ပုံ​ပြောကောင်းတဲ့​ကောင်​မ​လေး

ပုံပြောကောင်းတဲ့ ကောင်မလေး
                       *****************

"တစ်ခါတုန်းက မုဆိုးတစ်ယေက် ရှိတယ်တဲ့။ အဲဒီမုဆိုးက သားကောင်တွေရရင် အတောင်ပံတို့၊ ခြေထောက်တို့ကို ချိုးပြီးမှ အိမ်ကို ယူလာတယ်တဲ့တယ်။ ဒီလိုနဲ့ သူမွေးတဲ့ ကလေး ၅ယောက်စလုံးဟာ တစ်ယောက်တလေမှ ကိုယ်လက်အင်္ဂါ အစုံမပါဘူးတဲ့။"

ကျွန်တော် ထိတ်ခနဲ ဖြစ်သွားမိတယ်။ ဘုရား…ဘုရား။ သူမပြောချင်တဲ့ အဓိပ္ပာယ်က…။ သူမက ကျွန်တော်ကို မော့ကြည့်ပြီး ခဏနားတယ်။ သူမ ကျွန်တော့်အကြောင်း တစ်ခုခုကို စဉ်းစားနေတဲ့ပုံပါပဲ။ ဘာမှ ဆက်မပြောပါစေနဲ့။ ကျွန်တော် မကြားရဲတော့လိုပါ။

"အဲဒီပုံပြင်ကို ဦးဘယ်လို နားလည်လဲ။ ဖအေလုပ်တာကို သားသမီးက ခံရမယ်ဆို တရားပါ့မလား။ သမီးက အဲလို မဖြစ်စေချင်ဘူး။ ဦး သမီးအပေါ် လုပ်ခဲ့သလို ဦးရဲ့သမီးကို လိုက်မဖြစ်စေချင်ဘူး။ ဒါပေမယ့် ဒီလို ရက်စက်တဲ့ ဖအေမျိုးနဲ့ ဒီလိုကံတရားရှိတဲ့ သမီးက ရေစက်လာဆုံတာပဲလေ။"

"ကလင်… ကလင်"

"ဖုန်းလာနေတယ်ဦး။ သမီးခဏလေး ပြောပါရစေဦး။ ဝဋ်ဆိုတာ ရှောင်လွှဲမရပါဘူး။ သမီးကို လုပ်ခဲ့သလို သမီးခံစားရသလို ဦးရဲ့သမီးလေး……။"

ကျွန်တော် သူမစကား ပြတ်သွားအောင် ဖုန်းကို ကိုင်လိုက်တယ်။ ဒါပေမယ့် သူမ ဆက်ပြောမယ့်စကားကို ဖုန်းထဲက အသံက ဆက်ပြောတယ်။

" မင်းမာန် နင့်သမီး  ပျောက်နေတယ်။ ဘယ်မှာမှ ရှာမတွေ့ဘူး"

ဘုရားရေ။ သမီးလေး…။ ကျွန်တော့်သမီးလေး …။ မဟုတ်ပါစေနဲ့။ မဖြစ်ပါစေနဲ့။

"သမီး…။
သမီး…"
----------------------------------------------------------
"ဖေဖေ။ ဖေဖေ ဘာဖြစ်တာလဲ။"

"ဟာ သမီး။ ငါ့သမီးလေး  ပြန်ရောက်လာတာလား။ တော်သေးတယ် သမီး ဘာမှမဖြစ်လို့။"

"ဖေဖေ။ ဖေဖေ ဘာဖြစ်နေတာလဲ။ သမီးက ဘယ်သွားလို့ ဘာဖြစ်ရမှာလဲ။ တစ်ကိုယ်လုံး ချွေးတွေနဲ့။ သမီး ရေသွားခပ်ပေးမယ်။ "

"ဖေဖေ အိပ်မက်ဆိုးတွေ မက်နေတာဖြစ်မယ်။ ရေလည်း မခပ်နဲ့ဘယ်မှလည်း မသွားနဲ့သမီး။ ဖေဖေ့နားမှာပဲနေပါ။"

ကျွန်တော် သမီးလေးကို တင်းကျပ်စွာ ဖက်ထားမိတယ်။ ဒါပေမယ့် သူမမျက်နှာက ပေါ်လာပြန်တယ်။ သူမ အသံတွေ ကျွန်တော် ပြန်ကြားယောင်နေတယ်။

" ဦးကို သမီး နောက်ဆုံး အနေနဲ့ ကိုယ်ချင်းစာတရား ဆိုတဲ့ ပုံပြင်လေး ပြောပြချင်သေးတယ်။"
==================================
                            အခန်း ( ၁ )

"ရေသန့်ဗူး တွေ ရမယ်။ ရေသန့်ဗူး တွေ။"

ရေသန့်ဘူး ရောင်းနေတဲ့ ဆယ့်သုံးနှစ်အရွယ် ကောင်းမလေးကို ကားပေါ်ကနေ  ကြည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်သွားတယ်။ ရုပ်ရည်ကတော့ မဆိုးဘူး။ သွက်သွက်လက်လက် ရှိပုံလည်းရတယ်။ ကျွန်တော့်နောက်တန်းခုံက ခရီးသည်ဆီက အသံထွက်လာတယ်။

"ရေရောင်းတဲ့ကောင်မလေး လာဦး။"

"ဦးလေး ရေသန့်ဘူး ယူမလို့လား။ ပါကင် ရေခဲစိမ်ပဲ။ ဗူးကြီးလား။ ဗူးသေးလား။"

"ဗူးသေးပဲယူမယ်။ ရော့ သုံးရာ ပြန်အမ်း။"

ကျွန်တော် ကြည့်နေတုန်း ကောင်မလေးက ဈေးဝယ်သူကို ပြန်အမ်းဖို့ လွယ်ထားတဲ့ လွယ်အိတ်လေးထဲက အကြွေရှာနေတယ်။ ဟော သူမ အကြွေပြန်မအမ်းချင်ဘူးနဲ့ တူတယ်။

"ဦးရယ် တစ်ရာဖိုးကို tissue ယူပါလား။ ဒါမှမဟုတ်ရင် ဗူးကြီးယူပါလား။ သမီးမှာ အကြွေတစ်ရာတန် မရှိလို့ ပါ။"

"နင်တို့တွေက ကိုယ်ရဖို့ပဲ သိတယ်။ ပိုက်ဆံတစ်ရာ တန်ဖိုးကို သိရဲ့လား။ ဒါကြောင့် ဒီဘဝရောက်တာ။ ငါးရာတန် ပြန်ပေး နှစ်ရာတန်ပေးမယ်။"

ကျွန်တော့် ခုံ နောက်ဘက်ကလူကြီးက ငါးရာတန်ကို ပြန်ယူပြီး နှစ်ရာတန်ကို စောင့်ကြီးအောင့်ကြီး ပြန်ပေးလိုက်တယ်။ ကြည့်ရတာ ရွှေတွေ ငွေတွေသီးလို့။ ငွေတစ်ရာကို ကပ်စီးနှဲနေတယ်။ ကလေးမလေးက ဘာမှမပြောရှာပေ။ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်။

"ကလေးမ ရေသန့်ဗူး ဗူးသေးတစ်ဗူး"

"ဦးရယ်  ဗူးသေးက ကုန်ပြီ။ ဗူးကြီးပဲ ယူပါလားဦးရယ်"

"ဗူးသေးပဲ ယူမယ်။"

"ကဲဒါဆို ခဏစောင့်နော်ဦး။ ဗူးသေးက အမြတ်နည်းလို့ မရောင်းကြဘူးဦးရဲ့ သမီးပြေးယူပေးမယ်။"

မိုးချူပ်နေတော့ ဈေးသည်တွေက တော်တော်ပါးနေတယ်။ ကျွန်တော့်ဘေးက ခရီးသည်က သူမဆီက ရေသန့်ဘူး ဝယ်ပြန်တယ်။ တစ်ရာတန်မရှိလို့ ပြသနာရှာတဲ့ နောက်ခုံက လူကြီးက ကောင်မလေးကို မဲ့ရွဲ့ပြီး ကြည့်နေတယ်။ ညနေက တော်တော်စောင်းနေပြီ။ ဟော သူမပြန်လာပါပြီ။

"ဦးရယ် ဗူးသေးမရတော့ဘူး ဆိုင်ကပိတ်နေပြီ။ ဗူးကြီးပဲ ယူပါလား။"

"ဦးမှာ နှစ်ရာပဲ ကျန်တော့လို့ပါ။"

"အော် ဒါများဦးရယ်။ ယူသွားပါ နှစ်ရာပဲပေး။ သမီး အရင်းတိုက်ပဲ ပေးမယ်လေ။"

"နေပါစေ သမီးရဲ့။ ထားလိုက်ပါ။"

"သြော် ဦးရယ်။ တစ်ခါတလေတော့ ပိုက်ဆံတစ်ရာက လိုအပ်နေသူ အတွက် အရေးကြီးတတ်ပေမယ့် တစ်ခါတလေတော့ ဘာမှ မဟုတ်ပါဘူး။ ဦးက တစ်ရာမရှိလို့ ရေငတ်ပေမယ့် ကျွန်မက တစ်ရာမရလို့ ဘာမှ မဖြစ်ဘူး။ ယူသွားပါ။ ကဲရော့ပါ ဦးရဲ့။"

ကျွန်တော့်ဘေးက ခရီးသည်က အားလည်းနာပြီး ကျေးဇူးလည်း တင်ပုံရသွားတယ်။ ရေသန့်ဗူးရောင်းတဲ့ ကောင်မလေးက အဲဒီလို လုပ်မယ်လို့ ကျွန်တော် ထင်မထားဘူး။ နောက်ခုံကလူတော့ ဘယ်လိုနေမယ်မသိဘူး။ ကျွန်တော်သာ သူ့နေရာမှာဆို ဝတ်ထားတဲ့ ရွှေငွေ တွေဝှက်ပြီး အငွေ့ပျံ ပျောက်သွားချင်လောက်တယ်။ အကျီင်္ အကြီးကြီး ဝတ်ထားပြီး ကလေးသာသာ ပြုမူသူတွေ၊ ရွှေတွေငွေ ဝတ်ပြီးဆင်းရဲနေသူတွေကို သူမက အပြုံးနဲ့ အနိုင်ယူ ပြလိုက်တယ်လေ။ တကယ် တော်တဲ့ ကောင်မလေးပါ။

ကောင်မလေးကို လိုက်ကြည့်ရင်း လာရင်း ကိစ္စကို မေ့ချင်ချင် ဖြစ်သွားတယ်။ အခြေအနေပေးတုန်း ကျွန်တော် လုပ်ငန်းစဖို့ ကားအောက်ဆင်းပြီး လူပြတ်တဲ့ လမ်းဘက်ကို သွားနေတဲ့ သူမကို အမှီလိုက်သွားတယ်။ သူမနဲ့ စကားပြောကြည့်တော့ သူမက မိဘမဲ့ ကလေးတဲ့။ လက်ရှိ  အသိ အဒေါ်အိမ်မှာ ကပ်နေရတာတဲ့။ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။
==================================
                        အခန်း ( ၂  )
"ဟဲ သမီးဘယ်ရောက်နေတာလဲ။  ဘာလို့ရထားပေါ် ရောက်နေရတာလဲ။ ဘယ်လို ရောက်လာတာလဲ။ ဦးခေါ်လာတာလား။"

"ဟုတ်တယ်သမီး သမီးရဲ့မိဘတွေကို ဦးသိတယ်။ သူတို့ဆီ ခေါ်သွားမလို့။"

ကောင်မလေးက တစ်ခုခုကို စဉ်းစားနေတယ်။ အပြင်က တောင်တန်းတွေ ကြည့်ပြီး သူမ ငိုင်နေတယ်။ ဟော  လေးခွကိုင်ပြီး ငှက်ပစ်နေတဲ့ ကောင်လေးကို သူမကြည့်နေတယ်။ ခဏကြာတော့ သူမ ကျွန်တေ့်ဘက်ကို လှည့်လာတယ်။

"အဲဒီကောင်လေး ပစ်လိုက်လို့ ထိသွားတဲ့ ငှက်တွေက ငှက်ပေါက်လေးတွေရဲ့ မအေတွေ ဖအေတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ငှက်ကလေးတွေက မိဘမဲ့ဖြစ်မယ်ပေါ့။ အရွယ်မရောက်သေးရင် သေကုန်မှာပေါ့နော်။ မိဘ မရှိတဲ့ဘဝက ဘယ်လောက်ဆိုးလဲဆိုတာ သူတို့ကို ကိုယ်ချင်းစာကြည့်စေချင်တယ်။"

မိဘမရှိတာဟာ သူမအတွက် တော်တော်ကိုကြီးမားတဲ့ လိုအပ်ချက် ဖြစ်ပုံရတယ်။ တွေးလိုက်ပုံလေးက နက်နက်နဲနဲနဲ့ ရင်ထဲမချိစရာပါ။ အိမ်ပြန်ရောက်ရင် ပိုးကောင်တွေသတ်၊ လိပ်ပြာတွေ လိုက်ဖမ်းတဲ့ သမီးလေးကို သူမ ပြောပြသလို ဆုံးမရမယ်။

"ဦး သမီး ရထားပေါ် မရောက်ခင်က ဘာတွေဖြစ်ခဲ့လဲ။ သမီး ဘာမှ မသိဘူး။ အင်း ဘာမှ မသိဘဲ မွေးလာတယ်။ ဘာမှမရှိဘဲ နေလာတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကို ဘာမျှော်လင့်ချက်မှ မရှိတဲ့ သေမထူး နေမထူးလို့ တွေးမိတယ်။ သမီးက လူတွေအကုန်လုံးအပေါ် စေတနာထားပေမယ့် လူတွေကတော့ သမီးကိုကျတော့ အထင်သေးမယ်။ ဒုက္ခပေးမယ်လို့ပဲ တွေးနေလား မသိဘူး။"

သူမကို အားပေးချင်မိတယ်။ ဒါပေမယ့် ဘာပြောရမှန်းမသိဘူး။ လူတွေက ဒုက္ခပေးမယ်လို့ပဲ တွေးနေကြတယ်တဲ့လား ကလေးမရယ်။

"ဦး သမီးလေ နေ့ဘက်မှာ ကျောင်းတက်တယ်။ ညဘက်ကျရင် ဈေးရောင်းတယ်။ တစ်ခါတလေ အရမ်းပင်ပန်းတယ်။ ဒါပေမယ့် ထမင်းစားဖို့လည်းလိုတယ်လေ။ သမီးဘဝမှာ စာအုပ်လေးနဲ့ စိတ်ကူးအတွေးက သမီးအတွက် အဖော်ပဲ။ သမီး နှစ်တန်းမှာ သင်ခဲ့တဲ့ ဆရာမကို အရမ်းအားကျတယ်။ သူကလေ သမီးတို့ကို ပုံပြင်လေးတွေ ပြောပြပြီး ဆုံးမတယ်။ ကျွန်မတို့ကို စိတ်ဓာတ်မြင့်အောင် ပြောပြတယ်။ သူ့ကို သတိရလိုက်တယ်။ နားမလည်တာတွေ ကြုံလာရတိုင်း ဆရာမကို သတိရမိတယ်။ အခုလည်း သမီး ဆရာမကို သတိရနေတယ်။"

"မနက်ခင်းပွင့်တဲ့ ပန်းလေးထက်ကို ပိုလှတာ…… ချစ်သမီးရဲ့ ပါးမို့မို့လေးတွေပါ။……ငှက်လေးများရဲ့ တေးချင်းထက်ကို ချိုမြတာ… ချစ်သမီးရဲ့……"

ကျွန်တော့်ဖုန်းရဲ့flash မီးလေး လင်းပြီး သမီးလေးကို ရည်ညွှန်းတဲ့ ringtone လေးမြည်လာတယ်။ ကျွန်တော်ဖုန်းကိုင်လိုက်တော့ ပျောက်သွားတဲ့ သီချင်းလေးကို သူမ နှမျောတသဖြစ်နေတဲ့ပုံပါပဲ။

"အေး ငါတို့ ညနေလောက်ရောက်မယ်……
ပါလာတယ်။ မင်းတို့ လိုချင်တာနဲ့ ကွက်တိပဲ။ ၁၃နှစ်လောက်ပဲ ရှိသေးတယ်။"

ဖုန်းချလိုက်ပြီး သူမကို ကြည့်လိုက်တော့ မျက်ရည်တွေဝဲနေတယ်။ ကြောက်နေတဲ့ ပုံလည်းရတယ်။ သူမ ရိပ်မိနေပြီလား။ ဟော မျက်ရည်တွေ သုတ်ပြီး မျက်နှာကို မော့လိုက်တယ်။

"ဦး သမီး ပျင်းလို့ ဦးကို ပုံပြင် ပြောပြမယ်လေ။ နားထောင်းပေးနော်။"
================================
                          အခန်း ( ၃ )

"ဟိုးရှေးရှေးတုန်းက အိမ်တစ်အိမ်မှာ မွေးထားတဲ့ ကြက်မကြီး တစ်ကောင်ရှိတယ်။ ကြက်မလေး ဥတဲ့အချိန်မှာ ဥဥလိုက် အိမ်ရှင် အမျိုးသမီးက ယူစားလိုက်နဲ့တဲ့။ နောက်ဆုံးမှာ ကြက်မကြီးက ဝပ်စရာ ဥတောင် မကျန်တော့ဘူးတဲ့။"

သူမ ကျွန်တော်ကို တစ်ခုခု ပြောချင်နေပုံရတယ်။ သူမ ခဏနားပြီး အဝေးကို ကြည့်နေတယ်။

"အဲဒီတော့ ကြက်မလေးက အညှိုးထားပြီး ဆုတောင်းပြီး ကျိန်စာတိုက်ခဲ့တယ်။ ဖြစ်လေရာဘဝမှာ အိမ်ရှင် အမျိုးသမီးရဲ့ သားသမီးကို စားရပါစေလို့ ဆုတောင်းခဲ့တဲ့။ ဒါနဲ့ပဲ ဘဝပေါင်းများစွာ ဖြစ်လေရာဘဝမှာ အိမ်ရှင် အမျိုးသမီးရဲ့ သားသမီးတွေကို စားပစ်လိုက်တဲ့တယ်။ တစ်ဘဝမှာ အိမ်ရှင် အမျိုးသမီးက သမင်ဖြစ်တော့ ကြက်မလေးက ကျားဖြစ်တယ်။ သမင်မကမွေးလိုက် ကျားက စားသွားလိုက်နဲ့တဲ့။ သမင်မွေးလိုက် ကျားစားလိုက်ဆိုတာ အဲဒီက စတာနေမယ်နော်။"

ဘာလို့ ဒီပုံပြင်လေးကို ရွေးပြောတာလဲ။ ကျွန်တော်ကို ကိုယ်ချင်းစာ စေချင်တာလား။ သတိပေးနေတာလား။ ကျွန်တော် ဘာလုပ်မယ်ဆိုတာကို သူမသိနေတာလား။

"သမီးကတော့ ကြက်မကြီးရဲ့သား ဖြစ်မလား။ အိမ်ရှင်မရဲ့သား ဖြစ်မလားပဲ။ တစ်ခါပဲအစားခံရလို့ ကြက်မကြီးရဲ့သားသမီး ဖြစ်ချင်ပေမယ့် သမီးကြောင့်  မိဘတွေ အငြိုးကြီးမှာ မလိုလားဘူးလေ။ ခုဘဝမှာ သမီးအတွက် အငြိုးထားမယ့်သူ မရှိတာကို တွေးပြီး စိတ်ချမ်းသာပေမယ့် ဝဋ်ဆိုတာကို မေ့မထားလို့ မရဘူး။ ကျွန်မလို ဘယ်သူမှ ထပ်မဖြစ်ပါစေနဲ့တော့။ ဒါကျွန်မရဲ့ ဝဋ်ကြွေးပဲ ဖြစ်ပါစေတော့။"

ဝဋ်တဲ့။ သူမသိနေတာ သေချာပြီပေါ့။ ဘုရားရေ။ သူမထွက်ပြေးလေမလား။ ထပ်အော်လိုက်ရင်။ ဘယ်လိုလုပ်မလဲ။ သူမ ကျွန်တော်ကို အနုနည်းနဲ့ စည်းရုံးနေပြီ။ တစ်ခုခု လုပ်ရမယ်……။

"ဦး တို့ဆေးဆိုတာ ကြားဖူးလား။ သမီးနေတဲ့ အသိ အဒေါ်ကြီးက ပြောတယ်။ တို့ဆေးကို သတိထားတဲ့။ ပါသွားရင် သူလိုက်ရှာမှာ မဟုတ်ဘူးတဲ့။ အဲလိုနဲ့ပဲ သမီး သူငယ်ချင်းတွေ ပျောက်ပျောက်သွားတယ်လေ။ ဦး သမီးတို့ဆေးမိမှာ ကြောက်တယ်။ သမီး ဘာဒုက္ခဖြစ်ဖြစ် သိသိကြီးနဲ့ပဲ ခံစားချင်တယ်။ ဒါမှလည်း သမီး ခံနိုင်ရည်ရှိမှာ။ ဘာပဲဖြစ်ဖြစ် ပုံပြင်လေး ဖတ်နေ ပြောနေရရင် သမီး ကျေနပ်ပါတယ်။"

ကျွန်တော်လက်တွေကို ချက်ချင်းပြန်ရုတ် လိုက်မိတယ်။ သူမက ကျွန်တော်ကို အခက်တွေ့အောင် မလုပ်ဘူးလို့ ပြောနေသလိုပဲ။ သူမနေရာမှာ သမီးလေးသာဆိုတဲ့ ကိုယ်ချင်းစာစိတ် ပေါ်လာပြန်တယ်။ ဝဋ်ဆိုပါလား။ ဒီအရွယ်နဲ့ ဒီလောက်ရင့်ကျက်ရလား ကလေးမရယ်။ ဘယ်လို ဒုက္ခတွေက မင်းကို အဲလောက် ရင့်ကျက်စေရတာလဲ။ ဟင့်အင်း မလုပ်တော့ဘူး။ ကျွန်တော် သူမကို လွှတ်ပေးလိုက်မယ်။

"မနက်ခင်းပွင့်တဲ့ ပန်းလေးထက်ကို ပိုလှတာ…… ချစ်သမီးရဲ့ ပါးမို့မို့လေးတွေပါ။……ငှက်လေးများရဲ့ တေးချင်းထက်ကို ချိုမြတာ… ချစ်သမီးရဲ့ စကားလေးများ ကြား……"
================================
                          အခန်း ( ၄  )

"မင်းမာန် နင့်သမီးရဲ့ ရောဂါစစ်ချက်ရပြီ။ ကျောက်ကပ်တစ်လုံး ထုတ်ပစ်ရတော့မယ်။  အားလုံးက နင့်ကို မျှော်နေတယ်။"

"ဖြစ်ရလေ သမီးရယ်။ ဘယ်တော့ ခွဲမှာတဲ့လဲ အဒေါ်။ ကျွန်တော့်မှာလည်း ငွေမရှိဘူး။ ခုရမယ့် အလုပ်ကို ကျွန်တော် ဆက်မလုပ်ရက်တော့ဘူး။ ဘယ်လိုလုပ်ရတော့မလဲ။"

"ငါ ခွဲထုတ်ဖို့ လက်မထိုးလိုက်ပြီးပြီ။ အိမ်ကို ပေါင်လို့ရတဲ့ငွေက သုံးလို့ ကုန်ပြီ။ ရာင်းဖို့ ပဲ ကျန်တော့တယ်။ ချက်ချင်းလည်း ရောင်းထွက်မှာ မဟုတ်ဘူး။ နင့်ကိုပဲ အားကိုးနေရတာ။"

"ကျွန်တော် ခုချက်ချင်း ပြန်လာခဲ့မယ်။"

ဖုန်းချလိုက်ပြီး နောက်ဘူတာမှာ ဆင်းဖို့ ပြင်လိုက်တယ်။ သူမက ကျွန်တော်ကို စိတ်မကောင်းစွာ ကြည့်နေတယ်။ တစ်ယောက်ကောင်းစားဖို့ တစ်ယောက်ကို မရင်းကောင်းပါဘူး။ သူ့ကံနဲ့သူလို့ပဲ ကံတရားကို ပုံချလိုက်တယ်။ ခုံကနေ ကျွန်တော် မတ်တပ်ရပ်လိုက်တယ်။ သူမက ကျွန်တော့်လက်တွေကို လှမ်းဆွဲထားလိုက်တယ်။

"ဦး မဆင်းနဲ့ဦးလေ သမီး ပုံပြင် ပြောပြချင်သေးတယ်။ ရောက်တော့မှာပဲ မဟုတ်လား။ သမီး ရထားစီးချင်သေးလို့ အဖော်ပြုပါနော်။"

ကျွန်တော် ယောင်နနနဲ့ ခေါင်းညိတ်မိတယ် ထင်တယ်။ ဘာမှ မပါဘဲလည်း မပြန်ချင်ဘူး။ သမီးလေးမျက်နှာကို မမြင်ရက်ဘူး။ တကယ်တော့ ကျွန်တော် တာဝန်မကျေတဲ့ ဖခင်ပါ။ ဒီထက် ပိုပြီး သားသမီးချင်း ကိုယ်ချင်းစာတရား မရှိတဲ့ ဖခင်မျိုးပေါ့။ ဒါပေမယ့် သူမပုံပြင်တွေကို ဆက်နားထောင်ချင်မိတယ်။ သူမရဲ့ ပုံပြင်တွေက ကျွန်တော့်ကို စိတ်ခွန်အား ပေးမယ်လို့ ကျွန်တော်ယုံကြည်နေမိတယ်။

"ဦးကို ကိုယ်ချင်းစာတရားဆိုတဲ့ ပုံပြင်လေး ပြောပြချင်ခဲ့တယ်။ ဒါပေမယ့် အဲဒီပုံပြင်လေးကနေ သမီးဖာသာ ဖအေကို မျှော်လင့်နေတဲ့ ရောဂါသည် သမီးလေးနေရာကနေ ကိုယ်ချင်းစားကြည့်တယ်။ သမီး ပုံပြင်တွေ ဆက်ပြောချင်သေးတယ်။ ဦး ဆုံးအောင်တော့ လိုက်နားထောင်ပေးပါနော်။"

"သမီး ဦးတို့ ပြန်ကြမယ်။ ရောက်ဖို့နီးနေပြီ။ ပြန်ရင်း ပြောကြမယ်လေ။ သမီးကို ရောင်းစားဖို့ ကြံမိတာ ဦးကို ခွင့်လွှတ်ပါ။ ဦး ကိုယ်ချင်းစာ တရားတရားကိုရော အရာများစွာကိုပါ သမီးဆီကနေ သင်ယူပြီးပါပြီ။"
ကျွန်တော် နောင်တကြီးစွာနဲ့ ပြောနေပေမယ့် သူမတော့ ပုံပြင်ပဲ ဆက်ပြောနေတယ်။
================================
                      အခန်း ( ၄  )

"တစ်ခါတုန်းက တောအုပ်လေးတစ်ခုမှာနေတဲ့  ငှက်မတစ်ကောင်မှာ သားသုံးကောင်ရှိတယ်။ တစ်နေ့တော့ ငှက်မ မရှိချိန်မှာ ငှက်အသိုက်ကို မြွေကြီးတစ်ကောင်က အုပ်မိုးပြီး ငှက်ကလေးတွေ စားဖို့ လုပ်တယ်တဲ့။ ဒီတော့ ငှက်ကလေးတွေရဲ့ ကြောက်လန့် အော်ဟစ်သံကြောင့် ငှက်မလေး ပြန်ရောက်လာပြီး အော်ဟစ် အကူအညီ တောင်းသတဲ့။"

သူမ ကတော့ အဝေးကို ငေးပြီး ဆက်ပြောနေတယ်။ ခုချိန်မှာ သူမက ငှက်မကြီးနေရာ ရောက်ပြီး ငှက်ကလေးတွေကို ကယ်ဖို့ ကြိုးစားနေမလားပါပဲ။

"အဲဒီအချိန်မှာ ထင်းခုတ် သမားလေး ရောက်လာပြီး မြွေကို မောင်းထုတ်တယ်။ ဒါပေမယ့် မြွေက မပြေးဘူးလေ။ နောက်ဆုံးတော့ ထင်းခွေ သမားလေးက မြွေကို သတ်လိုက်တယ်တဲ့။"

ကျွန်တော် အတွေးမှားပြန်ပြီ။ သူမက ထင်းခွေ သမားဖြစ်လိမ့်မယ်။ ကျွန်တော့် သမီးကို ကယ်မယ့်သူပေါ့။  ပုံပြင်လေးက ပြီးသွားပြီလား။

"အချိန်များစွာ ကြာပြီး တစ်နေ့တော့ ထင်းခွေသမားဟာ တောမှောက်ပြီး မပြန်တတ်တော့ဘူးတဲ့။ အဲဒီအချိန်မှာ မီးတွေလင်းထိန်နေတဲ့ အိမ်တစ်အိမ်ကို တွေ့သတဲ့။ သူ အဲဒီအိမ်ကိုသွားပြီး အကူအညီတောင်းတော့ အိမ်ရှင် ကောင်မလေးက ဝင်ခွင့်ပေးပြီး ထမင်းဟင်းနဲ့ ဧည့်ခံသတဲ့။"

ရထား ဘူတာတစ်ခုရောက်တော့ လူတွေဆင်းကြတယ်။ ကျွန်တော် ဆင်းချင်ပေမယ့် သူမ ပုံပြင်က မပြီးသေးဘူး။ အဝေးကို ငေးရင် ဆက်ပြောဖို့ အားယူနေတယ်။ ရောပ်ခါနီးနေပြီး။ ကလေးဝယ်တဲ့သူတွေ ရောက်နေလောက်ပီ။

"စားသောက်ပြီးချိန်မှာ ထင်းခုတ်သမားက လှုပ်ရှားလို့မရတော့ဘူး။ အမျိုးသမီးလေးဟာ စပါးကြီးမြွေဖြစ်သွားပြီး သူ့ကိုညှို့နေတယ်တဲ့။ စပါးကြီးမြွေက ပြောတယ်။ နင် ငါ့ချစ်သူကို သတ်လို့ ငါနင့်ကို လက်စားချေရမယ်တဲ့။ အခွင့်အရေး တစ်ခုတော့ မြွေမက ပေးတယ်။ မနက်လေးနာရီမှာ သူ့အိမ်ရှေ့က ခေါင်းလောင်းကို သွားထိုးနိုင်ရင် အသက်ဘေးက ချမ်းသာပေးမယ်တဲ့။ ဒါပေမယ့် ထင်းခုတ်သမားက မလှုပ်နိုင်အောင် အညှို့ခံထားရတယ်။"

နောက်ဘူတာဆို ကျွန်တော်တို့ ချိန်းထားရာ ဘူတာကို ရောက်တော့မယ်။ ဆင်းမှ ဖြစ်မယ် ကလေးမကို သူတို့ တစ်ခြားနိုင်ငံကို ရောင်းစားကြတော့မယ်။ ပုံပြင်လေးကလည်း မပြီးသေးဘူး။ ကျွန်တော် ဂနာမငြိမ် ဖြစ်လာတယ်။ ထင်းခုတ်သမားလေး မြွေလက်ထဲ ရောက်သလို သူမလည်း ရောင်းစားသူတွေလက်ထဲ ရောက်တော့မယ်။

"မြွေမကတော့ သူ့ကို စားဖို့ပြင်နေပြီ။ ထင်းခုတ်သမားက ဘုရားတရားကိုသာ စိတ်ထဲမှတ်နေတယ်။ သေမှာလည်း ကြောက်နေပေမယ့် သူလုပ်ရပ်ကို နောင်တမရခဲ့ဘူး။ ဒီလိုနဲ့ လေးနာရီထိုးဖို့ နှစ်မိနစ်ကို ရောက်လာတယ်။"

ကျွန်တော်တို့ ဆင်းရမယ့် ဂိတ်ဆုံး ဘူတာကို ရောက်တော့ ရထားက ရပ်သွားတယ်။ ကျွန်တော် သူမလက်ကို ဆွဲပြီး ထွက်ပြေးဖို့လုပ်ပေမယ့် သူမက ကျွန်တော်လက်ကို ဆွဲထားပြီး ဆက်ထိုင်နေတယ်။

"ဒီလိုနဲ့ လေးနာရီ တိတိမှာ မြွေပါးစပ်ထဲကို ထင်းခွေသမား စရောက်နေချိန်မှာ ခေါင်းလောင်းသံ သုံးချက်မြည်လာတယ်။ ဒါနဲ့ မြွေထွက်ပြေးသွားတယ်တဲ့။ ထင်းခုတ်သမားက အိမ်အပြင်ကို ထွက်ကြည့်တော့ အဝင်ဝမှာ ချိတ်ထားတဲ့ ခေါင်းလောင်းလေးကို တွေ့သတဲ့။ အဲဒီခေါင်းလောင်းမှာ သွေးကွက်လေးတွေ စွန်းနေတာတွေ့တော့ သူဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်မိချိန်မှာ ခေါင်းလေးကြေမွပြီး အတောင်ကားယားနဲ့ သေနေတဲ့ ငှက်ကလေး တစ်ကောင်ကို တွေ့သတဲ့။"

"ဟေ့ကောင် မာန်ကြီး ဆင်းလေ။ သူလား။ မဆိုးပါဘူး။"

"မဟုတ်ဘူး။ အဲဒါ ငါ့သမီးကွ"

"ဦးကလည်း သမီးကို ဝယ်လာပြီးတော့။ သူညာပြောနေတာပါ။ သမီး ဦးတို့နဲ့ အေးအေးဆေးဆေး လိုလိုလားလား လိုက်ခဲ့ပါ့မယ်။ ဒီဦးကို ပိုက်ဆံ ပိုပေးလိုက်ပါနော်။"

"မဟုတ်ဘူး။ ငါ မရောင်းဘူးကွာ။ တကယ်ပြောတာပါ။"

"ဦးရေ သမီး ကုသိုလ်ရချင်တယ်။ သမီးပါသွားရင် ဘယ်သူမှ မငိုရပေမယ့် ဦးသမီးသေသွားရင် လူတွေ အများကြီးငိုရမယ်။ တစ်ခါတစ်လေ အသက်တစ်ချောင်းအတွက် နောက်အသက်တစ်ခု၊ ဘဝတစ်ခုအတွက် နောက်ဘဝတစ်ခုကို ရင်းရတယ်တဲ့။"

ကျွန်တော့်လူတွေက ပြင်ဆင်ပြီးသားငွေထုတ်အပြင် အပို ငွေအုပ်တွေကို ကျွန်တော်ကို ပေးနေတယ်။ ကျွန်တော် မယူရက်ဘူး။ သူမက ယူပြီး ကျွန်တော့်ကို ပေးနေတယ်။

"ဦးရေ ဆရာမက ဒီပုံပြင်လေး ပြောပြပြီး သမီးကို ကူညီတတ်အောင် သင်ပေးခဲ့တာ။ ဆရာမ မညာပါဘူး။ သမီးကို ပြန်ကူညီမယ့်သူ ပေါ်လာမှာပါ။ တစ်ခုပဲ သမီးကို တစ်ခါလောက် ဦးရဲ့သမီး အရင်းလို တွေးပေးပြီး အမှတ်ရပေးပါ။ လူတိုင်းကို စာနာပါနော်။"

တောင်တွေနောက်ကို နေဝင်သွားတော့မယ်။ နေမင်းက အလှဆုံး ပြုံးနေသလို သူမက အလှဆုံး အားတင်းပြုံးပြပြီး ငွေထုတ်တွေနဲ့ ကျွန်တော်ကို ကျောခိုင်းလိုက်တယ်။ ပြီးတော့ လူကြီးနှစ်ယောက်နဲ့ အတူ တရွေ့ရွေ့ သွားနေတယ်။ ဝေးသွားပေမယ့် သူမရဲ့ အသံကို ကျွန်တော် ကြားနေတယ်။ သူမ ပုံပြင်တွေ ထပ်ပြောနေတယ်လေ။ သူမ  နောက်ထပ်လူတွေကို ထပ်ဆုံးမနေလိမ့်မယ်။
  ပုံပြင်တွေ ဖတ်ပြီး အရွယ်နဲ့ မလိုက်အောင်  ရင့်ကျက်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူမက ပုံပြင်တွေ ပြောပြီး လူတွေကို သင်တတ်တယ်။ လူတိုင်းကို စိတ်စေတနာနဲ့ ကူညီတတ်တယ်။ အနစ်နာလည်း ခံတတ်တယ်။ သူမက အညတရ ပေမယ့် ကျွန်တော့်အတွက်  အိပ်မက်ထဲမှာလည်း လင်းတဲ့၊ လက်တွေ့ဘဝ ထဲမှာလည်း လင်းနေတဲ့ အညတရကြယ်လေးပေါ။
                                                  ထက်သန်


Post a Comment