စုန်းမကြီး မအေးစိန်
ကံကြမ္မာဆိုသည်မှာ သူများက ပြုသည်မဟုတ်ပါ။ ကိုယ့်ကြမ္မာကို ကိုယ်ကသာ ဖန်တီးနိုင်ပါသည်။ ကောင်းမှုပြုလျှင် ကောင်းမှုအကျိုးကို ခံစားရသလို မကောင်းမှုပြုလျှင်လည်း မကောင်းမှုဒဏ်ကို ခံစားကြရစမြဲသာ ဖြစ်ပေသည်။ ဘဝဝဋ်ကြွေးဟူသည်ကား သည်အတိုင်းမနေပေ။ ပြန်လည်ပေးဆပ် ခံစားရစမြဲပင်။
လွန်ခဲ့သော နှစ်ပေါင်း(၅၀)ခန့်က သည်မြို့ ထန်းပင်ကုန်းကျေးရွာ လမ်းမပေါ်၌ အရူးမကြီးတစ်ယောက် “ အမလေး. . . အမလေး ” ဟု အော်ဟစ်ပြီး လမ်းလျှောက်နေသည်ကို သတိထားမိသူတိုင်း သိကြပေမည်။
ထိုအရူးမသည် အသက်(၄၀)ခန့်ရှိပြီး အရပ်(၅)ပေခန့်ရှိသည်။ ပိန်သည်။ အသားညိုသည်။ မျက်လုံးမှေးသည်။ သူ့ပုံစံသည် ညှိုးညှိုးနွမ်းနွမ်း ဖြစ်သည်။ လုံးပတ်(၆)လက်မခန့်၊ အရှည် တစ်ထောင်ခန့်ရှိသော တုတ်တိုကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ကျောကုန်းနောက်ဘက်သို့ အားဖြင့်ထိုးရင်းက သူ့ပါးစပ်မှ “ အမလေး. . . နာလိုက်တာ. . . ကယ်ပါဦး၊ . . . အမလေး. . . နာလိုက်တာ. . . ကယ်ကြပါဦး” ဟု တစ်နေ့လုံး တတွတ်တွတ် အော်နေရသည်ကို တွေ့ကြပါလိမ့်မည်။ ထိုသို့ပြုလုပ်အော်နေရင်းက ကားလမ်းမနံဘေး တစ်ဖာလုံခန့် ခရီးကို ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည်ကိုလည်း မြင်ကြရပါသည်။
ထိုအဖြစ်အပျက်ကို နံနက်(၇)နာရီမှ ည(၆)နာရီခန့်အထိ အမြဲနေ့စဉ် မြင်တွေ့နိုင်ပါသည်။
ကျွန်တော်သည် ထိုအရူးမကို အစက စိတ်မဝင်စားခဲ့ပါ။ သာမန်မျှသာ ထင်မြင်ခဲ့ပါသည်။ တစ်နေ့ ရုံးမှအပြန် သူငယ်ချင်း စံချိန်းတစ်ယောက် အိမ်သို့ အလည်လာသည်။ ကိုစံချိန်းက ထိုအရူးမ အကြောင်းကို ဘယ်လိုက ဘယ်ကဲ့သို့ ကြားလာသည်မသိ။
ယခု ကိုစံချိန်းက ထိုအရူးမ အကြောင်း ပြောပြတော့ ကျွန်တော့်မှာ စိတ်ဝင်စားလာပါသည်။
“ သူငယ်ချင်း၊ အဲဒီ အရူးမဟာ ရိုးရိုးအရူးမ မဟုတ်ဘူးကွ၊ အမေ့ကို ပြစ်မှားလို့၊ သူငယ်ချင်း တစ်ယောက်ကို စော်ကားလို့ ရူးသွားတဲ့ အရူးကွ။ အရူးနဲ့ သိပ်ခင်တဲ့ တစ်ခါက အိမ်နီးချင်းအဖြစ် နေခဲ့ဖူးတဲ့ မသူဇာဆိုတာသိလား ”
“ ဟာ. . ဘာလို့ မသိရမှာလဲ။ သည်မြို့ဈေးကြီးထဲက ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်သူဇာမို့လား။ ”
“ အေး. . . ဒေါ်သူဇာရဲ့ သူငယ်ချင်း ဒေါ်ခင်မျိုးငြိမ်း ဆိုတာက ငါ့အဒေါ်ပဲ။ တစ်နေ့က ငါ့အဒေါ် ပြောပြမှ ငါလည်း အရူးမ အကြောင်း အကုန်သိရတယ်။ မယုံရင် မင်းလိုက်ခဲ့။ ငါတို့ သွားမေးမယ်။ ”
ကျွန်တော်လည်း အရူးမ အကြောင်း စိတ်ဝင်စားမိ၍ ကိုစံချိန်းခေါ်ရာ ကြို့ကုန်းရှိ သူ့အဒေါ် အိမ်သို့ရောက်သွားသည်။ သူ့အဒေါ် ဒေါ်ခင်မျိုးငြိမ်းက ထိုအရူးမ အကြောင်းကို ဇာတ်လမ်း အစအဆုံး ပြောပြလေသည်။
၁၉၆၀-ခုနှစ်၊ မတ်လ။ မအေးစိန်နှင့် မသူဇာတို့မှာ အိမ်နီးချင်းများ ဖြစ်ကြသည်။ မအေးစိန်တွင် ညီမနှစ်ယောက်ရှိသည်။ မအေးစိန်က အကြီးဆုံး။ မအေးစိန်တို့ရွာက မအူပင်မြို့နှင့် သုံးမိုင်ဝေးသည်။ ထန်းပင်ကုန်းရွာ၊ ရွာသူရွာသား အားလုံးနီးပါး လယ်ယာစိုက်ပျိုးခြင်းနှင့်သာ အသက်မွေးကြသည်။ အချို့မှာ မိမိခြံဝင်းထဲတွင် ဟင်းသီးဟင်းရွက်၊ ပန်းပင်များ တစ်နိုင်တပိုင် စိုက်ပျိုး၍ မအူပင်ဈေးထဲတွင် သွားရောက်ရောင်းချကြသည်။
မအေးစိန် အသက်(၂၀) အရွယ်တွင် သူတို့ရွာသား ကိုအောင်မြင့်ဆိုသူနှင့် အိမ်ထောင်ကျသည်။ အိမ်ထောင်ကျပြီး (၂)နှစ်အကြာ မအေးစိန်ဖခင် ဆုံးသည်နှင့် အမွေခွဲဖို့ မအေးစိန် ကြံစည်သည်။ သုံးပင်၊ လေးခန်းအိမ်ကြီးကို လွဲကြီးနှင့် နှစ်ခြမ်းခွဲကာ တစ်ခြမ်းကို သူယူသည်။ မိခင်ဖြစ်သူနှင့် ညီမနှစ်ယောက်က တားဆီးသော်လည်း မရ။ မိခင်ဖြစ်သူမှာ မျက်ရည်ကျကာ စိတ်မကောင်းဖြစ်ရသည်။ မအေးစိန် ခင်ပွန်း ကိုအောင်မြင့်မှာ လည်း အလိုတူ၊ အလိုပါ။ ခွဲခြမ်းပြီးသော အိမ်တစ်ခြမ်းကိုလည်း ဝေးဝေးသို့ သယ်ဆောင်သွားသည်လည်း မဟုတ်ပါ။ မအေးစိန် မိခင်၏ ခြံကွက် (ပေတစ်ရာပတ်လည်) ကိုခေါါင်းရင်းသို့ ယူဆောင်သွားကာ သူတို့ဇနီးမောင်နှံ နေထိုင်ကြခြင်းပင် ဖြစ်ပါသည်။
သူတို့ရွာသို့ နေ့စဉ် အကြော်စုံ လာရောင်းသော အဖွားကြီး တစ်ဦးရှိပါသည်။ ထိုအဖွားကြီးပုံစံမှာ နဖူးမောက်မောက်၊ နှာယောင်ကောက်ကောက် အသားညိုညိုနှင့် ဥပဓိရုပ်ဆိုးပါသည်။ ထိုအဖွားကြီးကို ပညာသည်ဟု ဆိုကြသည်။ ထိုအဖွားကြီးကို အများစုက အရောမဝင်သော်လည်း မအေးစိန်က ခင်မင်သည်။ နေ့စဉ် အကြော်စုံဝယ်သည်။ ပိုက်ဆံမရှိသည့်နေ့များတွင် အဖွားကြီးက အကြော်ဖိုးပိုက်ဆံမယူ၊ အလကားပေးသည်။ ကျွေးသည်။
မအေးစိန်ကလည်း ထိုအဖွားကြီးကို အိမ်မှာရှိသည့် အဝတ်ဟောင်းများပေးသည်။ စားစရာများကျွေးသည်။
မိခင်၊ ညီမများနှင့် သူငယ်ချင်းဖြစ်သူ မသူဇာတို့က ထိုအကြော်စုံရောင်းသော အဖွာကြီးကို အရောမဝင်ဖို့ အပေါင်းအသင်းမလုပ်ဖို့ အစဦးကတည်းက ပြောထားသော်လည်း မအေးစိန် နားမဝင်ခဲ့။ တစ်နေ့ အဖွားကြီးက သူတစ်ရပ်တစ်ရွာသို့ ပြောင်းသွားတော့မည်ဖြစ်၍ လာရောက် နှုတ်ဆက်ခြင်းဖြစ်ကြောင်း သမီးကိုချစ်လို့ “ အမေ့ပညာ ” ပေးခဲ့ကြောင်း အမေ့ကို စိတ်မဆိုးပါနဲ့ ဟုဆိုကာ နှုတ်ဆက် ထွက်ခွာသွားခဲ့သည်။ နောက်နေ့များမှာလည်း ပေါ်မလာတော့။
မအေးစိန် စိတ်ဆင်းရဲရလေပြီ။ သူ စမ်းသပ်ကြည့်သည်။ ဟုတ်ပါပြီ။ သူ ‘ ပညာသည် ’ (စုန်းကဝေ) ဖြစ်နေလေပြီ။
ရွာသူရွာသားများကလည်း အကဲခတ်မိလေပြီ။ မအေးစိန်နှင့် ဆက်ဆံမှုများ ကျဲပါးလာသည်။ နည်းပါးလာသည်။ ရွာသူရွာသားများက ကိုအောင်မြင့်ကို “ နင့်မိန်းမ၊ စုန်းမဖြစ်နေပြီ ” ဟု ပြောသော်လည်း ကိုအောင်မြင့် မယုံကြည်ခဲ့။
ရွာတွင် အလှူအတန်း၊ ရပ်ရေးရွာရေး အလုပ်လုပ်စရာရှိလျှင် ဝိုင်းလုပ်၊ ဝိုင်းစား၊ လုပ်လေ့ရှိသည်မှာ သဘာဝ၊ သည်နေ့ ကိုအောင်မြင့် မအေးစိန်တို့အိမ် ဓနိအသစ်မိုးမည် ဖြစ်သဖြင့် ဓနိဟောင်းများကို ခွာချပြီးနေပြီ။ ဝါးအဟောင်းများကိုလည်း အသစ်နှင့် လဲလှယ်ပြီးသွားပြီး။ ဓနိအသစ်များကိုလည်း စတင်မိုးဖို့ ပြင်ဆင်နေပြီ။
“ အချိန်ကား နံနက်(၉)နာရီ။ အိမ်ခေါင်းမိုးပေါ်တွင် ကိုအောင်မြင့်၊ သူ့သူငယ်ချင်း ကိုတင်မြင့်၊ ကိုစိုးနိုင်တို့မှာ ဓနိပျစ်နှင့်နှီးကို သုံးကာ အိမ်မိုးသူများ၊ ကိုဇော်မိုးက အိမ်ခေါင်မိုး အောက်မှနေ၍ ထိုပျစ်များပေးရသူ။ ”
အိမ်နောက်ဘက် ရေကပြင်ပေါ်ရှိ ဒန်ဇလုံကြီး တစ်ခုထဲတွင် ရေတစ်ဝက်ခန့် ထည့်ထားသည်။ ခဏကြာတော့ မအေးစိန်တစ်ယောက် ရေဇလုံနား ငုတ်တုတ်ထိုင်ချကာ ချောင်းဟပ်ထုတ်နေသည်။ (၅)ခါခန့် ရှိပြီ။ မကြာပါ။ ဇလုံထဲရှိရေထဲတွင် ငါးကျည်း ခပ်ရွယ်ရွယ် အကောင်နှစ်ဆယ်ခန့် ပြေးလွှားနေသည်ကို အိမ်ခေါင်းမိုးပေါ်မှ ကိုစံချိန်းနှင့် ကိုစိုးနိုင်တို့ တွေ့လိုက်ရသည်။
ဒုတိယပိုင်း
စုန်းမကြီး မအေးစိန် (ဒုတိယပိုင်း)
ဒုတိယပိုင်း
ချက်ခြင်းဆိုသလို အိမ်ခေါင်မိုးပေါ်မှ ဆင်းကာ မအေးစိန်ထံသို့ သွားရောက်၍ “မင်း ဘာတွေလုပ်နေတာလဲ၊ သူများတွေပြောတုန်းက ငါမယုံခဲဘူး။ အခုတော့ ငါကိုယ်တိုင် လက်တွေ့မြင်ရပြီ မင်းဘာပြောချင်သေးလဲ” ဟုမေးသည်။
“ ရှင့် သူငယ်ချင်းတွေကို နေ့လည်စာကျွေးဖို့ ဈေးမသွားဖြစ်တာနဲ့ သည်လိုလုပ်မိတာပါရှင်” ဟု မအေးစိန်ကဖြေသည်။ “လုပ်ဦး… လုပ်ဦး… လုပ်ချင်ဦး” ဟုဆိုကာ ကိုအောင်မြင့်မှာ နီးရာ ဝါးတုတ်နှင့် မအေးစိန်ကို ရိုက်နှက်ပါတော့သည်။ ကိုတင်မြင့်၊ ကိုဇော်ဝင်း၊ ကိုစိုးနိုင်တို့ ဝင်ရောက်၍ ဖြန်ဖြေသော်လည်း မရ။ နောက် ၂ရက်အကြာတွင် မအေးစိန်ထံပါး၌ ကိုအောင်မြင့်ကို မတွေ့ရတော့။ ကိုအောင်မြင့်တယောက် မအေးစိန်ကို ထားခံလေပြီ၊ တော်သေး၏။ မအေးစိန်တွင် သားသမီး လုံးဝမရှိ။
လင်စွန့်ပစ်ခြင်းခံရသော မအေးစိန်တစ်ယောက် ခွေးမြီးကောင်၊ ကျည်တောက်စွပ်ပဲပင်၊ ထိုအချိန်တွင် မအေးစိန်မိခင် ဘဝတပါးသို့ ပြောင်းရွေ့သွားသည်မှာ (၅)နှစ်ကြာခဲ့ပြီ။ ညီအစ်မနှစ်ယောက်မှာလည်း သူတို့ အမွေ(မြေတစ်ခြမ်းနှင့် အိမ်) ကို ရောင်းချကာ တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့သွားကြပြီ။
ရပ်ရွာလူကြီးများနှင့် သူငယ်ချင်း မသူဇာတို့က မအေးစိန်ကို ဖျောင်းဖျသည်။ သူပညာရပ်(တိမ်စားစုန်းဘဝ) ကိုစွန့်ဖို့၊ ဆက်ပြီး အခြားသူများကို ဒုက္ခမပေးဖို့ ပြောကြသည်။ ဟုတ်ကဲ့ ဒုက္ခမပေးတော့ပါဘူးဟု မအေးစိန်က ကတိပေးသည်။
မကြာပါ။ နောက်ထပ်၂လ အကြာတွင် မသူဇာ၏သား (သားဦး) ကို ဒုက္ခပေးတော့သည်။ ညဘက်သန်းခေါင်ယံမှာ ဇီးကွက်များ တအားအော်သဖြင့် စိတ်ထဲ စနိုးစနှောင့်ဖြစ်ပြီး ထကြည့်တော့ သားလေးကဆုံးပြီ။ ဘာသံမှ မကြားလိုက်ရဘဲ ဆုံးသွားခြင်းပင်။ ကလေးကို သေသေချာချာလှန် လွန်ခဲ့သော နှစ်ပါတ်က မအေးစိန်တစ်ယောက် မသူဇာတို့အိမ် လာလည်ရင်း မသူဇာ၏ သားလေးကို ချီရင်းမှ သူပြောသော စကားကို သတိရမိတော့သည်။ ကလေးမှာ တစ်လသာရှိသေးသည်။
“ညည်းသားလေးက ဖြူဖြူဖွေးဖွေးနဲ့ တစ်ပွေ့တပိုက်ကြီး သိပ်ချစ်ဖို့ကောင်းတာပဲဟယ်”
သည်တော့မှ မသူဇာ သတိရတော့သည်။ သွေးရိုးသားရိုးမဟုတ် ယုတ်မာသူပင်၊ ပယောဂပင်၊ သူတို့ “ပညာသည်” တွေမှာ မုန်းရင်လည်း ပြုစားတတ်သလို ချစ်ရင်လည်း ပြုစားတတ်သည်ဟု ကြားဖူးခဲ့သည်မှာ မှန်လေပြီ။
အခုတော့ ကိုယ်ကျိုးနည်းရပါလေပြီ။ မသူဇာ၏ ခင်ပွန်းကိုသန်းအောင်က ချက်ချင်းဆိုသလိုပင် မအေးစိန်ကို သွားသတ်မည်ဟု ဓါးဆွဲ၊ တုတ်ဆွဲ၊ လုပ်နေ၍ မနည်းဖျောင်းဖျ ပြောဆိုထားရသည်။ မအေးစိန်တစ်ယောက် လုပ်ရက်လေခြင်းဟု တွေးမိကာ မသူဇာမှာ တလိပ်လိပ် တက်လာသော ဒေါသကို မနည်းထိန်းနေရသည်။
နောက်တစ်နေ့တွင် ကိုသန်းအောင်တစ်ယောက် သူတို့ရွာနှင့် ဆယ်မိုင်ခန့်ဝေးသော ထန်းသုံးပင်ရွာက ဗိန္ဓောဆရာကြီးဦးမျိုးချစ်ထံ သွားရောက်ကာ အကျိုးအကြောင်း ပြောပြတော့ ဆရာကြီးက ရန်ကိုရန်ချင်း မတုံ့ပြန့်ဖို့ မေတ္တာသာထားဖို့ ပြောဆိုခဲ့သည်။
ဒီကိစ္စဖြစ်ပျက်ပြီးနောက် သုံးလခန့်ကြပါသည်။ မအေးစိန်ကျောကုန်းထဲက တဆစ်ဆစ်နဲ့ နာကျင်လာသည်။ ကိုက်ခဲလာသည်။ တစ်ခုထူးဆန်းသည်မှာ နံနက် ခုနှစ်နာရီခန်တွင် ကျောကုန်းထဲက နာကျင်ကိုက်ခဲလာသည်မှာ ညနေ ခြောက်နာရီခန့်တွင် အလိုအလျောက် ပျောက်ကင်းသွားသည်။ ညဘက်လုံးဝ ပြန်မဖြစ်။ ညဘက်ကောင်းကောင်း အိပ်ရ၍ တော်သေးသည်။ နေ့ခံ ညစံရသည့်ဘဝ၊ နံနက်ခုနှစ်နာရီခန့် ရောက်သည်နှင့် ဝဋ်ငရဲက စတော့သည်။ ထိုရောဂါကို အင်္ဂလိပ်ဆေး၊ မြန်မာဆေး အမျိုးမျိုးနှင့် ကုသော်လည်း မပျောက်။ နောက်ဆုံး မအေးစိန်တစ်ယောက် ဆရာကြီး ဦးမျိုးချစ်ထံ ရောက်လာသည်။
ညည်းဟာ သူတစ်ပါးအသက် မသတ်တော့ပါဘူးလို့ သစ္စာဆိုထားပြီး ဘာကြောင့် သစ္စာဖောက်ရသလဲ၊ ဒါဟာ သစ္စာစူးတာ”
“ကျွန်မ တမင်သက်သက် လုပ်တာ မဟုတ်ပါဘူး၊ ကျီစားရင်း လက်လွန်သွားတာပါ”
“အေး …နောက်ကို ကျီစယ်သမှုလည်း မပြုနဲ့။ ညည်းအသက်(၃၀)ရှိလာပြီ ဆင်ခြင်မှပေါ့။ ညည်းရောဂါကို အတတ်နိုင်ဆုံး ပျောက်အောင်ကုပေးမယ်။ ဒါပေမယ့် သီလလုံရမယ်၊ တစ်သက်လုံး သူတစ်ပါးအသက် မသတ်ရဘူး၊ အို… နောက်ဆုံး ကုန်ကုန်ပြောမယ်။ ခြင်ယင်ကအစ မသတ်ရဘူး၊ နားလည်လား၊ အဲဒါကို တစ်သက်လုံး ထိန်းနိုင်ရင် ညည်းရောဂါပျောက်မယ်၊ ဟုတ်ပြီလား”
“ဟုတ်ကဲ့… ကျွန်မ ဆရာကြီးစကားကို နားထောင်ပါ့မယ်”
Xxxxxxxx
မအေးစိန် သီလ မလုံပါ။ ဆရာကြီး ဦးမျိုးချစ် စကားကို နားမထောင်ခဲ့ပါချေ။ တဖြည်းဖြည်းနှင့် တစ်ယောက်တည်း စကားပြောနေတတ်လာသည်။ အချိန်ကြသည်နှင့် အမျှ အရူးကဲ့သို့ ဖြစ်လာသည်။
“အမလေး … နာလိုက်တာ၊ ကယ်ပါဦး…”
“အမလေး နာလိုက်တာ၊ ကယ်ကြပါဦး…”
ဟု တစ်နေ့လုံး တတွတ်တွတ် အော်နေရတော့သည်။
လက်နှစ်ဖက်ကလည်း အရှည်တစ်တောင်ခန့်၊ လုံးပတ်ခြောက်လက်မခန့် တုတ်တိုကိုကိုင်ကာ ပခုံးနောက်ဘက်၊ ကျောကုန်း နောက်ဘက်သို့ ဖိုထိုး ထိုးနေရတော့သည်။ ထိုသို့ ပြုလုပ်အော်နေရင်းက ရွာအနီးရှိ မော်တော်ကားလမ်းနဘေး တစ်ဖာလုံခန့် ခရီးကို နေပူမိုးရွာ မရှောင် ခေါက်တုန့် ခေါက်ပြန် လျောက်နေရသည့် မအေးစိန်ကို လူတိုင်း နေ့စဉ်တွေ့မြင် နေရပါသည်။
ကြာလာသောအခါ မအေးစိန်ကို ကလေးများက အရူးမကြီး၊ တုတ်ထိုးမကြီးဟုပင် ခေါ်ဝေါ်လာကြပါသည်။ သြော်… ဘဝဝဋ်ကြွေးကား ကြောက်စရာကောင်းလှပါတကား။
နောက်ပိုင်း တုတ်ထိုးမကြီး မအေးစိန်၏ သူငယ်ချင်း မသူဇာတစ်ယောက် ထန်းပင်ကုန်းရွာမှ အပြီးအပိုင် ပြောင်းရွေ့ကာ မအူပင်ဈေးကြီးထဲတွင် ဈေးရောင်းသည်။ စိတ်ထား ကောင်းခြင်း၊ ဈေးသက်သာခြင်းတို့ကြောင့် အဆင်ပြေလာသည်။ ငါးနှစ်အတွင်းတွင် ခင်ပွန်းဖြစ်သူ ကိုသန်းအောင်နှင့် အတူ ဒိုးတူဘောက်ဖက် ကြိုးစားသဖြင့် ကုန်စုံဆိုင်ကြီး ပိုင်ဆိုင်လာခဲ့သည်။
အစိုးရတာဝန်နှင့် မအူပင်မြို့တွင် နှစ်နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့သော ဒေါ်ခင်မျိုးညိမ်းမှာ ဒေါ်သူဇာနှင့် အတော်ပင် ရင်းနှီးခင်မင်ခဲ့သည်။
နောက်ပိုင်း ဒေါ်ခင်မျိုးငြိမ်း ရန်ကုန်သို့ ပြန်ပြောင်းခွင့်ရခဲ့သည်။ သူ့အစ်ကိုရှိရာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်ကွက်တွင် နေထိုင်သည်မှာ သုံးနှစ်ခန့် ကြာမြင့်လေပြီ။ အသက် ၇၅ နှစ်ရှိခဲ့ပြီ။ အပျိုကြီး တစ်ကိုယ်တည်းဘဝနှင့် ဓမ္မဝါဒီ ဘုန်းတော်ကြီးကျောင်းတွင် ထာဝရယောဂီ ဖြစ်နေလေပြီ။
“ အဲဒါပါပဲ … ဒေါ်အေးစိန် အသက် ၆၀ လောက်မှာ ဆုံးသွားတယ်။ သေတဲ့အထိ သူ့ရောဂါက မပျောက်ဘဲ အဲသလိုပဲ နေသွားရတယ်။”
ဒေါ်ခင်မျိုးငြိမ်း ပြောပြသော ဇာတ်လမ်းမှာ ဤတွင်ပြီး လေပြီ။ သို့သော် ကျွန်တော့်စိတ်ထဲ အတွေးမျှင်များကား ပျံ့လွင့်နေဆဲ။
ကံကြမ္မာဆိုသည်မှာ သူများက ပြုလုပ်သည်မဟုတ်ပေ။ ကိုယ့် ကံကြမ္မာကို ကိုယ်ကသာ ဖန်တီးနေခြင်းပင်။ ကောင်းမှုပြုလုပ်လျှင် ကောင်းမှုအကျိုးကို ခံစားရသလို၊ မကောင်းမှုပြုလျှင်လည်း မကောင်းမှုဒဏ်ကို ခံကြရစမြဲသာ မဟုတ်ပါလော။
ပြီးပါပြီ
Written by သက်လှိုင်မျိုး (စက်မှုတက္ကသိုလ်)
သင်္ချိုင်းမြေ နှင့် တယ်လီဖုန်းတစ္ဆေ စာအုပ်မှ ကူးယူဖော်ပြသည်
Post a Comment