ကိုးကွယ်မှု ဘယ်လိုစတင်သလဲ သုံးသပ် လေ့လာခြင်း (သုတေသန)

ကိုးကွယ်မှု ဘယ်လိုစတင်သလဲ သုံးသပ် လေ့လာခြင်း
(သုတေသန)
--------------------

လူသားတစ်ယောက်၏ဦးနှောက်သည် သန်းပေါင်းရာနှင့် ချီသည့် neuron ဆဲလ်များဖြင့် ဖွဲ့စည်း လျက်ရှိသည့် ကွန်ယက်ကြီးတစ်ခုပင် ဖြစ်သည်။ လူတစ်ဦးနှင့်တစ်ဦး မတူကွဲပြားသည့် အတွေ့အကြုံ အာရုံများ ထိတွေ့သည့်အပေါ်မူတည်၍ တစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြားနားသည့် neuron ဆဲလ်များ ဖြစ်ပေါ်ပြီးနောက် သက်ဆိုင်ရာ ခံစားမှုများ ရရှိလာကြရသည်။

အကြောင်းအရာ တစ်ခုကို လှုံ့ဆော် ခံရဖန်များလာသည့် အလျှောက် ဦးနှောက်အတွင်း လုပ်ဆောင်ချက် များသည် အချို့က ထင်ရှားလာပြီး အချို့က မှေးမှိန် ကုန်ကြ၏။ ဤသည်ကို neuroplasticity ဟုခေါ်သည်။

အဆိုအက တီးမှုတ်သူ ဖြစ်ရန် ကြိမ်ဖန်များစွာ လေ့ကျင့်နေသူ သည် ဖြေးဖြေးချင်း ဦးနှောက်နှစ်ခြမ်း၏ ဆက်သွယ် အလုပ်လုပ်မှု အားကောင်း လာသည်ကို တွေ့ရှိရသည်။ ဤသို့ဖြစ်လာပါမှ အနုပညာ တီထွင် ဆန်းသစ်မှု များဖြစ်လာပါသည်။

ရူဒီဂါဂမ်း သည် ငယ်စဉ်အခါက သာမန် ရိုးရှင်းသော သင်္ချာပုစ္ဆာ များကိုပင် မတွက်တတ် သောကြောင့် ကျောင်းတွင် ဆရာများက မျှော်လင့်ချက် မရှိသည့် ကျောင်းသား တစ်ဦးအဖြစ် အသိအမှတ်ပြုခံ ထားရသူဖြစ်သည်။သို့ရာတွင်သူ၏ ကြိမ်ဖန်များစွာ လေ့ကျင့်နိုင်မှု စွမ်းရည်ကြောင့် နောင်အခါတွင် လွန်စွာ ခက်ခဲ ရှုပ်ထွေးသော ပုစ္ဆာများကိုပင် အဖြေထုတ် နိုင်သည့် နာမည်ကြီး “human calculator” ဖြစ်လာသည်။

ယေဘူယျ ကျကျ စဉ်းစားနိုင်ခြင်း စွမ်းရည် (Rationality) နှင့် အကောင်းမြင်မှု စွမ်းရည် (Emotional Resilience) စသည် တို့သည်လည်း အလားတူ သဘော အတိုင်းပင် လေ့ကျင့်ပါက လေ့ကျင့်ယူ၍ ရနိုင်သည်သာ ဖြစ်သည်။

အရှင်းဆုံးပြောရလျှင် ဘယ်အချိန်တွင် သင်ဘာကို ပင်လုပ်နေနေ သင်သည် သင့်ဦးနှောက်အား ဤလုပ်ဆောင်နေမှု အဝဝကို ကောင်းသထက် ကောင်းလာအောင် လုပ်ဆောင် လာနိုင်စေရန် ပြုပြင်နေခြင်း ပင်ဖြစ်ပေသည်။

ကျွန်ုပ်တို့၏ ဘဝတစ်လျှောက် မှန်ကန်သည်ဟု ယူဆလာသည့် ခံယူချက်များကို တစ်စုံ တစ်ယောက် က ပြုပြင်ပြောင်းလဲ ပစ်ရန် လွှမ်းမိုး လာသည်ဟု ထင်မြင်လာလျှင် norepinephrine ဟုခေါ်သည့် neurons တို့သည် ခုခံရန် အခြေအနေကို စတင် ပြုလုပ်သည်။

အကယ်၍ ထို ထင်မြင်ယူဆချက် အတိုင်း တကယ်တမ်း ပြောင်းလဲခိုင်းနေပြီ ဆိုလျှင် ဦးနှောက်အတွင်းတွင် ရှိရင်းစွဲ အတွေးအခေါ် တို့ကိုသိမ်းဆည်းထားသည့် အပိုင်းသည် ယုတ္တိဆန်ဆန်တွေးခေါ်မှုတို့ကိုစတင်နှောင့်ယှက်ပြီး limbic system က ဦးနှောက်၏ လုပ်ငန်းအများစုကို ရပ်တန့်စေတော့သည်။ ဤသည်ကိုပင် လူအများ နားလည် လွယ်စေရန် အမြင်ကျဉ်းသူ ဟုခေါ်ဆိုကြသည်။

ဤသို့အခြေအနေမျိုးကို ကျဉ်းထဲကျပ်ထဲ ရောက်ရှိနေသူများ အသက်ဘေး ကျရောက်နေသူများ စကားဝိုင်း တစ်တစ်ဝိုင်းတွင် ခေါင်းမာစွာ ငြင်းဆန်နေသူများ တွင် တွေ့ရပါသည်။ ထိုအချိန်တွင် ဦးနှောက်သည် မည်မျှပင် ကောင်းသော အကြံပြုချက်ဖြစ်နေပါစေ လက်ခံရန် အလွန်ခက်နေပါသည်။ ဦးနှောက် သာမက မျက်နှာ အမူအရာ တို့သည်ပါ ခြိမ်းခြောက်ခံ နေရသည့်အလား တုန်လှုပ် နေတတ်ပါသည်။

အခြား တစ်ဖက်တွင်မူ အကယ်၍ တစ်စုံတစ်ယောက်က ကျွန်ုပ်တို့၏ တွေးထင်ယူဆချက် များကို ကျေနပ်စွာ ထောက်ခံနေသည်ဆိုလျှင် အထက်ကပြောခဲ့သော ခုခံရန်အနေအထားမှ လျော့ကျလာပြီး dopamine neurotransmitter တို့မှနေ၍ reward neurons တို့ကိုစတင် ထုတ်လွှင့်ပါတော့သည်။ ဤအနေအထား တွင်မူ မိမိသည် လွှမ်းမိုးနိုင်စွမ်းရှိသူ ဟုခံယူချက် ဖြစ်ပေါ်စေပြီး မိမိကိုယ်ကို ယုံကြည်မှု သည်လည်း ပိုမိုခိုင်မာလာတော့သည်။

ကျွန်ုပ်တို့၏ သက်ဝင်ယုံကြည်မှုသည် ခန္ဓာကိုယ်၏ ဓာတုဖြစ်စဉ်တို့ အပေါ်တွင် ကြီးမားသော သက်ရောက်မှု ရှိပေသည်။ ထို့ကြောင့်သာလျှင် ရေမန်း ဆီမန်းစသည့် placebo effect တို့သည် လူတို့အပေါ်တွင် အကျိုးဖြစ်ပေါ် စေခြင်းဖြစ်သည်။

မိမိကိုယ်ကို ယုံကြည်မှု (သို့မဟုတ်) မိမိကိုယ်ကို သိမြင်မှု သည် neurotransmitter serotonin နှင့်နီးကပ်စွာ ဆက်နွယ်လျက်ရှိသည်။ အကယ်၍သာ ဤ neurotransmitter သည် ပမာဏတော်တော်များများချို့နဲ့နေမည်ဆိုပါက လူတစ်ယောက် အတွက် စိတ်ကျရောဂါ၊ အရာရာကို မကောင်းမြင်နေသည့် စိတ်စသည်တို့ ဖြစ်နိုင်သည် ကိုတွေ့ရပြီး အဆိုးဆုံး အခြေအနေမှာ မိမိကိုယ်ကို သတ်သေ ကြခြင်း တို့ပင်ဖြစ်သည်။

မိမိပတ်ဝန်းကျင် အားဆန်းစစ်ခြင်း (Social validation) သည်လည်း dopamine နှင့်serotonin ပမာဏကို မြင့်တက်စေပြီး စိတ်ချုပ်တည်းမှုများကို လျော့ကျစေကာ မိမိကိုယ်ကို ပြန်လည် သုံးသပ်မိစေရန် လွယ်ကူအောင် ဆောင်ရွက်ပေးသည်။

လူတစ်ယောက် သည် ပတ်ဝန်းကျင်တွင် ဝင်ဆန့်အောင် ပြုမူနေထိုင်ခြင်းကို အသုံးချ စိတ်ပညာ ရှုထောင့်မှ ကြည့်လျှင် အသိုင်းအဝိုင်း တစ်ခု၏ လွှမ်းမိုးခံလိုမှု နှင့် ဆက်နွယ်နေသည်။

ကျွန်ုပ်တို့ အသက်အရွယ် ကြီးပြင်းလာသည် နှင့်အမျှ ဆင်ခြင်တုံတရားနှင့် တရားမျှတမှု ရှိခြင်း တို့သည် ပတ်ဝန်းကျင်၏ ဓလေ့စရိုက်ပေါ်တွင် မှီခိုသည်။ ပြောရမည်ဆိုလျှင် ကျွန်ုပ်တို့ပြုမူပြောဆိုမှုတို့သည် ကျွန်ုပ်တို့နေထိုင်သော ပတ်ဝန်းကျင်မှ လက်ခံလိုက်သော ရလဒ်ပင် ဖြစ်၏။

သို့သော် လတ်တလော တွေ့ရှိလာသည့် တွေ့ရှိချက်များသည် ကျွန်ုပ်တို့၏ ယဉ်ကျေးမှုနှင့် ကွဲပြားမှု တို့ကို ပိုမို နားလည် စေသည်။ ယနေ့ခေတ်သစ် သိပ္ပံပညာ၏ နောက်ဆုံး တွေ့ရှိချက်မှာ တဦးမှ ခံစားချက်တို့ကို နောက်တစ်ဦးထံသို့ ဝေမျှကူးလူး ခံစားစေနိုင်စွမ်းရှိသော mirror neuron ဆိုသည်ပင်ဖြစ်သည်။

ကျွန်ုပ်တို့ တစုံတရာကို ခံစားရလျှင် သို့မဟုတ် တစုံတရာကို ပြုမူလုပ်ဆောင်လျှင် ဦးနှောက်တွင်းတွင် သက်ဆိုင်ရာ neuron တို့ဖြစ်ပေါ်လာသည်။ သို့သော် ယခုတွေ့ရှိချက်အရ အကယ်၍ ကျွန်ုပ်တို့ ကိုယ်တိုင် မဟုတ်ပဲ သူများ ခံစား ပြုမူနေသည် ကိုကြည့်ရှုနေစဉ် သို့မဟုတ် စိတ်ကူး ပုံဖေါ်နေစဉ် တွင်လည်း ထို အလားတူ Neuron တို့ဖြစ်ပေါ်နေပါသည်။

ဖော်ပြပါ mirror neuron တို့၏လုပ်ဆောင်ချက်မှာ တပါးသူ၏ခံစားချက်ကို မိမိကိုယ်တိုင် ခံစားရသည့် အလား ဖြစ်ပေါ်စေခြင်း ပင်ဖြစ်သည်။

ထိုမျှပင်မကသေး ထို mirror neuron တို့သည် ကျွန်ုပ်တို့၏ စိတ်ကူး ပုံဖော်မှုပေါ်တွင် တုံ့ပြန်မှုဖြစ်သဖြင့် ကျွန်ုပ်တို့သည် အခြားတစ်ယောက်ဆီမှာ ပြန်လည် ရရှိလိုက်သည့် တုံ့ပြန်မှုလိုပင် ခံစားလိုက်ရသည်။ ဤတွင်မှ ကျွန်ုပ်တို့တွင် မိမိအလုပ် အပေါ်သုံးသပ်မှု (self-reflection) စဖြစ်သည်။

“Mirror neuron” တို့သည် မိမိနှင့် တစ်ပါးသူ အကြား ကွဲပြားမှုကိုမသိပေ။ ဤသည်ပင်လျှင် ကျွန်ုပ်တို့ လွတ်လပ်စွာ တွေးခေါ် ဆန်းစစ် နိုင်ခြင်း နှင့် ပတ်ဝန်းကျင် ဝင်ဆန့်လိုမှု တို့၏ အကြောင်းတရားများ ဖြစ်ကြသည်။ အချိန်တိုင်း လိုလိုပင် ကျွန်ုပ်တို့သည် “မိမိကိုယ်ကို တပါးသူ မည်သို့မြင်သည်” နှင့် “တစ်ပါးသူ မိမိ ကို အမှန်တကယ် မြင်သည့် အမြင်” တို့ အကြား ဗျာ များကြရ လေသည်။

ထိုသို့ ဒွိဟစိတ်များ လေလေ ကျွန်ုပ်တို့ ၏ ပင်ကိုယ် အရည်အချင်း နှင့် ယုံကြည်မှုတို့ အပေါ်ဝေခွဲမရပဲ ကျေနပ်မှု မရှိလေလေ ဖြစ်လာပြီး လောကအပေါ် အနှုတ်သဘောဆောင်၍ မြင်လာကြသည်။

သို့ရာတွင် ကျွန်ုပ်တို့ မိမိကိုယ်ကို သိမြင်နိုင်မှု (self-awareness) ရှိနေပါက ကျွန်ုပ်တို့ အတွေးအကြံ များနှင့် ၎င်းတို့၏ စတင်ဖြစ်တည်ရာ အကြောင်းတရား များကို သိသဖြင့် အဆိုပါ အနှုတ် သဘော ဆောင်သည့် ခံစားမှုတို့ကို ပြောင်းလဲယူနိုင် ပေသည်။

ဤသည်မှာ neurochemical consequence တစ်ခုဖြစ်သည့် အမှတ်သညာတို့ သုံးလိုလျှင် ထုတ်ရလွယ်ခြင်း နှင့် protein synthesis နည်းစနစ်ဖြင့် အသုံးပြုပြီးသော အခါ ပြန်လည် သိမ်းဆည်းခြင်းတို့ပင် ဖြစ် သည်။

မိမိကိုယ် ကို စောင့်ကြည့် လေ့လာခြင်း (self-observation) အားဖြင့် ကျွန်ုပ်တို့ ဦးနှောက်၏ လုပ်ဆောင်ပုံ အထွေထွေတို့ သည် လုံးဝ အသွင် ပြောင်းလဲ သွားသည်ကို brainwaves များကို လေ့လာခြင်းဖြင့် သိရှိရကြောင်း မှတ်တမ်းများ ရှိပါသည်။

စောင့်ကြည့် လေ့လာစဉ်တွင် ဦးနှောက် အတွင်းရှိ အလိုအလျောက် လည်ပတ် အလုပ် လုပ်စေသည့် neo-cortical region စတင် လှုပ်ရှားပါသည်။ ဤ လှုပ်ရှားမှုကြောင့် ခံစားမှုကို ထိန်းညှိသည့် အခါ ကျွန်ုပ်တို့ အတွက် ရှေးကနှင့် မတူတော့ပဲ အထူး လွယ်ကူသွားကြောင်း မှတ်တမ်း တင်ထားပါသည်။

self-observation တစ်ကြိမ် ပြုလုပ်တိုင်း ပြုလုပ်တိုင်း အဆို ပါ neo-cortical region လှုပ်ရှားမှု ဖြစ်ပေါ်စေပြီး ကြိမ်ဖန်များ လာသောအခါဝယ် ကျွန်ုပ်တို့၏ ယေဘူယျကျကျ စဉ်းစားတွေးခေါ်နိုင်မှု (rationalization) နှင့် ထိုးထွင်းဥာဏ်စွမ်းရည် (emotional resillience) တို့သည် အားကောင်း သထက် ကောင်းလာပါသည်။

အခြားတစ်ဖက် တွင်မူ အကယ်၍ ကျွန်ုပ်တို့ မိမိကိုယ်ကို သိမြင်မှု (self-awareness) မရှိပါက ကျွန်ုပ်တို့၏ အတွေးအကြံ လုပ်ငန်း ဆောင်တာတို့သည် ပင်ကိုယ်အားဖြင့် ဦးတည်ရာမဲ့ ပန်းတိုင်မဲ့ နေလေ့ရှိသည်။ပေါ်လွင်ခြင်း အလျင်းမရှိပေ။ တွေ့မြင်ရာ တုံ့ပြန်မှု နှင့် ဖြစ်သလို တုံ့ပြန်လိုက်ခြင်း ပင် ဖြစ်သည်။

သို့သော် ဦးနှောက်အတွင်း ၌မူ ဤသို့ လုပ်မိလုပ်ရာ ပြုလုပ် လိုက်မိခြင်းအတွက် အကြောင်းပြချက် ကို ချက်ချင်းပင် ဖန်တီးယူပြီး memory reconsolidation စနစ်ဖြင့် အဖြစ်အပျက် ကို မိမိနားလည် သယောင် ပြန်လည် ပြုပြင်ရေးသားကာ အကျိုးအကြောင်း ဆီလျော်မှန်ကန်စွာ မိမိ ခံစားလိုက်သည့် အဖြစ်အပျက် အနေဖြင့် ပင်ကိုယ် ဦးတည်ရာမဲ့ ပန်းတိုင်မဲ့ ခံစားချက်ကို မှတ်တမ်းတင် သိမ်းဆည်း ထား လိုက်တော့သည်။ ဤ ဖြစ်စဉ်ကို ယေဘူယျ ကျလာစေရန် စဉ်းစားတွေးခေါ်ခြင်း(ဝါ) ပြောင်းပြန် စဉ်းစားတွေးခေါ်ခြင်း (backward rationalization) ဟုခေါ်သည်။

၎င်း backward rationalization ၏ အကျိုးဆက်ရလဒ် မှာ အနှုတ်သဘော ဆောင်သည့် ကျွန်ုပ်တို့၏ ခံစားမှုတို့ကို ဖုံးဖိထားသည့် သဘောသို့ သက်ရောက်သွားပြီး တစ်ဆက်ထဲပင် အချိန်မရွေး ပေါက်ကွဲ ထွက်နိုင်သည့် ခံစားမှုများ အဖြစ် ဖြစ်ပေါ် သိမ်းဆည်း လိုက်ခြင်းပင် ဖြစ်သည်။

တစ်ဖန် ၎င်းတို့သည် ကျွန်ုပ်တို့၏ ဝေခွဲမရဖြစ်သည့် စိတ်တို့ အတွက် လောင်စာ သဖွယ် အကျိုးပြုနေပြီး ထိုစိတ်တို့က “ကျွန်ုပ်တို့သည် ဘာကြောင့်များ ဤ အနှုတ်သဘောဆောင် သည့် ခံစားချက်များကို ယုတ္တိယုတ္တာ တန်အောင် မဝေဖန်နိုင်ခဲ့ သနည်း”ဟူသည့် ယုတ္တိမှန်စွာ စဉ်းစားတွေးခေါ်မှုကို ပိတ်ပင် ထားခဲ့သည်။ ဤသို့ ရှုပ်ထွေး လွန်းလှသည့် စနစ်သည် parallel distributed system (ဝါ) မသိစိတ် (ဝါ) unconsciousness ဟုလူသိများသည့် နက်နဲကျယ်ပြန့်လှသော စိတ်အမှောင်ထုကြီးပင် ဖြစ်သည်။

အကယ်၍ ဦးနှောက်၏ ဘယ်ဘက် အခြမ်း (left cerebral hemisphere) ကို (right cerebral hemishpere) ညာဖက် အခြမ်းမှ ခွဲထုတ်၍ သီးသန့်တွေးခေါ်စေလျှင် ဘာတွေ ဖြစ်လာနိုင်မယ်လို့ သင်ထင်ပါသလဲ။ Split-brain patient များသည် ထိုကဲ့သို့ သော လူနာများပင်ဖြစ်သည်။

ထိုလူနာတို့သည် ဦးနှောက် ဘယ်ခြမ်း အလုပ်ကောင်းစွာလုပ်ပြီး ပုံမှန် လူတစ်ဦးကဲ့သို့ပင် ပြောဆိုတွေးခေါ် နိုင်ပေသည်။ ရုတ်တရက် ကြည့်ပါက ဦးနှောက် ညာခြမ်းသည် စဉ်းစားတွေးခေါ်ရာတွင် အသုံးမဝင်ဟု ဤတွေ့ရှိချက်အရ ထင်ရသော်လည်း အမှန်မှာ ဤသို့ မဟုတ်ပေ။ ဘယ်ခြမ်းသာ အလုပ်လုပ်သည့် လူနာများ၏ ထူးခြားချက်မှာ မိမိတွေ့ရိုးတွေ့စဉ် လူတစ်ဦးအား တွေ့သော် တစ်ခုခု ထူးခြား နေမှန်းသိသည်။ သို့သော် ထိုတစ်ခုခု ထူးခြားချက်မှာ အရေးမကြီးဟု ယူဆကာ ဖွင့်ထုတ် မပြော တတ်ပေ။ တိုထူးခြားသည် ပြဿနာ မဟုတ်နိုင် ဟူ၍လည်း ခံယူ ထားလေ့ ရှိသည်။

ထူးခြားချက်သည် အဘယ်နည်းဟု ဆိုသော် မိမိ မြင်နေကျ လူပင် ဖြစ်လင့်ကစား ထိုလူ၏ ညာဖက်မျက်နှာ တစ်ခြမ်းကို လုံးဝ မမှတ်မိ တော့ခြင်း ပင်ဖြစ်သည်။ ထိုပြောင်းလဲမှုသည် လူနာတို့ တွေးထင်ထား သကဲ့သို့ အာရုံကြော ခေတ္တ ချို့တဲ့ခြင်းမျိုးလည်း မဟုတ်ပေ။ ထိုပြောင်းလဲမှုသည် ပြင်ပ အာရုံတွင်သာမက သိမ်းဆည်းပြီးခဲ့သော အာရုံတို့တွင်ပါ ပျောက်ကွယ်သွားသည်။
နယူရွန်တစ်ခုစီတွင် ion များ ဆဲလ်အတွင်းမှ ထွက်သောအခါတွင် ဖြစ်ကျန်ရစ်ခဲ့သော ဗို့ဒ်အား အသီးသီးရှိကြလေသည်။ထို ဗို့ဒ်အားတို့သည် အားတစ်ခု အဖြစ်ပြည့်မီ လာသည့်အခါ အခြား ဆဲလ်ဆီသို့ လျှပ်စစ် အချက်ပေး signal ကို စတင် ပစ်လွှတ်သည်။ ထို့နောက်တွင် ထိုဆဲလ်မှ နောက်ထပ် ဆက်နေသော ဆဲလ်များထံသို့ ဆင့်ကာ ဆင့်ကာ ကူးသွားစေပါသည်။

ဤသို့ ဖြစ်ပုံသည် နယူရွန်တစ်ခုတွင် မဟုတ်ပဲ များစွာသော နယူရွန်တို့တွင် ဖြစ်ပေါ်နေမည် ဆိုပါက ဤ ကူးသန်းခြင်း ဖြစ်စဉ်သည် လှိုင်းကဲ့သို့ ပေါင်းစုနေသည့် အတွက် ကျွန်ုပ်တို့ တိုင်းတာ၍ ရရှိလာသည်။

ဦးနှောက်လှိုင်း ကို ဖတ်ရှုခြင်းဖြင့် ကျွန်ုပ်တို့ ခေါင်းထဲတွင်ရှိ မှတ်ဉာဏ်များ သတိပြုမိသည်များ နှင့် ယုတ်ဆွအဆုံး တွေးခေါ်သုံးသပ်သည့် ပညာဉာဏ် ဖြစ်ပေါ်သည့် အစိတ်အပိုင်းတို့ကိုပါ ဖတ်ရှု နိုင်ပေသည်။

၎င်းတို့သည် တစ်မျိုးနှင့် တစ်မျိုး သွားလာနေသည့် လှိုင်းကြိမ်နှုန်းတို့ မတူညီကြပေ။ ၎င်းတို့ကို အယ်လ်ဖာလှိုင်း သီတာလှိုင်း နှင့် ဂါမာလှိုင်းဟူ၍ အသီးသီးခေါ်ကြသည်။ အသီးသီး သည် မတူညီသော အထက်ပါ လုပ်ငန်းဆောင်တာ တို့ကို တာဝန်ယူ ကြရပေသည်။ ဦးနှောက်လှိုင်း တို့သည် နယူရွန် ဆဲလ်တို့ကို ၎င်းတို့ ကိုယ်စီ တာဝန်ရှိသည့် လှိုင်း ကြိမ်နှုန်း တို့ထံသို့ ချိန်ဆ ညှိယူစေရန် ခွင့်ပြုပေးသည်။

ထိုသို့ ညှိယူခြင်းသည် တိကျ သွားသောအခါတွင် နယူရွန်ဆဲလ် အတွင်း သက်ဆိုင်ရာ သတင်းတို့ ကူးလူးသွားလာမှုတို့သည် လှိုင်းတို့နှင့် စည်းချက်ညီစွာ လှုပ်ရှား ရတော့သည်။ ဤသည်ကို cognitive resonance ဖြစ်သည်ဟုခေါ်သည်။

တစ်ခါတစ်ရံတွင် အလွန်အားကောင်းသော ဆန့်ကျင်ဘက် အတွေးအခေါ်နှစ်ခုတို့ မျှညီစွာပင် အထက်ပါအတိုင်း လှိုင်းတို့နှင့် စည်းချက်ညီသွားခဲ့လျှင်လည်း cognitive dissonance ဟုခေါ်သည့် စည်းပြေခြင်း(သို့မဟုတ်) ခိုကိုးရာမဲ့ခြင်း ခံစားချက်တို့ ဖြစ်ပေါ်လေ့ရှိသည်။

ထို့အတူပင် အီဗော်လူးရှင်းသည်လည်း ပတ်ဝန်းကျင်ရှိ လှိုင်းတို့နှင့် သဘာဝတရားတို့ လိုက်လျော ညီထွေဖြစ်အောင် ပြုပြင်စီရင်ပေးနေသော ဖြစ်စဉ်တစ်ခုပင်ဖြစ်ပေသည်။

ဤသို့ပြုပြင်လာရင်းမှ တစ်ကွေ့ကွေ့ရောက်သော် ရင့်ကျက်မှု အမှန်သိမြင်လိုမှုကို မလွဲမသွေ တွေ့ကြုံရမည်ပင်ဖြစ်သာ။ ဤအချိန်တွင် အထက်က ဆိုခဲ့သည့်အတိုင်း အလွန်အားကောင်းသော "အမှန်တရားနှစ်ခု သေပြီး ဘာဖြစ်မလဲ.." "ဘာမှ မဖြစ်တော့ဘူးလား.." ဟု cognitive dissonance စတင် ဖြစ်ပေါ် လာလေ့ ရှိပေသည်။ ထိုအခါတွင် ဖြစ်ပေါ်လာသည့် ခိုကိုးရာမဲ့ခြင်း အားကိုးရှာခြင်း ခံစားချက်တို့အရ Religion ကိုးကွယ်မှု ဟူသည် စတင်ဖြစ်ပေါ်လာပေတော့သည်။

Image credit - http://www.gregadunn.com/microetchings/cortical-circuitboard/

အတွင်းကျကျ  လေ့လာလိုသူများအတွက် ကိုးကားမှတ်တမ်း -
The Power of Placebo
http://discovermagazine.com/2014/julyaug/14-why-nothing-works
Joseph M. Carver, Ph.D. - Norepinephrine: From Arousal to Panic
http://www.enotalone.com/article/4117.html
Dharol Tankersley, C Jill Stowe, and Scott A Huettel - Brain Scan Predicts Difference Between Altruistic And Selfish People
http://www.medicalnewstoday.com/articles/61312.php
New Scientist - Empathetic mirror neurons found in humans at last
http://www.newscientist.com/article/mg20627565.600-empathetic-mirror-neurons-found-in-humans-at-last.html?DCMP=OTC-rss&nsref=online-news
John McManamy - Dopamine - Serotonin's Secret Weapon
http://www.mcmanweb.com/dopamine.html
Invalidation
http://eqi.org/invalid.htm
How Our Brains Make Memories
http://www.smithsonianmag.com/science-nature/How-Our-Brains-Make-Memories.html?c=y&page=1
Alpha, beta, gamma - The language of brainwaves - life - 12 July 2010 - New Scientist
http://www.newscientist.com/article/mg20727680.200-alpha-beta-gamma-the-language-of-brainwaves.html?DCMP=OTC-rss&nsref=online-news
TSN: Take the Neuron Express for a brief tour of consciousness
http://thesciencenetwork.org/programs/the-science-studio/take-the-neuron-express-for-a-brief-tour-of-consciousness
LeDouxlab Web-AudioFearful_Brains
http://www.cns.nyu.edu/ledoux/slide_show/Audio_show_Fearful_Brains.htm
Joseph LeDoux Can Memories Be Erased
http://www.huffingtonpost.com/joseph-ledoux/can-memories-be-erased_b_303519.html
Zócalo Public Square :: Full Video
http://zocalopublicsquare.org/full_video.php?event_id=163
When in doubt, shout -- why shaking someone's beliefs turns them into stronger advocates | Not Exactly Rocket Science | Discover Magazine
http://blogs.discovermagazine.com/notrocketscience/2010/10/19/when-in-doubt-shout-%E2%80%93-why-shaking-someone%E2%80%99s-beliefs-turns-them-into-stronger-advocates/
The Brain: How The Brain Rewires Itself - TIME
http://www.time.com/time/magazine/article/0,9171,1580438,00.html

ကျော်ငယ် ရေးသားသည်။


Post a Comment