သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေပါသလဲ

`သင့်ဆီ က သင့် မေမေ ဘာတွေ
************************
လိုအပ်နေပါသလဲ´
*************

"သား အမေ့ ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့..."

"ဟာ..အမေ ကလည်းဗျာ ဒီမှာ သားလည်း မနည်းနွှင် စားနေရတာ..
အမေ စားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့ အမေရ...."

ထမင်းဝိုင်း မှ အမေအိုကြီး ၏ အကူ အညီတောင်းသံ သည် သားဖြစ်သူ၏ အော်ငေါက်သံနောက် တွင် တိုးလျှိုးပျောက်ကွယ် သွား၏... အသက် ၆၀ ကျော်နေပြီဖြစ်သော သူမ အတွက် ထမင်း တစ်လုတ် ကို ပါးစပ်ထဲ ထည့်ဖို့ လက်တွေ က ငယ်ငယ် ကလို သန်သန် မာမာ မရှိတော့...

ဇရာ ၏ နှိပ်စက်မှု သည် သူမ တစ်ကိုယ်လုံး ကို တုန်တုန် ချိချိ ဖြစ်စေခဲ့သည်.. သူမ ၏ အတွေး များသည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့ တရွေ့ရွေ့ ပြန်ရောက်သွား သည်...

သားငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ ကြမ်းပြင်ပေါ်တွင်လည်း ပြန့်ကျဲကျ လျှက်.... ထိုဟာများ ကို ရှင်းရသည့် အပြင် အရိုးစူး မှာ စိုး၍ အရိုးနွှင်ပေး ရသည်....

နွှင်ပေးသည့်ကြားက မတော်တဆ သား အရိုးစူးသည့် အခါ အရိုးမြန်မြန် ကျစေဖို့ ငှက်ပျောသီးချော့ ကျွေး ၍ သား ၏ ရင်ဘတ်လေး ကို ကြင်ကြင်နာနာ သပ်ပေးပြီး မိမိ၏ သေချာ ဂရုမစိုက်မှု အတွက်ကိုယ့်ကို ကိုယ် အပြစ်တင်မဆုံး ဖြစ်ခဲ့ရသည်...

ခု သူမ ကိုတော့သားသည် ထိုသို့ မဟုတ်ခဲ့....

သားရေချိုးသည့် အခါ ရေဇလုံ ထဲတွင် ပျော်ပါးမြူးတူးနေသည့် သားကို ချော်လဲမှာ စိုး၍ ထိန်းကျောင်းပေးခဲ့ ဂရု တစိုက် ရေချိုးပေးခဲ့ ရသည့် သူမ.. ခု ရေချိုးခန်း ထဲ ရှိရေညှိ များဖြင့် ချောနေသောကြမ်းပြင် ကို အမေချော် လဲမှာ စိုး၍ တိုက်ချွတ် ရှင်းလင်းပေးရမှန်း သား သတိမထား မိခဲ့...

ရေချိုးပြီးတိုင်း သနပ်ခါး လိမ်းတတ်သည့် သူမ အတွက် "သား ကိုယ်တိုင်သွေးထားတာမေမေ လိမ်းဖို့ "ဆိုသည့် အပြောမျိုး သား ပါးစပ်ဖျားက ထွက်ကျ လာသည်ကို သူမ လိုချင်မိသည်...

သို့သော် ငယ်စဉ် က သားကိုပေါင်ပေါ်တင်၍ မိမိသွေးထား သည့် သနပ်ခါး ကို သားမျက်နှာပေါ် ကိုယ်တိုင် ကိုယ်ကျ ပါးကွက် ညီညီ လိမ်းပေးတတ်သည့် အချိန်များ ကို သား မမှတ်မိတော့....

သား လက်သည်း ခြေသည်းလေးတွေ ကို တပတ် တခါ ညှပ်ပေးတိုင်း အသားလေး ကို ညှပ်မိမှာ စိုး၍ ဂရု တစိုက် ညှပ်ပေး ခဲ့သည့် သူမမေတ္တာ...

တခါ တရံ အသားကို ညှပ်မိ၍ သား ဆီမှ စူးခနဲ ထွက်ပေါ်လာသည့် ငိုသံ သည် သူမရင်ကို ဗလောင် ဆူအောင် ပြာယာ ခတ် စေခဲ့မှန်း သားမသိခဲ့.....

ခု သူမ လက်သည်းခြေသည်းတွေ ရှည် လာတော့ သား ကိုယ်တိုင် မိမိ ကို ဂရုတစိုက် ညှပ်ပေးတာမျိုး တမ်း တမိ သည်...သို့သော် "ဒါလေး လုပ်တာများ အမေရယ် ကိုယ်တိုင်ပဲ ညှပ်လိုက် ပါလား သား မအားဘူး" ဆိုသော သား အပြောအောက် တွင် သူမ ၏ စိတ်ကူးလေးများပျောက်ပျက် သွားခဲ့ရသည်.....

ကလေး ပီပီ ကစားကွင်း သွားရတာ နှစ်သက်သော သား အတွက် တပတ် တခါ အလုပ် အားရက်သည် သားနှင့် အတူ ကစားကွင်းတွင် အချိန်ကုန်စေဖို့ဖြစ်ခဲ့သည်...ပျော်ရွှင်မြူးတူးနေသော သားကိုကြည့်ရင်း
သူမ ရင်ထဲ တွင် တပတ်လုံး လုပ်ခဲ့ သမျှ အလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်...

ခုချိန် ဘုရားသွားချင် ၍ "သား ဘယ်နေ့အား လဲ အမေ့ ကို လိုက်ပို့ပါလား"ဟူသော မျှော်တလင့်လင့် အမေး ကို အလုပ် အားရက်တိုင်း သူငယ်ချင်း များနှင့် Golf သွား ကစားတတ်သော သား ၏ အချိန် များက သားကိုယ် စား အဖြေပေး ခဲ့သည်....

သား ငယ်စဉ်ကျောင်းမနေရသေးခင် ကာလ သူတွေ့ သမျှ စာများ ကို "မေမေ ဒါဘာရေးထား တာလဲ ဟင် သားကို ဖတ်ပြ " ဟူ၍ တွတ်တီး တွတ်တာ မေးတတ် သည်.... မိမိ အတွက် သားမေးတိုင်း ကျောင်းမနေ ရသေး ဘူး ငါ့သား က စာတွေ စိတ်ဝင်စားနေပြီ ဟူသော ပီတိဖြင့် သား ကို ဖတ်ပြ ရ ရှင်းပြရသည် မှာ
အမော တစ်ခုဟု မထင်မှတ်ခဲ့.....

ခု သူမ မျက်လုံးများ ဇရာ ၏ နှိပ်စက်မှုအောက်တွင် အရာရာ ကို ကြည့်ရမြင်ရ သည် မှာ မှုန် တ၀ါးဝါး...
သား ကို ဘာရေး ထားသည် လဲမေးတော့ သားနှုတ်ဖျား မှ ထွက်ကျ လာသည့် " ဒီလောက် စာလုံးကြီးကြီး နဲ့ရေး ထား တာ မမြင်ရ ဘူးလား အမေရာ "ဆိုသော စိတ် မရှည်သော သား ၏အော်သံ သည်
မာရသွန်ပြေးပြီး ပြန် လာသောကစား သမား တစ်ယောက် ထက် သူမ ရင်ကို ပို အမောဆို့စေခဲ့သည်....

သား ငယ်ငယ်က ညအိပ်ခါနီး တိုင်း မိမိ ပုံပြင် စာအုပ်လေးတွေ ဖတ်ပြ မှ သား အိပ်ပျော် တတ်သည်...
သူမ သည် သား အတွက် ပုံပြော ဆရာမ တစ်ဦးဖြစ်ခဲ့သည်...သားမေးသမျှကို စိတ်ရှည် လက်ရှည် ရှင်းပြ ခဲ့သည်..

ခု တရားစာအုပ်လေး ဖတ်ချင်သည့်အခါ သားကို အကူညီတောင်းမိတော့ "အမေကလည်း တရားခွေတွေ ရှိတာပဲ နားထောင်ပါလား " ဟူသော သား ၏ အပြော သည် မှုန်ဝါးဝါးဖြစ်နေသော
သူမ၏ မျက်လုံးအစုံကို ခေတ္တ ခဏ မိုးရွာစေခဲ့သည်....

သား သည် သူငယ်စဉ် ဘ၀ မိမိ ဂရုစိုက်မှုများ ကိုမေ့လျော့နေခဲ့သည်...
မိမိ ၏ လက်ရှိ အသက်အရွယ် သည် လူ့ ဘ၀၏ နေ၀င်ချိန်ရောက်နေပြီ ဆိုတာကို သား သတိ မထားမိခဲ့...

ဇရာထောင်းလာသော သူမအတွက် အစစ အရာရာ သည် ငယ်စဉ် ကလေးဘ၀လို သူတစ်ပါး အကူအညီ မပါဘဲ လုပ်ကိုင်ဖို့ ခဲယဉ်းသည် ဆိုတာ သားမသိ.... အကူအညီပေးသော ထို သူတစ်ပါး သည် မိမိရင် မှ
မွေးဖွား ခဲ့သော တစ်ဦးတည်းသော သားလေး ဖြစ်စေချင်သည် ကို သားမေ့နေခဲ့သည်....

ထို ဆန္ဒသည် အသက် အရွယ်ကြီးရင့် ၍ လူပို တစ်ယောက် လိုဖြစ်နေသော သူမ အတွက် သားကို ဒုက္ခပေး လိုခြင်း မဟုတ်...

သား ရင်ခွင်ထဲတွင်နေ ၍ သား ၏ ပြုစုမှု ကို တောင့်တမိသည်...ကြင်နာမှု ကို လိုချင် မိသည်..
သား ၏မေတ္တာ ကို မျှော်လင့် မိသည်....မိမိ ဘ၀ ၏ နောက်ဆုံး အချိန် များကို သား၏ ကြင်နာနွေးထွေးသော ဂရုစိုက်မှု များအောက်တွင် ကုန်ဆုံးချင် မိသည့် မိဘ တစ်ယာက် ၏ စိတ်ဆန္ဒ သက် သက် သာဖြစ်သည်....

သို့သော် အထီးကျန် ဆန်လှသော သူမ ၏ ဘ၀ သည် သူမ ၏ စိတ်ကူးနှင့် လွန်စွာခြားနား လှသည်.... မိမိ ရင်ခွင်ထဲ တွင် ပျော်ရွှင်မြူးတူး ဆော့ ကစားနေခဲ့သော သား ၏ ငယ်စဉ် ကာလ ပုံရိပ်လေး ကို
ပြန်လည်မြင်ယောင်ရင်း သူမ ၏ မျက်ရည် တစ်စ သည် ထမင်းဝိုင်းပေါ်ရှိ ထမင်း ပန်းကန် ထဲသို့ ပေါက် ခနဲ...................

သင် ၏ ကြင်နာနွေးထွေးသော မေတ္တာတရား ကို သင် ၏ မိဘ များ မျှော်လင့်နေကြသည်။

Credit to ကိုသောင်း (ပုလဲမြေ)

Post a Comment