ကျမရဲ့ ဥပေက္ခာ (အဆက်)

'ဟယ်ခေါင်းညပ်ကလစ်လေးတွေလှလိုက်တာ''

ပန်းပွင့်လေးတွေပေါ်မှာ ကျောက်နီကလေးတွေဖြင့်လိပ်ပြာသဏ္ဍာန်ခြယ်မှုန်းထားသော  အသွင်ဆန်းကလစ်လေးကြောင့် ကျွန်မစိတ်လှုပ်ရှားစွာရေရွတ်ရင်း ထိုပစ္စည်းများရောင်းသည့်ဆိုင်အတွင်းသို့ဝင်လိုက်သည်။

မို့မို့က ရွာဘုရားပွဲအတွက်လက်သုတ်ပုဝါများလိုသည်ဟုဆိုကာ
တခြားဘေစင်များအတွင်းသို့လျှောက်သွားစဉ်ကျွန်မက
ထိုပစ္စည်းကိုမြင်လိုက်ချင်းဖြစ်သည်။

ထိုပစ္စည်းဒီဇိုင်းကသိပ်ရွေးစရာမရှိ
အနီရောင်ကျောက်ဖြင့်ပြုလုပ်ထားသည်ကတစ်ခု
အစိမ်းရောင်ကျောက်ဖြင့်ပြုလုပ်ထားသည်ကတစ်ခု
နှစ်ခုသာရှိသည်။

''ညီမလေး ဒါလေးတွေကတစ်ခုဘယ်လောက်လဲ''

အရောင်းစာရေးမလေးကိုမေးလိုက်တော့
ထိုကောင်မလေးက ပြုံးပြုံးရွှင်ရွှင်ဖြင့်ရှင်းပြသည်။

''ဒီပစ္စည်းလေးတွေကမနေ့ကမှရောက်တာအမ
ဒါနောက်ဆုံးနှစ်ခုပဲကျန်တော့တာ
တစ်ခုချင်းယူမယ်ဆိုရင်တော့တစ်သောင်းခွဲ
စုံလိုက်ယူမယ်ဆို နှစ်သောင်းပဲပေးရမှာအမ
စုံလိုက်သာယူလိုက်အမ အရမ်းတန်တယ်''

ကျွန်မကမို့မို့အတွက်ပါစဉ်းစားလိုက်ပြီးစုံလိုက်ယူဖို့စဉ်းစားလိုက်သည်။

''ကလစ်လေးတွေကလှလိုက်တာ
မယွန်းရွေးထားတာလား ညီမလေးဒါမျိုးရှိသေးလား''

ရုတ်တရက်ကျွန်မနောက်မှထွက်ပေါ်လာသော
သိင်္ဂီရဲ့အသံကြောင့်ကျွန်မသူမကိုလှည့်ကြည့်ကာ
ခေါင်းငြိမ့်ပြလိုက်သည်။

''မရှိတော့ဘူး အမ ဒါနောက်ဆုံးလက်ကျန်ပဲ
အမတို့နှစ်ယောက်အတူတူလာတာမဟုတ်လား
နှစ်ယောက်ပေါင်းယူလိုက်ပေါ့ဈေးလည်းသက်သာတယ်''

လျှာရှည်လှသောအရောင်းစာရေးမကြောင့်ကျွန်မအကြပ်ရိုက်သွားသည်။ တကယ်တော့ ကျန်တစ်ခုက မို့မို့ကိုပေးဖို့ဖြစ်သည်။
သိင်္ဂီကိုလှည့်ကြည့်လိုက်တော့ သူမအလွန်တရာလိုချင်သည့်အမူအရာကြောင့်ကျွန်မငြင်းရခက်ဖြစ်သွားသည်။

''ဟုတ်သားပဲ သိင်္ဂီ ဒီအစိမ်းလေး သိင်္ဂီယူလိုက်ကျွန်မ
အနီလေးယူလိုက်မယ် ''

''ကျေးဇူးပဲမယွန်း ကျွန်မလည်းအစိမ်းလေးကြိုက်တယ်''

ခဏအကြာမှာတော့ လိုအပ်သည့်ပစ္စည်းများဝယ်ပြီးပြန်ရောက်လာသော
မို့က ကျွန်မတို့ခေါင်းထက်ကကလစ်လေးများကိုသတိပြုမိပြီးနှာခေါင်းတစ်ချက်ရှုံ့ကာ မျက်စောင်းထိုးသည့်ဒဏ်ကိုကျွန်မခံလိုက်ရတော့သည်။
                  -----------------
''ကဲရောက်ပြီ ''

နွားလှည်းပေါ်ကဆင်းဆင်းချင်း လက်ဆတ်သောလေကို
ကျွန်မအားရပါးရကိုရှုသွင်းလိုက်သည်။
ကားဂိတ်နဲ့ရွာနဲ့ကအတန်ငယ်လှမ်းသောကြောင့်နွားလှည်းဖြင့်တဆင့်လာရပြီး ဖုန်
ုံထူသောကြောင့်
တကိုယ်လုံးလည်းဖုတ်များပေကျန်လျက်ရှိသဖြင့်
အသန့်အပြန့်ကြိုက်သောမောင့်အတွက် လောကငရဲပင်။

''ကဲလာကြလာကြ သမီးတို့ပါလာမယ်ပြောလို့
အရီးလေးတို့က ဟင်းကိုရှယ်ချက်ထားတယ်
သမီးယွန်းကြိုက်တဲ့ လယ်ကြွက်ပါကြော်ထားတယ်''

မို့မို့ရဲ့အမေ ဖော်ရွှေစွာနဲ့ပြောလိုက်သောစကားကိုကျွန်မ
ဝမ်းသာမိသော်လည်း အလိုမကျဖြစ်နေသောမောင့်မျက်နှာကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ မောင်က ကြွက်ဆိုသည့်သတ္တဝါကို
ရွံ့စရာသတ္တဝါဖြင့်သတ်မှတ်ထားပြီး ကျွန်မစားတာကိုနည်းနည်းမျှမကြိုက်ချေ။

''ကဲကဲ နေပူထဲကလာရတာဆိုတော့ ချက်ချင်းရေမချိုးကြနဲ့ဦး ညနေစောင်းတော့မှချိုးကြ''

''ဟုတ်ကဲ့အန်တီ''

    ကျွန်မတို့ခရီးပန်းလာသည်ကတစ်ကြောင်းမို့
အထုတ်အပိုးများကိုထားပြီး အိပ်ရာပေါ်သိုလှဲလိုက်ရာ
တခဏအတွင်းပင်အိပ်ပျော်သွားပြီးညနေ နေအတော်စောင်း    မှမို့မို့ရေချိုးဖို့လာနှိုးအခါမှအိပ်   ရာထက်မှထဖြစ်သည်။

မောင်ကအစောကြီးကတည်းကပင်ရေချိုးပြီးပြီဖြစ်၍
ကျွန်မရယ် မို့မို့ရယ် သိင်္ဂီရယ် အတူတကွပင်
ရေချိုး ဖြစ်ခဲ့ကြသည်။ ထိုအခါမှ သိင်္ဂီတစ်ယောက်လည်း
အလွန်တရာအသန့်အပြန့်ကြိုက်တယ်ဆိုတာ
သတိထားမိသည်။ ကျွန်မနဲ့မို့မို့ရေးချိုးတာတောင်မှ
အခုထိချေးတွန်းမပြီးသေးသော သိင်္ဂီကိုကျွန်မတို့တော်တော်စောင့်လိုက်ရသည်။
အိမ်ပြန်ရောက်တော့ မို့မို့ရဲ့မေမေက ထမင်းဝိုင်းပြင်ထားပြီးစောင့်နေတာကိုတွေ့လိုက်ရသည်။

''ကဲ သမီးတို့ထမင်းအဆင်သင့်စားရအောင်ပြင်ထားတယ်
မြန်မြန်လုပ်ကြနော် ထမင်းတွေအေးကုန်လိပ်မယ်''

ထမင်းစားပွဲကအတော်ကြီးတာမို့
ကျွန်မတို့လေးယောက်လုံးကောင်းကောင်းထိုင်လောက်သည်။ ဟင်းများကတော့ အလျံပယ်ပင်ဖြစ်သည်။
ကျွန်မကြိုက်သော ကြွက်ကြော်အပြင်
ငပိရည်နဲ့အတို့အမြုပ်ပါ ပါသဖြင့် ခံတွင်းမြိန်လှသည်။
မောင်ကတော့ ကြွက်သားမကြိုက်ဖူးဆို၍သီးသန့်
ဟင်းစီစဉ်ပေးလိုက် ရပြီး ထမင်းစားနေသည့်တလျှောက်လုံး ကျွန်မကိုမနှစ်မြို့သည့်မျက်လုံးဖြင့်ကြည့်နေတာကိုကျွန်မသိသည်။ဒါကိုကျွန်မမသိချင်ယောင်ဆောင်နေလိုက်သည်။

''သိင်္ဂီဟင်းတွေထည့်စားလေ
ခုနကကြည့်နေတာ အသုတ်တမျိုးပဲစားတာတွေ့လို့''

မို့မို့စကားကြောင့်သိင်္ဂီကခေါင်းရမ်းလိုက်ပြီး

''ရတယ်မမို့ ကျွန်မကသက်သက်လွတ်ပဲစားလို့''

ကြွက်ကြော်ကော ငပိရည်ပါအတတ်စာတွေမို့
စားကောင်းကောင်းနဲ့စားပြီး ကျွန်မအိပ်ရာဝင်ခဲ့သည်။
မို့မို့အိမ်ကကျယ်သော်လည်း နှစ်ယောက်အိပ်ခြင်ထောင်သာရှိသည်မို့
ကျွန်မနဲ့မို့မို့က တစ်ခြင်ထောင် မောင်ကတစ်ခြင်ထောင်
သိင်္ဂီကတစ်ခြင်ထောင်သီးသန့်ခွဲအိပ်ကြသည်။
ဘယ်လောက်တောင်အိပ်ပျော်သွားမှန်းမသိ
ဆူဆူညံညံလူအုပ်သံကြောင့် ကျွန်မလန့်၍နိုးထလာသည်။
ကျွန်မအရင်မို့မို့ပါအတူနိုးနေသည်ကို တွေ့ရသည်။

''ဘာဖြစ်တာလဲ မို့မို့''

''မသိဘူး ယွန်းသူခိုးဝင်တာများလား လာအောက်သွားကြည့်ရအောင် ''

မောင်နဲ့သိင်္ဂီကတော့နိုးဟန်မတူ ကျွန်မနဲ့မို့မို့အောက်ဆင်းလာတော့ အောက်ထပ်မှာလူတော်တော်များများကိုမြင်လိုက်ရသည်။
ထိုလူအုပ်အလယ်ထဲမှ ကြောက်လန့်တကြားငိုနေသော
ကောင်မလေးတစ်ယောက်ကိုလည့်းမြင်လိုက်ရသည်။

''မေမေဘာဖြစ်တာလဲသူခိုးကပ်တာလား''

''မဟုတ်ပါဘူးအေ ဘုတ်ဆုံမပေါ့ သရဲမြင်လိုက်ရလို့တဲ့ ဒီကလေးမသရဲကားတွေကြည့်ပြီး စိတ်စွဲနေတာနေမှာ''

မို့မို့အမေစကားကြားပြီးငိုနေသောဘုတ်ဆုံမဆိုသည့်ကလေးမကိုကြည့်လိုက်တော့ ထိုကလေးမရဲ့မျက်နှာက
ကြောက်ရွံ့မှု့ကြောင့် တုန်လှုပ်နေတဲ့ဟန်အမူအရာကိုမြင်မိသည်။

''ကဲဘုတ်ဆုံမ နင်မြင်ခဲ့တာတွေအစအဆုံးပြန်ပြောပြစမ်း''

''ဒီ ဒီလိုပါ ရွာလူကြီး သမီး ညအပေါ့သွားချင်လို့ခြံအနောက်ဘက်ကို ဆင်းလာခဲ့တယ် လရောင်လည်းရှိတော့ ဓာတ်မီးဆောင်စရာမလိုဘူးထင်ပြီးဒီအတိုင်းလာခဲ့တာ ခြံအနောက်ထဲရောက်တော့ မီးလင်းနေတဲ့အရာတစ်ခုကခြံအနောက်ထဲမှာကျနေတယ် အစကသမီးထင်တာ မီးပုံပျံအောက်ကျနေတယ်မှတ်နေတာ အဲ့ဒါသွားကောက်မယ်လုပ်တော့ အနားလည်းရောက်ရောအထက်ကို ပျံ
်တတ်သွားတာ သေချာကြည့်လိုက်တော့မှခေါင်းပြတ်ကြီးဖြစ်နေတာ
ဆံပင်ဖားလျားကြီးနဲ့သေချာပါတယ် သရဲပါရွာလူကြီး''

''ဟဲ့ဘုတ်ဆုံမ ဒါဆိုနင်တွေ့ခဲ့တာ သရဲမဟုတ်ဘူး
စုန်းဟဲ့ စုန်း နင်တို့ခြံအနောက်မှာချေးပုံတွေပဲရှိတာဆိုတော့သေချာတယ် ချေးစားစုန်းပဲ''

''ကဲကဲ ချေးစားစုန်းတွေ သရဲတွေလုပ်မနေနဲ့ကိုယ့်အိမ်ကိုယ်ပြန်ကြတော့ မနက်ဖြန်ဘုရားပွဲအတွက်ဆွမ်းချက်ရဦးမယ်''

လူစုကွဲတော့မှ မိုမို့နဲ့ကျွန်မ အပေါ်သို့ပြန်တတ်လာခဲ့သည်။

''ကဲ ချေးစားစုန်း တဲ့ယွန်းနင်ယုံလား''

''ဟဲ့နှစ်ဆယ့်တစ်ရာစုရောက်နေပြီလေ ဒါမျိုးတွေရှိနိုင်ပါဦးမလား''

ကျွန်မကမို့ကိုထိုစဉ်က သည်လိုသာပြောခဲ့သည်။

             -----------------

''ဟဲ့ ရွာဦးကျောင်းကိုဆွမ်းချိုင့်သွားပို့ရမှာ ထူးမြတ်ကမလိုက်ဘူးလား ''

''နောက်မှလိုက်လာခဲ့မယ်တဲ့ သိင်္ဂီကို အရင်တစ်ခါက
ငါတို့သွားခဲ့တဲ့ရေကန်ကိုလိုက်ပို့မလို့တဲ့''

ကျွန်မစကားကိုမို့မို့က သက်ပြင်းချလိုက်ပြီး

''နင်သူတို့နှစ်ယောက်ကိုသိပ်မလွှတ်ထားနဲ့နော်
နင်ခံစားရမှာစိုးလို့ငါပြောတာ''

''နင်ကလည်းအရမ်းစိတ်ပူတတ်တာပဲ
ဒါပေမယ့်ကျေးဇူးတင်ပါတယ် အေ''

ကျွန်မတို့လမ်းလျှောက်လာရင်းပင်မြောင်းလေးတစ်ခုနားရောက်တော့ ရေခမ်းတော့မယ့်မြောင်းလေးကို
ကျွန်မမြင်လိုက်ရသည်။

''ဟဲ့အရင်တစ်ခါတုန်းက ဒီမြောင်းထဲမှာရေတွေအများကြီးပါ ဘယ်လိုဖြစ်တာလဲ''

''ဒီနှစ်မိုးခေါင်တယ်လေ ဒါကြောင့်ရေခမ်းသွားတာ
မျက်ဖြူ ဆိုက်လေ ဆရာကြိုက်လေဆိုသည့်အတိုင်း
မြောင်းထဲကရှိတဲ့ငါးမှန်သမျှလည်း ငါးဖမ်းတဲ့လူတွေလက်ထဲရောက်ကုန်တော့တာပဲ''

ကျွန်မက တံတားပေါ်သို့လျှောက်ရင်းထိုမြောင်းစပ်မှာ ဟက်ပက်ဟက်ပက်ဖြင့်အသက်ရှု နေသောငါးရံ့တစ်ကောင်ကိုမြင်လိုက်ရသည်။

''မို့မို့ ဟိုမယ်ငါးရံ့တစ်ကောင် သနားပါတယ်ဟယ်
ဘုန်းကြီးကျောင်းထဲမှာ ဘေးမဲ့ငါးကန်ရှိတယ်မဟုတ်လား ဒီငါးကိုကယ်ပြီး အဲ့ထဲလွှတ်ပေးရအောင်''

''အေးအေး ကုသိုလ်ရတာပေါ့ နင်ဆင်းရမှာလားငါဆင်းရမှာလား နှစ်ယောက်လုံးဆင်းလို့တော့မရဘူးဘုန်းကြီးကိုဆွမ်းကပ်ရဦးမှာ''

ကျွန်မက မို့မို့ကိုလက်ကာပြလိုက်ပြီး

''နေနေ ငါပဲဆင်းလိုက်မယ် နင့်အိင်္ကျီကအကောင်းကြီးရှိသေးတယ် ငါဟာကေ ဟာင်းနေပြီငါပဲအပေခံလိုက်မယ်''

ကျွန်မသွက်သွက်လက်လက်နဲ့ပဲ မြောင်းထဲသို့ဆင်းလိုက်ပြီးအေးမြသောအာရုံက ခြေဖျားကနေခံစားသိရှိမိသည်။ရေကခြေမျက်စိလောက်တောင်မရှိတာမို ထိုသနားစရာငါးလေးအားလွယ်လွယ်နဲ့မိမည်ဟုထင်ခဲ့သည်။ သို့သော်လက်တွေ့မှာထင်သလောက်မလွယ်ကူခဲ့
ထိုငါးကိုတစ်ခါတစ်ရံလက်မှာမိသော်လည်းချောမွတ်သောသူ့ရဲ့ကိုယ်ထည်ကြောင့်လွတ်လွတ်သွား၏။
မို့မို့ကတံတားပေါ်ကနေ၍ကျွန်မအဖြစ်ကိုကြည့်ကာရယ်မောသည်။ ကျွန်မလည်း ဖမ်းရင်းဖမ်းတစ်ကိုယ်လုံးလည်းရွံတွေဗွက်တွေပေကုန်လေသည်။
နောက်ဆုံးတော့ ထိုငါးကို အမိအရကိုယ်မိပြီးမိမိလက်ကိုဆူးတောင်များမထိုးမိစေရန်အသေအချာကိုင်ကာ မို့မို့အားလှမ်းပြလိုက်သည်။

'' မို့ရေ မိပြီဟေ့ ဒီငါးက နေရပ်ကနေမစွန့်ခွာနိုင်ပုံရ ''

ကျွန်မစကားကိုဆုံးအောင်ပင်မပြောနိုင်တော့
တံတားပေါ်မှာ မို့မို့နဲ့အတူ ကျွန်မအားစူးစိုက်ကြည့်နေသောမောင့်ကိုမြင်လိုက်ရသည်။ မောင့်ရဲ့မျက်လုံးထဲမှာကျွန်မအပေါ်စိတ်ပျက်မှု့
ရွံရှာသည့်မျက်လုံးတို့ဖြင့်ကြည့်နေတာကိုကျွန်မသိသည်။
''ယွန်း မင်းမင်း တော်တော်ရွံစရာကောင်းပါလား''

မောင်ကစိတ်ဆိုးမာန်ဆိုးဖြင့်ပြောပြီးတစ်ချက်ထဲမျက်နှာလွှဲကာလှည့်ထွက်သွားသည်။

''ထူးမြတ်နေဦး လေ ယွန်းက''

''မို့မို့ရေမပြောနဲ့တော့ ငါအဆင်ပြေပါတယ်''

မို့မို့ကိုလှမ်းပိတ်ပြီးထွက်ခွာသွားတဲ့မောင့်ရဲ့ကျောပြင်ကိုကြည့်ကာကျွန်မသက်ပြင်းချမိသည်။

         --------------
''ဒီနေ့စားလို့ကောင်းလိုက်တာအေ
ဝက်သားရယ် သရက်ချဉ်ရယ် ကုလားပဲနှပ်ရယ်
ဗိုက်ကိုတင်းသွားတာပဲ ဒီနေ့လည်းအိပ်ကောင်းဦးမှာ''

ကျွန်မမို့ဘေးနားကိုတိုးပြီးဝင်အိပ်လိုက်တော့မို့က

''နင်တကယ်အဆင်ပြေရဲ့လား ဒီနေ့ထူးမြတ်က
နင့်ကိုစကားတောင်မပြောဘူး''

''တကယ်ပြေပါတယ်ဆို ကဲငါအိပ်ချင်ပြီအိပ်တော့မယ်''

တကယ်တော့ကျွန်မအဆင်မပြေပါ
မောင်ကျွန်မနဲ့မျက်လုံးချင်းစုံတိုင်း မောင့်ရဲ့မျက် ဝန်းကနေ ကျွန်မအပေါ်ရွံရှာနေသည့်စိတ်ကိုဖတ်နေရသည်။
ကျွန်မရဲ့မျက်ဝန်းတို့သည် မျက်ရည်စတို့ဖြင့်ပြည့်နေချေပြီ
ပိုဆိုးတာက ကျွန်မရှေ့မှာတင်သိင်္ဂီအပေါ်အရေးပေးလာချင်းပင် အသံမထွက်ပဲငိုရင်းအိပ်မရပဲ  သန်းခေါင်ကိုကျော်လာသည်။ထိုစဉ်ညနေကစားထားသည့်ညနေစာတန်ခိုးကြောင့်ကျွန်မရဲ့ဗိုက်ရစ်ရစ်ပြီးနာလာသည်။ မို့ကိုနိုးပြီးအိမ်သာသွားမည်ဟုစိတ်ကူးလိုက်သောလည်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော မို့ကိုကြည့်ပြီးကျွန်မ
မနှိုးရက်တော့ပဲတစ်ယောက်တည်းဆင်းလာလိုက်သည်။

ဖြာကျနေသောလရောင်ကိုကြည့်ပြီး ကျွန်မခြံအနောက်ကိုဆင်းလာခဲ့သည်။အဆင်ပြေသည့်
ခြုံပုတ်နားရောက်တော့မှကျွန်မ ကိစ္စကိုရှင်းနေစဉ်အဝေးကနေ မီးရောင်တလက်လက်ဖြင့်တောက်ပနေသောအရာက
ကျွန်မရှိရာခြံဝန်းဆီကိုဦးတည်လာတာကိုကြည့်ပြီး
ကျွန်မထိတ်လန့်သွားမိသည်။

''ဒုက္ခပဲ ဟိုတစ်နေ့ကဟိုကောင်မလေးပြောတဲ့ခေါင်းပြတ်
ကြီးလားမသိဘူး  အော်လို့မဖြစ်ဘူးငါ့ကိုကိုက်သတ်သွားမှ ဟုတ်ပေ့ဖြစ်နေမယ်''

ထိုအရာကြီးက ခြံဝန်းရှိမလှမ်းမကမ်းတစ်နေရာသို့ဖြည်းညင်းစွာဆင်းသတ်လိုက်တာကိုကျွန်မတွေ့လိုက်ရသည်။

ကျွန်မစူးစမ်းသည့်စိတ်ဖြင့်လှမ်းကြည့်လိုက်တော့
မီးရောင်တလက်လက်ကြားထဲမှာရှည်လျားသောဆံပင်ကြီးကိုတွေ့လိုက်ရသည်။

ကျွန်မစိတ်ထဲမှာကြောက်စိတ်ထက်စူးစမ်းစိတ်ကပို၍များနေသည်။ကျွန်မအသာလေးခြေဖော့ပြီးခြုံအကွယ်ကနေ ထိုခေါင်းပြတ်ကြီးရဲ့လှုပ်ရှားမှု့များကိုချောင်းကြည့်နေသည်။

''ဇွိဇွိ  ဇွိဇွိ ပလတ် ပလတ်''

အားရပါးရကိုစားနေတာပဲ ဟုတွေးမိပြီးထိုအရာကဘာတွေများ စားနေပါလိပ်ဟု
ကျွန်မကြည့်လိုက်တော့ ခြံဝန်းအတွင်းက
မစင်ပုံမှန်သမျှကို အာသာငန်းငန်းဖြင့်လိုက်လံရှာဖွေကာစားသောက်နေတာကိုမြင်ရသည်။ထိုအရာကိုကြည့်ပြီး ကျွန်မပျို့တတ်လာမိသည်။တစ်ကြိမ်မှာတော့ ထိုရွံစရာအရာကြီးရဲ့မျက်နှာကိုလှပ်ခနဲ့မြင်လိုက်ရပြီးကျွန်မစိတ်ထဲမယုံကြည်နိုင်အောင်ဖြစ်သွားမိသည်။

''ဒါ ဒါ ဘယ်လို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ''

ထိုစဉ်မှာပဲ ကင်းလှည့်လာသောကာလသားတစ်ချို့အသံကြောင့်
ထိုခေါင်းပြတ်ကြီးကစားနေတာကိုရပ်ပြီးလာရာလမ်းဆီသို့ပြန်တတ်သွားသည်။ပျံတတ်သွားတဲ့ထိုခေါင်းပြတ်ကြီးကိုကြည့်ရင်းသူ့ရဲ့ခေါင်းထက်က အရာတစ်ခုပြုတ်ကျလာတာကိုကျွန်မတွေ့လိုက်ရသည်။ထိုအရာဆီသို့လျှောက်လှမ်းပြီးကျွန်မထိုပစ္စည်းကိုအိတ်အတွင်းသို့ထိုးထည့်လိုက်သည်။ထိုညက ကျွန်မအိပ်မပျော်ခဲ့ပေ။

          -----------
''ကျွန်တော်တို့လမ်းခွဲရအောင်''

ကျွန်တော်တဲ့လားမောင်ရယ် ကျွန်မကရှေ့တွင်ရှိသော
ကော်ဖီခွက်ကို လှမ်းယူပြီး လှုပ်ရှားနေသည့်စိတ်ကိုဖုံးကွယ်ထားလိုက်သည်။

''ဘယ်လိုအကြောင်းကြောင့် လမ်းခွဲချင်ရတာလဲကိုထူးမြတ်လွန်းသာ''

သူစိမ်းမှတော့ ကျွန်မအနေနဲ့ပြန်တင်းရပေမည်။
တချို့သောမိန်းကလေးတွေလိုတရှုံ့ရှုံ့ငိုမကြွေးနေလိုပါ။

''အကြောင်းပြချက်ကို မင်းသိပါတယ်ကွာ
အသွင်တူမှအိမ်သူဖြစ်မယ်ဆိုတာမင်းသိပါတယ်
ဒီအတောတွင်းမင်းကိုပြောင်းလဲလာမလားဆိုပြီးစောင့်ကြည့်ခဲ့မေမယ့် စိတ်မကောင်းစရာပဲမင်းပြောင်းလဲမလာဘူးအေးလေအကျင့်ဆိုတာကလဲဖျောက်ရခက်တာကိုး''

ထိုစကားကိုမို့မို့ရွာကလာပြီး နှစ်ရက်အကြာမှကော်ဖီဆိုင်ထဲမှာချိန်းရင်းပြောတာဖြစ်သည်။

''ကျွန်မကြားဖူးတာတော့ တစ်စုံတစ်ယောက်အပေါ်နှစ်နှစ်ကာကာချစ်ရင်အဲ့ဒီလူရဲ့
အားနည်းချက်ကိုခွင့်လွှတ်ပေးရမှာပေါ့ အဲ့ဒီလိုမလုပ်နိုင်ဘူးလား ကိုထူးမြတ်လွန်းသာ''

''sorryပဲယွန်း မင်းညစ်ညစ်ပက်ပက်နေတာထိုင်တာကျွန်တော်လုံးဝသည်းမခံနိုင်လို့ပါ''

''ကျွန်မနားလည်ပါပြီ မောင်ဒီအတောတွင်းကျွန်မတို့ပျော်ရွှင်ခဲ့ပါတယ် ဒီမှာပဲအဆုံးသတ်ကြတာပေါ့''
ကျွန်မပြောပြီးလှည့်ထွက်လာခဲ့သည်။ထိုနေ့က
ရာသီဥတုသာယာနေပေမယ့် ကျွန်မစိတ်တွေမကျန်းမာခဲ့ပါ။
------------
''နင်တို့နှစ်ယောက်လမ်းခွဲလိုက်တာငါတော့မယုံကြည်နိုင်ဘူးအေ သူစိတ်အခန့်မသင့်လို့ဒီလိုပြောတာနေမှာပါ''

မို့မို့စကားကိုကျွန်မပြုံးလျက်နဲ့ပဲခေါင်းရမ်းပြလိုက်သည်။

''သူပြောတာလည်းမှန်တာပဲလေ အသွင်မတူရင်ဘယ်လိုလုပ်ပေါင်းဖက်လို့ရပါမလဲ''

''အရမ်းကြီးလည်းဝမ်းမနည်းပါနဲ့ အခုသူငါတို့နဲ့ဒီဆိုင်မှာချိန်းထားတယ်လေ သူစိတ်ပြန်လည်အောင်ငါပြောပေးမယ်''

ကျွန်မဒုတိယအကြိမ်ခေါင်းကိုရမ်းပြလိုက်သည်။

''ကျေးဇူးတက်ပါတယ်မို့ ဒါပေမယ့်ငါတို့နှစ်ယောက်ကိစ္စငါတို့ပဲဖြေရှင်းမယ် နင်ဝင်မပါစေချင်ဘူး''

''ဒါဆိုလည်းပြီးတာပဲအေ ဒါနဲ့သူကဘာလို့ငါတို့ကိုဒီဆိုင်မှာချိန်းရတာလဲ''

ကျွန်မက မောင်လာမည့်လမ်းကိုလှမ်းမျှော်ရင်း

''ငါသိတယ်မို့ သူအိမ်ထောင်ပြုတော့မယ်ထင်တယ်''

''ဟင်ဟုတ်လို့လား ဘယ်သူနဲ့လဲ ဟော
လာပါပြီဟုတ်မဟုတ်သူလာမှသိရတော့မှာပဲ''

မောင်ကကားပေါ်ကဆင်းဆင်းချင်း လက်ထဲမှာစာအိတ်ဖြူလေးကိုယူကာ ကျွန်မတို့ဆီသို့လျှောက်လာသည်။

''စောင့်နေတာကြာသွားပြီလား အားနာလိုက်တာဗျာ''

''မကြာသေးပါဘူး ကျွန်မတို့ကိုဘာကိစ္စနဲ့တွေ့ဖို့ပြောတာလဲ''

မောင်ကသူ့လက်ထဲမှာရှိသော စာအိတ်ကိုကျွန်မတို့ဆီတွန်းပို့ရင်း

''ငါ အိမ်ထောင်ပြုတော့မယ် ငါ့မင်္ဂလာပွဲမှာလာရောက်ချီးမြောက်ပေးဖို့ တွေ့ရအောင်ပြောတာလေ''

''ထူးမြတ်နင် မိုက်ရိုင်းလှချည်လား''

''မို့ ကါအဆင်ပြေပါတယ်''

ကျွန်မ ကမောင့်ကိုပြုံးကြည့်ပြီးမို့ကိုဟန့်တားလိုက်သည်။

''မို့အပေါ်ဗွေမယူပါနဲ့ ကိုထူးမြတ်မို့ကကျွန်မအပေါ်ခင်တွယ်လို့ဒေါသထွက်နေတာပါ ဒီမင်္ဂလာပွဲကိုကျွန်မဆက်ဆက်လာခဲ့ပါမယ် ဒါနဲ့သတို့သမီးက သိင်္ဂီမှဟုတ်ရဲ့လား''

''ဒါပေါ့ယွန်းရဲ့သူနဲ့ကိုယ်က အသွင်တူတယ်လေဒါကြောင့်ပေါင်းဖက်လို့ရတာပေါ့
ကျွန်တော်လက်ထက်ပြီးသွားတဲ့အခါ ယွန်းတို့ကိုသူငယ်ချင်းကောင်းအဖြစ်မြင်တွေ့ပါရစေ''

ပြောပြီးတာနဲ့ထထွက်သွားတဲ့မောင့်ကိုကြည့်ပြီး
မို့ကတော့ဒေါသတွေထွက်နေသည်။

''ယွန်း နင်ဒေါသမထွက်ဖူးလား နင့်ရည်းစားဟောင်းကိုယ်တိုင်ဖိတ်စာကိုင်ပြီး သူ့မင်္ဂလာပွဲကိုဖိတ်တာကိုလေ''

ကျွန်မ ကမို့ကိုကြည့်လိုက်ပြီး

''ဒီအချိန်မှာပိုပြီးတော့တည်ငြိမ်ရမယ်မို့ သူ့ရှေ့မှာ
ပူဆွေးပြလို့မဖြစ်ဘူးလေ''

မောင်သွားရာလမ်းကိုကြည့်ပြီးကျွန်မအိတ်ထဲကနေဘူးလေးတစ်ဘူးကိုထုတ်လိုက်သည်။ထိုဘူးလေးကိုဖွင့်လိုက်တော့ အစိမ်းရောင်လိပ်ပြာကလစ်လေး ယူလိုက်သည်။

''ဟဲ့အဲ့ဒီကလစ်လေးက သိင်္ဂီရဲ့ကလစ်လေးမဟုတ်လားနင့်လက်ထဲဘယ်လိုလုပ်ရောက်နေတာလဲ''

''ဟုတ်တယ်မို့
ဒီပစ္စည်းလေးကိုပိုင်ရှင့်လက်ထဲပြန်ပေးဖို့အချိန်ရောက်ပြီလေ မင်္ဂလာပွဲမှာဒါလေးလက်ဖွဲ့လိုက်ရင် သိင်္ဂီအရမ်းပျော်သွားမှာ''

ကျွန်မပြန်လည်သိမ်းဆည်းလိုက်ပြီး မောင်သွားရာလမ်းကို လှမ်းမျှော်ရင်း
စိတ်ထဲကနေရေရွတ်နေမိသည်။

''ကျွန်မကို အားနည်းချက်တစ်ခုကြောင့်စွန့်ခွာပြီး
ကျွန်မထက်သာတဲ့အမျိုးသမီးကို လက်တွဲခဲ့တာလားမောင် ကျွန်မစောင့်ကြည့်နေမှာပါ
မောင်လက်ထက်ထားတဲ့မိန်းမဟာ
ကာလအတန်ကြာတဲ့အခါ ချေးစားစုန်း ဖြစ်နေတာဖြစ်နေတာကိုမောင်သိခဲ့ရင် အသန့်အပြန့်ကြိုက်တဲ့မောင့်မျက်နှာ ဘယ်လိုဖြစ်မှာပါလဲ
ကျွန်မအရမ်းသိချင်တယ်မောင် မောင်လက်ထက်ထားတဲ့မိန်းမဟာ ချေးစားစုန်းဆိုတာဘယ်သူ့ကိုမှအသိပေးမှာမဟုတ်ပါဘူး မောင်သိလာတဲ့အချိန်ထိကျွန်မ မသိချင်ယောင်ဆောင်မှာပါ အဲ့ဒီနေ့ရောက်ဖို့ကျွန်မလက်ချိုးရင်းစောင့်နေမယ်မောင်''

ပြီးပါပြီ

သျှင်​​သွေးသုတ

Post a Comment