ရွေးချယ်စရာဘဝ
ကြိုတင်စီစဉ်ထားတဲ့ ကိစ္စဟာ မွေးကတည်းက ပါလာတယ်။ မြို့ကြီးပြကြီးမှာ မွေးချင်တယ်။ ရွာသိမ်ရွာငယ်မှာမွေးပြီး ရွာသားဖြစ်ရမှာ မလိုလားဘူးလို့ ရွေးလို့ရသလား။ ချမ်းသာတဲ့ မိဘဆီမှာ မွေးချင်တယ်။ ဆင်းရဲသားမိခင်ရဲ့ဝမ်းကြာတိုက်ထဲကို မ၀င်ချင်ဘူးလို့ ရွေးခွင့် မရှိဘူး။
ပညာတတ်အသိုင်းအ၀ိုင်းထဲမှာသာ ပေါက်ဖွားချင်တယ်။လူဆိုးလူမိုက်ဝန်းကျင်မှာ မဖြစ်ထွန်းချင်ဘူးဆိုပြီး ကြိုတင်စီစဉ်ထားလို့ရမှမရပဲ။ လူ့လောကထဲကို စ၀င်လာပြီ ဆိုကတည်းက ကိုယ်ကြိုက်တာ ကိုယ်ဖြစ်ချင်တာတွေကို ရွေးခွင့်မရတဲ့ သူတွေချည်းပါပဲ။
ဒါပေမယ့် ကိုယ့်ကိုယ်ကို ငါဘာဖြစ်ချင်တယ် ဆိုတာကိုတော့ သိတတ်တဲ့အရွယ်လောက်ရောက်လို့ စဉ်းစားမိတဲ့အခါမျိုးမှာ ရွေးချယ်ခွင့် ရတတ်ကြတယ်။ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်တယ်။ ကိုယ့်ရဲ့ အမြင်၊ အကြား၊ အလေ့အထ၊ အတွေ့အကြုံနဲ့လည်း ဆိုင်တယ်။ ကိုယ့် အမူအကျင့်နဲ့ ဇွဲ၊ လုံလ၊ ၀ီရိယ တို့ကတော့ အရေးအကြီးဆုံးပေါ့။ ရေစုန်မျောလိုက်သွားမယ်ဆိုရင် ဘာမှပြောနေစရာမလိုဘူးလေ။ ရေဆန်ကို ဖြတ်ကျော်မယ် ၊ ကိုယ်ဖြစ်ချင်တဲ့ ဦးတည်ချက်ကို အမြဲနှလုံးသွင်းမယ်။ ဖြစ်နိုင်တဲ့လမ်းကြောင်းအသွယ်သွယ်ကို ထိုးဖောက် မယ် လောကဓံကို ကြံ့ကြံ့ခံနိုင်အောင် အားထုတ်မယ်။ ကိုယ့်အကျင့်စာရိတ္တကို မပျက်အောင် စောင့်ရှောက်မယ်။ အဲ့ဒီ့နေရာမှာ ရိုးရိုးကျင့် မြင့်မြင့်ကြံ ဆိုတဲ့စကားလေးက တန်ဖိုးရှိတယ်။
ပထမအရွယ်မှ ပညာရှာ၊ ပညာဆိုတာ ကျောင်းစာ သင်ခန်းထဲမှာ ရှိတာမဟုတ်ဘူး။ ပညာဆိုတာ ကိုယ့်ပတ် ၀န်းကျင်မှာ ရှီပြီးသားပါ။ ပညာဆိုတာ လိုချင်တဲ့သူအတွက် နေရာအနှံအပြားမှာရှိပါတယ်။ “ သု၊ စိ၊ ပု၊ ဘာ၊ ၀ိ၊ လိ၊ သိ၊ ဓါ အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံး ပန်းသွင် နေ့တိုင်းဆင်လော့ ” ဆိုတဲ့ ပညာရှာခြင်း အကြောင်းတရားရှစ်ပါးအရ နားထောင်ပါ။ ကြံစည်ပါ၊ မေးပါ၊ ပြောပါ၊ လေ့လာစူး စမ်းပါ၊ ရေးပါ၊ လေ့ကျင့်ပါ၊ အလွတ်ကျက်ပါ၊ အဲသည်အလုပ်ရှစ်မျိုးကို စွဲစွဲမြဲမြဲလုပ်ရင် ပညာဆိုတာကိုယ့်အတွက်ပါပဲ။
လူ့ဘ၀ရဲ့ ပထမ အရွယ်မှာ တတ်ကောင်းတတ်ရာ ၊ အတတ်ပညာတစ်ခုခုကို တတ်ထားမယ်ဆိုရင် ဒါဟာ ပထမ ပညာရှာတာပါပဲ။ ဗမာ စကားပုံတစ်ခုရှိတယ်။ “ ပညာရှာ ပမာ သူဖုန်းစား ” ဆိုတာ တောင်းစားတဲ့စကားကိုပြောတာပါ။ လူတကာဆီက ပေးစာကမ်းစာကို လက်ဖြန့်တောင်းနေရတဲ့သူ အနေနဲ့ ရှက်နေလို့ ဘယ်ဖြစ်မှာလဲ။ ကြောက်နေလို့ ဘယ်ဖြစ်မှာလဲ။ တင်းနေလို့ဘယ်ဖြစ်မှာလဲ။မနာလို့လဲ မဖြစ်ဘူး။ မေးချင်စိတ်ပေါက်လာအောင်တော့ တောင်းပန်တိုးလျှိုး အသနားခံ ရသလိုပဲ။ ပညာကို လိုချင်တဲ့ အခါမှာလည်း သူတောင်းစားလို ကျင့်သုံးဖို့ ရှေးလူကြီးတွေက ဆိုစမှတ်ပြုကြတာပေါ့။ ဘယ်ကိစ္စမှ လွယ်လွယ်မရနိုင်သလို ပညာဆိုတာကိုလည်း လွယ်လွယ်နဲ့တော့ ဘယ်ရနိုင်မှာတုံး။
အခြေအနေနဲ့ အချိန်ခါကိုလိုက်ပြီး လိုချင်စိတ်ရှိဖို့နဲ့ ဇွဲကြီးကြီးထားနိုင်ရင် ပညာတစ်ခုမဟုတ် တစ်ခုကို သေသေချာချာ ရနိုင်တယ်။ ဒါဟာလဲ ကိုယ့်ရွေးချယ်ခွင့်ပဲပေါ့။ တံငါနားနီး တံငါ ငါးဖမ်းတတ်တဲ့ အတက်ပညာကိုရတာပဲ။ ပတ်ဝန်းကျင်ကပို့ချတဲ့ ဘာသာရပ်ကို သင်ယူတတ်မြောက်တာပဲ။ ရွာဦးကျောင်းမှာနေပြီး ဆရာတော်ကြီးတွေကြားထဲမှာ ကြီးပြင်းရမယ်ဆိုရင် လောကုတ္တရာစာပေများကို လွယ်လွယ်ကူကူ သင်ယူတတ်ကျွမ်းနိုင်တာပေါ့။ ကောင်းတာကိုအတုယူဖို့လဲလိုတယ်။ ကိုယ်နဲ့အမြဲထိစပ်နေတဲ့ ပတ်ဝန်းကျင်ကနေ ကိုယ်ဘယ်လိုပညာမျိုးကို ရနိုင်မလဲဆိုတာ အာရုံစိုက်ပြီး စူးစမ်းလိုက်ရင် ပေါ်လာပါလိမ့်မယ်။ ခေတ်ကာလအလျှောက် ပြောင်းလဲလာတဲ့ ကိစ္စတွေ ပေါ် ဂရုစိုက်ဖို့လဲလိုတယ်။ မျက်စိကို ပြူးပြူးထား၊ နားကိုကားကားထား မြင်တတ်ကြားတတ်မှ၊ အကြားအမြင်တွေက သိစရာ တွေကိုဖြည့်စွတ်ပေးတယ်။ များများသိလေ အကျိုးရှိလေ။ သူများမသိသေးတာ မမြင်သေးတာကို ကိုယ်အရင်သိအရင်မြင်ရရင် အကျိုးထူးတတ်တယ်။
စိတ်ကောင်း နှလုံးကောင်းလေး ရှိထားရင် ပိုကောင်းတယ်။ မရှိသေးရင် မွေးယူရမယ်။ စိတ်ကောင်းနှလုံးကောင်းဆိုတာ စင်စစ်တော့ သိပ်ထူးထူးခြားခြား မဟုတ်ပါဘူး။ ကိုယ့်ကြောင့် သူတပါးကို အနှောက်အယှက်မဖြစ်စေဖို့ ဂရုစိုက်ရုံပါပဲ။ ကိုယ့်အပြုအမူ၊ အပြောအဆို၊ အကြံအစည်၊ ဆောင်ရွက်မှု တစ်ခုခုက အခြားသူတစ်ယောက်ကို အနှောက်အယှက်မဖြစ်စေဖို့ ဂရုစိုက်ရုံပါပဲ။ ကိုယ့်အပြုအမူ ၊ အပြောအဆို ၊ အကြံအစည်၊ ဆောင်ရွက်မှု တစ်ခုခုက အခြားသူတစ်ယောက်ကို စိတ်အနှောက်ယှက်ဖြစ်စေတယ်။ ဒုက္ခရောက်တယ် ဆိုတာမျိုးကို ဆင်ခြင်ရုံပါပဲ။ ကိုယ့်ကြောင့် သူများ ဒုက္ခမရောက်စေနဲ့ပေါ့။ ဒါဟာ လူအချို့(လူတော်တော်များများ) မွေးကတည်းက ပါလာတဲ့ ဇာတိစိတ်ပါ။ လူအဖြစ်ကို ရပြီဆိုကတည်းက ကုသိုလ်ကံရဲ့ ဖေးမမှုက အများကြီးပါလာပြီးသား။ သူ့မှာ အသိစိတ်ဓါတ် အကောင်းစား အရင်းခံကပါလာခဲ့ပြီးသား။ အနုအရင့်ပဲကွဲတယ်။ အနည်းအများပဲကွာတယ်။ အဲသည်စိတ်က ကိုယ်ပေါက်ဖွားရာ ပတ်ဝန်းကျင်ကြောင့် အတိုးအလျှော့ရှိတယ်။ လုံးဝပျောက်ကွယ်သွားတာမျိုး ရှိသလို ဆပွားတိုးပြီး ဖွံ့ဖြိုးလာတာမျိုးလည်းရှိတယ်။ အဲဒါကို နောက်တမျိုးပြောရင် ကိုယ်ချင်းစာစိတ်ပေါ့။ ဘယ်အခြေနေမျိုးမှာမဆို ဘယ်နေရာမျိုါ်မှာမဆို ကိုယ်ချင်းစာတဲ့စိတ်ကို ထားကြည့်လိုက်ရင် အဆင်ပြေသွားတတ်တယ်။ ဒါပေမယ့် လူတွေကတော့ ခလုပ်ထိမှ အမိတကြမှာပဲ။ ရသာရင် ဘနဖူး သိုက်တူး ကြမှာပဲ။ ဘယ်သူသေသေ ငတေတွေ အများစု ဖြစ်နေကြပြီ။ အဲ့ဒါက မွေးရာပါ ဇာတိစိတ်အပေါ် ပတ်ဝန်းကျင်က လွှမ်းမိုးထိမ်း ကျောင်းသွားလို့ပဲ။ သတိထားမယ်၊ ဆင်ခြင်မယ်၊ ပတ်ဝန်းကျင်ကောင်းတစ်နေရာကို ပြောင်းလဲမယ်။ ဒါမှဟုတ် ကိုယ်က ပတ်ဝန်းကျင်ကို ပြန်ပြီး ပဲ့ကိုင်နိုင်မယ်ဆိုရင် ပြောင်းပြန် ပြန်ဖြစ်သွားမှာပါပဲ။
“ ပညာရှာ ပမာ သူဖုန်းစား ဆိုသလို သညာကို လိုသော် မငြင်းနှင့် ” ဆိုတဲ့ စကားလဲရှိပါတယ်။ ပညာရမယ်ဆိုရင် ဘယ်သူ့ဆီက ရ ရမယ်။ ဘယ်နေရာက ရရယူမယ်။ ဘယ်လိုအခြေအနေမျိုးနဲ့ ရရယူမယ်။ ဘယ်လိုမကြောင်းပြချက်မျိုးနဲ့မှ ငြင်းချက်မထုတ်ရဘူးပေါ့။
ဒီလိုပဲ ဒုတိယအရွယ်က ဥစ္စာရှာတဲ့ အရွယ်ဖြစ်တော့ သူ့မှာလဲ ဆောင်ရန် ရှောင်ရန်တွေရှိတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက ခုနက ပြောခဲ့တဲ့ ကိစ္စပါပဲ။ စိတ်ကောင်းနှလုံးကောင်းမွေးပါ ။ ကိုယ်ချင်းစာစိတ် ကြီးကြီးထားပါ။ ဒါဟာအဓိက သော့ချက်ပါပဲ။ ကျန်တဲ့ကိစ္စ အ၀၀ကို အဲသည်နှစ်ခု အပေါ်မှာ အခြေခံ စဉ်းစားလုပ်ဆောင်ရမှာပါ။ ဥစ္စာလိုသော် မပျင်းနဲ့ ဆိုတဲ့ စကားကလည်းအရေးကြီးတယ်။ Do it now လို့ မှတ်ထားတယ်။ လုပ်ငန်းကျွမ်းကျင်မှုကတော့ ဘယ်အလုပ်လုပ် အရေးအကြီးဆုံးပဲ။ ကိုယ်ရွေးချယ်တဲ့အလုပ် ကိုယ်တတ်ကျွမ်းတဲ့အလုပ် ကိုယ်အကောင်ထည်ဖော်တဲ့ အလုပ်ဟာ အတ္တဟိတ ၊ ပရဟိတ မျှတဖိုလဲ လိုတယ်။
နေနေတာက ဗမာပြည်မှာ။ ဗမာလူမျိုးတွေကြားထဲမှာ ရှင်သန်နေရတာ ဗမာဓလေ့ စရိုက်ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေ ရှိဖို့လဲ အရေးကြီးပါတယ်။ မွေးကတည်းက ရွေးချယ်ခွင့် မရတဲ့ အကြောင်းအချင်းအရာပါမလာပေမယ့်။ ပညာရှာရာမှာတော့ ရွေးချယ်ခွင့်
ရှိမယ်။ ဥစ္စာ ရှာရာမှာ ရွေးချယ်ခွင့်ရှိမယ်။ ရွေးချယ်ခွင့်တွေရှိတာဟာ အခွင့်လမ်းကောင်းတွေရှိတာပဲ။ အခွင့်အလမ်းဆိုတာကို ကြုံတဲ့အခါ ကိုယ့်ဘက်က အမြဲအသင့်ရှိနေဖို့ လိုတယ်။ အခုကာလမှာ အရွေးချယ်စရာတွေများလာသလို အခွင့်လမ်းဆိုတာတွေလဲ ပေါလာတယ် ။ ကိုယ့်ကျွမ်းကျင်မှု ၊ ကိုယ့်စိတ်ဝင်စားမှုနဲ့ ကိုယ့်စွမ်းဆောင်ရည်တွေကို လက်တွေ့အသုံးချရမယ့် ကိစ္စမှာ အံဝင်ခွင်ကျ ဖြစ်သွားရင်တော့ အတိုင်းထက်အလွန်ပေါ့။
ရွေးချယ်ပါ။ စိစစ်ပါ၊ အားထုတ်ပါ၊ စိတ်ကောင်းနှလုံးကောင်းမွေးပြီး ရပ်တည်ပါ၊ လေကတဘာဝတ္တရားတွေက ကိုယ့်ကိုပြန်ပြီး စောင့်ရှောက်မှာပါ၊ ကိုယ်ချင်းစာ စိတ် ကြီးကြီးထားပါ၊ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိပါတယ်၊ ဘ၀မှာ နေပျော်တဲ့ အနေအထားတစ်ခုအတွက် အသင့်ရှိ
ပါစေ။
သင့်နော်
Creditမူရင်း
ရွေးချယ်စရာဘဝ
in
ရွေးချယ်စရာဘဝ
- on 12:21 AM
- No comments
Post a Comment