တိရိစ္ဆာန်တို့ရဲ့ ပညာသင်ကြားရေး

တိရိစ္ဆာန်တို့ရဲ့ပညာသင်ကြားရေး

ဆရာကြီးဦးအောင်သင်း စာတစ်ပုဒ်မှာ ဖတ်ဖူးတာလေးထင်ပါတယ်။ တင်ကြီးငှက်တွေဟာ ရေထဲကငါးကို ဖမ်းစားတတ်တဲ့ငှက်တွေပါ။ သူတို့သားသမီးတွေကို အစာရှာဖို့ သင်ပေးပုံလေးရေးထားတာ စိတ်ထဲမှာ တွေးစရာတွေ အများကြီးရစေပါတယ်။

တင်ကြီးငှက်ပေါက်စလေးတွေ မပျံနိုင်သေးခင်မှာ မိခင်ဖခင်တွေက အစာရှာကျွေးပါတယ်။ အပျံသင်ပြီးလို့ ပျံတတ်ပြီဆိုရင် အစာရှာဖို့သင်ပေးပါတယ်။ တိရိစ္ဆာန်တို့ရဲ့ အစာရှာဖို့ သင်ကြားပုံက လူတွေထက်ပိုပြီး စည်းကမ်းတင်းကြပ်သလို ကြမ်းတမ်းပါတယ်။

တင်ကြီးငှက်တွေဟာ သားသမီးတွေကို အစာရှာသင်ပေးမယ်ဆိုရင် ပထမဆုံးငါးတစ်ကောင်ဖမ်းလာပါတယ်။ ပြီးရင်ငှက်အထီးက ငါးကိုသူ့ခြေသည်းကြားမှာကုတ်ထားပြီး အပေါ်ဆုံးအမြင့်ကနေပျံပါတယ်။

သူ့အောက်နားကနေ သားသမီးဖြစ်တဲ့ငှက်ငယ်ကို ပျံခိုင်းပါတယ်။ ငှက်ငယ်ရဲ့အောက်ကနေ မိခင်ငှက်မကပျံသန်းလိုက်ပါလာပါတယ်။ သားအမိသားအဖသုံးကောင် အထက်အောက်တန်းရက် ပျံလာရင်းနဲ့ အပေါ်ဆုံးကငှက်ထီးက ငါးကိုလွှတ်ချလိုက်ပါတယ်။

အဲ့ဒီငါးကို ငှက်ငယ်လေးက လေထဲမှာမိအောင်ဖမ်းရပါတယ်။ သူမမိရင် အောက်ကအသင့်ပျံသန်းလိုက်ပါလာတဲ့ မိခင်ငှက်မကြီးကဖမ်းပါတယ်။ ဖမ်းပြီးရင် အမေက အပေါ်ဆုံးပျံတက်ပြီး အဖေက အောက်ဆုံးနေရာပြန်ယူပါတယ်။

ငှက်ငယ်လေးကတော့ အလယ်မှာဘဲ နေရပါတယ်။ ပြီးရင်အမေက ငါးကိုလွှတ်ချပေးပါတယ်။ ငှက်ငယ်ကလေထဲမှာမိအောင်ဖမ်းရပါတယ်။ မမိရင် အောက်ကဖခင်ကဖမ်းပြီး အပေါ်ကမိခင်နဲ့ နေရာလဲပါတယ်။

အဲ့ဒီလိုပုံစံနဲ့ အလယ်ကပျံလိုက်လာတဲ့ ငှက်ငယ်ဟာ ငါးမမိမခြင်း ဖမ်းရပါတယ်။ တစ်နေကုန်မမိရင် အဲ့ဒီနေ့အတွက်အစာမစားရပါဘူး။ ငါးကိုလေထဲမှာ ဖမ်းတတ်ပြီဆိုရင် ရေထဲမှာဖမ်းတတ်အောင် သင်ပေးပါတယ်။

စည်းကမ်းကတော့ အပေါ်ကအတိုင်းပါဘဲ။ မမိရင် အဲ့ဒီနေ့အတွက် အစာမစားရပါဘူး။ ဒါ့ကြောင့် ငါးမဖမ်းတတ်တဲ့တင်ကြီးငှက်ဆိုတာ မရှိပါဘူး။ တစ်ခြားတိရိစ္ဆာန်အများစုမှာလည်း ထို့အတူပါဘူး။

ငါးတွေရေးကူးတတ်တယ်။ ပျံရမယ့်ငှက်တွေ ပျံတတ်တယ်။ သူ့အစာသူရှာမစားတတ်တဲ့ တိရိစ္ဆာန်ဆိုတာ မရှိပါဘူး။ ဒုက္ခိတဖြစ်သွားလည်း ကိုယ့်အစာကိုယ်ရှာစားရပါတယ်။ ကိုယ့်အစာကိုယ်မရှာနိုင်ရင် ငတ်သေရမှာပါ။

လူတွေမှာတော့ မိဘဆွေမျိုးတွေ သူငယ်ချင်းမိတ်ဆွေတွေကို မှီခိုနေလို့ရတာကြောင့် ကိုယ့်ဝမ်းကိုယ်မကျောင်းနိုင်သူတွေ အများကြီးရှိနေတာတွေ့ရပါတယ်။

Credit to ကိုထွဋ် (မြန်မာ)

Post a Comment