ပင်လယ်ပျော်ရဲ့ငိုကြွေးသံ ဝတ္ထုတို

#ပင်လယ်ပျော်ရဲ့ငိုကြွေးသံ ( ဝတ္ထုတို )
•••••••••••••••••••••••••••••••••••
အခုတလောဖိုးအေးဈေးရောင်းမကောင်း။
မိုးတွင်းဘက်ဆိုတော့ကမ်းခြေဘက်ဧည့်သည်အလာပါး၍
တစ်ခါတစ်လေဆိုဈေးဦးပင်မပေါက်သည့်ရက်များရှိသည်။
ဖိုးအေးအလုပ်က ညနေပိုင်းတွင်ကမ်းခြေတစ်လျောက်ရှိ
ဂုံး နှင့် ဂဏန်းတို့အားဖမ်း၍မနက်မိုးလင်းလျှင်  ပလက်စတစ်ပုံးလေးထဲသို့ထည့်ကာ ချောင်းသာကမ်းခြေတစ်လျောက်ခြေတိုအောင်လျှောက်ပြီး
ကမ်းခြေသို့အပန်းဖြေလာသောဧည့်သည်များထံသို့
ထိုအကောင်လေးများလွှတ်ရန်လိုက်လံရောင်းချရသော
အလုပ်ဖြစ်သည်။ ဖိုးအေးတို့မိသားစုကချောင်းသာကမ်းခြေနှင့်
ဝါးတစ်ပြန်ခန့်ကွာဝေးသော ဖိုးကုလားကျွန်းတွင်နေထိုင်သည်။
ဖိုးအေးတို့မိသားစုအပါအဝင်ဤကျွန်းတွင်နေထိုင်သူအားလုံးလိုလိုသည် တံငါလုပ်ငန်းဖြင့်အသက်မွေးကြသည်။
အဖေရှိစဉ်က မိသားစုတစ်ဝမ်းတစ်ခါးအတွက်ပူစရာမလိုခဲ့။
အတန်အသင့်ချောင်လည်ခဲ့သည်။ အဖေက ဖိုးအေး ၃ တန်း ကျောင်းသားအရွယ်တွင် ပင်လယ်ထဲငါးဖမ်းထွက်ရင်း မုန်တိုင်းမိပြီးလှေမှောက်ကာဆုံးပါးခဲ့သည်။
ထိုစဉ်ကအမေသည်ဖိုးအေး၏ညီမလေးမွေးခါစ သွေးနုသားနုနှင့်ယောက်ျားဆုံးပါးသွားသောကြောင့်
စိတ်ထောင်းလို့ကိုယ်ကြေနေမကောင်းဖြစ်ကာတငိုငို
တရယ်ရယ်နှင့်ရူးမသွားရုံတမယ်သာကျန်ခဲ့သည်။
အဖေကဆုံး အမေကနေမကောင်းနှင့် ဖိုးအေးတို့
မောင်နှမနှစ်ယောက်မှာ ဟိုလူကကျွေး သည်လူကကျွေးနှင့်
အရပ်ကောင်း၍သာ မငတ်ခဲ့ခြင်းဖြစ်သည်။

အဖေရှိစဉ်က အဖေ့ကိုသာမှီခိုအားထားခဲ့သော
အမေသည် နေပြန်ကောင်းလာခဲ့တော့လည်း
မည်မည်ရရဘာမှမလုပ်တတ်ခဲ့။ သို့သော် နေပြန်ကောင်းကာစကတော့ ချက်ပို့ လုပ်ခဲ့သေးသည်။ ချက်ပို့ဆိုသည်မှာ ကမ်းခြေကိုလာလည်သည့်ဧည့်သည်များမှ သူတို့စားချင်သော ပင်လယ်စာဟင်းလျာများ အော်ဒါမှာလျှင် အခကြေးငွေယူ၍ ချက်ပြုတ်ကာ ဧည့်သည်များတည်းသော တည်းခိုခန်းနှင့်ဟိုတယ်များအထိ ပို့ဆောင်ပေးရခြင်း ဖြစ်သည်။ သို့သော် မီးတွင်းထဲမှာ သွေးနုသားနု နေမကောင်းဖြစ်ခဲ့သည့်အရှိန်နှင့် မီးယပ်ရောဂါစွဲကပ်သည်ကတစ်ကြောင်း
ညီမလေးကလည်း နို့မလွတ်သေးသည့်အရွယ်ဖြစ်သည်က တစ်ကြောင်းနှင့် အမေရေရှည်မလုပ်နိုင်ခဲ့။
ရံဖန်ရံခါမှသာ လုပ်နိုင်သည်။ အမေနေကောင်းလျှင် အကြောင်းမဟုတ်သော်လည်း နေမကောင်းလျှင်
စားဖို့သောက်ဖို့ ကရိကထနိုင်၍ ဖိုးအေးကျောင်းထွက်
အလုပ်လုပ်ရတော့သည်။

ဖိုးအေးသည် အသက်အရွယ်အားဖြင့် ၁၀နှစ်ကျော်ကျော်မျှသာ ရှိသေးသည့်ကလေးတစ်ယောက်ဖြစ်သော်လည်း
ချောင်းသာကမ်းခြေအနီးနေထိုင်သူဖြစ်သည့်
အလျောက် တကယ်တမ်းအလုပ်လုပ်မည်ဆိုလျှင် အလုပ်မရှားပေ။ ဖိုးအေးနှင့်ရွယ်တူ ယောက်ျားလေး မိန်းကလေးများလည်း ဖိုးအေးလိုပင် ဧည့်သည်များလွှတ်ရန် အကောင်လေးများ လိုက်ရောင်းသူကရောင်း ပုစွန်ကင် ရေဘဝဲကင် များကို တုတ်တံတွင်သီကာ အကင်ရောင်းသူကရောင်း နှင့်အသက်ငယ်သော်လည်း
မိသားစုဝမ်းရေးကိုဖြေရှင်းနေကြသူများ အများအပြားရှိသည်။ အဖေရှိစဉ်ကကျောင်းတတ်ခဲ့ရသောဖိုးအေးသည် ကျောင်းထွက်၍ ဈေးရောင်းရတာကို
ရှက်ပါသေးသည်။ သို့သော်ငြားလည်း ဆင်းရဲနုံနဲလှသောဘဝပေးအခြေအနေကြောင့် သူ့ဘဝမှာရွေးချယ်ခွင့်ဆိုတာမရှိခဲ့။

ညနေပိုင်းနေစောင်း၍ ရေကျချိန်ဆို
ကမ်းခြေ၌ ဂဏန်းတွင်းများကိုလိုက်နှိုက်ရသည်။
ရလာသောဂဏန်းများကို ပြန်ထွက်ပြေးမသွားစေရန် လက်မများအားကြိုးနဲ့ချည်ပြီး သံဇလုံတစ်ခုတွင်
ဇကာနှင့်အုပ်ထားရသည်။ ဂုံးကောင်များကိုတော့ ကျောက်ဆောင်များကြားတွင်လိုက်ရှာရပြီး
ပုံးတစ်ခုထဲတွင်ထည့်ထားသည်။ မနက်မိုးလင်းပြီဆိုသည်နှင့် အဆာပြေထမင်းကြမ်းနှင့် ငါးပိရည်နယ်စားပြီး
သူ၏ လက်စွဲတော် ပလတ်စတစ်ပုံလေးနှစ်ပုံးထဲသို့
ဂဏန်းနှင့် ဂုံးတို့အားခွဲထည့်၍ ဖိုးကုလားကျွန်းမှ
ချောင်းသာတစ်ဖက်ကမ်းသို့ကူးတို့လှေလေးနှင့်
ကူး၍ တစ်နေ့တာလုပ်ငန်းခွင်အားစတင်ရသည်။

နွေရာသီလိုဧည့်သည်အလာများသောအချိန်မျိုးဆို ဖိုးအေးတို့ငွေရွှင်သည်။ တစ်နေ့ ၃၀၀၀ မှ ၅၀၀၀ ဝန်းကျင်ရသည်။ ဒါတောင် သူ့လို ဈေးသည်တွေအများကြီးရှိ၍ တိုးကျိတ်ပြီးအလုအယက်ရောင်းရခြင်းဖြစ်သည်။
ဧည့်သည်များကလည်း အပျော်အပါးနှင့်
အစားအသောက်သာကြေးကြီးပေး၍သုံးဖြုန်းကြသည်။
ဖိုးအေးတို့လိုဈေးသည်လေးများကအကောင်လေးများ လွှတ်ဖို့ကို အာပေါက်မတက်နှင့်

" ကိုကြီးရယ် အကောင်လေးတွေလွှတ်ပါ… သားတို့ပိုပေးပါ့မယ်… တစ်ထောင်ဖိုးဆို ၁၀ ကောင်ပေးမယ်လေ… "  စသဖြင့် သနားစဖွယ်ပြောဆိုတာတောင် မလွှတ်သူကခပ်များများပင်…

ဖိုးအေးတို့အများဆုံးရောင်းလို့ကောင်းသောသူများမှာ စုံတွဲများဖြစ်သည်။ ကောင်မလေးများမှာ
သနားတက်ကြသူများပီပီ ဖိုးအေးတို့ဈေးသည်လေးများမှ သနားစဖွယ် မဝယ် ဝယ်ချင်အောင် ပြောလိုက်လျှင်
အနည်းနှင့်အများတော့ ဝယ်၍ လွှတ်တက်ကြသည်ချည်းပင်။
စေတနာပိုသောသူများနှင့်တွေ့ခဲ့လျှင်တော့
အကောင်များလွှတ်သည့်အပြင် မုန့်ဖိုးလေးများပါပိုပေးသွားကြသည်။
ထိုသို့သောသူများနှင့်ကြုံလျှင်တော့ ဖိုးအေးတို့
လွှတ်ပျော်သည်ပေါ့။

သို့ပေမယ့်လည်း တစ်ခါတစ်ရံ ဈေးရောင်းရင်း
စိတ်တိုရသောအခိုက်အတန့်များလည်းရှိသည်။
ဟုတ်သည်လေ… ဧည့်သည်က မိမိထံမှ ဝယ်မည်ဆိုလျှင်
အခြားဈေးသည်များကပါ ဧည့်သည်ကို သူတို့ဆီမှ ဝယ်ရန်
အတင်းလာရောင်းကြတက်သည်။ဟုတ်သည်လေ… သူကတော့ ဧည့်သည်ကို မဝယ် ဝယ် အောင်ကြိုးစားပမ်းစား
ပြောရပြီး ဧည့်သည်မှ ၂၀၀၀ ဖိုး ဝယ်မည်ဟုပြောပြီးစဉ် မိမိရောင်းရသည်ကို အခြားဈေးသည်ကတွေ့၍ သူ့ဆီကပါဝယ်ရန်အတင်းရောင်းသောအခါ
ဧည့်သည်မှ နှစ်ယောက်မျှပြီး ၁၀၀၀ ဖိုးစီ သာဝယ်သွား၍ မိမိရောင်းရမယ့် ကိုယ်တာနည်းသွားပြီး ခွဲတမ်းနှင့်ရောင်းရသလိုဖြစ်သွားသည်။
မကျေနပ်သော်လည်းဘာမှပြောလို့မရ။ ဖိုးအေးကငယ်သေးတော့လည်း တချို့ အသက်နည်းနည်းကြီးသည့် ဈေးသည်များက အနိုင်ကျင့်သည်။  ညှပ်ချသည်။ ထိုကြောင့် ဧည့်သည်က ဖိုးအေးဆီမှ ဝယ်ပြီဆိုလျှင် မြန်မြန်ရောင်းရသည်။ သို့မှသာ မိမိကိုယ်တာအပြည့်အဝရမည်မဟုတ်ပါလား…

အခုလည်းမိုးတွင်းဘက်မို့လို့လားမသိ…
ကမ်းခြေ၌ဧည့်သည်ပါးသည်။ မနက်မိုးလင်းကတည်းက
ပလတ်စတစ်ပုံးလေး၂ ပုံး ဆွဲ၍ ကမ်းခြေကို ခေါက်တုံ့ခေါက်ပြန် အခေါက်ခေါက်အခါခါ လျှောက်နေတာ
မွန်းလွဲချိန်ထိ ၅၀၀ ဖိုး မျှသာ ရောင်းရသေးသည်။
ထမင်းစားချိန်ခဏအိမ်ပြန်စား၍ မနားတော့ပဲ
ချောင်းသာဘက်ပြန်ကူးလာခဲ့သည်။နားလို့ကလည်းမဖြစ်။
ညီမလေးက သူငယ်နာပြန်ထ၍ ချွဲကျပ်ကာ ဖျားနေသည်။
ည ည ဆိုလျှင် အပူကြီးလွန်း၍မအိပ်နိုင်ပဲ
ငိုနေတာမြင်ရတော့ သူစိတ်မကောင်း…
အမေကလည်းဂီလာနဆိုတော့ အလုပ်ပုံမှန်မလုပ်နိုင်။
သူဈေးရောင်းရမှ ညီမလေးဆေးဖိုးနှင့် နောက်နေ့အတွက်
ဆန်နှင့်ဆီ အနည်းငယ် ဝယ်နိုင်မည်ဖြစ်သည်။

အိမ်မှပြန်ထွက်လာတော့ အုံ့မည်းနေသောမိုးသည် ချောင်းသာဘက်ရောက်တော့ ဖွဲဖွဲမျှရွာလာသည်။
ဖိုးအေးတို့လိုဘဝသမားအတွက် နေပူပူ မိုးရွာရွာ
သိပ်တော့အထူးအထွေမဖြစ်လှ။ နေပူဒဏ် မိုးဒဏ် ကာကွယ်ရန် ထီး မိုးကာ မလိုအပ်သလို
ကမ်းခြေတွင်ဥဒဟိုလျှောက်ဖို့ ဖိနပ်လည်းမလိုအပ်ချေ။
ခြေဗလာနှင့်သာ ကမ်းခြေတခွင်ပြဲပြဲစင်အောင်
လျှောက်၍ ခြေထောက်မှခြေဝဲစားအနာများ
ဂရုမပြုအားပဲ နေ့တွက်ကိုက်အောင် အားထုတ်ဖို့လိုသော
ဖိုးအေးအတွက်စစ်စိမ်းရောင်စွပ်ကျယ်အပြဲလေးနှင့်
ကာကီရောင်ဘောင်းဘီတိုလေးသာ နေ့စဉ်ယူနီဖောင်းဖြစ်သည်။

ကူးတို့နှင့်ကူး၍ အုန်းတောဘက်မှ ဟိုတယ်ဇုန်များဘက်သို့ မျက်နှာမူပြီး တရွေ့ရွေ့သူလျောက်လာသည်။
ငွေမှင်ရောင်မိုးစက်မိုးပေါက်များက အကာအကွယ်မဲ့သောသူ၏ခန္ဓာကိုယ်ပေါ်သို့
အတားအဆီးမရှိ ဖြန်းပက်နေသော်လည်း ချမ်းအေးမှုဒဏ်ကို စိုးစဉ်မျှပင်ဂရုပြုမအားပဲ ဝယ်ယူမည့်ဧည့်သည်များကိုသာ မျက်လုံးမှ ကျီးကန်းတောင်းမှောက်ရှာဖွေနေမိသည်။
တည်းခိုခန်းများ၌လည်းတည်းသော ဧည့်သည်သိပ်မရှိ။
ဧည့်သည်လာသည်မှာပါးရသည့်အထဲ
မိုးရွာနေတော့ ကမ်းခြေမှာလည်း ရေဆော့သူ
နည်းကာ လမ်းလျှောက်နေသူအနည်းငယ်နှင့်
ဆိုင်ကယ်စီးသူ အချို့သာရှိသည်။

ဖိုးအေးအားမလျော့ပဲ ဟိုတယ်ဘက်တွေသို့
ဖြည်းဖြည်းချင်းဆက်လျှောက်သွားသည်။
ဟိုတယ်တွေမှာတော့ ပိုက်ဆံချမ်းသာသူများ
တည်းလေ့ရှိသဖြင့် ဈေးရောင်းရဖို့အနည်းငယ်
မျှော်လင့်ချက်ရှိသည်။ မိုးကလည်းကောင်းသည်။
ဖွဲဖွဲလေးရွာနေရာမှ လေတွေပါလာပြီး နည်းနည်းသည်းလာသည်။ ပင်လယ်မှလည်း လှိုင်းတွေတဝုန်းဝုန်းနှင့် ဒီရေများတက်လျက်ရှိသည်။
လူးလွန့်နေသော လှိုင်းလုံးကြီးများကိုကြည့်ပြီး
သူငယ်တန်းဖတ်စာမှကဗျာလေးကိုတောင်
ဖိုးအေးသတိရမိသွားသည်။

" စမ်းချောင်းကလေး ကျဉ်းလှတယ်
   မြစ်လောက် သူမကျယ်
   ပင်လယ်ကြီးက အကျယ်ဆုံး
   လှိုင်းတွေ တဝုန်းဝုန်း"

နှုတ်ဖျားမှလည်းအလိုလိုရေရွတ်မိသွားသည်။
တပြိုင်နက်တည်း စိတ်ထဲဘာဖြစ်သွားမှန်းမသိ
ကျောင်းတက်ခဲ့ရသောအချိန်လေးများကို
ပြန်သတိရမိသွားသည်။ စာသင်ခန်းတွင် ဆရာမစာသင်ချိန်များ
သူငယ်ချင်းများနှင့် ကစားချိန်များ မျက်လုံးထဲမှာတရိပ်ရိပ်ပြန်ပေါ်လာသည်။

"အာ… ဈေးရောင်းရမှာကိုဘာတွေ တွေးနေမှန်းမသိဘူး"

လွှင့်ပြန့်နေသောအာရုံကိုပြန်လည်စုစည်း၍
ဈေးရောင်းရဖို့အရေး မိုးအေးအေးထဲ အားတင်းလျှောက်လိုက်သည်။
ဖိုးအေးဘဝအတွက် စိတ်နှလုံးဝယ် အားငယ်မှုများဖြစ်၍
ကြည်နူးဆွတ်ပျံ့မှုများ လွမ်းမောနေ၍မရ။ အမေနှင့်ညီမလေးအတွက် သူကြံ့ကြံ့ခံနိုင်မှရမည်။
ကိုယ့်ကိုကိုယ် မာကြောအောင် စိတ်ဓါတ်ခွန်အားပေးရင်း
ဂဏန်းနှင့်ဂုံး ထည့်ထားသော ပုံးလေး ၂ ပုံးကို
စိတ်မပါတပါဆွဲရင်း ဆက်လျှောက်လာခဲ့သည်။

ဟိုတယ်တွေဘက်အားကိုးတကြီးနှင့်
လျှောက်လာခဲ့သော်လည်း ဧည့်သည်များများစားစားမရှိလှ။
မိုးစဲသွားပြီဖြစ်သော်လည်း လေတိုက်နေသေးသောကြောင့်
ချမ်းအေးပြီး တစ်ကိုယ်လုံးတုန်နေပြီ။
ရောင်းဖို့ဧည့်သည်လည်းမတွေ့သေး…
ထိုစဉ်သူတွေ့လိုက်ရသည်က ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော မိသားစု ၃ ယောက်……
အဖေဟုထင်ရသောယောက်ျားကြီးတစ်ယောက်၊ အမေဟုထင်ရသောမိန်းမကြီးတစ်ယောက် နှင့်
သူတို့၏သားဟုထင်ရသော ဖိုးအေးနှင့်သက်တူရွယ်တူ ကောင်လေးတစ်ယောက်။
ဝတ်စားထားကြသည်ပုံမှာတော့ သပ်သပ်ရပ်ရပ်နှင့်
အဆင့်အတန်းရှိရှိ ပိုက်ဆံရှိသောသူများအသွင်ရှိသည်။
ဈေးရောင်းရဖို့မျှော်လင့်ချက်ရောင်ခြည်လေးနှင့် ဖိုးအေး သူတို့ဆီ ခြေသုတ်သုတ် လျှောက်သွားလိုက်သည်။

" အန်တီ… ဂဏန်းတို့ ဂုံးတို့လွှတ်ပါဦးလားဗျာ
  သားပိုပေးပါ့မယ် "

ရွှေဆွဲကြိုးအကြီးကြီးနှင့် လက်ကောက်များ တတောင်ဆစ်ထိရောက်အောင် ဝတ်ထားသော မိန်းမကြီးက သူ့ကို ရှုပ်ရှုပ်ယှက်ယှက်ဟူသော မျက်နှာထားနှင့် " မဝယ်သေးဘူး" ဟု အသံပြတ်ဖြင့်ပြောသည်။

"လွှတ်ပါအန်တီရယ်…ပင်လယ်ဘက်လာတာ
  တစ်ခါတစ်လေမှလွှတ်ရမှာ…သားလျော့ပေးပါ့မယ်…
ဒီပုံးလေး ၂ ပုံး ကို ၃၀၀၀ ပဲပေးနော်…
ဂဏန်းက ၁၀ ကောင်ရှိတယ်။ ဂုံးက ၂၅  ကောင်ပါတယ်" ဖိုးအေးထပ်ပြောသည်။

" အို… မဝယ်ပါဘူးဆိုတာကို ဘယ်နှယ့်အတင်းရောင်းနေတာလဲ သွား သွား…"

အမျိုးသမီးကြီးကထပ်မံနှင်ထုတ်သည်။
ဖိုးအေး ဇွဲမလျော့… သူတို့အနောက်သို့ တကောက်ကောက်လိုက်ပြီးတရစပ်ပြောသည်။

" လုပ်ပါအန်တီရယ်.…  မိုးတွေအရမ်းအေးနေလို့ ဒါလေးရောင်းပြီး သားအိမ်ပြန်ချင်လို့ပါ"

သနားစဖွယ်မျက်နှာလေးနှင့် ဖိုးအေးပြောတော့
မိန်းမကြီးနည်းနည်းမျက်နှာကြောလျော့သွားသည်။
သူ့သားလေးမှလည်းဖိုးအေးကို
အထူးအဆန်းသဖွယ်ကြည့်သည်။

" ညီလေး အကောင်လေးတွေလွှတ်နော်…
  ဒီမှာ ဂဏန်းလေးတွေ ဂုံးလေးတွေ… "

ဖိုးအေးက အခွင့်ကောင်းကို လက်လွတ်မခံပဲ
ပုံးလေးနှစ်ပုံးကိုအုပ်ထားသော ပိတ်ပါးစလေးကို
လှပ်ပြရင်း ကလေးလေးကို ပြောလိုက်သည်။

ထိုစဉ်အဖေလုပ်သူဦးလေးကြီးမှ

" ကဲပါ မိန်းမရယ်… လွှတ်ပေးလိုက်ပါကွာ
  တို့လည်းကုသိုလ်ရပါတယ်…    
  သားလေးလည်းလွှတ်ချင်တယ်မဟုတ်လား"

သူတို့သားလေးကိုကြည့်၍မေးလိုက်သည်။

ကလေးလေးက ပုံးလေးထဲမှ ဂဏန်းနှင့် ဂုံးများကို စိတ်ဝင်တစားကြည့်ပြီး " ဟုတ် " ဟုဖြေသည်။

" မလျော့တော့ဘူးလားဟဲ့"
အမျိုးသမီးကြီးကပြောသည်။

"သားလျော့ပေးထားပါတယ် အန်တီ…
ပိုလည်းပေးထားပါတယ် "

" ထားလိုက်ပါ မိန်းမရယ်… ပေးလိုက်ပါ"
ဦးလေးကြီးကဝင်ပြောသည်။

ဖိုးအေးလည်းဝမ်းသာစွာနှင့် အန်တီကြီးကို ဂုံးများထည့်ထားသောပုံးအရင်ပေးလိုက်သည်။
အန်တီကြီးက ပုံးလေးကိုင်ရင်း ကမ်းစပ်နားသို့သူ့သားလေး
လက်ဆွဲပြီးသွားသည်။ သူ့သားလေးလက်ထဲသို့
ဂုံးကောင်လေးများ တစ်ကောင်ချင်းစီထည့်ပြီး ပင်လယ်ဘက်သို့ပစ်ခိုင်းသည်။ ဂုံးကောင်လေးများကုန်တော့
ဖိုးအေးက ဂဏန်းများအားထုတ်ပြီးကြိုးချည်ထားသည်အား
ဖြည်ပေးလိုက်သည်။ ကြိုးပြေသွားသောအခါ ဂဏန်းများက ကားယား ကားယားဖြင့် စတင်လှုပ်ရှားလာကြသည်။
ဖိုးအေးက စောစောက ဂုံးများထည့်ထားသောပုံးထဲသို့
ဂဏန်းများထည့်ပေးလိုက်ပြီး အန်တီကြီးကို ကမ်းပေးလိုက်သည်။ ကလေးလေးက အသည်းယားသည်ထင့်။ဂဏန်လေးတွေကြည့်ပြီး
ကြက်သီးထသည့်အမူအရာဖြင့် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေသည်။  အန်တီကြီးကသူ့သားကိုဂဏန်းညှပ်မှာစိုး၍ထင်သည်။ သူကိုယ်တိုင်ပင် ပင်လယ်ဘက်သို့ ပုံးကိုအားနှင့်လွဲပြီး
ပါးစပ်မှလည်း "နင့်အသက်တစ်ခါလွှတ် ငါ့အသက်ဆယ်ခါလွတ်" ဟု ပြောလိုက်သေးသည်။

ဂဏန်းများအားလုံးကုန်သွားသည့်အခါ ဦးလေးကြီးမှ ၅၀၀၀ တန် အသစ်ကလေးတစ်ရွက်ထုတ်ပေးပြီး
" ရော့… သားရဲ့ အကောင်လေးတွေဖိုးက ၃၀၀၀
၂၀၀၀ က ဦး မုန့်ဖိုးပေးတာ "

ဖိုးအေးပျော်သွားသည်။
"ကျေးဇူးတင်ပါတယ်… ဦး" ဝမ်းသာအားရနှင့်
ကျေးဇူးတင်စကားဆိုရင်း ၅၀၀၀ တန်လေးကိုလှမ်းယူလိုက်သည်။

ထိုစဉ် မိုးများညို့လာပြန်သည်။
လေများပါ ပါ လာသည်။

" ဟယ် မိုးတွေထပ်ရွာဦးမယ်ထင်တယ်…
ကိုကို သားကိုချီ… အထဲပြန်ဝင်မယ်"

"အေး အေး…… "

အန်တီကြီးမှယောက်ျားဖြစ်သူကိုပြောလိုက်သည်။ အဖေဖြစ်သူမှာ ကလေးကိုချီ၍ မိသားစု ၃ ယောက် ဟိုတယ်အတွင်းသို့ပြန်ဝင်သွားကြသည်။
ဖိုးအေးလည်းသူတို့မိသားစုလေးကိုကြည့်ရင်း
အဖေ့ကိုသတိရလာသည်။ အဖေရှိစဉ်ကပျော်ရွှင်ခဲ့သော မိသားစုပုံရိပ်များသည် တီဗီဖန်သားပြင်၌ ဗီဒီယိုပြန်ကြည့်နေရသလို ပီပီပြင်ပြင်ထင်ဟပ်လာသည်။

မိုးနတ်ဒေဝါကအပြင်းထန်းဆုံးသောဂီတသံစဉ်များနှင့်အတူ
လျပ်ပန်းလျပ်နွယ်များ လင်းလက်စေလျက်
ကမ္ဘာမြေပေါ်ကိုတဖန်တိုက်စစ်ဆင်လာပြန်သည်။
မိုးများထပ်မံသည်းလာသည်။အဆုံးမရှိသောပင်လယ်ကြီးကို
ကြည့်ရင်း ဖိုးအေးမျက်လုံးများဝေဝါးလာ၍ လက်ခုံနှင့်
သုတ်လိုက်တော့ မိုးရေများကြားမှ ပူနွေးနွေးမျက်ရည်များကို သူထိတွေ့ခံစားမိသည်။သူတအားငိုချင်လာသည်။ 
ထိုမိသားစုကဲ့သို့မချမ်းသာလျှင်နေပါ။
မိသားစုကိုအရိပ်အမိုးသဖွယ် ကာဆီးပေမယ့်
အဖေ့ကိုပြန်လိုချင်မိသည်။
သို့ပေမယ့်လည်းအရာအားလုံးပြီးဆုံးခဲ့ပြီလေ…
မည်သို့ပင်တမ်းတနေပါစေ အဖေကသူတို့မိသားစုဆီ
ဘယ်သောအခါမှ ပြန်မလာနိုင်တော့ပြီဆိုတာ
အသေချာဆုံးဖြစ်ခဲ့တော့ မဖြစ်နိုင်တော့သည့် မျှော်လင့်တောင့်တမှုများမှ နိုးထလျက်
၅၀၀၀ တန်အသစ်လေးတစ်ရွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်းအိမ်အပြန်လမ်းသို့သာ
ဦးတည်လိုက်တော့သည်။

#ရွှေတိုင်သူ

Post a Comment