ပဲကြီးလှော်ရဲ့စွမ်းအား

:-P  :-P   :-P

ပဲကြီးလှော်၏စွမ်းအား
***************

တစ်ခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တဲ့ အမျိုးသမီးတစ်ယောက် ရှိသတဲ့။
ပဲကြီးလှော်ကြိုက်တတ်ပေမဲ့ သူမရဲ့ ပြဿနာကတော့ ပဲကြီးလှော် စားပြီးတိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလောက်အောင် တားမနိုင်ဆီးမရ ချက်ချင်းလက်ငင်း လေလည်တတ်တာပါပဲ။

တစ်နေ့ကျတော့ အဲ့ဒီအမျိုးသမီးဟာ လူတစ်ယောက်နဲ့ ချစ်ကြိုက်သွားပြီး လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့ " ငါ့ယောက်ျားဟာ အင်မတန် ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်။ ငါ့ရဲ့ အီးပေါက်တတ်တဲ့ အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး " လို့ တွေးမိပြီး ပဲကြီးလှော်စားတတ်တဲ့အကျင့်ကို အနစ်နာခံပြီး စွန့်လွှတ်လိုက်သတဲ့။

ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တစ်ရက် အလုပ်ကနေ အိမ်အပြန်လမ်းမှာ သူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာရမှာမို့ နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ကြိုတင်အကြောင်းကြားထားလိုက်တယ်။

အိမ်ကို လမ်းလျှောက်ပြန်လာနေတုန်းမှာ လမ်းမှာ ပဲကြီးလှော်သည်နဲ့ ပက်ပင်းတိုးရောတဲ့။ ပဲကြီးလှော်ကို မြင်တော့ စားချင်စိတ်က တကျော့ပြန်ပြီး ထကြွသောင်းကျန်း လာပြန်တော့တာပေါ့။

အိမ်ကလည်း တော်တော်လေးကို လှမ်းသေးတော့ အခုနေ စားသွားလိုက်ရင် အိမ်ပြန်ရောက်တဲ့ အချိန်လောက်ဆို အီးပေါက်တာလည်း ပြီးသွားလောက်ရောပေါ့ လို့ တွေးပြီး စိတ်မထိန်းနိုင်ပဲ ပဲကြီးလှော်တွေ ဝယ်စားမိရောတဲ့။

ဒီလိုနဲ့ တစ်လမ်းလုံး အီးတွေ တဘွတ်ဘွတ် ပေါက်ရင်ပြန်လာခဲ့တယ်။အိမ်နားရောက်တဲ့ အခါမှတော့ အတော်လေးကို နေသာ ထိုင်သာ ရှိသွားပြီး သူ့ဘာသာလည်း ထိန်ချုပ် အောင့်အီးသွားနိုင်ပြီလို့ တွက်ဆမိသတဲ့။

အိမ်ပေါက်ဝမှာ စောင့်နေတဲ့ ခင်ပွန်းသည်ဟာ သူမကို မြင်လိုက်ရတဲ့အခါ အင်မတန် စိတ်လှုပ်ရှားဟန်နဲ့ ဝမ်းမြောက်ဝမ်းသာ ဆီးပြောတယ်။

"အချစ်ရေ.... ညစာအတွက် အံ့အားသင့်စရာ တစ်ခု ကိုယ်စီစဉ်ထားတယ် သိလား"

အဲ့ဒီလို ပြောပြီးတာနဲ့ သူမ မျက်နှာ(မျက်စေ့)ကို အဝတ်စည်းလို့ ထမင်းစားခန်းထဲကို တန်းခေါ်သွားတယ်။ ထမင်းစား စားပွဲက ကုလားထိုင်မှာ ထိုင်ခိုင်းတယ်။ ထိုင်ပြီးပြီးချင်း သူမမျက်နှာမှာ စည်းထားတဲ့ အဝတ်ကို ဖြေပေးမယ် အလုပ်မှာ ဧည့်ခန်းထဲက တယ်လီဖုန်းက မြည်လာတယ်။ ဒါနဲ့ ခင်ပွန်းသည်က မျက်နှာစည်းထားတဲ့ အဝတ်ကို သူပြန်မလာခင် ဖြေမကြည့်ဖို့ ကတိတောင်းပြီးမှ တယ်လီဖုန်းကို သွားကိုင်တယ်။

တကယ်တော့ သူမ စားလာတဲ့ ပဲကြီးလှော်ဟာ အဲသည်အချိန်အထိ အရှိန်မသေသေးဘူး ခဏအတွင်းမှာပဲ ဗိုက်ထဲမှာ လေတွေ တင်းလာပြီး ထိန်းမထားနိုင်လောက်အောင် ဖြစ်လာတယ်။ ဒါနဲ့ ခင်ပွန်းသည် ဧည့်ခန်းထဲမှာ ဖုန်းပြောနေတာကို အခွင့်ကောင်းယူပြီး သူမရှိတုန်း ခါးကလေးကို အသာလိမ် တင်ကလေးတစ်ဖက် အသာကြွပြီး အီးတစ်လုံးကို အားရပါးရ လွှတ်ထည့်လိုက်တယ်။ အဲ့ဒီ အီးဟာ အသံကျယ်ရုံတင်မကဘူး အနံ့ကလည်း မြေးဆွေးကားကြီး ဖြတ်မောင်းသွားသလိုပဲတဲ့။

ပြီးတော့မှ သူမပေါင်ပေါ်မှာ ဖြန့်တင်ပေးထားတဲ့ လက်သုတ်ပဝါကို လက်နှစ်ဖက်နဲ့ အသာဖြန့်ကိုင်ပြီး လေထဲကို အနံ့တွေပျောက်သွားအောင် လက်သုတ်ပဝါနဲ့ အသည်းအသန် ယက်ခတ်ပြီး ထုတ်လိုက်တယ်။ ခဏနေပြန်တော့ နောက်ထပ်တင်ပါးလေး တစ်ဖက်ကို ကြွလိုက်ပြန်ပြီး အီးသုံးလုံး ဆက်တိုက် ပေါက်ထုတ်လိုက်ပြန်တယ်။ ဒီတစ်ခါတော့ အမှိုက်ကားကြီး ဖြတ်မောင်းသွားသလိုပါပဲတဲ့။

ဒီလိုနဲ့ ဧည့်ခန်းထဲက ယောက်ျား ဖုန်းပြောနေတဲ့ အသံကို တစ်ဖက်ကနားစွင့်ရင်း နောက်ထပ်ဆယ်မိနစ်လောက် အတွင်းမှာ သူမဟာ တင်ပါးလေးနှစ်ဖက်ကို တစ်လှည့်စီကြွပြီး အီးတွေ ဆက်တိုက်လွှတ်နေခဲ့ သတဲ့။ ဧည့်ခန်းထဲက ခင်ပွန်းသည် တယ်လီဖုန်းချတော့မလို နှုတ်ဆက်စကားပြောနေသံ ကြားတဲ့ အချိန်ကျမှ သူမ ဟာ ပတ်ဝန်းကျင် လေထုထဲက အနံ့တွေပျောက်အောင် လက်သုတ်ပဝါနဲ့ ကဗျာကယာ ခတ်ထုတ်လိုက်ပြီး လက်သုတ်ပဝါကို ပေါင်ပေါ်ပြန်ဖြန့်တင် လက်ကလေးနှစ်ဖက်ကို အသာယှက်လို့ ကျေနပ်နှစ်သိမ့်တဲ့ အပြုံးလေးနဲ့ ခင်ပွန်းသည်အလာကို စောင့်စားနေလိုက်တယ်။

ခင်ပွန်းသည်ပြန်ရောက်လာတဲ့ အချိန်မှာတော့ သူမဟာ အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်ပုံမျိုးဖမ်းနေတော့တာပေါ့။ ခင်ပွန်းသည်ဟာ ဖုန်းပြောတာ အချိန်ကြာသွားတဲ့အတွက် သူမကို တောင်းပန်လိုက်ပြီး သူ မသိအောင် အဝတ်စည်းထားတဲ့ အောက်က ချောင်းကြည့်သလားလို့ မေးတယ်။ သူမကလည်း မကြည့်ပါဘူးလို့ပြန်ဖြေလိုက်တယ်။

အဲ့သည်တော့မှ ခင်ပွန်းသည်က သူမမျက်နှာစည်းထားတဲ့ အဝတ်ကို အသာအယာ ဖယ်ပေးလိုက်တယ်။ သူမ အကြီးအကျယ် အံ့အားသင့်သွားတယ်။

ထမင်းစား စားပွဲပတ်လည်မှာ ဧည့်သည် ၁၂ယောက် ဟာ သူမကို " Happy Birthday "လို့ ပြောဖို့ ထိုင်စောင့်နေကြတာကို တွေ့လိုက်ရသတဲ့။

😃😃😃😃😃😜😜😜😜😜

Credit to Original writer

Post a Comment