ကိန္နရိ ကိန္နရာ အကြောင်း

ကိန္နရီ ကိန္နရာ ဟူသည်
✔ ✔ ✔ ✔ ✔ ✔ ✔❦ ❦ ❦
ကိန္နရာသည် အထီးဖြစ်၍ ကိန္နရီသည် အမဖြစ်သည်။
ကိန္နရာသည် လူတစ်ပိုင်း ငှက်တစ်ပိုင်း
သတ္တဝါတစ်မျိုးဖြစ်သည်ဟု ကျမ်းဂန်တို့ ၌ ဆို၏။
စန္ဒကိန္နရီဇာတ် တက္ကာရိယဇာတ် စသော ဇာတ်တော်များအရ ကိန္နရီ ကိန္နရာ
များသည် ဟိမ၀န္တာတောတောင်ကြီးများတွင် နေထိုင်ကြသည်ဟု သိရလေသည်။

ကိန္နရာများ၏ အသွင်အပြင်မှာ ခေါင်း ကိုယ် လက်တို့သည် လူကဲ့သို့ ခက်မငါးဖြာရှိသည်။ မျက်နှာပုံဟန်၊ ခြေလက်သွင်ပြင်တို့သည် လူနှင့်မတူ။
ကိန္နရာ၏ ခံတွင်းမှ လည်ပင်းအထိ မြင်းနှင့် တူ၍ လည်ပင်းမှ အောက်ခြေဖျားအထိ နှုတ်သီး၊
လက်ခြေတို့သည်ငှက်နှင့်တူပြီးရွှေရောင်အဆင်း ရှိကြသည်ဟု ဖွင့်ဆိုကြလေသည်။
မန်လည်ဆရာတော်၏ မဃဒေ၀လင်္ကာသစ် တွင်
`ဟေမာလယ၊ တောမြိုင် ၀က၊ ဒေ၀ စန္ဒ၊ သကုဏနှင့်၊ ဒုမ ကောန္တ၊ ထိုပြီ အပ၊ ကဏ္ဏ ပါဝု၊ အစ ပြုသား၊ လူ့ကိုယ် လူ့လက်၊ လူ့မျက်ခွက်နှင့်၊ တချက် ရုပ်ဆောင်း၊ မြင်းခေါင်းတူလှည့်၊ ငှက်၏ ကိုယ်မှာ၊ လူမျက်နှာက၊ လူဝါ လူသွင်၊ ဆံပင် နောက်လန်၊ ယမံ ငယ်သွေး၊ ငှက်မွေး တောင်ပေါက်၊ ရွယ်မဖောက်ဘဲ´ စပ်ဆိုထားလေသည်။

ကိန္နရီ ကိန္နရာ ဟူသော အမည်
***
သက္ကတဘာသာအရ
ကိန့် ဆိုသည်မှာ "ဘယ်လို "ဟု အဓိပ္ပါယ်ရလေသည်။
နရာ(နာရာ)မှာ အမျိုးသား ဖြစ်ပြီး နရီ မှာ အမျိုးသမီးဖြစ်လေသည်။
ကိန္နရာ ( ကိန့် + နရာ ) ။ဘာကောင်ကြီးလဲ။
ကိန္နရီ ( ကိန့် + နရီ ) ဘာမကြီးလဲ။
ထိုသို့ တအံ့တသြ မေးသောမေးခွန်းမှကိန္နရီ ကိန္နရာ
ဟူသော အမည်များ ဖြစ်တည်လာသည်။
       
ကိန္နရီ ကိန္နရာ နှင့် လူ့စကား
***
ကိန္နရီ ကိန္နရာတို့သည် လူ့စကားကို မပြောဆိုကြကြောင်း ပြောစမှတ်ပြုကြလေသည်။။
(၁) လိမ်ညာ မုသားစကား မပြောလိုပါ၊
(၂) သူတပါးကိုလည်း မဟုတ်မမှန် မုသားများနှင့် မစွပ်စွဲလိုပါ၊ဟူသော အကြောင်းများကြောင့် ကိန္နရီ
ကိန္နရာများသည် လူ့စကားကို ပြောတတ်ကြသော်လည်း မပြောဆိုကြချေ။

ကျမ်းဂန်လာ ကိန္နရီ ကိန္နရာ
***
သာရတ္ထသင်္ဂဟကျမ်း အဖွင့်၌ကိန္နရီမနှင့် ပါဋလိပုတ်ပြည်သားလူသားမုဆိုးတစ်ဦး အကြောင်းပါကာ တိဿ နှင့် သုမိတ္တ မည်သော သားနှစ်ဦးကို ဖွားမြင်ခဲ့သည်။
ထိုသားနှစ်ဦးသည် ၀ရုဏရဟန္တာ ထံတွင် တပည့်ခံ၍ ရဟန်းပြုသည်။ တိဿရဟန္တာ နှင့် သုမိတ္တာရဟန္တာ ဖြစ်လာသည်ဟု ဖော်ပြထားလေသည်။

တိဿရဟန္တာ ( ကောန္တပုတ္တတိဿထေရ် )သည် အသောကမင်းကြီး လက်ထက်တွင် ပရိနိဗ္ဗာန်စံတော်မူသည်။ ပရိနိဗ္ဗာန်စံသည့်အခါ လောင်တိုက် တလား အဆောက်အဦများမှာ လက်ဝဲလင်္ကျာ ကိန္နရီမရုပ်များ ဆင်ယင်ထားကြသည်ဟု ဆိုကြ၏။
ထို့ကြောင့် နောင်းလူတို့သည်ဘုန်းကြီးပျံများကျင်းပရာဝယ်
လောင်တိုက် တလား တို့တွင်
ဝဲယာ လေးထောင့်၌ ကောန္တကိန္နရီရုပ်များကို ထုလုပ်ခဲ့ကြလေသည်။

မြန်မာရာဇဝင်တွင်ငါးထပ်ကြီးဒါယကာမင်း လက်ထက် အနောက်သလ္လာဝတီမြစ်မှာ ကိန္နရာတစ်ကောင် မျောလာ၍ ဆယ်ယူရဘူးကြောင်း
ဟံသာဝတီရောက် မင်းတရားစာတမ်း၌ ပါရှိလေသည်။

*ကိန္နရာများသည် နူးညံ့သည့် အမူအရာရှိခြင်း၊
*ပန်းဝတ်ဆံတို့ ကိုသာ စားသုံးခြင်း၊
*ငါးပါးသော အဆင်းအင်္ဂါနှင့် ပြည့်စုံခြင်း၊
*ဘုရားပွင့်တော်မူသည့်နေ့တွင် ၀မ်းမြောက်ဝမ်းသာ ကခုန်မြူးတူးခြင်း စသော မင်္ဂလာများကြောင့်
မြန်မာမင်းများ၏ ရာဇပလ္လင် ဥကင်
လက်ဝဲ၊ လက်ျာတို့ ၌ ကိန္နရာကနေသည့်အသွင် ထုလုပ်ကြသည်။မြန်မာဗေဒင်ကျမ်းနှင့် နက္ခတ်ကျမ်းများ၌ ၁၂-ရာသီအိမ်တွင် မေထုန်ရာသီအိမ်၌ ကိန္နရာ ဖိုမအရုပ်နှင့် အမှတ်အသားပြုရေးသားကြလေသည်။

ကိန္နရီ ကိန္နရာ နှင့် ရိုးရာ
***
ကိန္နရာများသည် အတီးအမှုတ်၊ အကအခုန် တတ်ကျွမ်းပြီး သီချင်းများကျူးရင့်နေတတ်ကြသည်ဟု
ရိုးရာပုံပြင်များ၌ လာရှိလေသည်။
ရှမ်းတိုင်းရင်းသားများနှင့် ကယားတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အကကို ထည့်သွင်း ကပြလေ့ရှိကြသည်။

ကိန္နရီ ကိန္နရာတို့ သည်
မြန်မာနိုင်ငံ ကယားပြည် ငွေတောင်ပေါ်တွင်လည်း ရှေးကနေထိုင်ကြသည်ဟု ကယားလူမျိုးများက ယူဆကြသည်။ ထို့ ပြင်ကယားလူမျိုးများသည် ကိန္နရာ ကိန္နရီများမှ ဆင်းသက်ပေါက်ဖွား လာသည်ဟုလည်း ဂုဏ်ယူယုံကြည်ကြလေသည်။
၎င်းတို့၏ အလံ၌ အလယ်ဗဟိုတွင် ကိန္နရာရုပ်ကို ဂုဏ်ပြုသည့်သဘော ထည့်သွင်းထားကြလေသည်။

ကိန္နရီ ကိန္နရာ ချစ်ပုံပြင်
***
ကိန္နရီ ကိန္နရာများသည် ရေကိုကြောက်တတ်သည်။ ချောင်းမြောင်းများတွေ ရေပြည့်လျှံလျင် မကူးဝံ့ကြ။ ရေကျသည်အထိ စောင့်ဆိုင်းတတ်ကြသည်ဟု ဆိုရိုးထားကြလေသည်။
ရှေးယခင်ကကိန္နရီ ကိန္နရာ မောင်နှံတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွင်ချစ်ခင်ကြပြီး ကွဲကွာနေသောအခါ ငိုယိုရခြင်းကြောင့် သံလွင်မြစ် ဖြစ်လာသည်ဟု ပင်ဆိုသည်။တစ်ညတာ ဝေးရရင်ဖြင့် နှစ်ပေါင်း ၇၀၀ ဝေးရသလိုပင် - စသည်ဖြင့် ဂီတ ၀ါသနာရှင်များ စပ်ဆိုကြလေသည်။

ကိန္နရာ အမျိုးအစားများ
***
၁။ ဒေ၀ ကိန္နရာ
၂။ စန္ဒ ကိန္နရာ
၃။ ဒုမ ကိန္နရာ
၎။ ဒဏ္ဍမာန ကိန္နရာ
၅။ ကောန္တ ကိန္နရာ
၆။ သကုဏ ကိန္နရာ
၇။ ကဏ္ဏပါဝုရဏ ကိန္နရာ စသည်ဖြင့် များစွာရှိကြလေသည်။

#ဆောင်းရင်ခွင်။
ကျမ်းကိုး။ မြန်မာ့ စွယ်စုံကျမ်း အတွဲ ၁။အပိုင်း ခ။
မြန်မာ့ဓလေ့ မြန်မာ့ရှူ့ ခင်း။
http://www.dhammayaungchi.com.
photo by google

Credit-အရှင် ကုဝေရ

Post a Comment