘူးကွ… ဟိုကောင်လေး စစ်လားဆေးလားလုပ်လာလို့ စိတ်မရှည်တော့တာနဲ့ ငါအပျက်ရှင်းမလို့လုပ်တုန်း အနောက်ကနေ တစ်ယောက်ယောက်ဝင်ရိုက်သွားတာ''
''တောက်!… အရေးပေါ်ခန်းထဲက ကောင်ပဲဖြစ်ရမယ်… ခဏနေဦး ငါသွားကြည့်လိုက်ဦးမယ်''

သူငယ်ချင်းဖြစ်သူ သန်းနိုင်တစ်ယောက် ဆရာဝန်ကြီး၏ နားနေအခန်းအတွင်းသို့ အချိန်ကြာမြင့်စွာ ရောက်ရှိမလာခဲ့သည်ကြောင့် စိုးရိမ်စွာဖြင့် လှေကားအတိုင်း အောက်သို့ဆင်းလာရင်း အရေးပေါ်ခန်းရှေ့၌ လဲကျနေခဲ့သော ဒေါက်တာသန်းနိုင်အား မြင်တွေ့လိုက်ရလေသည်။

သို့နှင့် လဲကျနေခဲ့သော ဒေါက်တာသန်းနိုင်အနားသို့  လျင်မြန်စွာအပြေးသွားလိုက်ရင်း ပွေ့ထူလျက် လှုပ်နှိုးလိုက်ချေသည်။ သို့မှသာ တန်ခိုး၏လက်ချက်ဖြင့် မူးမေ့သွားခဲ့သော ဒေါက်တာသန်းနိုင်တစ်ယောက် ပြန်လည်သတိလည်လာခဲ့လေသည်။ ထို့နောက် မိမိအား အနောက်မှ တစ်စုံတစ်ယောက် အလစ်ဝင်ရောက်ရိုက်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေါက်တာရဲမောင်အား ပြောဆိုချေခဲ့သည်။

ဒေါက်တာရဲမောင်သည်လည်း လွန်စွာဒေါသထွက်လျက် အနီးစပ်ဆုံး လူတစ်ယောက်ဖြစ်နိုင်သည်ဟု တွေးတောမိလျက် အရေးပေါ်ခန်းအတွင်းမှ တန်ခိုး၏လက်ချက်သာလျင် ဖြစ်မည်ဟု သတ်မှတ်ချေခဲ့ပြီး အခန်းအတွင်းသို့ ဝင်ရောက်ကြည့်ရှု့စေခဲ့သည်။ သို့သော် တန်ခိုးတစ်ယောက်မှာမူ မိမိတို့ကိုယ်တိုင် တင်ထားခဲ့သော သံကုတင်းပေါ်၌ ဟန်မပျက်ရှိကြောင်း တွေ့ရှိလိုက်ရလေသည်။ သို့နှင့် အခန်းပြင်သို့ ပြန်လည်ထွက်လာခဲ့ပြီး

''တောက်!… အခန်းထဲက ကောင်လဲမဟုတ်ဘူးကွ… ဟိုကောင်လေးရော… မင်းသွားရှာတဲ့ ကောင်လေးကိုရော တွေ့ခဲ့လား''
''တွေ့… တွေ့ခဲ့တယ်… သူဘယ်မှာလဲ''
''ဟင်!… ငါက ဘယ်လိုလုပ်သိမှာလဲ… မင်းကို အဲ့ဒီကောင်လေး ရိုက်ပြီးထွက်ပြေးသွားတာလား''
''မ… မဟုတ်ဘူး… ''
''ဒါဆိုသူအခုဘယ်မှာလဲ… ''
''မသိဘူးလေ… အရေးပေါ်ခန်းရှေ့က သူ့သူငယ်ချင်းကောင်မလေးကို မင်းတို့ဘာလုပ်လိုက်ကြပြီလဲ''
''ငါတို့ဘာမှမလုပ်ပါဘူး သူဟာသူ အရှိန်လွန်သွားတာ''
''ဟင်… ''
''ဟုတ်တယ်… သူနဲ့ အတူတူရှိနေတဲ့ ကောင်းလေးပျောက်သွားလို့ စွန်ရဲလဲ ဒေါသထွက်ထွက်နဲ့ အော်မေးလိုက်တာ သူက ပြန်အော်တယ်လေ … အဲ့ဒါနဲ့ စွန်ရဲနဲ့ ဆွဲလားရမ်းလားဖြစ်ကြရင်း လက်လွန်သွားတယ် နံရံနဲ့ခေါင်းနဲ့စောင့်မိပြီး ပွဲချင်းပြီးသွားတာပဲ''

''အေး!… အဲ့ဒီကောင်လေးက ကောင်မလေးဖိနပ်တစ်ဖက်ကို တွေ့ပြီး ငါ့ကိုစစ်လားဆေးလားလုပ်လာလို့ ငါအပျက်ရှင်းဖို့လုပ်နေတုန်း အနောက်ကနေ တစ်ယောက်ယောက်ကို ငါ့ကိုဝင်ရိုက်သွားတာပဲ''
''ဟင်!… ဘယ်သဖြစ်နိုင်မလဲ အနီးဆုံးသူဆိုလို့ အရေးပေါ်ခန်းထဲက ကောင်ပဲရှိတယ်… တစ်ခြားသူတွေတော့မဖြစ်နိုင်ဘူး ဒါပေမယ့် အရေးပေါ်ခန်းထဲက ကောင်ကလဲ မေ့နေတုန်းပဲ''
''ကဲပါ… လာလာ… ထ… ဒီကောင်လေးပြေးလို့ မလွတ်ပါဘူး… ထ… ဖြူလေးကို သွေးဆက်ကုသဖို့အချိန်ရောက်နေပြီ… နောက်မှ လိုက်ရှာကြတာပေါ့''
''တွယ်ပါဦးကွ… ငါခေါင်းတော်တော်မူးနေတယ်… ဖြူလေးကို ဘယ်သူနဲ့သွေးဆက်မှာလဲ''
''ဘယ်သူတွေရှိမှာရမှာတုန်း အခုဆေးရုံရောက်လာကြတဲ့ လူငယ်တွေနဲ့ပေါ့''
''အေးကွ… လာ… စန်းမြင့်ကိုအကြောင်းကြားထားဦး ထွက်ပေါက်တွေအားလုံး အသင့်ပြင်ထားခိုင်း ထွက်ပြေးမယ့်သူရှိတာနဲ့ တစ်ခါတည်း အပျက်ရှင်းခိုင်းလိုက်တော့ ငါတော့ခေါင်းမထူနိုင်တော့ဘူး''

သေချာလေသည်။ သူငယ်ချင်းဖြစ်သူ တန်ခိုးတစ်ယောက် မိမိအားပြောဆိုခဲ့သော အကြောင်းများမှာ အမှန်တကယ်ပင်ဖြစ်နေခဲ့ပြီး သူငယ်ချင်းဖြစ်သူ ပန်းအိတစ်ယောက်သည်လည်း ထိုသူများ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်ဟု ထီးကလေးတစ်ယောက် ယူကြုံးမရစွာဖြင့် သိရှိလိုက်ရလေသည်။ အံ့ကိုကြိတ်လျက် ထိုသူများအား လက်တုန့်ပြန်ချင်သည်။ သို့သော် အခြေနေဟာ မိမိ၏ဘက်၌ မည်သည့်အရာတစ်ခုမှ ကောင်းစွာမရှိခဲ့ချေ။

ယခုတွင်လည်း သတိလစ်မေ့မျောနေခဲ့သော သူငယ်ချင်းများထဲမှ တစ်ဦးတစ်ယောက်အား ထိုသူများ ဒုက္ခပေးတော့မည်ဟု ကောင်းစွာကြားသိလိုက်ရလေသည်။ ဝဲလျက်မျက်ရည်များ။ သတိလစ်မေ့မျောနေသော သူငယ်ချင်းဖြစ်သူများသည်လည်း ထိုသူများအား ဆရာဝန်များဟုထင်မှတ်လျက် ယုံစားမိတော့မည်မှာ မလွဲချေ။

မည်သို့ပင် အသိပေးရမည်နည်း။ မေ့မျောနေခဲ့သော သူငယ်ချင်းဖြစ်သူများအား ပထမထပ်တွင်သာ ထားရစ်သည်ဟု သူတစ်ယောက်သိရှိသည်။ သို့သော် ဆေးရုံရှိအခန်းများဟာ များပြားစွာရှိနေခဲ့ပြီး မည်သည့်အခန်းတွင်း၌ သူငယ်ချင်းများအား ထားရစ်သနည်း တွေးတော၍မရ။

အရေးပေါ်ခန်းအတွင်းမှ တန်ခိုးထံသို့သာ ပြန်လည်သွားရောက်၍ တန်ခိုးနှင့်ဆိုလျင် မိမိတို့နှစ်ဦးသား ကောင်းစွာတိုင်ပင်ဖော်ရနိုင်သည်။ ထို့ကြောင့် ဒေါက်တာသန်းနိုင်နှင့် ဒေါက်တာရဲမောင် နှစ်ဦးသား လှေကားပေါ်သို့ တရွေ့ရွေ့တတ်ရောက်သွားသည်နှင့် ပုန်းကွယ်နေခဲ့သော နေရာမှ တိတ်တဆိတ် ထွက်ရောက်ခါ အရေးပေါ်ခန်းအတွင်းသို့ လျင်မြန်စွာဝင်ရောက်ချေခဲ့သည်။ အခန်းအတွင်းသို့ လျင်မြန်စွာဝင်ရောက်၍ အခန်းတံခါးအား ဖြေးညင်းစွာပိတ်လိုက်ပြီး မိမိတင်လျက်ထားခဲ့သော သံကုတင်းပေါ်၌ သတိလစ်ဟန်ဆောင်နေခဲ့သော တန်ခိုးအား မြင်တွေ့လိုက်ရသည်။

''တန်ခိုး… ဟုတ်တယ်ကွ… မင်းပြောတာအမှန်တွေပဲကွာ… အခုပန်းအိကိုလည်း သူတို့သတ်လိုက်ကြပြီ… နောက်ထပ်ငါတို့သူငယ်ချင်းတွေကိုလည်း သူတို့ဒုက္ခပေးကြတော့မယ်''
''တန်ခိုး… ငါပြောနေတာကြားရဲ့လား… တန်ခိုး''
''ဟာ… တန်ခိုး''

မေ့မျောချင်ယောင်ဆောင်ထားခဲ့သည့် တန်ခိုးတစ်ယောက် သွေးအားအလွန်နည်း၍ ယခုအချိန်၌ အမှန်တကယ်ပင်လျင် သူတစ်ယောက် မေ့မျောသွားခဲ့ရလေပြီ။   ။ ခန္ဓာကိုယ်လှုပ်နှိုး၏ သို့သော် တန်ခိုးတစ်ယောက် နှိုးထမလာခဲ့ချေ။ အချိန်ကား မနက်(၄)နာရီခန့်ကျော်နေပြီဖြစ်သည်။ ရဲစခန်းသို့ အကြောင်းကြားချင်သော်လည်း ဆက်သွယ်ရန် မည်သည့်အရာတစ်ခုမျှ ထိုအခန်းတွင်းမှမတွေ့ လူသတ်ပစ္စည်းမျိုးစုံကိုသာလျင် မြင်တွေ့နေရသည်။

မြေညီထပ်ထွက်ပေါက်၌ အထိုင်ဖုန်းတစ်လုံးတွေ့ထားသည်။ ထိုဖုန်းဖြင့်ဆက်သွယ်လျင် ရရှိနိုင်မည်မှာ မလွဲချေ။ ထို့ကြောင့် အရေးပေါ်ခန်းအတွင်းမှ လျင်မြန်စွာထွက်လျက် ရှင်းလင်းတိတ်ဆိတ်နေခဲ့သော ဆေးရုံကြီးအတွင်း၌ လှေကားအတိုင်း မြေညီထပ်သို့ စတင် ဦးတည်စေခဲ့သည်။ ဒုတိယအထပ်အရေးပေါ်ခန်းအရှေ့မှ လှေကားအတိုင်းအပြေးဆင်းလာရင်း ပထမထပ်သို့အရောက် ဓာတ်လှေကားအတွင်းမှ နပ်စ်မနှစ်ယောက်နှင့် ဆရာဝန်တစ်ယောက် ထွက်ရောက်လာခဲ့သည်အား ရုတ်တရက် တွေ့ရှိလိုက်ရလေသည်။ ထို့ကြောင့် လျင်မြန်စွာဖြင့် အပေါ်ထပ်ဆီသို့ ပြန်လည်ပြေးတတ်လျက် ပုန်းကွယ်နေရသေးသည်။

ထိုသူများမှာလည်း တစ်စုံတစ်ခု အရေးကြီးနေခဲ့သော ဟန်ဖြင့် ဓာတ်လှေကားအား ပထမထပ်၌ရပ်တန့်လျက် ဒုတိယထပ်သို့ ခပ်သုတ်သုတ် တတ်ရောက်ခါ အပေါ်ဆုံးထပ်ဆီသို့ လျင်မြန်စွာတတ်ရောက်သွားခဲ့သည်။ ထိုသူများ တတ်ရောက်သွားမှာသာလျင် ပုန်းကွယ်နေရာမှ ပတ်ဝန်းကျင်အား အကဲခတ်လျက် မြေညီထပ်ဆီသို့ အရောက်လှမ်းရန် ပြန်လည်ပြင်ဆင်ခဲ့ရသည်။

အဆစ်ပြုတ်နေခဲ့သော လက်မောင်းဟာလည်း တစ်ချက်ချက် ဆူးနစ်လောက်အောင်ပင် ကိုက်ခဲနေခဲ့သည်။ သို့သော်လည်း ယခုချိန်၌ သူငယ်ချင်းဖြစ်သူများ၏ အသက်အန္တရယ် လွန်စွာစိုးရိမ်းရသော အခြေနေသို့ ကျရောက်နေသည်ကြောင့် ကြိတ်မှိတ်လျက် ပထမထပ်ဆီသို့ အရောက်ဆင်းလာနိုင်ခဲ့သည်။ ထို့နောက် ပထမထပ်လှေကား ကွေ့အချိုးလေးမှတစ်ဆင့် မြေညီထပ်ဆီသို့ အကဲခတ်ကြည့်ရှု့လိုက်သည်။

နပ်စ်မတစ်ဦးနှင့် လူသတ်လက်နတ်ကိုင်ဆောင်ထားခဲ့သော အပြာရောင်ဝတ်စုံနှင့် ဝန်ထမ်းတစ်ဦး လှေကားဆီသို့ တတ်ရောက်လာတော့မည့် အခြေနေအား မြင်တွေ့လိုက်ရုံတင်သာမက ဒုတိယအထပ် လှေကားဆီမှ အောက်သို့ဆင်းလာဟန်တူသော နပ်စ်မတစ်ဦးတစ်ယောက်၏ ဒေါက်ဖိနပ်သံအား ကြားလိုက်ရသေးသည်။ အပေါ်သို့တတ်ရောက်ရန် မိမိရပ်လျက်ရှိနေသော လှေကားရင်းသို့ လှမ်းလာနေသော အဖွဲ့နှင့် အောက်သို့ဆင်းလာသည်ဟု ခန့်မှန်းနိုင်သော ခြေသံများကြောင့် ထီးကလေးတစ်ယောက် မည်သည့်နေရာ၌ ပုန်းခိုရမည်နည်း။ သူတစ်ယောက် စဉ်းစား၍မရ ကျောနှင့်နံရံကပ်လိုက်သည်။

ဒုတိယအထပ်မှ ပထမအထပ်သို့ ဆင်းနေခဲ့သော အဖွဲ့ဟာ ပထမထပ်သို့ မရောက်ရှိသေးခင်အချိန်၌ မိမိတစ်ယောက် ပထမထပ်သို့ အရောက်လှမ်းနိုင်ရန်လိုသည်။ ထို့ကြောင့် ဖြစ်ချင်ရာသာလျင်ဖြစ်ပါစေတော့။ သူတစ်ယောက်တွေးတောမနေတော့ပဲ ဒုတိအထပ်မှအဖွဲ့ ပထမအထပ်သို့ မရောက်ရှိသေးခင်အချိန်မှီ အပေါ်သို့အပြေးပြန်လည် တတ်ရောက်ရပြန်သည်။

ထို့နောက် ပထမထပ်လှေကားအနား အခန်းလွတ်တစ်ခုအတွင်းသို့ ဝင်လျက် ပုန်းခိုခါ အပြင်မှစကားသံတစ်ချို့ နားစွင့်နေလိုက်သည်။ မြေညီထပ်မှ တတ်ရောက်လာခဲ့သော နပ်စ်မတစ်ဦးနှင့်ဝန်ထမ်းတစ်ဦးဟာ အပေါ်ထပ်ဆီမှ ဆင်းလာခဲ့သော နပ်စ်မနှင့် ပထမထပ်လှေကားအရင်းတွင် ဆုံတွေ့ကြလေသည်။

''ဆရာမ… ဆရာဝန်ကြီးကတော် သက်သာသွားပြီလား''
''အင်း!… သွေးဆက်ကုနေတယ်လို့ ဆရာဝန်ကြီးဦးရဲမောင်ပြောတယ်… မကြာခင်ပြန်ကောင်းလာတော့မှာပါ''
''သွေးဆက်ဖို့အတွက် ဘယ်လူနာကို သုံးလိုက်လဲဆရာမ…''
''သြော်!… ကားမှောက်ပြီးရောက်လာကြတဲ့ လူနာတွေထဲက မိန်းကလေးတစ်ယောက်ကို အသုံးပြုလိုက်တယ်လေ''
''တော်သေးတာပေါ့!… မဟုတ်ရင် ကျွန်မတို့အသက်တွေ စတေးခံရတော့မှာ''
''အဲ့ဒါပြောတာပေါ့ဆရာမရယ်… ကဲဆရာမ… ကျွန်မအောက်ဆင်းလိုက်ဦးမယ်''
''ကောင်းပါပြီရှင်''
''သြော်!… ဆရာမ… အခုရောက်လာတဲ့ လူနာတွေထဲက ကောင်လေးတစ်ယောက် ဆေးရုံထဲမှာပဲ ပျောက်နေသေးတယ် ဆေးရုံထွက်ပေါက်တော့ ရှာတွေ့နိုင်မှာမဟုတ်သေးဘူးတဲ့… ဆရာဝန်ကြီးတွေလဲ အလုပ်ပြီးမှ လိုက်ရှာကြမယ်လို့ ပြောနေကြတယ်… သွားရင်းလာရင်း အဲ့ဒီလူကိုတွေ့ရင် လက်မနှေးဖို့ မှာထားရဦးမယ်''
''စိတ်ချပါ… ကျွန်မအကြောင်း သိတယ်မဟုတ်လား''
''သိပါတယ်… လက်ရင်ပြီးသားတွေချည်းပဲ ဒါပေမယ့် စိုးရိမ်လို့ပါ''
''ဟုတ်ကဲ့ဆရာမ … ကျေးဇူးတင်ပါတယ် ခွင့်ပြုပါဦး''
''ကောင်းပါပြီရှင် … ကောင်းပါပြီ''

ထိုစကားများ။ ပုံးကွယ်နေခဲ့သော အခန်းအတွင်း၌ ထီးကလေးတစ်ယောက် ကောင်းစွာကြားသိလိုက်ရသည်။ နုနယ်ပျိုပြစ်သော နပ်စ်မလေးများမှာ လူသတ်ရာ၌ လက်ရင်နေခဲ့ပြီဟု မိမိကိုယ်ကို ဂုဏ်ဖော်ပြောဆိုနေခဲ့သည်များအား အရှင်းသားကြားသိလိုက်ရပြီး သူငယ်ချင်းဖြစ်သူများထဲမှ တစ်ဦးတစ်ယောက်အား ဒုက္ခပေးလိုက်ပြီဟု သူတစ်ယောက် ကောင်းစွာရိပ်စားမိခဲ့သည်။

အချိန်မှီကယ်တင်ချင်သေးသည်။ အခန်းပြင်မှ အသံများအား စူးစိုက်စွာနားစွင့်လျက် ထိုသူများထွက်ခွာကြပြီဟု ထင်မှတ်လောက်သည့်အချိန်မှာသာလျင် အခန်းအတွင်းမှ လျင်မြန်စွာထွက်ရောက်လျက် မြေညီထပ်အထိုင်ဖုန်းထားရာဆီသို့ ဦးတည်လေခဲ့သည်။

မြေညီထပ်ဆီသို့ ရောက်ရှိလာခဲ့၏။ သို့သော် ရှင်းလင်းတိတ်ဆိတ်နေခဲ့သည်က တစ်မျိုးတစ်ဖုံ စိတ်ခြောက်ခြားစဖွယ်ကောင်းလှသည်။ ဆောင်းမနက်ခင်းဖြစ်သောလည်း အေးစက်မှုများနှင့် ထီးကလေး၏ရင်တွင်း၌ ပူလောင်မှုများဟာ သီးခြားစီးခွဲပြားနေခဲ့သည်။ သူ၏အာရုံထဲ၌ အထိုင်ဖုန်းထားရာ ကောင်ဒါဆီသို့သာ ဦးတည်ထားခဲ့သည်။ ပထမထပ်လှေကားမှ ဆင်းလိုက်သည်နှင့် ကောင်ဒါစားပွဲဆီသို့ ကွေ့အချိုးလေးမှ အသာလှမ်းကြည့်စေသည်။ ဖုန်းအားမြင်တွေ့နေခဲ့ရ၏။ ကောင်ဒါစားပွဲတွင်လည်း တစ်ဦးတစ်ယောက်မျှ မတွေ့ရချေ။

အရှေ့နောက် ပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်ရင်း အထိုင်ဖုန်းဆီသို့ ဇွတ်မှိတ်ခါ ပြေးလေခဲ့သည်။ လေးပေအမြင့်ရှိသော ကောင်ဒါအောက်ခြေအတွင်းသို့ အထိုင်ဖုန်းအား လျင်မြန်စွာဆွဲယူလိုက်ရင်း အကာကွယ်ပြုထားခဲ့သည်။ သူ၏ခြေလက်များ တဆတ်ဆတ်တုန်ခါနေရင်း အရေးပေါ်ရဲဌာန ဖုန်းနံပါတ်ဖြစ်သော (၁၉၉)သို့ ခေါ်ယူလေခဲ့သည်။

''ဟင်!… ဟာ… ဖုန်းအစုတ်ကြီးပါလား သွားပါပြီ''
တုန်ရီနေသော လက်များ ဖုန်းနံပါတ်များနှိတ်လျက် နားဖြင့်ကပ်လိုက်ချိန်၌ ထိုဖုန်းဟာ ဆက်သွယ်မရနိုင်သော ဖုန်းအပျက်ကြီးတစ်ခုသာဖြစ်သည်။ လမ်းမှားရောက်လာရှိလာသော သူများအား အထိုင်ဖုန်းဟုထင်မှတ်လောက်အောင် ဟန်ဆောင်တင်ထားခဲ့ခြင်းဖြစ်သည်။

သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်ရင်း မည်သို့ပင်ပြုလုပ်ရမည်မှန်း သူတစ်ယောက်မသိတော့ချေ။ သို့သော် မြေညီထပ်ဆီသို့ မိမိဝင်ရောက်လာခဲ့သော ဝင်ပေါက်မှ အပြင်သို့ထွက်ရောက်မည်ဆိုလျင် ဖြစ်နိုင်သည်။ ထို့ကြောင့် ပုန်းကွယ်နေရာမှ လျင်မြန်စွာထလျက် မြေညီထပ်တံခါးအပေါက်ဆီသို့ လျင်မြန်စွာပြေးလေသည်။

မှန်တံခါးအား လျင်မြန်စွာဆွဲဖွင့်စေခဲ့ရင်း အပြင်သို့တစ်လှမ်း လှမ်းလိုက်၏။
''ဟင်… ''
ဆက်၍လှမ်းရန် ရွယ်လိုက်သော ခြေလှမ်းများအား လျင်မြန်စွာဖြင့် အရှိန်သတ်လိုက်နိုင်သည်။ ဆေးရုံပတ်လမ်းအတွင်း၌ နပ်စ်မလေးသီရိမေအား သူတစ်ယောက်မြင်တွေ့လိုက်ရပြီး ဆေးရုံအတွင်းသို့ ပြန်လည်ဝင်ပြေးချေခဲ့သည်။ နပ်စ်မလေးသီရိမေဟာလည်း ထီးကလေးအား ဆေးရုံအတွင်းမှ အပြင်သို့ထွက်လာရောက်ခဲ့သည်အား မြင်တွေ့လိုက်ရ၏။ ထို့ကြောင့် ဆေးရုံအတွင်းမှ လျင်မြန်စွာပြေးရန် လမ်းပြမည်ဟု ရည်ရွယ်ချက်ဖြင့် အပြေးရောက်လာခဲ့သော်လည်း ထီးကလေး၏အတွေး၌ ထိုနပ်စ်မလေးဟာလည်း လူသတ်နပ်စ်မ တစ်ဦးပင်ဖြစ်လိမ့်မည်ဟု တွေးမိလျက် ဆေးရုံအတွင်းသို့ ပြန်လည်ပြေးဝင်စေခဲ့သည်။

အနောက်သို့လှည့်ကြည့်မနေခဲ့ မိမိဟာထိုဆေးရုံဝဏ်းအတွင်းမှ ထွက်ပြေးတိမ်းရှောင်တော့မည်အား ဆရာဝန်များသိရှိသွားပါက လျင်မြန်စွာဖြင့် မိမိ၏အနောက်သို့ လိုက်လံရန်ရှာဖွေတော့မည်မှာ မလွဲချေ။ ယခုကဲ့သို့ အခြေနေမျိုးသာလျင် သင့်တော်ချေလှသည်။ ထို့ကြောင့် မိမိအား နပ်စ်မလေးတစ်ဦး မြင်သွားခဲ့သည်ကြောင့် မြေညီထပ်လှေကားမှတဆင့် အပေါ်ထပ်များသို့ ထိတ်လန့်မှု့များနှင့် အပြေးတတ်စေခဲ့သည်။

အရှေ့၌ မည်သို့ပင် ထူးဆန်းမှု့များနှင့် ကြုံတွေ့ခဲ့ရပါစေ။ ယခုသည်လည်း မရိုးနိုင်လှသော အဖြစ်ပျက်တစ်ခုနှင့် လက်တွေ့ကျကျရင်ဆိုင်နေခဲ့ရသည်ကြောင့် ထီးကလေးတစ်ယောက် စိတ်လှုပ်ရှားမိသည်မှာအမှန်ပင်ဖြစ်သည်။ ထိတ်လန့်မှုများနှင့် အပေါ်ထပ်လှေကားများဆီသို့ အပြေးတတ်ရောက်သွားခဲ့ရင်း ဆရာဝန်အဖွဲ့များ ပထမထပ်ညာဘက်ဆီသို့ လှမ်းသွားရန်ရွယ်နေခဲ့ကြောင်း မြင်တွေ့ခဲ့ရသေးသည်။ ထို့ကြောင့် မောဟိုက်မှုများနှင့် လှေကားကွေ့ချိုးလေး၌ အသက်အားဖြင့်မရှု့ရဲ ခေတ္တငြိမ်နေခဲ့ပြီးမှ ပြေးမိပြေးရာ ပြေးလွှားနေခဲ့ရင်း အပေါ်ဆုံးထပ်ဆီသို့ ရောက်ရှိလာခဲ့ချေသည်။

ရှင်းလင်းနေခဲ့သော လျောက်မကြီးအား မြင်တွေ့နေခဲ့ရပြီး အပေါ်ဆုံးထပ်ညာဘက် လျောက်လမ်းမသို့ ဦးတည်မည်ဖြစ်သည်။ ညာဘက်လျောက်လမ်းမ ဒေါင့်ဆုံးအခန်း၌ ဆရာဝန်လေးတစ်ယောက် အပြင်သို့ထွက်လာခဲ့သည်အား ထိုက်တိုက်မြင်တွေ့လိုက်ရပြန်သည်။ ထို့ကြောင့် ထိတ်လန့်စွာဖြင့် အနီးရှိအခန်းအတွင်းသို့ ဝင်ရောက်ပုန်းရှောင်ရန် အခန်းတံခါးအား တွန်းဖွင့်လိုက်ပြီး။

''ဟင်… အ''
ကံဆိုးလေသလား။ ထိုတံခါးဟာ ပိတ်ထားခဲ့သည်။ သို့သော် လွယ်ကူစွာဖြင့် ဖွင့်ဟစေနိုင်သည်။ ထိုကြောင့် တံခါးအားတွန်းဖွင့်လျက် အခန်းတွင်းသို့ ခြေစုံပစ်ဝင်ရောက်လိုက်သည်နှင့် မြင့်မားလှသော ထိုလေးထပ်ဆီမှ မြေညီထပ်တိုင်အောင်ပင် အရှိန်ပြင်းစွာပြုတ်ကျသွားခဲ့သည်။ ထိုအခန်းဟာ ကြမ်းပြင်များ ခင်းထားခြင်းမရှိ အောက်ဆုံအထိတိုင်အောင်ပင် လစ်ဟထားခဲ့သော ထောင်ချောက်စဖွယ် ပြုလုပ်ထားခြင်းဖြစ်သည်။

ကံကောင်းလေသလား။ ဒေါင့်ဆုံးအခန်းတွင်းမှထွက်ရောက်လာခဲ့သော ဆရာဝန်မှာ အခန်းပြင်သို့ ရောက်ရှိလာသည်နှင့် ပတ်ဝန်းကျင်အား သတိမထားမိပဲ အခန်းတံခါးသာလျင် ပြန်လည်ပိတ်နေခဲ့သည်ကြောင့် ညာဘက်ဆီသို့ ဦးတည်လာခဲ့သော ထီးကလေးအား မမြင်တွေ့ခဲ့ချေ။ အောက်သို့ပြုတ်ကျသွားခဲ့သည့် အသံအား ကြားလိုက်ရမှသာလျင် ထိုဆရာဝန်လေးမှာ ဘေးတစ်ဖက်သို့ အသာလှည့်ကြည့်မိသည်။

ထို့နောက်မျက်မှောင်အားကြုတ်လျက် မိမိထွက်လာခဲ့သည့်အခန်းတံခါးအား လျင်မြန်စွာပိတ်စေရင်း ထိုအခန်းဆီသို့ ဦးတည်လှမ်းလာခဲ့လေသည်။ အခန်းတံခါးပွင့်နေခဲ့သည်အား မြင်တွေ့လိုက်ရသော်လည်း ဘေးဘယ်ညာ အကဲခတ်ကြည့်လိုက်ပြီး စိတ်ထဲ၌မည်သည့်အရာတစ်ခုမှ တွေးမနေ။ ထီးကလေးတစ်ယောက် ဝင်ရောက်သွားခဲ့သည်ကြောင့် ပွင့်လစ်နေခဲ့သော အခန်းတံခါးသာ ပြန်လည်ပိတ်ခါ သူ၏ဦးတည်ရာဆီသို့ ထွက်ခွားသွားချေခဲ့သည်။
ကြမ်းပြင်မရှိသော အခန်းကြီးတစ်ခုဖြစ်သည်ကြောင့် ခြေစုံပစ်ဝင်ရောက်ခဲ့သော ထီးကလေးမှာမူ ထိုအထပ်ဆီမှ မြေညီထပ်တိုင်အောင်ပင် အောက်သို့ အရှိန်ပြင်းစွာပြုတ်ကျသွားခဲ့ရသည်။
                              **
''သက်သာရဲ့လားဖြူ… ဖြူသက်သာရဲ့လား''
''စွန်ရဲ… ဖြူလေးသက်သာသွားမှာပါ… အခုမေ့ဆေးအရှိန်ကြောင့် သူမေ့နေလိမ့်မယ်… ဘာမှမစိုးရိမ်ပါနဲ့တော့ကွာ ငါတို့အားလုံးနှစ်တွေတော်တော်များ ဖြူလေးကို ကုပေးနေခဲ့တာပဲ သူပြန်ကောင်းလာတော့မှာပါ''
''ရဲမောင်… မင်းတကယ်ပြောတာနော် ဖြူလေးပြန်ကောင်းလာမှာ သေချာတယ်နော်''
''သေချာပါတယ်ကွ… မင်းကိုငါက လိမ်ပြောစရာလား''
''အေးပါ… ငါ့ဘဝကို ပျိုးထောင်ပေးခဲ့တဲ့ ငါ့မိန်းမအတွက် ငါအသက်ပေးရမယ်ဆိုလဲ ငါပေးရဲပါတယ်ကွာ''
''မင်းစိတ်ဓာတ်ကို ငါတို့သိပါတယ်… အခုလည်း မင်းစိတ်အေးအေးထားနော်''
''အေး!… သန်းနိုင် မင်းကိုငါသွားရှာခိုင်းလိုက်တဲ့ ကောင်လေးရော တွေ့ခဲ့လား''
''အား… ကျွတ်ကျွတ်''

''ဟမ်… သန်းနိုင်… တွေ့ခဲ့လားလို့''
''အေးကွ တွေ့ခဲ့တယ် ဒါပေမယ့် အခုအဲ့ဒီကောင်လေး ဘယ်ကိုရောက်သွားလဲဆိုတာ ငါလဲမသိဘူး''
''ဟင်!… မင်းကရောဘာဖြစ်နေတာလဲ''
''ရဲမောင်!… မင်းပဲပြောပြလိုက်တော့ကွာ… ''

သွေးအားကောင်းနေသည့် တင်ဇာနွယ်အား ထိုလေးထပ်နားနေခန်းအတွင်းသို့ ခေါ်ဆောင်လာခဲ့ပြီး တင်ဇာနွယ်တစ်ယောက် အခန်းအတွင်းသို့ ရောက်ရှိလာခဲ့သည်နှင့် ဒေါက်တာစွန်ရဲနိုင်မှာ ဇာတ်ပိုးအားခပ်ပြင်းပြင်းရိုက်နှပ်စေခဲ့သည်။ ထို့နောက် ဒေါက်တာရဲမောင်နှင့်ဒေါက်တာသန်းနိုင် နှစ်ဦးသားရောက်ရှိလာခဲ့သည်နှင့် သွေးဆက်ကုသနည်းဟု အမည်တွင်သော အကုသနည်းဖြင့် တင်ဇာအား ရက်ရက်စက်စက်ပြုလုပ်ထားခဲ့သည်။

သို့မှသာလျင် အမောဖောက် အပူပြန်နေခဲ့သော ဒေါ်ဖြူလေးတစ်ယောက်မှာတော့ ငြိမ်သတ်သွားခဲ့ရသည်။ ထို့နောက် မိမိ၏ဦးခေါင်းအား တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့ရင်း တအီးအီးညင်းထွားနေခဲ့သော ဒေါက်တာသန်းနိုင်အား ဆရာဝန်ကြီးမှာ အမေးစကားများစွာ မေးမြန်းချေခဲ့သည်။ သို့နှင့် မိမိ၏အရေးပေါ်ခန်းအရှေ့၌ ဖြစ်ပျက်ခဲ့သော အကြောင်းများအား ဒေါက်တာရဲမောင်မှတဆင့် ပြန်လည်ပြောဆိုပြခဲ့သည်။

''သြော်!… ဒါဆိုဒီကောင်လေးထွက်ပြေးနေတာ သေချာသွားပြီပဲ … ကဲသန်းနိုင် မင်းခဏအနားယူလိုက်ဦး မိုးလဲလင်းခါနီးနေပြီဆိုတော့ ''
''ရဲမောင် မင်းနဲ့ငါက ပထမထပ်အခန်းထဲမှာရှိနေတဲ့ သားကောင်းလေတွေ သတိရနေလောက်ပြီ ဒီတော့ သူတို့ကိုဆေးသွားထိုးမယ် … ပြီးတာနဲ့ ဒီတစ်နေ့လုံး ထွက်ပြေးချင်တဲ့ ကောင်ကို လိုက်ရှာပြီးအရေခွံနွှာပစ်ရမယ်… ဒီကောင်ဆေးရုံထဲမှာပဲ ရှိနေဦးမှာသေချာတယ်''
''ကဲရဲမောင်နဲ့ ဆရာမနှစ်ယောက် ကျွန်တော့နောက်ကိုလိုက်ခဲ့… ဟိုဆေးအိတ်သယ်လာပေး''
''စွန်ရဲ!… မင်းပြောတဲ့ဆေး ထိုးမှာလား''
''အေးလေ… သူတို့မှာ မနက်ဆိုတာ ဘယ်တော့မှရှိမလာအောင်တော့ လုပ်ပစ်ထားရမှာပေါ့''
''ကောင်းတယ်… ဒါဆိုအခုပဲ သွားကြတာပေါ့''

ဒေါက်တာရဲမောင်၏ ပြောဆိုရှင်းပြခဲ့သော အကြောင်းများအား ကြားလိုက်ရသည့်ဆရာဝန်ကြီးမှာ ကောင်းစွာသဘောပေါက်၏။ ထို့ကြောင့် ထီးကလေးတစ်ယောက် ဆေးရုံအတွင်းမှ အလွတ်ပြေးရန် ကြိုးစာနေသည်မှာ မလွဲလောက်ချေ။ သို့သော်လည်း မိမိကိုယ်တိုင်သိရှိ၏။ မိမိ၏ဆေးရုံအား ရောက်ရှိလာခဲ့ပြီးလျင် အသက်ရှင်လျက် မည်သူတစ်ဦးတစ်ယောက်မျှ ထွက်ရောက်သွားနိုင်ခဲ့ခြင်းမရှိခဲ့သေးပေ။

ယခုဆေးရုံအတွင်းမှ ထွက်ပြေးရန်ကြိုးစားနေခဲ့သော လူငယ်လေးမှာလည်း ဆေးရုံထွက်ပေါက်အား လွယ်ကူစွာဖြင့် ရှာတွေ့နိုင်လိမ့်မည်မဟုတ် ဆေးရုံအတွင်း၌သာ မျက်စိလည်လျက် ရှိနေမည်မှာသေချာလှသည်။ ထို့ကြောင့် ဆရာဝန်များမှာ ပလိုင်းထဲမှ ဖားဟူသော အတွေးမျိုးဖြင့် ထွက်ပြေးလွတ်မြောက်နေသော ထီးကလေးအား မရှာဖွေသေး။ ပထမထပ်အခန်းအတွင်းမှ သတိရရှိနေခဲ့သော လူငယ်များကိုသာ မေ့ဆေးထိုးရန် ဦးတည်ထွက်ခွားလာခဲ့လေသည်။

                          ***
''အဘကလဲဗျာ… ကျုပ်ဖြင့်အိပ်လို့တောင် မဝသေဘူး မနက်အစောကြီး ဘာလုပ်ဖို့မြို့ပေါ်တတ်မှာတုန်း''
''ဟ… ငါ့ကောင်ရ အခုထက်စောစောသွားရမှာကွ အလှူရက်ကနီးနေပြီ နောက်နေ့တွေဆိုလည်း အစောကြီးထရမှာပဲ အခုတည်းက အကျင့်လုပ်ပြီး စောစောထမှဖြစ်မှာ''
''ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ အဲ့ဒါပြောတာပေါ့ သားအချစ်မြေးအနှစ်ဆိုတာ သူ့မြေး ရှင်ပြုဖို့က တစ်ပတ်လောက်လိုသေးတယ် ကြည့်ပါဦး ဘိုးအေလုပ်သူက ဝီရိယကောင်းနေလိုက်တာများ မပြောလိုက်ချင်ဘူး''
''ဒါပေါ့ကွ… ငါ့မှာချစ်စရာဆိုလို့ ဒီမြေးလေးတစ်ယောက်ပဲရှိတာ… မင်းမိန်းမယူပြီး ကလေးမွေးလာတဲ့အခါကျရင်လဲ မင်းသားလေးကို အခုလိုချစ်မှာပါပဲကွ မင်းလဲမိန်းမယူတော့''
''မယူသေးပါဘူး အဘရာ… ကျုပ်ဟာကျုပ်တောင် ငတ်နေတာ မိန်းမယူပြီး သူများသားသမီးကို ဒုက္ခပေးသလိုဖြစ်နေပါဦးမယ်''
''အောင်မာ… ဒါကျတော့ တွေးတတ်သားပဲ''
''ဟေ့ကောင်… မျက်စိဖွင့်ပြီး လမ်းလျောက်စမ်းပါကွ… မင်းကြည့်ရတာ ခလုတ်တော့တိုက်မိတော့မှာပဲ ပရိက္ခာပစ္စည်းတွေသယ်ရမှာ မနိုင်လို့ မင်းကို အားကိုးတကြီးခေါ်လာတာ… မိုးပဲလင်းတော့မယ် ငိုက်မနေနဲ့ ''
''မငိုက်ပါဘူးအဘရာ… ''

''ဟင်!… ဟို… ဟိုမှာကြည့်စမ်း''
''ဘာဖြစ်တာတုန်း အဘရ''
''ဟို… ဟိုမှာလေကွာ''
''ဘယ်… ဘယ်မှာလဲအဘ… သ… သရဲလား''
''ဟ… ဘာတွေလျောက်ပြောနေတာလဲ လာစမ်းပါကွာ''

''ဟင်!… အဘ… ကားကြီးတစ်စီးပါလား လမ်းဘေးထိုးကျလာတာဖြစ်မယ် အထဲက လူတွေတော့ သေပြီးလားမသိဘူး''
''တိတ်တိတ်နေစမ်းပါကွ… ညတုန်းကမှ မှောက်သွားတာဖြစ်မယ် အထဲမှာလဲ လူတစ်ယောက်မှမတွေ့ဘူး''
''အဘက သေချာတွေ့လို့လား''
''ဟာကွာ… အိပ်ချင်းမူးတူးနဲ့ ဒီလောက်မှန်တွေကွဲနေတာ ကားထဲကို လှမ်းမြင်နေရတာ မတွေ့ပဲနေပါ့မလား… မဖြစ်သေးဘူးကွ သက်ဆိုင်ရာကို အကြောင်းကြားရမယ်''
''ဟာဗျာ… အဘ … ဖြစ်… ဖြစ်ပါ့မလား တော်ကြာ ကျုပ်တို့အမှု့ပတ်နေပါဦးမယ်''
''မင်းဘာမှမသိရင် အသာနေစမ်း… သက်ဆိုင်ရာကိုအမြန်ဆုံးအကြောင်းကြားရမယ်''
''ဟာဗျာ… အဘကတော့ လုပ်ပြီ… ကိုယ်နဲ့မဆိုင်တာကိုး''

ရန်ကုန်မှအထွက် ပုသိမ်မြို့သို့ ရောက်လုနီးပါး ကြားတွင်တည်ရှိသော ဝါးခယ်မမြို့အပိုင်ရပ်ရွာလေးရှိ သားအဖနှစ်ဦးမှာ ရှင်ပြုအလှူပွဲအတွက် လိုအပ်သည်များ ဝယ်ယူရန် မြို့ပေါ်သို့ မနက်စောစော ထွက်ခွာလာခဲ့ကြသည်။ တောသူတောင်သားများဖြစ်သည့်အလား နေမထွက်ခင် လိုရာခရီးသို့ သွားရောက်ကြသည်မှာ အစဉ်လာတစ်ခုဟုပင် သတ်မှတ်ချေနိုင်ခဲ့သည်။ ဝေလီဝေလင်း အာရုံတတ်ချိန်၌ မြို့ပေါ်သို့ ဖြတ်လမ်းမှ ခြေလျင်တတ်ရောက်လာကြရင်း ကားလမ်းပေါ်နှင့် အလှမ်းဝေးရာ လမ်းနံလေးသို့ ကားကြီးတစ်စီးတိမ်းမှောင်နေခဲ့သည်အား မြင်တွေ့လိုက်လေသည်။

အဝေးမှလှမ်းမြင်လိုက်ရသည်ကြောင့် တိမ်းမှောက်နေခဲ့သော ကားကြီးအနီးသို့ အပြေးလှမ်းလာကြရင်း ထိုကားကြီးအား သားအဖနှစ်ယောက် အကဲခတ်ကြည့်ရှု့ကြလေသည်။ ကားကြီးမှာ အရှိန်ပြင်းစွာဖြင့် လမ်းနံဘေးသို့ တိမ်းမှောက်လာခဲ့ရင်း ပလက်အနေထားဖြစ်နေလျက် ကားမှန်များဟာလည်း အစိတ်စိတ်အမွှာမွှာ ကွဲရှနေခဲ့သည်ကြောင့် ကားကြီးအတွင်းသို့ ကောင်းစွာမြင်တွေ့စေနိုင်သည်။

သို့သော် ထိုကားကြီးအတွင်း၌ ဒဏ်ရာရရှိသူ မည်သူတစ်ဦးတစ်ယောက်မျှ မမြင်တွေ့ရပဲ ရှင်းလင်းနေခဲ့သည်ကိုသာ မြင်တွေ့စေခဲ့သည်။ ကားကြီးမှာလည်း လောလောလတ်လတ် မနေ့ညအချိန်ခါမှ တိမ်းမှောက်သွားဟန်တူသည်ဟု ထိုသားအဖနှစ်ဦး ကောင်းစွာရိပ်စားမိခဲ့သည်။ ထို့ကြောင့် ကားကြီးတိမ်းမှောက်နေခဲ့သည်အား ထိုမြို့အပိုင် သက်ဆိုင်ရာဆီသို့ အကြောင်းကြားရန် မြို့ပေါ်သို့ အပြေးတတ်ရောက်လာချေတော့သည်။

''လေးစားပါတယ်ဆရာမောင်ဝင်း… ကြွပါ''
''ဆရာလာမယ်ဆိုလို့ ကျွန်တော်တို့မနေ့ ညနေတည်းက မျှော်နေကြတာ… အခုမှရောက်လာတော့တယ်''
''အေးဗျာ… ကျုပ်လဲ အခုတလောခရီးတွေ တောက်လျောက်နေရတယ်… အထက်က မူဆယ်ဘက်သွားရဦးမယ်ဆိုလို့ ပြင်ဆင်ထားခဲ့တာ ညက ညတွင်းချင်းပဲ မူဆယ်ကအမှု့ အဆင်ပြေသွားပြီးဆိုလို့ ခင်ဗျားတို့မြို့ကိုပဲ ရောက်လာခဲ့ရတာ… ပြီးရင် ပုသိမ်ဘက်လည်း သွားစရာရှိသေးတယ်ဗျ''
''ရောက်တုန်းရောက်ခိုက် တစ်ရက်နှစ်ရက်လောက် ကျုပ်တို့ဆီမှာ နေပါလားဆရာ ကျုပ်တို့ကောင်းကောင်းဧည့်ခံချင်လို့ပါ''
''ကျေးဇူးတင်ပါတယ်ဗျာ… ပုသိမ်မဝင်ခင် ဒီမြို့လေးရဲ့ အခြေနေလေး သိချင်လို့ဝင်လာခဲ့တာဗျ နောက်မှပဲအေးဆေးလာခဲ့မယ်… ညနေကျရင်တော့ ကျုပ်ခရီးဆက်စရာရှိသေးတယ်''
''ဟုတ်ကဲ့ဆရာ… ကျွန်တော်တို့မြို့လေးမှာတော့ အခုတလော ဒုစရိုက်မှုတွေ သိပ်မရှိဘူးဗျ အေးအေးချမ်းချမ်းပါပဲ''
''ကောင်းတယ်ဗျာ… အခုလိုကြားရတာ စိတ်ချမ်းသာစရာပဲ''

''ဆရာ… ''
''သြော်!… ဝင်ခဲ့လေ''
''လေးစားပါတယ်… ဆရာစခန်းရှေ့မှာ လူနှစ်ယောက်ရောက်နေတယ် အကြောင်းကြားစရာရှိလို့တဲ့''
''အင်း… ကောင်းပြီး ခေါ်လိုက်လေ''

''ရဲအရာကြီး… ''
''ဟုတ်ကဲ့ ဘာများကူညီပေးရမလဲ''
''ဟို… ဟို… ဟိုကျောင်ကုန်းကားလမ်းဘေးမှာ ကားကြီးတစ်စီးမှောက်နေတယ်ဗျ… ဘယ်သူမှမသိကြသေးဘူး… ပြီးတော့ ကားကြီးမှောက်ပုံမှောက်နည်းကလဲ ထူးဆန်းနေတယ်… ကားထဲမှာလဲ လူတစ်ယောက်မှမတွေ့ဘူး''
''ဟင်… ကျောင်းကုန်းဆိုတော့ ကျုပ်အပိုင်ထဲကပဲ ကျုပ်တို့ဆီလဲ အခုချိန်ထိ ဘယ်သူမှ အကြောင်းမကြားထားသေးဘူးဗျ… အဲ့ဒီနေရာကို ခင်ဗျားတို့လိုက်ပြနိုင်မလား''
''ရ… ရပါတယ်ဆရာ''

''ဆရာကိုမောင်ဝင်း… ဆရာပါခဏလိုက်ခဲ့ပေးပါလား''
''ကောင်းပြီလေ… သွားကြတာပေါ့''

စိုက်မြုက်စွာဖြင့် ယနေ့မနက်၌ ထိုမြို့လေး၏ အပိုင်စခန်းဆီသို့ နိုင်ငံတော်အသိမှတ်ပြု အခွင့်ရေးရဲအုပ်တစ်ယောက်သည်လည်း ရောက်ရှိနေချေခဲ့သည်။ တာဝန်တစ်ခုနှင့် မူဆယ်ဘက်သို့ ခရီးထွက်ရမည်ဟု သိရှိထားခဲ့သော်လည်း ထိုခရီးစဉ်သို့မသွားရောက်ဖြစ်တော့ပဲ အထက်အရာရှိများ၏ စေခိုင်းချက်ဖြင့် ပုသိမ်မြို့ဘက်သို့ သွားရောက်ရာမှ လမ်းကြုံဖြစ်သော ထိုမြို့လေး၏ အခြေနေအား ခေတ္တဝင်ရောက်လေ့လာခဲ့ခြင်းဖြစ်သည်။

ခရီးရောက်မစိုက် ထူးဆန်းစွာဖြင့် လမ်းနံလေးတွင် တိမ်းမှောက်နေခဲ့သော ကားကြီး၏အကြောင်းအား ထိုသားဖနှစ်ယောက်၏ အကြောင်းကြားချက်ဖြင့် အပိုင်စခန်းမှရဲအရာရှိများ သိရှိသွားခါ ရဲအုပ်မောင်ဝင်းတစ်ယောက်သည်လည်း ထိုကားကြီးတိမ်းမှောက်ရာဆီသို့ လိုက်ပါသွားခဲ့ရချေသည်။

                             *****

* ထောင်ချောက်ကဲ့သို့ ပြုလုပ်ထားခဲ့သော အခန်းကြီးအတွင်းသို့ ပြုတ်ကျသွားခဲ့သည့် ထိုလူငယ်တစ်ဦး မည်သည့်အန္တရယ်များနှင့် ကြုံတွေ့လာရဦးမည်နည်း။

* သားဖနှစ်ဦး၏ အကြောင်းကြားချက်ဖြင့် လူငယ်များ၏တိမ်းမှောက်သွားခဲ့သော ကားကြီးဆီသို့ ရဲအုပ်မောင်ဝင်းတစ်ယောက် ရောက်ရှိသွားခါ သူ၏မိတ်ဆွေလူငယ်များအား မည်သို့ပင် အကူညီပေးနိုင်မည်နည်း။

* ပရိယာယ်ကြွယ်သော လူသတ်ဆရာဝန်များဟာလည်း မည်သို့ပင် အကာကွယ်များ ပြုလုပ်ကြမည်နည်း။

* အရေးကြုံတိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သော မိတ်ဆွေအစ်ကိုအောင်နှင့်လည်း ထိုဆေးရုံအတွင်း၌ မည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။

… … … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၁၂)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်…

                           ********
           ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                        (၂၃.၂.၂၀၁၆)
             မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
                  ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)


Post a Comment