မဟူရာစံအိမ်နှင့် တမလွန်ရွာ
***************
အပိုင်း(၄)
ဇာတ်သိမ်း
ဒေစီကျော်တစ်ယောက် ပြေးမိပြေးရာသို့ ပြေးလာခဲ့ရာ အဖော်များနှင့် ကွဲသွားလေသည် ။
တစ်ယောက်တည်း အားငယ်ထိတ်လန့်မှုအပြည့်ဖြင့် သစ်ပင်များထူရာသို့ ပြေးနေမိသည် ။ အဝေးမှ ငှက်ဆိုးအော်သံနှင့် ခွေးဟောင်သံများကို မပီမသ ကြားနေရသည် ။
" ဟင် ... ဘယ်သူမှလည်း မတွေ့ဘူး ... ငါတစ်ယောက်တည်း ဘယ်လိုလုပ်ရမလဲ ... သူ သူတို့ ပြန်များပြန်ကုန်ကြပြီလားမသိဘူး ... ငါတစ်ယောက်တည်းသာဆို ဘယ်လိုမှ အိမ်ပြန်လို့ရမှာမဟုတ်တော့ဘူး "
တွေးရင်း ဝမ်းနည်းလာရာ မျက်ရည်များပင် စီးကျလာသည် ။
ထို့ကြောင့် ဆက်မပြေးတော့ဘဲ တောအုပ်အလယ်ရှိ သစ်ပင်အောက်၌ ထိုင်ကာ ငိုကြွေးနေမိတော့သည် ။
" ငါ .. ငါ ဘယ်လို အိမ်ပြန်ရမလဲ ... ငါ့ဘဝတော့ ဆုံးပါပြီ ... ဒီတောထဲမှာ တစ်ယောက်တည်း .. ငါဘယ်လို နေရမလဲ "
တစ်ကိုယ်တည်း ညည်းတွားရင်း ငိုနေရာမှ ဒေစီကျော်၏ လက်မောင်းကို တစ်စုံတစ်ယောက်က ဖမ်းဆွဲလိုက်သဖြင့် လန့်သွားသည် ။
" ဟင် ... ဖေဖေ "
အဝတ်နက်ကြီးခြုံထားသော သူမ၏ ဖခင်ကို တွေ့လိုက်ရသဖြင့် လွန်စွာ ဝမ်းသာသွားသည် ။
" လာ ... သမီး ... မြန်မြန်လာ "
ဟုဆိုကာ သူမကို ကျောက်တုံးကြီးများအနီးသို့ ဆွဲခေါ်သွားလေသည် ။
ကြီးမားသောကျောက်တုံးများကြား ဝင်ရောက်ပုန်းခိုနေရင်း ဒေစီကျော် အတိုင်းမသိ ဝမ်းသာနေမိသည် ။
" သမီး ... သမီးတို့ ဘာလို့ ဒီနေရာကိုလာကြ တာလဲ ... မဟူရာစံအိမ်ကြီးကို မရောင်းပစ်သေးဘူးလား "
" မရောင်းဖြစ်သေးပါဘူး အဖေ ... သမီးတို့ သူငယ်ချင်းတွေ မြေအောက်ခန်းထဲက စာတွေဖတ်ပြီး စိတ်ဝင်စားလို့ စူးစမ်းကြည့်တာပါ "
" မိုက်လိုက်တာ သမီးရယ် "
ဂရုဏာသံဖြင့်ပြောနေသော ဖခင်ကို သူမအတန်ကြာ စိုက်ကြည့်နေမိသည် ။ ဖြူဖတ်သော မျက်နှာ ၊ အရောင်မှိန်လှသော မျက်လုံးများနှင့် အေးစက်စက်အပြောများမှလွဲလျှင် အခြား ပြောင်းလဲခြင်းမရှိပေ ။
" ဖေဖေ ... ဖေဖေက ဘာလို့ ဒီနေရာကိုရောက်နေတာလဲဟင် ... ပြီးတော့ ဒါ ဘယ်လိုနေရာမျိုးလဲ "
သက်ပြင်းချသံသဲ့သဲ့ကို ကြားရသည် ။
" ဒီနေရာဟာ သက်ရှိလူသားတွေ မလာအပ်တဲ့ နေရာတစ်ခုပဲ .. အလွယ်ပြောရင် တမလွန်ရွာပေါ့ .. သေဆုံးပြီးသားလူတွေသာ ဒီမှာနေကြတာ "
" သေတဲ့လူတိုင်း ဒီနေရာကို ရောက်ကြရတာပေါ့ "
" မဟုတ်ဘူးသမီး ... ဝဋ်ကြွေးတစ်ခုကြောင့် ဒီမှာ ပေးဆပ်ကြရတာ "
" ဘယ်လိုဝဋ်ကြွေးမျိုးလဲ ဖေဖေ .. ဖေဖေလည်း ဝဋ်ကြွေးကြောင့် ဒီကို ရောက်လာခဲ့တာပေါ့ "
" ဒီအကြောင်းတွေပြောရရင် ဖေဖေ့အကြောင်းကို ပြောပြရင် ပြည့်စုံပါတယ် ... ပြီးတော့ ဖေဖေ ဘာကြောင့် ဒီနေရာကို ရောက်ခဲ့ရသလဲဆိုတာ သမီးလည်း သိရတာပေါ့ "
" ဟုတ် ဖေဖေ ... သမီးစိတ်ဝင်စားပါတယ် "
" ဒီလို သမီးရဲ့ .. ဖေဖေတို့ မိသားစုက အရင်က အရမ်းဆင်းရဲတာ ... သမီးရဲ့ ဖိုးဖိုး ဖွားဖွား နဲ့ ဖေဖေတို့ မနားမနေလုပ်မှ ထမင်းနပ်မှန်အောင် စားနိုင်တာ ...
ဖေဖေတို့က အရင်က ရှမ်းပြည်မှာနေတာလေ .. မဟူရာစံအိမ်ဆိုတာ ဖေဖေတို့ရဲ့ ဘိုးဘွားပိုင် ပေါ့ .. မဟူရာစံအိမ်မဖြစ်ခင်ကတော့ အဲ့နေရာမှာ တဲစုတ်လေးပေါ့ ...
ဖေဖေလည်း အရွယ်ရောက်လာပြီး သမီးမေမေနဲ့ အိမ်ထောင်ကျတယ် ... သမီးမေမေတို့ဖက်ကလည်း ဆင်းရဲတာပဲဆိုတော့ ဆင်းရဲတွင် နက်သထက် နက်တာပေါ့ ...
ရရာအလုပ်ကြိုးစားလုပ်ကိုင်ရင်း သမီးလေးကို မွေးခဲ့တယ် ... မကြာပါဘူး .. အဖေရော အမေရော ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးပါးသွားခဲ့တယ် ...
ဒီလိုနဲ့ ဆင်းဆင်းရဲရဲ နေလာရင်း တစ်နေ့မှာ မိတ်ဆွေတစ်ယောက်က လမ်းညွှန်ပေးလို့ ဆရာကြီးတစ်ယောက်နဲ့ တွေ့ပါရော ...
ဖေဖေလည်း ဆရာကြီးကို အကူအညီတောင်းတာပေါ့ ... ဖေဖေ့မိတ်ဆွေဆိုတာလည်း ဖေဖေနဲ့ ဘဝတူတွေပဲလေ ... သူပါ ဆရာကြီးကို အပူကပ်တယ် ...
ချမ်းသာနိုင်မယ့် နည်းလမ်းကိုပေါ့ ... ဆရာကြီးက အင်မတန် အစွမ်းထက်တာလို့ နာမည်ကြီးနေတာကိုး .. အဖေတို့လည်း အမျိုးမျိုး တောင်းပန်ကြည့်တာပေါ့ ...
နောက်တော့ ဆရာကြီးက ပြောတယ် .. သူကူညီပေးနိုင်တာ တစ်ခုတော့ရှိတယ်တဲ့ .. ဒါပေမယ့် စဉ်းစားပြီးမှ ဆုံးဖြတ်ဖို့ တစ်ခါတည်းပြောတယ် ..
သူက ဘယ်လိုကူညီပေးမလဲဆိုတော့ ... အစီအရင် ပြုလုပ်ပြီး ဖေဖေတို့နှစ်ယောက်ကို တမလွန်ရွာက သခင်မဆီ ပို့ပေးမယ် ... ဟိုရောက်ရင် ကတိသစ္စာပြုပြီး ရွှေငွေရတနာတွေ အသနားခံဖို့ပါပဲ "
စကားကို ခဏရပ်လိုက်သည် ။
" ဘယ်လို ကတိသစ္စာမျိုးလဲဖေဖေ "
စိတ်ဝင်စားသောကြောင့် မနေနိုင်ဘဲ မေးလိုက်မိသည် ။
" ရတနာတွေကို အလိုရှိသလောက် ယူနိုင်တယ် ... ဒါပေမယ့် ယူသွားတဲ့ ပစ္စည်းပမာနနဲ့ ညီမျှတဲ့ အသက်ကို ပေးဆပ်ရမယ် ... ဥပမာ .. ငါးကျပ် သားတန်ဖိုးဟာ အသက် တစ်နှစ်စာနဲ့တွက်ရင် ယူမိတဲ့ ငါးကျပ် သားအတွက် အသက်တစ်နှစ်တိုသွား မယ် ..
အချိန်အခါမရွေး လာယူခွင့်ရှိတယ်ပေါ့ ... "
" ဟင် .. ကြောက်စရာပဲ ဖေဖေ "
" ဟင်း ဟင်း ... မပြီးသေးဘူး သမီးရဲ့ "
" ကျန်သေးတယ်ပေါ့ "
" အဲ့လို ယူမိတဲ့သူဟာ လူ့သက်တမ်းစေ့ မနေနိုင်ရုံပါမကဘူး ... သေပြီးရင်လည်း သခင်မဆီမှာ အမှုထမ်းပါ့မယ်ဆိုပြီး ကတိပေးရတယ် ... တစ်ခါပဲ ယူယူ .. အခါခါပဲ ယူယူ .. သေပြီးတာနဲ့ တမလွန်ရွာကို ရောက်ကြရမှာပဲ "
" ဒါ ဒါဆို ဖေဖေလည်း ယူခဲ့တာပေါ့ "
" ဟုတ်တယ် သမီး ... ဆရာကြီးက အကြိမ်ကြိမ် စဉ်းစားခိုင်းပါသေးတယ် ... ဖေဖေတို့လည်း ဆင်ရဲတဲ့ဒဏ်ကို မခံနိုင်တာရယ် .. သမီးလေးရှေ့ရေး ရယ်ကို စဉ်းစားပြီး လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ် ...
ဆရာကြီးက အစီအရင်တွေ လုပ်ပြီး ဖေဖေတို့နှစ်ယောက်ကို တမလွန်ရွာကို ပို့ပေးခဲ့တယ် ..
တောထဲရောက်တော့ လူမည်းကြီးတွေ ဖမ်းဆီးခြင်းကို ခံရပြီး သခင်မဆီ ရောက်သွားကြတယ် ..
သခင်မက စစ်ဆေးမေးမြန်းတော့ ဖေဖေတို့လည်း ရတနာတွေပေးဖို့ တောင်းဆိုတာပေါ့ ... သခင်မကလည်း ကတိသစ္စာပြုနိုင်ရင် အလိုရှိသလောက် ယူနိုင်တယ်ပြောတော့ ဖေဖေတို့လည်း ဝမ်းသာသွားတာပေါ့ ...
နောက်တော့ ရတနာတစ်ယောက်တစ်ထုပ်စီယူပြီး ပြန်ခဲ့ကြတယ် ... ရတနာတွေရပြီး ချမ်းသာတော့မှာမို့ ကိုယ့်အသက်ကိုတောင် နှမျောရမှန်း မသိတော့ဘူး ...
ပြန်ရောက်တာနဲ့ မဟူရာစံအိမ်ကြီးကို ဆောက်တယ် .. တစ်နေ့တော့ ဆရာကြီးက သူခရီးထွက်တော့မယ့်အကြောင်းပြောတယ် ..ဖေဖေတို့လည်း သူမရှိရင် သွားလို့မရဘူးလေ ...
အဲ့ဒီမှာ ဆရာကြီးက မဟူရာစံအိမ်ကြီးရဲ့အောက်မှာ မြေအောက်ခန်းတူးခိုင်းပြီး အစီအရင်ပြုပေးခဲ့တယ် ... သူမရှိလည်း လိုအပ်တဲ့အခါသွားလို့ရအောင် စနစ်တကျ ဖန်တီးပေးခဲ့တာပဲ သမီး ... "
" ဒီလိုဆို ဖေဖေတို့က တစ်ခေါက်ထက် ပိုသွားခဲ့တာပေါ့ "
" လူ့ရဲ့ လောဘစိတ်ဆိုတာ အတောမသတ်နိုင်ဘူးလေ ... ဆင်းရဲတုန်းက ချမ်းသာချင်တယ် ... ချမ်းသာလာပြန်တော့ ပိုချမ်းသာချင်လာတယ် ... ပိုချမ်းသာလာပြန်ရင်လည်း အချမ်သာဆုံး ဖြစ်ချင်ကြတာ လူ့ဓမ္မတာပဲလေ ...
ဖေဖေလည်း လူတစ်ယောက်ပဲမို့ တောမြို့မှာနေရာထက် မြို့ကြီးပြကြီးမှာ လူတန်းစေ့နေပြီး ချမ်းသာချင်တာ .. ဒါကြောင့်မို့ အကြိမ်ကြိမ်သွားခဲ့တယ် "
" ဖေဖေ့မိတ်ဆွေရောလား "
" ဟုတ်တယ် သမီး ... ဖေဖေတို့ရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ အသိမပေးခဲ့ဘူး ... ပိပိရိရိလည်း နေခဲ့ကြတယ် .. သူကလည်း ဖေဖေ့လို စိတ်ဓာတ်မျိုးပဲ ... ရွှံ့ပေနေတဲ့နောက်တော့ ရွှံ့နွံထဲက ငါးကို မိအောင်ဖမ်းဖို့ ရွှံ့ထပ်ပေမှာ မကြောက်တော့သလိုပေါ့ "
တစ်ခဏ တိတ်ဆိတ်သွားသည် ။
" ဖေဖေ "
" ဘာလဲသမီး "
" သမီးသူငယ်ချင်းတွေနဲ့ ကွဲပြီး တစ်ယောက်တည်းဖြစ်နေတယ် .. အိမ်ပြန်လို့မရဘူး .. သမီးကို ဖေဖေကူညီပေးပါလား "
" အင်း .. ခက်တယ်သမီး ... သမီးသူငယ်ချင်းတွေ ပြန်သွားတာဖြစ်စေ ၊ ပြန်မတွေ့တော့တာဖြစ်စေ သမီးတစ်ယောက်တည်းဆို ဘယ်လိုနည်းနဲ့မှ ပြန်လို့မရတော့ဘူး "
" ရှင် "
" သမီးကို သူတို့က ပြန်လွှတ်မှာ မဟုတ်တော့ဘူး "
" ဘယ် .. ဘယ်လို ဖေဖေ "
" ဟုတ်တယ် သမီး ... သမီးတို့က ဒီနေရာကို စူးစမ်းချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ရောက်လာခဲ့တာဆို အပြစ်မရှိပါဘူး .. ဒါပေမယ့် .. . သမီး အမှားလုပ်ခဲ့တယ် "
" ရှင် ... အမှား "
ဒေစီကျော် မျက်လုံးအဝိုင်းသားဖြစ်သွားသည် ။ သူမဘာမှားသနည်း ။
" သမီး တမလွန်ရွာက ပန်းတစ်ပွင့် ခူးလိုက်မိတယ်မဟုတ်လား "
ဒေစီကျော် လမ်းဘေးမှ ပန်းကိုခူးရာမှ ငှက်ဆိုးအော်ခြင်းနှင့် ဝတ်ရုံမည်းများ ရောက်လာခြင်းကို ပြန်သတိရလိုက်သည် ။
" ဒါ တမလွန်ရွာက မရဏပန်းလို့ခေါ်တယ် .. အမြတ်တနိုးထားတဲ့ပန်းဆို မမှားဘူး ... သမီး မရဏ ပန်းကို ခူးလိုက်မိတဲ့အတွက် သခင်မက စိတ်ဆိုးပြီး သမီးကို အပြစ်ပေးလိမ့်မယ် "
" ဖေ .. ဖေဖေ .. သမီးကို ကယ်ပါဦး ... သမီး မသေချင်သေးဘူး ... သမီးကို ကူညီပါ ဖေဖေရယ် "
ဒေစီကျော် ငိုယိုကာ အသနားခံလေသည် ။
" ဘယ်လိုလုပ်ရမှန်း ဖေဖေလည်း မသိတော့ပါဘူး .. ဖေဖေတတ်နိုင်သလောက် စုံစမ်းကြည့်ပါ့မယ် .. သမီး ဒီနေရာကနေ ဘယ်ကိုမှ မသွားပါနဲ့ "
" ဟုတ် .. ဟုတ်ကဲ့ပါ ဖေဖေ "
" ဒါဆို ဖေဖေသွားလိုက်ဦးမယ် "
" ဟုတ် "
လျှက်တပြတ် ထွက်ခွာသွားသော ဖခင်ကိုကြည့်ကာ မျက်ရည်များစီးကျလာပြီး မိမိဘဝအတွက် စိုးရိမ်ကြောင့်ကြခြင်း ၊ ထိတ်လန့်ဝမ်းနည်းခြင်းနှင့် ယူကြုံးမရသော နောင်တတို့နှင့်အတူ ... ။
~~~~~~~~~~
မာဂ တို့သုံးယောက် သတိပြန်ရလာချိန်ဝယ် အနားတွင် ရဲရဲနှင့်ဝါဝါတိုကို တွေ့လိုက်ရသည် ။
" ဟင် ... နင်တို့ ပြန်လာကြပြီလား ... ဒေစီရော ... ဒေစီမပါဘူးလား "
ထိုသို့ ဆီးကြိုမေးလိုက်သဖြင့် မာဂတို့ အူကြောင်ကြောင် ဖြစ်သွားကြသည် ။
" ဒေစီက နင်တို့နဲ့ ပြန်လာတာမဟုတ်ဘူးလား "
" မဟုတ်ဘူး ... ငါလည်း မင်းတို့နဲ့ ပြန်လာတာ ထင်နေတာ "
ရဲရဲ၏ စကားကြောင့် ကြမ်းပြင်တွင် လဲကျနေသော ဒေစီကျော်အနားကို သွားကြကာ ဒေစီကျော်ကို နှိုးကြသည် ။
" ဒေစီ ... ဒေစီ ... သတိရပါတော့ဟာ ... နင်ဘယ်မှာလဲ ... ထပါတော့ "
သီရိသည် ဒေစီကျော်၏ ခန္ဓာကိုယ်ကို လှုပ်ရမ်းနေသည် ။ ဒေစီကျော်မှာ လုံးဝ သတိရမလာပေ ။ ထိုစဉ် သီရိက ဒေစီကျော်၏ ရင်ဝတွင် နားအပ်လိုက်မိသည် ။
" ဟာ .. ဒေစီကျော် နှလုံးမခုန်တော့ဘူး ... ခွေးတွေ လူမည်းတွေနဲ့တွေ့ပြီး သေများ သေသွားပြီ လား မသိဘူး "
သီရိစကားကြောင့် မာဂ လွန်စွာ စိုးရိမ်သွားပြီး ဒေစီကျော်၏ လက်ကောင်ဝတ်မှ သွေးကြောကို စမ်းကြည့်သည် ။
သွေးခုန်နှုန်းများ ရပ်တန့်နေသည် ။
" မဟုတ်ဘူး သီရိ .. ခုနက ငါတို့လည်း နင်တို့ကို အဲ့လိုထင်ခဲ့တာ ... နင်တို့လည်း သတိမရခင်တုန်းက သွေးခုန်နှုန်း မရှိဘူး "
ဝါဝါက ထိုသို့ပြောမှ အနည်းငယ် ဖြေသာသွားသည် ။
" ငါတို့အခု ဘယ်လိုလုပ်ကြမလဲ ... ဒေစီတစ်ယောက်တည်း ဒုက္ခရောက်နေလောက်ပြီ "
" ဟုတ်တယ် .. သူတစ်ယောက်တည်းသာဆို ဘယ်လိုမှ ပြန်လာလို့ ရမှာမဟုတ်ဘူး "
" ဒေစီ့ဘဝတော့ သွားပါပြီ .. သူ့အမေကို ဘယ်လိုပြောကြမလဲ "
" အဖြစ်ဆိုးလိုက်တာ သူငယ်ချင်းရယ် "
သီရိနှင့် ဝါဝါတို့ ငိုကြလေပြီ ။
ထိုစဉ် မာဂသည် ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချလိုက်သည် ။
ဒေစီကျော်နောက်သို့ လိုက်သွားရန်ပင် ။
" ဇာနည် .. "
" ပြောလေ မာဂ "
" အပေါ်မှာ ကြက်ရှိသေးတယ် မဟုတ်လား "
" ရှိတယ်လေ ... ဘာလုပ်မို့လဲ "
" ငါ့ကို ကြက်သွေးနဲ့ ဖယောင်းတိုင် ယူလာပေးပါ "
" မင်း .. မင်း ... "
" ဟုတ်တယ် .. ငါ ဒေစီနောက်ကို လိုက်သွားပြီး ဒေစီ့ကို မတွေ့တွေ့အောင် ရှာရမယ် "
" ဖြစ်ပါ့မလားကွာ "
" ဖြစ်အောင် လုပ်ရမှာပေါ့ ... ဒီအတိုင်းနေတာထက်စာရင် ကြိုးစားကြည့်တာ အရာထင်လိမ့်မယ် .. မြန်မြန် ယူလာပေးပါ "
ဇာနည် အပေါ်သို့ အပြေးတက်သွားသည် ။
ဝါဝါနှင့် သီရိတို့က ငိုနေရင်းမှ တားကြသည် ။
" မသွားကြပါနဲ့ဟာ ... တော်ကြာ အခြေအနေတွေ ပိုဆိုးကုန်မှဖြင့် "
" မသွားလို့ ဘယ်ဖြစ်မလဲ ... ဟိုမှာ ဒေစီတစ်ယောက်တည်း .. ပြန်လာချင်ရက်နဲ့ ပြန်လာလို့မရရင် ဘယ်လိုလုပ်မလဲ "
" ဟုတ်တော့ ဟုတ်ပါတယ် .. နင် အန္တရာယ်နဲ့တွေ့မှာ စိုးလို့ပါ "
" အဲ့လိုဖြစ်သွားခဲ့ရင်တောင် ဒေစီတစ်ယောက်တည်း ဖြစ်သွားတာဆိုရင် သူ့အမေကို ငါတို့ဘယ်လိုပြောမလဲ ... ငါတို့ကို ဘယ်လိုထင်ကြမလဲ ...
ဒါကြောင့်မို့ ဒေစီ့ကို မတွေ့မချင်း ငါပြန်လာမှာ မဟုတ်ဘူး ... သေသွားခဲ့ရင်တောင် ဒေစီတစ်ယောက်တည်းမဟုတ်လို့ လူတွေအပြောတော့ လွတ်တာပေါ့ "
ထိုစဉ် အပေါ်ထပ်မှ ဇာနည်ပြန်ဆင်းလာသည် ။
" ဇာနည်နဲ့ ရဲရဲ ... မင်းတို့ထဲက တစ်ယောက်တော့ ငါနဲ့လိုက်ပြီး ကူညီပေးဖို့ လိုလိမ့်မယ် ... တစ်ယောက်တည်း သွားလို့ရရင်တော့ ငါတစ်ယောက်တည်း သွားချင်တာ ... မရလို့ ကူညီကြပါ "
" ငါလိုက်ခဲ့မယ် "
" ငါလည်း လိုက်မယ် ... သုံးယောက်သွားကြတာပေါ့ "
နှစ်ယောက်လုံးက တက်ညီလက်ညီပြောသည် ။
" နှစ်ယောက်လုံးတော့ လိုက်လို့ မရဘူးလေ ... သီရိနဲ့ ဝါဝါတို့နဲ့ တစ်ယောက်နေပေးမှ ရမှာပေါ့ ... ရဲရဲ မင်းလိုက်ခဲ့ "
" ဖြစ်တယ် "
" ဒါဆို ဇာနည် .. မင်း သီရိနဲ့ ဝါဝါကိုခေါ်ပြီး အပေါ်မှာသွားနေကြ .. ငါတို့လုပ်နေတုန်း ချောင်းမကြည့်ကြနဲ့နော် "
" အေးပါကွာ ...သတိနဲ့ သွားကြ "
ဇာနည် ၊ သီရိနှင့် ဝါဝါတို့ အပေါ်တက်သွားကြသည် ။
မာဂတို့နှစ်ယောက် လိုအပ်သည်များကို အမြန်ပြုလုပ်ကာ တောနက်ထဲသို့ ရောက်ရှိသွားလေတော့သည် ။
~~~~~~~~~~
" ဂစ် ... ဂစ် ... ဂစ် "
" ဟာ ငရဲ .. ငှက်အော်သံကြားတယ် .. ငါတို့ အဲ့ဖက်သွားကြည့်ရင် ကောင်းမယ် "
" သွားလေ "
ငှက်ဆိုးအော်သံကြားရာသို့ မှန်းဆကာ အမြန်သွားကြသည် ။ တောအုပ်လေးတစ်ခုအနီးသို့ ရောက်သော်
" ငရဲ .. ရပ် ရပ် "
ရှေ့တွင် လူမည်းများကိုမြင်သဖြင့် ရဲရဲကို ဆွဲကာ သစ်ပင်နောက်သို့ ပုန်းလိုက်သည် ။ တစ်ဖန် သစ်ပင်အကွယ်မှ ခေါင်းပြူကာ ကြည့်လိုက်သည် ။
" ဟာ .. ဒေစီ "
" ဟုတ်တယ် မာဂ .. ဒေစီ "
ဝတ်ရုံမည်းကြီး လေးယောက်က ဒေစီကို ဖမ်းချုပ်ခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရသည် ။
" ဘယ်လိုလုပ်မလဲ မာဂ "
" သူတို့နောက်က အသာလေး လိုက်ချောင်းရုံပေါ့ ... ပြီးမှ အခြေအနေကြည့်တာပေါ့ "
ထို့နောက် လူမည်းကြီးများနောက်မှ ပုန်းလျှိုး ကွယ်လျှိုး လိုက်ပါလာကြသည် ။
အတော်ဝေးဝေးသို့ရောက်မှ အဖြူရောင်နန်းတော်ကြီးဆီသို့ ဦးတည်နေကြောင်း သတိထားမိလိုက်သည် ။
လူမည်းကြီးများသည် အဖြူရောင်နန်းတော်ကြီး၏ လှေကားထစ်များအခြေတွင် ရပ်လိုက်ကြသဖြင့် မာဂနှင့် ရဲရဲတို့လည်း ထိုနေရာနှင့် နီးနိုင်သမျှနီးစေရန် ချုံများကို အကာအကွယ်ယူ၍ တိုးကပ်သွားလိုက်သည် ။
သူတို့ကြည့်နေစဉ်မှာပင် လှေကားထက်မှ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် တင့်တယ်လှပသော အမျိုးသမီးတစ်ဦး ဆင်းလာသည် ။
အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး သူမနောက်တွင် မိန်းမပျို ခြောက်ယောက် လိုက်ပါလာသည် ။
သူမကိုမြင်သည်နှင့် ရှိရှိသမျှ လူမည်းကြီးများအားလုံး မြေပြင်တွင် ဒူးထောက်လိုက်ကြသည် ။
ဒေစီ့ကိုလည်း လူမည်းကြီးများက ဒူးထောက်စေသည် ။
" မိန်းကလေး "
ရုပ်ရည်လှပသလို အသံကလည်း စူးရှထက်မြနေသည် ။
ဒေစီကျော်သည် အမျိုးသမီးကြီးအား မဝံ့မရဲမော့ကြည့်ကာ ဖေဖေပြောသော တမလွန်ရွာ၏ သခင်မဟု သိလိုက်သည် ။
" သင်တို့ဟာ ငါ့ရဲ့ ပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတယ် ... ဒါ သင်တို့နဲ့ မအပ်ဆက်တဲ့ နေရာတစ်ခုဆိုတာ သင်တို့ မသိကြဘူးလား ...
မသိလို့ မှားမိတာဆို ခွင့်လွှတ်လို့ ရတယ် ... ဒါပေမယ့် သင်ဟာ ငါတို့အထွတ်အမြတ်ထားတဲ့ ပန်းကို ခူးယူခဲ့တယ် ...
ဒီမှာရှိတဲ့ သူတွေတောင် ငါ့အမိန့်မရရင် ခူးယူပိုင်ခွင့် မရှိဘူး .. သင်ဟာ ကြီးမားတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်လိုက်တာပဲ "
" မ မဟုတ်ရပါဘူးရှင် ... ကျွန်မ တကယ်မသိလို့ ခူးမိတာပါ ... ကျွန်မကို ခွင့်လွှတ်ပေးပါ "
" မရတော့ဘူး ... အားလုံး နောက်ကျသွားပြီ ... ငရဲစခန်းထဲမှာ ပိတ်လှောင်ဒဏ်ခတ်ရလိမ့်မယ် "
" ရှင် ... ဘယ်လောက်ကြာအောင် ပိတ်လှောင်ခံရမှာလဲ "
" တစ်ရက်တည်းပါ "
" ရှင် ... တစ်ရက်တည်း "
ဒေစီကျော် နှင့်အတူ ချောင်းမြောင်းနားထောင်နေကြသော မာဂနှင့် ရဲရဲတိုပါ ဝမ်းသာသွားကြသည် ။
" သင်ပျော်နေတာလား .. တမလွန်ရွာရဲ့ တစ်ရက်ဟာ လူ့ပြည်က တစ်သက်ထက်ကြာတယ်ဆိုတာ သင်မသိသေးဘူးထင်တယ် "
" ရှင် "
" ဘာ ... မဖြစ်နိုင်ဘူး .. မရဘူး ... ခင်ဗျား အဲ့လိုလုပ်လို့မရဘူး "
" မာဂ .. ဟေ့ရောင် "
ရဲရဲတားနေသည့်ကြားမှ မာဂ ပြေးထွက်သွားလေသည် ။
အော်ဟစ်ကာဝင်ရောက်လာသော မာဂကို လူမည်းကြီးများက အထူးအဆန်းသဖွယ် ကြည့်နေကြသလို သခင်မလည်း မျက်မှောင်ကျုံ့ကာ ကြည့်လေသည် ။
" ဪသင်တို့ပဲ "
" ခင်ဗျား မတရားမလုပ်နဲ့ ... ပန်းလေးတစ်ပွင့်ခူးမိတာနဲ့ အသက်ပေးရအောင် ခင်ဗျားပန်းက ဘယ်လောက်အဖိုးတန်လို့လဲ "
ဒေစီကျော်သည် မာဂနှင့် ရဲရဲတို့ကို တွေ့လိုက်ရသဖြင့် ဝမ်းသာရမှာထက် စိုးရိမ်စိတ်များဖြင့် ဝမ်းနည်းသွားသည် ။
မိမိတစ်ယောက်တည်းအတွက် ကျန်နှစ်ယောက်၏ အသက်ပါ အာမခံချက်မရှိပေ ။
သခင်မသည် ကက်ကက်လန်အောင် မကြောက်မရွံပြောဆိုနေသော မာဂကို ကြည့်ကာ စိတ်မဆိုးနိုင်ပေ ။
" သင်တို့က မလာအပ်တဲ့နေရာကို ဘာ့ကြောင့် ရောက်လာခဲ့တာလဲ .. "
" စူးစမ်းချင်တဲ့စိတ်နဲ့ ရောက်လာခဲ့တာပါ "
" စူးစမ်းတာကို ငါအပြစ်မဖွဲ့နိုင်ပါဘူး .. သင်တို့ စူးစမ်းချင်ရင် တစ်ခါဆို ရပြီပေါ့ .. ဒုတိယမြောက် လာခဲ့ခြင်းဟာ သင်တို့ရဲ့ ပထမအမှား ... တမလွန်ရွာနဲ့ ပတ်သတ်စေနိုင်တဲ့ မရဏပန်းကို ခူးဆွတ်ခြင်းက ဒုတိယအမှား ... အခု သင် တတိယမြောက်အမှားကို ကျူးလွန်လာခဲ့ပြန်ပြီလေ ...
အဲ့ဒီအမှားတွေအတွက် ငါ့မှာ လုပ်ပိုင်ခွင့်တွေ အများကြီးရှိတယ် .. သင်တို့ အားလုံးကို ချုပ်နှောင်ထားလို့ရတယ် ...
မလုပ်ချင်လို့ မရဏပန်းနဲ့ ဆက်နွယ်မိသူကိုသာ အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်တာ "
သခင်မ၏ ရှင်းလင်းချက်များကြောင့် မာဂ တုံ့ပြန်ပြောဆိုနိုင်စွမ်းမရှိတော့ ။
" ဒီ တစ်ခါတော့ ခွင့်လွှတ်ပေးပါဗျာ ... ကျွန်တော် တောင်းပန်ပါတယ် "
" မရတော့ဘူး ... ငါဟာ တမလွန်ရွာရဲ့ သခင်မ တစ်ရောက်အနေနဲ့ အထက်က ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကိုတော့ လိုက်နာကျင့်သုံးရမှာပဲ ...
ဒါပေမယ့်.. သင်တို့ကို အခွင့်အရေးပေးတဲ့အနေနဲ့ သင်တို့နှစ်ယောက် သူ့ကိုထားခဲ့ပြီး ပြန်ကြပါ "
ပြော၍ရမည်မဟုတ်မှန်း သိလိုက်ကြရသည် ။
" ကျွန်တော့်ကို တစ်ခုလောက် အခွင့်အရေးထပ်ပေးပါ သခင်မ "
" ဘာများလဲ "
" သူ့အစား ကျွန်တော် ပြစ်ဒဏ်ခံယူပါ့မယ် ... သူ့ကို ပြန်လွှတ်ပေးလိုက်ပါ "
မာဂစကားကြောင့် ဒေစီကျော်နှင့် ရဲရဲတို့ မျက်လုံးပြူးသွားကြသည် ။
" မာဂ .. နင်ဘယ်လိုပြောလိုက်တာလဲ "
" ဘာမှမပြောနဲ့ ဒေစီ ... နင်တို့ပြန်ကြ .. ပြီးရင် မဟူရာစံအိမ်ကြီးကပါ ထွက်သွားကြတော့ဟာ ... ငါ့အိမ် ကိုတော့ ကောင်းသလိုသာ ကြည့်ပြောလိုက်ပါဟာ "
" မရဘူး မာဂ ... ငါ့ကိစ္စကို ငါ့ဖာသာ ဖြေရှင်းမယ် .. နင်ဝင်ပါစရာ မလိုဘူး ... နင်ပြန်တော့ "
ဒေစီကျော်က ပြတ်သားစွာပြောသည် ။
" သခင်မ .. ကျွန်တော်တောင်းဆိုတာကို လက်ခံပေးနိုင်မလား "
သခင်မက ချက်ချင်း အဖြေပြန်ပေးသည် ။
" ရပါတယ် ... တစ်ယောက်နေခဲ့ရင် ရပြီ "
" ကျေးဇူးတင်ပါတယ် သခင်မ .. ဒေစီ ... နင်သွားတော့ "
" မသွားဘူး ... ငါလည်း မပြန်တော့ဘူး "
ထိုစဉ် လူအုပ်ထဲမှ ဝတ်ရုံမည်းတစ်ယောက်ထလာပြီး ဒေစီကျော်၏ လက်ကို ဆွဲထူသည် ။
သူမ၏ ဖခင် ။
တင်းကျပ်ကျပ် သတိပေးသလို ဆုပ်ကိုင်လိုက်သဖြင့် ဒေစီကျော်မော့ကြည့်လိုက်တော့ ထူးဆန်းသော မျက်ဝန်းများကို တွေ့လိုက်ရသည် ။
ဒေစီကျော်ကို မလှမ်းမကမ်းတွင်ရပ်နေသော ရဲရဲထံသို့ တွဲခေါ်သွားလေပြီး လေသံတိုးတိုးဖြင့်
" မြေအောက်ခန်းက စားပွဲကို လှန်လိုက် "
ဟု ပြောသဖြင့် ဒေစီကျော်လည်း မငြင်းဆန်တော့ဘဲ ရဲရဲနှင့်ပြန်ရန်ဆုံးဖြတ်လိုက်သည် ။
သတိရလာသည်နှင့် အပေါ်မှသုံးယောက်က ဆီးကြိုမေးသည်ကို ရဲရဲကသာ ဒိုင်ခံဖြေနေပြီး ဒေစီကျော်က မနီးမဝေးမှ စားပွဲကို လှန်လိုက်သည် ။
စာများ ။
အကယ်၍ အန္တရာယ်တစ်စုံတစ်ရာနှင့် ကြုံတွေ့
ပါက သွေးနှင့် ဆားကို ရေဖြင့်ဖျော်၍ နံရံမှ အ
ရုပ်များကို ဖျက်စီးပါ ။
ကျောက်ခွက်ထဲသို့ အကြင်သူ၏ ဆံစထည့်ကာ
မီးရှို့ပါ ။
ထို့ကြောင့် ကျန်ရှိနေသော ကြက်တစ်ကောင်၏ သွေးများကို ဆားများဖြင့် ရောစပ်ဖျော်ကာ နံရံမှ အရုပ်များကို တိုက်ဖျက်ကြသည် ။
ဒေစီကျော်က မာဂ၏ ဦးခေါင်းထက်မှ ဆံပင်အချို့ကို ဖြတ်လိုက်ပြီးနောက် ကျောက်ခွက်လေးထဲထည့်ကာ မီးရှို့လိုက်သည် ။
" အဟွတ် .. အဟွတ် "
ညှော်နံ့များ လွန်စွာထွက်လာသဖြင့် နှာခေါင်းများ ပိတ်လိုက်ကြရသည် ။
နံရံမှ အရုပ်များကို ဖျက်နေချိန်တွင် မြေအောက်ခန်းသည် မသိမသာ လှုပ်လာသည်ဟု ထင်ရသည် ။
အားလုံးပျက်ခါနီးချိန်တွင် သိသိသာသာ လှုပ်လာသည် ။
" အပေါ်ပြန်တက်ကြဟေ့ "
" ဇာနည် ... မာဂကို ထမ်းခဲ့ကြ "
ဇာနည်နှင့် ရဲရဲတို့ မာဂ ၏ ခန္ဓာကိုယ်ကို မကာ အားလုံး အပေါ်သို့ တက်ကြသည် ။
သူတို့ လှေကားထိပ်အရောက်တွင် မြေအောက်ခန်းနံရံများ အလွှာလိုက်ကွာကျကာ သွေးကဲ့သို့ အနီရောင်အရည်များ စိမ့်ထွက်လာကြသည် ။
အားလုံး အိမ်ပေါ်သို့ ရောက်ချိန်ဝယ် မာဂ ခန္ဓာကိုယ်ကို ချကာ ဒေစီကျော်တစ်ယောက် အလူးအလဲ ငိုချေပြီ ။
" ဒါ ငါ့ကြောင့်ဖြစ်တာ ... ဒီခရီးကို ငါအတင်းခေါ်လို့ သူလိုက်လာရတာ ... သူသေရတာ ငါ့ကြောင့် ငါ့ကို ခွင့်မလွှတ်ကြပါနဲ့ "
အားလုံး မျက်နှာမကောင်းကြပေ ။
" ဟာ ... မာဂ အသက်ရှူနေတယ် ... "
ဇာနည်၏ အသံကြောင့် ဒေစီကျော်အငိုရပ်ကာ မာဂ ၏ ရင်ဘတ်ကိုကပ်ကာ နားထောင်ကြည့်သည် ။
နှလုံးခုန်သံ တဒုန်းဒုန်း ကို အတိုင်းသားကြားနေရသည် ။
" ဟုတ်တယ် ... မာဂ .. မာဂ နှလုံးခုန်နေတယ် "
အားလုံးဝမ်းသာကာ မာဂကို နှိပ်နယ်သူက နှိပ်နယ် ၊ ယပ်ခပ်သူက ခပ်ဖြင့် အလုပ်ရှုပ်ကုန်သည် ။
အချိန်အတော်ကြာသည်အထိ မာဂ သတိမရသေး ။
" ဟင် .. ဘယ်လိုဖြစ်တာလဲ "
" အေးဟ ... ဘာသဘောလဲ "
" ဆေးရုံတွေ ဘာတွေ ပို့ရင်ကောင်းမယ် "
ဒေစီကျော်တစ်ယောက် ချက်ချင်း မာဂ ရင်ဘတ်သို့ ကပ်ကာ နားထောင်ပြန်သည် ။
ထိုစဉ် မာဂ ၏ လက်နှစ်ဖက်က ဒေစီကျော်ကို သိုင်းဖက်လိုက်သည် ။
" ဟာ .. မာဂ "
" ဟင် .. မာဂ "
" ဟား ဟား ဟား .. မာဂတို့တော့ လုပ်ပြီ "
" အဟိ "
ဒေစီကျော် လွန်စွာရှက်သွားပြီး အတင်းရုန်ကန်သည် ။
မာဂလည်း ဒေစီကျော်ကိုလွှတ်က ထလိုက်သည် ။
" ကောင်စုတ် ... အကျင့်ပုတ်တယ် ... ငါဖြင့် သူ့အတွက် စိုးရိမ်လိုက်ရတာ "
" ကြားပါ့ ... အသံပြဲကြီးနဲ့ အော်ငိုနေတာ "
" ဟင် ... နင်သိနေတယ် ... မာဂ နင်တော်တော်ဆိုးတာပဲ .. "
ဒေစီကျော် စိတ်ဆိုးကာ မာဂ၏ လက်မောင်းကို ရိုက်သည် ။
" ဒါနဲ့ မာဂ .. မင်းဘယ်လို လွတ်လာတာလဲ "
" ငါ့ကို ငရဲစခန်းထဲမှာ ပိတ်လှောင်ဖို့ ခေါ်သွားတုန်း ရုတ်တရက် လေပြင်းတွေတိုက်ပြီး မှောင်မည်းသွားတာကွ ... နောက်တော့ ငါလည်း သတိမေ့သွားတာပဲ ... သတိပြန်ရတော့ မဒေစီရဲ့ ငိုချင်းကို အားပေးနေတာလေ "
" မာဂ ... နင်ပြောပြန်ပြီလား "
ဒေစီကျော်က ရိုက်ပြန်သဖြင့် မာဂက ဒေစီကျော်၏ လက်များကို ဖမ်းချုပ်ထားလိုက်သည် ။
" မင်းတို့ အတွဲကတော့ တကယ့်ကို စံပဲ ... တစ်ယောက်က တစ်ယောက်အတွက် အသက်ပေးတယ် .. တစ်ယောက်က တစ်ယောက်အတွက် ပူဆွေးနေတာများ အသက်သာပြန်မရှင်ရင် သူလည်း ရင်ကွဲနာကျပြီး သေမှာ "
ရဲရဲ စကားကြောင့် အားလုံး ပွဲကျသွားသည် ။
ဖွင့်မပြောပေမယ့် နားလည်နိုင်မယ့် အချစ်ရဲ့ သက်ေတတွေ ၊ ဘာသာစကားတွေက မာဂနဲ့ ဒေစီ ကျော်တို့ကို ကြည်နူးစရာကောင်းတဲ့ အချစ်မြို့လေး ကို ခေါ်ဆောင်သွားမှာ အသေအချာပါပဲ ... ။ ။
(ပြီး)
###########
မျှဝေခံစားပေးသူများကို
လေးစားလျှက် ...
ဂမ္ဘီရရွာ
မဟူရာစံအိမ်နှင့် တမလွန်ရွာ အပိုင်း၎ ဇတ်သိမ်း
in
မဟူရာစံအိမ်
- on 2:27 AM
- No comments
Post a Comment