ဆရာသက်နှင့် နှစ်တစ်ရာသရဲ အစွဲ
************************
ဇာတ်သိမ်းပိုင်း
ထို့နောက် ဆရာသက်က ဆက်လက်မေးစစ်ဆေးရလေ
သည် ။ အစွဲရှင်က မနိုင်၍သာ ပြန် ဖြေနေရခြင်းဖြစ်ပြီး အတော်ဒေါသထွက်နေကြောင်း ဆရာသက် နားလည်ပါသည် ။
"ကိုင်းဗျာ...အဲဒါတွေက ဆရာတို့ဘက် မှားတာလည်း
ပါ ပါတယ်...ဆရာအနေဖြင့် အသင့်ကို အေးအေးဆေးဆေး မေးပါရစေ...အသင်ဘယ်သူလဲ...ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ...
အမှန်အတိုင်းဖြေစမ်းဗျာ..."
"ကျုပ်က သရဲ...ကျုပ်သက်တမ်းက နှစ်တစ်ရာကျော်နေပြီ
...ကျုပ်က သရဲဆိုပေမယ့် ကျုပ်ဘာသာကျုပ် အေးအေးဆေး
ဆေးနေနေတာ...ကျုပ်အပိုင်စားရထားတဲ့ သစ်ပင်မှာ ကျုပ်
လက်အောက်ငယ်သားတွေ အများကြီးပဲဗျ......တောက်....
ဒီကောင်ကွာ...ကျုပ်တို့ကို လာပြီး စော်ကားတယ်...ပြီးတော့
စိမ်ခေါ်နေသေးတယ်....ကျုပ် ဒီကောင်ကို သတ်ချင်တယ်....ဟင်း.....သတ်ချင်တယ်....ဟင်း...."
သရဲအစွဲက ပြောရင်းဆိုရင်း တဟင်းဟင်းနဲ့ ဒေါသထွက်
၊ အံကြိတ် ၊ တောက်ခေါက်၍ သက်ပြင်း တဟင်းဟင်း ဖြစ်လာလေသည် ။ ဆရာသက်လည်း အခြေအနေအရ အတတ်
နိုင်ဆုံး လေသံလျှော့၍ ပြောဆိုရမည်ဖြစ်ကြောင်း နားလည်
လေသည် ။
အမှန်တော့ ချုပ် တုပ်ပြီး အတင်းမေးစစ်ဆေး ၊ မဖြေပါလျှင်
နှိပ်စက်၍ အတင်းဖြေခိုင်းလို့ မရသလား...ဟု မေးလာလျှင်
ရနိုင်ပါသည်ဟု ဖြေရပေမည် ။ များသောအားဖြင့် ပယောဂ
ဆရာများသည် ရှေးခေတ်ပယောဂဆရာကြီးများထားခဲ့
သော ကုသပုံကုသနည်းကို ကျော်လွန်ကာ အစွဲမှန်သမျှ မိစ္ဆာ
ဟု အရိုးစွဲအောင် သဘောထားပြီး နှိပ်စက်မှ ရမည်ဟု အသိ
တရား ပုံသေထားလေ့ရှိကြပါသည် ။ ထိုအခါ ကုသရေးအပိုင်းတွင် ရောဂါဝေဒနာသယ်အား ဝေဒနာပျောက်အောင် ကုသ
ရမည့်အစား ဆရာတွေရဲ့ပညာပြပွဲ ၊ နှိပ်စက်ပွဲကြီးဖြစ်လာပြီး
သူတော်ကောင်းများ စိတ်နှလုံး မသာယာစရာဖြစ်လာရလေ
သည် ။
ဤ၌ မေးစရာရှိပါသည် ။ မြတ်စွာဘုရားရှင် နန္ဒောပနန္ဒနဂါး
မင်းအား ကယ်ချွတ်ခန်းကို ဘယ်လိုပြောမည်နည်း ။မဆိုင်ပါ။မြတ်စွာဘုရားရှင်တို့မည်သည် သတ္တဝါများကို ကယ်ချွတ်ရာ
တွင် မည်သည့်ပုဂ္ဂိုလ်သတ္တဝါမျိုးကို မည်သို့ဟောပြောပြသမှ
အကျွတ်တရား ရနိုင်သည်ကို သိနိုင်သည့် ဉာဏ်တော်များ ၊
ထိုသို့ဆုံးမသဖြင့် အနာဂတ်တွင် ရရှိနိုင်သည့် အကျိုးတရား များကို အသေအချာသိနေသဖြင့် ထိုသို့ဆုံးမ ရခြင်းဖြစ်၏ ။
ပုဂ္ဂိုလ်သတ္တဝါတိုင်း မဟုတ် ။ အကျွတ်တရား ရနိုင်သည့်
ပုဂ္ဂိုလ်သတ္တဝါများကိုသာ ထိုကဲ့သို့ ကယ်ချွတ်ရခြင်း ဖြစ်၏ ။
မိမိမှာကား သာမန်ခရီးသွားတစ်ဦးဖြစ်နေသဖြင့် မနှိုင်းယှဉ်
ကောင်းသည်သာလျှင်တည်း ။
ရှေးခေတ်ဆရာကြီးများသည် မိမိ၏တပည့်များကို
ပယောဂပညာသင်ကြားပေးတော့မည်ဆိုလျှင် နှစ်နဲ့ချီ ၊လနှင့် ချီ ၍ ဆရာဆေးကုသရာနောက်သို့ ကောက်ကောက်ပါ
အောင်လိုက်ခိုင်း၍ ဆရာကုသနေသည်ကို ကြည့်ရှုသင်ယူ
ခိုင်းခြင်း ၊ ဘယ်အစွဲကို ဘယ်လိုကု ၊ ဘယ်လို နှုတ်မိန့်ပေးရ
မည် စသည်ကို အသေအချာစနစ်တကျ သင်ပြပေးလေသည်။
အစွဲက အလွယ်တကူကုလို့ရမည်ဆိုလျှင် ဆရက "တပည့်
ရေ...မင်းရဲ့ ကုသရေ့း ပါရမီစွမ်းရေကို ကြည့်ချင်တယ် "ဟုဆို
ကာ ဆရာက ကုသခိုင်းမှ ကုသရပါသည် ။ ထိုသို့ အနစ်နာခံ၍ ဇွဲ လုံ့လ ဝီရီယများဖြင့် ဆရာနောက် လိုက်ဖန်များ သဖြင့် ကုသပုံကျွမ်းကျင်လာကာ ဆရာဖြစ်သူက "မင်း ဘာသာ မင်း ကုသလို့ရပြီ "ဟု ခွင့်ပေးမှ ကိုယ်ပိုင် ဆရာတစ်ဆူအဖြစ်ခံယူကာ ကုသပေးရတော့လေသည်။ ဆရာ
ဆိုသည့် ဘွဲ့ထူး ဂုဏ်ထူးကို အလွယ်တကူ တပ်ကြသည်
မဟုတ်ပါ ။
ထိုအခါ မေတ္တာ ၊ စေတနာ စစ်မှန်နေသဖြင့် လုပ်ပုံ ကိုင်ပုံမှန်ကန်ပြီး သူတော်ကောင်းများယုံကြည်မှုအပြည့်အဝ ရရှိကြလေသည် ။ ယခုအခါ ထိုသို့သော ဆရာတပည့်မျိုးသည် ဒဏ္ဍာ
ရီသဖွယ်သာ ကျန်ရစ်တော့သည်ဟု ဆိုရမလိုဖြစ်လေပြီ ။
တစ်ခါ မလိုအပ်ပဲ ချုပ်ခြင်း တုပ်ခြင်း မလုပ်ရ ၊ သာမန်
အပူးအကပ်ကိစ္စတွင် ရေမန်းလောက်ရလျှင် ရေမန်းလောက်သာထုတ်ရမည် ၊ ထင်တိုင်း ချုပ်တုပ်၍ နှိပ်စက်၍ မလုပ်ရ ၊
အပင်း အတိုက်စသည်များကို သင့်လျော်သလို ကု၍ ၊ အငြိုး
ကြီးကြီးဖြင့် ကလဲ့စားချေခြင်း ၊ နောက်တစ်ဖန် ဒုက္ခပေးရန်
အကြောင်းရှိနေခြင်း စသည်ကိုတော့ ဆိုင်ရာပိုင်ရာ ကြိုးပိုင်
ကြိမ်ပိုင် ဆင်ပိုင်များဖြင့် ထားရှိပေးကြောင်း တွေ့ရှိရပေမည် ။
ထိုသို့ နှိပ်စက်သဖြင့် ဘာဖြစ်သနည်း ဆိုလျှင်...
ပယောဂအလုပ်ဖြင့် နေတဲ့သူကို အသာထားဦး ။ ထွက်ရပ်
လမ်း လိုက်လျှင်တော့
မိမိထွက်ရပ်လမ်းတွင် အငြိုးတကြီး လိုက်လံကလဲ့စားချေ
ခံရတတ်၏ ။ ထွက်ရပ်လမ်းကျင့်ပြီဟေ့ ဆိုလျှင် သရဲတစ္ဆေ၊
စုန်းကဝေ မှစ၍ ဇော်ဂနီ ဇော်ဂနက်ကဲ့သို့သော အောက်ပုဂ္ဂိုလ်ကြီးများ ၊ လက်ဝဲပညာရှင်များ အပြင် မျိုးစုံ အတိုက်အခိုက် အနှောင့်အယှက်များ လာကြမည်သာဖြစ်၏ ။ ထုံကူး
ကျင့်စဉ်ကျင့်လျှင် ပို၍ ကြီးမားသော အတိုက်အခိုက်များ လာ
ကြမည်သာ ဖြစ်၏ ။
အငြိုးမရှိသော ပုဂ္ဂိုလ်များကို သာမန်လောက်သာ နှောင့်
ယှက်ကြပြီး အငြိုးရှိသည့် ပုဂ္ဂိုလ်များကိုတော့ အခွင့်သင့်လျှင်
သင့်သလို အသေဆော်ကြလေသည် ။ သေလွန်သွားခဲ့သော
ပုဂ္ဂိုလ်များလည်း မရေတွက်နိုင်တော့ချေ ။ ထို့ကြောင့် သတိ
ထားမိသော သူတော်ကောင်းများက နိုင်တိုင်း မနှိပ်စက်ရ ၊
ထင်တိုင်း မလုပ်ရဟု အပြင်းအထန် တားမြစ်လေ့ရှိ၏ ။
သို့သော်...လက်မခံသည့် တစ်ယူသန်ပုဂ္ဂိုလ်များက လက်
မခံနိုင်ကြပေ ။ မိစ္ဆာကို ညှာလို့မရဘူး...ဟု အသေဆွဲကိုင်
ထားကြလေသည် ။ မိမိသစ္စာတည်၍ ပညာမပျက်သေးသမျှ
လုပ်၍ မရသော်လည်း သစ္စာပျက်တဲ့နေ့ ဒုက္ခတွေ့သည့်နေ့
ဖြစ်ကြတော့လေသည် ။ သစ္စာပျက်၍ ဒုက္ခရောက်သည်
မဟုတ်ပဲ မိမိနှိပ်စက်ထားသည့်ပုဂ္ဂိုလ်များက ပြန်လည်ကလဲ့
စားချေ ၍ ခံရခြင်းဖြစ်၏ ။ သတိပြုဖွယ်တည်း ။
ဆရာသက်လည်း ဒေါသအမျက် ချောင်းချောင်းထွက်နေ
သော အစွဲရှင် နှစ်တစ်ရာသရဲကြီးကို လေသံဖျော့၍ ဆက်
လက်မေးမြန်း ရလေသည် ။
"အေးကွယ်...ဒါဆိုရင် ဆရာ့တပည့်တွေအစား ဆရာက
အသင်တို့ကို တောင်းပန်ပါတယ်...အသင်တို့ကို ဘယ်လို
လုပ်ပေးမှ ကျေနပ်နိုင်မလဲ...ဆရာ့ကို ပြောပါ...လုပ်ပေးသင့်
တာမှန်သမျှ လုပ်ပေးပါမယ်...အသင့်ဒေါသတွေကို ဆရာ
နားလည်ပါတယ်...ဆရာ့တပည့်ကို ခွင့်လွတ်ပေးပါ...နောက်
နောင်မနှောင့်ယှက်ဖို့ တောင်းပန်ပါရစေ..."
ထိုအခါ အစွဲရှင် ခဏခေတ္တ တွေဝေသွားလေသည် ။ပြီးမှ
"ဟင်း.....မရဘူး....မကျေနပ်နိုင်ဘူး....ကျုပ် အရမ်းစိတ်
ဆိုးတယ်....သတ်ချင်တယ်....ဒီ ကောင့်ကို သတ်ချင်တယ်...
ဟင်း....မကျေနပ်ဘူးဟေ့....မကျေနပ်ဘူး..."
ဟု ဒေါသတကြီး ပြောပြန်လေသည် ။
"ဆရာ့တပည့်အစား ဆရာတောင်းပန်ပြီးပြီပဲ... အသင်
ကျေအေးပါ...အသင်တို့ အတွက် ဆရာပြုသမျှ ကုသိုလ်တွေ
ကို အမျှ ပေးဝေပါတယ်... "
"မကျေနပ်နိုင်ဘူး.....ဒီကောင့်ကို သတ်ရမှ ကျေနပ်မယ်..
ဟင်း...ဟင်း....ဒီကောင်က ကျုပ်တို့ကို စော်ကားတယ်..."
ဘယ်လိုပြောပြော ဒေါသမလျှော့သော အစွဲရှင် သရဲကြီး
ကို ဆရာသက် စိတ်ပျက်လာစ ဖြစ်လေသည် ။ ပျားအုံကို
တုတ်နဲ့ထိုးသလို ဒေါသကြီးသော သရဲကြီးကိုမှ သွားစမိလေ
ခြင်း ဟု မိမိတပည့် မောင်စိုးကို အပြစ်တင်လိုက်ချင်သည် ။
သို့သော်...ဘာမှတော့ ထူးလာမှာ မဟုတ် ။ လောလော
ဆယ်ဆယ် အစွဲရှင်သရဲကြီးကို ဆုံးမဖို့ လိုနေပြီ ။နည်းနည်း မာန်ထန်ပြမှ ရမည်ဟု ဆရာသက်တွေးမိလေသည် ။
"ဟဲ့...ဒီလောက် တောင်းပန်တာတောင် မရတဲ့ကောင်
...မင်းကို ကြမ်းကြမ်းတမ်းတမ်း မဆုံးမချင်လို့ ပြောပေးနေ
တာ...ဒီမှာတွေ့လား...မီးစက်ရေ...ထပ်ပက်ပေးရမလား...
ဒါမှ မဟုတ် နယ်ပိုင်နတ်မင်းကြီးတွေ လက်ထဲ အပ်ရမလား "
ဟု အသံခပ်မြင့်မြင့် မေးလိုက်လေသည် ။
ထိုအခါ အစွဲရှင်က "ဂါး..."ဟု မကျေမနပ် အော်ဟစ်လေ
သည် ။ နတ်မင်းကြီးတွေ လက်ထဲအပ်လို့ကတော့ ဒဏ်ပေး
ခံရမည်မှာ သေချာသဖြင့် ထိုသို့ ခြိမ်းခြောက်မေးမြန်းရခြင်း
ဖြစ်လေသည် ။ ကုသရေးတွင် ပွဲပြင်ရသည်မှာ သည်အပိုင်း
တွင် အလွန်အရေးပါလှပါသည် ။
ဆက်လက်၍ ဆရာသက်က
"အေး...ဆရာကတော့ မင်းကို ဒုက္ခမပေးချင်ဘူးကွယ်...
ဆရာ့လူနာကိုလည်း ကယ်ရမှာဖြစ်တယ်... မကျေနပ်တဲ့
စိတ်တွေ ဖြေလျှော့လိုက်ပါ... ဆရာအနေနဲ့ အသင့်ကိုမေတ္တာ
ရပ်ခံပါတယ်...အသင်တို့ကို မည်သို့ ပြုလုပ်ပေးမှ ကျေနပ်နိုင်
မလဲဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပါ...နောက်နောင်
မနှောင့်ယှက်ဖို့ပဲ ပြောပါရစေ...ဒီလိုလုပ်ခြင်းအားဖြင့် အသင်
တို့မှာ အကုသိုလ်များလွန်းပါတယ်...စိတ်လျှော့ပါ...အတတ်
နိုင်ဆုံး စိတ်လျှော့ပါ...သည်းခံခွင့်လွတ်စိတ်လေး ထားပေးပါ
...."
ဟု အတတ်နိုင်ဆုံး ချော့မော့ ပြောဆိုရပြန်သည် ။
စိတ်မှလည်း သရဲကြီးကိုယ်ကို လွှမ်းခြုံ ၍ ရည်စူးမေတ္တာ
ပို့လွှတ်ရလေသည် ။ အစွဲရှင်သရဲကြီးသည် ဆရာသက်ကို
တစ်ချက်ကြည့်ပြီး ခေါင်းပြန်ငုံ့သွားလေသည် ။ အတန်ကြာ
ငြိမ်သက်နေပြီး နောက်ဆုံး ခေါင်းမော့လာပြီး သည်းခံခွင့်လွတ်စကား ပြောလာလေသည် ။
"ကောင်းပြီ...ဆရာ့မေတ္တာရပ်ခံတဲ့အတွက် ကျုပ် ကျေနပ်
ပေးလိုက်မယ်... ကျုပ်တို့ နေတဲ့ တောစပ်နားမှာ ကျုပ်တို့
အတွက် အမဲသားတစ်ပိဿာ ခေါစာပစ်ပေးပါ...နောက်နောင် ဒီကောင့်ကိုကျုပ်တို့နေတဲ့ တောဘက်မလာပါစေနဲ့... ဆရာ့ကို ဒါပဲ တောင်းဆိုချင်တယ်... "
"အေး...မင်းတောင်းဆိုတာတွေ အမြန်ဆုံး ဆောင်ရွက်
ပေးပါလိမ့်မယ်...နောက်နောင် မနှောင့်ယှက်ပါဘူးလို့ သစ္စာဆိုပြီးသစ္စာရေသောက်ရမယ်...အဲဒါမှ နှစ်ဦးနှစ်ဘက် ပြေလည်လိမ့်မယ်..."
"မလိုဘူးဆရာ...ကျုပ်တို့က မကောင်းဆိုးဝါးဆိုပေမယ့်
သစ္စာရှိတယ်...ကျုပ်အောက်က အကောင်တွေက ကျုပ်သစ္စာ
ရှိလို့ လေးစားကြတာ...ကျုပ်တောင်းဆိုထားတဲ့ အချက်နှစ်
ချက်သာ ပြု လုပ်ပေး...ကျုပ်တို့ကြောင့် ဆရာ့တပည့် နောက်
ထပ် ဒုက္ခမရောက်စေရဘူး..."
"အေး...မင်းကို ယုံပါတယ်...သို့သော်...သစ္စာရေတော့
သောက်သွားပါ...ဒါမှ မြဲရာသံပတ်ဖြစ်သွားလိမ့်မယ်....."
ထို့နောက် ဆရာသက်က နှစ်တစ်ရာသရဲကြီးကို သစ္စာ
ရေတိုက်ပြီး ဒူးအောက်လဘက်ရည်ပန်ကန်ကို ပြန်လှန်ကာ ပြန်လွတ်လိုက်လေသည် ။
*****
ဆရာသက် ပယောဂကုသပေးပြီးသည့်အချိန်တွင် နေဝင်
မိုးချုပ်လေပြီ ။ သရဲကြီးထွက်သွားမှ တပည့်မောင်စိုးလည်း
ခန္ဓာကိုယ် မောပန်းစွာ ကျန်ရစ်ခဲ့လေသည် ။ ဆရာသက်ကို
လည်း အခုမှ မြင်ဘူးသလို ကြည့်နေလေသည် ။
"ကဲ...တပည့်...မင်းကိုပဲ ပြောစရာကျန်တော့တယ်...အခု
ဆရာပြောမယ့်စကားကို အသေအချာ နားထောင်ပါ... နားမထောင်လို့ကတော့ ဒုက္ခရောက်ရင် ဆရာလည်း မကယ်နိုင်တော့ဘူး..."
"ဟုတ်ကဲ့ပါဆရာ..."
ထိုသို့ ပြောပြီး သရဲကြီးပြောသွားသော ကတိစကားများကို
ပြန်ပြောပြရလေသည် ။ လိုက်နာဖို့လည်း တိုက်တွန်းရလေ
သည် ။ ပြီးမှ
"အခု...မင်း မသေတာ ကံကောင်းတယ်ဆိုတာ သိရဲ့
လား...ဟိုအကောင်က မင်းကို သတ်မလို့ လုပ်နေတာ..."
"ဟို ... သရဲကြီးလားဆရာ..."
"အေး...မနည်း ပြောလိုက်ရတယ်...မင်းက ပျားအုံကိုမှ
တုတ်သွားထိုးနေတယ်...အတော်ဒေါသကြီးတဲ့သရဲကြီးကွ...
မင်းက သရဲကြီး လွယ်လွယ်နဲ့ဝင်ပူးလို့ရအောင် ကံသိပ်ညံ့နေ
ပြီဆိုတာ သိရဲ့လား..."
"ဟုတ်ကဲ့ဆရာ..."
"အေး...နောက်နောင် အပြောအဆို အနေအထိုင် ဆင်
ခြင်ကွာ...ကံဆိုတာက ကိုယ်လုပ်နေတဲ့အလုပ်ပဲ...မကောင်း
တာလုပ်ရင် မကောင်းကျိုးခံစားရမှာပဲ...အတိတ်ကုသိုလ်ကံ
ကြောင့် အချိန်တစ်ခုတော့ ကောင်းတာတွေ တွေ့ချင်တွေ့
မယ်...အမြဲတမ်းတော့ မဟုတ်ဘူး...အခုဆို မင်းက နေချင်သ
လို နေနေတော့ အကုသိုလ်ကံ ဖိစီးမှန်းမသိ ဖိစီးလာနေပြီ...
အကုသိုလ်ကောင် သက်သက်ဖြစ်နေပြီဆိုတာ သိရဲ့လား...
ဒီကနေ သေလို့ကတော့ မင်းဘယ်ဘုံ ဘယ်ဘဝရောက်မလဲ
ဆိုတာကို ကြိုတင်သိနေရပြီတပည့်ရဲ့...မင်းကိုကွာ...ကိုရင်
ကျောင်းသား ဘဝတုန်းကလို ရိုက်နက်လို့ရမယ်ဆိုရင် ရိုက်
နက်လိုက်ချင်တယ်ကွာ..."
ဟု ဆရာသက်က ပြောရင်းဆိုရင်း ခံစားချက်တွေ ပွင့်ထွက်လာကာ မိမိတပည့်အပေါ် သံယောဇဉ်ကြီးမားစွာ
ကရုဏာဒေါသဖြင့် ပြောဆိုဆုံးမရလေသည် ။ မောင်စိုးလည်း မိမိဆရာကို ကြည့်၍ မျက်ရည်ဝဲလာပြီး
"ဆရာ့တပည့်ကို ဆုံးမပေးပါဆရာရယ်...ဆရာ ရိုက်ချင်
ရိုက်လိုက်စမ်းပါ...ရိုက်ချင် နာနာလေးရိုက်လိုက်စမ်းပါဆရာ..
...တပည့် တကယ်မိုက်မဲခဲ့မှန်း သိပါပြီဆရာရယ်...." ဟု ငိုသံနှော၍ ပြောတော့လေသည် ။ တကယ့်သရဲကြီးနှင့်ကြုံ တွေ့ရနေပြီကိုး ။ ပြောမယုံ ကြုံဘူးမှ သိတဲ့ဘဝတွေ ။
"အေး...ကိုယ့်ကိုယ်ကိုယ် သိရင်ပြီးတာပဲလေ...တပည့်မှာ ကံတွေသိပ်ညံ့
နေတယ်...ကံကောင်းအောင် ဆရာကိုယ်တိုင် လုပ်ပေးလို့မရဘူး...တပည့်
ကိုယ်တိုင်လုပ်ရမယ်...ဒါကြောင့် ဒီ သစ္စာသုံးချက်တော့ မဖြစ်မနေ လိုက်နာပေးရမယ်...တပည့်အနေနဲ အသက်သေချင်သေပါစေ...ဒီ သစ္စာသုံးချက်ကို ဘယ်တော့မှ မဖောက်ဖျက်ရဘူး...ဘယ်နှယ့်လဲ...လိုက်နာနိုင်မလား..."
"ဘာတွေလဲဆရာ..."
"၁ / မူးယစ်စေတတ်သော သေရည်သေရက် မှန်သမျှ
မသောက်သုံးရဘူး...
၂/ သူတစ်ပါး သားသမီးကို ကိုယ်ထိလက်ရောက် မကျူး
လွန်ရဘူး....
၃ / အမဲသား ၊ ကျွဲသားကို သိလျက်နဲ့ မစားရဘူး...
အကုသိုလ်တွေကျူးလွန်ဖို့ ခေါင်ထိပ်အဖြစ် ပံ့ပိုးပေးနေတဲ့ ဒီအချက်သုံးချက်ကို ရှောင်ရှားပြီး သစ္စာတရားနဲ့ ငါ့တပည့်လုံးဝ လိုက်နာရမယ်...ဒါဆိုရင် အတော်လေး လုံလောက်ပြီ...ဒါတွေက တပည့်အတွက် ဆရာပြောပေးနေတာ
တွေပါ...ငါ့တပည့် လုံးဝ လိုက်နာရမယ်..."
ဆရာသက်စကားကြောင့် အရက်သမား မောင်စိုးမှာ
အတော်လေး စဉ်းစားလိုက်ရလေသည် ။သူ့လိုလူ တစ်ယောက်အနေနှင့် ဒီသစ္စာသုံးချက်ကို လိုက်နာဖို့ ခက်ခဲနေကြောင်း အလိုလို သိနေပါသည် ။နောက်ဆုံး စိတ်ဒုန်းဒိုင်းချ ကာ လိုက်နာဖို့ သဘောတူလိုက်လေသည် ။
ဆရာသက်လည်း မောင်စိုးကို ဘုရားရှေ့တွင် လက်အုပ်ချီ ၍ သစ္စာဆိုခိုင်းကာ သစ္စာရေပါ တိုက်လိုက်ရလေသည် ။ အားလုံးပြီးသည်နှင့် ဆရာသက်လည်း အားလုံးကို နှုတ်ဆက်၍ မိမိအိမ်သို့ ပြန်လိုက်ရလေသည် ။ မိမိအိမ်သို့ ရောက်ရှိချိန်တွင် အတော်လေး မိုးချုပ်နေလေပြီ ။ တစ်ရက်အတွင်း ကယ်သင့်သည့် ပုဂ္ဂိုလ်များကို ကယ်လိုက်ရသဖြင့် ဝမ်းသာမဆုံး ပီတိလုံးတွေ ပိတ်ဖုံး သည့် နေ့ရက်လေးတစ်ခုအဖြစ်အမှတ်တရ ရှိနေတော့လေသည် ။
အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ...
လေးစားလျက်...
မင်းကံစည်ဝင်း
( ပြီး...)
Post a Comment