မဟူရာစံအိမ်နှင့် တမလွန်ရွာ
**************
အပိုင်း(၃)
သာယာဖွယ် ကြီးမားသော တောနက်ကြီးထဲရောက်ရှိသွားသဖြင့် အားလုံးအံသြနေကြသည် ။
တောနက်ကြီးဟုဆိုသော်လည်း သစ်ပင်ချုံနွယ်များဖြင့် ပွေရှုပ်နေသောတောမဟုတ်ဘဲ ကျောက်စရစ်ခဲလေးများပြန့်ကြဲနေသော သဲဆန်ဆန်မြေသားပေါ်တွင် သစ်ပင်ပုလေးများ ၊ ရှည်မျောမျောလေးများ ၊ သစ်ပင်ကြီးများက ဟိုသည်တစ်ပင်စီ ရှိနေသည်မှာ သာယာသည်ဟု ဆိုရမည်လား ။
သဘာဝစမ်းချောင်းလေးများ တသွင်သွင်စီးဆင်းနေကြပြီး ရေမှာ ကြည်လင်နေသဖြင့် အောက်ခြေမှ ရောင်စုံကျောက်တုံးလေးများကို အတိုင်းသား မြင်နေရသည် ။
ထိုကဲ့သို့ အဖက်ဖက်က ပြည့်စုံနေသော်လည်း ကျေးငှက်သာဓကတို့၏ အော်မြည်သံများမှာမူ ထူးဆန်းစွာ ပျောက်ဆုံးနေသည် ။
" ဟာ . ငါတို့ဘယ်ကိုရောက်လာတာလဲ "
" ဟိမန္တာများ ရောက်နေတာလား "
" မဟုတ်လောက်ပါဘူး ... ဒါမြေအောက်ခန်းရဲ့ ဖန်တီးမှုတစ်ခုဆိုရင် ပုံသေတွက်လို့ မရနိုင်ဘူး ... စိတ်ကို လှည့်စားထားတဲ့ ပညာနဲ့ စီရင်ထားရင် ခု ငါတို့မြင်နေတာတွေက တကယ်မဖြစ်နိုင်ဘူး "
" မာဂ ရာ ... အဲ့လောက်လည်း တီတီထွင်ထွင် တွေးမနေပါနဲ့ .. ခုဘာလုပ်ကြမလဲ "
" အနားတစ်ဝိုက် ပတ်ကြည့်ရအောင် "
" သီရိတို့များ ခုတော့ တက်ကြွသားပဲ ... ခေါ်တုန်းကတော့ ဝေါယာဉ်နဲ့ မပင့်ရရုံတစ်မယ်ပဲ "
" ဟဲ့ ငါလည်း ဒီလိုမှန်းသိပါ့မလား "
" ကဲ လာ လာ ... သွားကြရအောင် "
အနားတဝ်ဝိုက်သို့ ပတ်ကြည့်ကြသည် ။
တောသည် အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီး လေပြေအချို့တိုက်ခတ်နေသဖြင့် သစ်ပင်များ မလှုပ်ချင်လှုပ်ချင်ဖြင့် နွဲ့ယမ်းနေကြသည် ။
တောင်ကုန်း တောင်တန်းလေးများ ၊ စမ်းချောင်းလေးများဖြင့် သာယာသောတောတောင်သဘာဝကိုကြည့်ကာ ကိုယ်စီ ကြည်နူးနေကြသည် ။
" ဟာ ... ဟိုမှာ ပန်းသီးတွေ "
ပန်သီးများ ပွတ်သိပ်စွာသီးနေသော ပန်းသီးပင်ကိုတွေ့သဖြင့် ပြေးကြသည် ။ ပန်းသီးများမှာ အောက်သို့ကြွေကျနေသဖြင့် မြေပြင်ပေါ်တွင် အတုံးအရုံး ။
ပြေးကာ အောက်မှပန်းသီးများကို ကောင်းနိုးရာရာ ရှာဖွေကြသည် ။
ဝါဝါက လတ်လတ်ဆတ်ဆတ် ကြွေကျထားသော ပန်းသီးကို အားရပါးရကိုက်စားလိုက်သည် ။
ဝါးနေရင်းက ပုပ်အဲ့အဲ့အနံ့ရလာသဖြင့် လက်ထဲမှ ပန်းသီးကို ကြည့်လိုက်ရာ ပိုးလောက်များ ပြွတ်သိပ်နေသည် ။
" အား ... ခွီး ... ထွီး .. "
" ဝေါ့ ... ဝေါ့ .. "
ထိုးအန်နေသော ဝါဝါကိုကြည့်ကာ အားလုံး ခွက်ထိုးခွက်လန် ရယ်ကြသည် ။
" သေချာမှ မကြည့်တာ "
" အစားငမ်းတာကိုး "
ကျန်လူများက ပန်းသီးကို သေချာစစ်ဆေးပြီးမှ ကိုက်ကြသည် ။
" ထွီး ... ဒီမှာလည်း လောက်တွေ "
" ဝေါ့ ... ထွီး "
" ဟာ ... အလုံးတိုင်းပဲ "
ပန်းသီးများမှာ အပြင်ပန်းက အကောင်းဖြစ်သော်လည်း အတွင်းပိုင်းတွင် လောက်ကောင်များ ဖွေးရွနေသည် ။
" အောက်က မကောက်တော့နဲ့ ... အပေါ်က ပစ်ချမယ် ... ဒါတွေက ကြွေကျတာဆိုတော့ မကောင်းဘူး "
မာဂက အရွယ်တော်ကျောက်ခဲသုံးလုံးကောက်ကာ ပစ်ချသည် ။
ပန်းသီးသုံးလုံး တစ်ပြိုင်တည်း ပြုတ်ကျလာရာ ဝါဝါနှင့် သီရိတို့ သွားကောက်ကြသည် ။
" ရော့ မာဂ ... ငါတို့တော့ မစားရဲတော့ဘူး "
" ပေးပေး "
မာဂက ပန်းသီးများကိယူကာ နီးရာကျောက်တုံးတွင် ထုခွဲကြည့်သည် ။
အလုံးတိုင်းတွင် ပိုးလောက်များအပြည့် ။
" စားလို့မရဘူးဟေ့ . . ဆက်သွားကြမယ် "
အားလုံးမှာ မြင်သာမြင်ပြီး စား၍မရသော ပန်းသီးပင်မှ ထူးဆန်းသောပန်းသီးများကိုကြည့်ကာ နှမျောတသဖြင့် သမင်လည်ပြန် သွားနေရသည် ။
သို့ဖြင့် ရှေ့သို့ဆက်သွားရာ တောင်ကုန်းလေးတစ်ကုန်းကို တွေ့လိုက်ရသည် ။ တောင်ကုန်းလေးသည် ပန်းရောင်စုံတို့ဖြင့် ဖုံးလွှမ်းနေသဖြင့် လွန်စွာ လှပသည် ။
" ဟေး ... ပန်းတွေ "
မိန်းကလေးသုံးယောက် ဝမ်းသာစွာအော်ဟစ်ရင်း ပြေးသွားကြရာ မာဂတို့လည်း နောက်မှ အမြန်လိုက်ကြရသည် ။
အရောင်အသွေးစုံလင်လှသော ပန်းခင်းကြီးသည် မည့်သည့်ပန်းအမျိုးအစားဖြစ်ကြောင်း သူတို့မသိ ။ ခါးစောင်းခန့်အမြင့်ရှိပြီး ကြီးမားသော အပွင့်ကြီးများပွင့်ပြီး ခေါင်ရမ်းပန်းများနှင့် ဆင်ဆင်တူသည် ။
" ဂစ် ... ဂစ် ...ဂစ် "
အနီးရှိ သစ်ပင်တစ်ပင်မှ ငှက်ဆိုးထိုးသံကြားရ သဖြင့် အားလုံးလန့်သွားကြသည် ။
" နေ့ခင်းကြောင်တောင်ကြီး ဘယ်ကငှက်ဆိုးက လာအော်နေတာလဲ "
" နိမိတ်မကောင်းဘူး "
" ဟေ့ ... ငါအခုမှ သတိထားမိတယ် .. နေ့ခင်းသာပြောတာ .. နေလည်းမရှိဘူး "
ဒေစီကျော်စကားကြောင့် သတိထားမိသွားပြီး ကောင်းကင်ကို မော့ကြည့်ကြသည် ။
နေမင်းကြီးမရှိ ။
အလင်းရောင် ကောင်းကောင်းရနေသဖြင့် သတိမထားမိကြပေ ။ နေမရှိသော်လည်း နေရှိသည့်အလား နေထိုင်သွားလာနိုင်သဖြင့် အခက်အခဲမရှိခြင်းဖြစ်သည် ။
" ငါတို့ ပြန်ကြရအောင် "
" ဟုတ်တယ် ... ငှက်ဆိုးသံကြားပြီး ငါ့စိတ်ထဲမှာ တစ်မျိုးကြီး ... အခြား တိရစ္ဆာန် တွေမရှိဘဲ ငှက်ဆိုးတစ်မျိုးတည်းရှိတာ ထူးဆန်းတယ် "
" ပြန်ကြမယ်လေ ... နောက်တော့ ထပ်လာတာပေါ့ "
" အင်း ... ကောင်းတယ် "
ထို့နောက် လက်ချင်းဆက်ကာ မျက်စိမှိတ်၍ မဟူရာစံအိမ်ကို အာရုံပြုထားလိုက်ကြရာ မေ့မြောသလိုဖြစ်သွားသည် ။
တစ်ဖန် ပြန်သတိရတော့ မြေအောက်ခန်းကြမ်းပြင်တွင် အတုံးအရုံးလဲကျနေကြသည် ။
~~~~~~~~~
ငါးရက်ခန့်အချိန်များကို တောင်ကြီးမြို့ ၊ အင်းလေး ၊ ပင်းတယ ရွှေဥမင်လိုဏ်ဂူသို့ လည်ပတ်ခြင်းများဖြင့် ကုန်လွန်စေခဲ့သည် ။
ထိုရက်များအတွင်း၌မြေအောက်ခန်းကိုပင် မေ့နေပြီး.ပျော်ရွှင်ခဲ့ကြသည် ။
လည်ပတ်ရာမှ ပြန်ရောက်သော် မြို့ထဲမှ ကြက်သုံးကောင် ဝယ်ခဲ့ကြသည် ။
တစ်ရက်တွင် နံနက်စာစားသောက်ပြီး မြေအောက်ခန်းသို့ ဆင်းကြသည် ။ မြေအောက်ခန်းသို့ရောက်သော် ရှေးနည်းတူစွာ အစီအရင်ပြုလုပ်ကြသည် ။
သွေးများသည် နံရံပေါ်မှ အရုပ်များကို အသက်ဝင်စေပြီးနောက် တောကြီးထဲသို့ ရောက်သွားပြန်လေသည် ။
" ဟာ ... အရင်တစ်ခေါက်ကနေရာ မဟုတ်ဘူးဟေ့ "
" ဟုတ်တယ် ... ပြောင်းသွားတယ် "
" ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်တော့ ကြာကြာလေးနေပြီး လေ့လာကြည့်ရအောင် "
တက်ညီလက်ညီဖြင့် ခြေဦးတည့်ရာ သွားကြ သည် ။
တောင်ကုန်းနိမ့်နိမ့်လေးတွေကို ကျော်ရသည် ။ ခြေသလုံးခန့်သာနက်ပြီး ကျယ်ပြန့်သော ရေချောင်းလေးများကို ဖြတ်ရသည် ။ သဲကန္တာရကဲ့သို့ သဲပြင်ကြီးကိုလည်း ဖြတ်ရသည် ။ သစ်ပင်ကြီးငယ်တို့ ထူထပ်သော တောအုပ်လေးကိုလည်းဖြတ်ရသည် ။ အဆုံးတွင် ကျယ်ပြန့်သော လွင်ပြင်ကြီးအနီးသို့ ရောက်ရှိသွားလေသည် ။
" ဟာ ... ဟိုမှာ အိမ်တွေဟေ့ "
ဒေစီကျော်၏ အော်သံကြောင့် အားလုံး ရှေ့တူရှု သို့ ကြည့်လိုက်ကြရာ လွင်ပြင်ကြီး၏အလယ်တွင် အိမ်ငယ်လေးများကို စနစ်တကျ စီရရီဆောက်လုပ်ထားသည်ကို တွေ့မြင်ကြရသည် ။
လိုင်းခန်းများကဲ့သို့ ပုံစံတူ ဝါးအိမ်လေးများမှာ အများအပြားတည်ရှိနေပြီး အလယ်တွင် ကြီးမားသော လမ်းမကြီး ဖောက်လုပ်ထားသည် ။
" လူတွေနေတဲ့ ရွာထင်တယ် .. သွားကြည့်ရအောင် "
" အတင့်မရဲကြနဲ့ လူဆိုးလား လူကောင်းလားမသိဘူး ... တော်ကြာ အန္တရာယ်ပေးမယ့်သူဆို ဘယ်လိုလုပ်မလဲ "
" ဒါဆို ငါတို့ ချုံတွေနဲ့ကွယ်ပြီး ချောင်းကြည့်ကြရင် မကောင်းဘူးလား "
" အဲ့လိုဆို မဆိုးဘူး "
သစ်ပင်နှင့် ချုံနွယ်အချို့ကို အကာအကွယ်ယူကာ ရွာအနီးသို့ တိုးကပ်သွားကြသည် ။
တဖြည်းဖြည်းနှင့် ရွာဖြင့်နီးလာသော်လည်း လူသံသူသံများမကြားရဘဲ တိတ်ဆိတ်နေသည် ။ လူတစ်ယောက်မှ မတွေ့ရပေ ။ ယုတ်စွအဆုံး ခွေးတစ်ကောင် ကြောင်တစ်မြီးမျှပင် မရှိ ။
သပ်သပ်ရပ်ရပ် သုံးပင်အိမ်လေးများသည် အင်ဖက်မိုး ဝါးထရံကာဖြင့် နေချင့်စဖွယ် ကောင်းလှသည် ။ တစ်အိမ်နှင့် တစ်အိမ် စည်းမကာထားပေ ။
" လူလည်းမရှိကြဘူး "
" အေးဟ .. အလုပ်သွားလုပ်ကြတယ်ပဲ ပြောဦး ... ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလောက်တော့ ကျန်ခဲ့ရမှာပေါ့ "
အားလုံး အလေးအနက်ထားကာ စဉ်းစားနေကြသည် ။
" သူတို့တွေ သေကုန်ကြတာလားမသိဘူး "
" အဝါမ. .. နင်တွေးလိုက်ရင် တစ်ဆုံးပဲနော် "
" ဒါဆိုဘာလို့ တစ်ယောက်မှ မရှိကြတာလဲ "
" ငါတို့ အတူလာကြတာလေ .. နင်မသိတဲ့နောက် ဘယ်သူကသိမှာလဲ "
" တော်ကြပါတော့ကွာ ... ငါတို့ ရွာထဲဝင်ကြည့်ရအောင် "
ဘယ်သူမှ မငြင်း ။
အားလုံး မျက်စိရှင်ရှင်ဖြင့် ရွာလယ်လမ်းမကြီးအတိုင်း လျှောက်လာကြသည် ။
အိမ်များတွင် တံခါးရွက်မတပ်ဆင်ထားပေ ။ ရှေ့၌ အဖီလေးချကာ ဝါးကပ်ခင်းထားသည် ။ အိမ်အနီးအနားတစ်ဝိုက်တွင် စိမ်းစိုစိုအပင်ဟူ၍ တစ်ပင်တစ်လေမျှပင် မတွေ့ရ ။
လမ်းမကြီးအတိုင်း လျှောက်လာကြရာ ရွာဆုံးသွားသော်လည်း လမ်းမကြီးမှာ မဆုံးသေးပေ ။ တောအုပ်ငယ်လေးတစ်ခုသို့ ဦးတည်နေပြန်သဖြင့် လမ်းမကြီးအတိုင်း လျှောက်လာခဲ့ကြသည် ။
တောအုပ်လေးတွင် သစ်ပင်ကြီးများမရှိဘဲ အရွယ်တော် သစ်ပင်လေးများသာရှိပြီး စိုက်ပျိုးထားသကဲ့သို့ သာယာလှသည် ။
ထိုမျှမကသေးဘဲ လမ်းဘေးဝဲ ယာတစ်လျှောက်တွင် ရောင်စုံပန်းများ ဖူးပွင့်နေကြပြန်သည် ။
ထိုပန်းများသည် ယခင်တစ်ခေါက်ကတွေ့ခဲ့သော ပန်းများဖြစ်ကာ ခေါင်ရမ်းပန်းနှင့် ဆင်ဆင်တူသည် ။
ဒေစီက အနီးရှိ ပန်းတစ်ပွင့်ကို ခူးလိုက်သည် ။
" ဂစ် .. ဂစ် . ဂစ် "
ငှက်ဆိုးထိုးသံကြောင့် အားလုံးလန့်သွားကြသည် ။
" ဟေ့ ဟေ့ ... ချုံထဲအမြန်ပြေးကြ ... ဟိုမှာ လူတွေလာနေပြီ "
မာဂက ရှေ့ လမ်းချိုးတစ်နေရာမှ လူရိပ်ကို လှမ်းတွေ့လိုက်သဖြင့် သတိပေးလိုက်ရာ အားလုံး လမ်းဘေးရှိ ချုံများထဲသို့ ဖြဲဝင်ခိုအောင်းလိုက်ကြရသည် ။
သိပ်မကြာမီ လမ်းအတိုင်း လူ ၅ ယောက် ခပ်သွက်သွက်လျှောက်လာသည်ကို မြင်လိုက်ကြသဖြင့် အသက်ပင် ကောင်းကောင်းမရှူဝံ့ကြပေ ။
လျှောက်လာသူအားလုံးမှာ ထောင်ထောင်မောင်းမောင်းနှင့် ယောက်ျားကြီးများဖြစ်ကြသည် ။
အနက်ရောင်ဝတ်ရုံကြီးများခြုံထားကြပြီး မျက်နှာများမှာမူ ဖွေးဖွေးဖြူနေသည် ။
လမ်းလျှောက်ပုံမှာလည်း တောင့်တောင့်ကြီးဖြစ်နေသဖြင့် အသက်မပါလှပေ ။
ထိုသူများ အဝေးရောက်သွားသော် အားလုံးပုန်းနေရာမှ ထရပ်လိုက်ကြသည် ။
" ကြောက်စရာကောင်းလိုက်တာ ... ဘယ်လိုလူတွေလဲမသိဘူး ... လူနဲ့လည်း မတူသလိုပဲ "
" ဟုတ်တယ်ဟ .. ငါဖြင့် ကြက်သီးတွေ ထတာ အရမ်းပဲ "
" ပြန်ကြရင် မကောင်းဘူးလား "
အားလုံး စကားများနေချိန်ဝယ် ဒေစီကျော်တစ်ယောက် မလှုပ်မယှက်ငြိမ်သက်ကာ တစ်စုံတစ်ခုကို တွေးနေသည် ။
" ဒေစီ ... နင်ဘာဖြစ်နေတာလဲ "
" ဟို ... ခုနက လူတွေထဲမှာ ငါ့အဖေပါသလိုပဲ "
" ဘာ ဒေစီ ... မဖြစ်နိုင်တာဟာ "
" ငါလည်း ဒါကိုပဲစဉ်းစားမရဖြစ်နေတာ ... ငါ ဘေးတိုက်တွေ့လိုက်တယ်ဆိုပေမယ့် ငါ့အဖေမှ ငါ့အဖေအစစ်ပဲ "
" ဒေစီရယ် ... နင့်အဖေသေသွားဖြင့် ကြာနေပြီပဲ "
" အေးဟ ... ငါမပြောတတ်တော့ဘူး "
" ဒေစီ ... နင်ဖေက သေပြီးနေပြီလေ ... အခု နင့်အဖေဆိုတော့ ... ဒါ ဒါ.လူတွေမဖြစ်နိုင်ဘူး "
သီရိက အလန့်တကြားပြောသည် ။ ဝါဝါတစ်ယောက်လည်း လွန်စွာမျက်နှာပျက်နေလေပြီ ။
" နင်ဘယ်လိုလုပ်ချင်လဲ ဒေစီ "
မာဂအမေးကို ဒေစီကျော်ချက်ချင်းမဖြေနိုင် ။
အတန်ကြာမှ
" ငါ့အဖေ ဟုတ်မဟုတ် ငါသေချာသိချင်တယ် "
" ဒေစီ ... နင့်အဖေဖြစ်တယ်ဆိုရင်ရော နင်ဘာလုပ်လို့ ရမှာလဲ "
" အေးလေဟာ ... ငါတို့အားလုံး ဒုက္ခရောက်ကုန်ပါဦးမယ် "
သီရိနှင့် ဝါဝါကပြောသည် ။ ထိုအခါ မာဂက
" ကဲ ငါအားလုံးကို အကြံတစ်ခုပေးမယ် ... ငါတို့ ဒီနေရာကိုလာတာဟာ ဒါနောက်ဆုံးပဲ ... နောက်တစ်ခေါက် ထပ်မလာတော့ဘူး ... ဒီတော့ ငါက ခုရောက်တုန်း ဒီလူတွေအကြောင်းကို စူးစမ်းချင်သေးတယ် ... ပြောရရင် ဒီလူတွေအကြောင်းကို တိတိပပသိတဲ့အထိ နေချင်သေးတယ် ...
ဒါက ငါ့သဘောကို ပြောတာနော် ... နင်တို့လည်း နင့်တို့ စိတ်ထဲမှာရှိတဲ့အတိုင်း ဆုံးဖြတ်ကြ .. ပြန်ချင်ရင်လည်း ပြန်နိုင်တယ် ...
ကဲ .. ဇာနည်နဲ့ ရဲရဲ .. မင်းတို့ရော ဘယ်လိုလဲ"
" ငါလည်းစိတ်ဝင်စားတယ် ... မပြန်သေးဘူးကွာ .. မင်းနဲ့ပေါင်းမယ် "
" ငါလည်း အတူတူပဲ.. ဒီလိုနေရာမျိုးကို နောက်တစ်ခေါက်ရောက်နိုင်ဖို့က မလွယ်ဘူးလေ .. ရှေ့မှာ ဒီထက်ပိုတဲ့ စိတ်ဝင်စားစရာတွေနဲ့ ကြုံရလိမ့်မယ်လို့ ငါထင်တယ် .. မပြန်သေးဘူး "
" ဟုတ်ပြီလေ .. ဒါဆို ဒေစီရော "
" ငါလည်း မပြန်သေးဘူး ... ငါ့အဖေဒီမှာရှိမရှိ ငါသေချာသိချင်တယ် "
" သီရိနဲ့ ဝါဝါကရော "
သီရိနှင့် ဝါဝါတို့မှာ မျက်နှာငယ်လေးများဖြင့် အားလုံးကို ပြူးကြည့်နေကြသည် ။
" နင်တို့သဘောပါ ... ပြန်ချင်တယ် ဆိုရင်လည်း နင်တို့နှစ်ယောက်ဆို ပြန်လို့ရတာပဲ ... ပြန်ရောက်တာနဲ့ မြေအောက်ခန်းထဲက ချက်ချင်းထွက်ပြီး အပေါ်မှာ တက်နေကြပေါ့ "
အတန်ကြာ ငြိမ်သက်နေပြီးနောက် ကတုန်ကယင် ဖြင့်
" ငါ .. ငါတို့ မပြန်တော့ပါဘူးဟာ "
" ဘာပဲဖြစ်ဖြစ် အားလုံး မျှဝေခံစားကြတာပေါ့ ... "
သီရိနှင့် ဝါဝါတို့ပါ မပြန်ဖြစ်ကြသဖြင့် အားတက်သွားကြသည် ။
၎င်း နောက် လမ်းမပေါ် တက်မလျှောက်ဘဲ တောအုပ်အတွင်းမှ အဆင်ပြေသလို တိုးဝှေ့လာခဲ့ကြသည် ။
အတန်ကြာသွားမိသော်
" ဟာ ... ဟိုမှာကြည့်စမ်း "
ဇာနည်က ရှေ့သို့ ညွှန်ပြသည် ။
" ဟင် "
" အလို "
ရှေ့တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည် ။
အဘယ့်ကြောင့်ဆိုသော်.. .
ထုထည်ကြီးမားလှသော် နန်းတော်တမျှ ခန်းနားလှသည့် အဖြူရောင် အိမ်ကြီးတစ်လုံးကြောင့်ပင် ဖြစ်သည် ။
အခန်းခန်း အဆောင်ဆောင် ၊ အချွန်အတက်မျိုးစုံ ၊ မျှော်စင် ၊ လေသာဆောင် ၊ အနုအလှမျိုးစုံ တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်မှာ မြင်ရသူအဖို့ ရင်သပ်ရှုမောဖွယ်ရာ အတိဖြစ်သည် ။
ထိုအိမ်တော်ကြီးကို ခုနှစ်ထပ် မြင့်သောအဆောင် ၊ ခြောက်ထပ် ၊ ငါးထပ် ... အစရှိသဖြင့် အဆောင်အမျိုးမျိုးကို ပေါင်းစပ်ဖွဲ့စည်းထားသည်မှာ လွန်စွာလက်ရာမြောက်လှသည် ။
" နန်းတော်ကြီးလားမသိဘူး "
" ဟုတ်ပါရဲ့ ဟယ် ... ဒီလောက် ကြီးကျယ်ခန်းနားတာမျိုး တစ်ခါမှ မမြင်ဖူးဘူး "
" ဘယ်သူနေဖို့များ ဆောက်ထားတာပါလိမ့် "
" နေတဲ့လူထက် ဆောက်ခဲ့တဲ့ လူတွေက ပိုပြီး လေးစားဖို့ကောင်းတာ "
" ငါတို့ အဲ့နား သွားကြည့်ရအောင် "
" ဖြစ်ပါ့မလား "
" ဖြစ်ပါတယ်ဟ ... သူတိုမမြင်အောင် ခိုးကြည့်မှာပေါ့ "
သို့ဖြင့် ပုန်းလျှိုးကွယ်လျှိုးဖြင့် အဖြူရောင် နန်းတော်ကြီးဆီသို့ ချဉ်းကပ်ခဲ့ကြသည် ။
မလှမ်းမကမ်းနေရာသို့ရောက်သော် ပန်းချုံနွယ်များကြားမှ ချောင်းကြည့်ကြရာ အနီးကပ်မြင်ရသော အိမ်ကြီးမှာ ပို၍ပင် အနုပညာမြောက်စွာတည်ရှိနေသည်ကို တွေ့ကြရသည် ။
အဖြူရောင် ကျောက်တုန်းများဖြင့် တည်ဆောက်ထားဟန်ရှိပြီး တံခါးပေါက် ၊ ပြတင်းပေါက်များတွင် တံခါးရွက်များမရှိပေ ။
အောက်ရှည်တွင် ကြီးမားသော ဝင်ပေါက်ကြီးရှိပြီး တစ်ဖက်လျှင် လူမည်းကြီး ခြောက်ယောက်က ဓားကောက်ကြီးများကိုင်ကာ စောင့်နေကြသည် ။
လူမည်းကြီးများသည် သက်ရှိဟုထင်မှတ်စရာမရှိဘဲ ကျောက်ရုပ်များကဲ့သို့ ငြိမ်သက်နေကြသည်မှာ အသက်ပင် ရှူလေဟန်မရှိ ။
နန်းတော်ကြီးရှေ့တစ်ဝိုက်တွင်လည်း လူမည်းကြီးအချို့ ဥဒဟို သွားလာနေကြသည် ။ ထို့ပြင် နန်းတော်တွင်းမှ လူမည်းများကိုပါ တစ်စွန်းတစ်စ လှမ်းမြင်ကြရသည် ။
နန်းတော်ကြီး၏ အထက်တွင် ငှက်အချို့ ပျံဝဲနေကြပြီး အချို့မှာ ပြတင်းများ ၊ ခေါင်မိုးများ နှင့် လေသာဆောင် လက်ရန်းများပေါ်တွင် နားနေကြသည် ။
ထူးဆန်းသည်မှာ ထိုငှက်များအားလုံးသည် လင်းကောင်ပိုးငှက်များပင်ဖြစ်သည် ။
မာဂတို့အုပ်စုသည် အခြေအနေကို အကဲခတ်နေပြီး ပြန်ဆုတ်ရန် အချက်ပြလိုက်သည် ။
ထိုစဉ်
" ဂစ် .. ဂစ် .. ဂစ် "
လင်းကောင်ပိုးငှက်၏ အော်သံ ဆူညံစွာ ထွက်ပေါ်လာလေသည် ။
ထိုငှက်သည် သူတို့ခေါင်းပေါ်တည့်တည့်တွင် ပျံဝဲအော်မြည်နေခြင်းဖြစ်ပြီး မကြာမီ အခြားငှက်များပါရောက်လာကာ အော်ဟစ်ကြလေသည် ။
" ဂစ် .. ဂစ် ... ဂစ် ... "
" ဂစ် ... ဂစ် ... ဂစ် ... "
ထိုကဲ့သို့ ဝိုင်းအုံအော်ဟစ်ကြရာ လူမည်းကြီးများ သတိထားမိသွားလေသည် ။ ထို့ကြောင့် လူမည်းလေးယောက် သူတို့ရှိနေရာသို့ လျှောက်လာကြသည် ။
" ဟာ ... ဟိုမှာ လူမည်းကြီးတွေလာနေပြီ "
" ဟုတ်တယ် ... ပြေး .. "
အားလုံး ဝရုန်းသုန်းကားဖြစ်ကာ တောအုပ်အတွင်းသို့ ပြေးဝင်ခဲ့ကြသည် ။
ယောက်ျားလေးများမှာ အမြန်ပြေးနိုင်သော်လည်း မိန်းကလေးများကို ငဲ့နေကြရသဖြင့် လွတ်လပ်စွာမပြေးနိုင်ကြပေ ။
နောက်မှ လိုက်လာသောလူမည်းကြီးများသည် ပြေး၍ လိုက်ခြင်းမဟုတ်ဘဲ တစ်လှမ်းချင်းလျှောက် လာကြ၍ တော်သေးသည် ။
သို့သော် ဘယ်လောက်ပြေးပြေး နောက်တွင် ပြတ်ကျန်ခဲ့သည်မရှိဘဲ မလှမ်းမကမ်းမှ လိုက်ပါလာသည် ။
" ဂစ် ... ဂစ် ... ဂစ် ... "
ခေါင်းပေါ်မှ ငှက်များက အော်မြည်ရင်းလိုက်ပါလာရာ အမြန်ပြေးကြရသည် ။
အိမ်သို့ပြန်ရန် သတိရမိသော်လည်းခဏမှ ရပ်နား၍မဖြစ် ။ ရပ်လိုက်သည်နှင့် နောက်မှလိုက်လာသော လူမည်းကြီးများက ကွိခနဲ့ မိသွားမှာ အသေအချာပင် ။
" အူ ... ဝူး ... ဝူး ... "
သူတို့ရှေ့မှ ခွေးအူသံကို ကြားလိုက်ကြသည် ။
ခွေးအူသံနှင့် ရှေးမနှောင်းမှာပင် သူတို့သွားမည့်လမ်းရှေ့တွင် ပိတ်ရပ်နေသော ခွေးနက်ကြီးနှစ်ကောင်ကို တွေ့လိုက်ကြရသည် ။
တစ်ကိုယ်လုံး နက်ချိပ်နေပြီး လူ့ခါးစောင်းခန့် အမြင့်ရှိသည် ။ မျက်လုံးများမှာ ဟင်္သာပြဒါးကဲ့သို့ ရဲရဲနီနေပြီး အစွယ်ငေါငေါထွက်နေသည် ။
သွားများမှာလည်း ချွန်တက်နေပြီး လျှာကြီးက အပြင်သို့ တွဲလောင်းကျကာ သူတို့ကို စိုက်ကြည့်နေသဖြင့် ခြေလှမ်းများတန့်သွားကြသည် ။
နောက်လှည့်ကြည့်တော့လည်း လူမည်းကြီးများက ကပ်လာနေပြီမို့ ဘာမှ လုပ်ချိန်မရ ။ ပြန်ရန်အတွက် စိတ်တည်ငြိမ်စွာနှင့် ငါးမိနစ်ခန့် အချိန်ပေးနိုင်မှ ဖြစ်မည် ။
ယခုအခါ၌ ထိတ်လန့်ကြောက်ရွံ့မှုများနှင့်အတူ မောပန်းနေသည့်အပြင် ငါးမိနစ်ခန့်သာ ငြိမ်ရပ်နေပါက ခွေးအစာပဲဖြစ်မလား ၊ လူမည်းကြီးများ၏ ဓားကောက်စာပါမိမလား မပြောတတ် ။
" ဝေါင်း ... "
" ခွီး ... "
မာန်ဖီသံနှင့်အတူ ခွေးကြီးနှစ်ကောင် ရှေ့သို့တိုးလာသည် ။ နောက်မှ လူမည်းများနှင့်လည်း လွန်စွာနီးကပ်နေပြီမို့
" ပြေး ... "
" ပြေးကြ "
အော်သံများနှင့် အတူ ပြေးကြရာ ကြိုတင်တိုင်ပင်ထားခြင်းမရှိသဖြင့် အဘက်ဘက်သို့ ကွဲထွက်ကုန်ကြလေသည် ။
အသက်အန္တရာယ်နှင့် လုပြေးနေရချိန်မို့ အခြား လူများအား သတိမမူနိုင်ပဲ မိမိလွတ်မြောက်ရေးကိုသာ လုံးပန်းနေရသည် ။
ထိုသို့ပြေးရင်း ရဲရဲနှင့် ဝါဝါက တစ်တွဲ ၊ ဇာနည်နှင့် သီရိတို့က တစ်တွဲ တွဲမိကာ ပြေးနိုင်သလောက် ပြေးကြသည် ။
တောင်ကုန်းများ ၊ စမ်းချောင်းများ ၊ တောအုပ်များကို အကြိမ်ကြိမ်ဖြတ်ကျော်ရင်း ငှက်ဆိုးများ၏ စက်ကွင်းမှ လွတ်မြောက်သွားကြလေသည် ။
ရဲရဲနှင့် ဝါဝါတို့မှာ စမ်းချောင်းတစ်ခုအနီးသို့ ရောက်ရှိနေခြင်းဖြစ်ပြီး အခြားသူများကို စောင့်ကြည့်ကြသည် ။
" အဝါရေ ... ငါတို့ ဘယ်လိုလုပ်ကြမလဲ ... ဘယ်သူမှလည်း ရောက်မလာကြဘူး "
" ငါတော့ အရမ်းကြောက်နေပြီ ... ပြန်ချင်တာပဲသိတယ် "
" ခဏလောက်စောင့်ကြည့်လို့မှ မလာကြရင် ပြန်ကြမယ်လေ "
" သူတို့ကို ထားခဲ့လို့ ကောင်းပါ့မလား "
" ငါတို့လည်း ပြေးမိပြေးရာ ပြေးလာတာပဲ .. သူတို့ကိုတောင် သတိမထားမိဘူး ... သူတို့လည်း ပြန်ကြမှာပေါ့ "
" အေးလေ ... နင့်သဘောပဲ "
အတော်ကြာစောင့်ကြည့်သော်လည်း မည်သူမှ ရောက်မလာကြသဖြင့် နှစ်ယောက်သား လက်ချင်းဆက်ကာ မဟူရာစံအိမ်သို့ အာရုံပြုလိုက်ကြသည် ။
ထိုနည်းတူစွာ ဇာနည်နှင့် သီရိတို့နှစ်ယောက်မှာလည်း အခြားလူများနှင့် ဆုံလို့ဆုံငြား စောင့်နေကြသည် ။
" ဟယ် ... ဇာနည် .. ဟိုမှာ ပြေးလာတာ မာဂ မဟုတ်လား "
" အေး ... ဟုတ်တယ် ... တော်သေးတာပေါ့ .. အချိန်မီရောက်လာလို့ .. နို့ဆို မာဂ တစ်ယောက်တည်း ဒုက္ခရောက်မလို့ "
မာဂ တစ်ယောက် အမောတကောဖြင့် ရောက်လာသည် ။
" မာဂ .. မင်းတစ်ယောက်တည်းလား "
" ဟုတ်တယ် ... အခြားလူတွေ မတွေ့ဘူးလား "
" ငါတို့လည်း စောင့်နေတာပဲ ... မတိုင်ပင်ဘဲ ပြေးကြတော့ လွဲကုန်တာပေါ့ .. ရဲရဲ ၊ ဝါဝါနဲ့ ဒေစီတို့ က တစ်ဖက်ပြေးသွားကြတာထင်တယ် "
" ဟုတ်လိမ့်မယ် .. ငါတောင် မင်းတို့နှစ်ယောက်ကို ရိပ်ခနဲ့ တွေ့လိုက်လို့ ပြေးလာတာ "
" ငါတို့ ပြန်ကြမလား "
" ပြန်သင့်နေပါပြီ "
" ပြန်တာတော့ ဟုတ်ပါပြီ ... လူမစုံရင် ဘယ်လိုလုပ်မလဲ ... တစ်ယောက်တည်း ကျန်နေတာတို့ .. တစ်ယောက်တည်း ကွဲနေတာတို့ဆိုရင် ဘယ်လိုမှ ပြန်လို့ရမှာမဟုတ်ဘူး "
" ဒါဆို ဘယ်လိုလုပ်ကြမလဲ "
သုံးယောက်သား ဘာမှ မပြောနိုင်ကြ ။
" တောထဲမှာ လိုက်ရှာရင်လည်း လူမည်းနဲ့ တွေ့ရင်တွေ့ .. မတွေ့ရင် ခွေးနက်ကြီးတွေနဲ့တွေ့ပြီး သေမှာဟ ... "
" မာဂ ... သူတို့သုံးယောက်ဆုံပြီး ပြန်သွားတာနေမှာပါ ... ဘာလို့လဲဆိုတော့ သူတို့ပြေးတာ တစ်ဖက်တည်းဟ .. ပြန်ကြည့်မှ အဖြေသိရမှာဟ .. ပြီးမှ ဘာလုပ်သင့်တယ်ဆိုတာ ဝိုင်းစဉ်းစားကြတာပေါ့ "
" ဟုတ်တယ်မာဂ .. ပြန်ကြည့်မှ လူစုံမစုံသိမှာမို့ ပြန်ကြရအောင် "
" အေးလေ ... ဒီလိုပဲ လုပ်ရတော့မှာပေါ့ .. ဒါပေမယ့် ငါ့စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေတယ် .. ဘာပဲဖြစ်ဖြစ် ပြန်ကြမယ် "
ထို့နောက် လက်ချင်းဆက်ကာ မဟူရာစံအိမ်သို့ အာရုံပြုလိုက်သည်နှင့် ..... ။ ။
********
ဆက်ရန် >>>
>>> ဇာတ်သိမ်းပိုင်း
ဂမ္ဘီရရွာ
မဟူရာစံအိမ်နှင့် တမလွန်ရွာ အပိုင်း၃
in
မဟူရာစံအိမ်နှင့် တမလွန်ရွာ
- on 2:25 AM
- No comments
Post a Comment