အမုန်းပင်​လယ်​ဒုက္ခကြွယ်

အမေးပင်လယ်ဒုက္ခကြွယ်
ပြင်ဦးလွင် မြင့်ထွန်း

“ဟာ . . .သွားပါပြီ . . . မှောက်ကုန်ပြီ ဖေဖေ”
အလွယ်တကူ ပစ်လိုက်တဲ့ သတင်းစာဆရာရဲ့လက်ချက်က သားသောက်နေတဲ့ ကော်ဖီခွက်ကို တည့်တည့်ကြီးမှန်၊ သားက ထအော်၊ ကျွန်တော်က ကြောင်ကြည့်၊ သတင်းစာ ဆရာကတော့ ဘာမှမသိသလိုနဲ့ လစ်ထွက်သွား။ ကျွန်တော်က ဒီပြသနာကို စဖြေရှင်းမိရာ ကစပြီး ဒုက္ခလှလှကြီး တွေ့တော့တာပါပဲ။ မကျေမနပ်ဖြစ်နေတဲ့ သားကို ကျေနပ်သွားအောင်ဖြေရှင်းရတာပေါ့။

“သားရေ...သတင်းစာဆရာက သားကို သတင်းစာ ဖတ်စေချင်လို့ သတိပေးလိုက်တာ ဖြစ်မှာပါကွာ...သတင်းစာဆိုတာ ဖေဖေတို့ လူကြီးတွေပဲ ဖတ်ရတာမဟုတ်ဘူး....သားတို့လည်းဖတ်သင့်တယ်......စာဖတ်ရှိန်လည်း မြင့်တယ်.....ဗဟုသုတ လည်းရတယ်ကွဲ့...” လို့အကောင်းမြင်ဝါဒနဲ့အလွယ်တကူ ဖြေသိမ့် ဆုံးမလိုက်တော့ ထုံးစံအတိုင်း သားက မေးခွန်းထုတ်တယ်။
ဖေဖေ ... “ ဗဟုသုတ ဆိုတာ ဘာလဲဟင် ”...တဲ့
ဒါမှ ဒုက္ခပဲ အမေးအမြန်းထူတဲ့ သားကို ဘယ်လိုရှင်းပြရပါ့မလဲ။ သားရဲ့မေးခွန်းတိုင်းကို အပွဲပွဲ နွှဲလာခဲ့တာ ဒီတစ်ခါတော့ အရှက်ကွဲမခံဘူး။ စဉ်းစားစမ်း အဲ့အဖြေကို။ ရမ်းပြီး မှားဖြေလို့မရဘူး။ သားတို့အရွယ်တွေက အင်မတန်နုနယ်သေးတယ် ၊ ပုံစံမျိုးမျိုး သွင်းလို့ရတဲ့ အရွယ်ဆိုတော့ အဖြေမှားတွေကို အဟုတ်ထင်ပြီး စွဲမြဲသွားခဲ့ရင် အနာဂတ်တိုင်းပြည်အတွက် ရင်လေးစရာပဲမဟုတ်ပါလား။ စူးစမ်းလေ့လာ မှတ်သားစ အရွယ်တွေဖြစ်လို့ မိဘဆရာသမားတွေက လမ်းမှန်ပေါ်ဆွဲတင်ပြီး ပြုစုပျိုးထောင်ပေးကြရမှာ မဟုတ်ပါလား ။
ဗဟုသုတဆိုလို့ ကြားဖူးတာလေး သတိရမိလို့ ကြားဖြတ်ပြောပါရစေဦး ….
တစ်ခါက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိတယ်။ သားက ခပ်အအ အဖေက ခပ်တိုတို(စိတ်တိုတာကိုပြောတာပါ) သားလုပ်သူရဲ့ အနေအထိုင် အပြုအမူတွေကို အဖေက လုံးဝအားမရဘူး။ တစ်နေ့မှာ အဖေကသားကို ဆူပူကြိမ်းမောင်းတော့ သားက ဘာပြန်ပြော လိုက်သလဲ သိလား။ အဖေ ... “ ဗဟုသုတဆိုတာ ဘာလဲဟင်တဲ့ ”....... ဒီတော့ အဖေလုပ်သူက စိတ်တိုတိုနဲ့ ပုဆိုးလှန်ပြ လိုက်တယ်။ သားကလည်း ခပ်အအ ဆိုတော့ ဘာမှပြန်မပြောပဲမှတ်ထားလိုက်တယ်။ တစ်နေ့တော့ လူပုံအလည်မှာ သူ့အဖေအောက်စလွတ်ပြီး  ထိုင်နေတာတွေ့တော့ သူအဖေကို အော်ဟစ်ပြီး သတိပေးတယ်။ အဖေ အဖေ ..အဖေ့ ဗဟုသုတကြီး ပေါ်နေတယ်ဆိုပြီး အော်ပြော တာပေါ့။ ဘေးကလူတွေက ဘာပြောမှန်းမသိကြဘူး။ သူ့အဖေရဲ့စိတ်ထဲမှာတော့ သြော်ငါ့သား ဗဟုသုတ မရှိလို့ တော်သေးတာပေါ့ သူသာ ဗဟုသုတရှိရင် ငါတော့ အရှက်ကွဲပြီ ဆိုပြီး ဖြေသိမ့်နေမိတယ်။

ကျွန်တော်ကတော့ အဲ့ဒီလို အဖေမျိုးတော့ အဖြစ်မခံနိုင်ဘူးလေ။ ဒါကြောင့် သားကို ဗဟုသုတ ဆိုတဲ့ အဓိပ္ပါယ်ကို တတ်သလောက် မှတ်သလောက် ရှင်းပြလိုက်တယ်။ အခုချိန်ထိတော့ သားရဲ့မေးမြန်းသမျှတွေကို ဖြေနိုင်တာချည်းပါပဲ။ စာမေးပွဲလိုဆိုရင်တော့ ဘာသာစုံ ဂုဏ်ထူးတွေတောင် ထွက်မယ်ထင်တယ်။ ဒီလိုနဲ့နေလာလိုက်တာ ပြဿနာက မအေးဘူး။ နေ့စဉ် သားက သတင်းစာတွေဖတ်ပြီး သူ မဖတ်တတ်တာ အဓိပ္ပါယ်မသိတာတွေကို မေးမေးနေလို့ ရှင်းပြရတာလည်း အမောပါပဲ။ ကိုယ့်အတက်ကိုယ်စူးလို့လဲ မပြောချင်ဘူးလေ။

တစ်နေ့သားက သင်းစာဖတ်ပြီး ပြဿနာရှာတယ်။ အဖြစ်အပျက်က ဒီလိုဗျို့။ သတင်းစားထဲမှာပါတဲ့ စည်ပင်သာယာ အိမ်ဆောက်မိန့် ကြောငြာတွေပါပဲ။ သားကကြံကြံဖန်ဖန် အဲဒါတွေကို ဖတ်ပြီး တစ်ခုချင်းစီအသေးစိတ် မေးတော့တာပါပဲ။ အဲဒီထဲမှာ ပိုင်ရှင်၊ ဦးပိုင်၊ အာစီ၊ နံကပ် စတဲ့ သူနားမလည်တဲ့ အမည်တွေရယ် အစုံပဲမေးတော့တယ်။ သားမေးတဲ့ မေးခွန်းတွေကဖြေနိုင်တဲ့ မေးခွန်းလေး တွေဖြစ်လို့ စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတယ်။ ဘာလို့လဲဆိုတော့ ဗဟုသုတ ကြီးပေါ်နေတဲ့ အဖေလိုဖြစ်မှာစိုးလို့လေ။ သားက “ဖေဖေ အာစီဆိုတာ ကိုပြောတာလဲဟင်. . .” ဆိုပြီး မေးတော့ ….“ သားတို့အိမ်နံရံကိုကြည့်စမ်း” ဆိုပြီး မေးလိုက်တယ်။ သားက အိမ်ထရံကိုကြည့်ပြီး ဘပြောရမှန်းမသိဘူး။ ကျွန်တော့်မေးခန်းက ကလေးအတွက် နည်းနည်းများဖြင့် သွားသလားမသိဘူး။ ဒါနဲ့ပဲ ကျွန်တော်အမြန် အဖြေ ပေးလိုက်တယ်။
“ အဲ့ဒါ ထရံလို့ ခေါ်တယ်ကွဲ့ … ဖေဖေတို့ အိမ်ကိုထရံကာ အိမ်လို့ခေါ်တယ်ကွဲ့။ တို့အိမ်ဘေးက မင်းသူငယ်ချင်း ပေါက်စီတို့ အိမ်ကို ကြည့်စမ်း ….  ဘာအိမ်လဲသူလာမေးတော့ ...”
“ အဲ . . .( တစ် နှစ် သုံး လေး ) ထပ်တိုက်ကြီး . . . ”
အဲ့ဒီတော့ ကျွန်တော်က “ အဲဒီ တိုက်အိမ်ကြီးတွေ အမျိုးအစားကို အာစီလို့ခေါ်တယ်ကွဲ့။ သစ်သားတိုင်တွေမပါပဲ အုတ်အင်္ဂတေ သံပင်တွေနဲ့ ပတ်ကားဆောက်ထားတာ ပိုက်ဆံတွေအများကြီးကုန်တယ်ကွဲ့” အဲ့တော့ သားက ဘာပြန်ပြောလဲသိလား....
“ ပေါက်စီတို့ အိမ်မှာ ပိုက်ဆံတွေ အများကြီးပဲဖေဖေ …. ပေါက်စီကသားကိုခေါ်ပြတာ . . . ဆန်အိတ်ကြီးတွေနဲ့ ထဲ့ထားတာ
တစ်ခန်းလုံးအပြည့်ပဲ။ ပေါက်စီရဲ့အဖေက သားတို့ကိုဆူပြီး နောက်တစ်ခါ ဒီအပ်ါထပ်ကို မတက်ရဘူးလို့ပြောတယ် . . . ”
သားကကလေးဆိုတော့ သူ့ရင်ထဲမှာ ရှိတာကို မချွင်းမချန်ပြောတော့ ကျွန်တော်ကသြော်ဆိုပြီးတွေဝေနေတုန်း.....
“ ဖေဖေ နံကပ်ဆိုတာရော ဘာလဲဟင် . . .” ......တဲ့ ထပ်မေးလာပြန်တယ်။
“ နံကပ်ဆိုတာ တိုက်အိမ်ပဲသားရဲ့မင်းတို့အတန်းပိုင် ဆရာမ အိမ်လိုမျိုးပေါ့ ”
တိုက်ဆိုပေမဲ့ သစ်သားတိုင်တွေ သစ်သားတန်းတွေနဲ့ဆောက်ထားတာလေဆိုပြီး တတ်သလောက်မှတ်သလောက် ဥပမာ လေးနဲ့ ရှင်းပြလိုက်တယ်။ သားကထပ်မေးပြန်တယ်။ “သားတို့အိမ်လိုမျိုးအိမ်တွေကြတော့ ဒီသတင်းစာထဲမှာ လာလို့မပါတာလဲဟင်”......တဲ့ သားမေးခွန်းတိုင်းကို ရင်ကော့ပြီးဖြေနေတဲ့ အဖေ ဒီတစ်ခါတော့ ကွဲတော့တာပါပဲ။ စာမေးပွဲကို ဘာသာစုံ ဂုဏ်ထူးမှန်းထားတဲ့ ကျွန်တော် အိမ်ရောက်မှ မေးခွန်းကိုအဖြေလွှာနဲ့ တိုက်ကြည့်တဲ့အခါ ဘာသာစုံကျသလို ဖြစ်သွားပြီ။ သားမေးခွန်းကို ဘယ်လိုဖြေရမလဲ စဉ်းစားစမ်း စဉ်းစားစမ်း။ ခေါင်းတွေပူလာပြီး  ဒီအဖြေကို မဖြေနိုင်ခင်မှာ သားက ထပ်မေးပြန်တယ်။ သားရဲ့မေးခွန်းတွေက တဖြည်းဖြည်း ဖြေရ ခက်လာတယ်။
“ ဖေဖေ. . . သား ဖတ်တက်တဲ့ အမည်တော်တော်များများကြတော့ နံကပ်(၂)ထပ် ဆိုတာလေးတွေပဲတွေ့ရပြီ........သားမဖတ်တက်တဲ့ အမည်တွေကျတော့ ဘာလို့အာစီတိုက်တွေပဲ ဆောက်နေတာလဲ။ ဟိုပေါက်စီတို့ အဖေလို အမည်နဲ့ လူကြတော့ အာစီ(၁၀)ထပ်တဲ့ အဲ့ဒါဘာလို့လည်းဟင် . . . ”
ခက်ပြီ ခက်ပြီ အရင်မေးခွန်းတွေကို မဖြေနိုင်သေးလို့ ဦးနှောက်ခြောက်ရတဲ့အထဲ ဒီမေးခွန်းတွေကခက်လို့ ရူးတော့မယ် ထင်တယ်။ ဘယ်လိုဖြေရမလဲ။ မဟုတ်တာ သွားဖြေမိရင်လည်း သားလေးရဲ့ဦးနှောက်ထဲမှာ မဟုတ်တာတွေစွဲမှတ်သွားမယ်။ သားကိုလည်း စိတ် မဆိုးရက်၊ ဒေါသ မထွက်ရက်၊ မိမိကိုယ်ပဲ ဒေါသထွက်နေမိတော့တယ်။ ကျွန်တော်တို့တတွေ အမှတ်တမဲ့ နေလာလိုက်ကြတာ သားလို စာဖတ်တတ်ခါစ အရွယ်လောက်တောင် မစဉ်းစားမိခဲ့ကြဘူး။ သတိတရားတွေ လက်လွတ်ခဲ့ကြတယ်။ လောဘတွေ ဖုံးအုပ်ခဲ့ကြတယ်။ သားရဲ့မေးခွန်းတွေကို အချိန်ဆွဲထားလိုက်တယ်။
“သားရေ ဖေဖေတို့ အအေးသောက်ရအောင် အအေးနှစ်လုံးသွားဝယ်ကွာ”
သား သွားဝယ်နေချိန်လေးမှာ တောင်တွေးမြောက်တွေး ဟိုဟိုဒီဒီငေးမောကြည့်ရင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ အိမ်ထရံပေါက်ကို ဖာထားတဲ့ ကျန်းမာရေးဌာန နံရံကပ် ပိုစတာလေးနဲ့ လ.၀.က ဌာနကဆောင်ပုဒ်လေး  နှစ်ခုကိုဖက်မိပြန်တယ်။ အဲ့ဒီနှစ်ခုက တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆင်တူရိုးမှား ဆောင်ပုဒ်လေးနှစ်ခုဖြစ်နေပြန်ပါတယ်။ ကျန်းမာရေးဌာနက ဆောင်ပုဒ်ကတော့(AIDS) မျိုမှ လူမျိုးပြုတ်မည်တဲ့။ လ.၀.က ဌာနက ဆောင်ပုဒ်ကလည်း “မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်” တဲ့လေ။ အဲ့ဒီနှစ်ခုကို သားဆက်မိရင် တော်တော်ကြာ မေးခွန်းတွေ ထုတ်နေဦးမယ်။ အဲ့ဒီမေးခွန်းနှစ်ခုမှာ တစ်ခုကိုတော့ ဖြေနိုင်တယ်။ တစ်ခုကတော့ တော်တော် ဖြေရခက်တဲ့မေးခွန်းပဲ။ သား မမြင်ခင် အသာလေး ခွါထားလိုက်ဦးမယ်။ တော်သေးတယ် သားမဖက်မိသေးလို့ အဲ့ဒီလိုအတွေးနဲ့ မဖြေနိုင်တဲ့ မေးခွန်းကို မမေးခင်က ဖျက်ဆီးမိတဲ့ ကျွန်တော်တော်ယနေ့တိုင် လိပ်ပြာမလုံခဲ့ပါဘူး။ နောင်တရလို့လည်းမဆုံးဘူး။ သားကအအေးဝယ်ပြီးပြန်လာတယ်။ အမှတ်တမဲ့ ဟာ ဖေဖေထရံမှာ အပေါက်ကြီးဆိုပြီး ကျွန်တော်ခွါထားတဲ့ ထရံကို လက်ညှိုးထိုးပြတယ် ကျွန်တော့်ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားတယ်။ ခေါင်းတွေလဲတအားကိုက်လာတော့တယ်။
“ ဖေဖေ နေမကောင်းဘူးလား ”  သား က မေးတယ်…..
စာပွဲပေါ်မှာ ခေါင်းငိုက်စိုက်ကျနေတဲ့ ကျွန်တော့်ကို သားက နောက်ကနေ နှိပ်ပေးနေတယ်။ သားကို ဗဟုတုတရအောင် စာဖက်ရှိန် မြင့်မားအောင် စာတွေဖက်ခိုင်းတာ မှားသလား မှန်သလား။ သားတို့လို အရွယ်လေးတွေ မေးမြန်းစူးစမ်းတာတွေကို စိတ်ဆိုးသင့် သလား။ စိတ်ရှည်ရှည်နဲ့ နားလည်အောင်ဖြေရှင်းသင့်သလား။ လက်ဦးဆရာဆိုတာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို တင်ပေးနိုင်ဖို့ ဘယ်လိုကြိုးစားသင့်သလဲ တွေးရင်းတွေးရင်း သားရဲ့မေးခွန်းတွေကို မဖြေနိုင်ခဲ့သေးဘူး။ အချိန်ဆွဲထားလိုက်တာ ခုထိအောင်ပါပဲ။ သားက ကလေးဆိုတော့ မေ့လောက်ပြီဆိုပေမယ့် ကျွန်တော်က ဘယ်လိုမှ မေ့လို့ မရအောင်ဖြစ်နေလို့ ၀ိုင်းဝန်းကူညီ ဖြေဆို ပေးကြပါဦး..................။


Post a Comment