မယ်ဖြူ မယ်ညို နတ်သမိုင်း
ပျဉ်းမနားနယ် ဆင်ဖြူတောင်နှင့် လှေတွင်း သို့မဟုတ် လေတွင်း ထောင်တွင်း မယ်ဖြူ မယ်ညို သို့မဟုတ် ရှင်ဖြူ- ရှင်ညို ခေါ် နတ်မယ်တို့သည် ထင်ရှား၍ ရိုသေခန့်ညားခြင်း ခံရသော နတ် ညီအစ်မ ဖြစ်ကြသည်။
နတ်ဖြစ်စဉ်မှာ။ ။ ပုဂံပြည် အနော်ရထာမင်းကြီး လက်ထက် မင်းမိန့်နှင့် ဆင်ဖြူတော် အရှာထွက်ခဲ့သော ရဲသီဟနှင့် ရဲဒိဗ္ဗဆိုသူ စစ်ဗိုလ် ညီအစ်ကိုနှစ်ယောက်သည် ပျဉ်းမနားနယ် အရှေ့ဘက် ပေါင်းလောင်းမြစ် အနီးကျည်ထောင်ရွာသို့ ရောက်ရှိသောအခါ တောင်တစ်တောင်တွင် ဆင်ဖြူတော် သုံးစီးကို မြေလျှိုးသွားကြ၍ တွင်းကိုသာ တွေ့ကြရသည်။ ၎င်းတောင်ကို ဆင်ဖြူတောင် ဟုခေါ်သည်။
ဆင်ဖြူတော်ကို စုံစမ်းရင်း ကျည်ထောင်ရွာတွင် နေထိုင်စဉ် ဘဝရေစက်ကြောင့် ထိုရွာမှ ဦးဖြိုး- ဒေါ်သာတို့၏ သမီးချော နှစ်ယောက်မယ်ဖြူ- မယ်ညိုတို့နှင့် မေတ္တာ မျှကြသည်။
ပုဂံပြည်သို့ ပြန်လာရန် အမိန့််တော် ရောက်ရှိ၍ ရဲသီဟနှင့် ရဲဒိဗ္ဗတို့သည် မယ်ဖြူ- မယ်ညိုတို့အား ၃ လကြာလျှင် ပြန်လာပြီး လက်ထက်ထိပ်းမြားမည်ဟု ကတိပြုတာ ပြန်သွားကြသည်။ ၎င်းတို့ ပြန်သွားပြီး တစ်လမျှကြာလျှင်-
ကျည်ထောင်ရွာ အနောက်ဘက် ညောင်လန်းပင်ကြီး အနီး ဘီလူးမကြီး တွေ့လိမ့်မည်။ ချည်မန်းကွင်းစွပ် ဖမ်းထားလေ။
ဘီလူးမကြီးအနီး ရေကန်တစ်ခု ရှိသည်။ ဂါထာမန္တန်စုပ်က ကျွဲရုပ်ကြီး ပေါ်လာလိမ့်မယ်။
ကျွဲရုပ်ကြီးကို ချည်မန်းကွင်းနှင့် ဖမ်းချုပ်၊ ဆေးကြိမ်တုတ်နှင့် ရွယ်ရုံသာ ရွယ်ပါ မရိုက်လေနဲ့၊ ရိုက်ပါက ဂါထာမန္တနန် ပျက်လိမ့်မည်။
ဖမ်းချုပ်ထားသော ကျွဲရုပ်ကို ၇ ကြိမ် ဂါထာ မန်းမှုတ်ပါက ရေကန်အတွင်းမှ ရွှေသားအတိပြီးသော လောင်းလှေ တစ်စင်း ပေါ်လိမ့်မည်။ ၎င်းအတွင်း၌ ရွှေကြုတ်ငယ်နှင့် ထည့်ထားသော ပြဒါးပြာမှာ အသက်ကမ္ဘာ တည်နိုင်သည။် ယူငင့်စားသုံးပါလေ။
သိုက်စာနှင့် ဦးပဉ္စင်းတစ်ပါး ကျည်ထောင်ရွာသို့ ရောက်လာ၍ မောင်ကျောက်ဖား ဆိုသူအား တပည့်အဖြစ် ခေါ်သွားပြီး ဘီလူးမ ကျောက်ရုပ်ကို ဂါထာမန္တန်မန်းမှုတ်ကာ ချည်မန်းကွင်းနှင့် လည်ပင်းကို စွပ်ထားလေသည်။
ရေကန်ပေါင်ပေါ်မှနေ၍ ဂါထာမန္တန် စုပ်သောအခါ မကြာမီကျွဲရုပ်ကြီးပေါ်လာလေသည်။ လည်ပင်းကို ချည်မန်းကွင်းနှင့် စွပ်ထားပြီး မည်မျှလှုပ်လှုပ် မရိုက်လေနဲ့ ရွယ်ရုံသာရွယ်ဟု ဆေးကြိမ်တုတ်ကို ကျောက်ဖားအား ပေးထားကာ ရွှေသားအတိပြီးသော လောင်းလှေပေါ်လာရန် ဦးပဉ္စင်းက ဂါထာမန္တန်စုပ်၍ နေသည်။
ဦးဖြိုး- ဒေါ်သာတို့မှာ ဆင်းရဲပင်ပန်းစွာဖြင့် ယဝလုပ်စားသူများဖြစ်ရာ သမီး မယ်ဖြူ- မယ်ညိုတို့နှင့်အတူ ယာခင်းခုတ်ရန် လာကြလေသည်။ ထမင်း ဟင်း မစားမီ ကျောက်ဘီလူးမ ရုပ်ကြီးကို စားဦး, သောက်ဦး တင်မြှောက်ရန် လာကြသောအခါ ကျောက်ဘီလူးမ ရုပ်ကြီးသည် ကိုယ်နှင့် မလိုက်အောင် အသံညောင်- အသံသေးကလေးနှင့် င- ဖြိုး င-သာ င့ါကို ကယ်ပါဦး၊ ငါ့လည်ပင်းက ချည်မန်းကွင်း အမြန်ဖြုတ်ပေးစမ်းပါ သားရယ်၊ အမေ အနေရ ခက်လွန်းလို့ပါ သားရယ် ဟု အော်မြည် ပြောဆိုနေလေ၏။
ဦးဖြိုး- ဒေါ်သာ မယ်ဖြူ- မယ်ညိုတို့မှာ ကြောက်လန့်၍ ပြေးလွှားမည် ပြုလုပ်ရာ ဘီလူးမကြီးက အမျိုးမျိုး တောင်းပန် အသနား ခံသောကြောင့် ဦးဖြုက နဂိုစိတ်ကလည်း ကြည်ညိုပြီးသား ဖြစ်၍ သနားသရုဏာသက်သာပြီး အရဲစွန့်ကာ ချည်မန်းကွင်းကို ချွတ်ပေးလိုက်လေသည်။
ဘီလူးမကြီးသည် နေရာမှထ၍ အသေးအညင်းကို ခါပြီး မတ်မတ်ကြီးရပ်ကာ ငဖြိုး- ငါ့အပေါ်မှာနင်တို့ ကျေးဇူးအများကြီးရှိတယ်၊ ငါ့ကို မမေ့မလျော့ဘဲ နေ့စဉ် စားဦး, သောက်ဦး တင်မြှောက်ကြတဲ့အပြင် အခု ငါ ဒုက္ခအကြီးအကျယ် ရောက်နေတဲ့ဆဲဆဲ ငါ့လည်ပင်းက ချည်မန်းကွင်းကို ချွတ်ပေးတယ်၊ နင်တို့ ကျေးဇူးကို ငါ ဆပ်မယ်၊ ငါ ထိုင်နေတဲ့ နေရာအောက်မှာ ရွှေ,ငွေ, ကျောက်သံ, ပတ္တမြားတွေ အများကြီးပဲ ရတယ်၊ နင်တို့ အကုန်ယူတော့…. ဟု ပြောပြီး လျင်မြန်သော ခြေလှမ်းဖြင့် ရကန်ဘက်သို့ ထွက်သွားလေသည်။
တပည့် ကျောက်ဖားသည် တလှုပ်လှုပ်နှင့် ရုန်းကန်နေသော ကျွဲရုပ်ကြီးကို ဆေးကြိမ်တုတ်နှင့် ရွယ်ရုံမက ရိုက်ချင်သောစိတ် ပေါက်လာသည်။ သို့သော် ဆရာ ဦးပဉ္စင်း၏ မိန့်မှာချက်ကြောင့် စိတ်ကို အတော်ချုပ်တည်းထားရသည်။
ဦးပဉ္စင်း၏ ဂါထာမန္တန်တို့ကြောင့် ရေလျှိုးနေသော ရွှေလှေကြီးသည် ရေပေါ်သို့ ပေါ်လာလေပြီ။ ထိုအချိန် ဘီလူးမသည် ကျွဲရုပ်အနီးသို့ ရောက်လာပြီး ‘ဟဲ့ ကျောက်ဖား လွှတ်လိုက်၊ ဟဲ့….. ကျောက်ဖား လွတ်လိုက်’ နဲ့ အော်လေရာ ကျောက်ဖားသည်ဒေါသဖြင့် ‘ကျွဲရုပ်ကြီးကို မလှုပ်နိုင်အောင် ရိုက်နှက်ပြီးမှ ဘီလူးမကို ရိုက်နှက်မည်’ဟု စိတ်ကူးဖြင့် ကျွဲရုပ်ကြီးကို တအားကျုံး၍ ရိုက်ရာတွင် စူးစူးဝါးဝါး အသံများ မြည်ဟိန်းကာ ကျွဲရုပ်ကြီးမှာ ရေထဲသို့ ငုပ်လျှိုး ပျောက်ကွယ်သွားတော့၏။
ဦးပဉ္စင်းမှာ ဂါထာမန္တန် မန်းမှုတ်၍ ပြီးခါနီးကလေးမှပင် ရွှေလှေသည် ရေကန်အလယ် အရှေ့ဘက် တောင်ဆီသို့ သွားပြီး တောင်ကို ခွဲကာ ထွက်သွားလေသည်။ ၎င်းတောင်ကို လှေထွင်းတောင် ဟု ခေါ်သည်။
သိုက်ဆရာ ဦးပဉ္စင်းနှင့် တပည့်ကျော် ကျောက်ဖားတို့ကား မြေတွင် ကားခနဲ နေအောင် ခွေပျော့ကျသွားပြီး အသက်ပျောက်သွားကြ၏။
များမကြာမီ ဦးဖြိုး- ဒေါ်သာတို့မှာ သူဌေးဘွဲ့ယူကြပြီး မယ်ဖြူမယ်ညိုတို့မှာလည်း သူဌေးသမီးများဟု ရပ်ဝေးရပ်နီး၌ သတင်းကြီးသွားလေသည်။
ထို့နောက် ဦးဖြိုး- ဒေါ်သာ မယ်ဖြူ မယ်ညိုတို့လေးဦး ပစ္စည်းများကို ဝေခြမ်းယူကာ ဦးဖြိုးနှင့် ဒေါ်လာတို့က ရှင်ပင်တုတ်ဖြိုး ဘွဲ့တော်နှင့် ဘုရားတစ်ဆူ တည်ထား ကိုးကွယ်လေသည်။
မယ်ဖြူက ဆင်ဖြူတောင်ပေါ်တွင် ဘုရားတစ်ဆူ မယ်ညိုက လှေထွင်း တောင်ပေါ်တွင် ဘုရားတစ်ဆူစီ တည်ရန် ရည်ရွယ်ကြသည်။ သို့သော် အချစ်ဦးဖြစ်သော ရဲသီဟနှင့် ရဲဒိဗ္ဗတို့အလာကို စောင့်မျှော်ကာ နေကြသည်။
ထိုစဉ် ရှမ်းစော်ဘွား တစ်ဦးသည် နယ်ပယ်သို့ လှည့်ပတ်လာရာ မယ်ဖြူ၊ မယ်ညို ညီအစ်မကို တွေ့မြင်သောအခါ နှစ်ဦးစလုံးအပေါ် မေတ္တာညွှတ်၍ ဇွတ်အတင်း ကြံစည်လေသည်။
မယ်ဖြူ မယ်ညိုတို့သည် စော်ဘွားရန်နှင့်ဝေးအောင် ဆင်းရဲသား အသွင်ဆောင်ကာ ကျည်ထောင်ရွာ၌ မနေဘဲ အနီးအနား ရွာငယ်များသို့ ပြေးလွှား ပုန်းအောင်းနေကြရသည်။
ရဲသီဟနှင့် ရဲဒီဗ္ဗတို့ ကျည်ထောင်ရွာသို့ ပြန်ရောက်လာသောအခါ အကြောင်းမျိုးစုံကို သိရ၍ စော်ဘွား၏ ဘက်တော်သားများနှင့် တိုက်ပွဲဖြစ်ပွားကြသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် ဆင်းရဲသားအသွင်ဝတ်ဆင်ကာ ရုပ်ဖျက်နေကြသော မယ်ဖြူ မယ်ညိုတို့ တိတ်တဆိတ် ရောက်ရှိလာပြီး ရဲသီဟနှင့် ရဲဒိဗ္ဗတို့အား ပုဂံပြည်သို့ ပြေးကြစို့ ဟု ပြောဆိုနေကြစဉ် ရန်သူဘက်မှ ပစ်လိုက်သော အဆိပ်လူးမြားသည် ညီအစ်မနှစ်ယောက်စလုံး ထိမှန်၍ အသက်ပျောက်ပြီး မယ်ဖြူသည် ဆင်ဖြူတောင်ကို စွဲလမ်း၍ ဆင်ဖြူတောင် စောင့်မယ်ဖြစ်လျက် မယ်ညိုက လှေထွင်း တောင်ကို စွဲလမ်း၍လှေထွင်းတောင်စောင့် နတ်မယ်ဖြစ်ကာ နတ်ကွန်း နတ်နန်းနှင့် ကိုးကွယ်ကြသည်။
Credit "စာပေအရိပ်
Post a Comment